အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
အခန်း ၆၃ - နေမင်းကို ပစ်ချခြင်း
"ဓားသင်္ချိုင်း ထဲမှာ မိစ္ဆာ အရှိန်အဝါတွေနဲ့ ဓားပျံပေါင်း သောင်း၊သိန်းချီ မရေမတွက်နိုင်အောင် ပြည့်နှက်နေတာလေ။ ကျွန်တော် အဲဒီကနေ 'ရွှမ်ယင် ဓားစွမ်းအင်' ကို သင်ယူခဲ့တာ ဘာများ ထူးဆန်းလို့လဲ။ ဒါဆို ဓားသင်္ချိုင်း ကလည်း မိစ္ဆာဂိုဏ်း နေရာပဲလား။"
ဂိုဏ်းတူအစ်ကိုကြီး ယွီထျန်းယန် ၏ မေးခွန်းထုတ်မှုကို ရင်ဆိုင်ရသော်လည်း၊ စုချန် တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။ သူ့လေသံတွင် တစ်ဖက်လူကိုရှိန်သည့် အရိပ်အယောင် လုံးဝ မပါဝင်ပေ။
ထိုစကားကို ကြားသောအခါ လူအုပ်ကြီးက ဒါ အမှန်တရား ဖြစ်နိုင်သည်ဟု ခံစားလိုက်ကြသည်။ ဓားသင်္ချိုင်း ၏ တည်နေရာနှင့် လည်ပတ်ပုံ သဘောသဘာဝအရ၊ ဘာမဆို ဖြစ်နိုင်သည်လေ။
ဒီရှင်းပြချက်ကြောင့် ယွီထျန်းယန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ သူ့မှာ ခိုင်လုံသော သက်သေအထောက်အထား မရှိပေ။ ထို့ကြောင့် အေးစက်စွာ ပြောလိုက်သည်။
"အမှန်တရားက ဘာလဲ ဆိုတာကိုတော့ ဂိုဏ်းက စုံစမ်းစစ်ဆေးဖို့ လိုသေးတယ်။ လတ်တလောတုန်းက မိစ္ဆာလမ်းစဉ် က သူလျှိုတွေ ငါတို့ဆီ ခိုးဝင်ခဲ့ဖူးတော့၊ ငါတို့ ပေါ့ဆလို့ မဖြစ်ဘူး။ ဒီနေ့ မင်းတို့တိုက်ပွဲ ဒီမှာတင် ရပ်လိုက်တော့။ ဂိုဏ်းက အမှန်တရားကို စုံစမ်းစစ်ဆေးပြီးမှ ဒီပုဂ္ဂိုလ်ရေး ကိစ္စကို ဖြေရှင်းကြတာပေါ့။"
ယွီထျန်းယန် ၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ၊ ယန်ယွင်ဖေး တိတ်တဆိတ် ဝမ်းသာသွားပြီး စုချန် ကို ကျေနပ်အားရသော အမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့် ပေါ်မှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ယွီထျန်းယန် ရှိနေသရွေ့၊ သူ ရှုံးနိမ့်သွားရင်တောင် စုချန် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။
ငါ အသက်ရှင်နေသရွေ့၊ နောက်တစ်ခါ ဒီကောင်ကို ဖြုတ်ချဖို့ အခွင့်အရေး ရှိနေဦးမှာပဲ။
ယွီထျန်းယန် က ယန်ယွင်ဖေး ကို ဒီလောက် ဗြောင်ကျကျ ကာကွယ်ပေးလိမ့်မယ်လို့ စုချန် ထင်မထားခဲ့ဘူး။ အကယ်၍ ဒီကောင်သာ လွတ်သွားရင်၊ 'လေနက် ဓားပြဂိုဏ်း' လက်ချက်နဲ့ ဆိုးရွားစွာ သေဆုံးခဲ့ရတဲ့ သူ့အိမ်သားတွေကို သူ ဘယ်လို မျက်နှာပြရမလဲ။
"မဖြစ်ဘူး။ ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့် ရဲ့ စည်းမျဉ်းတွေကို ဘယ်လိုလုပ် ဒီလောက် လွယ်လွယ် ပြောင်းလဲလို့ ရမှာလဲ။ ယန်ယွင်ဖေး နဲ့ ကျွန်တော် တရားမျှတတဲ့ စိန်ခေါ်ပွဲ လုပ်ခဲ့ကြတာ။ အခု သူ ရှုံးသွားပြီ ဆိုတော့ သေပေးရမယ်။ ဒီကိစ္စမှာ 'အမွေခံ ဂိုဏ်းသား' တွေတောင်မှ ဝင်စွက်ဖက်ခွင့် မရှိဘူး။"
စုချန် ၏ အရှိန်အဝါမှာ အလွန်အမင်း မြင့်တက်လာပြီး၊ သူ့နောက်ကျောတွင် အမြုတေ လက်ခနဲ ဖြစ်သွားကာ၊ 'ကောင်းကင်မိုးကြိုးဓား' ပေါ်ရှိ လျှပ်စီးကြောင်းများ ဆက်တိုက် ပေါက်ကွဲထွက်ပေါ်လာသည်။
စုချန် သူ့ကို လွှတ်ပေးမည့်ပုံ မပေါ်သည်ကို မြင်သောအခါ၊ ယန်ယွင်ဖေး ထိတ်လန့်သွားပြီး ချက်ချင်း ထွက်ပြေးလေတော့သည်။ သူ ဒီပြဿနာတောထဲကနေ အမြန်ဆုံး လွတ်မြောက်ချင်နေမိသည်။
"မင်း ဘယ်ကို ပြေးမလို့လဲ။"
စုချန် သတ်ဖြတ်ရန် ဆုံးဖြတ်ပြီး ဖြစ်၍၊ မိုးကြိုးကဲ့သို့ တိုက်ခိုက်မှု တစ်ခု စတင်လိုက်သည်။ သူ့နောက်ကျောမှ 'ကောင်းကင်မိုးကြိုးဓား' ရုတ်တရက် လေထုကို ထိုးဖောက် ပျံသန်းသွားသည်။
ဒီမြင်ကွင်းကို မြင်သောအခါ လူအများအပြား၏ မျက်နှာထား ပြောင်းလဲသွားသည်။ စုချန် က ယွီထျန်းယန် ရှေ့မှာတောင် တိုက်ခိုက်ရဲလိမ့်မယ်လို့ သူတို့ ထင်မထားခဲ့ကြဘူး။ အခြေအနေ ပိုဆိုးလာတော့မယ်လို့ သူတို့ စိုးရိမ်နေကြသည်။
သေချာတာပေါ့၊ သူ့လုပ်ရပ်က ယွီထျန်းယန် ကို သိသိသာသာ စော်ကားလိုက်ခြင်း ဖြစ်သည်။
"မင်း ရမ်းကားရဲလှချည်လား။"
ဒေါသတကြီး အော်ဟစ်သံနှင့်အတူ၊ ယွီထျန်းယန် ချက်ချင်း စုချန် ဆီသို့ လက်ညှိုးတစ်ချောင်းဖြင့် ညွှန်ပြလိုက်သည်။
တစ်ခဏအတွင်း မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများ စုစည်းသွားပြီး၊ အားကောင်းသော မှော်စွမ်းအင် မုန်တိုင်းတစ်ခုက 'ကောင်းကင်မိုးကြိုးဓား' ကို နောက်ပြန် လွင့်စဉ်သွားစေသည်။
တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းတန်းများသည် လေထဲတွင် ပေ ၁၀၀၀ ရှည်လျားသော ဧရာမ လက်ညှိုးပုံရိပ် တစ်ခုအဖြစ် လျင်မြန်စွာ စုစည်းသွားပြီး၊ ကောင်းကင်ကို ချုပ်နှောင်ကာ စုချန် ၏ ခေါင်းပေါ်သို့ လွတ်မြောက်ခွင့်မပေးလိုဟန် ဖိချလိုက်သည်။
မရေမတွက်နိုင်သော အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ သူတို့အမြင်တွင် ထိုလက်ညှိုးသည် တိမ်တိုက်များနှင့် မြူခိုးများကို ဖောက်ထွင်းပြီး၊ ဤကမ္ဘာတစ်ခုလုံးကို ဖိနှိပ်တော့မည့် နတ်ဘုရား လက်ဝါးကြီး တစ်ခုကဲ့သို့ပင်။
ရွှေရောင်ပုံရိပ်သည် ဖြည်းညှင်းစွာ ရွေ့လျားနေပုံ ရသော်လည်း၊ စုချန် ကို အခိုင်အမာ ဖိနှိပ်ချုပ်လှောင်ထားပြီး ဖြစ်သည်။ ကျဆင်းလာတိုင်း ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်ပြီး၊ ပြင်းထန်သော မီးတောက်များဖြင့် ကောင်းကင်ကိုပင် ခွဲဖြတ်နေသည်။
မျက်စိတစ်မှိတ်အတွင်း ပူပြင်းသော လက်ချောင်းများသည် စုချန် ၏ ခေါင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ အားကောင်းသော စွမ်းအားကြောင့် လေထုမှာလည်း တွန့်လိမ်သွားသည်။
"ဒါ 'အမွေခံ ဂိုဏ်းသား' ရဲ့ အင်အားလား။ ပေါ့ပေါ့ပါးပါး တိုက်ခိုက်လိုက်တာတောင် ဒီလောက် စွမ်းအား ထွက်လာတာလား။"
ဂိုဏ်းသားများ မှင်သက်သွားကြပြီး၊ သူတို့ရင်ထဲမှပင် နင့်သီးစွာဖြင့် တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ သူတို့သာ ဒီစွမ်းအားကို ရင်ဆိုင်ရရင် ဘာလုပ်ရမလဲ ဆိုတာ စဉ်းစား၍ပင် မရနိုင်ပေ။
"ဂိုဏ်းတူအစ်ကိုကြီး ယွီ က သိပ်သန်မာလွန်းတယ်။ သူ့ခန္ဓာကိုယ်ကနေ 'ကနဦး ဝိညာဉ်' အရှိန်အဝါ သဲ့သဲ့ ထွက်ပေါ်နေတယ်။ စုချန် အနေနဲ့ဆို ဒီစွမ်းအားကို ခုခံဖို့ အစွမ်းအစ မရှိဘူး။"
"ဒါ 'အမွေခံ မျိုးဆက်' ကို စော်ကားမိတဲ့ အကျိုးဆက်ပဲ။ စုချန် အန္တရာယ် ရှိနေပြီ။"
လူတိုင်း စုချန် ကို ကြည့်နေကြပြီး၊ သူ ဘယ်အချိန် အသနားခံမလဲ ဆိုတာကို စောင့်ကြည့်နေကြသည်။
ယွီထျန်းယန် ရဲ့ အဆင့်အတန်းအရ၊ သူက ချက်ချင်း သတ်ဖြတ်မယ့်သူမျိုး မဟုတ်ပေ။
ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့် ပေါ်တွင်၊ ရှေ့မှလူ၏ စွမ်းအား မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း စုချန် တစ်ဦးတည်းသာ အမှန်တကယ် နားလည်သည်။ ထိုလူထံမှ လက်အရှိန်အဝါ တစ်ခုတည်းနှင့်ပင် သူ့ကြွက်သားများ နာကျင်ကိုက်ခဲနေပြီ ဖြစ်သည်။
သို့သော် အရှုံးပေးပြီး အသနားခံခြင်းသည် သူ့အကျင့်မဟုတ်။ ဓားသမားမှန်လျှင် ခုခံတိုက်ခိုက်ရင်း သာ အသေခံသွားမည်။ အရှက်ကွဲခံကာ သူများချမ်းသာပေးသော အသက်နှင့်တော့ မရှင်သန်လိုပေ။
မျက်စိတစ်မှိတ်အတွင်း ပူပြင်းသော အရှိန်အဝါ တစ်ခု စုချန် ၏ ခန္ဓာကိုယ်မှ စတင် လှိုင်းထလာပြီး၊ သူ့ခန္ဓာကိုယ်ပင် အနည်းငယ် ဖောင်းပွလာသည်။
"ဒါက ကံကြမ္မာကို အာခံမယ့် သဘောလား။"
ချူးရန်လည်း အလွန် တုန်လှုပ်သွားပြီး၊ အခြားသူများဆိုလျှင် ပိုမို၍ပင် အံ့အားသင့်သွားကြကာ မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
သူက အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တာလား၊ ဒါမှမဟုတ် တကယ်ပဲ စွမ်းရည် ရှိနေတာလား။
အရာအားလုံးက နောက်ဆုံးရလဒ် အပေါ် မူတည်နေသည်။
"ချလွင်။"
နားကွဲမတတ် အသံတစ်သံနှင့်အတူ၊ စုချန် သည် 'ကောင်းကင်ချုပ်နှောင် လက်ညှိုး' ကို သူ့ဓားဖြင့် တိုက်ရိုက် ပိတ်ဆို့လိုက်သည်။ ကြီးမားသော ရိုက်ခတ်မှုကြောင့် သူ့တစ်ကိုယ်လုံး တုန်ခါသွားပြီး၊ ခြေထောက်များကမူ ကျောက်တုံးအပျက်အစီးများကြား နက်ရှိုင်းစွာ နစ်ဝင်သွားသည်။
သူ့အံကြိတ်ထားပုံကို ကြည့်ရုံဖြင့်၊ သူ ခံစားနေရသော ကြီးမားသည့် ဖိအားကို မည်သူမျှ စိတ်ကူး၍ မရနိုင်ပေ။
"အစ်ကိုကြီး။"
စုလုံသည်လည်း ကြောက်လွန်း၍ မျက်ရည်ကျလုနီးပါး ဖြစ်နေသည်။ သူ ယွီထျန်းယန် ကို အမြန် တောင်းပန်လိုက်ဖို့ စိတ်ထဲကနေ အကြိမ်ကြိမ် ဆုတောင်းနေမိသည်။ အဘယ်ကြောင့်ဆိုသော် ရှုတောင်ဟူသော သမုဒ္ဒရာကြီးတွင်ကား သူတို့မောင်နှမဟာ ငါးသိမ်ငါးမွှား ပုစွန်ကျားလေးများသာ ဖြစ်ပြီး၊ ယွီထျန်းယန်ကဲ့သို့သော နဂါးသားတော်ကို ယှဉ်နိုင်မှာ မဟုတ်၍ပင်ဖြစ်သည်။
ယန်ယွင်ဖေး ကတော့ လှောင်ပြောင်သော မျက်နှာထားဖြင့် ကြည့်နေသည်။ "မင်း သေတွင်း မင်းတူးချင်မှတော့ ကြည့်ကြသေးတာပေါ့။"
အကြီးအကဲများ မျက်မှောင်ကြုတ်လိုက်ကြသည်။ စုချန် ဒီလောက် ခေါင်းမာလိမ့်မည်ဟု မထင်မိကြ၍ အံ့သြနေကြသည်။ ကြည့်ရတာ သူ့ကို အရင် နည်းနည်းလောက် ခံစားခိုင်းလိုက်ရုံမှတပါး ရွေးချယ်စရာ မရှိတော့ပုံရသည်။ သူ လျှော့ပေးလာပြီးမှ၊ ယွီထျန်းယန် ကို ပြစ်ဒဏ်အနည်းငယ်လောက်နဲ့ ကိစ္စပြီးအောင် ကူပြောပေးရမယ်။
ကံမကောင်းစွာဖြင့် လူတိုင်း စုချန် ၏ ပြတ်သားမှုကို လျှော့တွက်မိခဲ့ကြသည်။ ယခုအချိန်တွင် သူသည် မျက်လုံးများ နီရဲလာသည်အထိ ဖိအားပေးခံနေရသော်လည်း၊ အသနားခံရန် စိတ်ကူး လုံးဝ မရှိဘဲ၊ သူ့အရှိန်အဝါကား ပိုမို တိုးပွားလာသည်။
"ဒီကောင်လေးက အသေခံဖို့ ဆုံးဖြတ်ထားတာလား။"
ယွီထျန်းယန် အနည်းငယ် ရှုပ်ထွေးသွားသည်။ သူ စုချန် ကို သတ်ဖို့ အကြံ မရှိသေးချေ။ အားနည်းသူကို အနိုင်ကျင့်တယ်လို့ အပြောမခံချင်သော်ငြား တစ်ဖက်လူက သူ့ကို မိုးမြေအဆုံး ဆန့်ကျင်ဖို့ ဆုံးဖြတ်ထားပုံ ရလေသည်။
"မိုးမီးလောင်လို့ မြေကမ္ဘာပြို။"
လူတိုင်း စုချန် သေတော့မည်ဟု ထင်မှတ်နေကြစဉ်၊ သူသည် ရုတ်တရက် ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ့တစ်ကိုယ်လုံး နီရဲသွားပြီး မီးတောက်များ ပေါက်ကွဲထွက်ပေါ်လာရာ၊ ငရဲပြည်မှ လမ်းလျှောက်ထွက်လာသော မိစ္ဆာတစ်ကောင်ကဲ့သို့ ပင် ထင်မှားရလောက်နေသည်။
နောက်တစ်ခဏတွင် အားကောင်းသော မီးဝိညာဉ် ပုံရိပ် တစ်ခု သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး၊ ထိတ်လန့်တကြား ကြည့်နေသော မျက်လုံးများအောက်တွင် အကန့်အသတ်မရှိသော နတ်ဘုရား စွမ်းအားကို အသုံးပြု၍ 'ကောင်းကင်ချုပ်နှောင် လက်ညှိုး' ကို ကြမ်းတမ်းစွာ ရိုက်ထုတ်ပစ်လိုက်သည်။
ဒီမြင်ကွင်းက ဂိုဏ်းသားများကိုသာ မက၊ ယွီထျန်းယန် နှင့် အကြီးအကဲ အချို့ကိုပါ မှင်သက်သွားစေသည်။
ဒီခဏတာ ဟာကွက်လေးကို အခွင့်ကောင်းယူပြီး၊ 'နေပစ် လေး' သည် စုချန် ၏ လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ ချက်ချင်း လေးကို ဆွဲလိုက်ပြီး၊ မြှားတစ်စင်း တပ်ကာ၊ သူ့မှော်စွမ်းအင် အကုန်အသုံးပြုပြီး ပစ်လွှတ်လိုက်သည်။
ဒီထိပ်တန်း မှော်ပစ္စည်းက သိပ်အားကောင်းလွန်းတယ်။ စုချန် ၏ လက်ရှိ မှော်စွမ်းအင် အနေအထားနှင့် ဆိုလျှင် ဝိညာဉ်ကျောက်တုံး အစီအရင် မပါဘဲ မြှားတစ်စင်းသာ ပစ်ခတ်နိုင်သည်။
သို့သော်ငြား လုံလောက်ပါတယ်။ 'နေပစ် မြှား' တစ်စင်းလုံးတွင် သေမင်းတမန်၏ စွမ်းအားကို သယ်ဆောင်လျက် ယန်ယွင်ဖေး ရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။
ဒီကောင်လေးက ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့် ၏ အစွန်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ နောက်လှည့်ကြည့်လိုက်သောအခါ စုချန် က ယွီထျန်းယန် ၏ ဖိအားကို တောင့်ခံပြီး သူ့ဆီသို့ သေစေနိုင်သော တိုက်ခိုက်မှု ပစ်လွှတ်လိုက်သည်ကို တွေ့လိုက်ရသည်။
ခုခံကာကွယ်ဖို့ အချိန်ပင် မရလိုက်ဘဲ၊ ယန်ယွင်ဖေးတစ်ယောက် ဖုန်မှုန့်အဖြစ် ဖောက်ခွဲခံလိုက်ရသည်။
ပြိုင်ပွဲ ကွင်းပြင်တစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားပြီးနောက်၊ အားပေးသံများ ပေါက်ကွဲထွက်ပေါ်လာသည်။
ဒါ မဖြစ်နိုင်တာပဲ။ လုံးဝ ရူးလောက်စရာကြီး။
သာမာန် အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်က ‘'ကနဦး ဝိညာဉ်' ကျွမ်းကျင်သူရဲ့ ဖိနှိပ်မှုကို တောင့်ခံပြီး တန်ပြန်သိုင်းကွက်ထုတ်ပြီး အောင်နိုင်တယ် ဆိုတာ ဒဏ္ဍာရီ တစ်ခုပါပဲ။
အမှားအမှန် အပ ထား။ ဒီကိစ္စက ရှုတောင်ဂိုဏ်း မှာ အချိန်တစ်ခုကြာတဲ့အထိ ပြောစမှတ်တွင်နေမှာ သေချာတယ်။
"ဒီကောင်လေး၊ ဟူး။"
အကြီးအကဲများ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကူကယ်ရာမဲ့ ခေါင်းခါလိုက်ကြသည်။
ရှုပ်ထွေးနေသော လှုပ်ရှားမှုများကြားတွင် ယွီထျန်းယန် ၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါ တစ်ခုတည်းသာ အေးခဲသွားသည်။
သူ့မျက်စိရှေ့မှာတင် လူတစ်ယောက်ကို သတ်ပြလိုက်တာ၊ ဒါ တကယ် မထီမဲ့မြင်ပြုလိုက်တာပဲ။
"ရမ်းကားလိုက်တာ။"
ယွီထျန်းယန် ဒေါသထွက်လာသည်။ ဒါ 'အမွေခံ ဂိုဏ်းသား' ဖြစ်လာပြီးနောက်ပိုင်း သူ မကြုံဖူးသော အတွေ့အကြုံ ဖြစ်သည်။
စုချန် က ဒီလောက် ခေါင်းမာနေမှတော့၊ ဒီနေ့ ဒီကောင့်ကို ဒုက္ခိတ ဖြစ်အောင် လုပ်ပေးမယ်။
ယွီထျန်းယန် ပါးစပ်ဖွင့်လိုက်သည့် ခဏတွင်၊ မိုးကြိုးပေါက်ကွဲသံများ ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့် တစ်ခုလုံး မြည်ဟီးသွားရာ၊ လူတိုင်း လန့်ဖျပ်ပြီး တိတ်ဆိတ်သွားကြသည်။
"ဂိုဏ်းတူအစ်ကိုကြီး ယွီ၊ စုချန် က ယန်ယွင်ဖေး ကို သတ်လိုက်တာက ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့် ရဲ့ စည်းမျဉ်းနဲ့ အညီပါပဲ။ ဂိုဏ်းတူအစ်မကြီး ယွဲ့ မျက်နှာကို ထောက်ပြီး သက်ညှာပေးပါဦး။"
ချင်းလန် အမြန် ဝင်ရောက်ပြောဆိုပြီး စုချန် အတွက် တောင်းပန်လိုက်သည်။ အကယ်၍ ယွီထျန်းယန် သာ အခု ထပ်မံ တိုက်ခိုက်လိုက်လျှင်၊ စုချန် လွတ်မြောက်ဖို့ အခွင့်အရေး ပေးမှာ မဟုတ်ဘူး။ အထူးသဖြင့် စုချန် က အင်အားကုန်ခမ်းနေပြီ ဖြစ်သည်။
"မင်း ဒီမှာ ဝင်ပြောခွင့် မရှိဘူး။"
ယွီထျန်းယန် ၏ အကြည့်တစ်ချက်တည်းဖြင့် ချင်းလန် စကားမပြောနိုင် ဖြစ်သွားပြီး၊ မျက်နှာ ဖြူဖျော့သွားသည်။
ယခုအချိန်တွင် စုချန် သည် သေခြင်းတရားကို အမှန်တကယ် ရင်ဆိုင်နေရပုံ ပေါ်သည်။
ဓားသင်္ချိုင်း အတွင်းတွင်လည်း အကြီးအကဲကျိုး ၏ အကြည့်သည် လေထု အလွှာများကို ဖောက်ထွင်းပြီး ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့် ပေါ်သို့ ကျရောက်နေသည်။ ဓားပျံ ထောင်ပေါင်းများစွာမှာ ဖြည်းညှင်းစွာ လှည့်ပတ်နေပြီး၊ လိုအပ်လာလျှင် အချိန်မရွေး ဝင်ရောက်စွက်ဖက်ရန် အသင့်ဖြစ်နေသည်။
သို့သော် ယွီထျန်းယန် မလှုပ်ရှားမီ၊ ခမ်းနားထည်ဝါသော အလင်းတန်းကြီး တစ်ခု ကျောက်စိမ်းတောင်ထွတ် မှ ကောင်းကင်သို့ တည့်မတ်စွာ ပျံသန်းလာချေသည်။ ထို့နောက် ပုံရိပ်တစ်ခုက ကောင်းကင်သို့ ပျံတက်လာပြီး၊ အားကောင်းသော 'ကနဦး ဝိညာဉ်အဆင့်' အရှိန်အဝါမှာ ရှုတောင် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
အခန်း ၆၄ - နေနှင့်လ ထိပ်တိုက်တွေ့ဆုံခြင်း
လရောင်ပြောင်းလဲသွားသည်နှင့် ထိုအထီးကျန်ပုံရိပ်၏နောက်ကျောတွင် တောက်ပသောလမင်းကြီးတစ်စင်းပမာ ပေါ်ထွက်လာပြီး ကြယ်စုံသောညတစ်ညကဲ့သို့ လင်းလက်ကာ တောက်ပနေသည်။
မည်သူမျှ ယွဲ့လျိုရွှမ်၏ ရင်သပ်ရှုမောဖွယ် ကျက်သရေအလှကို သေချာမကြည့်လိုက်ရသေးခင် သူမသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့်ပေါ်သို့ တိုက်ရိုက်ရောက်ရှိသွားသည်။
တစ်ခဏအတွင်း ကောင်းကင်ယံရှိ ထိုတောက်ပသောလမင်းကြီးမှ အဆုံးမဲ့ လ ရောင်ဝါများ ထွက်ပေါ်လာပြီး၊ တာကျိုးသွားသော ဆည်တမံကဲ့သို့ ယွီထျန်းယန်၏ လွှမ်းမိုးနေသောဖိအားကို ရိုက်ခွဲပစ်လိုက်သည်။
"ကြည့်ရတာ အရင်တစ်ခေါက်တုန်းက ငါပေးခဲ့တဲ့သတိပေးချက်က မလုံလောက်သေးဘူးထင်တယ်။"
နောက်ထပ်စကားတစ်ခွန်းမျှမဆိုဘဲ ယွဲ့လျိုရွှမ် လက်ကိုမြှောက်ပြီး ဓားစွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်ရာ၊ ကြောက်မက်ဖွယ်စွမ်းအားကြောင့် မိုးမြေ ပြင်းထန်စွာတုန်ခါသွားသည်။
ကနဦးဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ နတ်ဘုရားစွမ်းအားသည် တောင်တန်းတွေကို ရွှေ့ပြောင်းနိုင်သကဲ့သို့ သမုဒ္ဒရာကို ခမ်းခြောက်စေနိုင်သည်အထိ ကြီးမားလှသည်။ ကောင်းကင်တစ်ခုလုံးသည် ပင့်ကူအိမ်သဏ္ဍာန် ကွဲအက်သွားသဖြင့် ဂိုဏ်းသားအားလုံး မှင်သက်သွားကြသည်။
မြင့်မားသောစင်မြင့်ပေါ်မှ အကြီးအကဲများသည် ပဋိပက္ခကိုဖြေရှင်းရန် ရည်ရွယ်ထားသော်လည်း၊ ဤစွမ်းအားကို ရင်ဆိုင်ရသောအခါ အားလုံးမျက်နှာဖြူဖျော့သွားပြီး ဘေးရှောင်နေလိုက်ကြသည်။
စင်မြင့်တစ်ခုလုံး ချက်ချင်းဖုန်မှုန့်အဖြစ် ပေါက်ကွဲထွက်သွားပြီး၊ ပြင်းထန်သောသတ်ဖြတ်လိုစိတ်ဖြင့် တိုက်ခိုက်မှုက ယွီထျန်းယန်ကို တိုက်ရိုက်ဖိနှိပ်လိုက်သည်။
"ဝိုး အားကောင်းလိုက်တာ။"
စုချန်သည် ယွဲ့လျိုရွှမ်၏ လွှမ်းမိုးမှုအောက်တွင် ရောက်ရှိနေပြီး ထိခိုက်မှုမရှိသော်လည်း၊ သူမ၏ပြတ်သားပြီး ရက်စက်သောတိုက်ခိုက်မှုကြောင့် အံ့သြသွားသည်။
ယွဲ့လျိုရွှမ်သည် သီးသန့်ကျင့်ကြံရာမှ ထွက်လာ,လာချင်း သူ့ကိုတိုက်ခိုက်လိမ့်မည်ဟု ယွီထျန်းယန်လည်း ထင်မှတ်မထားခဲ့ပေ။ သူ့အဖို့ အလိုလိုပင် ကြိတ်မနိုင်ခဲမရ ဖြစ်သွားရသည်။
ပူပြင်းသောနေမင်းကြီးတစ်စင်းက သူ့နောက်ကျောတွင် ပေါ်လာပြီး၊ မုန်တိုင်းတစ်ခုကို ထုတ်လွှတ်ကာ ဝင်ရောက်လာသော ဓားစွမ်းအင်ကို ချက်ချင်းချေဖျက်ပစ်လိုက်သည်။
"လျိုရွှမ် ဒါဘာသဘောလဲ။"
ယွီထျန်းယန်သည် ရှုတောင်ဂိုဏ်း၏ နံပါတ်တစ်ဂိုဏ်းသားဖြစ်ပြီး၊ ယွဲ့လျိုရွှမ်ထက် စောစီးစွာ ကနဦးစယ ဝိညာဉ်အဆင့်သို့ ရောက်ရှိခဲ့သူဖြစ်သည်။ တစ်ဖက်လူက သူ့ကို ဒီလောက်မဆင်မခြင် တိုက်ခိုက်လာသည်မှာ အနည်းငယ် ဂုဏ်သိက္ခာ ထိပါးရာရောက်သည်။
"ကျွန်မ အိမ်ထောင်ဦးစီးလောင်းကို ဆုံးမဖို့က ရှင့်တာဝန်မဟုတ်ဘူး။"
စကားဆုံးသည်နှင့် ယွဲ့လျိုရွှမ် ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။ လိမ့်တက်နေသော လေနှင့်တိမ်တိုက်များကြားတွင်၊ ကြောက်မက်ဖွယ်အရှိန်အဟုန်ကြောင့် အခြားဂိုဏ်းသားများပါ အသက်ရှူမှားမတတ်ဖြစ်သွားပြီး အဝေးသို့ အမြန်ဆုတ်ခွာလိုက်ကြသည်။
"ဂိုဏ်းတူအစ်မကြီး ယွဲ့က စုချန်ကို ဒီလောက်ကာကွယ်ပေးလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဒါက ကနဦး ဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ဦးကြား တိုက်ပွဲကြီးဖြစ်လာတော့မှာလား။"
အခြားသူများလည်း ထိတ်လန့်သွားကြသည်။ အခြေတည်အဆင့် ကျင့်ကြံသူများကြား တိုက်ပွဲက ကြည့်လို့ကောင်းနိုင်သော်လည်း၊ ကနဦး ဝိညာဉ်အဆင့် ကျွမ်းကျင်သူများကြား စိန်ခေါ်ပွဲကတော့ ဘေးထွက်ဆိုးကျိုးများနိုင်ပြီး ဂိုဏ်းတစ်ခုလုံး ခံနိုင်ရည်ရှိချင်မှရှိမည်။
ယွဲ့လျိုရွှမ် ကောင်းကင်သို့ ပျံတက်လိုက်သည်နှင့်၊ သူမ၏မှော်ဓားဖြင့် ကောင်းကင်ကို ညွှန်လိုက်ရာ၊ ချက်ချင်းဆိုသလိုပင် မိုင် ၁၀၀ ပတ်လည်ရှိ တိမ်တိုက်များသည် တိမ်မည်းများဖြင့် ဖုံးလွှမ်းသွားပြီး၊ ကြောက်မက်ဖွယ် မိုးကြိုးဝဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မိုးပြိုလာသည့်ခဏတွင်၊ သူမနောက်ကျောမှ တောက်ပသောလမင်းကြီးသည် ပေ ၁၀၀၀ ရှည်လျားသော အဖြူရောင်ကျောက်စိမ်း ဖီးနစ်ငှက်ကြီးအဖြစ် ပြောင်းလဲသွားပြီး၊ အရပ်ရှစ်မျက်နှာအနှံ့ သာယာသောအသံဖြင့် အော်မြည်တွန်ကျူးလိုက်သည့်နောက် ဖီးနစ်ငှက်၏ အမွေးအတောင်များမှ အလင်းစက်များ ပြန့်ကျဲထွက်ပေါ်လာပြီး၊ လေထုတစ်ခုလုံးကို မျက်စိကျိန်းစေလေတော့သည်။
နောက်တစ်ခဏတွင် ဖီးနစ်ငှက်တစ်ခုလုံး ပုံရိပ်ယောင်အဖြစ် ပြောင်းလဲကာ မှော်ဓားထဲသို့ ဝင်ရောက်သွားပြီး၊ ယွဲ့လျိုရွှမ်၏ အရှိန်အဝါကို အံ့သြဖွယ်ကောင်းလောက်အောင် မြှင့်တင်ပေးလိုက်သည်။
ဓားချက်ကျရောက်လာတော့မည့်အချိန်တွင် ယွီထျန်းယန်၏ မျက်နှာထား အေးစက်သွားသည်။ ယွဲ့လျိုရွှမ်ကို မိန်းကလေးအဖြစ် သဘောထားသော်လည်း၊ ဤကဲ့သို့သော ရန်စမှုကိုမူ သည်းမခံနိုင်ပေ။
"အစ်ကိုက ဒီလောက်လေးကို ကြောက်မယ်လို့ တကယ်ထင်နေတာလား။"
ယွီထျန်းယန် ခြေထောက်ကိုဆောင့်နင်းလိုက်ရာ ပတ်ဝန်းကျင်ရှိ လေထုကွဲအက်သွားပြီး ကောင်းကင်သို့ ပျံတက်သွားသည်။ သူ့နောက်ကျောမှ ပူပြင်းသောနေရောင်ခြည်က တိမ်မည်းများကို ချက်ချင်း ဖယ်ရှားပစ်လိုက်သည်။
သူလက်သင်္ကေတလုပ်ပြီး ဂါထာရွတ်ဆိုလိုက်သည်နှင့်၊ ပူပြင်းသောနေမင်းကြီးသည် အဆတစ်ရာခန့် ကြီးထွားလာပြီး၊ ၎င်းထဲမှ ခြေသည်းငါးချောင်း ရွှေနဂါးကြီးတစ်ကောင် ပျံထွက်လာကာ နားကွဲမတတ် ဟိန်းဟောက်လိုက်သည်။
ရွှေနဂါး ဟိန်းဟောက်လိုက်သည့်ခဏတွင် ရှုတောင်တစ်ခုလုံး တုန်ခါသွားပြီး၊ မရေမတွက်နိုင်သော ကာကွယ်ရေးအစီအရင်များ လက်ခနဲဖြစ်ကာ အလိုအလျောက် အသက်ဝင်လာကြသည်။
ဒီလိုနတ်ဘုရားစွမ်းအားမျိုးနှင့် နှစ်ဖက်စလုံးသာ တိုက်ခိုက်ကြလျှင်၊ မိုးရော မြေပါမကျန် သေချာပေါက် ပျက်စီးသွားလိမ့်မည်။
"ဒါဘာဖြစ်နေကြတာလဲ။ အားလုံး ရပ်လိုက်ကြ။"
ကမ္ဘာဖျက်တိုက်ပွဲကြီး ဖြစ်ပွားလုဆဲအချိန်တွင်၊ ခမ်းနားသောအသံတစ်ခုသည် လေထုထဲမှ ရုတ်တရက်ထွက်ပေါ်လာပြီး၊ ဂိုဏ်းချုပ် ရွှီဝမ်ကျစ်သည် သူတို့နှစ်ဦးကြားတွင် ရုတ်တရက် ပေါ်လာသည်။
ဂိုဏ်းချုပ်ကို မြင်သောအခါ လူတိုင်းချက်ချင်း ရိုသေစွာဦးညွှတ်လိုက်ကြပြီး၊ ယွဲ့လျိုရွှမ်နှင့် ယွီထျန်းယန်တို့လည်း မဆင်မခြင် မလုပ်ရဲတော့ဘဲ သူတို့၏စွမ်းအားများကို ချက်ချင်း ပြန်လည်သိမ်းဆည်းလိုက်ကြသည်။
ဒါက စုချန် ဂိုဏ်းချုပ်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သော်လည်း၊ ဒီလူက ယုံနိုင်စရာမရှိလောက်အောင် အားကောင်းကြောင်း သံသယဖြစ်စရာမလိုပေ။ မာနကြီးသော ယွီထျန်းယန်နှင့် ယွဲ့လျိုရွှမ်တို့ပင် သူ့ကို မလွန်ဆန်ရဲကြချေ။
"မင်းတို့နှစ်ယောက်က ဂိုဏ်းရဲ့ အမွေခံဂိုဏ်းသားတွေ ဖြစ်ပါလျက်နဲ့ ဂိုဏ်းတူ မောင်ညီမတွေ အများကြီးရှေ့မှာ ရန်ဖြစ်နေကြတာ၊ ဒီသတင်းသာပျံ့သွားရင် ငါတို့ဂိုဏ်း အရှက်ကွဲစရာမဖြစ်ဘူးလား။"
ရွှီဝမ်ကျစ်သည် နှစ်ယောက်စလုံးကို ကြည့်လိုက်သော်လည်း လေသံမှာ မမာမတင်း သတိပေးသည့်သဘောသာ ပါဝင်သည်။
"ဂိုဏ်းချုပ်ပြောတာ မှန်ပါတယ်။ တပည့် စိတ်လိုက်မာန်ပါ လုပ်မိသွားပါတယ်။"
ယွီထျန်းယန်က အလွယ်တကူ ဝန်ခံလိုက်သော်လည်း ယွဲ့လျိုရွှမ်ကတော့ နှုတ်ဆိတ်နေသည်။
ရွှီဝမ်ကျစ် ခေါင်းညိတ်လိုက်ပြီး စုချန်ကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လိုက်ကာ ဆက်ပြောသည်။
"အခုချိန်မှာ အမတလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် မသင့်မမြတ်နဲ့ ပဋိပက္ခတွေဖြစ်နေတဲ့အချိန်မှာ ဒီလိုအသေးအဖွဲကိစ္စလေးတွေနဲ့ ဂိုဏ်းစည်းလုံးမှုပျက်ပြားအောင် မလုပ်ကြပါနဲ့။ လျိုရွှမ် မင်း ကနဦး ဝိညာဉ်အဆင့်ကို ရောက်ရှိသွားတာ ဆုချီးမြှင့်ရဦးမယ်။ မနက်ဖြန် မင်းကို မှော်ရတနာတစ်ခု ပေးသနားမယ်၊ အမတနဲ့ မိစ္ဆာစစ်ပွဲမှာ မင်းရဲ့နတ်ဘုရားစွမ်းအားကို အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ မျှော်လင့်တယ်။"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။"
ပဋိပက္ခ ဖြေရှင်းပြီးနောက် ဂိုဏ်းချုပ်ရွှီဝမ်ကျစ်လည်း ကျေနပ်စွာခေါင်းညိတ်ပြီး ပျောက်ကွယ်သွားသည်။
ဤကဲ့သို့ အုတ်အော်သောင်းနင်း ဖြစ်ပြီးနောက် ယွဲ့လျိုရွှမ်လည်း တိုက်ခိုက်ချင်စိတ် ကုန်ခမ်းသွားပြီး၊ စုချန်နံဘေးသို့ ပျံဆင်းလာသည်။
"သွားစို့၊ ငါမင်းကို ဓားသင်္ချိုင်းဆီ ပြန်ပို့ပေးမယ်။"
ဒီတစ်ကြိမ်တွင် ယွီထျန်းယန် သူ့ကိုမတားတော့ပေ၊ အခြေတည်အဆင့် ဂိုဏ်းသားတစ်ယောက်က သူ့အတွက် ဘာခြိမ်းခြောက်မှုမှ မရှိနိုင်ပေ။
သို့သော် စုချန် ထွက်မသွားပဲ ယွီထျန်းယန်ရှေ့သို့ လျှောက်သွားလိုက်ပြီး၊ သူ့မျက်နှာထားမှာ ဆောင်းဦးရေကန်ကဲ့သို့ တည်ငြိမ်နေသည်။
လူတိုင်း နားမလည်နိုင်ဖြစ်နေကြပြီး သူဘာဆက်လုပ်မလဲဆိုတာ မသိကြသော်ငြား ယွီထျန်းယန်ကတော့ ကြောက်ရွံ့ခြင်း အလျဉ်း မရှိပေ။
"ယွီထျန်းယန် ငါ ရှုတောင်ဂိုဏ်းကို စရောက်တုန်းက၊ ခင်ဗျားက ဂိုဏ်းတူအစ်မ ယွဲ့နဲ့ စေ့စပ်ထားတာ ဖျက်သိမ်းဖို့ ခြိမ်းခြောက်ဖိအား ပေးခဲ့တယ်၊ ငါ့ကို ပညာပြဖို့ ဓားသင်္ချိုင်းထဲတောင် တာဝန်ချခဲ့တယ်။ ဒါပေမဲ့ ငါအသက်ရှင်ရုံတင်မကဘဲ တစ်ဆင့်ပြီးတစ်ဆင့် ပိုသန်မာလာခဲ့တယ်။ ခင်ဗျားရဲ့နောက်လိုက်တွေအထိပါ ငါ့ကို အကွက်ဆင်ပြီး အကြိမ်ကြိမ် အနိုင်ကျင့်ခဲ့တယ်၊ ငါ့အိမ်သားတွေကို မျိုးပြုန်းသတ်ဖြတ်ဖို့ လူလွှတ်တဲ့အထိတောင် ယုတ်မာခဲ့တယ်။ ကံကောင်းထောက်မလို့ ငါဒီအခက်အခဲတွေအားလုံးကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်နိုင်ခဲ့ပြီး၊ အခု ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့်ပေါ် ရောက်လာနိုင်ခဲ့ပြီ။"
စုချန်သည် လွန်ခဲ့သောလအနည်းငယ်က သူ့အတွေ့အကြုံများကို တည်ငြိမ်စွာ ပြန်ပြောပြနေပြီး၊ ပရိသတ်ကြီးမှာတော့ သူ့ရည်ရွယ်ချက်ကို မသိသဖြင့် တိတ်ဆိတ်နေကြသည်။ ယွီထျန်းယန်ကတော့ သူ့ကို ဂရုမစိုက်သလို စိုက်ကြည့်နေသည်။
"ဟုတ်တယ်။ ငါက အခြေတည်အဆင့်ကို ရောက်နေရင်တောင် ခင်ဗျားရှေ့မှာတော့ ခုထိ ပုရွက်ဆိတ်တစ်ကောင်ပဲ။ ဟုတ်တယ်။ ခင်ဗျားက မြင့်မြတ်တဲ့ နေမင်းကြီးလိုပဲ၊ ဒါပေမဲ့ အဲ့လိုမြင့်မြတ်နေတိုင်း ခင်ဗျား ကျုပ်ကို စိတ်ကြိုက်နင်းချေဖို့ အကြောင်းပြချက် မဟုတ်ဘူး။ တစ်နေ့ကျရင် အတောက်ပဆုံးနေမင်းကြီးတောင် ကွယ်ပျောက်နိုင်တယ်ဆိုတာ ခင်ဗျားသိအောင် လုပ်ပြမယ်။"
နောက်ဆုံးထွက်ပေါ်လာသော စကားသံသည် ပဲ့တင်ထပ်သွားပြီး၊ စုချန်သည် နေပစ် လေးကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်မှာ၊ တစ်နေ့တွင် ပူပြင်းသောနေမင်းကြီးကို မြှားတစ်စင်းတည်းဖြင့် အပြီးတိုင် ပစ်ချတော့မည့်အလား သက်ရောက်စေသည်။
ထိုစကားကို ကြားသောအခါ လူအုပ်ကြီးမှာ ဆူညံသွားပြီး အားလုံးတုန်လှုပ်သွားကြသည်။
အခြေတည်အဆင့် အစောပိုင်းသာရှိသေးသော လူငယ်လေးတစ်ဦးက ရှုတောင်၏ နံပါတ်တစ် အမွေခံဂိုဏ်းသားကို စိန်ခေါ်ရဲသည်မှာ၊ သူ့သတ္တိက လေးစားစရာပင်။
"ဒီကောင်လေး ရူးသွားပြီလား။ ဂိုဏ်းတူအစ်ကိုကြီး ယွီကို ဒီလိုပြောရဲတယ်ပေါ့။"
"ဒီ မလောက်လေးမလောက်စား အင်အားလေးနဲ့၊ ဂိုဏ်းတူအစ်ကိုကြီး ယွီက လေတစ်ချက်မှုတ်လိုက်ရင်တောင် သေသွားမှာ။ ကိုယ့်အဆင့်ကိုယ် မသိဘူးပဲ။"
ယွီထျန်းယန်၏ ထောက်ခံသူအများအပြားက ဆဲဆိုဝေဖန်ကြသော်လည်း၊ စုချန်ကို လေးစားသော လူနည်းစုကတော့ အလွယ်တကူ ဝင်မပြောရဲကြပေ။
သို့သော် ယွဲ့လျိုရွှမ်ကတော့ စုချန်၏လုပ်ရပ်ကြောင့် အနည်းငယ်အံ့သြသွားသည်။ သူဒီလောက် ယောက်ျားပီသလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ ဒီအချက်က သူမ အကြိုက်နှင့် ကိုက်ညီပြီး၊ ရင်ထဲတွင် သဘောကျကျေနပ်မိသွားသည်။
ယွီထျန်းယန်လည်း အနည်းငယ်အံ့သြသွားသည်။ ဒီနှစ်တွေတစ်လျှောက် ဘယ်သူမှ သူ့ကို ဒီလိုမပြောရဲခဲ့ဖူးပေ။ နောက်ဆုံးတော့ သူ စုချန်ကို မျက်လုံးချင်းဆုံပြီး ကြည့်လိုက်မိသည်။
သူတို့မျက်လုံးချင်း ဆုံမိသောအခါ ယွီထျန်းယန် ယုံကြည်မှုရှိရှိ ပြုံးလိုက်ပြီး ပြောသည်။
"ဒါဆိုရင်လည်း ကောင်းကင်ပေါ်က နေမင်းကြီးကို မင်းဘယ်လိုပစ်ချမလဲဆိုတာ ငါစောင့်ကြည့်နေမယ်။"
မရေမတွက်နိုင်သော ထောက်ခံသူများက ရုတ်တရက် အားပေးအော်ဟစ်လိုက်ကြပြီး၊ ယွီထျန်းယန်ထက်ပင် ပိုမိုယုံကြည်မှု ရှိနေကြသည်။
"ဂိုဏ်းတူညီမလေး ယွဲ့မျက်နှာကိုထောက်ပြီး ဒီကိစ္စကို ငါအပြစ်မယူတော့ဘူး။ ဂိုဏ်းသားတွေအားလုံးလည်း သွားအနားယူပြီး အင်အားမွေးထားကြ။ မိစ္ဆာလမ်းစဉ်ခြောက်ဂိုဏ်းက ပြဿနာရှာနေတာ ကြာပြီ၊ သူတို့ကို သုတ်သင်ဖို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ပြင်ဆင်ထားကြပါ။"
"ဂိုဏ်းတူအစ်ကိုကြီးရဲ့ အမိန့်ကို နာခံပါ့မယ်။"
ဂိုဏ်းသားထောင်ပေါင်းများစွာ တညီတညွတ်တည်း တုံ့ပြန်လိုက်ရာ၊ သူတို့၏အသံများက မိုးထိအောင်ပင် တုန်ခါသွားစေသည်။