အခန်း (၄၆၁-၄၆၂)
Vol. 24 Ch. 461-462
အပိုင်း(၄၆၁) မဟာရွှေ့ပြောင်းမှုကြီး
စည်းလုံးခြင်းမြို့တော်သည် မျှော်လင့်ချက်မြို့တော်၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ပြန်လည်တည်ဆောက်ရေးဇုန် ဗဟိုချက်နှင့် နီးကပ်သည်။
၎င်းသည် ပျက်စီးဆုံးရှုံးမှု အများဆုံးခံခဲ့ရသည့် မြို့တစ်မြို့လည်း ဖြစ်သည်။
လော်ယွမ်သည် ယာဉ်ပျံ၏ ပုံရိပ်ယောင်မြင်ကွင်းမှတစ်ဆင့် မြို့နှင့် မိုင် ၂၀ ကျော်မျှသာ ကွာဝေးသော နေရာရှိ ဧရာမဗုံးခိုကျင်းကြီးတစ်ခုကို ထင်ရှားစွာ မြင်တွေ့နေရသည်။
ထိုနေရာတစ်ဝိုက်ရှိ ရေခဲနှင်းများ ဖုံးလွှမ်းနေသော ဧရိယာသည် လှိုင်းတွန့်သဏ္ဍာန် အနိမ့်အမြင့်များ ဖြစ်ပေါ်နေသည်။
ကပ်ဘေးသင့်ချိန်က ဤနေရာရှိ သဲမြေများသည် အပူချိန်လွန်ကဲမှုကြောင့် အရည်ပျော်ကျခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယခုကဲ့သို့ လှိုင်းတွန့်သဏ္ဍာန် တည်ဆောက်ပုံများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
ကံကောင်းထောက်မစွာပင် ထိုလှိုင်းတွန့်သဏ္ဍာန် ဧရိယာသည် စည်းလုံးခြင်းမြို့တော်နှင့် အလှမ်းကွာဝေးနေသေးသည်။
သို့မဟုတ်ပါက စည်းလုံးခြင်းမြို့တော် တစ်ခုလုံးသည်လည်း အပူချိန်ပြင်းထန်မှုကြောင့် အရည်ပျော်ကျသွားခဲ့ပြီး ဖြစ်ပေလိမ့်မည်။
သို့သော်လည်း မြို့တော်၏ ထိခိုက်မှုမှာ အတော်ပင် ပြင်းထန်လှသည်။
ကောင်းကင်ထက်မှ စီးမိုးကြည့်လိုက်ပါက စည်းလုံးခြင်းမြို့တော်၏ အပေါ်ပိုင်းအလွှာများနှင့် မြေအောက်ထပ်အချို့သည် လုံးဝပြိုကျပျက်စီးနေပြီး ရေခဲနှင်းများ ဖုံးလွှမ်းနေသော အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားသည်ကို တွေ့မြင်ရသည်။
ယာဉ်ပျံကြီးသည် စည်းလုံးခြင်းမြို့တော်နှင့် ၃ မိုင်ခန့်အကွာတွင် ဆင်းသက်လိုက်သည်။
ယာဉ်ပျံတံခါး ပွင့်သွားသည်နှင့် လော်ယွမ်နှင့် စစ်သည်အင်အား တစ်သောင်းကျော်တို့သည် ယာဉ်ပျံထဲမှ စည်းစနစ်တကျ ထွက်လာကြသည်။
လူအများစု၏ မျက်နှာပေါ်တွင် တုန်လှုပ်အံ့သြသည့် အရိပ်အယောင်များ ကျန်ရှိနေသေးပြီး မိမိတို့နောက်ရှိ ယာဉ်ပျံကြီးကို မကြာခဏ လှည့်ကြည့်နေမိကြသည်။
မကြာမီမှာပင် တပ်ဖွဲ့များသည် အပျက်အစီးများရှိရာသို့ ရောက်ရှိသွားကြသည်။ ထိုနေရာတစ်ခုလုံးမှာ ရေခဲနှင်းများဖြင့် ခဲဆွတ်နေလေပြီ။
"ဒီလောက်ထိ ပျက်စီးသွားလိမ့်မယ်လို့ မထင်ထားဘူး"
လီဖုန်းက လော်ယွမ့်ဘေးသို့ လျှောက်လာရင်း သက်ပြင်းချကာ ပြောလိုက်သည်။
"ဒီနေရာက ဗုံးခိုကျင်းနဲ့ နီးလွန်းတယ်... ပြီးတော့ ခဏနေရင် ညရောက်တော့မှာ... မြန်မြန်ဆန်ဆန်ပဲ ဖြေရှင်းကြတာပေါ့"
လော်ယွမ်က အချိန်ကို ကြည့်လိုက်ရင်း ပြောလိုက်သည်။ ယခုအခါ နေ့နှင့်ညကို ခွဲခြားရန် ခက်ခဲနေပြီ ဖြစ်သော်လည်း ညအချိန်ရောက်သည်နှင့် အပူချိန်က ပိုမိုကျဆင်းလာမည်မှာ အသေအချာပင်။
ဤနေရာတစ်ခုလုံး ရေခဲလွှာများ ဖုံးလွှမ်းနေသဖြင့် မြေအောက်သို့ ဆင်းနိုင်မည့် အက်ကွဲကြောင်းများ ရှာဖွေရန် ခက်ခဲနေသည်။
ကံကောင်းသည်မှာ ယခုတစ်ခေါက်တွင် လူအင်အား အများအပြား ပါလာခဲ့ခြင်းဖြစ်သည်။
လော်ယွမ့်အမိန့်ဖြင့် စစ်သည်တစ်သောင်းကျော် ဖြန့်ကျက်ရှာဖွေလိုက်ရာ သတင်းကောင်းကို လျင်မြန်စွာပင် ရရှိလိုက်သည်။
လော်ယွမ်သည် ဝင်ပေါက်ရှိရာသို့ ချက်ချင်း ရောက်ရှိလာသည်။
၎င်းမှာ လူများ တူးဖော်ထားပုံရသည့် အချင်း ပေ ၂၀ ခန့်ကျယ်ပြီး ၄၀ ဒီဂရီခန့် စောင်းနေသော ကြီးမားသည့် တွင်းပေါက်ကြီးတစ်ခု ဖြစ်သည်။
တွင်းပေါက်အနီးတစ်ဝိုက်ရှိ ရေခဲနှင်းများကိုလည်း ရှင်းလင်းထားသည်ကို တွေ့ရသည်။
တွင်းပေါက်ဝတွင် ရပ်လိုက်သည်နှင့် အပေါက်၏ အောက်ခြေမှ တက်လာသော "အပူငွေ့" တစ်ခုကို မျက်နှာတွင် အထင်းသား ခံစားလိုက်ရသည်။
အပူငွေ့ဟု ဆိုသော်လည်း အပြင်ဘက်ရှိ အလွန်အမင်း အေးခဲနေသော ရာသီဥတုနှင့် နှိုင်းယှဉ်၍သာ ပြောခြင်းဖြစ်ပြီး တကယ်တမ်းတွင် ထို "အပူငွေ့" ၏ အပူချိန်မှာ သုညအောက် ဒီဂရီ နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိနေသေးသည်။
ထိုကဲ့သို့သော တွင်းပေါက်မျိုး တစ်ခုတည်း ရှိသည်မဟုတ်ပေ။
များမကြာမီ တွင်းပေါက်များကို တစ်ခုပြီးတစ်ခု ရှာဖွေတွေ့ရှိလာရာ စုစုပေါင်း ၁၈ ခုအထိ ရှိလာခဲ့သည်။
ဤတွင်းပေါက်များသည် စည်းလုံးခြင်းမြို့တော်က အသစ်ဖောက်လုပ်ထားသော လေဝင်လေထွက်ပေါက်များ ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။
လီဖုန်းက တပ်ဖွဲ့ငယ်တစ်ခုကို စေလွှတ်၍ တွင်းပေါက်အတွင်းသို့ ဝင်ရောက်စုံစမ်းစေခဲ့ရာ ထိုလမ်းကြောင်းများသည် လူနေထိုင်ရာ နေရာများသို့ တိုက်ရိုက်ပေါက်ရောက်ကြောင်း တွေ့ရှိရသည်။
ပတ်ဝန်းကျင်တွင် အစောင့်ဟူ၍ တစ်ယောက်မှ မရှိဘဲ ကာကွယ်ရေးစနစ်မှာ အတော်ပင် လျော့ရဲနေသည်။
စဉ်းစားကြည့်လျှင်လည်း ယခုကဲ့သို့ ကမ္ဘာမြေကြီး အေးခဲနေချိန်တွင် သန္ဓေပြောင်း သတ္တဝါများပင် အသက်ရှင်ရန် ခက်ခဲနေပြီဖြစ်ရာ ခြိမ်းခြောက်မှု ဟူသည်မှာလည်း မရှိသလောက်ပင် ဖြစ်နေပြီဖြစ်သည်။
ထို့အပြင် လေဝင်လေထွက်ပေါက်များတွင် အပူချိန်မှာ ပို၍ နိမ့်ကျနေသဖြင့် ထိုနေရာမျိုးတွင် စောင့်ကြပ်ရန်မှာ သာမန်လူတစ်ယောက်အတွက် မည်သို့မျှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
လော်ယွမ်သည် တွေဝေမနေတော့ဘဲ တပ်မကြီးကို မြေအောက်မြို့တော်ထဲသို့ ဝင်ရောက်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
"စည်းလုံးခြင်းမြို့တော်မှ ပြည်သူများခင်ဗျား... ကျွန်တော်တို့ကတော့ မျှော်လင့်ချက်မြို့တော်မှ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ဖြစ်ပါတယ်... လက်ရှိအချိန်မှာ စစ်ဥပဒေ ထုတ်ပြန်ထားတဲ့အတွက် မိမိတို့နေအိမ်များထဲမှာပဲ နေကြပါ၊ အပြင်မထွက်ကြပါနဲ့"
"မျှော်လင့်ချက်မြို့တော်မှာ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်ပြီး တည်ငြိမ်မှုများလည်း ပြန်လည်တည်ဆောက်ပြီး ဖြစ်ပါတယ်... ခင်ဗျားတို့ကို မကြာခင်မှာပဲ မျှော်လင့်ချက်မြို့တော်ဆီ ရွှေ့ပြောင်းပေးမှာ ဖြစ်ပါတယ်... ခင်ဗျားတို့အနေနဲ့ လုံလောက်တဲ့ အစားအစာတွေ ရရှိတော့မှာ ဖြစ်သလို အအေးဒဏ်ကိုလည်း ခံစားကြရတော့မှာ မဟုတ်ပါဘူး..."
အသံချဲ့စက် အများအပြားမှ ကြေညာသံများသည် လမ်းမများထက်တွင် ပဲ့တင်ထပ်နေသည်။
မြေအောက်မြို့တော်မှ ပြည်သူများသည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော သူစိမ်းစစ်သည်များ လမ်းမများပေါ်သို့ ဝင်ရောက်လာပြီး ထိန်းချုပ်လိုက်သည်ကို မြင်လိုက်ရသောအခါ အားလုံးမှာ တုန်လှုပ်အံ့သြသွားကြပြီး တံခါးများကို အလျင်အမြန် ပိတ်လိုက်ကြသည်။
ထင်မှတ်ထားသလို ခုခံမှုမျိုး တစ်စုံတစ်ရာ မကြုံတွေ့ရပေ။ မူလက မြို့တော်၏ လုံခြုံရေးကို တာဝန်ယူထားသည့် စည်းလုံးခြင်းမြို့တော်မှ စစ်သည်များသည်လည်း ကြေညာချက်ကို ကြားလိုက်ရပြီးနောက် တိုက်ခိုက်လိုစိတ် လုံးဝမရှိကြတော့ဘဲ မျှော်လင့်ချက်မြို့တော်မှ စစ်သည်များ၏ သတိပေးချက်အောက်တွင် လက်နက်ချ အဖမ်းခံလိုက်ကြသည်။
လော်ယွမ်သည် စည်းလုံးခြင်းမြို့တော်၏ လမ်းမများပေါ်တွင် လျှောက်လှမ်းနေသည်။
လမ်းဘေးတစ်ဖက်တစ်ချက်ရှိ နံရံများပေါ်တွင် မီးုတ်တိုင်များ တောက်လောင်နေပြီး ပြင်းထန်သော မီးခိုးနံ့များ ထွက်ပေါ်နေသည်။
မီးလောင်ထားသော နေရာတစ်ခုသို့ ရောက်နေသကဲ့သို့ ခံစားရသည်။ ထိုမီးခိုးငွေ့များသည် မီးုတ်တိုင်များဆီမှသာ မကဘဲ အိမ်တိုင်းစေ့ဆီမှလည်း ထွက်ပေါ်နေခြင်း ဖြစ်သည်။
အနွေးထည် အဝတ်အစား ရှားပါးပြတ်လပ်နေချိန်တွင် ထင်းမီးဖို၍ အနွေးဓာတ်ယူခြင်းကသာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာခဲ့ပုံရသည်။
သတ္တိရှိသော ဒေသခံအချို့သည် တံခါးကို ဟရုံသာဖွင့်၍ မီးခိုးမှိုင်းမိထားသဖြင့် နီရဲနေသော မျက်လုံးများဖြင့် အပြင်ဘက်မှ အခြေအနေကို ချောင်းမြောင်းကြည့်ရှုနေကြသည်။
ထိုသူများသည် ဖိုသီဖတ်သီ အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ထူပွနေအောင် ဝတ်ထားကြသည်။
ရှိသမျှ ဝတ်စရာများကို ကိုယ်ပေါ်တွင် ထပ်၍ ဝတ်ဆင်ထားကြပြီး လူအများစုမှာ စောင်ပါးများကိုပါ ကိုယ်တွင် ပတ်ကာ ကြိုးဖြင့် တင်းကျပ်စွာ စည်းနှောင်ထားကြသည်။
သို့တိုင်အောင် အအေးဒဏ်ကြောင့် တဆတ်ဆတ် တုန်ရီနေကြရှာသည်။
လော်ယွမ်နှင့် လီဖုန်းတို့ စည်းလုံးခြင်းမြို့တော် အုပ်ချုပ်ရေးရုံးသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ရာ ဝင်ပေါက်တွင် လူတစ်စုက စောင့်ဆိုင်းကြိုဆိုနေကြသည်။
ခေါင်းဆောင်ဖြစ်သူ အရပ်ရှည်ရှည် လူလတ်ပိုင်းအရွယ် အမျိုးသားက သူတို့နှစ်ဦးကို အကဲခတ်သလို ကြည့်လိုက်သည်။
သူသည် စည်းလုံးခြင်းမြို့တော်၏ မြို့တော်ဝန် မာလင်း ဖြစ်သည်။ လီဖုန်းနှင့် ယခင်က အကြိမ်အနည်းငယ် တွေ့ဖူးပြီး ရင်းနှီးသည်ဟု ဆိုနိုင်သည်။
မျှော်လင့်ချက်မြို့တော်၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မတီအတွင်းရေးမှူး၊ ပြည်သူ့လုံခြုံရေးဌာန ညွှန်ကြားရေးမှူး တစ်ဦးအနေဖြင့် လီဖုန်းသည် ထိပ်တန်းခေါင်းဆောင်စာရင်းဝင် တစ်ဦးဖြစ်သည်မှာ အသေအချာပင်။
ယခုအခါ လီဖုန်းကဲ့သို့ ပုဂ္ဂိုလ်မျိုးက သူစိမ်းလူငယ်တစ်ယောက်၏ နောက်မှ ရိုရိုကျိုးကျိုး လိုက်ပါလာသည်ကို မြင်လိုက်ရသောအခါ သူအံ့သြသွားမိသည်။
"ခေါင်းဆောင်ကြီးနှစ်ဦး စည်းလုံးခြင်းမြို့တော်ကို ရောက်လာတာ ဝမ်းသာပါတယ်ဗျာ... မျှော်နေခဲ့ရတာပါ... ဒါနဲ့ ညွှန်ကြားရေးမှူးလီ၊ ဒီခေါင်းဆောင်က ဘယ်သူများပါလဲ မိတ်ဆက်ပေးပါဦး"
"မင်္ဂလာပါ မြို့တော်ဝန်မာ... မြို့တော်ဝန်ရှဲ့ကတော့ ကပ်ဘေးအတွင်းမှာ ကျဆုံးသွားပြီ... ဒီပုဂ္ဂိုလ်ကတော့ လက်ရှိ မျှော်လင့်ချက်မြို့တော်ရဲ့ မြို့တော်ဝန်... မြို့တော်ဝန်ယွမ်၊ လော်ယွမ် ဖြစ်ပါတယ်"
လီဖုန်းက ပြုံး၍ မိတ်ဆက်ပေးလိုက်သည်။
"သြော်... မြို့တော်ဝန်ယွမ်ကိုး... မင်္ဂလာပါ၊ မင်္ဂလာပါဗျာ"
မာလင်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ရင်ထဲတွင် တုန်လှုပ်သွားသည်။
လော်ယွမ်၏ အမည်ကို သူကြားဖူးထားသလို တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းအစကိုလည်း ကောင်းစွာ သိထားသည်။
ထို့ကြောင့် လုံးဝပေါ့ဆရဲခြင်းမရှိဘဲ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ လော်ယွမ့်ကို အလျင်အမြန်ပင် လက်ဆွဲနှုတ်ဆက်လိုက်သည်။
"မြို့တော်ဝန်မာ၊ အချိန်သိပ်မရှိတဲ့အတွက် ကျွန်တော် အပိုတွေ မပြောတော့ဘူး... ဒီကိုလာရတဲ့ အကြောင်းရင်းတစ်ခုပဲ ရှိတယ်... ဒီကပ်ဘေးအပြီးမှာ စည်းလုံးခြင်းမြို့တော်က နေထိုင်ဖို့ မသင့်တော်တော့ဘူး... ဒီကလူတွေအားလုံး မျှော်လင့်ချက်မြို့တော်ကို မဖြစ်မနေ ရွှေ့ပြောင်းရမယ်... မြို့တော်ဝန်မာ အနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်"
လော်ယွမ်က လက်ဆွဲနှုတ်ဆက်ရင်း ပြတ်သားစွာ ပြောလိုက်သည်။
ကြိုဆိုနေကြသော မြို့တော်တာဝန်ရှိသူများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကြောင်အမ်းသွားကြသည်။
မျှော်လင့်ချက်မြို့တော်မှ တပ်ဖွဲ့များ ရောက်လာခြင်းသည် စစ်အင်အား လာရောက်ပြသခြင်း၊ အာဏာဆက်ခံမှု အတည်ပြုခြင်း သို့မဟုတ် ပစ္စည်းဥစ္စာ ထောက်ပံ့ခြင်း အစရှိသည်တို့အတွက် ဖြစ်မည်ဟုသာ သူတို့ထင်ထားခဲ့ကြသည်။
လမ်းမများပေါ်တွင် စစ်သားများ အော်ဟစ်ကြေညာနေသကဲ့သို့ တကယ်တမ်း လူထုကို ရွှေ့ပြောင်းပေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဤရလဒ်နှင့် ပတ်သက်၍ အချို့မှာ စိတ်ရှုပ်ထွေးသွားကြသော်လည်း တိတ်တဆိတ် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားကြသည်။
စည်းလုံးခြင်းမြို့တော်၏ အခြေအနေမှာ အတော်ပင် ဆိုးရွားနေပြီ ဖြစ်သည်။
ရှည်လျားသော အမှောင်ထုနှင့် အအေးဒဏ်၊ ဖြေရှင်း၍ မရနိုင်သော အကျပ်အတည်းများကြောင့် မြို့တော်တစ်ခုလုံးသည် ပြည်တွင်းပြည်ပ ပြဿနာများနှင့် ရင်ဆိုင်နေရပြီး တည်ငြိမ်မှု ပျက်ပြားလုနီးပါး ဖြစ်နေသည်။
နောက်ထပ် ရက်အနည်းငယ်သာ ကြာမြင့်သွားပါက အဓိကရုဏ်းများ ဖြစ်ပွားလာမည့် အခြေအနေတွင် ရှိနေသည်။
"ပထမအသုတ် ရွှေ့ပြောင်းမယ့် အရေအတွက်က ဘယ်လောက်လဲ မသိဘူးခင်ဗျ" မာလင်းသည် ခေတ္တမျှ တွေဝေပြီးနောက် နာခံရန် ဆုံးဖြတ်လိုက်သည်။
စည်းလုံးခြင်းမြို့တော်၏ ယိုင်နဲ့နေသော အခြေအနေကို ထားလိုက်ဦး၊ မျှော်လင့်ချက်မြို့တော်မှ ခေါ်ဆောင်လာသည့် များပြားလှသော စစ်သည်အင်အားကို ကြည့်ရုံဖြင့် ငြင်းဆန်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။
"နှစ်သိန်းလောက်ပေါ့"
"နှစ်သိန်းတောင်လား"
မာလင်းမှာ တည်ငြိမ်စွာ နေနိုင်ရန် မနည်းထိန်းထားရပြီး အာမေဋိတ်သံ ထွက်သွားသည်။ ဘေးပတ်ဝန်းကျင်ရှိ လူများမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။
"ကျွန်တော် ရိုင်းတယ်လို့ မထင်ရင် တစ်ခုလောက် မေးပါရစေ... မျှော်လင့်ချက်မြို့တော်က ထရပ်ကား ဘယ်လောက်များများ ယူလာခဲ့ပါသလဲ"
မာလင်းက အလျင်အမြန် မေးလိုက်သည်။ စည်းလုံးခြင်းမြို့တော်နှင့် မျှော်လင့်ချက်မြို့တော်သည် အတော်ပင် ကွာဝေးပြီး အနည်းဆုံး မိုင် ၃၀ ခန့် ခရီးရှိသည်။
ကပ်ဘေးမတိုင်မီကဆိုလျှင် ဤမျှအကွာအဝေးသည် ပြောပလောက်သည့် ခရီးမဟုတ်ပေ။ သာမန်လမ်းလျှောက်သွားလျှင်ပင် ၇ နာရီ၊ ၈ နာရီခန့်ဆိုလျှင် ရောက်နိုင်သည်။
သို့သော် ယခုကဲ့သို့ ရေခဲနှင်းများ ဖုံးလွှမ်းနေပြီး အအေးဒဏ်လွန်ကဲနေသည့် အချိန်၊ စည်းလုံးခြင်းမြို့တော်မှ ပြည်သူများတွင် အနွေးထည် မလုံလောက်သည့် အခြေအနေမျိုးတွင် လမ်းလျှောက်သွားမည် ဆိုပါက ၇ နာရီ၊ ၈ နာရီ မဆိုထားနှင့် ၂ နာရီခန့် လမ်းလျှောက်ရုံဖြင့် လူများမှာ ရေခဲချောင်းများ ဖြစ်ကုန်ကြပေလိမ့်မည်။
တည်ငြိမ်ရင့်ကျက်သည်ဟု ဆိုရမည့် လီဖုန်းပင်လျှင် ယခုအချိန်၌ ဂုဏ်ယူဝင့်ကြွားချင်စိတ်ကို မထိန်းနိုင်တော့ပေ။
"မြို့တော်ဝန်မာ... အဲဒီကိစ္စအတွက်တော့ စိတ်မပူပါနဲ့... ကျွန်တော်တို့ဆီမှာ အဲဒီလောက်များတဲ့ ကားတွေတော့ မရှိပါဘူး... ကပ်ဘေးမတိုင်ခင်ကတောင်မှ မျှော်လင့်ချက်မြို့တော်မှာ လူနှစ်သိန်းကို တစ်ခေါက်တည်းနဲ့ သယ်ဆောင်နိုင်တဲ့ ကားအရေအတွက်မျိုး မရှိခဲ့ပါဘူး... ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ယာဉ်ပျံ ရှိတယ်လေ... စည်းလုံးခြင်းမြို့တော်ရဲ့ အစွန်နားမှာ ရပ်ထားပါတယ်"
"ယာဉ်ပျံ ဟုတ်လား"
မာလင်းမှာ နားကြားမှားသွားသည်ဟုပင် ထင်လိုက်မိပြီး ထပ်မံမေးမြန်းလိုက်သည်။
"ဟုတ်ပါတယ် ယာဉ်ပျံပါ... ခင်ဗျား နားကြားမမှားပါဘူး... ယာဉ်ပျံပါ... ဂြိုဟ်သားယာဉ်ပျံပါ"
လီဖုန်းက ပြုံး၍ ပြောလိုက်သည်။
"အချိန်မရှိတော့ဘူး... မြို့တော်ဝန်မာ အနေနဲ့ ရွှေ့ပြောင်းရေးကိစ္စကို ချက်ချင်း စီစဉ်ပေးပါ"
……
သူတို့၏ ရာထူးအဆင့်အတန်းအရ ဗိုရှင်း ဂြိုဟ်သားများ ရှိနေကြောင်းကို လုံးဝ မသိရှိခဲ့ကြပေ။
လီဖုန်းက အကြိမ်ကြိမ် ရှင်းပြပြီးမှသာ စည်းလုံးခြင်းမြို့တော်မှ ခေါင်းဆောင်များက ဤအချက်ကို ယုံကြည်လက်ခံလာကြသည်။
တစ်နာရီခန့် ကြာပြီးနောက်တွင် ရွှေ့ပြောင်းခြင်းလုပ်ငန်း စတင်လေတော့သည်။
မိုင်အတော်ကြာ ရှည်လျားသော လူတန်းကြီးသည် စည်းလုံးခြင်းမြို့တော်မှ ထွက်ခွာလာပြီး ကွင်းပြင်ကျယ်ကြီးဆီသို့ ဦးတည်ချီတက်လာကြသည်။
စည်းလုံးခြင်းမြို့တော်၏ ရှင်သန်နေထိုင်ရေး အခြေအနေမှာ အစွန်းရောက်အောင် ဆိုးရွားလွန်းနေသဖြင့် ရွှေ့ပြောင်းရေး သတင်းကို ကြားသည်နှင့် ပြည်သူများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်ကြသည်။
လူအုပ်ကြီးသည် ရွှေ့ပြောင်းမည့် အဖွဲ့ထဲသို့ အလုအယက် တိုးဝှေ့ဝင်ရောက်လာကြရာ လူပေါင်းရာချီမှာ အနင်းခံရပြီး သေဆုံးခဲ့ရသည်။
နောက်ဆုံးတွင် ပါလာသည့် စစ်သည်များက သေနတ်ဖောက် သတိပေးခြိမ်းခြောက်လိုက်မှသာ အခြေအနေကို အနိုင်နိုင် ထိန်းသိမ်းလိုက်နိုင်တော့သည်။
ထိုအဖြစ်အပျက်ကြောင့် ယခုတစ်ခေါက် ရွှေ့ပြောင်းမည့် လူဦးရေမှာ လော်ယွမ် ခန့်မှန်းထားသည်ထက် များစွာ ကျော်လွန်သွားခဲ့သည်။
မူလက နှစ်သိန်းဟု လျာထားသော်လည်း နောက်ဆုံးတွင် စုစုပေါင်း လေးသိန်းကျော်သွားခဲ့သည်။
လူအများအပြား ထွက်ခွာသွားကြပြီးနောက် စည်းလုံးခြင်းမြို့တော်ကြီး တစ်ခုလုံးမှာ ခြောက်ကပ်သွားတော့သည်။
ကံကောင်းသည်မှာ ကယ်ဆယ်ရေးယာဉ်ပျံကြီးသည် လုံလောက်အောင် ကြီးမားကျယ်ဝန်းနေခြင်း ဖြစ်သည်။
ဂိုဒေါင်သီးသန့် ဧရိယာသည်ပင်လျှင် စတုရန်းပေ သန်းပေါင်းများစွာ ကျယ်ဝန်းရာ စည်းလုံးခြင်းမြို့တော်မှ လူဦးရေ တစ်သန်းလုံးကို တစ်ခေါက်တည်းနှင့် အကုန်တင်ဆောင် ရွှေ့ပြောင်းလျှင်ပင် ရနိုင်လေသည်။
……
တစ်ရက်ခန့် အနားယူပြီးနောက် သုံးရက်မြောက်နေ့တွင် ယာဉ်ပျံကြီးသည် အရုဏ်ဦးမြို့တော်သို့ ဆင်းသက်ခဲ့ပြီး လူဦးရေ သုံးသိန်းကို ထပ်မံရွှေ့ပြောင်းပေးခဲ့သည်။
လေးရက်မြောက်နေ့တွင် အောင်ပွဲမြို့တော်သို့ ဆင်းသက်ခဲ့ပြီး လူဦးရေ သုံးသိန်းခွဲကို ရွှေ့ပြောင်းပေးခဲ့ပြန်သည်။
ငါးရက်မြောက်နေ့သို့ ရောက်သောအခါ ကုန်ထုတ်လုပ်မှု စွမ်းအားများ တစ်ရှိန်ထိုး တိုးတက်လာသည်နှင့်အမျှ အအေးဒဏ်ကာကွယ်ရေး ပစ္စည်းများလည်း အများအပြား ထွက်ရှိလာခဲ့သည်။
ထို့ကြောင့် ရွှေ့ပြောင်းမည့် လူဦးရေမှာလည်း ပိုမိုများပြားလာပြီး လေးသိန်းအထိ တစ်ဖန် ပြန်လည်ရောက်ရှိလာသည်။
လူအများအပြား ဝင်ရောက်လာသည်နှင့်အမျှ မူလက ကျယ်ဝန်းလှသော မျှော်လင့်ချက်မြို့တော်သည် လူများဖြင့် စည်ကားကြပ်သိပ်လာပြီး လူနေထိုင်ရာ ၅ လွှာတွင် ပြည့်နှက်ကျပ်တည်းလာသည်။
ကံကောင်းသည်မှာ မျှော်လင့်ချက်မြို့တော်၏ မြေအောက်ဧရိယာတွင် စုစုပေါင်း ၁၅ လွှာ ရှိပြီး လက်ရှိတွင် ၁၂ လွှာကိုသာ အသုံးပြုရသေးသည်။
၃ လွှာမှာ အလွတ်အတိုင်း ကျန်ရှိနေသေးသည်။ ထိုအထဲမှ တစ်လွှာကို စိုက်ပျိုးရေးဇုန်အသစ် အဖြစ် အသုံးပြုရန် ဖယ်ချန်ထားပြီး ကျန်ရှိသော ၂ လွှာကို လူနေထိုင်ရန် တိုးချဲ့နိုင်သည်။
ယာဉ်ပျံကြီးသည် ဒေသအသီးသီးသို့ ခေါက်တုန့်ခေါက်ပြန် သွားလာနေပြီး လူများသာမက များပြားလှသော ကုန်ပစ္စည်းများနှင့် စက်ယန္တရားများကိုပါ သယ်ဆောင်လာခဲ့သည်။
ဂိုဒေါင်များထဲတွင် ဆောက်လုပ်ရေးအတွက် သစ်များ အလုံအလောက် သိုလှောင်ထားရှိပြီး လုပ်အားပြည့်ဝသည့် လုပ်သားအင်အားနှင့် ပြန်လည်ပြုပြင်ထုတ်လုပ်ထားသော အင်ဂျင်နီယာသုံး စက်ယန္တရားများလည်း ရှိနေသည်။
ထို့ကြောင့် နေ့စဉ် အဆောက်အအုံ ဆောက်လုပ်မှုနှုန်းသည် လူဦးရေ တိုးပွားနှုန်းနှင့် ညီမျှနေလေသည်။
ခုနစ်ရက်မြောက်နေ့သို့ ရောက်သောအခါ ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်ကြီးမှာ အခြေခံအားဖြင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
လူသားမျိုးနွယ်၏ လက်ကျန်လူဦးရေမှာ ထင်ထားသည်ထက် နည်းပါးနေပြီး ၅ သန်းခန့်သာ ရှိတော့သည်။ ယခုအခါ ထိုသူအားလုံးသည် မျှော်လင့်ချက်မြို့တော်တွင် စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။
ထိုကာလအတွင်း လော်ယွမ်သည် အာကာသထဲတွင် ရှိနေသော မိခင်ယာဉ်ပျံကြီးဆီသို့ တစ်ခေါက်သွားရောက်ခဲ့ပြီး ရွှေ့ပြောင်းလာကြသည့် သုတေသီများနှင့် နည်းပညာပညာရှင်များကို ပို့ဆောင်ပေးခဲ့ကာ ထိုနေရာရှိ အခြေအနေများကို စစ်ဆေးခဲ့သည်။
လော်ယွမ် ဝမ်းသာသွားရသည်မှာ ထိုနေရာတွင် နည်းပညာဆိုင်ရာ ထူးခြားလေးနက်သည့် တိုးတက်မှုများ ရှိနေခြင်းကြောင့်ပင်။
စက်ရုံအချို့ကို ပြန်လည်လည်ပတ်နိုင်ပြီဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ စမ်းသပ်ထုတ်လုပ်မှုများ ပြုလုပ်နိုင်နေပြီ ဖြစ်သည်။
ယခုတစ်ခေါက် ထပ်မံရောက်ရှိလာသော သုတေသီ လေးသောင်းနှင့်အတူ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသည် ပိုမိုလျင်မြန်လာလိမ့်မည်ဟု ယုံကြည်ရပေသည်။
ဆက်ရန်...
အပိုင်း (၄၆၂) ဖုံးကွယ်နေသော အန္တရာယ်
မှောင်မိုက်နေသော ကောင်းကင်ယံထက်တွင် လူရိပ်တစ်ခုသည် လျှပ်စီးလက်သည့်နှယ် လျင်မြန်စွာ ပျံသန်းသွားလေသည်။
ရုတ်တရက်ဆိုသလိုပင် ထိုလူရိပ်က အရှိန်သတ်လိုက်ပြီး လေထဲတွင် ရပ်တန့်ကာ ပျံဝဲနေလိုက်သည်။
ထိုသူမှာ လော်ယွမ်ပင် ဖြစ်ပေသည်။
ဤနေရာသည် မြေပြင်အထက် ပေပေါင်း ၃၀,၀၀၀ ကျော် မြင့်မားသော ကောင်းကင်ယံဖြစ်ပြီး အောက်ဘက်၌ မရေမတွက်နိုင်သော မိုးတိမ်မည်းကြီးများက မင်ရည်အိုးမှောက်ထားသကဲ့သို့ လှိမ့်ဝင်စီးဆင်းနေကြသည်။
တိမ်တိုက်များကြားမှ လျှပ်စီးကြောင်းများ လက်ခနဲ ဖြတ်သန်းသွားတိုင်း ကောင်းကင်တစ်ခုလုံး လင်းတစ်လှည့် မှောင်တစ်လှည့် ဖြစ်နေသည်။
သူက တိမ်ထုထူထပ်သော နေရာကို ဖြတ်သန်းပြီး အောက်သို့ ဆင်းသက်လိုက်သည်။
မူလက စည်ကားခဲ့သော ပြန်လည်တည်ဆောက်ရေးဇုန်သည် ယခုအခါ အပျက်အစီးပုံအတိ ဖြစ်နေချေပြီ။
ဧရာမ တွင်းနက်ကြီး သုံးခုက ပြန်လည်တည်ဆောက်ရေးဇုန် တစ်ခုလုံးနီးပါးကို နေရာယူထားသည်။
တွင်းနက်ကြီးတစ်ခုစီသည် အကျယ် မိုင် ၆၀ ခန့်ရှိပြီး အနက်မှာ ပေ ၃,၀၀၀ ကျော်ခန့် ရှိသည်။
၎င်းတို့မှာ 'ဆန့်ကျင်ဘက်ဒြပ်သား ဗုံး' သုံးလုံး ပေါက်ကွဲထားသည့် လက်ရာများပင် ဖြစ်သည်။
ယခုအခါ ကမ္ဘာမြေပြင်ကို အလွန်အေးမြသော ရာသီဥတုက လွှမ်းခြုံထားသော်လည်း ဗုံးခိုတွင်း တစ်ခုမှလွဲ၍ ကျန်တွင်းနက်ကြီး နှစ်ခု၏ အောက်ခြေမှ အပူငွေ့များ တလူလူ တက်နေဆဲဖြစ်သည်။
မျက်နှာပြင်တွင် ရေနွေးငွေ့များ ဆူပွက်နေပြီး မီးခိုးငွေ့များ ဖုံးလွှမ်းနေလေသည်။
ကြီးမားပြင်းထန်သော ပေါက်ကွဲမှုကြီးကြောင့် ဤနေရာရှိ မြေအောက်ကျောက်လွှာများမှာ အလွန်ကျိုးပဲ့လွယ်နေပြီး မီးတောင်ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်နေတတ်သည်။
တွင်းအောက်ခြေရှိ အက်ကွဲကြောင်းများမှတစ်ဆင့် မြေအောက်အပူများ အဆက်မပြတ် စိမ့်ထွက်နေခြင်းမှာ မီးတောင်ပေါက်ကွဲတော့မည့် ရှေ့ပြေးနိမိတ် ဖြစ်နိုင်ပေသည်။
၎င်းသည် အနီးအနားရှိ 'မျှော်လင့်ချက်မြို့တော်' အတွက် ကြီးမားသော ဖုံးကွယ်နေသည့် အန္တရာယ်ဆိုးတစ်ခု ဖြစ်လာနိုင်ပေသည်။
လူသားတို့၏ လက်ရှိစွမ်းအားဖြင့် ဤနေရာမှ စွန့်ခွာပြီး နေထိုင်ရာအသစ်တစ်ခုကို အချိန်တိုအတွင်း တည်ဆောက်ရန်မှာ မဖြစ်နိုင်ပေ။
အသက်ရှူပေါက်လေး အနည်းငယ် ပြန်ရလာခါစ လူသားများအဖို့ ကြောက်မက်ဖွယ် ကောင်းလှသော ဆောင်းရာသီတစ်ခုတည်းနှင့်ပင် ပျက်စီးခြင်းသို့ ရောက်သွားနိုင်သည်။
အာကာသယာဉ်ပေါ်သို့ ပြောင်းရွှေ့နေထိုင်ရန် ကိစ္စမှာလည်း ဝေးကွာနေဆဲပင် ဖြစ်သည်။
ထို့ကြောင့် ဤနေရာတွင် မည်မျှကြီးမားသော အန္တရာယ်များ ရှိနေသလဲဆိုသည်ကို လေ့လာစစ်ဆေးရန် လော်ယွမ် ရောက်ရှိလာခြင်း ဖြစ်သည်။
မကြာမီမှာပင် လော်ယွမ်က အောက်သို့ ထိုးဆင်းလိုက်သည်။
တွင်းအောက်ခြေနှင့် နီးကပ်လာလေလေ အပူချိန်က မြင့်တက်လာလေလေ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ ရေခဲလွှာများမှာ ပါးလွှာလာပြီး တွင်းထဲမှ တက်လာသော ရေနွေးငွေ့ အမြောက်အမြားသည် အပေါ်ဘက်ရှိ အအေးဓာတ်နှင့် တွေ့ဆုံကာ ရေခဲမှုန်များအဖြစ် ခဲသွားပြီး နှင်းပွင့်များသဖွယ် တဖွဲဖွဲ ကျဆင်းလာသည်။
နှင်းကျဆင်းမှု ပမာဏမှာ အလွန်များပြားလှပြီး လက်သီးဆုပ်အရွယ်အစားခန့်ရှိသော နှင်းစိုင်များက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းကာ ပြိုကျလာသကဲ့သို့ ရှိသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ ကိုယ်ပေါ်၌ နှင်းများ ဖုံးအုပ်သွားလေသည်။
တွင်းနက်ကြီးတစ်ခုလုံး၏ အတွင်းပိုင်းသည် သေးငယ်သော ရေသံသရာလည်ပတ်မှု စနစ်တစ်ခု ဖြစ်တည်နေသယောင်ပင်။
တွင်းအောက်ခြေသို့ ရောက်ရန် ပေ ၆၀၀ မှ ၉၀၀ ခန့်အလိုတွင် အပူချိန် မြင့်တက်လာမှုကြောင့် ရေခဲများ အရည်ပျော်ကုန်ပြီး ဖန်သားပြင်ကဲ့သို့ ကြည်လင်နေသော ကျောက်သားနံရံများ ပေါ်ထွက်လာသည်။
နံရံမျက်နှာပြင်ပေါ်တွင် ရောင်စုံအလင်းတန်းများ ဖြာထွက်နေပြီး ကြည့်ရှုရ လှပနေပေသည်။
လော်ယွမ်သည် ကျောက်သားနံရံပေါ်တွင် ရောင်စုံကျောက်သလင်းတုံးများ စီခြယ်ထားသည်ကို မြင်တွေ့လိုက်ရသည်။
၎င်းတို့မှာ ချော်ရည်များ အေးခဲသွားရာမှ ဖြစ်ပေါ်လာသော ဓာတ်သတ္တုများဖြစ်ပြီး တန်ဖိုးကြီး ကျောက်မျက်ရတနာများလည်း ပါဝင်လေသည်။
ကမ္ဘာပျက်ကပ် မတိုင်ခင်ကဆိုလျှင် မြို့တစ်မြို့စာ တန်ဖိုးရှိနိုင်သော်လည်း ယခုအချိန်တွင်မူ ကျောက်ခဲတစ်လုံးလောက်ပင် တန်ဖိုးမရှိတော့ချေ။
အောက်သို့ ဆက်ဆင်းလာသောအခါ အပူချိန်မှာ ပိုမိုမြင့်မားလာပြီး နေရာအနှံ့တွင် ရေနွေးငွေ့ဖြူများ ပြည့်နှက်နေသည်။
သို့သော် တွင်းအောက်ခြေသို့ အမှန်တကယ် ရောက်ရှိသွားချိန်တွင်မူ ထိုရေနွေးငွေ့များ ပျောက်ကွယ်သွားလေသည်။
သူထင်ထားသလို ချော်ရည်ပူများ ရှိမနေဘဲ ပြင်းထန်စွာ ဆူပွက်နေသော ရေကန်ကြီး တစ်ကန်သာ ရှိနေသည်။
ရေကန်ကြီးမှာ သိပ်မကြီးမားလှသော်လည်း ရေပူပူများက ပြင်းထန်စွာ လှိမ့်ဝင်ဆူပွက်နေပြီး ပွက်ပွက်ဆူနေသော ရေမြှုပ်များကြောင့် တစ်ပြင်လုံး ဖြူဖွေးနေသည်။
အနီးဝန်းကျင်၌ စိုထိုင်းဆ အလွန်မြင့်မားလှသဖြင့် ခဏလေး ရပ်ကြည့်နေရုံဖြင့် လော်ယွမ်၏ တစ်ကိုယ်လုံး ရွှဲရွှဲစိုသွားလေသည်။
စက္ကန့်တိုင်းတွင် တွင်းနံရံလေးဖက်လေးတန်မှ ရေတန်ချိန် သောင်းနှင့်ချီ၍ ရေကန်ထဲသို့ မြစ်ရေသဖွယ် စီးဝင်နေသကဲ့သို့ စက္ကန့်တိုင်းတွင်လည်း ရေတန်ချိန် သောင်းချီ၍ အပူရှိန်ကြောင့် အငွေ့ပြန်လျက် ရှိသည်။ ထို့ကြောင့် ရေကန်ကြီးမှာ ကျယ်ပြန့်လာခြင်း မရှိပေ။
ရေကန်၏ အပူချိန်မှာ ထင်ထားသည်ထက် ပိုမိုမြင့်မားလေသည်။ အကယ်၍သာ ရေအသစ်များ အဆက်မပြတ် စီးဝင်ဖြည့်တင်းပေးခြင်း မရှိပါက မိနစ်ပိုင်းအတွင်း ရေကန်တစ်ခုလုံး ခန်းခြောက်သွားနိုင်ပေသည်။
သို့သော် ဤမျှလောက် အပူချိန်က လော်ယွမ်အတွက် ပြောပလောက်စရာ မဟုတ်ပေ။
သူက အဝတ်အစားများကို ချွတ်၍ ဘေးသို့ လွှင့်ပစ်လိုက်ပြီး ကိုယ်တုံးလုံးဖြင့် ရေကန်ထဲသို့ ခုန်ဆင်းလိုက်သည်။
အရေပြားပေါ်တွင် ရေ၏ အထိအတွေ့ကို မခံစားရဘဲ ရေကန်တစ်ခုလုံးမှာ လေပူဖောင်းများဖြင့် ဖွဲ့စည်းထားသကဲ့သို့ ပေါ့ပါးနေသည်ဟု ခံစားရသည်။
ရေထုထည်၏ သိပ်သည်းဆမှာ ပုံမှန်ရေ၏ သုံးပုံတစ်ပုံခန့်သာ ရှိပြီး အပူချိန်မှာလည်း သဘာဝတရား၏ စည်းမျဉ်းများကို ဖောက်ဖျက်ကာ ဖာရင်ဟိုက် ဒီဂရီ ၄၀၀ ကျော်အထိ ရှိနေသည်။
သို့သော် ဤသည်မှာ အစပျိုးရုံသာ ရှိသေးသည်။ အောက်ခြေနှင့် နီးကပ်လာလေ ရေ၏ သိပ်သည်းဆက နည်းပါးလာလေဖြစ်ပြီး အပူချိန်မှာလည်း ပို၍ မြင့်တက်လာသည်။
ရေများမှာ ပေါက်ကွဲတော့မည့်အလား ပြင်းထန်စွာ ဆူပွက်နေသည်။ သာမန်လူတစ်ယောက်သာဆိုလျှင် ဤနေရာ၌ အပူလောင်၍ ကျက်သွားနိုင်သလို ဖိအားကြောင့်လည်း တစ်စစီ ကြေမွသွားနိုင်ပေသည်။
ထို့အပြင် ရှေ့ဆက်မတိုးနိုင်အောင် တားဆီးထားသော တွန်းကန်အားကြီး တစ်ခုလည်း ရှိနေသေးသည်။
လော်ယွမ်က ထိုတွန်းကန်အားကို လက်နှင့်ယက်ကာ အနည်းငယ် အားစိုက်ပြီး ရှေ့သို့ ပေ ၃၀၀ ခန့် ဆက်လက် ကူးခတ်သွားလိုက်သည်။
ရုတ်တရက် ရှေ့ဘက်တွင် ဟာလာဟင်းလင်း ဖြစ်သွားပြီး အတားအဆီးတစ်ခုကို ဖောက်ထွက်ကာ ထူးဆန်းသော နေရာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားသည်။
ကမ္ဘာမြေ၏ ဆွဲငင်အားကြောင့် သူ၏ ခန္ဓာကိုယ်မှာ အောက်ဘက်သို့ လျင်မြန်စွာ ကျဆင်းသွားသည်။ သူက စိတ်စွမ်းအားကို အသုံးပြု၍ လေထဲတွင် ရပ်တန့်ကာ ပျံဝဲနေလိုက်သည်။
သူ၏ မျက်လုံးများတွင် အံ့သြရိပ်များ ယှက်သန်းသွားပြီး ထိုနေရာကို ဝေ့ဝဲကြည့်ရှုလိုက်သည်။
ဤနေရာတွင် ရေမရှိသလို လေပူဖောင်းများလည်း မရှိပေ။ လေထုစိုထိုင်းဆမှာ ပြည့်ဝနေပြီး ရေနွေးငွေ့မှလွဲ၍ အခြားမည်သည့် ဓာတ်ငွေ့မျှ မရှိသလောက်ပင်။
ရေကန်၏ အောက်ခြေမှာ ဤကဲ့သို့ အခေါင်းပေါက်ကြီး ဖြစ်နေလိမ့်မည်ဟု လော်ယွမ် ထင်မထားခဲ့မိချေ။
ဤနေရာရှိ အပူချိန်မှာ ဖာရင်ဟိုက် ဒီဂရီ ၁,၂၀၀ ကျော်ခန့် ရှိသဖြင့် ရေများမှာ အရည်အဖြစ် မတည်ရှိနိုင်တော့ဘဲ အငွေ့အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။
လေထုဖိအားမှာလည်း ပုံမှန်ထက် အဆ ၅၀၀၊ ၆၀၀ ခန့် ပိုများနေသည်။
ဤမျှလောက် ဖိအားနှင့် အပူချိန်သည် သူ့ကို အနည်းငယ် နေရခက်စေသည်မှလွဲ၍ ကြီးမားသော သက်ရောက်မှု မရှိပေ။
တွင်းအောက်ခြေမှ အနီရောင် အလင်းဖျော့ဖျော့ ထွက်ပေါ်နေပြီး လေထဲတွင် ဆာလဖာ (ကန့်) အနံ့ ပြင်းထန်စွာ ရနေသည်။ အောက်ဘက်တွင် ချော်ရည်ပူများ ရှိနေပုံရသည်။
လော်ယွမ်၏ စိတ်အခြေအနေ လေးလံသွားပြီး အောက်ဘက်သို့ အမြန်ဆင်းသက်လိုက်သည်။
သူခန့်မှန်းထားသည့် အတိုင်းပင် အောက်ခြေ၌ ချော်ရည်ပူများ ပြည့်နှက်နေသည်။
ထိုချော်ရည်ပူများသည် ဆန်ပြုတ်အိုးကဲ့သို့ ပွက်ပွက်ဆူနေပြီး ရံဖန်ရံခါတွင် မီးတောက်များ အပေါ်သို့ ပန်းထွက်လာကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ရဲရဲနီစေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လော်ယွမ်၏ မျက်နှာမှာ မဲမှောင်သွားသည်။ ဤသည်မှာ သာမန် မြေအောက်အပူ လျှံတက်ခြင်း မဟုတ်ဘဲ ပေါက်ကွဲရန် တာစူနေသော မီးတောင်ရှင်တစ်ခု ဖြစ်နေပေသည်။
အဆိုးရွားဆုံး အချက်မှာ ဤမီးတောင်သည် 'မျှော်လင့်ချက်မြို့တော်' နှင့် မိုင် ၉၀ ခန့်သာ ကွာဝေးတော့ခြင်းပင်။
အကယ်၍ အလယ်အလတ်စား မီးတောင်အသေးစားသာ ဖြစ်ပါက ငလျင်လှုပ်ရုံလောက်သာ ရှိနိုင်သော်လည်း ဧရာမ မီးတောင်ကြီး သာ ဖြစ်ခဲ့ပါက 'မျှော်လင့်ချက်မြို့တော်' တစ်ခုလုံး ဘေးသင့်သွားနိုင်သည်။
'ဆန့်ကျင်ဘက်ဒြပ်သား ဗုံး' ဒဏ်များကို အကြိမ်ကြိမ် ခံထားရသဖြင့် ဤနေရာရှိ မြေအောက်ကျောက်လွှာများမှာ လွန်စွာ မတည်မငြိမ် ဖြစ်နေသည်။
ငလျင်နှင့် မီးတောင်ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ယခုတွေ့နေရသော မီးတောင်ရှင်နှင့် အခြားတွင်းနက်ကြီးများကို ထည့်တွက်လိုက်ပါက မီးတောင်ဖြစ်နိုင်ခြေ အလွန်များပြားနေသည်။
စတုရန်းမိုင်ပေါင်း သောင်းချီ ကျယ်ဝန်းသော ပြန်လည်တည်ဆောက်ရေးဇုန်တွင် မီးတောင်သုံးလုံး ပေါ်ပေါက်လာခြင်းဖြင့် မီးတောင်အုပ်စုတစ်ခု ဖြစ်ပေါ်နေပြီဟု ဆိုနိုင်သည်။
ထိုမီးတောင်များအားလုံးသည် အောက်ခြေ မီးတောင်မကြီး တစ်ခုတည်းမှ ခွဲထွက်လာသော အပေါက်များလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
အကယ်၍သာ ဆက်တိုက်ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပါက နောက်ဆက်တွဲ အကျိုးဆက်များကို တွေးကြည့်ရန်ပင် မရဲလောက်အောင် ဆိုးရွားလှပေသည်။
ဗိုရှင်းဂြိုဟ်သားများကြောင့် ဖြစ်ပွားခဲ့သော ပျက်စီးဆုံးရှုံးမှုများ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း နောက်ဆက်တွဲ ဘေးအန္တရာယ်ဆိုးများက ကမ္ဘာမြေကို ခြိမ်းခြောက်နေဆဲပင် ဖြစ်သည်။
တကယ်တမ်းဆိုရလျှင် ပြန်လည်တည်ဆောက်ရေးဇုန်၏ အခြေအနေမှာ ကောင်းမွန်သည်ဟု ဆိုရမည်။
ဥရောပနှင့် မြောက်အမေရိက တိုက်တို့တွင်မူ ငရဲခန်းသဖွယ် ဖြစ်ပျက်နေပြီ ဖြစ်သည်။ ထိုနေရာများ၌ မီးတောင်များစွာ ပေါက်ကွဲနေပြီး ငလျင်လှုပ်ခတ်ခြင်းမှာ ထမင်းစားရေသောက် ပမာဏ ဖြစ်နေသည်။
အာကာသထဲမှ ကြည့်လိုက်လျှင် ထူထပ်သော မီးတောင်ပြာများက ဥရောပနှင့် အာရှတိုက် တစ်ခုလုံးကို အမှောင်ထုကြီးဖြင့် ဖုံးလွှမ်းထားသည်ကို တွေ့မြင်ရပေမည်။
အထူးသဖြင့် ဗုံးခိုတွင်း တည်ရှိရာနေရာတွင် မီးတောင်များက နေ့ရောညပါ ပေါက်ကွဲနေပြီး အာကာသထဲမှ လှမ်းကြည့်လျှင်ပင် ပေပေါင်း သောင်းချီမြင့်သော မီးတိမ်တိုက်ကြီးများကို မြင်တွေ့နေရဆဲ ဖြစ်သည်။
ရက်သတ္တပတ် နှစ်ပတ်ခန့် ကြာမြင့်သွားပြီ ဖြစ်သော်လည်း နာလန်မထူနိုင်သေးသော 'အနုမြူ ဆောင်းရာသီ' သည် ထိုမီးတောင်ပေါက်ကွဲမှုများကြောင့် ပိုမိုဆိုးရွားလာခြင်း ဖြစ်သည်။
ဥရောပနှင့် အမေရိကတိုက်ကြီးများမှာ တိုက်တစ်ခုခြားနေသဖြင့် ဤနေရာသို့ သက်ရောက်မှုမှာ အကန့်အသတ် ရှိပေသည်။
လော်ယွမ်သည် ယခုထက် အဆတစ်ရာ၊ အဆတစ်ထောင် ပိုစွမ်းဆောင်နိုင်ပါစေဦး၊ ကမ္ဘာ့မြေအောက် ကျောက်လွှာများ ရွေ့လျားပြောင်းလဲမှုကိုမူ တားဆီးနိုင်မည် မဟုတ်ပေ။
သို့သော် မပေါက်ကွဲသေးသော ဤမီးတောင်အတွက်မူ ဖြေရှင်းနိုင်မည့် နည်းလမ်း ရှိကောင်းရှိနိုင်ပေသည်။
လော်ယွမ်၏ မျက်နှာမှာ တည်ကြည်လေးနက်နေပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းများကို စဉ်းစားနေလိုက်သည်။
ကမ္ဘာပျက်ကပ် မတိုင်ခင်က မီးတောင်ပေါက်ကွဲမှုကို လျော့ပါးစေမည့် နည်းလမ်းများကို စနစ်တကျ လေ့လာသုတေသန ပြုခဲ့ကြဖူးသည်။
ဥပမာအားဖြင့် မြေပြင်ပေါ်တွင် အပေါက်များ တူးဖော်၍ မြေအောက်ဖိအားကို လျှော့ချကာ ပေါက်ကွဲမည့်အချိန်ကို ရွှေ့ဆိုင်းခြင်း၊ မီးတောင်ပတ်ဝန်းကျင်၏ မြေအနေအထားအလိုက် နေရာရွေးချယ် ဖောက်ခွဲပြီး ချော်ရည်လမ်းကြောင်း လွှဲပေးခြင်းတို့ ဖြစ်သည်။
ထို့ပြင် မီးတောင်စွမ်းအင် စုဆောင်းနေစဉ်ကာလအတွင်း ချော်ရည်ပူ စီးဆင်းရာ လမ်းကြောင်းများကို ဖျက်ဆီးပြီး စွမ်းအင်များကို ကြိုတင် ထုတ်လွှတ်စေခြင်းမျိုးလည်း ပြုလုပ်နိုင်သည်။
ထို့ထက်မက မြေအောက်ကျောက်လွှာ နေရာအချို့ကို အနုမြူလက်နက်ဖြင့် ဖောက်ခွဲပြီး မီးတောင်ဧရိယာရှိ မြေအောက်ဖိအားကို လျှော့ချပေးခြင်းများလည်း ပါဝင်သည်။
သို့သော် ထိုနည်းလမ်းများ အားလုံးသည် ကျွမ်းကျင်သော ဘူမိဗေဒ ပညာရှင်များက မြေအောက်အလွှာများကို အသေးစိတ် တွက်ချက်တိုင်းတာရန် လိုအပ်ပေသည်။
ယခုအချိန်တွင်မူ ထိုသို့သော ပညာရှင်မျိုး လူသားများထဲတွင် တစ်ယောက်မှ မကျန်ရှိတော့ပေ။
ပြန်လည်တည်ဆောက်ရေးဇုန်မှာ ဧရိယာ သေးငယ်လွန်းသဖြင့် ဘူမိဗေဒ သုတေသနဌာနများကို နေရာခွဲ၍ တည်ဆောက်ထားခြင်း မရှိပေ။
မြို့သစ်တွင်သာ ထိုဌာနရှိခဲ့ပြီး ယခုအခါ ဘေးအန္တရာယ်များကြားတွင် အားလုံး ပြာကျပျက်စီးခဲ့ရလေပြီ။
ဆက်ရန်...