အခန်း (၂၀၀)
Vol. 20 Ch. 200
တစ်ဖက်ရှိ မြောက်ပိုင်းနယ်စပ်ဒေသမှဓားကုန်းမြေတိုက်တွင်လည်း မိစ္ဆာသူတော်စင်စစ်တပ်သည် အားမနေခဲ့ပေ။
မိစ္ဆာသူတော်စင်တစ်သိန်းကျော်၏ ထက်ဝက်ခန့်သည် နယ်ပယ်နှစ်ခုကြား ဟင်းလင်းပြင်လမ်းကြောင်း အတွင်းသို့ ဝင်ရောက်သွားကြသည်။
သူတော်စင်အဆင့် စစ်သည်ငါးသောင်း။
ဤပမာဏသည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ ၏ အဓိကတိုက်ခိုက်ရေးစွမ်းအားထက်ပင် ကျော်လွန်သော ကြီးမားသည့် အင်အားစုတစ်ခု ဖြစ်သည်။
သို့ဖြစ်ရာအင်အားစုအားလုံးကို မြောက်ဘက်နယ်စပ်၌သာ ထားရှိမည်ဆိုပါက အလွန်ပင် ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
မိစ္ဆာသူတော်စင် စစ်တပ်ကို နှစ်ဖွဲ့ခွဲလိုက်ပြီးနောက်တွင် ချင်းထျန်းတောင်ထိပ်မှ နတ်ဘုရားများကိုလည်း ထိုနည်းတူပင် ခွဲလိုက်သည်။
ကျွမ်းလီသည် နန်ယန်စီရင်စု သို့ ပြန်ရန် ရွေးချယ်လိုက်၏။
သူမ၏ နတ်ဘုရားစွမ်းရည်သည် သတင်းအချက်အလက် အမျိုးမျိုးကို ထိုးထွင်းသိမြင်နိုင်ပြီး ကောင်းကင်နှင့်မြေကြီး သတင်းစကားများကို ဖမ်းယူနိုင်သည်။ မြောက်ဘက်နယ်စပ်၌ ကျန်ရစ်နေခြင်းထက် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ ၏ ဗဟိုဌာနချုပ်တွင် ထိုင်ပြီး ညွှန်ကြားခြင်းကသာ သူမ၏ စွမ်းအားကို အထိရောက်ဆုံး အသုံးချနိုင်ခြင်း ဖြစ်ပေမည်။
ရွေ့ဝူတီ၊ ဖာဟိုင်ဆရာတော်၊ လက်သီးဧကရာဇ် သူတော်စင်၊ ဝက်မည်း ၂နှင့် ဝက်မည်း ၃ တို့သည် မြောက်ဘက်နယ်စပ်၌ ကျန်ရစ်ရန် ရွေးချယ်လိုက်ကြသည်။
အထူးသဖြင့် ဝက်မည်း ၂နှင့် ဝက်မည်း ၃တို့ ဖြစ်၏။ ဝက်ညီအစ်ကိုသုံးကောင်ကြားတွင်လည်း ပြိုင်ဆိုင်မှုများ ရှိကြသည်။
အမည်းကြီးသည် ဉာဏ်အလင်းပွင့်သည်မှာ ကြာပြီဖြစ်သကဲ့သို့ ကျင့်ကြံမှုအဆင့်လည်း အမြင့်ဆုံး ဖြစ်သည်။
ယခုအခါ ဝက်မည်း ၂နှင့် ဝက်မည်း ၃တို့သည် လက်တွေ့တိုက်ပွဲများတွင် ပါဝင်ခွင့်ရသဖြင့် နန်ယန်စီရင်စုသို့ မပြန်လိုကြဘဲ မြောက်ဘက်နယ်စပ်တွင် အောင်မြင်မှုများ ရယူကာ ကိုယ်ပိုင် အခွင့်အရေးများကို ရှာဖွေလိုကြသည်။
ရွေ့ဝူတီကမူ စစ်ကိုလိုလားသူ ဖြစ်သည်။
တိုက်ဆိုင်စွာပင် မြောက်ဘက်နယ်စပ် ဓားကုန်းမြေတိုက် သည် ပိုင်ကျန့်ဝမ် ကြီးပြင်းရာနေရာ ဖြစ်သကဲ့သို့ ရွေ့ဝူတီ လေ့ကျင့်ခဲ့ဖူးသော နေရာလည်း ဖြစ်ရာ ဤနေရာနှင့် ပတ်သက်ပြီး သူ့တွင် သံယောဇဉ်များ ရှိနေသည်။ ထို့ပြင် လူသားမျိုးနွယ်အတွက် တိုက်ခိုက်ပေးရသည်ကိုလည်း သူ ကျေနပ်နေ၏။
ဓားကုန်းမြေတိုက်သည် ရှေးဟောင်း ဓားတာအို ပညာရှင်ကြီးများ၏ အမွေအနှစ်များစွာ ကျန်ရစ်နေပြီး မြောက်ဘက်နယ်စပ်၏ နံပါတ်တစ် မိစ္ဆာဆိုးဖြစ်သည့် ရှေးဟောင်း မိစ္ဆာဓားသူတော်စင် မွေးဖွားရာ နေရာလည်း ဖြစ်သည်။
သူ၏ ပါရမီမှာ ကောင်းမွန်လှသော်လည်း နတ်ဘုရားအမြုတေ တစ်ခု လိုအပ်နေသေး၏။
ဓားကုန်းမြေတိုက်သည် ဓားသမားတို့အတွက်ကောင်းမွန်သောနေရာဖြစ်ရာ ရွေ့ဝူတီ၏ ဓားတာအို ပိုမိုတိုးတက်ရန်လေ့ကျင့်မှုအတွက် နေရာကောင်းပင်ဖြစ်တော့သည်။
....
တစ်လတာ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။
ယနေ့သည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ မှ ပထမဆုံး စစ်ကူအဖွဲ့ ရောက်ရှိလာမည့် နေ့ဖြစ်သည်။
အရပ်ငါးမျက်နှာ နတ်ဘုရားသားရဲ မြို့တော်များသည် ခိုင်မာစွာတည်ဆောက်ထားပြီးလုံခြုံရေး အခိုင်အမာဖြင့်ဝင့်ကြွားစွာတည်ရှိနေသည်။
ဖာဟိုင်ဆရာတော်၏ စစ်တပ်ကိုပြန်လည်ဖွဲ့စည်းပေးမှု ၊ ကျင့်စဉ်အချို့သင်ကြားပေးမှုတို့ဖြင့်လည်း မိစ္ဆာသားရဲစစ်တပ်၏အင်အားကို ထပ်မံတိုးမြှင့်ထားသေး၏။
ယခုအချိန်တွင် ရွေ့ဝူတီ နှင့် ဖာဟိုင်ဆရာတော် တို့သည် ဟင်းလင်းပြင်လမ်းကြောင်း၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။
မကြာခင်၌ပင် ဟင်းလင်းပြင်လမ်းကြောင်းအတွင်းမှ ကျုံးချီမင်ဦးဆောင်သည့်ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ မှ လက်ရွေးစင်တပည့် တစ်သိန်း ပါဝင်သောစစ်ကူအဖွဲ့ရောက်ရှိလာသည်။
တပည့်တိုင်းသည် လူငယ် နိယာမနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြပြီး သာမန် သိုင်းပညာရှင် တစ်ဦးမျှ မပါဝင်ချေ။
ထိုအထဲတွင် နိယာမနယ်ပယ်အဆင့် ၁၄ အထက် ရှိသော ခေါင်းဆောင်အကြီးအကဲ ပေါင်း ထောင်ချီပင် ပါဝင်လေသည်။
ဤစစ်အင်အားသည် အလွန်ပင် ခမ်းနားလှ၏။
ကျုံးချီမင်၏ ကျင့်ကြံမှုသည်လည်း သူတော်စင်တစ်ပိုင်း အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူသည် အလင်းတံခါးမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဖာဟိုင်ဆရာတော်ကို ဦးစွာ အရိုအသေပြုလိုက်၏။ ထို့နောက်တွင်မှ ရွေ့ဝူတီ နှင့် အခြားသူများကို နှုတ်ဆက်လိုက်သည်။
သူသည် မြောက်ဘက်နယ်စပ်၏ အခြေအနေကို အနည်းငယ် သိရှိထားပုံ ရ၏။ စီရင်စုနှစ်ခုကြားအကွာအဝေးသည် အလွန်ပင်ဝေးကွာလှသော်လည်း ဆန်းကြယ်သော အဆောင်များ၊နည်းစနစ်များကို အသုံးပြု၍ သတင်းပို့နိုင်သော နည်းလမ်းများ ရှိသောကြောင့်ဖြစ်သည်။
"ဓားသူတော်စင် ရွေ့ဝူတီ...မင်းကဘိုးဘေးရဲ့ တပည့်ရင်းပီသပါပေတယ်...တကယ်ကို အစွမ်းထက်လွန်းတာပဲ..."
ကျုံးချီမင် က ရွေ့ဝူတီ ကို ကြည့်ကာ ချီးကျူးလိုက်၏။
သူ၏ အမြင်သည် ကျယ်ပြန့်လာခဲ့သော်လည်း ရွေ့ဝူတီ ၏ နတ်ဘုရားနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံမှုကို မြင်သောအခါ အံ့အားသင့်သွားရလေသည်။
ရွေ့ဝူတီ က ပြုံးပြီး ပြန်လည် နှုတ်ဆက်လိုက်၏။
"ချီးကျူးလွန်းနေပါပြီ... အကြီးအကဲ ချီမင်ရဲ့ ကျင့်ကြံမှုနှုန်းကလည်း အံ့မခန်းပါပဲ... နှစ်နည်းနည်းလေး မတွေ့ရတာနဲ့ သူတော်စင်တစ်ပိုင်းအဆင့်တောင် ရောက်နေခဲ့ပြီပဲ"
"ဆရာ့ရဲ့ မျိုးဆက်ပီသပါပေတယ်..."
ထို့နောက် ပိုင်ကျန့်ဝမ်သည်လည်း ရွေ့ဝူတီ၏ ဘေးသို့ ရောက်လာပြီး ကျုံးချီမင်နှင့် စကားစမြည် ပြောဆိုလိုက်သည်။
ထိုစဉ် ကျုံးချီမင် ၏ မျက်နှာတွင် လှည့်စားလိုသော အပြုံးတစ်ခု ပေါ်ထွက်လာ၏။
"ဒါနဲ့... မင်းရဲ့ သမီးလေးကို ကျွန်တော် ကူညီစောင့်ရှောက်ပေးခဲ့တာ နှစ်အတော်ကြာပြီနော်..."
"စောင့်ရှောက်ခလေး ဘာလေး မပေးတော့ဘူးလား..."
"သမီး..."
"ဝူတီ... ဘယ်က သမီးလဲ..."
ပိုင်ကျန့်ဝမ် က အံ့အားသင့်သွားပြီး ရွေ့ဝူတီ ကို ကြည့်လိုက်၏။
"သမီး..."
"..."
"ဝမ်အာ... နေပါဦး... ကိုယ် ရှင်းပြပါ့မယ်..."
ရွေ့ဝူတီ လည်း ထိတ်လန့်သွားရလေသည်။
ကျုံးချီမင် သည် ထိုမြင်ကွင်းကို ကြည့်ကာ ဟားတိုက် ရယ်မောလိုက်သည်။
ထို့နောက် သူသည် လက်ကိုဝှေ့ယမ်းလိုက်ရာ အမျိုးသမီးတပည့်တစ်ဦးသည် လေးနှစ်၊ ငါးနှစ်အရွယ် ကလေးမလေး တစ်ဦးကို ပွေ့ချီကာ ရောက်ရှိလာသည်။
ထိုကလေးမလေးသည် အလွန်ပင် ချစ်စရာကောင်းလှပြီး အသားမှာလည်း နှင်းကဲ့သို့ဖြူစင်နေကာ ဆံပင်လေးများကို ချစ်စဖွယ် ထုံးထားသဖြင့် ကြွေရုပ်လေးတစ်ရုပ်နှင့် တူနေသည်။
ယခုအချိန်တွင် သူမသည် ဘေးပတ်ဝန်းကျင်ကို စိတ်ဝင်တစား လက်ညှိုးထိုးပြီး မေးခွန်းများစွာမေးမြန်းနေသည်။
ထိုကလေးမလေးသည် ရွှယ်ဝူရွှမ်း ပြန်လည်ဝင်စားခဲ့သော ကလေးမလေး ရွေ့ရွှယ် ပင် ဖြစ်သည်။
အမျိုးသမီး တပည့်သည် ရွေ့ရွှယ် ကို ကျုံးချီမင် ထံသို့ လွှဲပြောင်းပေးလိုက်၏။
ကလေးမလေးသည် ကျုံးချီမင် ကို မြင်သောအခါ ပြုံးလိုက်လေသည်။
"အဘိုး... ရွှယ်အာကို ချီပါဦး"
"ရွှယ်အာ သကြားလုံးစားချင်တယ်"
သူမသည် သေးငယ်သော လက်ကလေးများကို ဆန့်တန်းကာ ကျုံးချီမင် ထံ တိုးဝင်လိုက်၏။
"လိမ္မာတဲ့ ရွှယ်အာလေးကို... ခဏနေရင် အဘိုးက သကြားလုံး ဝယ်ကျွေးရမှာပေါ့"
"ဟိုမှာကြည့်... ဒါ သမီးရဲ့ ဖေဖေနဲ့ မေမေလေ"
ကျုံးချီမင်သည် ရွေ့ရွှယ်ကို ပွေ့ချီထားရင်း ရွေ့ဝူတီနှင့် ပိုင်ကျန့်ဝမ်တို့ကို လက်ညှိုးထိုးပြကာ မိတ်ဆက်ပေးလိုက်သည်။
"ဖေဖေ..."
"မေမေ..."
ရွေ့ရွှယ်သည် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ သူမသည် မိဘဟူသည့်အဓိပ္ပာယ်ကိုနားမလည်သေးပေ။
ကျုံးချီမင် က ခေါင်းညိတ်လိုက်ပြီး ရွေ့ဝူတီ ထံသို့ ကလေးမလေးကို လွှဲပြောင်းပေးလိုက်သည်။
ရွေ့ဝူတီ သည် လေးနက်သော မျက်နှာထားဖြင့် တန်ဖိုးရှိသော ရတနာတစ်ခုကို ဆုပ်ကိုင်သကဲ့သို့ ကလေးမလေးကို ဂရုတစိုက်ပွေ့ချီလိုက်လေသည်။
"ရွှယ်အာ..."
ဘေးနားမှ ပိုင်ကျန့်ဝမ်သည် တစ်စုံတစ်ခု မေးမြန်းလိုသော်လည်း ရွေ့ဝူတီ ၏ ကြည်နူးဖွယ် အခိုက်အတန့်ကို မဖျက်ဆီးရက်ပေ။
သူမသည်လည်း ဘေးနားတွင် ရပ်နေပြီး ရွေ့ဝူတီနှင့်အတူ ကလေးကို စနောက်လိုက်သည်။
"ဒီကလေးမလေး နာမည်က ရွေ့ရွှယ် လား..."
ပိုင်ကျန့်ဝမ် သည် ကလေးမလေးကို ကြည့်ကာ အလွန်ပင် ချစ်ခင်သွားရလေသည်။
"ဟုတ်တယ်... ရွေ့ရွှယ်... ဆရာ ပေးထားတဲ့ နာမည်လေ..."
ရွေ့ဝူတီ သည် ရွေ့ရွှယ် ကို ချီထားရင်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို ပိုင်ကျန့်ဝမ် ထံသို့ အစအဆုံး ရှင်းပြလိုက်၏။
ပိုင်ကျန့်ဝမ် သည် အကြောင်းစုံကို ကြားသိရသောအခါ သူမ၏ စိတ်ထဲရှိ သံသယများ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။ထို့နောက် သူမသည် ရွေ့ရွှယ် ကို ရွှေ့ဝူတီဆီမှလွဲယူပွေ့ချီလိုက်ကာ တရှုံ့ရှုံ့ နမ်းရှိုက်လိုက်သည်။
အချင်းချင်းနှုတ်ဆက်ကာစကားစမြည်ပြောဆိုပြီးနောက်တွင် ဖာဟိုင်ဆရာတော် နှင့် ကျုံးချီမင် တို့သည် ရှေ့ဆက်လုပ်ဆောင်ရမည့် အစီအစဉ်များကို ဆွေးနွေးရန် ထွက်သွားကြလေသည်။
ရွေ့ဝူတီသည် ဗျူဟာချမှတ်ရေးတွင် ကျွမ်းကျင်သူ မဟုတ်သဖြင့် ပိုင်ကျန့်ဝမ် နှင့်အတူကျန်ရစ်ခဲ့ကာ ကလေးမလေးနှင့်သာ ကစားပေးနေလိုက်၏။
ယခုအခါ မြောက်ဘက်နယ်စပ်ရှိ မြို့ငါးမြို့သည် တည်ငြိမ်နေပြီ ဖြစ်သည်။ မြို့ငါးမြို့သည် တစ်မြို့နှင့်တစ်မြို့သိပ်မ ဝေးလှသဖြင့် စစ်တိုက်ခံရပြီးအကူအညီလိုအပ်လာပါက အပြန်အလှန် ကူညီနိုင်ကြလေသည်။
သို့သော် ယခင်က ဓားကုန်းမြေတိုက် ကို အကြီးအကျယ် တိုက်ခိုက်ခဲ့သည့် မိစ္ဆာမျောက်ဝံ လူမျိုးစုသည် မကြာသေးမီကပင် မိုင်တစ်သန်းခန့် နောက်ဆုတ်သွားခဲ့သည်။
မူလက ဖာဟိုင်ဆရာတော်သည် မိစ္ဆာမျောက်ဝံလူရိုင်းမျိုးနွယ်စုကို ဦးစွာ တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သော်လည်း ယခုအခါ သူတို့နှင့် အနီးဆုံး၌ရှိ နေသည့် လူရိုင်းမြွေ မျိုးနွယ်စုဖြစ်သည့် မန်ရှားမျိုးနွယ်စု ကို ပစ်မှတ်ထားလိုက်လေသည်။
မန်ရှားမျိုးနွယ်စုဝင်များသည် ခန္ဓာကိုယ်အပေါ်ပိုင်းသည်လူဖြစ်ပြီး အောက်ပိုင်းသည်မြွေ ပုံသဏ္ဌာန် ရှိကြကာ မွေးရာပါ အဆိပ်ပြင်းရှိသူများ ဖြစ်ကြ၏။
ထိုမြွေအဆိပ်များကို ထုတ်ယူနိုင်ပါကအသုံးပြုနိုင်သောနေရာအများအပြားရှိသည်။
မြွေအဆိပ်သည် အလွန် ပြင်းထန်လှသော်လည်း အဆိပ်ဖြေရည်များနှင့် ပေါင်းစပ်လိုက်လျှင် ကျင့်ကြံသူတို့၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများကို ချဲ့ထွင်ပေးနိုင်လေသည်။ ယင်းသည် နိယာမနယ်ပယ် ၂၀ အောက်ရှိ ကျင့်ကြံသူများအတွက် အလွန်ပင် အသုံးဝင်လှသည်။
ထို့ပြင် လူရိုင်းမြွေ မျိုးနွယ်စု၏ အင်အားသည် မိစ္ဆာမျောက်ဝံ မျိုးနွယ်စုထက်ပင် ပိုမို အစွမ်းထက်ပြီး မန်ရှားနတ်ဘုရား သည် စစ်မှန်သော နတ်ဘုရားနယ်ပယ် တတိယအဆင့် ရှိ ကျင့်ကြံသူ ဖြစ်သည်။
ယခုအခါ မန်ရှားမျိုးနွယ်စုသည်မြောက်ဘက်နယ်စပ်ဒေသများတွင် လူရိုင်းများ၏ အဓိက အင်အားစု တစ်ခု ဖြစ်နေပြီး စီရင်စုနယ်မြေ နှစ်ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နေကြ၏။ နှိုင်းယှဉ်ကြည့်ပါက မိစ္ဆာမျောက်ဝံ လူမျိုးစုသည် ဓားကုန်းမြေတိုက် တွင် ရှေ့တန်းဘေးအကူအဖြစ်သာရှိသည်။
ဖာဟိုင်ဆရာတော်၊ လက်သီးဧကရာဇ် သူတော်စင် နှင့် ကျုံးချီမင် တို့သည် ချီလင်မြို့တော် ၏ ခန်းမအတွင်း၌ ထိုင်ကာ အသေးစိတ် အစီအစဉ်များကို စတင် တိုင်ပင်လိုက်ကြသည်။
အရာအားလုံးကို ပြင်ဆင်ပြီးသည်နှင့် သူတို့သည် နယ်စပ်ဒေသသို့ စစ်ချီကြတော့မည် ဖြစ်၏။
Thank For Reading.