← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း ၆၁ - ဓားတစ်လက်တည်းဖြင့် အပြတ်ရှင်းခြင်း

ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့် ပေါ်တွင် ယန်ယွင်ဖေး နှင့် စုချန် တို့ မျက်လုံးချင်း ဆုံမိလိုက်သောအခါ၊ နီရဲနေသော သံတုံးနှစ်တုံး ထိပ်တိုက်တွေ့လိုက်သကဲ့သို့ ဖြစ်သွားသည်။

"မင်းကို ၃ လ အသက်ဆက်ရှင်ခွင့် ပေးထားခဲ့တာ၊ ဒီနေ့တော့ မင်း သက်တမ်းစေ့ပြီ။"

ယန်ယွင်ဖေး ၏ အရှိန်အဝါ လှိုင်းထလာပြီး၊ ဝတ်ရုံစမှာ လေထဲတွင် လွင့်ပျံနေကာ၊ ပြိုင်ဘက်ကို အလွယ်တကူ ချေမှုန်းပစ်တော့မည့်အလား လုံးဝ ယုံကြည်မှု အပြည့် ရှိနေသည်။

"သင်္ချိုင်းကုန်းထဲက အရိုးခြောက်ဆိုတာ ခွေးဟောင်သလောက်ပဲ ရှိတယ်။"ဟု

စုချန် ပြန်လည် တုံ့ပြန်လိုက်၏။

ယန်ယွင်ဖေး သာ မြှောက်ပေးခြင်း မရှိခဲ့လျှင်၊ ဝမ်မိသားစု ၏ 'လေနက် ဓားပြဂိုဏ်း' သည် စုမိသားစုကို မျိုးဖြုတ်ရန် စိတ်ပင်ကူးမည် မဟုတ်ကြောင်း ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။ ဒီရန်ငြိုးကို ဒီနေ့ ရှင်းရမည်။

နှစ်ဖက်စလုံးက ပြင်းထန်သော ရန်လိုမှုများဖြင့် စကားဦး သန်းလိုက်ကြရာ၊ ပြေလည်အောင် ညှိနှိုင်းစရာ လမ်းစမျှ မရှိတော့ကြောင်း ထင်ရှားလှသည်။

သို့သော် ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့်အောက်ရှိ ဂိုဏ်းသားများကမူ အလွန် စိတ်ဝင်စားနေကြပြီး၊ ဒီနှစ်ယောက်ကြား ဘယ်သူ အနိုင်ရမလဲ ဆိုသည်ကို စောင့်ကြည့်ချင်နေကြ၏။

“ တုံးအလိုက်တာ။"

ယန်ယွင်ဖေး အေးစက်စွာ ရယ်သွမ်းလိုက်ပြီး ခြေထောက်တစ်ချက် ဆောင့်နင်းလိုက်သည့်

တစ်ခဏအတွင်း ကြောက်မက်ဖွယ် အေးစက်သော အရှိန်အဝါမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး၊ အေးစက်နေသော ရာသီဥတုသည် ပိုမို အေးခဲသွားကာ၊ အရိုးခိုက်မတတ် လေများတိုက်ခတ်မှုကြောင့် ဂိုဏ်းသား အများအပြားပင် တုန်ရီသွားကြသည်။

ပိုမို ကြောက်မက်ဖွယ် ကောင်းသည်မှာ ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့် တစ်ခုလုံး ရုတ်တရက် ရေခဲရိုက်သွားပြီး၊ ရေခဲလွှာ တစ်ခုသည် သိသိသာသာ မြင်နိုင်သော အမြန်နှုန်းဖြင့် ရန်လိုမင်းထက် ပျံ့နှံ့လာကာ စုချန် ၏ ခြေထောက်အောက်သို့ တိုးဝင်လာသည်။

တစ်ချိန်တည်းမှာပင် ယန်ယွင်ဖေး ၏ အရှိန်အဝါဟာ လုံးဝ ပေါက်ကွဲထွက်ပေါ်လာပြီး၊ အခြေတည်အဆင့် အလယ်ပိုင်း ကျင့်ကြံမှုမှ ထွက်ပေါ်လာသော ဖိနှိပ်မှု အရှိန်အဝါ ပြန့်ကျဲသွားရာ၊ ချီသန့်စင်ခြင်း အဆင့် ဂိုဏ်းသားများမှာ အလျင်အမြန်ပင် နောက်ဆုတ်လိုက်ကြရသည်။

လွှမ်းမိုးအားကောင်းလွန်းသော ဖိအားပေးမှုတွင် စုချန်မှာ ယှဉ်နိုင်ခြင်း မရှိဘဲ၊ လေးလံသော ကျောက်တုံးကြီး တစ်တုံးနှင့် ဖိချထားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ဒီဖိအားက ဘာမှ မဟုတ်သလို၊ သက်ရောက်မှု ကြီးကြီးမားမား မရှိခဲ့ပေ။

"စုချန်၊ ငါ့မှာ အခု အချိန်နဲ့ နေရာဒေသ အားသာချက် ရှိနေပြီ၊ ပြီးတော့ မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က ငါ့ထက် အများကြီး နိမ့်တယ်။ ငါ့ကို ဘာနဲ့ လာတိုက်မလဲ ကြည့်ကြသေးတာပေါ့။"

ယန်ယွင်ဖေးက သူ၏ စုချန်အား သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားခဲ့ပေ။ တစ်ဖက်လူကို သတ်ဖြတ်နိုင်ခဲ့လျှင် ဂိုဏ်းတူအစ်ကိုကြီး ယွီထျန်းယန် ၏ မျက်နှာသာပေးမှုကို သေချာပေါက် ရရှိမည် ဖြစ်ပြီး၊ အတွင်းစည်းဂိုဏ်း တွင် အခိုင်အမာ ရပ်တည်နိုင်တော့မည်ဖြစ်သည်။

ထိုသို့ တွေးလိုက်မိပြီး ယန်ယွင်ဖေးက သူ့အမြုတေ ကို တိုက်ရိုက် ထုတ်သုံးလိုက်ရာ၊ ရေခဲကြေးမုံပြင် တစ်ချပ်သည် သူ၏နောက်ကျောတွင် ဖြည်းညှင်းစွာ ပေါ်လာပြီး၊ ကောင်းကင်မှ ကျဆင်းလာသော နှင်းပွင့်များကို ရေခဲချွန်များ အဖြစ် ချက်ချင်း စုစည်းပြုတ်ကျစေသည်။

တဖျစ်ဖျစ် မြည်သံများနှင့်အတူ အားကောင်းသော ရေခဲစွမ်းအင်များက စုချန် ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်လာပြီး၊ သူ့မှော်စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေသည်။

ယန်ယွင်ဖေးတွင် စွမ်းရည်အချို့ ရှိသည်ကို ဝန်ခံရမည် ဖြစ်ပြီး၊ သူ၏ 'ရေခဲကြေးမုံ အမြုတေ' ကို လျှော့တွက်၍ မရနိုင်ပေ။

" ကောင်းကင်ဖြစ်စဉ် ကိုတောင် ပြောင်းလဲပစ်လိုက်တယ်။ ဂိုဏ်းတူအစ်ကိုကြီး ယန် မှာ အံ့သြစရာကောင်းတဲ့ စွမ်းရည်တွေ ရှိတာပဲ။"

"သူ့ရဲ့ အမြုတေ အသုံးပြုပုံက ပိုပြီး အားကောင်းလာတယ်။ ဒါ ဂိုဏ်းတူအစ်ကိုကြီး ယွီထျန်းယန် လမ်းညွှန်မှုကြောင့်ပဲ ဖြစ်ရမယ်။ အနာဂတ်မှာ ငါတို့ အတွင်းစည်းဂိုဏ်းထဲက နေရာအဆင့်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်။"

"ဂိုဏ်းတူအစ်ကိုကြီး ယွီ ဆီမှာ နည်းပြမှုခံလိုက်တာ သူ့အတွက် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ပုံရတယ်။"

ဂိုဏ်းသား အများအပြား ယန်ယွင်ဖေး ၏ အင်အားကြောင့် ထပ်မံ အံ့သြသွားကြသည်။ သူ့စွမ်းဆောင်ရည်သည် အတွေ့အကြုံရှိသော အခြေတည်အဆင့် အလယ်ပိုင်း ကျွမ်းကျင်သူများထက် မလျော့နည်းပေ။

ယခုအတိုင်းသာဆို နောက်နှစ် နဂါးနှင့် ကျား အဆင့်သတ်မှတ်ချက် တွင် သူ နေရာရလာဖို့ အလားအလာရှိနေသည်။

လူတိုင်း ဆွေးနွေးနေကြစဉ် ယန်ယွင်ဖေးက အင်အားကို ဆက်လက် စုစည်းနေပြီး၊ စုချန် ကို ချက်ချင်း အသေသတ်ရန် ရည်ရွယ်နေပုံ ရသည်။

"အစ်ကိုကြီး အဆင်ပြေပါ့မလား။"

စုလုံ အလွန် စိုးရိမ်နေသည်။ ယခုအချိန်တွင် ယန်ယွင်ဖေး သည် အရှိန်အဝါပိုင်းတွင် လုံးဝ အသာစီးရယူထားပြီး စုချန် ကို အခိုင်အမာ ဖိနှိပ်ထားသည်။

"ပြဿနာ မရှိလောက်ပါဘူး။ နင့်အစ်ကိုကြီးက တည်ငြိမ်နေတယ်၊ ကြောက်လန့်တဲ့ အရိပ်အယောင် မပြဘူး။ သူ ပြန်တိုက်နိုင်မှာပါ။"

ပိုင်လု နှစ်သိမ့်စကား ပြောလိုက်သော်လည်း၊ သူမကိုယ်တိုင်လည်း လုံးဝ ယုံကြည်မှု မရှိပေ။ သူတို့ချင်း ကျင့်ကြံမှု အဆင့် ကွာခြားချက် ရှိနေပြီး၊ ယန်ယွင်ဖေးကား ဤကဲ့သို့‌သော ရေခဲနှင့် နှင်းဖုံးလွှမ်းသော ပတ်ဝန်းကျင်တွင် အားသာချက် ရှိနေသောကြောင့် ဖြစ်သည်။

ချူးရန် နှင့် ကျောက်စိမ်းတောင်ထွတ် မှ အခြားသူများလည်း အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။ သာမာန် အခြေတည်အဆင့် အစောပိုင်း ကျွမ်းကျင်သူသာ ဆိုလျှင်၊ အခြေအနေ ပြောင်းလဲရန် အခွင့်အရေး ရှိမည် မဟုတ်ပေ။

"သေဖို့သာပြင်ထား။"

ယန်ယွင်ဖေးသည် အင်အား လုံလောက်စွာ စုစည်းပြီးပြီ ဖြစ်၍ စုချန် ကို လက်ညှိုးထိုးကာ ချက်ချင်း တိုက်ခိုက်လိုက်သည်။

ချက်ချင်းဆိုသလိုပင် 'ရေခဲကြေးမုံ အမြုတေ'မှာ ပြင်းထန်စွာ တုန်ခါသွားပြီး၊ ပေ ၁၀၀ ရှည်လျားသော ရေခဲနဂါးကြီး တစ်ကောင် ၎င်းထဲမှ ပျံထွက်လာကာ စုချန် ဆီသို့ ဝင် ပြေးဆောင့်လိုက်သည်။

ဧရာမ ရေခဲနဂါးကြီးက ကြောက်ခမန်းလိလိ ဟိန်းဟောက်လိုက်ရာ၊ သည်းခြေပျက်ဖွယ် အသံလှိုင်းများကြောင့် အပြင်ဂိုဏ်းသား အများအပြား၏ နားစည်များမှ သွေးများ ယိုစီးကျလာသည်အထိပင်။ လေထဲရှိ အခြေတည်အဆင့် ကျွမ်းကျင်သူများပင် အသက်ရှူရ ခက်ခဲလာကြသည်။

ဤကဲ့သို့သော အင်အားသည် မည်သူ့ကိုမဆို ကြောက်ရွံ့တုန်လှုပ်သွားစေရန် လုံလောက်သည်။

ယွီထျန်းယန် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး၊ ထို့နောက် စုချန် ဘယ်လို ကာကွယ်မလဲ ဆိုတာကို စောင့်ကြည့်လိုက်သည်။

"ဒါ မင်းရဲ့ အင်အား အကုန်တော့ မဟုတ်လောက်ပါဘူးနော်။ "

မာနကြီးလိုက်တာ။

ထိုကဲ့သို့ ဘဝင်လေဟပ်နေသော စကားများကို ကြားလိုက်ရသောအခါ၊ လူတိုင်း စုချန် ရူးသွားပြီဟု ထင်လိုက်ကြသည်။ ဒီ ပေ ၁၀၀ ရှည် ရေခဲနဂါးကြီးရဲ့ စွမ်းအားက မည်သည့် အခြေတည်အဆင့် အစောပိုင်း ကျွမ်းကျင်သူကိုမဆို သတ်ဖြတ်ရန် လုံလောက်သည်ထက် ပိုနေသည်။

"ကြည့်၊ စုချန် စ လှုပ်ရှားနေပြီ။"

ချင်းလန် သတိပေးလိုက်ရာ၊ သူမ မျှော်လင့်ချက် တစ်ခု ခံစားလိုက်ရသည်။

ထို့နောက် စုချန် ၏ အမြုတေမှာ သူ့နောက်ကျောတွင် ပေါ်လာသည်။

'ကောင်းကင်မိုးကြိုးဓား' ပေါ်ထွက်လာသည့် ခဏတွင်၊ ၎င်း၏ အားကောင်းသော ရွှေရောင်အလင်းတန်းများ အရပ်မျက်နှာ အနှံ့ ဖြာထွက်သွားရာ၊ တောက်ပလွန်းသဖြင့် လူများမှာ မျက်လုံးပင် မဖွင့်နိုင်ကြပေ။

တောက်လောင်ပြီး အားကောင်းသော အရှိန်အဝါ တစ်ခု လှိုင်းထကာ ပြန့်ကျဲသွားပြီး၊ ပတ်ဝန်းကျင်ရှိ လျှပ်စီးကြောင်းများက အေးခဲနေသော ရေခဲများကို ချက်ချင်း ခွဲဖြတ်ဖျက်ဆီးပစ်လိုက်ကာ၊ ကောင်းကင်မှ ကျဆင်းလာသော ရေခဲစများကိုပါ လွင့်စင်သွားစေသည်။

ဒါတင်မကသေး၊ ယန်ယွင်ဖေး ၏ အစောပိုင်းက ခမ်းနားထည်ဝါသော 'ရေခဲကြေးမုံ အမြုတေ' သည် ချက်ချင်း မှေးမှိန်သွားပြီး ယှဉ်နိုင်စွမ်း မရှိတော့ပေ။

ဤကဲ့သို့ ထူးကဲသော အမြုတေကို ရင်ဆိုင်ရသောအခါ လူတိုင်း ဆူညံသွားကြသည်။ စုချန် ၏ အမြုတေ ဒီလောက် အားကောင်းလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။ ဒါ သေချာပေါက် 'ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း' ဖြစ်ရမည်။

"ငါတို့ ရှုတောင်ဂိုဏ်း မှာ ဒီလို ပါရမီရှင်မျိုး ပေါ်ထွက်လာလိမ့်မယ်လို့ ထင်မထားဘူး။ ဒါ ငါတို့ဂိုဏ်းအတွက် တကယ့် ကောင်းချီးပဲ။"

အကြီးအကဲ တစ်ဦး ပြုံးလိုက်ပြီး၊ ပါရမီရှင်စုချန်ကို စတင်ချီးကျူးနေကြလေပြီ။

"အခု အမတလမ်းစဉ် နဲ့ မိစ္ဆာလမ်းစဉ် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေကြတဲ့ အချိန်မှာ၊ ဒီလို ပါရမီရှင်တွေ လိုအပ်နေတာ။ ဂိုဏ်းသား အချင်းချင်း ပဋိပက္ခ အသေးအဖွဲတွေကို ဝင်ဖြေရှင်းပေးလိုက်တာ အကောင်းဆုံးလို့ ငါထင်တယ်။"

အခြား အကြီးအကဲ တစ်ဦးလည်း စုချန် ကို ကာကွယ်ပြောဆိုလိုစိတ် ဖြစ်ပေါ်လာသည်။

စုချန် ကဲ့သို့သော ပါရမီရှင်မျိုး ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့် ပေါ်တွင် အလဟဿ သေဆုံးသွားမှာကို မလိုလားကြပေ။ စုချန် အနေဖြင့် ယွီထျန်းယန် ကို တောင်းပန်လိုက်လျှင် ကိစ္စပြီးသွားနိုင်သည်ဟု အကြံပြုလိုက်သည်။

ယွီထျန်းယန် က ထိုစကားကို ကြားသော်လည်း မည်သို့မျှ တုံ့ပြန်ခြင်း မပြုသဖြင့်၊ အကြီးအကဲများမှာ ရလဒ်ကို စောင့်ကြည့်ရုံသာ တတ်နိုင်တော့သည်။

ပေ ၁၀၀ ရှည် ရေခဲနဂါးကြီး သူ့ဆီသို့ တိုးဝင်လာသည်နှင့် စုချန် ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင် ပေါ်လာသည်။

နောက်တစ်ခဏတွင် 'ကောင်းကင်မိုးကြိုးဓား'က ချက်ချင်း သူ့လက်ထဲသို့ ရောက်ရှိလာပြီး၊ ကြောက်မက်ဖွယ် ဓားစွမ်းအင် စတင် စုစည်းလာကာ တုန်ခါနေပြီဖြစ်သည်။

"ရန်သူ့တပ်များကို ဖြိုခွင်းခြင်း။"

ရေခဲနဂါးကြီး အစွယ်ထုတ်ပြီး ခုန်အုပ်လိုက်သည်နှင့် တပြိုင်နက်၊ စုချန် ၏ ခြေထောက်များ ရုတ်တရက် တုန်ခါသွားပြီး၊ ရေထဲမှ ထွက်ပေါ်လာသော နဂါးတစ်ကောင်ကဲ့သို့ ရုတ်တရက် ဓားကို အရပ်မျက်နှာ အနှံ့ ဝှေ့ယမ်းလိုက်သည်။

လေနှင့် မိုးကြိုးများက သူ့ထက်ငါ အပြိုင်အဆိုင် ဟိန်းဟောက်နေပြီး၊ ရွှေရောင်အလင်းတန်းများ ပြိုးခနဲပြက်ခနဲ ဖြစ်သွားကာ၊ ထက်ရှသော ဓားစွမ်းအင် သည် အရာအားလုံးကို အမှုန့်ခြေပစ်နိုင်စွမ်း ရှိသကဲ့သို့ ဖြစ်နေသည်။

ဒီဓားသွား ရှေ့တွင်၊ ယန်ယွင်ဖေး၏ ပေ ၁၀၀ ရှည် ရေခဲနဂါးကြီးသည် စက္ကူရုပ်လေးကဲ့သို့ ပျက်စီးသွားသည်။

"ဒီလိုမဖြစ်နိုင်ဘူး။"

ယန်ယွင်ဖေး ၏ ထိတ်လန့်တကြား အကြည့်အောက်တွင်၊ ရေခဲနဂါးကြီး တစ်ကောင်လုံး မရေမတွက်နိုင်သော ရေခဲတုံးများ အဖြစ် ကွဲကြေပြီး ပြုတ်ကျသွားရာ၊ သူ့တစ်ကိုယ်လုံး တုန်ရီသွားစေသည်။

"ဒါ 'ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း' ရဲ့ စွမ်းအား‌ပေါ့။ ကြောက်ခမန်းလိလိပါပဲလား။"

"စုချန် က တကယ်ပဲ အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်မယ်လို့ မယုံနိုင်စရာပဲ။ သူက မယုံနိုင်လောက်အောင် သန်မာတာပဲ။"

"အခြေအနေ ပြောင်းပြန်လှန်တာလား။ ဒါက ပြောင်းပြန်မကဘူး။ ကျွမ်းထိုးမှောက်ခုံတွေလုပ်ပြီးကို အနိုင်ယူပစ်လိုက်တာပဲ။"

တစ်ခဏအတွင်း လူတိုင်း စုချန် ကို ကြည့်သော အကြည့်များ ပြောင်းလဲသွားသည်။ ထိုပုံရိပ်သည် ယုံနိုင်စရာ မရှိလောက်အောင် အားကောင်းနေသည်။

ရေခဲနဂါးကြီး ကွဲကြေသွားသည်နှင့်၊ စုချန် ၏ ဓားစွမ်းအင် သည် အရှိန်မသေဘဲ ယန်ယွင်ဖေး ဆီသို့ ဆက်လက် တိုးဝင်သွားသည်။

တောက်..။

ယန်ယွင်ဖေး တားဆီးရန် ဂါထာတစ်ခု အမြန် ရွတ်ဆိုလိုက်ရာ 'ရေခဲကြေးမုံ အမြုတေ'လည်း ပြင်းထန်စွာ တုန်ခါသွားပြီး၊ သူ့ရှေ့တွင် ရေခဲနံရံတစ်ခုက အလွှာလိုက် အေးခဲကာရံသွားစေသည်။

သို့သော် စုချန် ၏ ဓားချက်သည် အလွန် လွှမ်းမိုးနိုင်စွမ်း ရှိပြီး၊ ရေခဲနံရံကို အပိုင်းပိုင်း ထိုးခွဲပစ်လိုက်သည်။

ယန်ယွင်ဖေးမှာ လုံးဝ ထိတ်လန့်သွားပြီး နောက်သို့ ဆက်တိုက် ဆုတ်ခွာရကာ၊ ကာကွယ်ရေး ဂါထာအမျိုးမျိုး ရွတ်နေသော်လည်း တစ်ခုမှ အလုပ်မဖြစ်ပေ။

"အဲ့လူယုတ်မာကို အခုချက်ချင်း သတ်လိုက်။"

စုလုံ အလွန် စိတ်သက်သာရာ ရသွားပြီး၊ သူမ၏ ယခင်မိနစ်ပိုင်းက စိုးရိမ်မှုများ အားလုံး ပျော်ရွှင်မှု အဖြစ် ပြောင်းလဲသွားသည်။ သူမကိုယ်တိုင် စင်မြင့်ပေါ် တက်ပြီး ယန်ယွင်ဖေး ကို သတ်ချင်စိတ် ပေါက်နေသည်။

ဘေးနားတွင် ရပ်နေသော ပိုင်လုမှာ တစ်ချက် ပြုံးမိလိုက်ပြီး၊ စုချန် အပေါ် စူးစမ်းသိကျွမ်းချင်စိတ် ပိုမို ပြင်းပြလာသည်။

လူတိုင်းမှာလည်း ယန်ယွင်ဖေး သေရတော့မည်ဟု ထင်မှတ်လိုက်စဉ်၊ ရွှေရောင်အလင်းတန်း တစ်ခုမှာ လက်ခနဲ ဖြစ်သွားပြီး၊ စုချန် ၏ ဓားအလင်းတန်း ရုတ်တရက် ပျောက်ကွယ်သွားသည်။

"ဟ..။"

စုချန် တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း အာရုံခံမိလိုက်သည်။ ထိုအချိန်တွင် ယန်ယွင်ဖေး ၏ ယုတ်မာသော အပြုံးက ပြန်လည် ပေါ်ထွက်လာပြီး၊ အမုန်းတရားများ ပြည့်နှက်နေသော လေသံဖြင့် ပြောလိုက်သည်။

"စုချန်၊ မင်းက ငါ့ကို အထင်ကြီးစေခဲ့တာတော့ အမှန်ပဲ၊ ဒါပေမဲ့ ဒီနေ့ မင်း သေလမ်းကနေ လွတ်မှာ မဟုတ်ဘူး။"

သူ လက်လှမ်းလိုက်သည်နှင့် ရွှေရောင် နေမင်းနှင့် တိမ်တိုက် ပုံစံများ ပါရှိသော သံချပ်ကာ ဒိုင်း တစ်ခုက သူ့လက်ထဲတွင် ပေါ်လာသည်။

ဤမှော်ပစ္စည်း ပေါ်ထွက်လာသည့် ခဏတွင်၊ သူ့အရှိန်အဝါသည် ပြန်လည် လှိုင်းထန်လာပြီး ယခင်ကထက်ပင် ပိုမို အားကောင်းလာချေသည်။

" 'နေရောင်တောက်လောင်ဒိုင်း' ပဲ။ အဲဒါ ဂိုဏ်းတူအစ်ကိုကြီး ယွီထျန်းယန် ရဲ့ မှော်ရတနာ မဟုတ်ဘူးလား။ ဘာလို့ သူ့လက်ထဲ ရောက်နေတာလဲ။"

ဂိုဏ်းသားတစ်ယောက်က မှော်ပစ္စည်းကို မှတ်မိသွားပြီး မယုံကြည်နိုင်စွာ မှတ်ချက်ဝင်ပေး‌လေသည်။

"ဒါက ထိပ်တန်း မှော်ပစ္စည်း ပဲ။ ဂိုဏ်းတူအစ်ကိုကြီး ယွီထျန်းယန် က အရင်တုန်းက ဒီဒိုင်းကို သုံးပြီး မိစ္ဆာတွေ အများကြီး သတ်ခဲ့တာ။ ယန်ယွင်ဖေး ကို ပေးလိုက်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။"

" ဒီ'နေရောင်တောက်လောင်ဒိုင်း' ရဲ့ စွမ်းအားက ထိပ်တန်း မှော်ပစ္စည်း တစ်ခုထက် မလျော့နည်းဘူး။ စုချန်တော့ ဒုက္ခရောက်ပြီ။"

စုချန် စိန်ခေါ်ပွဲ တွင် အနိုင်ရတော့မည်ဟု ထင်နေစဉ်မှာပဲ၊ တိုက်ပွဲအခြေအနေက နောက်တစ်မျိုး ပြောင်းလဲသွားပြန်သည်။

အခန်း ၆၂ - ရွှမ်ယင် ဓားစွမ်းအင်

နေရောင်တောက်လောက်ဒိုင်း သည် ယန်ယွင်ဖေး ၏ ဘေးပတ်ပတ်လည်တွင် ဖြည်းညှင်းစွာ လှည့်ပတ်နေပြီး၊ ဤမှော်ပစ္စည်းသည် နူးညံ့သောအလင်းရောင်ကို ထုတ်လွှတ်ကာ သူ့ဒဏ်ရာများကို တဖြည်းဖြည်း ကုသပေးနေသည်။

ဤအချိန်တွင် နေရောင်တောက်လောက်ဒိုင်း ၏ စွမ်းအားသည် လူအများ မျှော်လင့်ထားသည်ထက် ကျော်လွန်နေပြန်သဖြင့်၊ စုချန် လည်း အလိုအလျောက်ပင် သတိပိုကပ်ထားလိုက်သည်။

"ဒါက ဂိုဏ်းတူညီလေး စု နဲ့ ယန်ယွင်ဖေး တို့ကြား တရားမျှတတဲ့ စိန်ခေါ်ပွဲ ဖြစ်သင့်တာ၊ ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုကြီး ယွီထျန်းယန်က စည်းကမ်းဖောက်ပြီး လူတစ်ယောက်ကို ဗြောင်ကျကျ အနိုင်ကျင့်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။"

"တရားမျှတသလိုနဲ့ တကယ်တမ်းကျတော့ ဟန်ဆောင်နေတာပဲ။ ဂိုဏ်းတူအစ်မကြီး ယွဲ့ ပြန်မကြိုက်တာ မဆန်းပါဘူး။"

ချူးရန် နှင့် အခြားသူများ မကျေမနပ် ဖြစ်ကာ အချင်းချင်း ဆွေးနွေးနေကြသည်။

ထိုစကားများကို ကြားသောအခါ ချင်းလန် ချက်ချင်း တားမြစ်လိုက်သည်။

"ဂိုဏ်းတူအစ်ကိုကြီး ယွီ ရှေ့မှာ မလိုအပ်ပဲ စကားအပိုတွေ လျှောက်မပြောနဲ့။ ယန်ယွင်ဖေး ဒီမှော်ပစ္စည်း ရထားတာက အကျိုးအကြောင်း လုံးဝမရှိတာတော့ မဟုတ်ဘူး။"

သူမက ယန်ယွင်ဖေး နှင့် ယွီထျန်းယန် ဘက်က ပြောပေးနေခြင်း မဟုတ်ဘဲ၊ သူမတို့တောင်ထွတ်ရှိ ဂိုဏ်းတူညီမလေးများ ပြဿနာတက်စေမည့် စကားများ ပြောမိမှာကို စိုးရိမ်ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ယန်ယွင်ဖေး သည် အင်အားအပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီး နေရောင်တောက်လောက်ဒိုင်း ကိုပါ ကိုင်စွဲထားသည်။ သူသည် ယုံကြည်မှု အပြည့်ဖြင့် စုချန် ဆီသို့ လျှောက်သွားလိုက်ပြီး မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

"စုချန်၊ မင်းက စိန်ခေါ်ပွဲကို ပြောင်းပြန်လှန်ပစ်နိုင်မယ်လို့ တကယ် ထင်နေတာလား။ ငါ ယန်ယွင်ဖေး ရှိနေသရွေ့၊ မင်းအဆင့်က ရွှံ့နွံထဲမှာ နင်းချေခံရဖို့ပဲ တန်တယ်။"

"မင်းကိုယ်မင်းသာပြောပါ။ ကိုယ်တိုင်ကျ သင်ခန်းစာ မယူတတ်ပါလား။ ကိုယ်တိုင် မသန်မာရင် ပြင်ပအရာတွေကို အားကိုးနေတာ အလကားပဲ။"

စုချန် ၏ စကားက ထိမိသည်။ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ ကောင်းကင်မိုးကြိုးဓား သည် လျှပ်စီးကဲ့သို့ ကောင်းကင်ကို ဖောက်ထွင်းပြီး ယန်ယွင်ဖေး ဆီသို့ တိုးဝင်သွားသည်။

အလွန်အမင်း မြန်ဆန်သော အရှိန်ဖြင့် နားစည်ကွဲမတတ် အသံလှိုင်းများဟာ ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့် ပေါ်တွင် မြည်ဟီးနေပြီး၊ လျှပ်စီးမြွေများက မိုးကြိုးဓားသွားပေါ်တွင် ရစ်ပတ်ကာ အံ့ချီးဖွယ် စွမ်းအားကို ထုတ်ဖော်ပြသနေသည်။

"ချလွင်။"

ကောင်းကင်မိုးကြိုးဓားက ယန်ယွင်ဖေး ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ရန် ဦးတည်နေစဉ်၊ နေရောင်တောက်လောက်ဒိုင်းက ဝင်ရောက်ပိတ်ဆို့လိုက်ရာ၊ ပြင်းထန်သော တိုက်ခတ်မှုကြီး ဖြစ်ပေါ်လာပြီး ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့် တစ်ခုလုံး တုန်လှုပ်သွားသည်။

ကြောက်မက်ဖွယ် စွမ်းအား ရှိသော်လည်း၊ ကောင်းကင်မိုးကြိုးဓား သည် နေရောင်တောက်လောက်ဒိုင်း ကို ဖောက်ထွင်းနိုင်ခြင်း မရှိသေးပေ။

ဒီမှော်ပစ္စည်းက တကယ် ဒုက္ခပေးသည်။ စုချန် ကောင်းကင်မိုးကြိုးဓားကို စိတ်စွမ်းအင်နှင့် ပြန်ခေါ်ပြီး ပိုမို မြန်ဆန်ပြင်းထန်သော အရှိန်ဖြင့် ထပ်မံပစ်လွှတ်သော်လည်း၊ အကြိမ်တိုင်းတွင် တစ်ဖက်လူ၏ ထိုးဖောက်၍ မရနိုင်သော ဒိုင်းဖြင့်ကာကွယ်မှုကို ရင်ဆိုင်ရပြန်သည်။

"ဝီ~"

ဤတစ်ကြိမ်တွင် မိုးကြိုးဓားက နေရောင်တောက်လောက်ဒိုင်း ကို ထပ်မံ ရိုက်ခတ်လိုက်စဉ်၊ ဒိုင်းမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာပြီး ထူးဆန်းသော အသံလှိုင်းများကို ထုတ်လွှတ်ကာ ပူပြင်းသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။

ဒီရွှေရောင်အလင်းတန်း အောက်တွင်၊ စုချန် သူ့စွမ်းအားများ လျင်မြန်စွာ ကွဲပြယ်ပျောက်ကွယ်နေသည်ကို ချက်ချင်း အာရုံခံမိလိုက်ပြီး၊ ကောင်းကင်မိုးကြိုးဓား လည်း စုချန်နည်းတူပင် မတည်မငြိမ် ဖြစ်လာသည်။

ဒီမြင်ကွင်းကို မြင်သောအခါ စုချန် မျက်မှောင် ပိုကြုတ်သွားသည်။

ကံကြမ္မာကို အာခံချင်သည့်အလား စုချန် ကောင်းကင်မိုးကြိုးဓား ကို ပြန်ဆင့်ခေါ်လိုက်သည်။ ဓားကို ဆုပ်ကိုင်လိုက်သည့် တစ်ခဏတွင် ဓားစွမ်းအင် လှိုင်းလုံးကြီး သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ဓားသွားပေါ်တွင် သက်ရောက်စုစည်းသွားသည်။

ဓားကို ထုတ်လွှတ်လိုက်သည်နှင့် ရာသီဥတုမှာ တမဟုတ်ချင်း ပြောင်းလဲသွားသည်။ လေပြင်းများက မည်သည့်အရပ်ဆီကမှန်းမသိ တိုက်ခတ်လာပြီး၊ စုချန် ၏ ဓားကွက် သဘော တတ်သိလေ့လာခဲ့သမျှကို သယ်ဆောင်ကာ အသန့်စင်ဆုံး ဓားချက်အဖြစ် ပြောင်းလဲသွားသည်။

မိုးမီးလောင်စေနိုင်သော ဓားစွမ်းအင် သည် တောက်လောင်နေသော မီးတောက်များ အဖြစ် ပြောင်းလဲကာ ယန်ယွင်ဖေး ဆီသို့ လှည့်ပတ်တိုက်ခိုက်လိုက်သည်။ စုချန်သည်လည်း ချက်ချင်း ပြိုင်ဘက်ရှေ့ ရောက်ရှိသွားပြီး ဓားချက်တစ်ချက်တည်းဖြင့် လောင်မီးချစေလိုက်သည်။

"လွှမ်းမိုးနိုင်စွမ်း ရှိလိုက်တဲ့ ဓားသိုင်းကွက်ပဲ။ ဒီကောင်လေးရဲ့ ဓားသိုင်း ပါရမီ ဒီလောက် ရင့်သန်နေလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။"

စုချန် ဓားကွက်ထုတ်လိုက်သည့် အချိန်တိုအတွင်း အကြီးအကဲများ တစ်ခုခု ထူးခြားသည်ကို သတိထားမိလိုက်ကြသည်။ သူ့ဓားသိုင်းပညာ နားလည်မှုသည် အခြေတည်အဆင့် ကျွမ်းကျင်သူ အများစုပင် လိုက်မမီနိုင်သော အရာဖြစ်သည်။

"အကယ်၍ သူသာ ဆရာသမားကောင်း တစ်ယောက်ရဲ့ လမ်းညွှန်မှုကို ရရင်၊ အနာဂတ် အောင်မြင်မှုက သေချာပေါက် မင်းတို့ငါတို့ထက် လျော့နည်းမှာ မဟုတ်ဘူး။"

ဒီအကြီးအကဲတွေက တပည့်လက်ခံဖို့ စဉ်းစားနေကြပြီ ဖြစ်သော်လည်း၊ ယွီထျန်းယန် က ထိုစကားကို ကြားသောအခါ အနည်းငယ် မကျေမနပ် ဖြစ်ပုံရသည်။

စုချန် ၏ ဓားချက်ကို ရင်ဆိုင်ရသောအခါ ယန်ယွင်ဖေးလည်း ထိတ်လန့်သွားပြီး၊ တိုက်ခိုက်မှုကို ခုခံနိုင်ရန် မျှော်လင့်လျက် နေရောင်တောက်လောက်ဒိုင်း ကို အားကုန် အသက်သွင်းလိုက်သည်။

နောက်ထပ်တစ်ဖန် ကမ္ဘာမြေ တုန်ခါမတက် တိုက်ခိုက်မှုကြီး ဖြစ်ပွားခဲ့ပြီး၊ ကြောက်မက်ဖွယ် ရိုက်ခတ်မှုကြောင့် ယန်ယွင်ဖေးမှာ နောက်သို့ ယိုင်နဲ့သွားကာ မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လို့နေချေပြီ။

ကံကောင်းသည်မှာ နေရောင်တောက်လောက်ဒိုင်း က တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်နိုင်ပြီး၊ တောက်ပသော ရွှေရောင်အလင်းတန်းက ကောင်းကင်မိုးကြိုးဓား ၏ စွမ်းအား အများစုကို တိုက်ရိုက် ချေဖျက်လိုက်သည်။

ယန်ယွင်ဖေး ကျေနပ်အားရစွာဖြင့် စုချန် ကို ကြည့်ပြီး ထပ်မံ ရယ်မောလိုက်သည်။

" ဒီမှော်ဒိုင်း ဘယ်လောက် အားကောင်းလဲ ဆိုတာ မင်း သိပြီလား။ မင်း ငါ့ကို မထိခိုက်စေနိုင်ရုံမက၊ အချိန်ကြာလာရင် မင်းရဲ့ မှော်စွမ်းအင်တွေပါ ကုန်ခမ်းသွားလိမ့်မယ်။"

ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများလည်း အချင်းချင်း ဆွေးနွေးနေကြပြီး၊ ယန်ယွင်ဖေး ၏ အပြုအမူကို ဝေဖန်ချက် ပြုနေကြသည်။

"ဂိုဏ်းတူအစ်ကိုကြီး ယွီထျန်းယန် ရဲ့ မှော်ပစ္စည်းကို အားကိုးတာ ဘာစွမ်းရည်မို့လို့လဲ။ အဲဒီ နေရောင်တောက်လောက်ဒိုင်း သာ မရှိရင်၊ အဲဒီကောင် အဖေရော အမေရော တ ပြီး ငိုနေလောက်ပြီ။"

"ဟုတ်တယ်၊ သူသာ နိုင်သွားရင်၊ နောက်ပိုင်း နဂါးနှင့် ကျား အဆင့်သတ်မှတ်ချက် ပြန်လုပ်တဲ့အခါ ငါတို့ပါ သေချာပေါက် နာမည်ပျက်လိမ့်မယ်။"

ထိုစကားကို ကြားသောအခါ အတွင်းစည်းဂိုဏ်းသား အများစု စုချန် ဘက်သို့ ပါသွားကြသည်။ သူသည် အပြင်ဂိုဏ်း ပြိုင်ပွဲ ကာလအတွင်း ပြိုင်ဘက်များကို မည်သည့်အခါမျှ အောက်တန်းကျကျ အရှက်မခွဲခဲ့ဖူးပေ။ ဒီအချက် တစ်ချက်တည်းနှင့်ပင် ယန်ယွင်ဖေး ထက် သာလွန်နေသည်။

ယန်ယွင်ဖေး က လူအုပ်ကြီး၏ ဝေဖန်မှုများကို ဂရုမစိုက်ပေ။ စုချန် ကို သတ်နိုင်သရွေ့၊ ဒီအသံတွေ မကြာခင် ပျောက်ကွယ်သွားလိမ့်မည်။

စုချန် စိတ်အာရုံဖြင့် ကောင်းကင်မိုးကြိုးဓား ကို သူ့နောက်ကျောသို့ ပြန်ပို့လိုက်ပြီး၊ အမြုတေ ပုံစံဖြင့် ထားရှိကာ အလင်းရောင်များ ဖြည်းညှင်းစွာ ထုတ်လွှတ်နေစေသည်။

ယန်ယွင်ဖေး ပြောသလိုပဲ၊ အခု အကောင်းဆုံး နည်းလမ်းက တိုက်ပွဲကို အမြန်အဆုံးသတ်ပြီး ပြတ်သားတဲ့ အနိုင်ယူမှုကို ရယူတာပဲ။ ဒါမှ ကိုယ့်အင်အားကို အများဆုံး ထိန်းသိမ်းထားနိုင်မှာ။

ဒါပေမဲ့ နေရောင်တောက်လောက်ဒိုင်း ရဲ့ ကာကွယ်မှုကို ဖောက်ထွင်းဖို့က မလွယ်ကူဘူး။ ဒီပစ္စည်းက အလွန် ခိုင်ခံ့ရုံသာမက၊ ပြိုင်ဘက်ရဲ့ စွမ်းအားကိုလည်း ချေဖျက်နိုင်တော့၊ ကိုင်တွယ်ရ တော်တော် ခက်ခဲတယ်။

ဒါပေမဲ့ ဒီလိုဆိုတိုင်း ဖြေရှင်းနည်း မရှိတာ မဟုတ်ဘူး၊ စုချန်က ဖြေရှင်းမယ့် နည်းလမ်းကို စဉ်းစားပြီးသား။

ဓားသင်္ချိုင်း ကို ပြန်ရောက်ပြီးနောက်၊ သူ အချိန်ယူပြီး 'အရိုးဖြူ ကျင့်ကြံသူ' ရဲ့ ယင်ဝိညာဉ် အလံတံခွန် ကို သန့်စင်ချေဖျက်ခဲ့တယ်။ 'ကောင်းကင်ဝါးမြို သားရဲဝိညာဉ်' က ၎င်းထဲမှ မိစ္ဆာစွမ်းအင်ကို ထုတ်ယူလိုက်ပြီးချိန်မှာ မမျှော်လင့်ဘဲ 'ရွှမ်ယင် ဓားစွမ်းအင်' လို့ခေါ်တဲ့ မိစ္ဆာဂါထာ တစ်ခုကို ရရှိခဲ့တယ်။

ဒီနည်းစနစ်က နေရောင်တောက်လောက်ဒိုင်း နဲ့ သဘောတရား ဆင်တူတယ်၊ ပြိုင်ဘက်ရဲ့ မှော်စွမ်းအင်ကို လျင်မြန်စွာ တိုက်စားပြီး ကွဲပျက်စေနိုင်တယ်။ ဒါပေမဲ့ ဒီနည်းစနစ်က မိစ္ဆာစွမ်းအင်နဲ့ ကျင့်ကြံတိုက်ခိုက်ရာ ပိုမို အားကောင်းပြီး လွှမ်းမိုးနိုင်စွမ်း ရှိရုံသာမက အမတလမ်းစဥ◌် ကျင့်ကြံသူတို့အပေါ် ပြင်းထန်တဲ့ အကျိုးသက်ရောက်မှု ရှိတယ်။

ဒါက ယန်ယွင်ဖေး ကို ရင်ဆိုင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။

ထိုသို့ တွေးမိပြီး သူ ထပ်မံ မတွေဝေတော့ဘဲ ကောင်းကင်မိုးကြိုးဓား ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ အပူချိန် ရုတ်တရက် ကျဆင်းသွားပြီး၊ အပြာနုရောင် 'ရွှမ်ယင် ဓားစွမ်းအင်' သည် ဓားသွားထက်တွင် ပေါ်လာသည်။

ဓားစွမ်းအင် ပေါ်ထွက်လာသည့် ခဏတွင်၊ ကောင်းကင်မိုးကြိုးဓား ပတ်ဝန်းကျင်ရှိ လေထုပင် တိုက်စားခံရသကဲ့သို့ ဖြစ်ပြီး၊ အက်ကွဲကြောင်းငယ်လေးများ ပေါ်လာသည်။

"ကောင်းကင်သို့ ပျံတက်သော ဝိညာဉ်။"

စုချန် ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး ယန်ယွင်ဖေး ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။ ပေ ၁၀၀ ရှည်လျားသော ဓားစွမ်းအင် သည် ကောင်းကင်ကို နှစ်ပိုင်းခွဲလိုက်သကဲ့သို့ ချက်ချင်း ဖြတ်သန်းသွားသည်။

"အလကား ကလေးကွက်တွေပဲ တတ်တာလား။"

ယန်ယွင်ဖေး လှောင်ပြောင်လိုက်ပြီး၊ နေရောင်တောက်လောက်ဒိုင်း ကို ချက်ချင်း အသက်သွင်းကာ ရှေ့သို့ တိုးဝင်လိုက်သည်။ ပြင်းထန်သော နေရောင်ခြည်များ ဖြာထွက်လာပြီး၊ စုချန် ၏ ဓားစွမ်းအင် ကို လုံးဝ ကုန်ခမ်းသွားစေရန် သူရည်ရွယ်ထားလေသည်။

သို့သော် စုချန် ဓားဖြင့် ခုတ်ချလိုက်ပြီးနောက်၊ ကြောက်မက်ဖွယ် တိုက်စားသော စွမ်းအားတစ်ခုက နေရောင်တောက်လောက်ဒိုင်း ၏ အလင်းရောင်ကို လျင်မြန်စွာ ဖြိုခွဲလိုက်သည်။ နေရောင်တောက်လောက်ဒိုင်းမှာ ပြင်းထန်စွာ တုန်ခါနေပြီး၊ တဖြည်းဖြည်း ရောင်ဝါမှေးမှိန်လာသည်။

မျက်စိတစ်မှိတ်စာ စက္ကန့်အနည်းငယ် အတွင်းမှာပင် ကြည့်ရှုသူအပေါင်းလည်း တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်ကြသည်။ စုချန် ၏ ဓားစွမ်းအင်ဟာ အားလျော့သွားခြင်း မရှိသော်ငြား နေရောင်တောက်လောက်ဒိုင်း ၏ အလင်းရောင်များကမူ စတင် ကွဲပြိုလာသည်။

"ဒါ ဘယ်လို ဓားစွမ်းအင် မျိုးလဲ။ ဘာလို့ ဒီလောက် လွှမ်းမိုးနိုင်စွမ်း ရှိရတာလဲ၊ နေရောင်တောက်လောက်ဒိုင်း ကိုတောင် ဖိနှိပ်ထားနိုင်တယ်?"

"ဘုရားရေ၊ စုချန် က လျှို့ဝှက်ချက် ဘယ်နှခုစ်များ ရှိသေးတာလဲ။ တကယ် အံ့သြဖို့ ကောင်းတယ်။"

လူအုပ်ကြီးမှာ တဝုန်းဝုန်း အော်ဟစ်အားပေးကုန်ကြသည်။ စုချန် သည် ဒဏ္ဍာရီဆန်ဆန် ပြန်လည်အနိုင်ယူမှုကို နောက်တစ်ကြိမ် ပြသလိုက်ခြင်း ဖြစ်ရာ၊ ဒီထက် စိတ်လှုပ်ရှားစရာ ကောင်းတာ မရှိတော့ပေ။

"ဒီနည်းစနစ်က တကယ် လွှမ်းမိုးနိုင်စွမ်း ရှိပေမယ့်၊ ငါတို့ ရှုတောင် က ဟုတ်ပုံမရဘူး။ ဒါပေမဲ့ ရင်းနှီးနေသလို ခံစားရတယ်။"

အကြီးအကဲ တစ်ဦး တီးတိုး ရေရွတ်လိုက်ပြီး ဘာပြောရမှန်း မသိတော့ပေ။

သို့သော် ထိပ်ဆုံးတွင် ထိုင်နေသော ယွီထျန်းယန် မျက်မှောင်ကြုတ်လိုက်သည်။ စုချန် အသုံးပြုလိုက်သော ဓားစွမ်းအင် ကို သူ ယခင်က မြင်ဖူးသကဲ့သို့ ဖြစ်နေသည်။ သူ မိစ္ဆာဂိုဏ်း၏ အမွေခံ သားတော် တစ်ဦးကို နှိမ်နင်းသုတ်သင်စဉ်က၊ တစ်ဖက်လူသည် အလားတူ အရှိန်အဝါမျိုး အသုံးပြုခဲ့ဖူးသည်။

စုချန် က မိစ္ဆာသိုင်းပညာတွေကို တိတ်တဆိတ် သင်ယူထားတာများလား။

ထိုသို့ တွေးမိပြီး သူ မတ်တပ်မရပ်ဘဲ မနေနိုင်တော့ပေ။

ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ နေရောင်တောက်လောက်ဒိုင်းမှာ လွင့်စဉ်သွားပြီး၊ ယန်ယွင်ဖေးသည်လည်း မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သွားကာ သေလုမတတ် ကြောက်လန့်သွားသည်။

"ဂိုဏ်းတူအစ်ကိုကြီး ယွီ၊ ကျွန်တော့်ကို ကယ်ပါဦး။"

ယန်ယွင်ဖေး ကြောက်လွန်း၍ ဆီးပါထွက်သွားပြီး၊ ခန္ဓာကိုယ်မှာလည်း စုတ်ပြတ်သတ်သွားတော့မည့် အခြေအနေ ဖြစ်နေသည်။

ရုတ်တရက် ကြောက်မက်ဖွယ် နတ်ဘုရား စွမ်းအားတစ်ခုက စင်မြင့် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး၊ စုချန် ၏ ဓားစွမ်းအင်လည်း ချက်ချင်း ပျက်သုဉ်းသွားသည်။

လူအုပ်ကြီးမှာ အသက်ရှူမှားမတက် အံ့သြမှင်သက်သွားကြပြီး၊ လေထဲသို့ ပျံတက်နေသော ယွီထျန်းယန် ကို ဝိုင်းကြည့်လိုက်ကြသည်။ သူ ဘာကြောင့် ဝင်ရောက်စွက်ဖက်သည်ကို အားလုံးနားမလည်နိုင် ဖြစ်နေကြသည်။

"တကယ်ပဲ မိစ္ဆာစွမ်းအင် ဖြစ်နေတာကိုး။ စုချန်၊ မင်းက မိစ္ဆာဓားစွမ်းအင် ကို ဘယ်လို သင်ယူခဲ့တာလဲ။"

"မိစ္ဆာစွမ်းအင်" ဟူသော စကားကို ကြားလိုက်ရသောအခါ လူအများအပြား၏ မျက်နှာထား ပြောင်းလဲသွားပြီး၊ အားလုံး စုချန် ကို ဝိုင်းကြည့်လိုက်ကြသည်။

All Chapters