အခန်း (၄၆၉-၄၇၀)
Vol. 24 Ch. 469-470
အပိုင်း (၄၆၉) မိုးမျှော် အဆောက်အအုံကြီး
ဗိုရှင်းဂြိုဟ်သားတို့၏ ဧရာမ မိခင်ယာဉ်ပျံကြီးသည် မှောင်မိုက်နေသော အာကာသဟင်းလင်းပြင်ထဲတွင် ခံတပ်ကြီးတစ်ခုသဖွယ် တိတ်ဆိတ်ငြိမ်သက်စွာ မျောလွင့်နေသည်။
သို့သော် ယခုအချိန်တွင်မူ ဤနေရာသည် လူသားတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်နယ်မြေ၊ အနာဂတ်၏ သင်္ဘောကြီး ဖြစ်လာခဲ့လေပြီ။
မူလက ဟာလာဟင်းလင်းဖြစ်နေခဲ့သော နေထိုင်မှုဇုန်သည် ယခုအခါ လူသူအများဖြင့် ဆူညံပွက်လောရိုက်လျက် ရှိသည်။
အကြိမ်ကြိမ် ရွှေ့ပြောင်းနေရာချထားမှုများ ပြုလုပ်ပြီးနောက် ယခုအခါ လူဦးရေ တစ်သိန်းကျော်ခန့်သည် ဤနေရာတွင် နေထိုင်နေကြပြီဖြစ်သည်။
ယခင်က အလယ်ဗဟိုနေရာကို ယူထားသည့် နိုင်ငံခြားဂြိုဟ် သစ်ပင်ပန်းမန် ဥယျာဉ်ကြီးကိုလည်း ရှင်းလင်းလိုက်ပြီ ဖြစ်သည်။
သုတေသနပြုလုပ်ရန် ဇီဝနမူနာအချို့ ချန်လှပ်ထားသည်မှလွဲ၍ ကျန်ရှိသော အပင်နှင့် သတ္တဝါအားလုံးကို ဖယ်ရှားကာ မီးရှို့ပိုးသတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ထိုနေရာတွင် တဲအိမ်ပေါင်းများစွာ အစားထိုး နေရာယူလာခဲ့သည်။ တစ်ခုနှင့်တစ်ခု ကပ်လျက် တည်ဆောက်ထားသော တဲများသည် နေထိုင်မှုဇုန်တစ်ခုလုံးနီးပါးကို လွှမ်းခြုံသွားတော့သည်။
ဤနိုင်ငံခြားဂြိုဟ်မှ အပင်များ၊ သတ္တဝါများနှင့် ဘက်တီးရီးယား ဗိုင်းရပ်စ်များသည် ဗိုရှင်းဂြိုဟ်သားများအတွက် အန္တရာယ်မရှိသော်လည်း လူသားများအတွက်မူ ထိုသို့မဟုတ်ပေ။
၎င်းတို့ကို ဆက်လက်ထားရှိခြင်းသည် လူသားတို့အတွက် ဖုံးကွယ်နေသော အန္တရာယ်တစ်ခု ဖြစ်လာနိုင်သည်။
သို့သော် ယနေ့တွင်မူ ထိုနေရာရှိ တဲအိမ်အချို့ကို ရွှေ့ပြောင်းရတော့မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယာဉ်ပျံကြီးအတွင်း၌ ပထမဆုံးသော လူသားတို့၏ မိုးမျှော် အဆောက်အအုံကြီးကို စတင်တည်ဆောက်တော့မည် ဖြစ်သောကြောင့်ပင်။
လွန်ခဲ့သော သုံးလတာကာလအတွင်း ဗိုရှင်းဂြိုဟ်သားတို့၏ စက်ရုံများသည် ဉာဏ်ရည်တုဦးနှောက်မှ ပေးပို့သော အချက်အလက်များ၏ အကူအညီနှင့် အင်ဂျင်နီယာများ၏ နေ့မနားညမအား ကြိုးပမ်းမှုတို့ကြောင့် တစ်ခုပြီးတစ်ခု စတင်လည်ပတ်နိုင်ခဲ့ပြီ ဖြစ်သည်။
ထိုစက်ရုံများမှတဆင့် အင်ဂျင်နီယာဆိုင်ရာ စက်ယန္တရားများ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ကိရိယာများနှင့် အရည်အသွေးမီ သတ္တုအစိတ်အပိုင်း အများအပြားကို ထုတ်လုပ်နိုင်ခဲ့သည်။
လူသားတို့အနေဖြင့် ယာဉ်ပျံကြီးကို ပြုပြင်ပြောင်းလဲရန် အခြေအနေအရပ်ရပ် ပြည့်စုံလုံလောက်ပြီ ဖြစ်သည်။
နံနက် ၈ နာရီအချိန်တွင် လော်ယွမ်သည် ယာဉ်ပျံကြီးဆီသို့ အထူးတလည် ပြန်လာခဲ့သည်။
အကျဉ်းချုံး ပြုလုပ်သော ပန္နက်ရိုက်အခမ်းအနား ပြီးဆုံးသည်နှင့် တည်ဆောက်ရေးစီမံကိန်းကို တရားဝင် စတင်လိုက်တော့သည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ယာဉ်အစီးရေ ရာနှင့်ချီ၍ လုပ်ငန်းခွင်အတွင်းသို့ တန်းစီ ဝင်ရောက်လာကြသည်။
လော်ယွမ်၏ မျက်လုံးများပင် အရောင်တောက်သွားခဲ့ရသည်။ ဤယာဉ်များသည် ရင်းနှီးပြီးသား ပုံစံများ ဖြစ်သော်လည်း ယခင်က ပြန်လည်ထူထောင်ရေးဇုန်တွင် အသုံးပြုခဲ့သော ထူထူထဲထဲ ရုပ်ဆိုးဆိုး စက်ယန္တရားများနှင့် လုံးဝ ကွာခြားနေသည်။
ဤယာဉ်သစ်များသည် ငွေရောင် တလက်လက်ဖြင့် တောက်ပနေပြီး မျက်နှာပြင်မှာ မှန်သားပြင်ကဲ့သို့ ချောမွတ်နေသည်။
တစ်ဆက်တည်း ပုံလောင်းထားသကဲ့သို့ ဖြစ်ပြီး မရှိမဖြစ်လိုအပ်သော အဆစ်အပိုင်းများ၌ပင် ဆက်ကြောင်းရာ မထင်ဘဲ အလွန်သေသပ် လှပနေသည်။
သာမန်လူတစ်ယောက်အနေဖြင့် သေချာကြည့်လျှင်ပင် ဆက်ကြောင်းရာကို တွေ့နိုင်မည် မဟုတ်ပေ။
ဗိုရှင်းဂြိုဟ်သားတို့၏ တိကျသေချာသော စက်မှုလက်မှုပညာနှင့် ခေတ်မီပစ္စည်းကိရိယာ နည်းပညာများက ကြမ်းတမ်းသော ဆောက်လုပ်ရေး စက်ယန္တရားများကိုပင် စက်မှုအနုပညာလက်ရာတစ်ခုကဲ့သို့ လှပစေခဲ့သည်။
သို့သော် လက်တွေ့တွင်မူ ၎င်းသည် "အပေါ်ယံရွှေမှုန်ကြဲ အထဲကနောက်ချေးခံ" ဆိုသကဲ့သို့ပင် ဖြစ်သည်။
ပြင်ပအသွင်အပြင် လှပမှုကို ဖယ်ထားလိုက်ပါက လူသားတို့၏ နည်းပညာအဆင့်အတန်းသည် တိုးတက်မလာသည့်အပြင် များစွာ နောက်ဆုတ်သွားသည်ကို တွေ့ရမည်ဖြစ်သည်။
ကပ်ဘေးအပြီး လူသားတို့၏ နည်းပညာ ယိုယွင်းပျက်စီးလာမှု အခြေအနေကို ဤယာဉ်များ၌ အထင်သား တွေ့မြင်နေရသည်။
ဥပမာဆိုရသော် ဤယာဉ်များတွင် အီလက်ထရောနစ် စနစ်ဟူ၍ မရှိသလောက်ပင် ဖြစ်ပြီး နည်းပညာအများစုမှာ လွန်ခဲ့သော နှစ် ၅၀၊ ၆၀ ခန့်က အဆင့်အတန်း၌သာ ရပ်တန့်နေသည်။
ဤသည်မှာ အချိန်တိုအတွင်း အပြီးသတ်တည်ဆောက်ရခြင်းကြောင့်လည်း ပါဝင်ပေသည်။
ထို့အပြင် လောင်စာဆီ ရှားပါးမှုကြောင့် လျှပ်စစ်စွမ်းအင်ကို မဖြစ်မနေ အသုံးပြုရသော်လည်း မျှော်လင့်ချက်မြို့တော်ရှိ ဘက်ထရီနည်းပညာမှာ မြင်းကောင်ရေအား အများအပြား လိုအပ်သော ဤစက်ယန္တရားကြီးများကို မောင်းနှင်နိုင်ရန် လုံလောက်မှု မရှိချေ။
ထို့ကြောင့် ယာဉ်တိုင်း၏ ခေါင်းပေါ်တွင် လျှပ်စစ်ကေဘယ်ကြိုး တစ်ချောင်းစီ တပ်ဆင်ထားရပြီး မြင်ရသူအဖို့ ရယ်ရခက် ငိုရခက် ဖြစ်နေစေသည်။
လော်ယွမ်သည် တာဝန်ခံအင်ဂျင်နီယာ၏ ရှင်းပြချက်ကို နားထောင်ရင်း ခေါင်းတစ်ချက် ညိတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ လူသားတို့ အသုံးပြုနိုင်သေးသည်ကပင် ကံကောင်းလှပြီ ဖြစ်သည်။
တစ်ဖက်တွင်လည်း တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။ သတ္တုအစိတ်အပိုင်းများ တင်ဆောင်ထားသော ကုန်တင်ကားကြီးများသည် လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်လာကြသည်။
ပုံမှန်ထက် များစွာကြီးမားသော ထိုကားကြီးများကို ကြည့်ရင်း ကေဘယ်ကြိုးဖြင့် မောင်းနှင်ရခြင်းမှာ ဆိုးကျိုးချည်းသက်သက် မဟုတ်ကြောင်း လော်ယွမ် တွေးမိလိုက်သည်။
အကယ်၍ ဘက်ထရီကိုသာ အသုံးပြုခဲ့လျှင် ယခင် ပြန်လည်ထူထောင်ရေးဇုန်ရှိ အမြင့်ဆုံးနည်းပညာဖြင့်ပင် ဤမျှကြီးမားသော ကားကြီးများကို မောင်းနှင်နိုင်မည် မဟုတ်ပေ။
ထိုစဉ် ကုန်တင်ကားပေါ်ရှိ သတ္တုပြားများကို လော်ယွမ် သတိထားမိသွားသည်။
ထိုသတ္တုပြားများသည် အလျား ပေ ၂၀၊ အနံ ပေ ၂၀ ပတ်လည် ရှိသော်လည်း အထူမှာ ၆ လက်မခန့်သာ ရှိသဖြင့် သူက သံသယဖြင့် မေးလိုက်သည်။
"ဒီလောက်ပါးနေတာ အဆင်ပြေပါ့မလား"
ယာဉ်ပျံကြီးအတွင်းရှိ အဆောက်အအုံများသည် မြေပြင်ပေါ်ရှိ အဆောက်အအုံများနှင့် မတူပေ။ ယာဉ်ပျံကြီး ပျံသန်းနေစဉ်အတွင်း အရှိန်မြှင့်ခြင်း၊ အရှိန်လျှော့ခြင်းများကို မကြာခဏ ပြုလုပ်ရလေ့ရှိသည်။
မိုးမျှော် အဆောက်အအုံများအတွက်မူ ပတ်ဝန်းကျင်အခြေအနေမှာ ပို၍ ဆိုးရွားနိုင်သည်။
သာမန် တိုက်တာအဆောက်အအုံများ၏ ခံနိုင်ရည်အားဖြင့် ယာဉ်ပျံကြီးပေါ်တွင် ဆောက်လုပ်ရန် မသင့်တော်သည်မှာ အသေအချာပင်။
ဘေးနားရှိ တာဝန်ခံအင်ဂျင်နီယာက ချက်ချင်းပင် ရှင်းပြလေသည်။
"မြို့တော်ဝန်... ဒါက ဉာဏ်ရည်တုဦးနှောက်က ပေးထားတဲ့ စွမ်းအားမြင့် သတ္တုတစ်မျိုးပါ... သူ့ရဲ့ ထုတ်လုပ်မှုအဆင့်က ၁၀ ဆင့်ကျော်လောက် ရှိပါတယ်... သတ္တုရည်ကျိုတဲ့ အဆင့်ပြီးတာနဲ့ သံလိုက်ဓာတ် ဖယ်ရှားတာ၊ လျှပ်စစ်ကာကွယ်မှုနဲ့ အပူဒဏ်ခံ အလွှာအုပ်တာ၊ ပေါင် သန်းနဲ့ချီတဲ့ ဖိအားနဲ့ ဖိသိပ်တာ၊ အက်တမ်သံလိုက်စက်ကွင်း စီစီတာ အစရှိတဲ့ အဆင့်တွေကို ဖြတ်သန်းပြီးမှ ထွက်လာတာ... ဒါကြောင့် သူ့ရဲ့ ခိုင်ခံ့မှုက လေယာဉ်တင်သင်္ဘော ကုန်းပတ်သတ္တုထက် ၁၀ ဆကျော် ပိုမာကျောပါတယ်... ကျွန်တော်တို့ စမ်းသပ်ချက်တွေအရ ဒီလောက် အထူရှိရုံနဲ့တင် ကမ္ဘာမြေဆွဲအား အဆ ၂၀၀ လောက်ရှိတဲ့ အရှိန်ကို ကောင်းကောင်း ခံနိုင်ရည် ရှိပါတယ်"
လော်ယွမ်က နားထောင်ရင်း ခေါင်းညိတ်လိုက်သည်။ လူသားများ လိုက်ပါစီးနင်းမည့် ယာဉ်ပျံဖြစ်သဖြင့် အရှိန်မြှင့်တင်ရာတွင် တဖြည်းဖြည်းချင်းသာ ပြုလုပ်လေ့ရှိပြီး ရုတ်တရက် ရပ်တန့်ခြင်း သို့မဟုတ် ရုတ်တရက် အရှိန်မြှင့်ခြင်းမျိုးမှာ ရှားပါးလှသည်။
အကယ်၍ ကမ္ဘာမြေဆွဲအား အဆ ၂၀၀ မျှ အရှိန်ကို ခံနိုင်ရည်ရှိရမည့် အခြေအနေမျိုး ရောက်လာခဲ့လျှင် အဆောက်အအုံ ပြိုကျသည်ကို စောင့်စရာမလိုဘဲ လူသားအများစုမှာ သေဆုံးပြီးဖြစ်နေပေလိမ့်မည်။
...
အဆောက်အအုံ အစိတ်အပိုင်းများအားလုံးသည် သတ္တုပြားများ ဖြစ်ကြပြီး ၎င်းတို့ကို တြိဂံပုံစံ ချိတ်ဆက်ကိရိယာများဖြင့် အတွင်းချိတ်နည်းစနစ် သုံးကာ တွဲဆက်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ဂဟေဆက်ခြင်း လုပ်ငန်းစဉ် အများအပြားကို လျှော့ချနိုင်ခဲ့ပြီး တည်ဆောက်ရေး အရှိန်အဟုန်မှာ အလွန်လျင်မြန်လေသည်။
လော်ယွမ်သည် လုပ်ငန်းခွင်၌ မွန်းတည့်ချိန်အထိ စောင့်ကြည့်နေခဲ့ရာ နံနက်ပိုင်း တစ်ပိုင်းတည်းမှာပင် အဆောက်အအုံ သုံးထပ်ပြီးစီးသည်ကို တွေ့လိုက်ရသည်။
ဤနှုန်းထားအတိုင်းဆိုလျှင် တစ်လပင် မကြာဘဲ ဤ မိုးမျှော် အဆောက်အအုံကြီး ပြီးစီးသွားနိုင်ဖွယ် ရှိသည်။
ဤအဆောက်အအုံသည် အလျား ပေ ၁၃၀၀၊ အနံ ပေ ၁၀၀၀ နှင့် အမြင့် ပေ ၆၅၀ ရှိသော ဧရာမ အဆောက်အအုံကြီး တစ်ခု ဖြစ်လာမည်ဖြစ်သည်။
ပြီးစီးသွားပါက ဤအဆောက်အအုံ တစ်ခုတည်းမှာပင် လူဦးရေ ရှစ်သိန်းမှ တစ်သန်းအထိ နေထိုင်နိုင်မည်ဖြစ်သည်။
ထို့အပြင် အဆောက်အအုံအတွင်း၌ လမ်းမများ၊ ဈေးဆိုင်များ၊ စိုက်ပျိုးရေးဇုန်များနှင့် ပန်းခြံများ အစရှိသည့် လူနေမှု အထောက်အကူပြု နေရာများလည်း ပါဝင်မည်ဖြစ်သည်။
အပြင်သို့ ခြေတစ်လှမ်းပင် ထွက်စရာမလိုဘဲ ကိုယ့်ဘာသာကိုယ် ရပ်တည်နေထိုင်နိုင်မည့် သဘောဖြစ်သည်။ အဆောက်အအုံ တစ်ခုသည် မြို့ပြငယ်တစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။
စီမံကိန်းအရ ဤနေထိုင်မှုဇုန် တစ်ခုလုံးတွင် ထိုကဲ့သို့သော အဆောက်အအုံ ၁၂ လုံးကို ယာယီ တည်ဆောက်သွားမည် ဖြစ်သည်။
အများစုကို အသက်ရှင် ကျန်ရစ်သူများအတွက် နေရာချထားပေးမည် ဖြစ်ပြီး ကျန်ရှိသော အဆောက်အအုံ ၅ လုံးကိုမူ အနာဂတ်တွင် တိုးပွားလာမည့် လူဦးရေအတွက် သီးသန့် ဖယ်ချန်ထားမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် ယခု ဟာလာဟင်းလင်း ဖြစ်နေသော ဧရိယာသည် သံမဏိသစ်တောအုပ်ကြီး အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
နေရာလပ်ဟူ၍ အဆောက်အအုံ တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားသော လမ်းမများသာ ကျန်ရှိတော့မည် ဖြစ်သည်။
ဤနေရာသည် လူဦးရေ ၁၂ သန်းအထိ နေထိုင်နိုင်သော ကျဉ်းကျပ်သည့် မြို့ပြတစ်ခု ဖြစ်လာပေလိမ့်မည်။
ယာဉ်ပျံတစ်စင်းတည်းတွင် ဤမျှများပြားသော လူဦးရေကို ဆံ့လိမ့်မည်ဟု တွေးကြည့်ရုံမျှဖြင့် မယုံနိုင်စရာပင် ကောင်းလှသည်။
...
မွန်းလွဲပိုင်းတွင် လော်ယွမ်သည် စက်ရုံဇုန်ရှိ သုတေသနဌာနများသို့ သွားရောက်စစ်ဆေးခဲ့သည်။
အထူးသဖြင့် မျိုးရိုးဗီဇ သုတေသနဌာနတွင် အချိန်အတော်ကြာ နေခဲ့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုဌာနသည် စမ်းသပ် လေ့လာဆဲ အဆင့်တွင်သာ ရှိနေသေးခြင်းပင်။
ဓာတ်ခွဲခန်းရှိ ကိရိယာများသည် စက်ရုံမှ စက်ပစ္စည်းများထက် ပို၍ ရှုပ်ထွေးနက်နဲကာ မျိုးရိုးဗီဇ ပြုပြင်ခြင်း နည်းပညာများနှင့် ပိုမိုကျွမ်းကျင်သော ဗဟုသုတများ လိုအပ်သည်။
စက်ကိရိယာ အများစုကို လုပ်ဆောင်ချက် သိလျှင်ပင် မည်သို့ မောင်းနှင်အသုံးပြုရမည်ကို နားမလည်ကြပေ။
ဗိုရှင်းဂြိုဟ်သားတို့၏ မျိုးရိုးဗီဇ နည်းပညာသည် လူသားတို့ထက် အဆပေါင်းများစွာ သာလွန်နေသည်။
ဉာဏ်ရည်တုဦးနှောက်၏ ပြောပြချက်အရ ဗိုရှင်းဂြိုဟ်သားများသည် မျိုးရိုးဗီဇ အဆင့်အထိ တိုက်ရိုက်ပြုပြင်ပြောင်းလဲနိုင်ပြီး ဒီအန်အေ များကို စိတ်ကြိုက် ဖြည့်စွက်ခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်နိုင်သည်ဟု သိရသည်။
လော်ယွမ်ကဲ့သို့ မိမိကိုယ်ကို မျိုးရိုးဗီဇ အလုံးစုံ ပြောင်းလဲနိုင်သည့် စွမ်းရည်မျိုးနှင့် ယှဉ်လျှင်မူ ဗိုရှင်းဂြိုဟ်သားများသည် သန္ဓေသားလောင်း အဆင့်တွင်သာ နာနိုနည်းပညာဖြင့် ပြုပြင်နိုင်ခြင်း ဖြစ်သည်။
သို့သော် ထိုအဆင့်သည်ပင် လူသားတို့အတွက်မူ သိပ္ပံစိတ်ကူးယဉ် ဝတ္ထုများထဲမှ အရာများကဲ့သို့ ဖြစ်နေဆဲပင်။
နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုသည် တစ်မုဟုတ်ချင်း ဖြစ်လာနိုင်သည် မဟုတ်ပေ။ အဆင့်ဆင့် တက်လှမ်းရမည့် သဘောဖြစ်သည်။
ဗိုရှင်းဂြိုဟ်သားတို့၏ နည်းပညာများကို အပြည့်အဝ နားလည်သဘောပေါက်ခြင်း မရှိမီ လူသားတို့အနေဖြင့် အချိန်ကာလ တစ်ခုအထိ သင်ယူလေ့လာရန် လိုအပ်နေဦးမည် ဖြစ်သည်။
ဤသည်မှာ လက်ရှိ သုတေသီများ ရင်ဆိုင်နေရသော အခြေအနေပင်။
လော်ယွမ်၏ စိတ်ထဲတွင် စိတ်ပျက်မှုနှင့် တက်ကြွမှုတို့ ရောထွေးနေသည်။
ဗိုရှင်းဂြိုဟ်သားတို့၏ အော်ဂဲနစ် မော်လီကျူးများကို ဖန်တီးပေါင်းစပ်သည့် နည်းပညာမှာ ရင့်ကျက်နေပြီဖြစ်သည်။
ကမ္ဘာမြေသို့ လာရောက်သည့် ခရီးစဉ်တစ်လျှောက်လုံးတွင် ယာဉ်ပျံပေါ်ရှိ အစားအသောက် အားလုံးကို ဒြပ်စင်များ အချိုးကျ ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်သည်။
ယာဉ်ပျံ သုတေသနဌာနတွင် ထိုကဲ့သို့ အစားအသောက် ဖန်တီးနိုင်သော အသေးစား စက်ကိရိယာများ ရှိသည်။
အကယ်၍ လူသားတို့သာ ထိုနည်းပညာကို ပိုင်ဆိုင်နိုင်ခဲ့လျှင် အနာဂတ်တွင် စိုက်ပျိုးရေး လုပ်ကိုင်ရန် မလိုအပ်တော့မည့်အပြင် "ဉာဏ်ပညာနှလုံးသား" ကဲ့သို့သော အရာများကိုပင် လူဖန်တီးမှု နည်းပညာဖြင့် ထုတ်လုပ်လာနိုင်ပေမည်။
မပြန်မီတွင် လော်ယွမ်သည် "ဉာဏ်ပညာနှလုံးသား" နမူနာတစ်ခုကို သုတေသနဌာန၌ လေ့လာရန် ထားခဲ့ပြီးနောက် မျှော်လင့်ချက်မြို့တော်သို့ ပြန်ခဲ့သည်။
နောက်တစ်ကြိမ် သူပြန်လာသည့်အခါတွင်မူ လူသားများအားလုံး တစ်ခဲနက် ရွှေ့ပြောင်းလာကြတော့မည် ဖြစ်သည်။
ဆက်ရန်...
အပိုင်း (၄၇၀) အလောင်းကောင်
"သွားတွေတောင် ကျိုးတော့မယ်"
လင်းဖေးယန်က မာကျောနေတဲ့ စစ်သုံးဘီစကွတ်ခြောက်ကို ကိုက်လိုက်ရင်း မကျေမနပ် ရေရွတ်လိုက်သည်။ သူမ၏ သွားဖြူဖြူလေးများဖြင့် အားကုန်သုံး၍ ဝါးနေရရှာသည်။
'ဓားတရား' အဖွဲ့ကို လော်ယွမ်က ပြန်လည်ဖွဲ့စည်းပြီးနောက်ပိုင်း သူမအနေဖြင့် ကောင်းမွန်သည့် နေ့ရက်ဟူ၍ မရှိခဲ့ပေ။
အချိန်တိုင်းလိုလိုတွင် ပြန်လည်ထူထောင်ရေးဇုန်ဟောင်း နေရာများ၌ အသက်ရှင်ကျန်ရစ်သူ ရှိကောင်းရှိနိုင်မည့် နေရာများကို လိုက်လံရှာဖွေနေရသည်။
သူမ၏ ထူးခြားသော သန္ဓေပြောင်းစွမ်းရည်ကြောင့် အအေးဒဏ်ကို မကြောက်ရသော်လည်း နေ့စဉ်ရက်ဆက် လေဒဏ်မိုးဒဏ်ခံကာ အိပ်စက်စားသောက်ရသဖြင့် အတော်လေး ဒုက္ခရောက်နေပြီဖြစ်သည်။
ထိုအရာက စိတ်အပျက်ရဆုံး အချက်မဟုတ်သေးပေ။ အကယ်၍ အသက်ရှင်ကျန်ရစ်သူများကို ရှာတွေ့ခဲ့မည်ဆိုပါက သူမ၏ ပင်ပန်းဆင်းရဲမှုများမှာ တန်ဖိုးရှိပေလိမ့်မည်။
ယခုအချိန်တွင် လူသားမျိုးနွယ်မှာ ကပ်ဘေးကြီးနှင့် ကြုံတွေ့နေရပြီဖြစ်ရာ မည်မျှပင် တစ်ကိုယ်ကောင်းဆန်သောသူ ဖြစ်ပါစေဦးတော့၊ ဤကဲ့သို့သော အခြေအနေမျိုးတွင် စိတ်နှလုံးထိခိုက် ခံစားကြရမည်ဖြစ်သည်။
သို့သော် သူမတို့၏ 'ဓားတရား' အဖွဲ့သည် လပေါင်းများစွာ ဆက်တိုက်ရှာဖွေခဲ့သော်လည်း အသက်ရှင်သူတစ်ယောက်ကိုမှ မတွေ့ရသည့်အပြင် အလောင်းကောင်တစ်လောင်းတောင် ရှာမတွေ့ခဲ့ပေ။
"ရေဆူအောင် တည်ပြီးမှပဲ စားပါတော့လား"
ဘေးနားရှိ ဝူချင်းယုက နှစ်သိမ့်စကားဆိုရင်း ကျောပိုးအိတ်ကိုချကာ ဇစ်ဖွင့်လိုက်သည်။
ထို့နောက် အယ်လ်ကိုဟောမီးဖို၊ အိတ်ဆောင်အိုးငယ်နှင့် သစ်သားရေဘူးတို့ကို ထုတ်လိုက်သည်။
အဖုံးဖွင့်မကြည့်ဘဲနှင့်ပင် အတွင်းရှိရေများမှာ ခဲနေပြီဖြစ်ကြောင်း သူမ သိနေသည်။
"ရှုပ်ပါတယ်... ဒီအတိုင်းစားလိုက်တာက ပိုသက်သာတယ်"
လင်းဖေးယန်က ပွစိပွစိ ပြောရင်း ရေခဲတုံးကို ဝါးစားနေသကဲ့သို့ တဂျွတ်ဂျွတ်မြည်အောင် ဆက်လက်ဝါးနေသည်။
ဘေးမှ နားထောင်နေရသူအဖို့ သွားကျိန်းစရာ ကောင်းလှသည်။ ဤကဲ့သို့ အေးခဲလှသော ရာသီဥတုတွင် ဘီစကွတ်ခြောက်များသည် ကျောက်ခဲသဖွယ် မာကျောနေတတ်သည်။
အကယ်၍ သူမသာ သန္ဓေပြောင်းသူတစ်ယောက် မဟုတ်ပါက ကိုက်နိုင်မည်ပင် မဟုတ်ချေ။
ဝူချင်းယုလည်း ထပ်မပြောတော့ပေ။ သူမက လင်းဖေးယန်ကဲ့သို့ အအေးဒဏ်ကို ခံနိုင်ရည်မရှိသည့်အပြင် သွားခိုင်ပါစေဦးတော့၊ အစာအိမ်က အေးခဲသောဒဏ်ကို ခံနိုင်မည် မဟုတ်ပေ။
သူမက ကျောပိုးအိတ်ထဲမှ သန့်ရှင်းသော ဝါဂွမ်းစနှင့် သံတူကို ထုတ်ယူလိုက်ပြီး ရေခဲပြင်ပေါ်တွင် ဝါဂွမ်းစကို ခင်းလိုက်သည်။
ထို့နောက် သစ်သားရေဘူးကို သံတူဖြင့် ညင်သာစွာ ထုလိုက်ရာ ရေခဲတုံးသည် ဘူးအတွင်းမှ ကျွတ်ထွက်လာပြီး ဝါဂွမ်းစပေါ်သို့ ကျသွားသည်။
သူမက ကျွမ်းကျင်စွာပင် ရေခဲတုံးကို ဝါဂွမ်းစဖြင့်ထုပ်ကာ သံတူဖြင့် အားကုန်ထုခွဲလိုက်သည်။
မိနစ်အနည်းငယ်ကြာသောအခါ ဝါဂွမ်းစကို ဖြေကြည့်လိုက်ရာ အတွင်းရှိရေခဲတုံးမှာ ကြေမွသွားပြီဖြစ်သည်။
သူမက ရေခဲစ အနည်းငယ်ကိုယူ၍ အိုးငယ်ထဲသို့ ထည့်လိုက်ပြီး ကျန်ရှိသည်များကို ရေဘူးထဲသို့ ပြန်ထည့်လိုက်သည်။
ထို့နောက် လေကာပါရှိသော အယ်လ်ကိုဟောမီးဖိုကို မီးညှိ၍ ရေနွေးတည်လိုက်လေသည်။
မီးတောက်ပြာပြာလေးက အိုးအောက်ခြေကို တိတ်ဆိတ်စွာ လောင်ကျွမ်းနေပြီး မကြာမီ ရေဆူလာသည်။ သူမက ခွက်နှစ်လုံးကို ထုတ်ယူကာ တစ်ခွက်ကို ငှဲ့လိုက်သည်။
"ရော့... ဒီမှာ"
လင်းဖေးယန်က အားနာမနေတော့ဘဲ ခွက်ကိုယူကာ မော့သောက်လိုက်သည်။
ရေနွေးပူပူ ဖြစ်သော်လည်း သူမအတွက်မူ ရေနွေးနွေးလေးသောက်လိုက်ရသကဲ့သို့ သက်သာရာရသွားသည့်အသံ ပြုလိုက်ပြီး ခဏအကြာတွင် ဝူချင်းယုကို မေးလိုက်သည်။
"ရှေ့ကမြို့ရောက်ဖို့ ဘယ်လောက်လိုသေးလဲ"
"၁၀ မိုင် ဝန်းကျင်လောက်တော့ လိုဦးမယ်ထင်တယ်"
ဝူချင်းယုက သူမအတွက် ရေတစ်ခွက်ငှဲ့လိုက်ပြီး ဘီစကွတ်ခြောက်ကို ရေနွေးထဲ စိမ်လိုက်ရင်း ပေါ့ပါးစွာ ပြောလိုက်သည်။
"ရှေ့ကမြို့ကို ရှာဖွေပြီးသွားရင် ငါတို့ ပြန်ပြီး အနားယူကြမယ်"
လင်းဖေးယန်က သက်ပြင်းချရင်း ပြောလိုက်သည်။ ဒီကာလအတောအတွင်း သူမ အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ရပြီး ယခင်ကထက် များစွာ ရင့်ကျက်လာခဲ့သည်။
"ပြောရရင် ငါတို့ အပြင်ထွက်လာတာ တစ်ပတ်လောက်ရှိပြီ... ရိက္ခာလည်း ကုန်ခါနီးပြီဆိုတော့ ပြန်သင့်နေပြီလေ"
"ဟူး... နောက်ဆုံးတော့ ရက်အနည်းငယ်လောက် အနားယူလို့ ရတော့မယ်" ဝူချင်းယု၏ မျက်နှာတွင် ဝမ်းသာရိပ် သန်းသွားသည်။
တောနက်ထဲတွင် ရှင်သန်ရသည်မှာ ကိုယ်တိုင်မကြုံဖူးလျှင် စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
နေ့ဘက်တွင် နှင်းတောထဲ၌ လမ်းလျှောက်ရပြီး ညဘက်တွင် အိပ်ဘက်တွင် တုန်ရီစွာ အိပ်စက်ရသည်။
သန့်ရှင်းသောရေဟူ၍ မရှိသဖြင့် မအိပ်မီတွင် နောက်တစ်နေ့ သုံးစွဲရန်အတွက် နှင်းများကို သန့်စင်စက်ဖြင့် စစ်ယူရသည်။
ပိုဆိုးသည်မှာ အလွန်အေးသော ရာသီဥတုကြောင့် သန့်စင်ပြီးသားရေများသည် ခဏအတွင်း ပြန်လည်ခဲသွားတတ်ရာ မနက်ခင်း မျက်နှာသစ် သွားတိုက်ရန်အတွက် ရေခဲများကို ဦးစွာ အရည်ပျော်အောင် လုပ်ရပြန်သည်။
ဒါတောင်မှ ရာသီဥတုသာယာနေသေးသည်ဟု ဆိုရမည်။ စစ်ပွဲအပြီးတွင် ဤနေရာ၏ ရာသီဥတုမှာ အလွန်ဖောက်ပြန်နေပြီး နှင်းမုန်တိုင်းကျခြင်းမှာ ပုံမှန်လို ဖြစ်နေသည်။
တစ်ခါတစ်ရံတွင် မိုးသီးများပင် ကျတတ်ရာ သူမတို့အနေဖြင့် ကြီးမားသော မိုးသီးမုန်တိုင်းတစ်ခုကိုပင် ကြုံတွေ့ခဲ့ရဖူးသည်။
ပြီးခဲ့တဲ့လက သန်းခေါင်ယံအချိန်၊ သူမတို့ နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ်တွင် ဘောလုံးအရွယ်အစားရှိသော မိုးသီးများက နိမိတ်ပြခြင်းမရှိဘဲ သူမတို့၏ အိပ်များပေါ်သို့ ဥက္ကာခဲများသဖွယ် ကောင်းကင်မှ တလိမ့်လိမ့် ကျဆင်းလာခဲ့သည်။
သူမတို့နှစ်ဦးမှာ သန္ဓေပြောင်းသူများ ဖြစ်ကြသော်လည်း ကိုယ်ပေါ်သို့ ကျလာသော မိုးသီးဒဏ်ကြောင့် နာကျင်ကာ အတော်လေး အထိနာခဲ့ကြသည်။
ပိုဆိုးသည်မှာ ပတ်ဝန်းကျင်တစ်ခုလုံးသည် ပြန့်ပြူးသော ရေခဲပြင်ကြီး ဖြစ်နေသဖြင့် ပုန်းခိုစရာနေရာ မရှိခြင်းပင်။
သူမတို့နှစ်ဦးမှာ ရွက်ဖျင်တဲကို လက်နှစ်ဖက်ဖြင့် ထောက်မထားရင်း ညတစ်ဝက်ကျိုးသည်အထိ သည်းခံခဲ့ကြရသည်။
ထိုဒုက္ခများမှာ ကိုယ်တိုင်ကြုံဖူးမှသာ ကိုယ်ချင်းစာနိုင်မည့် အရာများဖြစ်သည်။
…………
နေ့လယ်စာစားရင်း နာရီဝက်ခန့် အနားယူပြီးနောက် သူမတို့နှစ်ဦး ခရီးဆက်ခဲ့ကြသည်။
မကြာမီမှာပင် မြို့ဟောင်းတည်ရှိရာနေရာသို့ ရောက်ရှိလာကြသည်။
"ဒီနေရာက 'ဖန်ကျင့်မြို့' အပိုင် ဖြစ်လောက်တယ်" လင်းဖေးယန်က စမတ်ကိရိယာပေါ်မှ လောင်ဂျီကျူ၊ လက်တီကျူများကို ကြည့်လိုက်၊ ပတ်ဝန်းကျင်ကို ကြည့်လိုက်ဖြင့် ပြောလိုက်သည်။
ဤနေရာတွင် လူသားတို့၏ မြို့ပြအငွေ့အသက်ဟူ၍ ဘာမျှမကျန်တော့ပေ။ မြေပြင်ပေါ်ရှိ ထူထဲသော ရေခဲနှင်းထုများနှင့် နှင်းမှုန်များမှလွဲ၍ ဘာမျှမရှိတော့ချေ။
"ကြည့်ရတာ အသက်ရှင်တဲ့လူ မရှိတော့ဘူးထင်တယ်"
ဝူချင်းယုက သက်ပြင်းချလိုက်သည်။ အမြဲလိုလို ဤကဲ့သို့သောအခြေအနေနှင့်သာ ကြုံတွေ့နေရသဖြင့် သူမအနေဖြင့် မျှော်လင့်ချက် သိပ်မထားတော့ပေ။
ယခုလုပ်ဆောင်နေသည်များမှာ့တာဝန်ကျေရုံ သက်သက်သာ ဖြစ်တော့သည်။
"ဘယ်လိုပဲဖြစ်ဖြစ် နေရာအနှံ့ လိုက်ရှာကြည့်ကြတာပေါ့" လင်းဖေးယန်က ဆိုလိုက်သည်။
…………
ယခုအခါ မြေပြင်တစ်ခုလုံးကို ထူထဲသော ရေခဲနှင်းထုများ ဖုံးလွှမ်းထားသည်။ သူမတို့နှစ်ဦးမှာ လော်ယွမ်ကဲ့သို့ လူသားအနုမြူလက်နက်များ မဟုတ်သဖြင့် ရေခဲလွှာများကို အလွယ်တကူ ခွဲထုတ်နိုင်စွမ်း မရှိကြပေ။
ထို့ကြောင့် နေရာအနှံ့ စေ့စပ်သေချာစွာ ရှာဖွေရန် မဖြစ်နိုင်သော်လည်း နည်းလမ်းမရှိသည်တော့ မဟုတ်ချေ။
မြို့တစ်မြို့တွင် အသက်ရှင်ကျန်ရစ်သူ ရှိမရှိ ဆုံးဖြတ်ရန် အလွယ်ကူဆုံးနည်းလမ်းမှာ လေဝင်လေထွက်ပေါက်များကို ရှာဖွေခြင်းဖြစ်သည်။
အကယ်၍ မြို့ထဲတွင် အသက်ရှင်ကျန်ရစ်သူများ ရှိနေပါက ထိုနေရာသည် လုံပိတ်နေ၍ မဖြစ်ပေ။
သို့မဟုတ်ပါက အောက်ဆီဂျင်ပြတ်လပ်ပြီး လူအားလုံး သေဆုံးကုန်ကြလိမ့်မည်။
ကပ်ဘေးဖြစ်ပွားပြီးနောက် သုံးလခန့် ကြာမြင့်ပြီဖြစ်ရာ လေဝင်လေထွက်ပေါက်မရှိသော မြေအောက်မြို့များတွင် အသက်ရှင်သူ ရှိခဲ့လျှင်ပင် ယခုလောက်ဆို အသက်ရှူကျပ်၍ သေဆုံးကုန်ကြလောက်ပြီ ဖြစ်သည်။
သူမတို့နှစ်ဦးသည် ကျောပိုးအိတ်ထဲမှ မြေပြင်အနေအထား တိုင်းတာရေးစက်ကို ထုတ်ယူကာ စတင်အလုပ်လုပ်ကြသည်။
ဤကိရိယာသည် အသုံးဝင်မှု နယ်ပယ်ကျယ်ပြန့်ပြီး မြို့ပြတည်ဆောက်ရေးနှင့် အဆောက်အအုံ ကြံ့ခိုင်မှုစစ်ဆေးခြင်းတို့တွင် မရှိမဖြစ်လိုအပ်သော ပစ္စည်းဖြစ်သည်။
ထို့ကြောင့် 'မျှော်လင့်ချက်မြို့တော်' တွင် ထိုပစ္စည်းများ အများအပြား ရှိနေခြင်းဖြစ်သည်။
ဤကိရိယာ ရှိနေသဖြင့် သူမတို့အတွက် အလုပ်များစွာ သက်သာသွားစေသည်။
အချိန်များ တစ်ရွေ့ရွေ့ ကုန်ဆုံးသွားသည်။ နာရီအနည်းငယ် ကြာပြီးနောက် နေဝင်ရီတရောအချိန်သို့ ရောက်လာခဲ့သော်လည်း ရေခဲပြင်မှလွဲ၍ ဘာမျှထူးခြားမလာခဲ့ပေ။
စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးခါနီးဖြစ်နေသော လင်းဖေးယန်က အလုပ်သိမ်းရန် ဝူချင်းယုကို လှမ်းခေါ်မည်ပြုစဉ် ဝူချင်းယု၏ အလန့်တကြား အော်သံကို ကြားလိုက်ရသည်။
"ခေါင်းဆောင်... မြန်မြန်လာကြည့်ပါဦး... ဒီ... ဒီမှာ အလောင်းတစ်လောင်း တွေ့တယ်"
လင်းဖေးယန် စိတ်ဓာတ်များ တက်ကြွသွားပြီး လျှင်မြန်စွာ လျှောက်သွားလိုက်သည်။ ယခုအခါ မြေပြင်ရှိ ရေခဲလွှာသည် ပေ ၁၀၀ နီးပါးခန့် ထူထဲနေပြီဖြစ်ပြီး ပျမ်းမျှအားဖြင့် နေ့စဉ် သုံးပေခန့် ထပ်မံထူထဲလာနေသည်။
ထို့အပြင် ဤနေရာရှိ ရေခဲများမှာ ကြည်လင်မနေဘဲ သုံးပုံတစ်ပုံခန့်မှာ ဖုန်မှုန့်များနှင့် ညစ်ပတ်နေပြီး မည်းမှောင်နေသည်။
ပုံမှန်အားဖြင့် အောက်ဘက်တွင် အလောင်းကောင်ရှိလျှင်ပင် သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။
ယခုကဲ့သို့ အလောင်းကောင်ကို တွေ့မြင်ရသည်ဆိုပါက ထိုလူသေဆုံးသည်မှာ သိပ်မကြာသေးကြောင်း ပြသနေသည်။
ဖြစ်နိုင်သည်မှာ နေ့ဝက် သို့မဟုတ် တစ်ရက်ခန့်သာ ရှိဦးမည်။ အများဆုံးရှိလှမှ နှစ်ရက်ထက် ပိုမည်မဟုတ်ပေ။
အချိန်ကြာမြင့်သွားပါက အလောင်းကောင်သည် ဖုံးလွှမ်းသွားမည်ဖြစ်ပြီး မြင်တွေ့နိုင်တော့မည် မဟုတ်ချေ။
အလောင်းကောင် ရှိနေခြင်းက အနီးအနားတွင် အသက်ရှင်ကျန်ရစ်သူများ စုဝေးနေထိုင်ရာ စခန်းတစ်ခု ရှိနိုင်ကြောင်း ညွှန်ပြနေသည်။
"ဘယ်မှာလဲ" လင်းဖေးယန်က အပြေးသွားရင်း မေးလိုက်သည်။
"ဟိုမှာကြည့်လိုက်"
ဝူချင်းယု၏ မျက်နှာတွင် စိုးရိမ်ထိတ်လန့်ရိပ်များ ပေါ်နေပြီး အသက်ရှူသံများ မြန်နေသည်။
သူမက ပေ ၂၀ ခန့်အကွာတွင် ရေခဲပြင်ပေါ်သို့ ပေါ်ထွက်နေသော လက်မောင်းတစ်ဖက်ကို ညွှန်ပြလိုက်သည်။
ညစ်ပတ်နေသော ရေခဲပြင်ကြားမှနေ၍ အတွင်း၌ မြှုပ်နှံခံထားရသော ကိုယ်လုံးတီး အလောင်းကောင်ငယ်လေး တစ်လောင်းကို ဝိုးတဝါး မြင်တွေ့နေရသည်။
လင်းဖေးယန် ကြည့်လိုက်သည်နှင့် မျက်နှာအရောင် အနည်းငယ် ပြောင်းလဲသွားသည်။ ဝူချင်းယု ကြောက်လန့်နေသည်မှာ အဆန်းမဟုတ်ပေ။
ထိုလက်မောင်းမှာ အလွန် ထူးဆန်းအံ့သြဖွယ် ကောင်းနေသောကြောင့် ဖြစ်သည်။ ရေခဲပြင်ပေါ်သို့ ပေါ်ထွက်နေသော ထိုလက်မောင်းတွင် ရေခဲရိုက်ထားသည့် လက္ခဏာ လုံးဝမတွေ့ရပေ။
မဟုတ်သေး... ရေခဲရိုက်ထားသည်ကို မဆိုထားနှင့်၊ ထိုလက်မောင်း၏ အသားအရေမှာ အလောင်းကောင်၏ အသားအရေနှင့်ပင် မတူပေ။
အသားအရေမှာ ပန်းနုရောင်သန်းနေပြီး စိုပြည်တောက်ပနေသည်။ ထိုကလေးသည် ရေခဲပြင်အောက်တွင် မြှုပ်နှံခံထားရသည်ကို ယုံနိုင်စရာပင် မရှိပေ။
ဖြစ်နိုင်ချေ အများဆုံးမှာ... ထိုကလေး အသက်ရှင်နေသေးခြင်းပင်။
သတိပြုရမည်မှာ ယခုကမ္ဘာကြီး၏ အပူချိန်သည် အနှုတ် ၃၂ ဒီဂရီ နီးပါးရှိနေပြီး ဝင်ရိုးစွန်းဒေသများ၏ အအေးဒဏ်မှာလည်း ဤမျှလောက်ပင် ရှိသည်။
အဝတ်အစား မပါဘဲနှင့်ဆိုလျှင် သူမကဲ့သို့ စွမ်းအင်စုပ်ယူနိုင်သော အထူးသန္ဓေပြောင်းသူမှလွဲ၍ ကျန်ရှိသော 'ဓားတရား' အဖွဲ့ဝင်များသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အအေးဒဏ်အောက်တွင် ကြာရှည်ခံနိုင်မည် မဟုတ်ချေ။
ထို့အပြင် လက်မောင်းနှင့် ရေခဲအောက်ရှိ ခန္ဓာကိုယ်အရွယ်အစားကို ကြည့်ရသည်မှာ ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးတစ်ယောက်နှင့် တူနေသည်။
"ခေါင်းဆောင်... ဘယ်လိုလုပ်ကြမလဲ" ဝူချင်းယုက မေးလိုက်သည်။
ဤအခြေအနေမှာ အလွန်ထူးဆန်းလွန်းလှသဖြင့် ဝူချင်းယုကဲ့သို့ ထိပ်တန်းသန္ဓေပြောင်းသူပင်လျှင် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
"အရင်ဆုံး သွားကြည့်လိုက်ရအောင်... အသက်ရှင်နေသေးတာလည်း ဖြစ်နိုင်တယ်"
အမှန်တိုင်းဆိုရလျှင် လင်းဖေးယန် ကိုယ်တိုင်လည်း ကြက်သီးထနေမိသည်။ သို့သော် သူမက ခေါင်းဆောင်ဖြစ်နေသဖြင့် ဝူချင်းယုထက်စာလျှင် ပိုပြီး တည်ငြိမ်ဟန်ပြရသည်။
မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်တစ်ယောက်အနေဖြင့် အဖွဲ့သားများရှေ့တွင် တိုက်ပွဲမဝင်ဘဲ ထွက်ပြေးခြင်းမှာ အလွန်သိက္ခာကျစရာ ကောင်းလှသည်။
သူမက မသိမသာ အသက်ပြင်းပြင်း ရှူလိုက်ပြီး လှမ်းသွားရန် ပြင်လိုက်စဉ်မှာပင် ရေခဲပြင်ပေါ် ပေါ်နေသော လက်မောင်းက အနည်းငယ် လှုပ်ရှားသွားပြီး လက်သီးဆုပ်လိုက်သည်ကို ရုတ်တရက် မြင်လိုက်ရသည်။
ထိုမြင်ကွင်းကြောင့် သူမ၏ နှလုံးခုန်သံ တစ်ချက်ရပ်သွားသလို ခံစားလိုက်ရသည်။
စိတ်ကိုငြိမ်အောင် မထိန်းနိုင်သေးခင်မှာပင် ရေခဲပြင်ကြီး အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး အလောင်းကောင်ကို ဖုံးအုပ်ထားသော ရေခဲတုံးများ ရုတ်တရက် ကွဲကြေသွားသည်။
လူသားပုံရိပ်ငယ်လေးတစ်ခု ရေခဲတုံးများကြားမှ ထထိုင်လိုက်ရာ ကိုယ်လုံးတီးဖြစ်နေသော ကျောပြင်လေး ပေါ်လာပြီး ရေခဲစများ ကြမ်းပြင်ပေါ်သို့ တသွင်သွင် ကျဆင်းသွားသည်။
ထိူလူသား၏ သာမန်ဆန်သော လှုပ်ရှားမှုများကို ကြည့်ရသည်မှာ သူ့ ကိုယ်ပေါ်တွင် ဖိထားသည်မှာ သံမဏိကဲ့သို့ မာကျောသော ရေခဲတုံးများ မဟုတ်ဘဲ ကြွပ်ရွသော နို့မုန့်ပြားလေးများသဖွယ် ဖြစ်နေသည်။
သူက လူများကို ကျောပေးထားလျက် အိပ်ချင်မူးတူး ဖြစ်နေဟန်ဖြင့် သမ်းဝေလိုက်ပြီး ခေတ္တမျှ ငေးငိုင်နေကာ ထရပ်လိုက်သည်။
လင်းဖေးယန်နှင့် ဝူချင်းယုတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြသည်။ ရင်ထဲတွင် ထိတ်လန့်မှုကို ခံစားနေရသည်။
တစ်ဖက်လူတွင် မည်သို့သော စွမ်းရည်များ ရှိသည်ကို မသိရသေးသော်လည်း ခုနက လက်တစ်ဖက်တည်းဖြင့် ရေခဲများကို ခွဲထုတ်လိုက်သော ခွန်အားတစ်ခုတည်းနှင့်ပင် သူမတို့နှစ်ဦးကို ကြီးစွာ ခြိမ်းခြောက်နိုင်နေပြီ ဖြစ်သည်။
အနှုတ် ၃၂ ဒီဂရီ ခန့်ရှိသော ရေခဲပြင်၏ မာကျောမှုမှာ သံမဏိပြားနှင့် မခြားနားပေ။ သူမတို့နှစ်ဦးထဲမှ မည်သူမဆို တစ်ဖက်လူကဲ့သို့ လွယ်ကူစွာ ဖျက်ဆီးနိုင်မည် မဟုတ်ချေ။
သူမတို့နှစ်ဦး တိတ်တဆိတ် နောက်ဆုတ်ရန် ပြင်လိုက်သော်လည်း ခြေလှမ်းအနည်းငယ်မျှပင် မရွေ့ရသေးခင် အသံကြားသွားသဖြင့် ထိုအမည်မသိ ကလေးငယ်က ရုတ်တရက် လှည့်ကြည့်လာသည်။
၎င်းမှာ ကျောက်စိမ်းရုပ်လေးသဖွယ် ချစ်စရာကောင်းသော မိန်းကလေးငယ်တစ်ဦး ဖြစ်သည်။
အဝတ်ဗလာဖြစ်နေပြီး သူမ၏ ကိုယ်ပေါ်ရှိ ရေခဲစအနုလေးများမှာ ဖြည်းညှင်းစွာ အရည်ပျော်ကျနေကာ ရေနွေးငွေ့များ တလူလူထွက်နေသဖြင့် တိမ်များကြားမှ နတ်သမီးလေးသဖွယ် ဖြစ်နေသည်။
အမျိုးသမီးနှစ်ဦးကို မြင်သောအခါ သူမ အနည်းငယ် အံ့သြသွားပြီး မကြာမီ ဝမ်းသာအားရ အော်ပြောလိုက်သည်။
"ဟယ်... လူတွေကို တွေ့ပီ"
လင်းဖေးယန်နှင့် ဝူချင်းယုတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သက်ပြင်းချလိုက်မိသည်။ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူမှာ လူသားဖြစ်နေသဖြင့် စကားပြော ဆက်သွယ်၍ ရနိုင်ပေသည်။
ဝူချင်းယုက သတိထားပြီး မေးလိုက်သည်။ "အဟမ်း... သမီးလေး ဘယ်လိုလုပ်ပြီး ဒီမှာ လာအိပ်နေတာလဲ"
"အန်တီ... သမီးအိပ်နေတာလေ"
ကလေးမလေး၏ စကားသံမှာ ကြည်လင်ပြတ်သားပြီး ယဉ်ကျေးသော်လည်း သူမ၏ အဖြေကြောင့် အမျိုးသမီးနှစ်ဦးမှာ မျက်လုံးပြူးသွားကြသည်။
"သမီး ဘယ်ကလာတာလဲ" ဝူချင်းယုက စဉ်းစားပြီး ထပ်မေးလိုက်သည်။ ဤကလေးမလေးဆီမှ အသက်ရှင်ကျန်ရစ်သူများ၏ သတင်းအချက်အလက်ကို ရကောင်းရနိုင်ပေသည်။
"မြို့တော်သစ် အမှတ် (၃) မျိုးရိုးဗီဇဓာတ်ခွဲခန်းကပါ... ဒါပေမဲ့ အဲဒီက လူတွေအကုန်လုံး ပျောက်ကုန်ကြပြီ... သမီးရဲ့ အစ်ကိုတွေ၊ အစ်မတွေ၊ မောင်လေး ညီမလေးတွေရော... သမီးတို့ကို စောင့်ရှောက်တဲ့ အန်တီတွေပါ အကုန်ပျောက်ကုန်ကြပြီ... သမီး သူတို့ကို လိုက်ရှာနေတာ" ကလေးမလေးက အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ပြောလိုက်သည်။
သူမတို့နှစ်ဦး နားထောင်ရင်း ပို၍ ထူးဆန်းလာသလို ခံစားလိုက်ရသည်။ သူမက ဓာတ်ခွဲခန်းမှ လာသည်ဟု ပြောခြင်းနှင့် ညီအစ်ကို မောင်နှမများအကြောင်း ပြောသည်ကို ခဏထားလိုက်ဦး... မြို့တော်သစ် ဆိုသည်မှာ ဗိုရှင်းဂြိုဟ်သားတို့၏ အဓိကပစ်မှတ်ထား တိုက်ခိုက်ခြင်းခံရသော နေရာဖြစ်သည်။
ထိုနေရာတွင် 'ဆန့်ကျင်ဘက်ဒြပ်သား ဗုံး' တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ မြို့တော်သစ်တစ်ခုလုံးမှာ ယခုအခါ ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်နေပြီဖြစ်သည်။
ဆက်ရန်...