← Chapters

ငါးကို သတ်ခြင်း ( ၂ )

Vol. 9 Ch. 128

ငါးကို သတ်ခြင်း ( ၂ )

Vol. 9 Ch. 128

အလင်းတန်းသည် တိုးဝင်လာသော ဝေလငါးနှင့် တစ်ခါတည်း ထိပ်တိုက်တွေ့ဆုံသွားသည်။ ဝေလငါးမှာ တဝုန်းဝုန်း လဲကျသွားပါသော်လည်း ပြိုကွဲမသွားချေ။ ၎င်းက လက်ကျန်ခွန်အားများဖြင့် အရှိန်လျော့သွားသော လှိုင်းလုံးများသဖွယ် ရိုက်ခတ်လိုက်သည်။

ရေသူထီးလူငယ် တုန်ခါသွားပြီး နောက်ဆုတ်၍ သွေးတစ်ပွက် အန်လိုက်သည်။ အပြာရောင်အလင်းတန်းက ထူးဆန်းသောအရိပ်အား အရှိန်လျော့အောင်လုပ်နေသည့်အချိန်ကို သူ အခွင့်အရေးယူ၍ ရက်စက်ကြမ်းကြုတ်သောအသွင်ဖြင့် သိုလှောင်အိတ်ကို ဖွင့်ရန် ပြင်လိုက်သည်။

ထိုအခိုက် သူ၏ခန္ဓာကိုယ်ပေါ် ပျံ့နှံ့ဝင်ရောက်ခဲ့သော အရိပ်က ထပ်မံပေါက်ကွဲလာပြီး သူ့လက်များကို နောက်တစ်ဖန် ရစ်ပတ်လာပြန်သည်။ ၎င်းက သူ၏ခန္ဓာကိုယ်ပေါ် အလုအယက် ဆက်လက်ပျံ့နှံ့လာသည်။

ထိုမြင်ကွင်းက ရေသူထီးလူငယ်ကို လုံးလုံးလျားလျား တုန်လှုပ်သွားစေသည်။ ထိုစဉ် အမှောင်ထုထဲမှနေ၍ အနက်ရောင်အေးစက်စက်အလင်းတန်းတစ်တန်း တရွှီရွှီမြည်သံပေး၍ သူ့ခေါင်းတည့်တည့်ကို ဝင်ရောက်လာသည်။

ထိုအေးစိမ့်စိမ့်အလင်းတန်းနောက်၌ မီးခိုးရောင်ဝတ်ရုံဝတ်လူရိပ်တစ်ရိပ်ရှိနေပြီး ရေကန့်လန့်ကာကို ဖြတ်၍ ဝင်လာသည်ကို သူ မြင်လိုက်ရသည်။

ထိုလူရိပ်သည် လျှပ်စီးလက်သည့်အလား မြန်ဆန်သွက်လက်နေသည်။

ထိုလူရိပ်က လူငယ်လေးတစ်ယောက်ဖြစ်ပြီး သူ၏ဆံပင်ရှည်များက လေထဲ တဖျပ်ဖျပ်လွင့်နေကာ မျက်နှာပေါ်တွင် ခံစားချက်များ စိုးစဉ်းမျှ ရှိမနေပေ။ သူ၏မျက်လုံးများထဲရှိ အလင်းသည်သာ ထိုတည်ငြိမ်မှုကြားတွင် အေးစက်စက်အငွေ့အသက်များ ရှိနေသည်ကို လှစ်ဟပြနေသည်။

“ မင်းကိုး ”

ရေသူထီးလူငယ်က ရွှီချင်းကို မှတ်မိလိုက်သည်။ သေရေးရှင်ရေးအခြေအနေသို့ ရောက်နေပြီဖြစ်၍ သူက ရုတ်တရက် ငွေရောင်အလင်းတန်းတစ်တန်းကို မှုတ်ထုတ်လိုက်သည်။

ငွေရောင်အလင်းတန်းက ကြီးထွားလာပြီး ဧရာမလွန်းပျံကြီးအသွင် ပြောင်း၍ မည်းနက်တောက်ပြောင်သော သံတုတ်ကလေးဆီ တရွှီရွှီမြည်သံပေးကာ ဝင်ရောက်သွားသည်။ လက်နက်အချင်းချင်း ထိပ်တိုက်တွေ့ရာမှ ဝုန်းခနဲ မြည်ဟည်းသံ လွင့်ပျံလာသည်။

ပြင်းထန်သောတန်ပြန်အားကြောင့် လွန်းပျံကြီးနှင့် သံတုတ်ကလေးတို့ ယိုင်ထွက်သွားသည်။ လက်နက်များ ထိပ်တိုက်တွေ့ဆုံခြင်းနှင့် ယိုင်ထွက်သွားခြင်းတို့က ရွှီချင်းနှင့် ရေသူထီးလူငယ်၏ အကြည့်များကို လွှဲဖယ်ရန် မစွမ်းနိုင်ချေ။

သူတို့နှစ်ယောက် အကြည့်ချင်း ဆုံသွားသည့်အခိုက် ရွှီချင်းက ချက်ချင်း ချဉ်းကပ်သွားသည်။ တချိန်တည်းမှာပင် ရေသူထီးလူငယ်၏ ပါးများ ဖောင်းကားလာပြီး ဆူးချွန်များသဖွယ် ဖြစ်လာသည်။ ယင်းကြောင့် သူ့ကိုကြည့်ရသည်မှာ ချောက်ချားစရာကောင်းနေသည်။ ထို့နောက် သူက အပြာရောင်ပုလဲတစ်လုံး အလျင်အမြန် ထွေးထုတ်လိုက်သည်။

“ သေစမ်းကွာ ”

ရေသူထီးလူငယ် အော်ဟစ်ကြုံးဝါးလိုက်သည်။ အပြာရောင်ပုလဲလုံးက စူးရှတောက်ပသောအလင်းတန်းတစ်တန်းအသွင်ဖြင့် ပေါက်ကွဲသွားပြီး ရွှီချင်းနှင့်အနီးတစ်ဝိုက်ကို လွှမ်းခြုံသွားသည်။

ရေသူထီးလူငယ်က သူ၏မွေးရာပါနတ်အစွမ်းကို အလွန် ယုံကြည်မှုရှိနေပြီး အခြေတည်အဆင့်သာ ရောက်မနေပါက ချီစုစည်းခြင်းအဆင့်အထွတ်အထိပ်ကို ရောက်နေသည့်တိုင်အောင် လူအနည်းအကျဉ်းသာ အသက်ရှင်နိုင်မည် ဖြစ်သည်။ သူ၏နှုတ်ခမ်းထောင့်စွန်းက ကြောက်မက်ဖွယ်အပြုံးတစ်စအသွင် ကွေးညွတ်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ထူးဆန်းသောအရိပ်ကို ဆက်လက်ဖြိုခွင်းရန် ပြင်လိုက်သည်။

ထိုအခိုက် ရှေ့တူရှုရှိ အပြာရောင်အလင်းတန်းတည်နေရာမှ တဂျိမ်းဂျိမ်းမြည်ဟည်းသံများကြောင့် သူ ကွက်ခနဲ မျက်နှာပျက်သွားသည့်အပြင် ကြောက်လန့်တုန်ရီသွားရသည်။

ဧရာမအရိပ်ကြီးတစ်ခုက အလင်းကို မားမားမတ်မတ် ရင်ဆိုင်နေ၏။

ထိုအရိပ်ကြီး၏ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်နေပြီး ခေါင်းတွင် ဦးချိုတစ်ချောင်း ရှိသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဆူးချွန်များ အစီအရီ ဖုံးလွှမ်းနေပြီး ၎င်းကို ကြည့်ရသည်မှာ တစ္ဆေများ၏ ခေါင်းဆောင်အလား ကြောက်မက်ဖွယ်ကောင်းသည်။

၎င်းက အပြာရောင်အလင်းတန်းကို ရင်ဆိုင်၍ ဟိန်းဟောက်နေသည်။ ထို့နောက် ၎င်း၏ကြီးမားသောလက်ကြီးကို မြှောက်၍ အလင်းတန်းကို ဆုပ်ကိုင်လိုက်သည်။

၎င်းမှာ ကွေအရိပ်ဖြစ်သည်။

ဧရာမ မည်းနက်သော ကွေအရိပ်အောက်မှနေ၍ ရွှီချင်းက ရေသူထီးလူငယ်ထံ ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ဆက်လက်ဝင်ရောက်သွားသည်။

အလင်းတန်းကြောင့် သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ထွက်ပေါ်လာပါသော်လည်း သက်သက်ပျောက်ကင်းသွားသည်ကို မျက်လုံးများဖြင့်ပင် မြင်နိုင်သည်။ ထိုအချိန်၌ သူ၏မျက်လုံးများထဲ လူသတ်ချင်စိတ်များ တောက်လောက်နေသည်။

ဆုကြေးငွေကို ရေသူထီးလူငယ်က လုယူရန် ကြိုးစားသောအခါတွင်ဖြစ်စေ၊ ဆိုင်ထဲက တိုက်ပွဲ၌ဖြစ်စေ ရွှီချင်းက အစွမ်းကုန်မထုတ်ခဲ့ပေ။ သူ၏အရိပ် မလှုပ်ရှားခဲ့သည့်အတွက် အသွင်မပြောင်းသွားခဲ့သလို သူ၏ပြန်လည်ကုစားနိုင်စွမ်းသည်လည်း မပေါ်ထွက်လာခဲ့ပေ။

သူ၏ စစ်မှန်သောအစွမ်းက သူ လူသတ်သည့်အခါမှသာ ထွက်ပေါ်လာသည်။

“ သွေးနဲ့ချီ အရိပ်အဖြစ်ကို ပြောင်းလဲခြင်း၊ ပြီးတော့ မင်းရဲ့ကျင့်ကြံခြင်း … မဖြစ်နိုင်ဘူး။ မင်းရဲ့ ပြန်လည်ကုစားနိုင်စွမ်း၊ ဒါက … ”

ရေသူထီးလူငယ်မှာ တစ်ခါမှ မကြုံစဖူး ကြောက်ရွံ့ထိတ်လန့်နေသည်။ သေရေးရှင်ရေးအခြေအနေက သူ့ကို ကြောက်လန့်သွားစေကာ သူ၏စကားလုံးများ ပြတ်တောင်းပြတ်တောင်း ဖြစ်လာတော့သည်။

သူ သိုလှောင်အိတ်ကိုဖွင့်၍ ကျောက်စိမ်းပေလွှာကို ထုတ်ကာ အကူအညီတောင်းချင်ပါသော်လည်း အရိပ်က အသက်ရှိနေသည့်အလား သူ၏အတွေးများကို သိနေဟန်တူသည်။ ၎င်းက သူ့လက်များကို တင်းတင်းကြပ်ကြပ် ချုပ်ထားပြီး လက်မြှောက်ကာ ပစ္စည်းများကို ထုတ်ရန် အခွင့်အရေးမပေးချေ။ ရွှီချင်းသည်လည်း အချိန်ဖြုန်းမနေဘဲ တရွေ့ရွေ့ ချဉ်းကပ်လာသည်။ သူ၏ညာလက်မှ အေးစက်စက်ဝင်းလက်သွားပြီး ဓားမြှောင်တစ်လက် ပေါ်လာသည်။

ဓားမြှောင်ကို မြင်သောအခါ ရေသူထီးလူငယ်က သွေးရူးသွေးတန်း အော်ဟစ်လိုက်သည်။ ထိုအချိန်၌ သူ၏လည်ပင်းကို ရစ်ပတ်နေသော အရိပ်ကို သူ ဂရုမစိုက်နိုင်တော့သလို အရိပ်ချုပ်ထားသည့်ခန္ဓာကိုယ်ပေါ်ရှိ နေရာတိုင်း တိုက်စားခံနေရသည်ကိုလည်း သူ ဂရုမစိုက်အားတော့ပေ။ ထိုသေရေးရှင်ရေးအခြေအနေ၌ သူ၏ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ယမ်းသွားသည်။

သူ၏ခြေထောက်က အပေါ်သို့ မြောက်တက်လာပြီး ချက်ချင်းဝေဝါးသွားကာ မည်းနက်နေသော ငါးအမြီးတစ်ချောင်းအသွင် ပြောင်းလဲသွားကာ ရွှီချင်းထံ ဝင်ရောက်သွားသည်။ ထိုအချိန်၌ သူ၏သွေးမျိုးဆက်စွမ်းအား အပြည့်အဝ ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် ရေသူထီးပုံရိပ် ပေါ်လာပြီး သူ၏အမြီးနှင့် ပေါင်းစပ်ကာ ပြင်းထန်သော တိုက်ကွက်တစ်ခုအသွင် ဖော်ဆောင်လိုက်သည်။

ရွှီချင်းသည် မျက်နှာပျက်မသွားဘဲ အရှိန်လည်း နှေးမသွားချေ။ သူ ချက်ချင်း အနီးရောက်လာပြီး ဘက်လက်သီးဖြင့် ထိုးလိုက်သည်။ သူ၏နောက်မှ အရိပ်က ဟိန်းဟောက်၍ လက်သီးနှင့်ပေါင်းစပ်ကာ တစ်ပြိုင်နက်တည်း ထိုးနှက်လိုက်သည်။

အရေပြားများ ကွာကျသွားပြီး အသားများ ပြိုကွဲသွားသည်။

လက်သီးချက်ကြောင့် ရေသူထီးပုံရိပ်သည်လည်း ပေါက်ကွဲသွားပြီး ဧရာမငါးအမြီးသည်လည်း အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသည်။

ရေသူထီးလူငယ်ထံမှ သွေးပျက်ခမန်း အော်ဟစ်သံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါနေသည်။ သို့သော်လည်း ရေကန့်လန့်ကာက ထူထပ်သိပ်သည်းလွန်းသည်ဖြစ်၍ လမ်းကြားထဲတွင် အသံကို လုံအောင် ပိတ်ထားသည်။

“ ကျိန်စာ ”

သွေးပျက်ခမန်းအော်ဟစ်သံများကြားတွင် ခန္ဓာကိုယ်အောက်ပိုင်း ဆုံးရှုံးလိုက်ရပြီဖြစ်သည့် ရေသူထီးလူငယ်၏မျက်လုံးများ နီမြန်းနေသည်။ သူ၏အော်ဟစ်သံကြောင့် သူ၏ပြတ်တောက်သွားသော ငါးအမြီးမှ အသွေးအသားများက အသက်ဝင်လာသည့်အလား တမြေ့မြေ့တောက်လောင်လာသည်။ ထို့နောက် ရွှီချင်းရှိသည့်နေရာသို့ ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် အဖက်ဖက်မှနေ၍ တခဏလေးအတွင်း တိုးဝင်လာကြသည်။

ထိုဖုံးအုပ်လိုက်သည့်နှုန်းက မြန်ဆန်ပါသော်လည်း ရွှီချင်း၏ အမြန်နှုန်းလောက် မမြန်ပေ။ အသွေးအသားများ သူ့ကို ဖုံးအုပ်လိုက်သည့်အခိုက် သူက ရိပ်ခနဲ ပြေးထွက်သွားပြီဖြစ်ရာ သူ၏အရိပ်ကိုသာ ဖုံးအုပ်မိသွားသည်။

သူ၏ခန္ဓာကိုယ်အစစ်ကတော့ ရေသူထီးလူငယ်၏နောက်၌ ပေါ်လာသည်။ အသွေးအသားများ နောက်ထပ် မဖမ်းဆုပ်နိုင်ခင် အေးစက်စက်ဓားမြှောင်တစ်လက်က ထိတ်လန့်အံ့သြနေဆဲဖြစ်သည့် ရေသူထီးလူငယ်၏လည်ပင်းပေါ် ကျရောက်သွားသည်။

“ ရွှီချင်း၊ ငါ … ”

ရေသူထီးလူငယ် တုန်ရီသွားပြီး သူ၏အသံက စူးရှကာ မြန်ဆန်သည်။ သို့သော်လည်း သူ စကားဆက်ပြောရန် အခွင့်အရေး မရလိုက်ပေ။ ထိုစကားသုံးခွန်း ပြောပြီးသည်နှင့် ဓားမြှောင်မှ အေးစက်စက်အငွေ့အသက်များက ကျူးကျော်ဝင်ရောက်လာခဲ့လေပြီ။

ရွှီချင်းက အညှာအတာကင်းမဲ့စွာ လည်မျိုကို လှီးဖြတ်လိုက်သည်။ နောက်ဆုံးစကားများကို သူ နားထောင်သည့်အကျင့်မရှိပေ။

ရင်းနှီးသော လည်မျိုလှီးသံ လွင့်ပျံသွားသည်။

လတ်ဆတ်သောသွေးများ ချက်ချင်း ပန်းထွက်သွားပြီး ရေသူထီးလူငယ်၏ခန္ဓာကိုယ် တဆတ်ဆတ် တွန့်ကွေးသွားသည်။ သူက စဉ်းတီတုံးပေါ်၌ လည်မျို ခုတ်ထစ်ခြင်း ခံလိုက်ရသော ငါးတစ်ကောင်နှယ် ဖြစ်နေပေသည်။

သူ၏မျက်လုံးများ ပြူးကျယ်နေပြီး ခေါင်းလှည့်ကြည့်ချင်ပါသော်လည်း မလုပ်နိုင်ချေ။ အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက် သူ၏အသိ မလွတ်သွားသေးခင် နောက်ဆုံးအချိန်၌ သူ့အထက်တွင် အုပ်မိုးနေသော ရွှီချင်း၏မျက်နှာကို သူ မြင်လိုက်ရသည်။

“ မင်းလုပ်လို့ ငါအင်္ကျီတွေ ညစ်ပတ်သွားပြီ ”

ရွှီချင်းက ခပ်တိုးတိုးပြောလိုက်သည်။ ယင်းသည် အစမှအဆုံးတိုင်အောင် ရွှီချင်းပြောသည့် တစ်ခွန်းတည်းသော စကားဖြစ်သည်။

“ မင်း …”

ရေသူထီးလူငယ်၏ လည်ပင်းမှ လတ်ဆတ်သောသွေးများ ပန်းထွက်နေဆဲပင်။ သူ တဖြည်းဖြည်း အသက်ရှူသံ တိုးလာသည်။ ပွင့်နေသေးသော သူ၏မျက်လုံးများထဲတွင် လောကကြီးကို လွမ်းဆွတ်တမ်းတနေသေးသည့်အရိပ်အယောင်များနှင့် မယုံကြည်နိုင်ခြင်းများ ယှက်သန်းနေသည်။ သူကဲ့သို့ ကောင်းချီးပေးခံသည့်လူတစ်ယောက်က ဤနေရာတွင် သေရသည်ကို သူ တစ်ခါမှ မမျှော်လင့်ထားသည့်အလားပင်။

နောက်ဆုံးထွက်သက်ကို သူ မှုတ်ထုတ်လိုက်သည်။

ရွှီချင်းသည် တည်ငြိမ်နေ၏။ သူက အမြန်နှုန်းကို တိုးမြှင့်ပေးသည့် ခြေထောက်မှ အဆောင်ရတနာကို ဖြုတ်လိုက်ပြီး ရေသူထီးလူငယ် ဖွင့်ရန် အခွင့်အရေး မရခဲ့သည့် သိုလှောင်အိတ်ကို ကောက်ယူလိုက်သည်။ သူက ချာခနဲလှည့်၍ လမ်းကြားထဲမှ ထွက်လာသည်။ ရေသူထီးလူငယ်၏အလောင်းပေါ်ရှိ အရိပ်က ချက်ချင်း နောက်ဆုတ်သွားပြီး ရွှီချင်း၏ ခြေထောက်အောက်သို့ ပြန်ရောက်သွားသည်။

ရွှီချင်းသည် လမ်းကြားလေးအဝသို့ ရောက်သည့်တိုင်အောင် ခြေလှမ်းများ ရပ်မသွားသလို နောက်လှည့်ကြည့်ခြင်းလည်း မရှိချေ။ သူက ညာလက်ကို မြှောက်လိုက်ပြီး နောက်သို့ ဖမ်းဆုပ်လိုက်သည်။

လမ်းကြားလေးကို ပိတ်လှောင်ထားသည့် ရေကန့်လန့်ကာက အရှိန်အဟုန်ပြင်းစွာ တုန်ခါလာပြီး ရွေ့လျားလာသည်။

ရေသူထီးလူငယ်၏အလောင်းကို အလယ်ဗဟိုအဖြစ်ထား၍ ၎င်းက ကြီးရာမှ သေးလာပြီး တဖြည်းဖြည်း ကျုံ့လာသည်။ နောက်ဆုံး၌ ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ ဘေးပတ်ဝန်းကျင်ရှိ ရေကန်လန့်ကာမှ ဖိအားအားလုံးက ရေသူထီးလူငယ်၏အလောင်းပေါ် စုဆုံသွားသည်။

လမ်းကြားထဲရှိ အသားစများနှင့် ရေသူထီးလူငယ်၏အလောင်းက လုံးလုံးလျားလျား ပြိုကွဲသွားပြီးနောက် ဘာမှမကျန်တော့ဘဲ သူ၏ခန္ဓာသာမက ဝိညာဉ်ပါ ဖျက်ဆီးခံလိုက်ရသည်။

ရွှီချင်းက အဝေးသို့ လှောက်သွားသည်။

ရေကန်လန့်ကာက တဖြည်းဖြည်း အောက်သို့ ကျဆင်းလာပြီး ရေစက်ကလေးများအသွင် ပြောင်းကာ တိတ်ဆိတ်နေသော လမ်းကြားလေးထဲရှိ အညစ်အကြေးများနှင့် သွေးကွက်များကို ဆေးကြောသန့်ရှင်းပေးလိုက်သည်။

မိုးကုတ်စက်ဝိုင်းဆီမှ မြင့်တက်လာနေသော နေမင်းကြီးက ရေအိုင်ကလေးများပေါ် ဖြာကျသွားပြီး စူးရှတောက်ပသော အလင်းများ ရောင်ပြန်ဟပ်နေတော့သည်။

ဆည်းဆာနေဝင်ချိန်မှ မိုးသောက်ယံအချိန်သည် ကောင်းကင်ကြီးအတွက် တခဏလေးသာ ဖြစ်သည်။ လူသားများအတွက်လည်း အတူတူပင်။

သေခြင်းနှင့် ရှင်ခြင်းဆိုသည်မှာလည်း တခဏလေးသာ ဖြစ်ပေသည်။

All Chapters