အခန်း (၁၉၉)
Vol. 20 Ch. 199
လူအားလုံး မြို့အတွင်းသို့ ဝင်ရောက်ပြီးနောက် ပထမဆုံး လုပ်ဆောင်သည့် အလုပ်သည် ထောင်တံခါးများကို ဖွင့်ခြင်း ဖြစ်သည်။ ကန်ကျန့်မြို့တော် ၏ ထောင်ထဲတွင် ယခင်က ရှေ့တန်းမျက်နှာပြင်တွင် တက်ကြွစွာ လှုပ်ရှားခဲ့သော လူသားစွမ်းအားရှင်များစွာကို ဖမ်းဆီးချုပ်နှောင်ထားလေသည်။ ဤလူများကို လွှတ်ပေးလိုက်ပါက အထောက်အကူ ကြီးကြီးမားမား ရရှိနိုင်ပေလိမ့်မည်။
ကျန်ရှိနေသော ကန်မိသားစု၏ မြို့လေးမြို့ကို အလွယ်တကူပင် သိမ်းပိုက်နိုင်လိုက်၏။ ထို့နောက်မြို့ငါးမြို့ကို ချီလင်မြို့၊ မိုးပြာနဂါးမြို့၊ ကျားဖြူမြို့၊ လိပ်နက်မြို့ နှင့် ဗာမီလီယံငှက်မြို့ ဟု အသီးသီး အမည်ပေးလိုက်၏။ ယင်းမှာ နတ်ဘုရား သားရဲကြီး ငါးပါးကို အစွဲပြု၍ ခေါ်ဆိုခြင်း ဖြစ်ပြီး ကောင်းကင်ယံရှိ ကြယ်တာရာ အရပ်မျက်နှာများနှင့်လည်း ကိုက်ညီလှပေသည်။
ဖာဟိုင်ဆရာတော် သည် ကြယ်တာရာ ၂၈ ပါး မိစ္ဆာအစီရင်ကို လေ့လာဆန်းစစ်ပြီးနောက် ယင်းကို အခြေခံ၍ပိုမို ကောင်းမွန်သော အရပ်ငါးမျက်နှာ ကောင်းကင်တည်ငြိမ်ရေး အစီရင် အသစ်ကို ဖန်တီးလိုက်သည်။
ထို့နောက် မြို့ကြီးငါးမြို့တွင် အစီရင်အသစ်များကို အသီးသီး တည်ဆောက်လိုက်ကြ၏။ ဤအစီရင်သည် မိစ္ဆာသူတော်စင်တို့၏ စွမ်းအားကို အသုံးပြုကာ နတ်ဘုရား သားရဲတို့၏ အစွမ်းကို ထုတ်ဖော်ခြင်း ဖြစ်သည်။ နတ်ဘုရား သားရဲတို့သည်လည်း မူလက မိစ္ဆာမျိုးနွယ်မှ ဆင်းသက်လာကြသူများ ဖြစ်ကြ၏။ အရပ်ငါးမျက်နှာကို ထိုသားရဲကြီးများဖြင့် ဖိနှိပ်လိုက်သောအခါ အစီရင်၏ ကာကွယ်ရေးစွမ်းအားသည် အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
ဤသို့ဖြင့် ချင်းထျန်းတောင်ထိပ်မှ နတ်ဘုရားများကို အုပ်စုများ ခွဲခြားကာ မိုးပြာနဂါး၊ ကျားဖြူ၊ လိပ်နက် နှင့် ဗာမီလီယံငှက် မြို့လေးမြို့တွင် အသီးသီး ခွဲဝေစောင့်ကြပ်စေလိုက်သည်။ ရွေ့ဝူတီ၊ ကျွမ်းလီ နှင့် ဖာဟိုင်ဆရာတော် တို့သာ ကန်ကျန့်မြို့ ဖြစ်ခဲ့သည့် ချီလင်မြို့တွင် ကျန်ရစ်ခဲ့လေ သည်။
ချီလင်မြို့သည် မြောက်ပိုင်းနယ်စပ်ဂိုဏ်းခွဲ၏ ဌာနချုပ် ဖြစ်လာပြီဖြစ်သည်။
ဖာဟိုင်ဆရာတော် သည် လူအားလုံးကို ခေါ်ဆောင်ကာ မြို့လယ်ရှိ ကွင်းပြင်ကျယ်သို့ ရောက်လာကြသည်။
''နယ်ပယ်နှစ်ခုကြား ဟင်းလင်းပြင်လမ်းကြောင်း ဆိုတာ ဟင်းလင်းပြင်တံတားတွေထက် ပိုအဆင့်မြင့်တဲ့ နေရာကူးပြောင်းခြင်း လမ်းကြောင်းပဲ''
''ဒီစီရင်စုနှစ်ခုကြားက အကွာအဝေးက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် ရဲ့ တစ်ဝက်နီးပါးလောက် ဝေးတယ်''
''အလယ်အလတ် ကမ္ဘာငယ် အများအပြားကို ဖြတ်ကျော်ရတဲ့ အကွာအဝေးနဲ့ တူညီလုနီးပါးကိုရှိတာပေါ့"
''မူလအစီအစဉ်အတိုင်း ကိုယ်တော်တစ်ယောက်တည်း ဒီလမ်းကြောင်းကို တည်ဆောက်ရမယ်ဆိုရင် အနည်းဆုံး ၄၉ နာရီလောက် ကြာမှာ''
''ဒါပေမဲ့အခု ဒကာတို့ ဝိုင်းကူညီပေးမယ်ဆိုရင် နှစ်နာရီလောက်အတွင်းအပြီး ဆောက်နိုင်တော့မယ်"
သူသည် လူအားလုံးကို နေနှင့်လ ပုံသဏ္ဌာန်အစီအရင်အတိုင်း နေရာယူစေ၏။ ဝေးကွာလှသော နန်ယန်စီရင်စု ရှိ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ အတွင်း၌လည်း သူတော်စင်အဆင့် ကျောက်မျက်ရတနာပေါင်း ထောင်ချီဖြင့် တည်ဆောက်ထားသော နေနှင့်လ ပုံသဏ္ဌာန်အစီအရင်တစ်ခု တည်ရှိနေလေသည်။
ထိုကျောက်မျက်ရတနာများသည် ကျုံးရှန် က ယဇ်ပူဇော်မှု လမ်းကြောင်းမှတစ်ဆင့် ပြန်လည် ပေးပို့ထားသော အရာများ ဖြစ်ကြ၏။ ယင်းတို့ကို နယ်ပယ်နှစ်ခုကြား ဟင်းလင်းပြင်လမ်းကြောင်း တည်ဆောက်ရန်ရည်ရွယ်၍ အထူးအသုံးပြုထားခြင်း ဖြစ်ပေသည်။
ကျုံးရှန် သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် အတွင်းရှိ အခြေအနေများကို ကောင်းစွာ သိရှိထားသည်။ သူသည် ယဇ်ပူဇော်မှု လမ်းကြောင်းမှတစ်ဆင့် များပြားလှသော ရတနာများနှင့် ဆေးဝါးများကို ပြန်လည် ပေးပို့ကာ မျိုးဆက်သစ် တပည့်များကို ပြုစုပျိုးထောင်ပေးနေ၏။
ယခုအခါ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏အင်အားသည် နယ်မြေချဲ့ထွင်ရင်း ပါရမီရှိသော တပည့်များကို အမြောက်အမြား လက်ခံနေရသဖြင့် ယခင်ကထက် အဆပေါင်း ရာချီ၍ တိုးတက်လာခဲ့သည်။ ထျန်းဂိုဏ်းသည် နန်ယန်စီရင်စုအတွင်းရှိ လူသားမျိုးနွယ် အင်အားစုများထဲတွင် အင်အားအကြီးဆုံး ဂိုဏ်းတစ်ခု ဖြစ်လာခဲ့လေသည်။
ဟွမ်ရှားလူမျိုးစု များသည်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နန်ယန်စီရင်စုဘက်သို့ နယ်မြေချဲ့ထွင်ရန် မဝံ့မရဲ ဖြစ်နေကြသည်။ သူတို့သည် အနောက်ဘက် နယ်စပ်ဒေသများမှပင် ပြန်လည် ဆုတ်ခွာသွားကြပြီဖြစ်သည်။
သို့သော် အခြားသော စီရင်စုများဖြစ်သည့် ကျိယာစီရင်စု၊ လွီယင်းစီရင်စု၊ ရွှေလင်းစီရင်စု နှင့် ထိုက်ကျစ်ကန် ဒေသများသို့မူ အပြင်းအထန် တိုက်ခိုက်နေကြ၏။ ထိုနယ်မြေများ၏ သုံးပုံတစ်ပုံခန့်ကို ဟွမ်ရှားလူမျိုးစုများ သိမ်းပိုက်ထားနိုင်ခဲ့သော်လည်း လူသားများ တဖြည်းဖြည်း စည်းလုံးလာကြသဖြင့် ယခုအခါ အခြေအနေကို ထိန်းထားနိုင်ပြီ ဖြစ်သည်။
နှစ်ဖက်စလုံးသည် နယ်စပ်ဒေသစစ်မြေပြင် အနီးတစ်ဝိုက်တွင် အကြိမ်ကြိမ် တိုက်ခိုက်နေကြပြီး နယ်မြေများကို လုယူနေကြသည်။
လက်ရှိတွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံး၌ စစ်မီးများ ပြင်းထန်စွာ တောက်လောင်နေသည်။ ထိုသို့သော ခေတ်ပျက်ကြီးအတွင်း၌ သူရဲကောင်းများနှင့် နာမည်ကျော် ဂိုဏ်းများစွာ ပေါ်ထွက်လာကြပြီး ထိုအထဲတွင် ဆိုးယုတ်သော မိစ္ဆာဂိုဏ်းများလည်း ပါဝင်နေသည်။
အမျိုးမျိုးသော ရှေးဟောင်းအမွေအနှစ်များလည်း ဆက်တိုက် ပေါ်ထွက်လာပြီးမျိုးဆက်သစ်အချို့သည် အခွင့်အရေးကောင်းများ ရရှိကြကာ လျင်မြန်စွာ ကြီးထွားလာနေသည်။
စစ်ပွဲသည် သေဆုံးခြင်းနှင့် ပျက်စီးခြင်းများကို ဆောင်ယူလာသကဲ့သို့ ကျင့်ကြံသူတို့၏ စွမ်းအားကိုလည်း မြင့်တက်စေသည်။ ယခင်က ဤကမ္ဘာ၏ ကံကြမ္မာသည် ဆုတ်ယုတ်နေသဖြင့် ရတနာများနှင့် အခွင့်အရေးများမှာ ပေါ်ထွက်လာခြင်း မရှိချေ။ သို့သော် ယခုအခါ ကမ္ဘာကြီး တုန်လှုပ်ချောက်ချားလာသည်နှင့်အမျှ ကံကြမ္မာ စွမ်းအားများသည် ဝမ်ရှန့်ကုန်းမြေတိုက်ကြီး၏ ကောင်းကင်နှင့်မြေပြင်အတွင်းသို့ ပြန်လည် စီးဆင်းလာခဲ့လေသည်။
စစ်ပွဲအတွင်း သေခြင်းနှင့် ရှင်ခြင်းအကြား ရုန်းကန်ရမှုများကြောင့် ကျင့်ကြံသူများ၏ အဆင့်သည် လျင်မြန်စွာ မြင့်တက်လာခဲ့ကြသည်။ စစ်ပွဲသည် ဘေးအန္တရာယ်တစ်ခု ဖြစ်သကဲ့သို့ ကျင့်ကြံခြင်း အခွင့်အရေးတစ်ခုလည်း ဖြစ်နေတော့သည်။
ခြုံငုံကြည့်လျှင် ဤနှစ်ပိုင်းအတွင်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် ရှိ ကျင့်ကြံသူများ၏ အဆင့်အတန်းသည် သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်သည်။
ဤရှုထောင့်မှ ကြည့်လျှင် ကောင်းကင်တာအိုသည် နွားပျောက်မှ ခြံကာသကဲ့သို့ နောက်ကျမှ ပြန်လည် ကုစားနေခြင်းဖြစ်ပြီး မိမိကိုယ်ကို ကာကွယ်ရန် ကြိုးစားနေခြင်း ဖြစ်နိုင်ပေသည်။
...
မြောက်ဘက်နယ်စပ် ဓားကုန်းမြေတိုက်။
ချီလင်မြို့တော်။
ဖာဟိုင်ဆရာတော် ၏ လမ်းညွှန်မှုဖြင့် မိစ္ဆာသူတော်စင်များသည် နေနှင့်လ ပုံသဏ္ဌာန်အစီအရင်အတိုင်း နေရာယူလိုက်ကြ၏။ ဖာဟိုင်သည် သူတို့ကို နေနှင့်လ၏ စွမ်းအားကို ဆက်သွယ်နိုင်သော နည်းလမ်းတစ်ခုလည်းသင်ကြားပေးလိုက်သည်။
ထိုအခါ သူတို့သည် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ထူးခြားသော စွမ်းအားလမ်းကြောင်းများအတိုင်း လည်ပတ်စေကာ နေနှင့်လ၏ စွမ်းအားများကို ဆွဲယူလိုက်ကြ၏။
နေလအစီရင် တောက်ပလာသည်။
နန်ယန်စီရင်စု နှင့် မြောက်ဘက်နယ်စပ် ဓားကုန်းမြေတိုက် ရှိ နေလအစီရင်နှစ်ခုလုံး တစ်ပြိုင်နက်တည်း လင်းထိန်သွားကာ ကောင်းကင်ယံတွင် နေနှင့်လသည် နေ့ည ကွာခြားမှု မရှိဘဲ ပေါ်ထွက်လာကြသည်။ နေလအစီအရင်နှစ်ခုမှအလင်းတန်းနှစ်ခုသည် ကောင်းကင်သို့ တည့်တည့် ထိုးတက်သွားပြီး ကောင်းကင်ရှိ နေနှင့်လတို့နှင့် ဆန်းကြယ်စွာ ဆက်သွယ်သွားလေသည်။
ထို့နောက် စီရင်စုနှစ်ခုလုံးတွင် တောက်ပသော အလင်းတံခါးကြီးများ ပေါ်ထွက်လာ၏။
ဤလမ်းကြောင်းသည် စီရင်စုနယ်မြေ ရာပေါင်းများစွာ၏ အကွာအဝေးကို ဆယ်ဆမက ချုံ့ပစ်လိုက်ပြီး အမြဲတမ်း တည်ရှိနေမည့် ဟင်းလင်းပြင် လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့သည်။
မည်သည့် ကျင့်ကြံမှု အဆင့်ရှိသူမဆို ဤလမ်းကြောင်းမှတစ်ဆင့် တစ်လခန့် ခရီးနှင်ရုံဖြင့် စီရင်စုနှစ်ခုကြား သွားလာနိုင်ပြီ ဖြစ်သည်။
ထိုအချိန်တွင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ မှ တာဝန်ကျ အကြီးအကဲသည်လည်း လမ်းကြောင်း ပွင့်သွားသည်ကို သတိထားမိသွားကာ ဂိုဏ်းချုပ် ကျုံးချီထျန်း ထံသို့ သတင်းပို့လိုက်သည်။
လက်ရှိတွင် နန်ယန်စီရင်စု၏ အခြေအနေတည်ငြိမ်နေသည်။
ကျုံးချီထျန်း သည် ကျုံးချီမင် ကို ဦးဆောင်စေကာ လက်ရွေးစင် တပည့် တစ်သိန်းကျော်ကို မြောက်ဘက်နယ်စပ်သို့ စေလွှတ်လိုက်၏။ သူတို့သည် မြောက်ဘက်နယ်စပ်တွင် လူရိုင်းများကို တိုက်ခိုက်ရင်း အတွေ့အကြုံ ယူကာ တပည့်တစ်သုတ်လျှင် ငါးနှစ်စီ လေ့ကျင့်နေကြသည်။
ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ သည် စစ်မှုထမ်း ဆုပေးစနစ်ကိုလည်း ကျင့်သုံးလာပြီး တပည့်များကိုစစ်တပ်ပုံစံ အဖွဲ့များ ဖွဲ့စည်းထားသည်။
ငါးယောက်လျှင် တစ်ဖွဲ့၊ ငါးဖွဲ့လျှင် တပ်စိတ်၊ လေးတပ်စိတ်လျှင် တပ်ခွဲ၊ ငါးတပ်ခွဲလျှင်တပ်ရင်း၊ ငါးတပ်ရင်းလျှင်တပ်မ၊ ငါးတပ်မလျှင် တပ်မကြီး ဟူ၍ ဖွဲ့စည်းထားသည်။
ရန်သူများကို သတ်ဖြတ်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းများအတွက် စစ်မှုထမ်း အမှတ်များကို ပေးအပ်၏။
သိုင်းဆရာသခင်အဆင့်လူရိုင်းစစ်သည် တစ်ဦးလျှင် ၁၀ မှတ်။
နိယာမနယ်ပယ် ပထမအဆင့်လူရိုင်းစစ်သည်တစ်ဦးဆိုလျှင် ၂၀၀ မှတ်။
ဤသို့ဖြင့်အဆင့် တစ်ဆင့် မြင့်တက်တိုင်း အမှတ် ၃၀၀ စီ တိုးမြှင့်ပေးမည်ဖြစ်ပြီး အရှင်ဖမ်းမိပါက အမှတ် နှစ်ဆ ရရှိမည် ဖြစ်သည်။
တပ်ခွဲတိုင်းတွင် ဦးဆောင်သော အကြီးအကဲ တစ်ဦးစီ ရှိပြီး စာရင်းဇယားများကို မှတ်တမ်းတင်ပေးထားသည်။
နိယာမနယ်ပယ် ၁၄ ဆင့် မူလဝိညာဉ်ခန္ဓာခွဲထွက်ခြင်း အဆင့်ရှိသော အကြီးအကဲများ၏ ဆောင်ရွက်မှုဖြစ်သဖြင့် မည်သည့်အရာမျှ လွတ်သွားမည် မဟုတ်ပေ။
စစ်မှုထမ်းရမှတ်များဖြင့် ဂိုဏ်းမှ ဖွင့်လှစ်ထားသော စစ်ထောက်ပံ့ရေးချုပ်ရုံးတွင် ကျင့်ကြံခြင်း အရင်းအမြစ်များကို လဲလှယ်နိုင်သည်။
အမှတ် ၁၀၀၀ ရှိပါက သောင်းသားရဲ နဂါးအသွင်ပြောင်း သွေး တစ်စက်ကို လဲလှယ်နိုင်သည်။ ထိုသွေးသည် အရိုးနှင့် ကြွက်သားများကို သန့်စင်ရန်အတွက် အလွန် ကောင်းမွန်သော အရာဖြစ်ပြီး တစ်စက်ဖြင့်ပင် နဂါးတစ်ကောင်၏ခွန်အားအဆင့်တိုးပွားစေနိုင်သည်။ ခန္ဓာကိုယ် ကျင့်ကြံခြင်းအတွက် အလွန်အသုံးဝင်သော အရာဖြစ်၏။
ထို့ပြင် ကောင်းကင်နှင်းရည်၊ ပါရမီချဲ့ထွင်ပေးသောဝိညာဉ်ဆေးရည်များနှင့် ကျင့်စဉ်များ ၊ လက်နက်များစသည်ဖြင့် ကျင့်ကြံခြင်းအရင်းအမြစ်များအားလုံးကို အမှတ်များဖြင့် လဲလှယ်နိုင်လေသည်။
အမှတ် လုံလောက်စွာရှိပါက သူတော်စင်အဆင့် သို့မဟုတ် ဖန်ဆင်းခြင်းအဆင့် နတ်ဘုရားလက်နက်များကိုပင်လဲလှယ်ရယူနိုင်သည်။
စစ်ထောက်ပံ့ရေးချုပ်ရုံးတွင် ရရှိနိုင်သော ပစ္စည်းများ၏ တစ်စိတ်တစ်ပိုင်းသည် စစ်ပွဲများမှ သိမ်းဆည်းရမိသော ပစ္စည်းများနှင့် ဂိုဏ်း၏ သိုလှောင်ရုံများမှ ပစ္စည်းများ ဖြစ်ကြသည်။ သိုလှောင်ရုံထဲမှအများစုသည် ကျုံးရှန်က ယဇ်ပူဇော်ခြင်း လမ်းကြောင်းမှတစ်ဆင့် ပြန်လည် ပေးပို့ထားသော ပစ္စည်းများ ဖြစ်သည်။
ထို့ပြင် ဂိုဏ်းသည် မျိုးနွယ်ခြား ကျွန်များကို အများအပြား ဖမ်းဆီးထားပြီး ကျင့်ကြံဆင့်များကိုဖိနှိပ်ထားလိုက်ကာ မြေကွက်လပ်များတွင် ဝိညာဉ်သစ်သီးများ၊ ဝိညာဉ်ဆေးပင်များ စိုက်ပျိုးခြင်းနှင့် မျိုးနွယ်ခြား ဝိညာဉ်သားရဲများကို မွေးမြူခြင်းများ လုပ်ဆောင်စေသည်။
သတ္တုတူးဖော်ခြင်း၊ လက်နက်သွန်းလုပ်ခြင်း၊ ဆေးဖော်ခြင်းများကိုလည်း အကြီးအကျယ် လုပ်ဆောင်နေသည်ဖြစ်၏။
စစ်မက်ဖြစ်ပွားနေချိန်တွင် ဆေးလုံးများနှင့် လက်နက်များသည် မရှိမဖြစ် လိုအပ်သော ပစ္စည်းများ ဖြစ်ရာ ရောင်းမထွက်မည်ကို စိတ်ပူစရာ မလိုပေ။
စီးပွားရေး စီးဆင်းမှုသည် ဂိုဏ်း၏ သွေးကြောကဲ့သို့ပင် ဖြစ်ပြီး ဂိုဏ်း၏ အင်အားကို ပိုမို ကြီးထွားလာစေသောအရာဖြစ်သည်။
ဤသို့ဖြင့် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် နယ်ပယ်အဘက်ဘက်တွင်တိုးတက် နေခဲ့ပြီး တစ်နေ့ထက်တစ်နေ့ ပိုမို အင်အားတောင့်တင်းလာခဲ့သည်။ နောက်ထပ် နှစ်တစ်ရာ မကြာမီမှာပင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ ၏ အင်အားသည် အဆတစ်ရာ မကတိုးတက်လာပေလိမ့်မည်။