အခန်း (၁၉၄)
Vol. 20 Ch. 194
မျက်တောင်တစ်ခတ်အတွင်း၌ပင် ကောင်းကင်ပျက်သုဥ်းခြင်းကျောက်တုံး ပေါက်ကွဲသွားသည့် အရှိန်အဟုန်သည် စီရင်စုနယ်တစ်ခုစာခန့် ပျံ့နှံ့သွားသည်။ ပေါက်ကွဲမှုသည် မိစ္ဆာမျောက်ဝံ သူတော်စင်ကမ္ဘာ၏ ငါးပုံတစ်ပုံခန့်ကို ဖျက်ဆီးပစ်လိုက်လေ၏။
မိမိ၏ တိုက်ကွက်ဖြင့် မိမိ၏ သူတော်စင်ကမ္ဘာကို ဖျက်ဆီးမိခြင်းသည် အကြီးမားဆုံးသော လှောင်ပြောင်မှုပင် ဖြစ်သည်။
သူတော်စင်ကမ္ဘာ၏ ငါးပုံတစ်ပုံသည် ပျက်သုဉ်းခြင်းနယ်မြေအဖြစ်သို့ ရောက်ရှိသွားပြီး ထိုနယ်မြေအတွင်း နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား တည်ဆောက်ထားခဲ့ရသည့် ကမ္ဘာ့နိယာမများနှင့် သက်ရှိများအားလုံးမှာ သေကြေပျက်စီးသွားလေသည်။
မိစ္ဆာမျောက်ဝံနတ်ဘုရားနှင့် သူတော်စင်ကမ္ဘာသည် စိတ်ဝိညာဉ်ချင်း ဆက်စပ်နေသဖြင့် ယခုကဲ့သို့ သူတော်စင်ကမ္ဘာ အပြင်းအထန် ပျက်စီးသွားသောအခါ သူ၏ မူလခန္ဓာကိုယ်မှာလည်း ဒဏ်ရာအပြင်းအထန် ရရှိသွား၏။
"ဝေါ့..."
မိစ္ဆာမျောက်ဝံနတ်ဘုရားသည် မထိန်းချုပ်နိုင်ဘဲ သွေးတစ်လုပ် အန်ထုတ်လိုက်၏။ ထိုသွေးများသည် မြေပြင်ပေါ်သို့ ကျရောက်သွားကာ မြေထုကိုညစ်ညမ်းသွားစေသည်။ ထို့နောက် ဆိုးယုတ်သော အငွေ့အသက်များထွက်ပေါ်လာပြီး ထိုမြေပေါ်ရှိ သက်ရှိအားလုံးသည် မိစ္ဆာအငွေ့အသက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရကာ အသိစိတ်မဲ့သော မိစ္ဆာရုပ်သေးရုပ်များ ဖြစ်သွားကြသည်။
အကယ်၍ အဆင့်မြင့်စွမ်းအားရှင်များ လာရောက်၍ ရှင်းလင်းပေးခြင်း မရှိပါက ဤနေရာသည် နှစ်တစ်သောင်းမကြာမီမှာပင် ထိပ်တန်းအဆင့် တားမြစ်နယ်မြေတစ်ခု ဖြစ်လာပေလိမ့်မည်။ သူတော်စင်အဆင့်အောက် ကျင့်ကြံသူများ ဝင်ရောက်သွားသည်နှင့် တပြိုင်နက် ဆိုးယုတ်သော အလိုဆန္ဒ၏ ထိန်းချုပ်ခြင်းကို ခံရမည်ဖြစ်သည်။
သွေးအန်ပြီးနောက်တွင် မိစ္ဆာမျောက်ဝံနတ်ဘုရား၏ အရှိန်အဝါသည် သိသိသာသာ လျော့ကျသွား၏။ သူ၏ ကျင့်ကြံမှုသည်လည်း စစ်မှန်သော နတ်ဘုရားနယ်ပယ်ဒုတိယအထွတ်အထိပ်အဆင့်မှ ဒုတိယ အစောပိုင်းအဆင့်အထိ ကျဆင်းသွားလေသည်။
ပုံမှန်အခြေအနေတွင်သာ ရှိနေပါက သူသည် မိစ္ဆာသားရဲသူတော်စင် တစ်သိန်းကျော်၏ ကြယ်တာရာ ၂၈ ပါး မိစ္ဆာအစီရင်ကို ဤမျှ လွယ်လွယ်ကူကူဖြင့် ရှုံးနိမ့်မည် မဟုတ်ချေ။ အဓိကအချက်မှာ သူသည် ရန်သူကို လျှော့တွက်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
အလွန်မြင့်မြတ်လှသော နတ်ဘုရားတစ်ပါး အနေဖြင့် နှစ်ပေါင်းများစွာ ဝတ်ပြုကိုးကွယ်မှုကို ခံခဲ့ရသဖြင့် သူ၏ အမြင်တွင် ဤသူတော်စင်အတုအယောင်များသည် ပုရွက်ဆိတ်ငယ်များသာ ဖြစ်ကြသည်။ သို့သော် ပုရွက်ဆိတ်ငယ်များ စုစည်းသွားသောအခါ ဧရာမ ဆည်ကြီးကိုပင် တစ်ခဏအတွင်း ဖောက်ထွက်နိုင်သည်ဟူသောအချက်ကို သူ မေ့လျော့နေခဲ့၏။
ယခုအခါ သူ၏ သူတော်စင်ကမ္ဘာမှာ ကောင်းကင်ပျက်သုဥ်းခြင်းကျောက်တုံးကြောင့် ဒဏ်ရာရသွားသဖြင့် ကိုယ့်ဆူးကိုယ် ပြန်နင်းမိသည့် အခြေအနေသို့ ဆိုက်ရောက်သွားရချေသည်။
သူသည် ကြယ်တာရာ ၂၈ ပါး အစီရင်ကို ဆက်လက်ပြီးခုခံနိုင်စွမ်း မရှိတော့ချေ။ ဤသူတော်စင်သားရဲများ အားကုန်သွားမှသာ သူ လွတ်မြောက်နိုင်မည့် အခွင့်အရေး တစ်ခု ရှိလာလိမ့်မည်ဖြစ်သည်။ သို့သော် ယင်းမှာလည်း ဖြစ်နိုင်ခြေ မရှိလှချေ။
ကြယ်တာရာ ၂၈ ပါး မိစ္ဆာအစီရင်သည် မိစ္ဆာသားရဲသူတော်စင် တစ်သိန်းကျော်နှင့် နတ်ဘုရားကျင့်ကြံသူများကို တစ်သားတည်း ဖြစ်အောင် ပေါင်းစည်းထားခြင်း ဖြစ်သည်။ ယင်းမှာ သူတော်စင်အဆင့် စွမ်းအားရှင် တစ်သိန်းကျော်နှင့် နတ်ဘုရားအဆင့်ကျင့်ကြံသူတို့၏ စွမ်းအင်များကို မနားတမ်း ထုတ်လွှတ်နေသည့် သဘောဖြစ်သည်။
ထို့ပြင် မိစ္ဆာသားရဲသူတော်စင်အများစုမှာလည်း ကိုယ်ပိုင် သူတော်စင်ကမ္ဘာများ ရှိကြသဖြင့် သူတို့၏ ကမ္ဘာအတွင်းရှိ သက်ရှိများမှလည်း စွမ်းအင်များကို ကူညီထုတ်လွှတ်ပေးနေကြလေသည်။ ယင်းမှာ တစ်ကိုယ်တော် တိုက်ခိုက်နေရသော နတ်ဘုရားထက် များစွာ အသာစီး ရနေခြင်း ဖြစ်ပေသည်။
မိစ္ဆာမျောက်ဝံနတ်ဘုရားသည် မိမိ၏ လူမျိုးစုထံမှ ယုံကြည်ခြင်း နတ်ဘုရားစွမ်းအားများ ရှိသော်လည်း ပြတ်တောင်းပြတ်တောင်းသာ ရရှိနေသဖြင့် လက်ရှိ အရေးပေါ် အခြေအနေကို ဖြေရှင်းနိုင်ခြင်း မရှိပေ။
ယုံကြည်ခြင်းစွမ်းအား ဆိုသည်မှာ စမ်းချောင်းလေးကဲ့သို့ တသွင်သွင် စီးဆင်းနေသော အရာဖြစ်၏။ အကယ်၍ ကမ္ဘာအသစ်တစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး ကိုးကွယ်သူအသစ်များ မရှာဖွေနိုင်ပါက နှစ်ပေါင်းများစွာ စုဆောင်းမှသာ အသုံးဝင်ပေလိမ့်မည်။ သို့နှင့်မိစ္ဆာမျောက်ဝံနတ်ဘုရားသည် ဒဏ်ရာများဖြင့် အလူးအလဲ ခံစားနေရကာ ထွက်ပြေးရန် လမ်းစကို အသည်းအသန် စဉ်းစားနေတော့သည်။
မိုးပြာနဂါးသည် ကောင်းကင်ပျက်သုဥ်းခြင်းကျောက်တုံးကို မိစ္ဆာမျောက်ဝံနတ်ဘုရား၏ကမ္ဘာအတွင်းသို့ပစ်ထည့်ပြီးနောက် အခြားသော နတ်ဘုရားသားရဲ သုံးကောင်နှင့် ပူးပေါင်းကာ ဖိနှိပ်လိုက်ပြန်သည်။
အရပ်လေးမျက်နှာ မိစ္ဆာချေမှုန်းခြင်းအစီရင်။
မီး ၊ ရေ ၊ သတ္တု ၊ သစ်သား ဓာတ်သဘာဝ လေးမျိုးသည် အပြန်အလှန် အထောက်အကူပြုကာ ပိုမို အင်အားကြီးမားလာပြီး မိစ္ဆာမျောက်ဝံနတ်ဘုရား၏ ခန္ဓာကိုယ်ကို စတင် ဝါးမြိုလာတော့သည်။
'မဖြစ်ဘူး... ဒီအတိုင်း ဆက်သွားနေရင် ငါ ဒီနေရာမှာတင် သေသွားလိမ့်မယ်...'
မိစ္ဆာမျောက်ဝံနတ်ဘုရားသည် အရပ်လေးမျက်နှာ အစီရင်က သူ၏ ခန္ဓာကိုယ်ကိုလျင်မြန်စွာ တိုက်စားနေသည်ကို ခံစားနေရသည်။ ထိုတိုက်စားခံရသော စွမ်းအင်များသည် အစီရင်၏ ဓာတ်သဘာဝ လေးမျိုးအဖြစ် ပြောင်းလဲကာ အစီရင်ကို ပိုမို အင်အားတောင့်တင်းအောင် ပြန်လည် အားဖြည့်ပေးနေ၏။
ထိုဖြစ်စဉ်သည် မိစ္ဆာမျောက်ဝံနတ်ဘုရား အားနည်းသွားလေ အစီရင်က ပိုမို အားကောင်းလာလေ ဖြစ်ပြီး မကြာမီတွင် မိစ္ဆာမျောက်ဝံနတ်ဘုရားသည် ပြန်လည် နာလန်ထူနိုင်တော့မည် မဟုတ်ပေ။ဆန့်ကျင်ဘက်အနေဖြင့် ထိုမိစ္ဆာသူတော်စင်များကမူ ကြီးမားသော အကျိုးကျေးဇူးများကို ရရှိကြပေလိမ့်မည်။
မိစ္ဆာမျောက်ဝံနတ်ဘုရားသည် နည်းလမ်းအမျိုးမျိုးကို စဉ်းစားနေ၏။ သူ၏ လက်ထဲတွင် အစွမ်းထက်သော နတ်ဘုရားလက်နက်များ ရှိသော်လည်း ဤအရပ်လေးမျက်နှာ အစီရင်ကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ချက် မရှိချေ။ နောက်ဆုံးတွင် သူသည် သူ၏ သူတော်စင်ကမ္ဘာကို ဖောက်ခွဲရန်သာစဉ်းစားမိလိုက်တော့သည်။
သူတော်စင်ကမ္ဘာကို ဖောက်ခွဲလိုက်မှသာလျှင် တတိယအဆင့် နတ်ဘုရားထက်သာလွန်သော စွမ်းအားကို တစ်ခဏအတွင်း ထုတ်လွှတ်နိုင်မည် ဖြစ်၏။ ထိုသို့ဖြင့် အရပ်လေးမျက်နှာ အစီရင်၏ ချုပ်နှောင်မှုကို ချိုးဖျက်နိုင်ပေလိမ့်မည်။
သူတော်စင်ကမ္ဘာကို ဖောက်ခွဲလိုက်ပါက သူသည် အလွန်အမင်း အားနည်းသွားမည် ဖြစ်ပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ပြောင်းလဲမှုများတွင် ပါဝင်နိုင်တော့မည် မဟုတ်ချေ။ သို့ပေသည့် သူ၌နတ်ဘုရားအမြုတေ ရှိနေသရွေ့ ဟင်းလင်းပြင်၏ တစ်နေရာရာတွင် နှစ်သန်းပေါင်းများစွာ ပြန်လည် ကျင့်ကြံပြီး သူတော်စင်ကမ္ဘာကို ပြန်လည် တည်ဆောက်နိုင်ပေလိမ့်မည်။
မိစ္ဆာမျောက်ဝံနတ်ဘုရား သူတော်စင်ကမ္ဘာကို ဖောက်ခွဲရန် ပြင်ဆင်လိုက်ချိန်တွင်ရုတ်တရက် ကောင်းကင်အထက်မှ အသံတစ်ခုလွင့်ပျံလာသည်။
"မျောက်ဝံ... နှစ်ပေါင်း သန်းချီ မတွေ့ရတာတောင် မင်းက အရင်လိုပဲ တုံးအနေတုန်းလား"
"ခွန်အားပဲရှိပြီး ဦးနှောက်မရှိတဲ့ အမှိုက်ပဲ"
"မင်းက ငါ့ရဲ့ ရှေးဟောင်းဧကရာဇ် ချိတ်ပိတ်မှုကို ကူညီဖြေရှင်းပေးခဲ့တာကို ထောက်ထားပြီး ဒီနေ့ကပ်ဘေးကို ငါကူညီဖြေရှင်းပေးမယ်"
ထိုအသံမှာ အလွန်ပင် ဆန်းကြယ်လှပြီး နားထောင်ရသူကို တုန်လှုပ်စေ၏။
မိစ္ဆာမျောက်ဝံနတ်ဘုရားသည် ထိုအသံကို ကြားသောအခါ မျက်လုံးများ တောက်ပသွားလေသည်။
"ရှေးဟောင်း မိစ္ဆာဓားသူတော်စင်"
သူ၏ စကားအဆုံးမှာပင် ကောင်းကင်ယံရှိ ပဲ့ကြွေနေသော ဟင်းလင်းပြင်အတွင်းမှ သွေးရောင်ဓားများစွာသည် မိုးရေစက်များကဲ့သို့ ကျဆင်းလာ၏။ ထိုဓားများပေါ်တွင် လတ်ဆတ်သော သွေးများ စီးကျနေသည်။ ဓားများ မကျရောက်မီမှာပင် သွေးစက်များသည် အရပ်လေးမျက်နှာ နတ်ဘုရားသားရဲများပေါ်သို့ ကျရောက်သွားကာ ခန္ဓာကိုယ်များကို လောင်ကျွမ်းသွားစေသည်။ အနံ့ဆိုးဝါးသော မီးခိုးဖြူများ ထွက်ပေါ်လာ၏။
ထိုသွေးစက်များသည် အလွန်ပင် ညစ်ညမ်းလှရာ ကြယ်တာရာ ၂၈ ပါး အစီရင်မှ ပြောင်းလဲလာသော နတ်ဘုရားသားရဲများပင်လျှင် တိုက်စားခြင်း ခံလိုက်ရခြင်းဖြစ်သည်။ နတ်ဘုရားသားရဲလေးကောင်သည် နာကျင်စွာ ဟိန်းဟောက်လိုက်ကြသည်။
ထို့နောက် မရေမတွက်နိုင်သော သွေးဓားများ ကျဆင်းလာပြီး ဖြူကောင်ကဲ့သို့ နတ်ဘုရားသားရဲကြီးလေးကောင်ကို ထိုးစိုက်သွား၏။ ဤကဲ့သို့ပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် သားရဲလေးပါး၏ ပုံရိပ်သည် ပြိုကွဲလုနီးပါး ဖြစ်သွားရလေသည်။သားရဲလေးကောင်သည် မိစ္ဆာမျောက်ဝံနတ်ဘုရားကို ချုပ်နှောင်ထားရသဖြင့် ရှေးဟောင်း မိစ္ဆာဓားသူတော်စင်၏ တိုက်ခိုက်မှုကို မခုခံနိုင်ကြချေ။
ချုပ်နှောင်မှု လျော့ရဲသွားလျှင် ထိုအခွင့်အရေးကို အသုံးချကာ မိစ္ဆာမျောက်ဝံနတ်ဘုရားသည် ရုန်းထွက်လိုက်၏။ အခြေအနေမှာ ချက်ချင်းပင် ပြောင်းပြန်ဖြစ်သွားလေသည်။ မိစ္ဆာမျောက်ဝံနတ်ဘုရားသည် ချုပ်နှောင်မှုမှလွတ်သောအခါ ရှေးဟောင်း မိစ္ဆာဓားသူတော်စင်နှင့် ပူးပေါင်းပြီး အရပ်လေးမျက်နှာ နတ်ဘုရားသားရဲများကို ပြန်လည် တိုက်ခိုက်ရန်ပြင်လိုက်သည်။
ပုန်းကွယ်ကြည့်ရှုနေသော လက်သီးဧကရာဇ် သူတော်စင်သည် သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားကာ နောက်ဆုံးတွင်တိုက်ပွဲ၌ဝင်ကူရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာပြန်သည်။
တောင်ဘက်အရပ်မှ ရွှေရောင်နဂါးတစ်ကောင်သည် လျင်မြန်စွာ ပျံသန်းလာရောက်ရှိလာ၏။ ထိုနဂါး၏ အမြီးတွင် ကျုံး ဟု ရေးသားထားသော အလံကြီးတစ်ခုကို ချိတ်ဆွဲထားသည်။ အရပ်လေးမျက်နှာ နတ်ဘုရားသားရဲများသည် ထိုအလံကို မြင်သောအခါ အလွန် ဝမ်းသာသွားကြ၏။
ယင်းမှာ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ အလံတော်ဖြစ်ပြီး သူတို့၏ သခင်ကိုယ်တိုင် စိုက်ထူခဲ့သော အလံတော်လည်း ဖြစ်သည်။
"ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက စစ်ကူတွေ ရောက်လာပြီ"
"သခင်က ငါတို့ကို တကယ်ပဲ စောင့်ကြည့်နေတာပဲ"
နတ်ဘုရားသားရဲ လေးကောင်သည် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ စိတ်ဓာတ်များလည်း ပြန်လည် မြင့်တက်လာ၏။ ထို့နောက်မိစ္ဆာသားရဲသူတော်စင်တိုင်းသည် သူတို့၏ စွမ်းအားအားလုံးကို အစီရင်အတွင်းသို့ ထည့်သွင်းလိုက်ကြရာ နတ်ဘုရားသားရဲများ၏ ပုံရိပ်မှာ ပြန်လည် ခိုင်မာလာသည်။
သားရဲလေးကောင်သည် ဒီရေလှိုင်းများ၊ သစ်တောကြီးများ၊ မီးလျှံများနှင့် သတ္တုစွမ်းအားများကို အသီးသီး ပစ်လွှတ်လိုက်ကြသည်။ ကောင်းကင်အပြည့်ကျဆင်းနေသောသွေးမိုးများနှင့် သွေးဓားများကို ဆီးကြိုတိုက်ခိုက်လိုက်ခြင်းပင် ဖြစ်သည်။
"အား..."
ကောင်းကင်အထက်မှ နာကျင်စွာအော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ အရပ်လေးမျက်နှာ နတ်ဘုရားသားရဲကြီးများ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သွားပုံရသည်။ ထိုအချိန်တွင် ရွှေရောင်နဂါးကြီးလည်း ရောက်ရှိလာပြီဖြစ်သည်။
နဂါး၏ ဦးခေါင်းပေါ်တွင် မျက်လုံးမှိတ်ထားသော ကိုရင်လေးတစ်ပါး ထိုင်နေပြီး ကျုံး စာလုံးပါ သင်္ကန်းကို ဝတ်ဆင်ထားရာ သူ၏ရပ်တည်ချက်ကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ကိုရင်လေးသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်လျှင် ခရမ်းရောင် လျှပ်စီးများ လက်ခနဲ ဖြစ်သွားပြီး မိစ္ဆာမျောက်ဝံနတ်ဘုရားရှိရာသို့ ပျံတက်သွားလေသည်။
"တာ့ဝေထျန်းလုံကျင့်စဉ်"
"ကောင်းကင်နဂါး ဗုဒ္ဓစွမ်းအား မိစ္ဆာနှိမ်လက်ဝါး"
သူသည် လက်ဖဝါးနှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ဧရာမ လက်ဝါးပုံရိပ်ကြီး နှစ်ခုကို ရိုက်ချလာသည်။ လက်ဝါးရာတစ်ခုချင်းစီတွင် ကောင်းကင်တုန်ဟီးစေသော နဂါးဟိန်းသံများနှင့် ရွှေရောင်အလင်းတန်းများ ပါဝင်နေလေသည်။
ထိုကိုရင်လေးသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် သို့ ရောက်ရှိသည်မှာ တစ်လကျော် ကြာမြင့်ပြီ ဖြစ်သော ဖာဟိုင်ကိုယ်တော်၏ ရုံယီကိုယ်ပွားပင်ဖြစ်သည်။
ဤကိုယ်ပွားသည် ကိုယ်ပိုင်အသိစိတ်ဖြင့် ကျင့်ကြံနိုင်စွမ်းရှိရာ ငရဲဘုံတွင် ကျုံးရှန်နှင့် တွေ့ဆုံစဉ်ကထက် များစွာ ပိုမို စွမ်းအားကြီးမားလာခဲ့ပြီ ဖြစ်၏။