← Chapters

အခန်း (၁၉၅)

Vol. 20 Ch. 195

အခန်း (၁၉၅)

Vol. 20 Ch. 195

"ဗုဒ္ဓဘာသာဝင် တစ်ယောက်လား..."

"ဒီလိုဗုဒ္ဓစွမ်းအားမျိုးက အခြားဗုဒ္ဓအရှင်တွေနဲ့ မတူသလိုပဲ"

ကောင်းကင်အထက်မှ ရှေးဟောင်း မိစ္ဆာဓားသူတော်စင်၏ အသံ ထွက်ပေါ်လာ၏။ သို့သော် ယခင်ကထက် များစွာ အားနည်းနေ၏။

စောစောက အရပ်လေးမျက်နှာ နတ်ဘုရားသားရဲများ၏ တန်ပြန်တိုက်ခိုက်မှုသည် ပြင်းထန်လှသဖြင့် အစီရင်မှ လွတ်မြောက်လာခါစဖြစ်သည့် ရှေးဟောင်း မိစ္ဆာဓားသူတော်စင်သည် ဒဏ်ရာအချို့ ရရှိသွားလေသည်။

သို့သော် ရှေးဟောင်းမိစ္ဆာဓားသူတော်စင်နှင့် နှိုင်းယှဉ်ပါက မိစ္ဆာမျောက်ဝံနတ်ဘုရားသည် ပို၍ပင် ဒုက္ခရောက်နေ၏။ သူသည် အရပ်လေးမျက်နှာ အစီရင်၏ ချုပ်နှောင်မှုမှ ခဲယဉ်းစွာ ရုန်းထွက်နိုင်ခဲ့သော်လည်း ယခုအခါ မည်သည့်နေရာမှ ရောက်ရှိလာမှန်းမသိရသော ဤကိုရင်လေးနှင့် ထပ်မံ ရင်ဆိုင်နေရပြန်သည်။

တာ့ဝေထျန်းလုံကျင့်စဉ်၏ အစွမ်းသည် အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှပြီး နဂါးဗုဒ္ဓစွမ်းအားသည် မိစ္ဆာများနှင့် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများကို နှိမ်နင်းရာတွင်ပြင်းထန်သော အကျိုးသက်ရောက်မှုရှိပေသည်။

ဖာဟိုင်ဆရာတော်၏ ပြင်းထန်လှသော ဗုဒ္ဓစွမ်းအားလက်ဝါးရိုက်ချက်များသည် ရွှေရောင်နဂါးနှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာမျောက်ဝံနတ်ဘုရား၏ ခန္ဓာကိုယ်ဆီသို့ တိုးဝင်သွားလေသည်။

"လက်မောင်းဖြတ် ကပ်ဘေးရှောင်ခြင်း"

မိစ္ဆာမျောက်ဝံနတ်ဘုရားသည် မကျေမနပ်ဖြင့် ဒေါသတကြီးဟိန်းဟောက်လိုက်ကာ သူ၏ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်ရ၏။ ကံကောင်းစွာဖြင့် သူသည် အစီရင်မှ ရုန်းထွက်နိုင်ခဲ့သဖြင့်သာ လက်မောင်းဖြတ်ရန် အခွင့်အရေး ရခြင်း ဖြစ်သည်။

ဤနည်းစနစ်သည် အလွန် ရက်စက်လှ၏။

သူသည် မိမိ၏ နတ်ဘုရားခန္ဓာကိုယ်မှ လက်မောင်းတစ်ဖက်ကို အတင်းအကျပ် ဖြတ်တောက်လိုက်ပြီး ထိုလက်မောင်းကို အသုံးပြုကာ ကျရောက်လာတော့မည့်တိုက်ကွက်ကို ခုခံစေခြင်းပင် ဖြစ်သည်။

သူ၏ ဘယ်ဘက်လက်မောင်းသည် ပြုတ်ထွက်သွားကာ အတားအဆီး နံရံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ယင်း၌ပါဝင်နေသော ကံကြမ္မာ၏ အကြောင်းအကျိုးနိယာမ စွမ်းအားဖြင့် ရွှေနဂါးများ၏တိုက်ခိုက်မှုကိုခုခံလိုက်သည်။ နတ်ဘုရားလက်မောင်း လုံးဝ ပျက်စီးသွားသော်လည်း မိစ္ဆာမျောက်ဝံနတ်ဘုရား၏ မူလခန္ဓာကိုယ်သည် အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကံကြမ္မာ စွမ်းအားများ၏ အကူအညီဖြင့် နေရာမှ ပျောက်ကွယ်သွားတော့သည်။

သူသည်မျက်တောင်တစ်ခတ်အတွင်းမှာပင် မူလနေရာမှ မိုင်ပေါင်း သန်းချီ ဝေးကွာသော နေရာသို့ ထွက်ပြေးရောက်ရှိသွားလေ၏။

"ဟီးဟီး... ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေမဟုတ်လား..."

"ဒီနေ့ အငြိုးကို ငါမှတ်ထားတယ်... နောက်တစ်ခါကျရင်မင်းတို့ ဆယ်ဆမကပြန်ဆပ် စေရမယ်"

ရှေးဟောင်း မိစ္ဆာဓားသူတော်စင်၏ အသံသည် ကောင်းကင်အထက်မှ ထွက်ပေါ်လာပြီး တဖြည်းဖြည်း ဝေးကွာသွားသည်။ သူသည် မိစ္ဆာမျောက်ဝံနတ်ဘုရားထက် ပိုမို အေးဆေးတည်ငြိမ် နေပုံသည်။

အဘယ်ကြောင့်ဆိုသော် သူ့၌ ကောင်းကင်အထက် ဟင်းလင်းပြင်မှနေ၍ တိုက်ခိုက်နိုင်သော နတ်ဘုရားစွမ်းရည်တစ်ခုရှိ၏။ ယခုအခါတွင်လည်း ထိုစွမ်းရည်ကိုအသုံးပြုပြီး မိုင်ပေါင်းသန်းချီ ဝေးကွာသော နေရာမှနေ၍ တိုက်ခိုက်မှုများပြုလုပ်နေခြင်းပင်ဖြစ်သည်။

မိုင်ပေါင်း သန်းချီသော အကွာအဝေးသည် နတ်ဘုရားအဆင့် စွမ်းအားရှင်များအတွက် များစွာ မဝေးကွာလှသော်လည်း ထိုမျှ ဝေးကွာသော နေရာမှ ထွက်ပြေးမည် ဆိုပါက အလွန်ပင် လွယ်ကူလှသည်။

ရန်သူများ ဆုတ်ခွာသွားပြီးနောက်တွင် အရပ်လေးမျက်နှာ နတ်ဘုရားသားရဲများသည် ကြယ်တာရာ ၂၈ ပါးအဖြစ် ပြန်လည် ပြောင်းလဲသွားကြ၏။ ထို့နောက် မိစ္ဆာသားရဲသူတော်စင် တစ်သိန်းကျော်နှင့် နတ်ဘုရားအဆင့် ကျင့်ကြံသူတို့ ပြန်လည် ပေါ်ထွက်လာသည်။

ထိုအထဲတွင် ရွေ့ဝူတီတစ်ယောက်သာ လူသားဖြစ်သဖြင့် အခြားသူများနှင့် မတူဘဲ ထင်ရှားနေသည်။ သူသည် ကျုံးရှန်၏ ပထမဆုံး တပည့်ရင်း ဖြစ်သဖြင့် သူ၏ အဆင့်အတန်းသည် အလွန် မြင့်မားလှသည်။ ငယ်စဉ်ကတည်းက ချင်းထျန်းတောင်ထိပ်တွင် နေထိုင်ပြီး ကျုံးရှန်၏ သွန်သင်ဆုံးမမှုကို ခံယူခဲ့ရသဖြင့် မိစ္ဆာသားရဲသူတော်စင်များအပေါ် ခွဲခြားဆက်ဆံခြင်းမရှိဘဲ သူတို့၏ ဆက်ဆံရေးမှာ အလွန်ပင် ပြေပြစ်လှ၏။

ယခုအချိန်တွင် မိစ္ဆာသူတော်စင်များသည် ဒဏ်ရာရခြင်း၊ မောပန်းခြင်းများ မရှိသည့်အပြင် အားအင်များ ပြည့်ဝနေကြပြီး နတ်ဘုရားတစ်ပါးကို ထပ်မံရှာဖွေပြီး တိုက်ခိုက်ချင်နေကြသေးသည်။ သူတို့သည် ကြယ်တာရာ ၂၈ ပါး အစီရင်မှတစ်ဆင့် မိစ္ဆာမျောက်ဝံနတ်ဘုရား၏ စွမ်းအားများကို သန့်စင်သောစွမ်းအင်အဖြစ် ပြောင်းလဲရရှိခြင်းကြောင့်ဖြစ်သည်။ တိုက်ပွဲ၏ ပင်ပန်းမှုများကို အားလုံးက ခွဲဝေခံယူကြပြီးနောက် ရရှိလာသော နတ်ဘုရားတစ်ပါး၏သန့်စင်ပြီးသားစွမ်းအင်များသည် သူတို့၏ ကျင့်ကြံခြင်းကို တိုးတက်လာစေ၏။

မိစ္ဆာသူတော်စင်များထဲတွင် ချင်းထျန်းတောင်ထိပ်မှ နတ်ဘုရားအဆင့်ကျင့်ကြံသူများသည် အကြီးအကဲများ ဖြစ်ကြပြီး ထိုအထဲတွင်မှ ရွေ့ဝူတီနှင့် ကျွမ်းလီတို့သည် ခေါင်းဆောင်များ ဖြစ်ကြသည်။ ရွေ့ဝူတီသည် ကျွမ်းလီကို တစ်ချက် ကြည့်လိုက်ပြီးနောက် နှစ်ဦးသားသည် ဆန်းကြယ်သော ကိုရင်လေးရှိရာသို့ လျှောက်လှမ်းသွားလိုက်ကြသည်။

တစ်ဖက်လူသည် ကျုံး စာလုံးပါသော အလံတော်ကြီးကို ယူဆောင်လာပြီး မိစ္ဆာမျောက်ဝံနတ်ဘုရားကို တိုက်ခိုက်ခဲ့သဖြင့် ရန်သူ မဟုတ်သည်မှာ သေချာလှသည်။ သို့သော် သူတို့သည် ပိုင်ရွှီနယ်မြေအတွင်း၌ လေးနှစ်တိုင်အောင် ပိတ်မိနေခဲ့သဖြင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ လက်ရှိ အခြေအနေကို မသိရှိကြသေးပေ။ အချက်အလက်အချို့ကို မေးမြန်းရန် လိုအပ်လှ၏။

သူတို့နှစ်ဦးသည် လက်သီးဆုပ်ကာ အရိုအသေပြုလိုက်ကြ၏။

"ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ဆရာတော်က... နန်ယန်စီရင်စု ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက စေလွှတ်လိုက်တာလားဆိုတာ သိပါရစေ"

ဖာဟိုင်သည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်၏။

သူသည် မူလက လက်ရှိ ဂိုဏ်းချုပ်ဖြစ်သော ကျုံးချီထျန်း၏ တောင်းဆိုမှုကြောင့် မြောက်ဘက်နယ်စပ် စီရင်စုများတွင် လူရိုင်းများကို ခုခံရန် စစ်ကူလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝူကုန်းမြေတိုက် ကို ဖြတ်သန်းစဉ် မိစ္ဆာသူတော်စင်တစ်သိန်းကျော်က မိစ္ဆာမျောက်ဝံနတ်ဘုရားနှင့် ရှေးဟောင်း မိစ္ဆာဓားသူတော်စင်တို့ကို ဝိုင်းဝန်းတိုက်ခိုက်နေသည့် ခမ်းနားသော မြင်ကွင်းကို ကြုံတွေ့လိုက်ရလေသည်။

ဤမိစ္ဆာသားရဲသူတော်စင်များ၏ ခန္ဓာကိုယ်ပေါ်တွင် ကျုံးရှန်၏ အငွေ့အသက်အချို့ ရှိနေသည်ကိုလည်း သတိထားမိလိုက်သဖြင့် ဝင်ရောက်ကူညီခဲ့ခြင်း ဖြစ်သည်။

"မှန်ပါတယ်... ကိုယ်တော်က ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးရဲ့ မိတ်ဆွေပါ... လက်ရှိ ဂိုဏ်းချုပ် ကျုံးချီထျန်းရဲ့ တောင်းဆိုမှုကြောင့် မြောက်ဘက်နယ်စပ်မှာ လူရိုင်းတွေကို ခုခံပေးဖို့ လာခဲ့တာပါ..."

"ဂိုဏ်းရဲ့ ဆုံးဖြတ်ချက်အရ မြောက်ဘက်နယ်စပ်က ဓားကုန်းမြေတိုက်မှာ နယ်ပယ်နှစ်ခုကြား ဟင်းလင်းပြင်လမ်းကြောင်း တည်ဆောက်ပြီး မြောက်ပိုင်းမှာဂိုဏ်းခွဲတည်ထောင်သွားမှာ ဖြစ်တယ်..."

ဖာဟိုင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိဘဲ ပြောပြလိုက်၏။ သူ၏ ဉာဏ်ထက်မြက်မှုအရ ဤမိစ္ဆာသူတော်စင်များ၏ အထောက်အထားကိုအကြမ်းဖျင်း ခန့်မှန်းမိထားပြီးဖြစ်သည်။

သူ၏ စကားအဆုံးတွင် မိစ္ဆာသူတော်စင်အားလုံးမှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြရလေသည်။

"သခင်... သခင်က ငါတို့ကို မေ့မထားဘူးပဲ..."

"ဝိညာဉ်အရှင်သခင်ရဲ့ ဂိုဏ်းအတွက် ငါတို့ အစွမ်းကုန် ကြိုးစားရမယ်"

မိစ္ဆာသူတော်စင် အားလုံးသည် အလွန်ပင် ဝမ်းသာနေကြ၏။

ထိုအချိန်တွင်ကျွမ်းလီသည်လည်း အလျင်အမြန်ပင် ဝင်ပြောလိုက်၏။

"ဒီတစ်ခေါက် သက်ရှိတွေအားလုံး တောင်ပေါ်က ဆင်းလာနိုင်တာ သခင်ရဲ့ ကျေးဇူး တွေအများကြီး ပါတယ်"

"သခင်ရဲ့ ဝမ်ချွမ်းလှေသာ မရှိရင် ငါတို့တွေ ပိုင်ရွှီနယ်မြေထဲမှာ အခွင့်အရေးကောင်းရခဲ့မှာ မဟုတ်သလို... အခုလို ကျင့်ကြံခြင်းအဆင့်တွေလည်း အများကြီး တိုးတက်လာခဲ့မှာမဟုတ်ဘူး..."

"ငါတို့ အားလုံးက မူလက ချင်းထျန်းတောင်ပေါ်မှာ အသိဉာဏ် မရှိခဲ့တဲ့ သားရဲလေးတွေပဲ... သခင်က ငါတို့ကို မနှိမ့်ချဘဲ လမ်းပြပေးခဲ့လို့သာ အခုလို ကျင့်ကြံမှု လမ်းစဉ်ပေါ် ရောက်လာခဲ့ကြတာ..."

"အဲ့ကြောင့်မလို့...ကမ္ဘာကြီး ပြောင်းလဲနေတဲ့ အခုလိုအချိန်မှာ သခင်ရဲ့ စိတ်ပူပန်မှုတွေကို ငါတို့တွေ ကူညီဖြေရှင်းပေးရမယ်..."

ကျွမ်းလီ၏ ရိုးသားလှသော စကားများကြောင့် မိစ္ဆာသူတော်စင်များ၏ စိတ်ဓာတ်မှာ ပိုမို ပြင်းထန်လာလေသည်။

ကျွမ်းလီတစ်ယောက် လူစုကို စည်းရုံးနေစဉ်အတွင်း၌ ရွေ့ဝူတီသည် ဖာဟိုင်ဆရာတော်ကို အကြီးအကဲ တစ်ဦးကဲ့သို့ ရိုသေစွာ ဂါရဝပြုလိုက်၏။

"ဆရာတော်က ဆရာရဲ့ မိတ်ဆွေ ဖြစ်နေတာပဲ..."

"ကျွန်တော့်နာမည်က ရွေ့ဝူတီပါ... ဆရာ့ဆီမှာ ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရတဲ့ တပည့်တစ်ယောက်လည်းဖြစ်တယ်..."

"ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေဆိုတာ ဆရာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းတစ်သောင်းက တည်ထောင်ခဲ့တဲ့ ဂိုဏ်းဖြစ်ပြီး..."

"ဒီမိစ္ဆာသားရဲသူတော်စင်တွေကလည်း ဆရာ နှစ်ပေါင်း တစ်သိန်းအတွင်း ဉာဏ်အလင်းဖွင့်ပေးခဲ့တဲ့ သက်ရှိတွေပါပဲ..."

"အခု ကျွန်တော်တို့ တောင်ပေါ်က ဆင်းလာတာက မျိုးနွယ်ခြားတွေကို ခုခံပြီး နယ်မြေအေးချမ်းအောင် ကာကွယ်တိုက်ခိုက်မလို့ပါ"

"ဆရာတော်က ဂိုဏ်းချုပ်ရဲ့ အမိန့်ကို လက်ခံလာတာဆိုတော့ ကျွန်တော်တို့လည်း ဆရာတော်ကို ဝိုင်းဝန်းကူညီပေးပါ့မယ်"

ရွေ့ဝူတီသည် ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်။

ထိုအခါ ဖာဟိုင်ဆရာတော်သည်လည်း အပြုံးလေးဖြင့်ဆိုလိုက်သည်။

"တကယ်ကို ကံကြမ္မာပဲ... ဒါဆိုရင်တော့ ပိုကောင်းတာပေါ့..."

"နယ်ပယ်နှစ်ခုကြား ဟင်းလင်းပြင်လမ်းကြောင်းကို တည်ဆောက်ပြီးသွားရင် နန်ယန်စီရင်စုကနေ မြောက်ဘက်နယ်စပ်အထိ ကျင့်ကြံခြင်းအဆင့်ကန့်သတ်ချက်မရှိဘဲ ဘယ်သူမဆို ဟင်းလင်းပြင်လမ်းကြောင်းကတစ်ဆင့် တစ်လလောက် ခရီးနှင်ရုံနဲ့ ဒီနေရာကို ရောက်လာနိုင်လိမ့်မယ်"

"အဲဒီကျရင် စီရင်စုနှစ်ခု ဆက်သွယ်မိပြီး အပြန်အလှန် ကူညီပေးနိုင်ကြလိမ့်မယ်..."

ရွေ့ဝူတီသည် ထိုစကားကို ကြားသောအခါ အလွန်ပင် အံ့အားသင့်သွားရ၏။

စီရင်စုနှစ်ခုကြားတွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် အသေးစားတစ်ခုစာခန့် အကွာအဝေးရှိသည်။ ပုံမှန်အားဖြင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်နိုင်သော နိယာမနယ်ပယ်ကျင့်ကြံသူတစ်ဦးသည်ပင် ဆယ်နှစ်ကျော်တိုင်အောင် ခရီးနှင်ရမည် ဖြစ်ပြီး ပျံသန်းခြင်းဖြင့် သွားမည်ဆိုပါက နှစ်ပေါင်း ရာနှင့်ချီ၍ ကြာမြင့်ပေလိမ့်မည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သည် မဟာကမ္ဘာကြီး ဖြစ်ရာ အဓိက ကုန်းမြေတိုက်ကြီး၏ ဧရိယာသည် အလွန် ကျယ်ဝန်းလှ၏။ စီရင်စုနယ်မြေ ရာပေါင်းများစွာသည် အရပ်မျက်နှာ အသီးသီးတွင် ပျံ့နှံ့နေကြလေသည်။ နတ်ဘုရားအဆင့် စွမ်းအားရှင်များသာလျှင် ထိုမျှ ဝေးကွာသော အကွာအဝေးကို အချိန်တိုအတွင်း ဖြတ်ကျော်နိုင်ကြသည်။

သို့သော် ဤဟင်းလင်းပြင်လမ်းကြောင်းသည် မည်သည့် ကျင့်ကြံခြင်းအဆင့်ရှိသူမဆို တစ်လအတွင်း ရောက်ရှိစေနိုင်သည် ဆိုပါကအလွန်ပင် အံ့မခန်း ဖြစ်လာပေလိမ့်မည်။

နှစ်ဖက်စလုံး ချက်ချင်းပင်သဘောတူညီမှု ရရှိသွားကြသည်။ ဤသို့ဖြင့် ကျုံးရှန်စီစဉ်ထားသော အားကောင်းသည့် စစ်ကူနှစ်ဖွဲ့သည် ဆုံစည်းသွားကြပြီဖြစ်သည်။ သူတို့သည် အနားယူပြီးနောက်တွင် မြောက်ဘက်နယ်စပ် ဓားကုန်းမြေတိုက် သို့တိုက်ရိုက် ဦးတည်ရန် ပြင်ဆင်လိုက်ကြ၏။

ဓားကုန်းမြေတိုက်၏ အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်ပြီး ဂိုဏ်းခွဲတစ်ခု တည်ထောင်မည် ဖြစ်သည်။ မကြာခင်မှာပင် ထိုဂိုဏ်းခွဲသည် မြောက်ဘက်နယ်စပ်ရှိ လူရိုင်းများ၏ ရင်ဘတ်ထဲသို့ စိုက်ဝင်နေသော ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ ဓားတစ်ချောင်း ဖြစ်လာပေတော့မည်။

All Chapters