အခန်း (၁၉၈)
Vol. 20 Ch. 198
ထိုအသံကို ကြားလိုက်ရသည့်အခါ ပိုင်ယွင်ဖေး ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။
"ဝမ်အာ..."
"ဝမ်အာပဲ"
သူသည် ပိုင်ကျန့်ဝမ် သေဆုံးသွားပြီဟု တစ်ချိန်လုံး ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါသူ၏သမီးလေးမှာ အသက်ရှင်လျက်ပြန်ရောက်လာခဲ့လေသည်။
ပိုင်ယွင်ဖေးသည် ရုတ်တရက်ဖြစ်ပေါ်လာသည့် စိတ်လှုပ်ရှားမှုနှင့် ဝိညာဉ်စွမ်းအင် ကုန်ခန်းမှုတို့ ပေါင်းစပ်သွားကာ နေရာ၌ပင်မေ့လဲသွားလေသည်။
ကောင်းကင်ယံတွင် ရွေ့ဝူတီ သည် ပိုင်ကျန့်ဝမ် ၏ လက်ကို ဆုပ်ကိုင်ထားကာ လေထဲ၌ရပ်နေကြသည်။ သူတို့နှစ်ဦး၏ ဓားလမ်းစဉ်များသည် ကျန်းဟွမ်ဝိညာဉ်ဖြတ်တောက်ခြင်း နှင့် ကံဆိုးခြင်း ဖြစ်ပြီး ဆန်းကြယ်စွာပင် လိုက်ဖက်ညီနေကြသည်။
ဤနေရာသို့လာနေစဉ်အတွင်း၌ သန့်စင်သော သူတော်စင်ဇစ်မြစ်အရည် များ၏ အစွမ်းကြောင့် ပိုင်ကျန့်ဝမ်၏ခန္ဓာကိုယ်ရှိဒဏ်ရာများ လျင်မြန်စွာ သက်သာကောင်းမွန်သွားခဲ့ရာ အင်အားကုန်ခမ်းနေသည်မှလွဲ၍ ဒဏ်ရာကြီးကြီးမားမား မရှိတော့ချေ။
သူတို့နှစ်ဦး၌ပြောစရာ စကားများစွာ ရှိသော်လည်း လောလောဆယ်တွင် အေးဆေးစွာ စကားပြောရန် အခွင့်အရေး မရှိသေးပေ။
အထူးသဖြင့် ပိုင်ကျန့်ဝမ်သည် ရွေ့ဝူတီ၏ ကျင့်ကြံမှုအဆင့်ကို အံ့သြနေမိသည်။ နှစ်အနည်းငယ်အတွင်းမှာပင် သူတော်စင်အဆင့် လေး မှ နတ်ဘုရားအဆင့် နှစ် သို့ ရောက်ရှိသွားသည်မှာ မယုံနိုင်စရာပင်ဖြစ်၏။
ဖာဟိုင်ဆရာတော်၊ လက်သီးဧကရာဇ် သူတော်စင် နှင့် ချင်းထျန်းတောင်ထိပ်မှ နတ်ဘုရားများသည် ဟင်းလင်းပြင်အတွင်း၌ရပ်နေကြ၏။
ပိုင်တီမြို့တော်အပြင်တွင် အလောင်းများတောင်ပုံရာပုံ ဖြစ်နေလေသည်။
မိစ္ဆာသားရဲသူတော်စင် များသည် ဂျင်ချူရှောင် ထံမှ ရရှိထားသော ယဇ်ပူဇော်ခြင်း နည်းစနစ်ကို အသုံးပြုကာ သေဆုံးသွားသော ရန်သူတို့၏ အသွေးအသားနှင့် ဝိညာဉ်များကို ငရဲဘုံရှိ ကျုံးရှန် ထံသို့ ယဇ်ပူဇော်လိုက်ကြ၏။
ဤကဲ့သို့သော တိုက်ခိုက်ခြင်းနှင့် ယဇ်ပူဇော်ခြင်း ကိစ္စရပ်များကိုမြင်နေရသော်လည်း ဖာဟိုင်ဆရာတော်သည် ဝင်ရောက်ဟန့်တားခြင်း မရှိပေ။
အခြေခံအားဖြင့် သူ၏ ရပ်တည်ချက်သည် လူသားမျိုးနွယ်ဘက်တွင် ရှိနေသည်။
ထို့ကြောင့်လည်း မြွေစိမ်းဇာတ်လမ်း ထဲတွင် လူသားမျိုးနွယ်အတွက် ရည်ရွယ်ပြီး မိစ္ဆာများကို သုတ်သင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ပိုင်ကျန့်ဝမ် က ခေါ်လိုက်သော်လည်း ပိုင်ယွင်ဖေး ထွက်မလာဘဲ မိသားစုအကြီးအကဲများသာ ထွက်လာကြသည်။
သူတို့၏ မျက်နှာတွင် သံသယများ ပြည့်နှက်နေ၏။
"ကျန့်ဝမ်..."
"မင်း ဘာမှမဖြစ်ဘူးလား"
"ဒီမိစ္ဆာသားရဲတွေက ဘယ်က ရောက်လာတာလဲ"
"နင့်ဘေးကလူတွေကရော ဘယ်သူတွေလဲ..."
ထိုအကြီးအကဲများသည် ဝမ်းသာရမည့်အစား ပြစ်မှုကျူးလွန်သူကို စစ်ဆေးနေသည့်အလား မေးခွန်းများစွာ မေးမြန်းနေကြသည်။
ထိုအခြေအနေသည် မူလက ပျော်ရွှင်နေသော ပိုင်ကျန့်ဝမ်ကို စိတ်ပျက်သွားစေ၏။ ပိုင်မိသားစု အကြီးအကဲများတွင် ကိုယ်ပိုင် မျိုးဆက်သစ်များ ရှိသော်လည်း မျိုးဆက်သစ်များထဲတွင် ပိုင်ကျန့်ဝမ် တစ်ဦးတည်းသာ ပြိုင်ဘက်ကင်းပါရမီရှင် အဆင့် ရှိသည်။
ထို့ကြောင့် သူမသည် အထူးဂရုစိုက် ပျိုးထောင်ခြင်းကို ခံခဲ့ရသဖြင့် သူတို့သည် ပိုင်ကျန့်ဝမ် ၏ ပါရမီကို မနာလို ဖြစ်နေကြလေသည်။
ပိုင်ကျန့်ဝမ်ကို လုပ်ကြံသတ်ဖြတ်မည့် အဆင့်ထိ မဟုတ်သော်လည်း သာမန်အချိန်များတွင် ပိုင်ကျန့်ဝမ်အပေါ် အေးစက်စွာဖြင့် ဆက်ဆံလေ့ရှိသည်။
သူမ၏ ယဉ်ကျေးသိမ်မွေ့မှုကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်ချင်ကြခြင်းဖြစ်၏။ သို့သော် ပိုင်ကျန့်ဝမ်သည် မည်မျှပင် သဘောကောင်းပါစေ သူတော်စင်အဆင့် စွမ်းအားရှင်တစ်ဦး ဖြစ်သည်ကို မေ့နေကြပုံရသည်။
ဤကဲ့သို့ အရေးကြီးသော အချိန်တွင်ပင် အစီရင်ဖွင့်ပြီး ကြိုဆိုခြင်း မပြုဘဲ ပြန်လည် မေးခွန်းထုတ်နေကြသည်။
ထိုကဲ့သို့အပြုအမူများက ပိုင်ကျန့်ဝမ်၏ ပိုင်မိသားစုအပေါ်ထားရှိသောသဘောထားများကို အေးစက်သွားစေသည်။
ဘေးတွင်ရပ်နေသော ရွေ့ဝူတီ ၏ မျက်နှာသည်လည်း ပျက်ယွင်းသွားရသည်။
"ဒီအဘိုးကြီးတွေကို စကားပြောနေဖို့ မလိုပါဘူး... ငါတို့ ချစ်သူဖြစ်တုန်းကလည်း ဒီလိပ်အိုကြီးတွေပဲ အတင်းတားခဲ့ကြတာ..."
"ငါ ဒီငှက်အစီရင်ကို ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးပြီး ယောက္ခမကြီးကို သွားခေါ်လိုက်မယ်... ငါတို့နဲ့အတူ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို ခေါ်သွားကြတာပေါ့..."
ပြောပြီးသည်နှင့် ရွေ့ဝူတီ၏မျက်လုံးထဲတွင် ထက်ရှသော အရောင်များ လက်ခနဲ ဖြစ်သွားသည်။
ဟင်းလင်းပြင်ထဲမှ အပြာရောင် နတ်ဘုရားဓားတစ်လက် ပေါ်ထွက်လာပြီး အစွန်းရောက် အအေးဓာတ်များ ပါဝင်နေသည်။ ထိုဓားသည် ရွှယ်ဝူရွှမ်း၏ နှင်းဝိညာဉ်နတ်ဘုရားဓား ပင် ဖြစ်၏။
နတ်ဘုရားဓားသည် အပြာရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ အစီရင်ဆီသို့ တည့်တည့် ပျံသန်းသွားလျှင် လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင်များပင် အေးခဲသွားရသည်။
ယခုအချိန်တွင် ပိုင်ယွင်ဖေးသည် သတိမေ့နေခဲ့ပြီး အစီရင်ကို ထိန်းချုပ်မည့်သူ မရှိဘဲ ရာ အစီရင်၏ စွမ်းအားများလျော့ကျနေ လေသည်။ နှင်းဝိညာဥ်နတ်ဘုရားဓားသည် ခဏအတွင်းမှာပင် အစီရင်ကို ထိမှန်သွားကာ စိုက်ဝင်သွားလေသည်။
ရွေ့ဝူတီသည် အစီရင်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်ခြင်းဖြစ်၏။
ထိုအခါမှပင် အကြီးအကဲများသည် မိစ္ဆာသားရဲသူတော်စင် တစ်သိန်းကျော်၏ အရှိန်အဝါကို ခံစားလိုက်ရကာ တုန်တုန်ရင်ရင် ဖြစ်သွားကြရသည်။
"သူတော်စင်တွေ... သူတို့အားလုံးက သူတော်စင်တွေပါလား..."
မိသားစု အကြီးအကဲများသည် တုန်လှုပ်ချောက်ချားစွာဖြင့် ဒူးထောက် ရှိခိုးချင်လာကြသည်။
သို့သော် ရွေ့ဝူတီသည် သူတို့ကို ဂရုမစိုက်ပေ။ သူသည် လက်ဝှေ့ယမ်းလိုက်ပြီး ပိုင်ယွင်ဖေးကိုဆွဲယူလိုက်ကာ ပိုင်ကျန့်ဝမ် ထံ အပ်နှံလိုက်သည်။
ထို့နောက်ဖာဟိုင်ဆရာတော်ဘက်သို့လှည့်ကာ လျှောက်တင်လိုက်၏။
"ဆရာတော်... ပိုင်တီမြို့ ရဲ့ ဘေးအန္တရာယ်က ပြီးဆုံးသွားပါပြီ... ကန်မိသားစု က လူရိုင်းတွေဘက် ပါသွားပြီဖြစ်လို့ သူတို့ရဲ့ မြို့တွေကို သိမ်းပိုက်ပြီး ဂိုဏ်းခွဲ တည်ထောင်ကြတာပေါ့..."
ဖာဟိုင်ဆရာတော်လည်း ခေါင်းညိတ်လိုက်သည်။
ဖာဟိုင်၏ ခွင့်ပြုချက် ရရှိသောအခါ ရွေ့ဝူတီသည် ကျွမ်းလီ၏ ဘေးသို့ သွားလိုက်ပြီးချင်းထျန်းတောင်ထိပ်မှ နတ်ဘုရားများ၊ မိစ္ဆာသူတော်စင် တပ်မှူးများနှင့် ခေတ္တခဏ တိုင်ပင်ဆွေးနွေးလိုက်သည်။ ထို့နောက်သူတို့သည် ဝမ်ချွမ်းလှေ ပေါ်ပြန်တက်ကာ ပိုင်တီမြို့တော် မှ ထွက်ခွာသွားကြသည်။
ပိုင်တီမြို့တော် မှ လူများသာ ကြောင်အမ်းလျက် ကျန်ရစ်ခဲ့ကြသည်။ သူတို့သည်အချိန်ကြာမြင့်သည်အထိ သတိပြန်မဝင်နိုင်ကြပေ။ သူတို့၏ အမှားကို သိရှိသွားချိန်တွင် အလွန်ပင် နောင်တရနေကြရတော့သည်။
ပိုင်မိသားစု သည် မျိုးဆက်များစွာတိုင်အောင် ကျဆင်းနေခဲ့ပြီ ဖြစ်ပြီး သူတော်စင်တစ်ပိုင်းအဆင့်ရှိသော ခေါင်းဆောင် ပိုင်ယွင်ဖေးမှလွဲလျှင် ကျင့်ကြံမှု အမြင့်ဆုံးသူမှာ ပိုင်ကျန့်ဝမ်သာ ရှိသည်။
ယခုအခါ ပိုင်မိသားစု၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်နှစ်ဦးစလုံး မိသားစုမှ ထွက်ခွာသွားပြီ ဖြစ်သဖြင့် ဤကဲ့သို့သော ခေတ်ပျက်ကြီးထဲတွင် ပိုင်မိသားစု၏ အနာဂတ်မှာ စိုးရိမ်စရာ ဖြစ်သွားလေသည်။
ပိုင်ယွင်ဖေးကို ခေါ်ဆောင်သွားပြီးနောက် ရွေ့ဝူတီသည် ကုသဆေးဝါးအချို့တိုက်ကျွေးလိုက်သည်။
ဝိညာဉ်စွမ်းအင် ကုန်ခန်းမှု လျင်မြန်စွာ ပြန်လည်ပြည့်ဝလာသောအခါ ပိုင်ယွင်ဖေးတစ်ယောက်ပြန်လည် သတိရလာသည်။
ထို့နောက် ပိုင်ကျန့်ဝမ်၏ စကားများကိုနားထောင်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို သိရှိသွားလေသည်။
သူသည် ပိုင်မိသားစုအတွက် အနည်းငယ် စိတ်မကောင်း ဖြစ်နေမိ၏။
ထိုအချိန်တွင် ရွေ့ဝူတီသည် မနေနိုင်တော့ဘဲ ဝင်၍ပြောလိုက်သည်။
"ယောက္ခမကြီး... ပိုင်မိသားစု ဆုတ်ယုတ်သွားတာက မလွဲမသွေ ဖြစ်လာမှာပဲ... အဲဒီအကြီးအကဲတွေက စိတ်ဓာတ် မမှန်ကြဘူးရယ်..."
"အခုလို စစ်မီးတွေ တောက်လောင်နေတဲ့ အချိန်မှာ ခင်ဗျား စေတနာထားရင်တောင် အိပ်ချင်ယောင်ဆောင်နေတဲ့ လူတွေကို နှိုးလို့ရမှာ မဟုတ်ပါဘူး"
ပိုင်ယွင်ဖေးသည် ထိုစကားကို အချိန်ကြာမြင့်စွာ စဉ်းစားနေမိသည်။
"ဝူတီ... မင်းပြောတာ မှန်တယ်... ငါလည်း ပိုင်မိသားစုကို သံယောဇဉ် မရှိတော့ပါဘူးကွာ... ကျန့်ဝမ်ကို မင်းစောင့်ရှောက်ပေးရင် ငါအသေဖြောင့်ပါပြီ..."
...
ဝမ်ချွမ်းလှေ၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လှရာ ခဏအတွင်းမှာပင် ကန်မိသားစု၏ အဓိက မြို့တော်သို့ ရောက်ရှိလာသည်။
ကန်ကျန့်မြို့တော်။
ကန်မိသားစုတွင် မြို့ကြီးငါးမြို့ ရှိပြီး ဤမြို့သည် ကန်မိသားစု၏ အဓိက အခြေစိုက်စခန်း ဖြစ်သည်။
ယခုအချိန်တွင် ကန်မိသားစု ဝင်များသည်အသင့်ပြင်ဆင်ထားပြီး မြို့စောင့်အစီရင်ကို ဖွင့်ထားကြသည်။
သို့သော် မိစ္ဆာသားရဲသူတော်စင် စစ်တပ်၏ ရှေ့တွင် ကန်မိသားစု၏ အစီရင်သည် တစ်ခဏအတွင်း၌ပင် ပျက်စီးသွားရလေသည်။
သူတော်စင်အဆင့် ဆိုသည်မှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် ၏ ထိပ်တန်း တိုက်ခိုက်ရေးစွမ်းအား ဖြစ်သည်။ အင်အားစုတစ်ခုစီရှိ သူတော်စင်အဆင့် စွမ်းအားရှင်များသည် သန်းချီသော စစ်ပွဲကြီးတစ်ခုကို ဦးဆောင်နိုင်သူများ ဖြစ်ကြ၏။
သို့ဖြစ်ရာ သူတော်စင်အဆင့် တစ်သိန်းကျော် စုစည်းထားသည့် သားရဲစစ်တပ်ကိုမူ ထည့်ပြောရန်ပင် မလိုတော့ချေ။
ဤကဲ့သို့သော ကြီးမားသည့် အင်အားကို ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် ရှိ မျိုးနွယ်ခြား အင်အားစုအားလုံး ပေါင်းလိုက်လျှင်ပင် စုစည်းနိုင်မည် မဟုတ်ပေ။
ပိုင်ယွင်ဖေးနှင့် ပိုင်ကျန့်ဝမ်တို့သည် သင်္ဘောဦးတွင် ရပ်နေကြသည်။
မိစ္ဆာသူတော်စင်စစ်တပ်က ကန်ကျန့်မြို့တော် ကို အလွယ်တကူ ဖျက်ဆီးလိုက်သည်ကို ကြည့်ပြီး သူတို့၏ စိတ်ထဲတွင် တုန်လှုပ်နေမိကြကာ အချိန်ကြာမြင့်သည်အထိ ငြိမ်သက်သွားခြင်း မရှိပေ။
အထူးသဖြင့် ပိုင်ယွင်ဖေး သည် မိမိ၏ ရွေးချယ်မှု မှန်ကန်ခဲ့သည်ကို ဝမ်းမြောက်နေမိ၏။
'ငါ အရင်က သူတို့နှစ်ယောက်ရဲ့လက်ထပ်ပွဲကိုမတားခဲ့မိတာ ကံကောင်းတာပဲ...'
'အခုတော့ ဝမ်အာက တကယ့်ကိုအားကိုးရတဲ့ ခင်ပွန်းရသွားပြီ...'
ဤကဲ့သို့သော အင်အားစုမျိုး ရှိနေပါက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး ပြိုပျက်သွားလျှင်ပင် ဘေးကင်းလုံခြုံနေမည်မှာ သေချာလှသည်။
ပိုင်ယွင်ဖေးသည် ပိုင်ကျန့်ဝမ်တစ်ယောက် ရွေ့ဝူတီနောက်သို့ လိုက်ပါသွားနိုင်ခြင်းအတွက် အလွန် စိတ်ချမ်းသာသွားရလေသည်။
အောက်ဘက်ရှိ တိုက်ပွဲသည် လျင်မြန်စွာ ပြီးဆုံးသွားပြီး ကန်ကျန့်မြို့တော် ထဲရှိ ကန်မိသားစု ဝင်များအားလုံး ရှင်းလင်းခံလိုက်ရသည်။ ထို့နောက် မိစ္ဆာသူတော်စင်များသည် တပ်မှူးအသီးသီး၏ ဦးဆောင်မှုဖြင့် ကျန်ရှိနေသေးသည့် ကန်မိသားစု၏မြို့ကြီးလေးမြို့ကို သွားရောက် သိမ်းပိုက်လိုက်ကြသည်။
ဝမ်ချွမ်းလှေ သည် ကန်ကျန့်မြို့တော် အတွင်းသို့ ဆင်းသက်လိုက်သည်။ ကန်ကျန့်မြို့ ကို သိမ်းပိုက်ပြီးဖြစ်သဖြင့် ဤနေရာကိုပင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ ၏ မြောက်ပိုင်းနယ်စပ်ဂိုဏ်းခွဲအဖြစ် အသုံးပြုရန် ပြင်ဆင်လိုက်ကြလေတော့သည်။