← Chapters

အခန်း (၁၉၇)

Vol. 20 Ch. 197

အခန်း (၁၉၇)

Vol. 20 Ch. 197

ရှေးဟောင်း မိစ္ဆာဓားသူတော်စင်၏ အကြံအစည်ကို ကြားသောအခါ မိစ္ဆာမျောက်ဝံနတ်ဘုရား၏ မျက်လုံးများ လင်းလက်သွားရသည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ သမိုင်းကြောင်းသည် အလွန်ပင် ရှည်လျားလှ၏။ ဤကမ္ဘာတစ်ခုလုံးတွင် မည်မျှ ဆိုးယုတ်သည့် သက်ရှိများကို ချိတ်ပိတ်ထားသည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။

ထိုသူတို့ကျင့်ကြံသည့်ကျင့်စဉ်များသည် အလွန်ဆိုးယုတ်သဖြင့် လုံးဝ သုတ်သင်၍ မရနိုင်သော မိစ္ဆာကြီးများစွာကို သက်ဆိုင်ရာ စီရင်စုနယ်မြေများတွင် ချိတ်ပိတ်ထားခဲ့ကြသည်။ သို့နှင့် ထိုနေရာများသည် မိစ္ဆာအရှိန်အဝါများကြောင့် မည်သူမျှ မဝင်ရဲသော တားမြစ်နယ်မြေများ ဖြစ်လာကြလေသည်။

အချို့သော မိစ္ဆာများကိုမူ ဟင်းလင်းပြင်ထဲတွင် ပိတ်လှောင်ထားပြီး ချိတ်ပိတ်ရန်အတွက် သီးခြားကမ္ဘာငယ်များ ဖန်တီးထားကြသည်။ မိစ္ဆာအများစုသည် နှစ်ပေါင်းများစွာ ကြာမြင့်လာသောအခါ အစီရင်များ၏အောက်တွင် ပျက်သုဉ်းသွားကြသော်လည်း အလွန်အစွမ်းထက်သော မိစ္ဆာအရှင်သခင်အချို့သည် ယခုအချိန်ထိပင်ကျန်ရှိနေသေးသည်။

ဥပမာအားဖြင့် ရှေးဟောင်း မိစ္ဆာဓားသူတော်စင်ကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် နှစ်ပေါင်းများစွာ ကြာသော်လည်း ပျောက်ကွယ်သွားခြင်း မရှိဘဲ သူ၏ အဓိကလက်နက်ဖြစ်သော သွေးဓားကန်ကို ပြန်လည်ရရှိပြီး သတ်ဖြတ်မှုများမှတစ်ဆင့် သွေးစွမ်းအားများကို စုဆောင်းနိုင်ပါက မူလကျင့်ကြံခြင်းစွမ်းအားများကို ပြန်လည် ရရှိနိုင်ပေလိမ့်မည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်အတွင်း ကျန်ရှိနေသော မိစ္ဆာကြီးများအားလုံးကို လွတ်မြောက်အောင် ပြုလုပ်နိုင်လျှင် လျှော့တွက်၍ မရနိုင်သော မိစ္ဆာအင်အားစုကြီး တစ်ခု ပေါ်ပေါက်လာပေမည်။ သို့သော် ထိုမိစ္ဆာများသည် အလွန်ပင် ရက်စက်ကြမ်းကြုတ်ကြပြီး မည်သည့်စည်းမျဉ်းကိုမျှ လိုက်နာကြသူများ မဟုတ်ချေ။

ထိုအချက်ကို တွေးမိသောအခါ မိစ္ဆာမျောက်ဝံနတ်ဘုရားသည် တွန့်ဆုတ်သွားမိ၏။

"အဲဒီ ရှေးဦးမိစ္ဆာ တစ်ယောက်ချင်းစီတိုင်းကိုက သာမန်ကောင်တွေ မဟုတ်ဘူး...... မင်းထက်တောင် အစွမ်းထက်တဲ့သူတွေ အများကြီး ရှိတယ်...ဥပမာ ရှေးဟောင်းခေတ်ရဲ့ ပထမဆုံး ပြစ်ဒဏ်ခတ်နတ်ဘုရား ရှင်းရှန် ရှီတို့... မျိုးနွယ်စုတစ်ရာရဲ့ ကျို့လီအနွယ် ခေါင်းဆောင် မိစ္ဆာဘုရင် ချီယို တို့ပေါ့..."

"သူတို့က စစ်မှန်သော နတ်ဘုရား တတိယအဆင့် အထွတ်အထိပ်မှာ ရှိနေတဲ့သူတွေပဲ... ဒီလို နတ်ဆိုးတွေက မိတ်ဆွေ ရန်သူ ခွဲခြားတာ မဟုတ်ဘူး... နတ်ဘုရားကော မိစ္ဆာကိုကော ဝါးမြိုမယ့်သူတွေ... သူတို့ကို လွှတ်ပေးလိုက်ရင် ငါတို့ကို ပြန်မတိုက်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ"

"အဲဒီကျရင် ငါတို့ပဲ ပြန်ခံရလိမ့်မယ်"

မိစ္ဆာမျောက်ဝံနတ်ဘုရားသည် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သဖြင့် သူ၏ မာန်မာနများ လျော့ကျသွားကာ ပိုမို သတိထားလာလေသည်။

"ဟားဟားဟား... မိုက်မဲတဲ့ မျောက်ဝံ..."

"ကမ္ဘာဦးခေတ်တုန်းက မျိုးနွယ်စုပေါင်းစုံ ရှိနေပြီး လူသားမျိုးနွယ်က အခုလို မထွန်းကားသေးဘူး... ဒါကြောင့် အဲဒီ နတ်ဆိုးတွေက နတ်ဘုရားကော မိစ္ဆာကိုပါ ဝါးမြိုဖို့ ကြိုးစားခဲ့ကြတာ..."

"ဒါပေမဲ့ အခုက မတူတော့ဘူး..."

"လောကကြီးမှာ လူသားတွေက အထွန်းကားဆုံး ဖြစ်နေပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရဲ့ နယ်မြေအတော်များများကိုလည်း သိမ်းပိုက်ထားကြတယ်..."

"ကောင်းကင်တာအိုရဲ့ နိယာမအရ အထွတ်အထိပ်ကို ရောက်ရင် ပျက်စီးရစမြဲပဲ... အခုက လူသားတွေအတွက် ကပ်ဘေး ကျရောက်မယ့် အချိန်ပဲ..."

"အဲဒီ နတ်ဆိုးတွေ လွတ်လာတာနဲ့ အခြေအနေကို ချက်ချင်း တွက်ချက်နိုင်လိမ့်မယ်... သူတို့တွေ ငါတို့နဲ့ ပူးပေါင်းဖို့ကိုရွေးချယ်ကြမှာ သေချာတယ်..."

ရှေးဟောင်း မိစ္ဆာဓားသူတော်စင်သည် ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုနေသည်။

သူသည် နှစ်ပေါင်းများစွာ ချိတ်ပိတ်ခံထားရသဖြင့် သူ၏ ဆိုးယုတ်လှသော အစီအစဉ်များကို ယခုအခါ စတင် အကောင်အထည်ဖော်ရန် ပြင်ဆင်နေလေသည်။

မိစ္ဆာမျောက်ဝံနတ်ဘုရားသည်လည်း ထိုစကားကို ကြားသောအခါ အခြား နည်းလမ်း မရှိသဖြင့် ခေါင်းညိတ်လိုက်ရသည်။

"ကောင်းပြီ... မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့..."

"ငါ ရက်အနည်းငယ်လောက် နားပြီးရင် လူရိုင်းမျိုးနွယ်စုထဲက ငါနဲ့ ရင်းနှီးတဲ့ နတ်ဘုရားတွေကို သွားပြီး ဆက်သွယ်လိုက်မယ်..."

ရှေးဟောင်း မိစ္ဆာဓားသူတော်စင်သည် ခေါင်းညိတ်လိုက်ပြီး သွေးရောင်မြူခိုးအဖြစ် ပြောင်းလဲသွားသည်။

"ဒီကိစ္စက တစ်ရက်တည်းနဲ့ ပြီးမှာ မဟုတ်ဘူး... တကယ်တော့ ငါ့ရဲ့ နောက်ဆုံး ရည်မှန်းချက်က ကျဆုံးသွားတဲ့ ပန်ဂု ကို လွှတ်ပေးဖို့ပဲ"

"လွန်ခဲ့တဲ့ ရှေးဟောင်းခေတ်ကာလ မတိုင်မီက ကမ္ဘာဦးခေတ်ကာလတစ်ခု ရှိခဲ့တယ်... ပန်ဂုနတ်ဘုရားက ကောင်းကင်အလိုကို ဆန့်ကျင်ပြီး ကမ္ဘာသစ်ကို အတင်းအဓမ္မ ဖွင့်လှစ်ခဲ့တယ်..."

"အဲ့နောက် ပန်ဂုက ကောင်းကင်တာအိုရဲ့ အမျက်ဒေါသသင့်ခံရပြီး ကမ္ဘာ့အမြုတေ ထဲမှာ ချိတ်ပိတ်ခံထားရတယ်"

"သက်ရှိအားလုံးရဲ့ ကံကြမ္မာ အနှောင်အဖွဲ့တွေက သူ့ကို ဖိနှိပ်ထားလို့ သူဟာ ပြန်ပြီး မနိုးထနိုင်တော့ဘူး..."

"ပန်ဂုက ကမ္ဘာဦးခေတ်ရဲ့ လွတ်မြောက်ခြင်းအဆင့် နတ်ဘုရားပဲ... သူ့ကိုသာ လွှတ်ပေးနိုင်ရင် ဒီလောကမှာ ဘယ်သူကမှ ငါတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."

"ငါ အရင်ဆုံး အင်အားစုတစ်ခု တည်ဆောက်ပြီးရင် ဒီအစီအစဉ်ကို အကောင်အထည်ဖော်မယ်..."

"မိုက်မဲတဲ့ မျောက်ဝံ...ငါ ထွက်သွားတဲ့ အချိန်မှာ ... မင်းက ဓားကုန်းမြေတိုက်ရဲ့ အခြေအနေကို သတိထားကြည့်နေဦး... အထူးသဖြင့် ငါ့ရဲ့ သွေးဓားကန်ကိုပေါ့... သူတို့ အသုံးမပြုနိုင်ပေမဲ့ သတိထားရမယ်..."

သူ၏ စကားသံများသည် ကျောင်းဆောင်အတွင်း၌ ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့ပြီး သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားလေသည်။

မိစ္ဆာမျောက်ဝံနတ်ဘုရားသည် ယဇ်ပလ္လင်ပေါ်တွင် ထိုင်ကာ တစ်စုံတစ်ခုကို စဉ်းစားနေ၏။

ခဏအကြာတွင် သူ၏ အနီးကပ် လူရုံဖြစ်သည့် ယဇ်ပုရောဟိတ်ချုပ်ကို ခေါ်လိုက်သည်။

"ယွမ်ယဲ့... နတ်ဘုရား အမိန့်တော်ကို ထုတ်ပြန်လိုက်... မိစ္ဆာမျောက်ဝံ မျိုးနွယ်စု တစ်ခုလုံး မိုင်ပေါင်း တစ်သန်းလောက် ဆုတ်ခွာကြ..."

"ပြီးရင် အရိပ်မျောက်ဝံ ယဇ်ပုရောဟိတ်တွေ အားလုံးကို ဓားကုန်းမြေတိုက်ကလွဲလို့ တခြား စီရင်စုနယ်မြေတွေဆီ စေလွှတ်လိုက်... လူသား အစွမ်းထက်သူတွေကို သတ်ဖြတ်ပြီး ငါ့အတွက် ယဇ်ပူဇော်ကြ..."

မျောက်ဝံနှင့် တူသော ယဇ်ပုရောဟိတ်တစ်ဦးသည် ရိုသေစွာ ဂါရဝပြုလိုက်၏။

"နတ်ဘုရား အမိန့်တော်အတိုင်း ဆောင်ရွက်ပါ့မယ်"

ထို့နောက် သူသည် ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

မိစ္ဆာမျောက်ဝံနတ်ဘုရားသည် မျက်လုံးများကို ပြန်လည် ပိတ်လိုက်ပြီး ယုံကြည်ခြင်း စွမ်းအားများနှင့် ယဇ်ပူဇော်မှု စွမ်းအားများကို အသုံးပြုကာ သူ၏ ဒဏ်ရာများကို ဆက်လက် ကုသနေလိုက်တော့သည်။

....

မြောက်ဘက်နယ်စပ် ဓားကုန်းမြေတိုက်။

ပိုင်တီမြို့တော်။

ဧရာမ စစ်သင်္ဘောကြီးတစ်စင်းသည် ဟင်းလင်းပြင်ကို ဆုပ်ဖြဲကာ ပိုတီမြို့၏ အထက်တွင် ပေါ်ထွက်လာသည်။

မြို့၏ အောက်ဘက်တွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေပြီး မြို့ပြင်တွင် လူရိုင်းများနှင့် ကန်မိသားစုဝင်များ စုစည်းထားသော သန်းချီသည့် စစ်တပ်ကြီးက ဝိုင်းရံထားသည်။

အမျိုးမျိုးသော တိုက်ကွက်များသည် မိုးရေစက်များကဲ့သို့ မြို့စောင့်အစီရင်ပေါ်သို့ ကျရောက်နေသည်။ ထိုအထဲတွင် သူတော်စင်အဆင့် စွမ်းအားရှင် အနည်းငယ်နှင့် သူတော်စင်အဆင့် မိစ္ဆာမျောက်ဝံ ယဇ်ပုရောဟိတ်များလည်း ပါဝင်၏။ တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းကြောင့် အစီရင်ကြီးမှာ သိသိသာသာ လှုပ်ခါနေရလေသည်။

ပိုင်ကျန့်ဝမ် နှင့် ကန်ဖုန်း တို့ ထွက်ခွာသွားပြီးနောက်တွင် ပိုင်မိသားစုဝင်များသည် မြို့အတွင်းသို့ ပြန်လည် ရောက်ရှိလာကြခြင်းဖြစ်သည်။ ဤသို့ဖြင့် ရက်အနည်းငယ် ကြာမြင့်သွားသော်လည်း ပိုင်ကျန့်ဝမ်နှင့်ကန်ဖုန်းတို့ထံမှ မည်သည့် သတင်းမျှ မရရှိသောအခါ မြို့ပြင်၌ တပ်စွဲထားသည့် စစ်တပ်သည် ပိုင်တီမြို့ကို အသည်းအသန် စတင် တိုက်ခိုက်လာတော့သည်။

သို့သော် ကန်ဖုန်း နှင့် မိစ္ဆာမျောက်ဝံ ယဇ်ပုရောဟိတ် မပါဝင်သဖြင့် သူတို့အထဲတွင် ကျင့်ကြံမှု အမြင့်ဆုံးသူသည် သူတော်စင် တစ်ဝက်အဆင့်သာ ရှိ၏။ သူတို့သည် ကိုးဆင့်ကောင်းကင် ဥက္ကာဓားအစီရင် ကို လုံးဝ ဖောက်ထွင်းနိုင်ခြင်း မရှိကြပေ။ ထိုအခါ ကန်မိသားစုသည် မျိုးနွယ်စုတစ်ခုလုံးကို ခေါ်ဆောင်လာပြီး မိစ္ဆာမျောက်ဝံ စစ်တပ်နှင့် ပူးပေါင်းလိုက်ရာ စုစုပေါင်း စစ်သည် သန်းနှင့်ချီ ရှိလာခဲ့လေသည်။

ကိုးဆင့်ကောင်းကင် ဥက္ကာဓားအစီရင်သည် မည်မျှပင် ထူးခြားသော်လည်း အဆက်မပြတ်များပြားလှသော တိုက်ခိုက်မှုများအောက်၌ ပျက်စီးလုနီးပါး ဖြစ်လာတော့သည်။

ပိုင်ယွင်ဖေး သည် မျိုးနွယ်စုခေါင်းဆောင် အနေဖြင့် အစီရင်၏ ဗဟိုချက်ကို ထိန်းချုပ်ထားသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများနှင့် အစီရင်အတွင်းရှိ စွမ်းအင်များအားလုံး ကုန်ဆုံးလုနီးပါး ဖြစ်နေလေ၏။

ယခုအခါ သူသည် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို တစ်အိတ်ပြီးတစ်အိတ် အစီရင်အတွင်းသို့ အသည်းအသန် ထည့်သွင်းနေသော်လည်း ကြာရှည် တောင့်ခံနိုင်မည် မဟုတ်တော့ချေ။

"အကြီးအကဲတွေကို အကြောင်းကြားလိုက်... လက်ရွေးစင် တပည့်တွေကို သင်္ဘောပေါ် တက်ခိုင်းလိုက်လို့"

"မြို့ပျက်တာနဲ့ ချက်ချင်း ဓားပျံသင်္ဘောကို အစွမ်းကုန် မောင်းနှင်ပြီး ဒီနေရာကနေ ထွက်ပြေးကြမယ်..."

ပိုင်ယွင်ဖေးသည် ခက်ခဲစွာ အမိန့်ပေးလိုက်ရသည်။

သူ၏ တပည့်များ ပြန်လည် မဖြေကြားမီပင် အစီရင်ပေါ်သို့ ကျရောက်နေသော ဖိအားများသည် ရုတ်တရက် လျော့ကျသွား၏။

တိုက်ခိုက်မှုများသည် တစ်ခဏအတွင်း၌ပင် ကိုးဆယ်ကိုးရာခိုင်နှုန်းခန့် ပျောက်ကွယ်သွားလေသည်။

"ဘာဖြစ်တာလဲ..."

သူသည် အံ့အားသင့်သွားရကာ ကန်မိသားစု၏ လှည့်ကွက်ဟုပင် ထင်မှတ်လိုက်မိ၏။

ထိုစဉ် ပိုင်မိသားစုမှ လူငယ်တစ်ဦးသည် အစီရင် ဗဟိုချက်အတွင်းသို့ အသည်းအသန် ပြေးဝင်လာသည်။

"မျိုးနွယ်စုခေါင်းဆောင်... ကောင်းကင်ယံမှာ ဧရာမ စစ်သင်္ဘောကြီးတစ်စင်း ပေါ်လာပါတယ်..."

"အဲဒီလှေပေါ်ကနေ မိစ္ဆာသားရဲ တစ်သိန်းကျော် ခုန်ဆင်းလာပြီး ကန်မိသားစုဝင်တွေနဲ့ မိစ္ဆာမျောက်ဝံ အမှိုက်တွေကို အကုန်လုံး သုတ်သင်ပစ်လိုက်ကြပါပြီ..."

ပိုင်ယွင်ဖေးသည် မျက်ခုံးပင့်လိုက်မိ၏။

"မိစ္ဆာသားရဲတွေလား..."

"ဘယ်လို မိစ္ဆာသားရဲတွေက ဒီလောက်အထိ အစွမ်းထက်နေတာလဲ..."

"အပြင်မှာက စစ်သည် သန်းနဲ့ချီ ရှိတာလေ... သူတော်စင်အဆင့် စွမ်းအားရှင်တွေတောင် ပါသေးတယ်..."

ထိုလူငယ်၏ မျက်နှာတွင်လည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။

"ကျွန်တော်လည်း အဲဒီ မိစ္ဆာသားရဲတွေက ဘယ်အဆင့်လဲဆိုတာ မသိဘူး... နတ်ဘုရားအာရုံနဲ့ ကြည့်လိုက်တော့ သူတို့တစ်ကောင်ချင်းစီရဲ့ အရှိန်အဝါက စကြဝဠာကြီးလို ကျယ်ပြောနေသလို ခံစားရလိုက်တာပဲ..."

"အဲဒီ မိစ္ဆာသားရဲတွေက မျောက်ဝံတွေကိုဟင်းသီးဟင်းရွက်တွေကို လှီးသလိုလွယ်လွယ်လေး သတ်ပစ်လိုက်ကြတာ"

"မျက်တောင်တစ်ခတ်အတွင်းကို သန်းနဲ့ချီတဲ့ စစ်တပ်ကြီးတစ်ခုလုံးကို သတ်ဖြတ်ပစ်လိုက်တာ... ရန်သူ့ဘက်က သူတော်စင်တွေဆိုရင်လည်း နှစ်ချက်လောက် တိုက်ခံရရုံနဲ့တင် သေကုန်ကြတယ်..."

"တကယ့်ကို နတ်ဘုရား စစ်သည်တွေ ဆင်းသက်လာသလိုပဲ... မယုံနိုင်စရာ ကောင်းလွန်းတယ်..."

ထိုစကားကြောင့် ပိုင်ယွင်ဖေးမှာ အံ့အားသင့်ကာ မှင်တက်သွားရသည်။

'လောကကြီးမှာ ဒီလို အစွမ်းထက်တဲ့ မိစ္ဆာသားရဲ အင်အားစု မျိုး ရှိသေးတာလား..'

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ကြည်လင်ပြတ်သားသော အသံတစ်သံသည် မြို့တစ်မြို့လုံးသို့ ပျံ့နှံ့သွားသည်။

"ဖေဖေ... ဝမ်အာ ပြန်လာပါပြီ..."

All Chapters