အခန်း (၁၉၃)
Vol. 20 Ch. 193
မိစ္ဆာမျောက်ဝံနတ်ဘုရား၏ အသိစိတ် ဖျက်စီးခံလိုက်ချိန်တွင် အားနည်းလှသော ကံကြမ္မာအနှောင်အဖွဲ့တစ်ချို့သည် ရွေ့ဝူတီ၏ ကိုယ်ပေါ်တွင် ရစ်ပတ်သွားခဲ့၏။ ထို့ကြောင့် တစ်ခဏအတွင်းမှာပင် မိစ္ဆာမျောက်ဝံနတ်ဘုရား၏အကြည့်သည် သူ့အပေါ်ကိုရောက်လာသည်။ သို့ပေသည့်လမိစ္ဆာမျောက်ဝံနတ်ဘုရားသည် မိစ္ဆာသားရဲသူတော်စင် တစ်သိန်းကျော်ဖြင့် ဖွဲ့စည်းထားသော ကြယ်တာရာ ၂၈ ပါး မိစ္ဆာအစီရင်ကို မြင်လိုက်ရသောအခါ မှင်တက်သွားရချေသည်။
ရှေးဟောင်းခေတ်ကတည်းက တည်ရှိခဲ့သော နတ်ဘုရားတစ်ပါး ဖြစ်သည်နှင့်အညီ သူသည် ကြယ်တာရာ ၂၈ ပါး အစီရင်၏ အစွမ်းထက်ပုံကို ကောင်းစွာ သိရှိထား၏။ အရပ်လေးမျက်နှာမှ အဓိက နတ်ဘုရားသားရဲကြီးများကို ထည့်မပြောလျှင်ပင် ကြယ်တာရာအရာရှိ ၂၈ ဦး၏ ကျင့်ကြံမှုမှာ သူ၏အောက်တွင် မရှိကြချေ။
ထို့ပြင် သူသည် လူရိုင်းမျိုးနွယ်စုများ ကိုးကွယ်သည့် နတ်ဘုရားများထဲတွင် အဆင့်နိမ့်ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း ဒုတိယအဆင့် အပြောင်းအလဲ အတားအဆီးကိုပင် မကျော်ဖြတ်နိုင်ဘဲ ဒုတိယအဆင့်အထွတ်အထိပ်တွင်သာ တန့်နေခဲ့၏။
ယခုအခါ မည်သည့်နေရာမှ ရောက်ရှိလာမှန်းမသိသော မိစ္ဆာသားရဲသူတော်စင်များသည် ကြယ်တာရာအမှုန်အမွှားများအဖြစ် ပြောင်းလဲကာ ရှေးဟောင်းအစီရင် တည်ဆောက်ပြီးသူ့ကို တိုက်ခိုက်ရန်ပြင်ဆင်ထားကြသည်။ သူတို့သည် သူအလွယ်တကူ ချေမှုန်းနိုင်မည့် ပုရွက်ဆိတ်များမဟုတ်ပေ။
မိစ္ဆာမျောက်ဝံနတ်ဘုရားသည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သူ ဖြစ်သဖြင့် ဦးနှောက်မရှိသော နတ်ဘုရားတစ်ပါး မဟုတ်ချေ။ သူသည် ချက်ချင်းပင် စိတ်ကူးပြောင်းကာ ထွက်ပြေးရန် ကြံလိုက်ပြီး ဓားကုန်းမြေတိုက်သို့ ပြန်သွားကာ မိစ္ဆာဓားသူတော်စင် နိုးထလာချိန်မှသာ အတူတကွ လှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။
သူသည် ဟိတ်ဟန်အပြည့်ဖြင့် ရောက်ရှိလာသော်လည်း မည်သည့်အရာမျှ မလုပ်ဆောင်ရသေးဘဲ ဆုတ်ခွာရန် ကြံစည်နေခြင်း ဖြစ်သည်။ ယင်းကို အခြားသော နတ်ဘုရားများ သိရှိသွားပါက လှောင်ပြောင်စရာ ဖြစ်လာပေလိမ့်မည်။ သို့သော် သူသည် ထိုအချက်ကို ဂရုမစိုက်ချေ။
ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့ပြီး နတ်ဘုရားနှင့် မိစ္ဆာများစွာ ပျက်သုဉ်းသည်ကို မြင်တွေ့ခဲ့ရသူ ဖြစ်ရာ သိက္ခာထက် အသက်ရှင်သန်ရေးကိုသာ ပိုမို အလေးထားသူဖြစ်၏။
သို့သော် ယခုအခါသူသည် ထွက်ပြေးလိုသော်လည်း ရွေ့ဝူတီနှင့် အခြားသူများကမူ လွှတ်ပေးရန် အစီအစဉ် မရှိကြချေ။ ကောင်းကင်ယံရှိ ကြယ်တာရာများသည် ရုတ်တရက် လှုပ်ရှားလာကြ၏။ ကြယ်တာရာအရာရှိ ၂၈ ပါး၏ ပုံရိပ်များသည် ဟင်းလင်းပြင်ကို ဆုပ်ဖြဲကာ ကြယ်တာရာပိုက်ကွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာမျောက်ဝံနတ်ဘုရားကို အပေါ်မှ လွှမ်းအုပ်လိုက်သည်။ ထို့နောက် သူ့ကို ဟင်းလင်းပြင်အတွင်းမှ အတင်းအဓမ္မ ဆွဲထုတ်လိုက်ကြ၏။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ နေရာတိုင်းမှ ပြင်းထန်လှသော မိစ္ဆာနတ်ဘုရားအရှိန်အဝါကို ခံစားလိုက်ကြရ၏။ သို့သော် မည်သူက မည်သည့် မိစ္ဆာနတ်ဘုရားနှင့် တိုက်ခိုက်နေသည်ကိုမူ သူတို့ လုံးဝ မသိရှိကြချေ။
တစ်ဖက်တွင်လည်း ပုန်းကွယ်ကြည့်ရှုနေသော လက်သီးဧကရာဇ် သူတော်စင်သည် မိစ္ဆာသားရဲသူတော်စင်များ၏ လုပ်ရပ်ကို မြင်သောအခါ အလွန်ပင် အံ့အားသင့်သွားရသည်။
'သူတို့က... နတ်ဘုရားကို သတ်ဖို့ ကြိုးစားနေတာလား...'
လက်သီးဧကရာဇ် သူတော်စင်သည် ရှေးဟောင်းဧကရာဇ်ခေတ်မှ သူတော်စင်တစ်ပါး ဖြစ်သော်လည်း နာမည်ကျော်ကြားသူတစ်ဦး မဟုတ်ပေ။ သူသည် နယ်မြေချဲ့ထွင်ခြင်း သို့မဟုတ် ကိုးကွယ်သူများ ရှာဖွေခြင်းတို့ကို မလုပ်ဆောင်ခဲ့သဖြင့် အင်အားနည်းသော ရှေးဟောင်းသူတော်စင်တစ်ပါးသာ ဖြစ်သည်။
သို့သော် သူ၏ အမြင်မှာမူ ကျယ်ပြန့်လှသဖြင့် လျှို့ဝှက်ချက်များစွာကို သိရှိထားပြီး စစ်မှန်သော နတ်ဘုရားနှင့် အတုအယောင် နတ်ဘုရားတို့၏ ခြားနားချက်ကို အသေအချာ သိရှိလေသည်။
ယခုခေတ် ကျင့်ကြံသူတို့သည် ကျင့်ကြံဆင့် မြင့်မားလာကြသော်လည်း ကောင်းကင်တာအို၏ အသိအမှတ်ပြုမှုကို မရရှိဘဲ ရှေးခေတ်ကကျင့်ကြံသူများနှင့်နိုင်းယှဉ်ပါက စွမ်းအားချင်း အလွန်ပင် ကွာခြားလှ၏။ အဓိကခြားနားချက်မှာ စစ်မှန်သော နတ်ဘုရားများသည် ကိုးကွယ်ယုံကြည်မှု စွမ်းအားကိုရယူ အသုံးပြုနိုင်ခြင်းပင်ဖြစ်သည်။
အကယ်၍ ဤမိစ္ဆာသားရဲသူတော်စင် တစ်သိန်းကျော်သည် အစီရင်မရှိဘဲ လူစုကွဲနေပါက မိစ္ဆာမျောက်ဝံနတ်ဘုရားက သူတို့ကို အလွယ်တကူပင် အနိုင်ယူနိုင်ကာ သူ၏ရုပ်သေးရုပ် များအဖြစ်ပင် ပြောင်းလဲပစ်နိုင်ပေသည်။
သို့သော် ဤမိစ္ဆာသားရဲသူတော်စင်များသည် ရှေးဟောင်းအစီရင်ကို အသုံးပြုနိုင်ကြသဖြင့် သူတို့၏ စွမ်းအားမှာ သာမန်မဟုတ်တော့ချေ။ ကြယ်တာရာ ၂၈ ပါး မိစ္ဆာအစီရင်မှ ဖွဲ့စည်းထားသော ပိုက်ကွန်ကြီးသည် မိစ္ဆာမျောက်ဝံနတ်ဘုရား၏ မူလခန္ဓာကိုယ်ကို အတင်းအကျပ် ပြန်လည် ဆွဲယူလာ၏။
ထိုအခါထွက်ပြေး၍ မရနိုင်တော့မှန်း သိလိုက်ရသည့် မိစ္ဆာမျောက်ဝံနတ်ဘုရားလည်းဒေါသများ ပေါက်ကွဲလာသည်။
"မင်းတို့လောက်နဲ့ ငါ့ကို သတ်ချင်တာလား..."
"မင်းတို့လို သူတော်စင်အတုအယောင်တွေကို နတ်ဘုရားဆိုတာ ဘာလဲ ပြရသေးတာပေါ့"
"ချန်းယွမ် ကောင်းကင်ဖြိုခွဲခြင်း နည်းစနစ်..."
သူ၏ခန္ဓာကိုယ်မှ မိစ္ဆာအရှိန်အဝါများ ပြင်းထန်စွာ ထွက်ပေါ်လာပြီး လက်မောင်းနှစ်ဖက်ကို ကောင်းကင်သို့ ဆန့်တန်းလိုက်ရာ ကောင်းကင်ယံသည် တစ်စစီ ပဲ့ကြွေလာ၏။
ထို့နောက် ကြွေကျလာသောကောင်းကင်အစိတ်အပိုင်းများသည် သူ၏ ရင်ခွင်ထဲတွင် စုစည်းသွားကာ ဧရာမ ကျောက်တုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ့ခေါင်းပေါ်ရှိ မိုင်ပေါင်းသန်းချီသော ကောင်းကင်ကြီးသည် စုတ်ဖြဲခံလိုက်ရပြီး ကျောက်တုံးအဖြစ် စုစည်းခံလိုက်ရခြင်း ဖြစ်သည်။
ကျောက်တုံးကြီးကို ပွေ့ပိုက်ထားသော မိစ္ဆာမျောက်ဝံနတ်ဘုရားသည် အလွန်ပင် ရက်စက်ကြမ်းကြုတ်သည့် ပုံသဏ္ဌာန် ရှိနေ၏။
သူသည် ကျောက်တုံးကြီးကို ကြယ်တာရာ ၂၈ ပါး မိစ္ဆာအစီရင်သို့ ပစ်ပေါက်လိုက်သောအခါ အစီရင်မှ ပိုက်ကွန်သည် ထိုကျောက်တုံးကြီးကို အလွယ်တကူ ဖမ်းဆီးလိုက်၏။ မိစ္ဆာမျောက်ဝံနတ်ဘုရား၏ မျက်နှာတွင် အောင်နိုင်သူတစ်ဦးကဲ့သို့ အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူသည် သူ၏ လက်ဖဝါးနှစ်ဖက်ကိုစုကာ ရိုက်ချလိုက်၏။
ထိုအခါ ပိုက်ကွန်အတွင်းရှိ ကောင်းကင်ပျက်သုဥ်းခြင်းကျောက်တုံးကြီးသည် ရုတ်တရက် လှုပ်ရှားလာပြီး ဟင်းလင်းပြင်တွင်းနက် တစ်ခုကဲ့သို့ ပြင်းထန်လှသော စုပ်ယူမှုအားတစ်ခုထွက်ပေါ်လာကာစီရင်စုနယ်တစ်ခုလုံးကို လွှမ်ခြုံသွားသည်။
တောင်များ၊ ကျောက်တုံးများ၊ အုတ်ခဲများအပါအဝင် စကြဝဠာဟင်းလင်းပြင်ထဲရှိ ကြယ်ကြီးများကိုပါ စုပ်ယူသွားသည်။ ဝိညာဉ်စွမ်းအား၊ သူတော်စင်စွမ်းအားနှင့် အခြားသော နိယာမ စွမ်းအားများအားလုံးလည်း စုပ်ယူခံလိုက်ရလေသည်။ ရှုပ်ထွေးနေသော စွမ်းအားများနှင့် ဓာတ်သဘာဝများ အားလုံးတစ်နေရာထဲတွင် စုစည်းသွားကြသည်။ ယင်းမှာ အလွန် ပြင်းထန်လှသော ဗုံးတစ်လုံးနှင့် တူညီလှ၏။
"ကြယ်တာရာ ၂၈ ပါး... အရပ်လေးမျက်နှာ နတ်ဘုရားသားရဲ အဖြစ် ပြောင်းလဲစေ..."
ကျွမ်းလီက ပြတ်သားစွာ အမိန့်ပေးလိုက်၏။ ထိုအခါ ကြယ်တာရာများသည် မိမိတို့၏ နေရာများသို့ ပြန်လည်ရောက်ရှိသွားကြကာ ခုနစ်လုံးတစ်တွဲစီဖြင့် မိုးပြာနဂါး၊ ကျားဖြူ၊ ဗာမီလီယံငှက်နှင့် လိပ်နက် ဟူသော မြင့်မြတ်သည့် နတ်ဘုရား သားရဲကြီး လေးကောင်အဖြစ် ပြောင်းလဲသွားလေသည်။
ထိုနတ်ဘုရားသားရဲလေးကောင်သည် ကမ္ဘာလောက၏ အရပ်လေးမျက်နှာကို တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်သော အစွမ်းအထက်ဆုံး သားရဲများ ဖြစ်ကြသည်။
ယခုအခါ ကျောက်တုံးကြီးသည် အမျိုးမျိုးသော စွမ်းအားများနှင့် ဒြပ်ပစ္စည်းများကို စုပ်ယူထားသဖြင့် အလွန်ပင် မတည်မငြိမ် ဖြစ်နေသည်။
"ဟမ့်... ငါ့ရဲ့ ချန်းယွမ် ကောင်းကင်ဖြိုခွဲခြင်းနည်းစနစ်နဲ့ ဖန်တီးထားတဲ့ ကောင်းကင်ပျက်သုဉ်းခြင်းအစွမ်းက ဝူကုန်းမြေတိုက်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်"
"မင်းတို့ ဘယ်လို ကာကွယ်ကြမလဲဆိုတာ ကြည့်ရသေးတာပေါ့"
မိစ္ဆာမျောက်ဝံနတ်ဘုရားသည် လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲ၌ နက်မှောင်လှသည့်တုတ်နှစ်ချောင်း ပေါ်ထွက်လာသည်။ ထိုတုတ်တံများပေါ်တွင် ခေါင်းဖြတ်ခံထားရသော သက်ရှိများ၏ ပုံသဏ္ဌာန်များကို ထွင်းထုထား၏။
တစ်ဖက်ရှိ နတ်ဘုရားသားရဲ လေးကောင်သည် တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်လိုက်ကာ သူတို့၏ စွမ်းအားများဖြင့် ကောင်းကင်ပျက်သုဉ်းခြင်း ကျောက်တုံးကြီးကို ဖိနှိပ်လိုက်သည်။ အလွန်ပြင်းထန်လှသော စွမ်းအားများ နတ်ဘုရားသားရဲ လေးကောင်၏ခန္ဓာကိုယ်မှ ပေါ်ထွက်လာလျှင် မတည်မငြိမ်ဖြစ်နေသောကျောက်တုံးကြီးသည် အေးခဲသွား၏။
မိုးပြာနဂါးသည် ဟိန်းဟောက်လိုက်ပြီး ကောင်းကင်ပျက်သုဉ်းခြင်း ကျောက်တုံးကြီးကို သူ၏ လက်သည်းဖြင့် ကုတ်ယူလိုက်သည်။ အခြားသော သားရဲသုံးပါးသည်လည်း အငြိမ်မနေကြပေ။
လိပ်နက်သည် မြောက်ပိုင်းပင်လယ်၏ ဒီရေလှိုင်းများအဖြစ်။
ဗာမီလီယံငှက်သည် တောင်အရပ်၏ ကြက်သွေးရောင်မီးလျှံအဖြစ်။
ကျားဖြူသည် အနောက်အရပ်၏ သတ္တုအနှစ်သာရအဖြစ်။
သို့ဖြင့်နတ်ဘုရားသားရဲသုံးကောင်သည် အသီးသီးအသွင်ပြောင်းကာ မိစ္ဆာ မျောက်ဝံနတ်ဘုရားကို ဝိုင်းဝန်းချုပ်နှောင်လိုက်ကြပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားစွမ်းရည်များကို ဖြတ်တောက်လိုက်သည်။
ထို့နောက်အရှေ့အရပ်၏ မိုးပြာနဂါးသည် မိစ္ဆာမျောက်ဝံနတ်ဘုရား၏ ခေါင်းပေါ်သို့ ပျံသန်းသွားပြီး ကျန်ရှိနေသော လက်သည်းနှစ်ဖက်ဖြင့် ဟင်းလင်းပြင် အလွှာများကို ဆုပ်ဖြဲလိုက်ရာ မိစ္ဆာမျောက်ဝံနတ်ဘုရား၏ လျှို့ဝှက်စွာ ဖုံးကွယ်ထားသော မိစ္ဆာမျောက်ဝံ သူတော်စင်ကမ္ဘာ ပေါ်ထွက်လာတော့သည်။ မိုးပြာနဂါးသည် ကောင်းကင်ပျက်သုဥ်းခြင်းကျောက်တုံးကြီးကို ထိုကမ္ဘာအတွင်းသို့ ပစ်ထည့်လိုက်ပြီး သစ်သားဓာတ်အတားဆီး အစီရင်များစွာကိုလည်း ချထားလိုက်၏။
"မလုပ်နဲ့..."
မိစ္ဆာမျောက်ဝံနတ်ဘုရားတစ်ယောက် ထိတ်လန့်သွားပြီး လွတ်မြောက်ရန် ကြိုးစားသော်လည်း အရပ်လေးမျက်နှာ နတ်ဘုရားများ၏ အစွမ်းက သူ့ကို အတင်းအကျပ် ဖိနှိပ်ထား၏။ သူသည် မိမိကိုယ်တိုင် ကြိုးစားပမ်းစား ဖန်တီးထားသော ကောင်းကင်ပျက်သုဉ်းခြင်း တိုက်ကွက်ကို သူ၏ ကိုယ်ပိုင် သူတော်စင်ကမ္ဘာထဲသို့ ပစ်ထည့်ခံလိုက်ရသည်ကို မျက်စိဖွင့်လျက်ပင် ကြည့်နေလိုက်ရသည်။
ကောင်းကင်ပျက်သုဉ်းခြင်း ဆိုသည်မှာ နောက်ပြန်လှည့်၍ မရနိုင်သော ဖျက်ဆီးခြင်းနည်းစနစ်တစ်ခုဖြစ်သည်။
ယခုအခါတွင် သူသည် စွမ်းအားအားလုံးဖြတ်တောက်ခံထားရပြီး အချုပ်အနှောင်ခံထားရ၏။ အတားအဆီးမှဖောက်ထွက်ရန် အချိန်တစ်ခု လိုနေသဖြင့် ကောင်းကင်ပျက်သုဉ်းခြင်း ကျောက်တုံးကြီး ပေါက်ကွဲမည်ကို တားဆီးရန် မဖြစ်နိုင်တော့ချေ။
သူ၏ ကိုယ်ပိုင် နယ်မြေအတွင်းတွင် သန်းပေါင်းများစွာသော မိစ္ဆာမျောက်ဝံများသည် ကောင်းကင်ယံမှကျဆင်းလာသော ကောင်းကင်ပျက်သုဉ်းခြင်း ကျောက်တုံးကြီးကို နတ်ဘုရား၏ ကောင်းချီးဟု ထင်မှတ်ကာ ဝတ်ပြုကိုးကွယ်နေကြသည်။
ထိုအချိန်တွင် ကောင်းကင်ကျောက်တုံးကြီးမှ စူးရှလှသော အလင်းတန်းများ ထွက်ပေါ်လာပြီး ပရမ်းပတာ စွမ်းအင်များ နေရာအနှံ့သို့ လွှမ်းခြုံသွားသည်။
ထိုအလင်းတန်းနှင့်ထိတွေ့မိသမျှ သက်ရှိများအပါအဝင် အရာအားလုံးသည် ဖျက်ဆီးခံလိုက်ရလေတော့၏။