အခန်း (၄၆၅-၄၆၆)
Vol. 24 Ch. 465-466
အပိုင်း(၄၆၅) နည်းပညာကွာဟမှု
နောက်တစ်နေ့၊ စားသောက်ဆိုင်ငယ်လေးအတွင်း။
လော်ယွမ်နှင့် ချန်ရှင်းကျယ်တို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြသော်လည်း စကားတစ်ခွန်းမျှ မဆိုမိကြပေ။
သူမနှင့် မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်ရာ သူမသည် သိသိသာသာ ပိန်ကျသွားပြီး မျက်နှာပေါ်တွင် ဖုံးကွယ်မရနိုင်သော ဝမ်းနည်းပူဆွေးမှုများ ယှက်သန်းနေသည်။
ယခင်က အမြဲပြုံးရွှင်နေတတ်သည့် လှပသော အမျိုးသမီးနှင့် လားလားမျှမဆိုင်တော့သကဲ့သို့ပင်။
"ငါ... စိတ်မကောင်းပါဘူး..." အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လော်ယွမ်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး ဖွင့်ဟပြောဆိုလိုက်သည်။
ရက်အနည်းငယ်မျှသာ ကြန့်ကြာမိခဲ့သော်လည်း သူမ၏မိခင် ဆုံးပါးသွားလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။
ဤအဖြစ်အပျက်က ရုတ်တရက်ဆန်လွန်းသဖြင့် သူပင်လျှင် ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့ရသည်။
အကယ်၍ သူသာ ရက်အနည်းငယ်စောပြီး ရောက်လာခဲ့လျှင်၊ သို့မဟုတ် သူတို့ စတွေ့တွေ့ချင်း သူမအမေကို ကုသပေးနိုင်ခဲ့လျှင် ယခုကဲ့သို့ ဝမ်းနည်းဖွယ်အဖြစ်ဆိုးမျိုး ကြုံရမည် မဟုတ်ပေ။
"စိတ်မကောင်းဖြစ်စရာ မလိုပါဘူးရှင်... ကျွန်မ စိတ်ကို ကြိုတင်ပြင်ဆင်ထားပြီးသားပါ... ဒါတွေအားလုံးက ကံတရားပါပဲ"
ချန်ရှင်းကျယ်က ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ရင်း တိုးညင်းစွာ ပြောလိုက်သည်။ သူမ၏ မျက်ဝန်းအိမ်များမှာမူ နီရဲစပြုနေလေပြီ။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။
ထိုအချိန်သည် နေ့လယ်စာ စားချိန်ဖြစ်သဖြင့် မြို့တော်ခန်းမ စားသောက်ဆိုင်အတွင်း လူများဖြင့် စည်ကားနေသည်။
သို့သော် သူတို့ထိုင်နေသည့် နေရာတစ်ဝိုက်တွင်မူ လေဟာနယ်တစ်ခုကဲ့သို့ ဖြစ်နေပြီး အနီးအနားရှိ ခုံများတွင် မည်သူမျှ အနားသို့ မကပ်ရဲကြပေ။
ပတ်ဝန်းကျင်မှ ခိုးကြောင်ခိုးဝှက် ကြည့်နေကြသည့် အကြည့်များကို အာရုံခံမိသဖြင့် လော်ယွမ်က "မင်း ငါ့ရဲ့ အတွင်းရေးမှူးဌာနကို ပြောင်းလာခဲ့လိုက်... ချန်ကွမ်ဟွေးကိုတော့ တခြားလက်တွေ့လုပ်ရမယ့် နေရာတစ်ခုခုကို ပြောင်းရွှေ့လိုက်မယ်" ဟု ပြောလိုက်သည်။
"အဲဒါ သိပ်မသင့်တော်ပါဘူး မြို့တော်ဝန်... ကျွန်မ အခု အဆင်ပြေပါတယ်" ချန်ရှင်းကျယ်က နှုတ်ခမ်းကိုကိုက်ကာ ခေါင်းငုံ့လျက် ငြင်းဆန်လိုက်သည်။
"အရင်က အရာအားလုံးက အထက်လူကြီးတွေရဲ့ အမိန့်ကြောင့် လုပ်ခဲ့ရတာဆိုတာ ရှင်လည်း သိသားပဲ... အခုတော့ အဲဒါတွေ မလိုအပ်တော့ပါဘူး"
"ဒါပေမဲ့ အဲ့တာတွေ ပြီးသွားပါပြီ... ငါတို့ ရှေ့ဆက်လျှောက်ကြရအောင်..." လော်ယွမ်က လေးနက်စွာ ပြောလိုက်သည်။
"မြို့တော်ဝန်... ကျွန်မ စားလို့ပြီးပါပြီ... သွားခွင့်ပြုပါဦး" ချန်ရှင်းကျယ်က ဆံနွယ်များကို သပ်တင်လိုက်ရင်း ပြောဆိုကာ ထမင်းပန်းကန်ကို ယူ၍ ထွက်ခွာသွားတော့သည်။
ထွက်ပြေးသွားသကဲ့သို့ ဖြစ်နေသော သူမ၏ ကျောပြင်ကို ကြည့်ရင်း လော်ယွမ်က စကားပြောရန် ဟန်ပြင်လိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းသာ ချလိုက်မိသည်။
သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ မူလကတည်းက ပုံမှန်မဟုတ်ခဲ့ပေ။ ညစ်ပေသွားသော အဖြူရောင်ပိတ်စတစ်ခုကို လျှော်ဖွပ်လိုက်ရုံဖြင့် မူလအခြေအနေအတိုင်း ပြန်မရောက်နိုင်သကဲ့သို့ပင်။
......................................................................
လော်ယွမ်သည် ရုံးခန်းသို့ ပြန်ရောက်ပြီးနောက် စာရွက်စာတမ်း တစ်ဒါဇင်ခန့်ကို လက်မှတ်ထိုး အတည်ပြုပေးလိုက်သည်။
ထို့နောက်တွင်မူ သူ လုပ်စရာမရှိသလို ဖြစ်သွားသည်။ ယခုအခါ မျှော်လင့်ချက်မြို့တော်၏ ကိစ္စရပ်အားလုံးသည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ရာ ကိစ္စတိုင်းကို သူကိုယ်တိုင် စီမံခန့်ခွဲနေရန် မလိုအပ်တော့ပေ။
အပူပေးစနစ်များ တပ်ဆင်ပြီးစီးခြင်း၊ ဟင်းသီးဟင်းရွက်နှင့် စားနပ်ရိက္ခာ ထုတ်လုပ်မှု တိုးတက်လာခြင်း၊ အရပ်ဘက်စက်ရုံများ ပြန်လည်လည်ပတ်လာခြင်းတို့ကြောင့် ပြည်သူတို့၏ ဘဝသည် တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာခဲ့သည်။
ယခင်ကလောက် မကောင်းမွန်သေးသော်လည်း စားဝတ်နေရေး ပြဿနာကိုမူ အတိုင်းအတာတစ်ခုအထိ ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။
ဤအောင်မြင်မှုများ၏ အဓိက သော့ချက်မှာ ဗိုရှင်းဂြိုဟ်သားတို့၏ ယာဉ်ပျံမှ ဖြုတ်ယူရရှိခဲ့သော အနုမြူ ပေါင်းစပ်စွမ်းအင် မီးဖိုပင် ဖြစ်သည်။
၎င်းက ပေးစွမ်းသော အကန့်အသတ်မဲ့ စွမ်းအင်ကြောင့် လူသားများသည် ဤကဲ့သို့ ကြမ်းတမ်းသော ဆောင်းရာသီတွင် ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ယခုအခါ မျှော်လင့်ချက်မြို့တော်တွင် အနုမြူ ပေါင်းစပ်စွမ်းအင်မီးဖို တစ်ခုမက ရှိနေပြီဖြစ်သည်။
စွမ်းအင်လုံခြုံမှုနှင့် မမျှော်လင့်ထားသော အခြေအနေများကို ကာကွယ်ရန်အတွက် လော်ယွမ်သည် အာကာသထဲတွင် လွင့်မျောနေသော အခြားယာဉ်ပျံတစ်စင်းမှ စွမ်းအင်မီးဖိုကိုပါ ဖြုတ်ယူခဲ့ပြီး အရန်စွမ်းအင်အဖြစ် တပ်ဆင်ထားလိုက်သည်။
ထို့ကြောင့် မီးဖိုတစ်ခုခု ချို့ယွင်းသွားခဲ့လျှင်ပင် လူသားတို့၏ ရှင်သန်ရပ်တည်မှုကို ထိခိုက်စေမည် မဟုတ်ပေ။
လော်ယွမ်က စားပွဲခုံကို လက်ဖြင့် ခပ်ဖွဖွခေါက်ရင်း မျက်လုံးမှိတ်ကာ စဉ်းစားခန်း ဝင်နေသည်။
ခဏအကြာတွင် သူက ဖုန်းကို ကောက်ကိုင်လိုက်ပြီး အတွင်းရေးမှူး ချန်ကွမ်ဟွေးကို လှမ်းဆက်လိုက်သည်။
"ဇီဝသုတေသနဌာနက ညွှန်ကြားရေးမှူးကို ငါ့ဆီ လာခဲ့ဖို့ ပြောလိုက်ပါ" လော်ယွမ်က အမိန့်ပေးပြီးနောက် ဖုန်းချလိုက်သည်။
ယခုအခါ မျှော်လင့်ချက်မြို့တော်ရှိ သုတေသီ အများစုမှာ အာကာသယာဉ်ပေါ်သို့ ပို့ဆောင်ခံထားရပြီဖြစ်သည်။
ဇီဝသုတေသနဌာနသည် ကမ္ဘာမြေပေါ်တွင် ကျန်ရှိနေသော တစ်ခုတည်းသော ဓာတ်ခွဲခန်းဖြစ်သည်။
သို့သော် ထိုအထဲတွင် စစ်မှန်သော သုတေသီဟူ၍ အနည်းငယ်သာ ရှိပြီး အများစုမှာ ဝန်ထမ်းသစ်များသာ ဖြစ်သည်။
၎င်းတို့ကို အနာဂတ်အတွက် လူသားအရင်းအမြစ်များအဖြစ် မွေးထုတ်ပေးရန်နှင့် ပုံတူကူး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် ခန့်အပ်ထားခြင်း ဖြစ်သည်။
လက်ရှိ လူသားဦးရေမှာ အလွန်နည်းပါးလွန်းလှသည်။ ကပ်ဘေးအလွန်ကာလတွင် မျိုးပွားရန် ခက်ခဲခြင်းနှင့် ကိုယ်ဝန်ဆောင်နိုင်စွမ်း ကျဆင်းခြင်းတို့ကြောင့် သဘာဝနည်းဖြင့် မျိုးပွားမည်ဆိုပါက ယခင်က လူဦးရေပမာဏသို့ ပြန်ရောက်ရန် နှစ်ထောင်ချီ ကြာမြင့်ပေလိမ့်မည်။
ကပ်ဘေးမတိုင်မီက လူဦးရေသို့ ပြန်ရောက်ရန်မှာမူ နှစ်ထောင်ပေါင်းများစွာ၊ သို့မဟုတ် နှစ်သောင်းချီ၍ပင် ကြာမြင့်နိုင်ပြီး အစိုးရ၏ ထိရောက်သော စီမံခန့်ခွဲမှုမပါဘဲ မည်သို့မျှ မဖြစ်နိုင်ပေ။
ထို့ကြောင့် ပုံတူကူး နည်းပညာသည်သာ လူသားယဉ်ကျေးမှုကို အမြန်ဆုံး ပြန်လည်ထူထောင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
သို့ရာတွင် မျှော်လင့်ချက်မြို့တော်ဖြစ်စေ၊ မကြာမီ ထွက်ခွာတော့မည့် အာကာသယာဉ်ကြီးဖြစ်စေ လက်ခံနိုင်သည့် လူဦးရေပမာဏမှာ အကန့်အသတ်ရှိနေသည်။
အာကာသထဲတွင် နေထိုင်နိုင်သော ဂြိုဟ်သစ်တစ်ခု မတွေ့မချင်း သို့မဟုတ် ဂြိုဟ်တစ်ခုကို ပြုပြင်ပြောင်းလဲနိုင်သော နည်းပညာ မရရှိမချင်း လူဦးရေကို (၁၀) သန်းဝန်းကျင်၌သာ ထိန်းထားရပေလိမ့်မည်။
ပထမနည်းလမ်းမှာ မျှော်လင့်ချက် နည်းပါးလွန်းပြီး၊ ဒုတိယနည်းလမ်းမှာမူ အချိန်လိုအပ်ပေသည်။
......................................................................
မကြာမီအချိန်အတွင်းမှာပင် ဇီဝသုတေသနဌာန ညွှန်ကြားရေးမှူး ရောက်ရှိလာပြီး အတွင်းရေးမှူးက တံခါးဖွင့်ပေးလိုက်သည်။
သူသည် အသက် (၅၀)၊ (၆၀) ခန့်ရှိ ပိန်ပိန်ပါးပါး အရပ်ပုပု အဘိုးအိုတစ်ဦး ဖြစ်သည်။ ဖုန်းဆက်လိုက်သည်နှင့် အဝတ်အစားပင် မလဲနိုင်ဘဲ အပြေးအလွှား ရောက်လာပုံရသည်။
မျှော်လင့်ချက်မြို့တော်တွင် လော်ယွမ်က ဂြိုဟ်သားများကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဝါဒဖြန့်ချိမှုများကြောင့် သူ၏ပုံရိပ်မှာ နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီး လူတိုင်းက ရိုသေလေးစားကြသည်။
ခေါင်းဆောင်အမျိုးမျိုးနှင့် တွေ့ဖူးသော အကြီးတန်းသုတေသီ တစ်ဦးဖြစ်သော်လည်း လော်ယွမ်နှင့် ရင်ဆိုင်ရချိန်တွင်မူ စိတ်လှုပ်ရှားကာ စကားပင် ကောင်းကောင်း မပြောနိုင်ဖြစ်နေသည်။
"မြို့... မြို့တော်ဝန်... ကျွန်တော်ရောက်ပါပြီ"
"ထိုင်ပါ" လော်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။
အဘိုးအိုက တံခါးကို ဖွဖွလေး ပြန်ပိတ်လိုက်ပြီး ဆိုဖာပေါ်တွင် ကျုံ့ကျုံ့လေး ဝင်ထိုင်လိုက်သည်။
သူသည် ဒဏ္ဍာရီလာ မြို့တော်ဝန်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
ဓာတ်ခွဲခန်း၏ သုတေသန ရလဒ်များကို တွေးမိပြီး သူ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
"လူသား ပုံတူကူးတဲ့ နည်းပညာ အခြေအနေ ဘယ်လိုရှိလဲ" လော်ယွမ်က မေးလိုက်သည်။
"အချိန်နည်းနည်း လိုပါသေးတယ်... သားအိမ်အရည် ဖော်စပ်တဲ့နေရာမှာ ပြဿနာတချို့ ရှိနေလို့ စမ်းသပ်မှုတွေ အများကြီး လုပ်ဖို့ လိုအပ်နေပါတယ်"
မြို့တော်ဝန်က ထိုမေးခွန်းကို မေးလာသဖြင့် သူ၏ နဖူးပေါ်တွင် ချွေးစီးများ ပြန်လာလေသည်။
မျှော်လင့်ချက်မြို့တော်၏ ပုံတူကူးစက်ရုံ လုပ်ငန်းစဉ်မှာ ချောမွေ့ခြင်းမရှိပေ။
ကပ်ဘေးအပြီးတွင် နည်းပညာ ကွာဟမှုများ ဖြစ်ပေါ်ခဲ့ပြီး သားအိမ်အရည်တု ပြုလုပ်သည့် နည်းပညာမှာ ယနေ့ထက်ထိ အောင်မြင်မှု မရရှိသေးပေ။
ထို့ကြောင့် စက်ရုံလည်ပတ်မှုမှာ ရပ်တန့်နေခဲ့သည်။
ပုံတူကူးခြင်းသည် ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာများနှင့် ပတ်သက်နေသဖြင့် ကပ်ဘေးကာလတွင်ပင် လျှို့ဝှက်ထားရသော ကိစ္စဖြစ်သည်။
မြို့သစ်တွင်သာ ဓာတ်ခွဲခန်းအနည်းငယ် ရှိခဲ့ဖူးပြီး မျှော်လင့်ချက်မြို့တော်မှ သုတေသီအများစုမှာ ထိုအကြောင်းကို ကြားပင် မကြားဖူးကြပေ။
ယခုအခါ မျှော်လင့်ချက်မြို့တော်တွင် အရာအားလုံးကို အစကနေ ပြန်စနေရခြင်း ဖြစ်သည်။
လော်ယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ပုံတူကူး စမ်းသပ်မှုများ ပြုလုပ်ခဲ့ဖူးသော်လည်း အခြေခံအကျဆုံး သားအိမ်အရည်တု နည်းပညာကိုမူ နားမလည်ခဲ့ပေ။
ထိုစဉ်က ဤအရာများကို မည်သို့ ဖော်စပ်သည်ကို မည်သူက ဂရုစိုက်နေမည်နည်း။
သို့သော် သူ သိပ်ပြီး စိတ်မပူပေ။ မျှော်လင့်ချက်မြို့တော်နှင့် ရှင်းကျင်းမြို့၏ ဇီဝနည်းပညာ ကွာခြားချက်မှာ သိပ်မကြီးမားလှပေ။
ထို့အပြင် ဗိုရှင်းဂြိုဟ်သားတို့၏ ယာဉ်ပျံထဲတွင် ပိုမိုအဆင့်မြင့်သော မျိုးဗီဇနည်းပညာများ ပါရှိရာ အချိန်ကြာလာသည်နှင့်အမျှ လူသားတို့သည် ဗိုရှင်းဂြိုဟ်သားတို့၏ နည်းပညာကို ရယူနိုင်မည်ဖြစ်ပြီး အရာအားလုံး အဆင်ပြေသွားမည်ဟု သူယုံကြည်ထားသည်။
"ဒါဆိုရင် အခု ဓာတ်ခွဲခန်းမှာ အပင်တွေကို ပုံတူကူးလို့ ရမလား" လော်ယွမ်က မေးလိုက်သည်။
"အပင်ပုံတူကူးတာလား"
ညွှန်ကြားရေးမှူးက အံ့သြသွားသော်လည်း ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"မြို့တော်ဝန်... လူသားပုံတူကူးတာနဲ့ ယှဉ်ရင် အပင်ပုံတူကူးတာက ပိုလွယ်တယ်... လိင်မဲ့မျိုးပွားခြင်း ဆိုရင် ပိုတောင် လွယ်ပါသေးတယ်... ကျွန်တော်တို့ ဓာတ်ခွဲခန်းရဲ့ နည်းပညာနဲ့ဆိုရင် ပြဿနာမရှိနိုင်ပါဘူး"
"ကောင်းပြီ... ဒါဆိုရင် လိုအပ်တဲ့ နည်းပညာတွေကို ပြင်ဆင်ထားလိုက်ပါ... နောက်တစ်ရက်လောက်နေရင် ငါကိုယ်တိုင် လာစစ်ဆေးမယ်" လော်ယွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
ညွှန်ကြားရေးမှူးမှာ ဘာမှန်းမသိ နားမလည် ဖြစ်သွားသော်လည်း နိုင်ငံရေး တာဝန်တစ်ရပ်အနေဖြင့် သဘောပိုက်ကာ ပြီးမြောက်အောင် ဆောင်ရွက်မည့်အကြောင်း ကတိပေးပြီး ပြန်ထွက်သွားလေသည်။ ရုံးခန်းမှာမူ ပြန်လည်တိတ်ဆိတ်သွားသည်။
မှန်ပေသည်။ ဤသည်မှာ ဉာဏ်ပညာအသည်းနှလုံးကို ထုတ်လုပ်ရန် လော်ယွမ်၏ ကြိုတင်ပြင်ဆင်မှုဖြစ်သည်။
သို့သော် ပုံတူကူးခြင်းသည် နှေးကွေးပြီး ထိရောက်မှု နည်းပါးသည်။
လော်ယွမ်သည် ဉာဏ်ပညာအသည်းနှလုံးမှ ရရှိသော အကျိုးပြု ဒြပ်ပေါင်းများ၊ မော်လီကျူးကြီးများနှင့် ပရိုတင်းများကို တိုက်ရိုက် ပေါင်းစပ်ဖန်တီးလိုပြီး စက်မှုလုပ်ငန်းအသွင်ဖြင့် ထုတ်လုပ်လိုခြင်း ဖြစ်သည်။
သို့သော် လက်ရှိ မျှော်လင့်ချက်မြို့တော်၏ နည်းပညာဖြင့်မူ ထိုအရာက မဖြစ်နိုင်သေးပေ။
ဗိုရှင်းဂြိုဟ်သားတို့၏ နည်းပညာများကို အပြည့်အဝ ရယူနိုင်သည့်အချိန်မှသာ ဖြစ်လာနိုင်ဖွယ် ရှိသည်။
ဆက်ရန်...
အပိုင်း(၄၆၆) ရေခဲပြင်အောက်မှ သက်ရှိကမ္ဘာ
လော်ယွမ်သည် ရုံးခန်းထဲတွင် လုပ်စရာကိစ္စ မရှိတော့သဖြင့် လက်နောက်ပစ်ကာ အပြင်သို့ထွက်လာခဲ့သည်။ မီးတောင်ဘက်သို့ သွားရောက်စစ်ဆေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
လမ်းမထက်တွင် အပူပေးမီးအိမ်များ တစ်လုံးပြီးတစ်လုံး လင်းလက်နေကြရာ အဆုံးမရှိ ရှည်လျားသော နဂါးကြီးတစ်ကောင်အလား ထင်မှတ်ရသည်။
ထိုမီးအိမ်များကြောင့် ဤနေရာရှိ အပူချိန်သည် နေ့ရောညပါ သင့်တင့်မျှတသော အနွေးဓာတ်ကို ရရှိနေသည်။
အပြင်ဘက်ကမ္ဘာကြီးတစ်ခုလုံး ရေခဲဖုံးလွှမ်းကာ အရာရာ ခဲသွားလောက်အောင် အေးခဲနေသည်ကို ဤနေရာမှနေ၍ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။
လမ်းပေါ်တွင် လူသွားလူလာ ကျဲပါးနေပြီး တစ်စုတစ်ဝေးသာ မြင်ရသည်။ လမ်းမများပေါ်တွင် အလျင်စလို ဖြတ်သန်းသွားလာနေကြသည်။
ယခုအချိန်သည် မွန်းလွဲ ၂ နာရီသာ ရှိသေးသဖြင့် ထမင်းစားချိန် မရောက်သေးပေ။ နာရီအနည်းငယ် ကြာပြီးနောက်တွင်မူ ဤနေရာ၌ လူအုပ်ကြီးဖြင့် စည်ကားသွားပေလိမ့်မည်။
မျှော်လင့်ချက်မြို့တော်သည် စားနပ်ရိက္ခာများကို ထိန်းချုပ်ရန်အတွက် စုပေါင်းစားသောက်သည့် "အများပြည်သူ စားသောက်ရုံ" စနစ်ကို ကျင့်သုံးခဲ့သည်။
ယခုအခါ အခြေအနေများ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့်လည်းကောင်း၊ ပစ္စည်းဥစ္စာများကို မဖြုန်းတီးမိစေရန်အတွက်လည်းကောင်း ဤစနစ်ကို ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်သည်။
တစ်အိမ်ထောင်ချင်းစီ ချက်ပြုတ်စားသောက်မည်ဆိုပါက ရိက္ခာဖူလုံမှု ရှိမရှိအပြင် မီးဖိုချောင်သုံးပစ္စည်းများစွာ လိုအပ်မည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် ဂတ်စ်ရရှိရန်မှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပြီး လျှပ်စစ်စွမ်းအင်သုံး ပစ္စည်းများကိုသာ အားထားရမည့် အခြေအနေဖြစ်သည်။
မျှော်လင့်ချက်မြို့တော်၏ လက်ရှိနည်းပညာနှင့် ပစ္စည်းဥစ္စာ စုဆောင်းထားရှိမှုအခြေအနေအရ ထိုသို့တစ်နိုင်တစ်ပိုင် ချက်ပြုတ်ခွင့်ပြုရန်မှာ ရေတိုကာလအတွင်း မဖြစ်နိုင်သကဲ့သို့ မလိုအပ်သော ကိစ္စရပ်လည်း ဖြစ်နေသည်။
လမ်းမပေါ်တွင် လူသွားလူလာ နည်းပါးရခြင်းမှာ စစ်အုပ်ချုပ်ရေး ကြေညာထားဆဲ ဖြစ်သောကြောင့်ဖြစ်သည်။ လမ်းဘေးဝဲယာတွင် လုံခြုံရေးအစောင့်များ နေရာအနှံ့ ရှိနေသည်။
ဤသည်မှာလည်း မတတ်သာသည့် အခြေအနေပင်။
အနီးနားရှိ မြို့သုံးမြို့မှ အသက်ရှင်ကျန်ရစ်သူများ ပြောင်းရွှေ့လာကြသဖြင့် မျှော်လင့်ချက်မြို့တော်၏ လူဦးရေမှာ ပေါက်ကွဲမတတ် တိုးပွားလာခဲ့သည်။
လက်ရှိတွင် မျှော်လင့်ချက်မြို့တော်က ပေးစွမ်းနိုင်သော အလုပ်အကိုင်အရေအတွက်မှာ ဤမျှများပြားသော လူဦးရေအတွက် လုံလောက်မှုမရှိပေ။
အလုပ်အကိုင် ရရှိရေး၊ စက်ပစ္စည်းအသုံးပြုမှု လျှော့ချရေးနှင့် မြေအောက်မြို့တော် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် လူအင်အား အများအပြား သုံးစွဲနေသော်လည်း လူအများစုမှာ အလုပ်လက်မဲ့ ဖြစ်နေကြရသည်။
သန်းနှင့်ချီသော လူများသည် အိမ်ထဲ၌သာနေရင်း အလုပ်လက်မဲ့ ဖြစ်နေကြသည်။
ဒေသခံများနှင့် ပြောင်းရွှေ့လာသူများအကြား ပဋိပက္ခများလည်း ရှိနေရာ ၎င်းသည် ပေါက်ကွဲလုဆဲဆဲ ယမ်းအိုးကြီးတစ်လုံးနှင့် တူနေသည်။
ထို့ကြောင့် စစ်အုပ်ချုပ်ရေးကို မဖြစ်မနေ ဆက်လက်ထားရှိရခြင်း ဖြစ်သည်။
လူသားများ အာကာသယာဉ်ပေါ်သို့ မပြောင်းရွှေ့မီအချိန်ထိ ဤအခြေအနေသည် ရှည်ကြာဦးမည်ဟု ခန့်မှန်းရသည်။ ထိုအချိန်ရောက်မှသာ အခြေအနေများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာနိုင်ပေမည်။
……
လော်ယွမ်သည် မြေအောက်မြို့တော်မှ ထွက်ခွာလာခဲ့သည်။
အပြင်ဘက်တွင် နှင်းများ သည်းထန်စွာ ကျဆင်းနေသည်။
ကပ်ဘေးသင့်ပြီးနောက်ပိုင်း နှင်းကျခြင်းမှာ ပုံမှန်ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။ နှစ်ရက် သုံးရက်လျှင် တစ်ကြိမ် နှင်းကျလေ့ရှိသည်။
မြေပြင်ပေါ်တွင် ၃ ပေ ခန့်ထူသော နှင်းထုကြီးကို ကြည့်ခြင်းအားဖြင့် နှင်းကျနေသည်မှာ ကြာပြီဖြစ်ကြောင်း သိသာသည်။
ထိုနှင်းပွင့်များသည် မီးခိုးရောင်သမ်းနေပြီး ဖုန်မှုန့်များစွာ ပါဝင်နေသည်။ နှင်းပွင့်များ လော်ယွမ်၏ ကိုယ်ပေါ်သို့ မကျရောက်မီမှာပင် ပတ်ဝန်းကျင်လေထု တုန်ခါသွားပြီး သူ၏ စိတ်စွမ်းအားတစ်ခုက နှင်းများကို လွင့်စင်သွားစေသည်။
သူသည် ခြေကိုဆောင့်ကန်လိုက်ရာ ခန္ဓာကိုယ်သည် မြှားတစ်စင်းအလား လေပေါ်သို့ ပျံတက်သွားသည်။
တခဏအတွင်းမှာပင် လေထုကို ခွင်းလျက် စူးရှသောအသံမြည်ဟီးကာ မိုးကုပ်စက်ဝိုင်းဆီသို့ လျှပ်စီးလက်သကဲ့သို့ ပျံသန်းသွားတော့သည်။
ရှေးဦးစွာ သူသည် ဆန့်ကျင်ဘက်ဒြပ်သားဗုံးများကြောင့် ဖြစ်ပေါ်ခဲ့သော တွင်းနက်ကြီးများကို လှည့်လည်ကြည့်ရှုလိုက်သည်။
အားလုံး ပုံမှန်ရှိနေပြီး မီးတောင်ဝများသည် ထူထဲသော ရေခဲပြင်အောက်တွင် ငြိမ်သက်အေးခဲနေသည်။
အနီးပတ်ဝန်းကျင်တွင် ရေငွေ့များ စိမ့်ထွက်နေခြင်းမရှိပေ။ ယခင်က စီမံထားခဲ့သော နည်းလမ်းများ ထိရောက်မှုရှိသည်မှာ ထင်ရှားသည်။
ထို့နောက် မကြာသေးမီက ပေါက်ကွဲထားသော မီးတောင်ဘက်သို့ ဦးတည်ပျံသန်းကာ စစ်ဆေးလိုက်သည်။
ရက်ဝက်ခန့် ပေါက်ကွဲနေခဲ့သော မီးတောင်သည် ယခုအခါ ငြိမ်သက်သွားပြီဖြစ်သည်။
ရဲရဲတောက်နေသော မီးတောင်ရည်များ အေးခဲသွားပြီး ရေခဲလွှာများ ဖုံးလွှမ်းထားသည်။
မီးတောင်ထိပ်ဝမှ ရေငွေ့အနည်းငယ် ထွက်နေသည်မှလွဲ၍ မည်သည့် ထူးခြားမှုမှ မရှိတော့ပေ။
လော်ယွမ် သက်ပြင်းချလိုက်မိသည်။ ဤမျှ ဆိုးရွားလှသော ရာသီဥတုသည် တစ်ခါတစ်ရံတွင်မူ အသုံးဝင်ပေသည်။
အနုတ် ဒီဂရီအမြောက်အမြားရှိသော အအေးဒဏ်ကြောင့် မီးတောင်ပေါက်ကွဲမှုများပင် ရပ်တန့်သွားခဲ့ရသည်။
ဤနေရာသည် လူသူကင်းမဲ့သော တောရိုင်းနယ်မြေ ဖြစ်သည်။ ယခင်က သက်ရှိများဖြင့် စည်ကားခဲ့သော ကမ္ဘာကြီးသည် လော်ယွမ်၏ မျက်လုံးထဲတွင် တိတ်ဆိတ်ခြောက်ကပ်နေသည်။
ဧရာမအပင်ကြီးများသည် မီးခိုးရောင် ရေခဲများ ဖုံးလွှမ်းခံထားရပြီး သတ္တုရုပ်တုကြီးများအလား မတ်တပ်ရပ်နေကြသည်။ သက်ရှိဟူ၍ အရိပ်အယောင်မျှပင် မတွေ့ရပေ။
မျက်မှောက်မြင်ကွင်းများကို ကြည့်ရင်း လော်ယွမ်၏ စိတ်နှလုံးသည် လေးလံသွားရသည်။
သူသည် သစ်တောအုပ်ကြားတွင် လမ်းလျှောက်နေမိသည်။ ယခင်က အန္တရာယ်များဖြင့် ပြည့်နှက်နေသော သစ်တောအုပ်၊ ငှက်သံ တိရစ္ဆာန်အော်မြည်သံများဖြင့် ဆူညံနေတတ်သော သစ်တောအုပ်သည် ယခုအခါ အသံဗလံဟူ၍ မရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။
ကမ္ဘာ့ဝင်ရိုးစွန်းများကဲ့သို့ ရက်စက်ကြမ်းကြုတ်လှသော ဆောင်းရာသီသည် ဤနေရာရှိ သက်ရှိအများစုကို သုတ်သင်ရှင်းလင်းခဲ့ပြီ ဖြစ်သည်။
သူသည် ငြိမ်သက်စွာ ရပ်တန့်နေလိုက်ပြီး ပြန်လှည့်ရန် ပြင်လိုက်သည်။
ထိုစဉ် ရုတ်တရက် လော်ယွမ်၏ နားစည်ထဲသို့ "တရှပ်ရှပ်" အသံတစ်ခု ဝင်ရောက်လာသည်။
သူ စိတ်ဝင်စားသွားပြီး အသံလာရာသို့ လှမ်းကြည့်လိုက်ရာ ၃ မိုင်၊ ၄ မိုင် ခန့်အကွာမှ ဖြစ်သည်။ သစ်ပင်များ ပိတ်ကာနေသော်လည်း လေးဘက်မြင် အမြင်အာရုံပိုင်ရှင် လော်ယွမ်အတွက်မူ အတားအဆီး မရှိပေ။
ရှဉ့်နှင့်တူသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို သူတွေ့လိုက်ရသည်။
၎င်းသည် ရေခဲပြင်အောက်မှ သတိကြီးစွာဖြင့် တိုးထွက်လာသည်။
ကိုယ်ခန္ဓာ အရှည် ၂ ပေ ခန့်သာရှိပြီး သန္ဓေပြောင်း သားရဲများအကြားတွင် သေးငယ်သော သတ္တဝါအမျိုးအစားဟု ဆိုနိုင်သည်။
၎င်း၏ ခန္ဓာကိုယ်တွင် ဝါညစ်ညစ် အမွေးပွကြီးများ ဖုံးအုပ်ထားပြီး ဘောလုံးတစ်လုံးကဲ့သို့ ဝတုတ်နေသည်။
ဤမျှ ကြမ်းတမ်းသော ဆောင်းရာသီတွင် ကောင်းမွန်စွာ ရှင်သန်နေထိုင်နိုင်ပုံရသည်။
တွင်းထဲမှ ထွက်လာပြီးနောက် ၎င်းသည် မျက်လုံးနက်နက်ကလေးများဖြင့် ဘယ်ညာဝဲယာသို့ သတိထားကြည့်ရှုနေသည်။
ရှည်လျားသော နားရွက်နီနီလေးများမှာ လှုပ်ရှားနေပြီး အလွန်သတိကြီးပုံရသည်။
ခဏအကြာတွင် ထိုသတ္တဝါလေးသည် ခြေလက်တိုတိုလေးများဖြင့် လျင်မြန်စွာ ပြေးလွှားသွားသည်။
အနီးနားရှိ ရေခဲဖုံးနေသော သစ်ပင်ကြီးတစ်ပင်ပေါ်သို့ လျင်မြန်စွာ တက်သွားပြီး ချွန်ထက်သော လက်သည်းများဖြင့် ရေခဲပြင်ကို ကုတ်တွယ်ထားရာ ၎င်း၏ လှုပ်ရှားမှုများမှာ သွက်လက်ချက်ချာလှသည်။
မကြာမီ သစ်ပင်၏ ချိုင့်ခွက်တစ်ခု၊ သစ်ခေါင်းပေါက်ရှိရာ နေရာသို့ ရောက်ရှိသွားသည်။
ထို့နောက် ခြေလက်များဖြင့် လျင်မြန်စွာ ယက်ထုတ်လိုက်ရာ ရေခဲစများ လွင့်စင်သွားပြီး မာကျောသော ရေခဲပြင် ပေါက်ကွဲသွားသည်။
မကြာမီ အပေါက်ငယ်တစ်ခု ပေါ်လာသည်။ ၎င်း၏ ကိုယ်ခန္ဓာ ဝင်ရုံသာရှိသော အပေါက်ငယ်လေး ဖြစ်သည်။ ထို့နောက် ထိုသတ္တဝါလေးသည် အပေါက်ထဲသို့ အားယူ၍ တိုးဝင်သွားသည်။
လော်ယွမ်သည် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။ သို့သော် အတော်ကြာသည်အထိ ပြန်ထွက်မလာသဖြင့် သူ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။
သူသည် ခန္ဓာကိုယ်ကို လေပေါ်မြှောက်တင်လိုက်ပြီး အသံမထွက်စေဘဲ ထိုသစ်ပင်ကြီးနားသို့ တိုးကပ်သွားသည်။
သူ၏ ကောင်းမွန်လှသော အကြားအာရုံကြောင့် "ဂျွတ်... ဂျွတ်" ဟူသော ဝါးစားသံသဲ့သဲ့ကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
ဤ "ရှဉ့်" ကလေးသည် ဤနေရာ၌ အစာစုဆောင်းထားသည်လော။
လော်ယွမ် သဘောကျသွားသည်။ သို့သော် သူသည် ထို "ရှဉ့်" ကလေး၏ အစာစားချိန်ကို မနှောင့်ယှက်လိုပေ။
ကပ်ဘေးအပြီးတွင် ဧရာမမျောက်ဝံကြီး မှလွဲ၍ ကုန်းမြေပေါ်၌ ပထမဆုံးတွေ့ရသော သက်ရှိဖြစ်သဖြင့် သူ တန်ဖိုးထားမိသည်။
နောက်ထပ် ၁၀ မိနစ်ခန့် ဆက်လက်စောင့်ဆိုင်းလိုက်သည်။ ဗိုက်ဝသွားပုံရသော ရှဉ့်ကလေးသည် ပြန်ထွက်လာသည်။
ဦးခေါင်းတစ်ဝက်ကို အရင်ပြူထွက်ကြည့်ပြီး ဘယ်ညာဝဲယာ အကဲခတ်သည်။ အန္တရာယ်မရှိမှန်း သေချာမှ အပြင်သို့ ထွက်လာသည်။
ထို့နောက် လက်သည်းများဖြင့် နှင်းများကို ယက်ကာ သစ်ခေါင်းပေါက်ကို ပြန်လည်ဖုံးအုပ်လိုက်သည်။
ပြီးနောက် သစ်ပင်ပေါ်မှ ခုန်ဆင်းကာ မြေကြီးအောက်ရှိ တွင်းထဲသို့ ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
ယင်းကိုကြည့်ရင်း လော်ယွမ် မအံ့သြမိပေ။ သစ်ခေါင်းပေါက်ထက်စာလျှင် မြေကြီးအောက်ရှိ တွင်းအောင်းရာက ပို၍ နွေးထွေးမည်မှာ အသေအချာပင်။
"ရှဉ့်" ထွက်သွားပြီးနောက် လော်ယွမ်သည် ရေခဲဖုံးနေသော သစ်ပင်ကြီးကို အနီးကပ် လေ့လာကြည့်လိုက်သည်။
သစ်ပင်၏ မျက်နှာပြင်ပေါ်တွင် ၁ ပေ ခန့် ထူထဲသော ရေခဲလွှာများ ဖုံးအုပ်ထားရာ သံချပ်ကာ ဝတ်ဆင်ထားသည်နှင့် တူနေသည်။
သူသည် လက်ဝါးဖြင့် သစ်ပင်ကို ဖိကပ်ကာ အားအနည်းငယ် စိုက်လိုက်သည်။
အေးခဲလွန်းသဖြင့် မာကျောနေသော ရေခဲပြင်သည် တစ်ချိန်တည်းမှာပင် ကြွပ်ဆတ်လွယ်သည်။ အနည်းငယ် ပုတ်လိုက်ရုံဖြင့် ရေခဲပြင်တစ်ခုလုံး အက်ကွဲသွားသည်။
ရေခဲစများ ကွာကျသွားသည်နှင့် သစ်ခေါက်၏ မူလအရောင် ပေါ်လာသည်။
သစ်ပင်တစ်ပင်လုံး အရွက်မရှိတော့ဘဲ ပြောင်ရှင်းနေသည်။ ရေခဲများနှင့်အတူ အရွက်များ ကြွေကျသွားခြင်း ဖြစ်သည်။
ထို့နောက် လော်ယွမ်သည် "ရှဉ့်" ဝင်သွားခဲ့သော သစ်ခေါင်းပေါက်မှ ရေခဲများကို ရှင်းထုတ်လိုက်သည်။
ထိုသစ်ခေါင်းပေါက်မှာ ထူးခြားမှုမရှိပေ။ သားကောင်အသေကောင်များ၊ သစ်သီးများ စုဆောင်းထားသည်ကို မတွေ့ရ။
သို့သော် ထိုသတ္တဝါလေး ကုတ်ဖဲ့ထားသော နေရာမှ နို့နှစ်ရောင် သစ်ပင်ရည်များ စီးကျလာသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။
သူသည် သစ်ပင်ရည်များကို လက်ဖြင့် သုတ်ဖယ်လိုက်ရာ အတွင်းဘက်၌ အစိမ်းရောင်သမ်းနေသော သစ်အသားကို တွေ့လိုက်ရသည်။
သူ အကြီးအကျယ် အံ့သြသွားမိသည်။ ဤသစ်ပင်ကြီးသည် အတွင်းပိုင်း၌ ခဲသွားခြင်းမရှိဘဲ အသက်ရှင်နေဆဲ ဖြစ်သည်။
နေရောင်ခြည် ပြန်လည်ရရှိမည့်အချိန်ကို စောင့်မျှော်ရင်း ဆောင်းခိုနေခြင်း ဖြစ်ပေလိမ့်မည်။
အပင်များ၏ ရှင်သန်နိုင်စွမ်းအားသည် ထင်ထားသည်ထက် ပိုမိုအားကောင်းနေသည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင် ဤအရာများသည် သာမန်အပင်များ မဟုတ်ကြဘဲ သန္ဓေပြောင်းအပင်များ ဖြစ်ကြသည်။
အချို့အပင်များဆိုလျှင် သာမန်စဉ်းစားတွေးခေါ်မှု ဘောင်ကို ကျော်လွန်နေပြီဖြစ်ရာ ကပ်ဘေးမတိုင်မီက အပင်များနှင့် နှိုင်းယှဉ်၍ ရမည်မဟုတ်ပေ။
ဤတွေ့ရှိချက်ကြောင့် လော်ယွမ်၏ စိတ်နှလုံး တက်ကြွလန်းဆန်းသွားသည်။
ဗိုရှင်းသားများ၏ ခြိမ်းခြောက်မှုကြောင့် လူသားများ ကမ္ဘာမြေကို စွန့်ခွာကာ စကြဝဠာထဲသို့ ထွက်ခွာရမည် ဖြစ်သော်လည်း ကမ္ဘာမြေသည် လူသားတို့၏ မိခင်ကမ္ဘာပင် ဖြစ်သည်။
တစ်နေ့တွင် လူသားများ ပြန်လာနိုင်မည်မှာ မလွဲဧကန်ပင်။
ထိုနေ့ရက်သည် ဝေးကွာကောင်း ဝေးကွာနေလိမ့်မည်။ သို့သော် ထိုနေ့ရက် ရောက်လာလိမ့်မည်ဟု လော်ယွမ် ယုံကြည်နေသည်။
……
လော်ယွမ်သည် ထိုနေရာမှ ထွက်ခွာလာပြီး ပတ်ဝန်းကျင်ကို ဆက်လက်လေ့လာသည်။
အပင်အများစုမှာ ရှင်သန်နေဆဲ ဖြစ်ကြောင်း တွေ့ရှိရသည်။ ယေဘုယျအားဖြင့် အဆင့်မြင့်လေ၊ အပင်အရွယ်အစား ကြီးမားလေ၊ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိလေ ဖြစ်သည်။
အဆင့်နိမ့်သော အပင်များနှင့် ချုံပုတ်များမှာမူ အအေးဒဏ်ကြောင့် သေဆုံးကုန်ကြပြီ ဖြစ်သည်။
ထို့အပြင် အချို့သော သစ်ပင်များသည် အအေးဒဏ်ကို ခံနိုင်ရည်ရှိရန် ထူးခြားစွာ ဆင့်ကဲပြောင်းလဲ ဖြစ်သွားကြကြောင်း သူ တွေ့ရှိရသည်။
အထူးသဖြင့် သစ်ပင်တစ်ပင်သည် ခန္ဓာကိုယ်မှ အပူငွေ့များ ထုတ်လွှတ်နေသည်။ ၎င်း၏ ပတ်လည်တွင် နှင်းများမရှိဘဲ စိမ်းလန်းစိုပြေနေသည်။
သစ်ပင်မှာ ပြောင်ရှင်းမနေဘဲ အရွက်များဖြင့် ဝေဆာနေသည်။ သစ်ကိုင်းများသည် ထီးကြီးတစ်ချောင်းအလား မိုင်အနည်းငယ် ခန့်အထိ ဖြန့်မိုးထားသည်။
သေဆုံးနေသော ပတ်ဝန်းကျင်အလယ်တွင် ဤနေရာလေးတစ်ခုသာ ထီးထီးမားမား ရှင်သန်နေသည်။
၎င်းသည် ဇီဝခိုလှုံရာနေရာတစ်ခု၊ ရိုးရှင်းသော ဂေဟစနစ်တစ်ခုကို ဖန်တီးပေးထားသည်။
သစ်ပင်ပေါ်တွင် ငှက်များနှင့် သားရဲတိရစ္ဆာန်များ ပြည့်နှက်နေပြီး အကောင်ရေ များပြားလွန်းသဖြင့် အံ့သြဖွယ်ရာပင်။
သစ်ပင်ကြီးမှာ သစ်တောအုပ်ငယ်တစ်ခုအလား အလွန်ကြီးမားသောကြောင့်သာ ဤမျှများပြားသော သတ္တဝါများကို လက်ခံထားနိုင်ခြင်း ဖြစ်သည်။
ဤကဲ့သို့သော ဇီဝခိုလှုံရာနေရာများ အခြားတစ်နေရာတွင်လည်း ရှိသေးသည်။
လေပေါ်မှ ပျံသန်းကြည့်ရှုရာတွင် အချို့သော နေရာများသည် ပထဝီအနေအထား ထူးခြားမှုကြောင့် မြေအောက်အပူရှိန် ထွက်ပေါ်နေပြီး စိမ်းလန်းသော ကွက်လပ်ကလေးများ ဖြစ်ပေါ်နေသည်။
ဤသေဆုံးနေသော ကမ္ဘာကြီးထဲတွင် အံ့ဖွယ်သဖွယ် ဖြစ်တည်နေကြခြင်း ဖြစ်သည်။
သို့သော် ထိုစိမ်းလန်းသော နေရာများမှာ သေးငယ်လှသည်။ အကြီးဆုံးနေရာသည် စတုရန်းမိုင် ၄၀ ခန့်သာ ရှိပြီး အချို့မှာ စတုရန်းပေ ထောင်ဂဏန်း ခန့်သာ ရှိသည်။ အများစုမှာမူ အဆုံးမရှိသော တိတ်ဆိတ်ငြိမ်သက်ခြင်းများသာ ဖြစ်သည်။
လော်ယွမ်သည် မသိလိုက်ဘာသာဖြင့် ပင်လယ်ကမ်းစပ်သို့ ရောက်ရှိလာခဲ့သည်။ သူ၏ ခြေလှမ်းများ ရပ်တန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏ ရှေ့မှ မြင်ကွင်းသည် အလွန်တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
ပင်လယ်ပြင်ကြီး တစ်ခုလုံး ရေခဲဖုံးလွှမ်းနေသည်။ သို့သော် ထိုအရာက လော်ယွမ်ကို တုန်လှုပ်စေခြင်း မဟုတ်ပေ။
သူသည် ကမ်းစပ်သို့ ဖြည်းညှင်းစွာ သက်ဆင်းလိုက်သည်။
ကုန်းမြေနှင့် ပင်လယ်တို့ ရေခဲပြင် တစ်သားတည်း ဖြစ်နေသော်လည်း ကမ်းရိုးတန်းကို ရှင်းလင်းစွာ မြင်နေရသည်။
ပင်လယ်ရေမျက်နှာပြင်သည် ရေခဲသိပ်သည်းဆ ပြောင်းလဲမှု (ရေခဲက ရေထက် သိပ်သည်းဆနည်း၍ ပွလာခြင်း) ကြောင့် ကုန်းမြေမြင့်တစ်ခုအလား မြင့်တက်လာသည်။
သူ၏ ရှေ့တွင် ပေ ၃၀၀ ကျော်ခန့် မြင့်တက်နေသော ရေခဲပြင်ကြီးကို ငေးမောကြည့်ရှုရင်း နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားရတော့သည်။
ဆက်ရန်...