အခန်း (၄၇၁-၄၇၂)
Vol. 24 Ch. 471-472
အပိုင်း(၄၇၁) မြေအောက်ရေ
"ကလေးမလေး... နင် အပြင်ကို ဘယ်လိုထွက်လာတာလဲ" ဝူချင်းယုက ဆက်လက်၍ စူးစမ်းမေးမြန်းလိုက်သည်။
"ဟင်... သမီးလည်း မသိဘူး... အိပ်ပျော်သွားတာ... နိုးလာတော့ မှောင်မည်းနေတဲ့ မြေအောက်ထဲ ရောက်နေပြီ... အဲဒါနဲ့ သမီးက တွင်းကို တူးလိုက်တာ... တူးရင်း တူးရင်းနဲ့ အကြာကြီးနေမှ မြေပြင်ပေါ် ရောက်လာတာ" ကလေးမလေးက ခေါင်းလေးစောင်းကာ စဉ်းစားပြီး ပြန်ဖြေသည်။
ထိုစကားကို ကြားလိုက်ရသည့် အမျိုးသမီးနှစ်ဦးမှာ တုန်လှုပ်သွားကြသည်။ ကလေးမလေး၏ စကားအသုံးအနှုန်းမှာ အနည်းငယ် လိုအပ်ချက်ရှိနေသော်လည်း ဘေးအန္တရာယ် ဖြစ်ပွားစဉ်က သူမ ဘာတွေ ကြုံတွေ့ခဲ့ရသည်ကို ခန့်မှန်းရန် မခက်ခဲပေ။
အိပ်ပျော်သွားသည်ဆိုသည်မှာ ဆန့်ကျင်ဘက်ဒြပ်သားဗုံး ၏ တုန်ခါမှုကြောင့် ဒဏ်ရာရကာ သတိလစ်သွားခြင်း ဖြစ်နိုင်ပြီး၊ နိုးလာချိန်တွင် မြေအောက်၌ ရှိနေသည်မှာ သူမ၏ ခန္ဓာကိုယ်သည် အေးခဲသွားသော ချော်ရည်များအောက်တွင် မြှုပ်နှံခြင်း ခံလိုက်ရသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
အကယ်၍ အားလုံးသာ အမှန်ဖြစ်ခဲ့လျှင် သူမ၏ နုနယ်သော ခန္ဓာကိုယ်လေးထဲတွင် မယုံကြည်နိုင်စရာ ကောင်းသည့် ခွန်အားများ ရှိနေသည်မှာ ထင်ရှားလှသည်။
သို့သော် သူမ၏ ကလေးဆန်သော အမူအရာနှင့် ရှေးဦးစွာ နှင်းထုထဲတွင် မြှုပ်နေသည့် အဖြစ်အပျက်များကို ကြည့်ခြင်းအားဖြင့် သူမ လိမ်ညာနေခြင်း မဟုတ်ကြောင်း သိသာပေသည်။
မည်သို့ပင်ဖြစ်စေ... ဒီလို ကလေးမလေး တစ်ယောက်ကို ဆီးနှင်းတွေကြားထဲ ဒီအတိုင်း ပစ်ထားခဲ့ဖို့ သူတို့ မရက်စက်နိုင်ကြပေ။
သူမကို မျှော်လင့်ချက်မြို့တော်သို့ ခေါ်ဆောင်သွားခြင်းက အန္တရာယ် အနည်းငယ် ရှိနိုင်သော်လည်း သူမ၏ စွမ်းအားမှာ သူတို့ နားလည်နိုင်သော အတိုင်းအတာအတွင်း၌သာ ရှိနေသေးသည်။
ဂြိုဟ်သားများကိုပင် အမြစ်ပြတ် သုတ်သင်နိုင်ခဲ့သော လော်ယွမ်နှင့် နှိုင်းယှဉ်လျှင်တော့ သူမက အများကြီး နိမ့်ကျနေပါသေးသည်။
နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် သဘောတူညီချက် တစ်ခု ရသွားကြသည်။
ဤကဲ့သို့သော "မိစ္ဆာလေး" မျိုးကို လော်ယွမ်ကဲ့သို့သော "မိစ္ဆာကြီး" လက်ထဲသို့သာ အပ်နှံပြီး ဖြေရှင်းခိုင်းလိုက်ရုံသာ ရှိတော့သည်။
မကြာမီမှာပင် ထိုကလေးမလေးက မည်သည့် သံသယမှ မရှိဘဲ သူတို့နှင့်အတူ မျှော်လင့်ချက်မြို့တော်သို့ လိုက်ပါရန် ဆုံးဖြတ်လိုက်သည်။
သုံးယောက်သား လမ်းလျှောက်ရင်း စကားပြောလာကြရာမှ ကလေးမလေးထံမှ အချက်အလက်များ ပိုမို သိရှိလာရသည်။
သူမမှာ အမည်မရှိသလို မိဘလည်း မရှိပေ။ အဓိပ္ပာယ် မဖော်နိုင်သည့် နံပါတ်စဉ်တစ်ခုမှလွဲ၍ သူမတွင် မည်သည့် အထောက်အထားမှ မရှိချေ။
ထို့အတူ သူမ ပြောပြသော မောင်နှမများမှာလည်း သူမကဲ့သို့ပင် ဖြစ်သည်။ သူတို့သည် ထူးခြားသော အစွမ်းရှိသည့် ကလေးများ ဖြစ်ကြပြီး ဓာတ်ခွဲခန်းထဲတွင် နေထိုင်ကာ စနစ်တကျ ပညာသင်ကြားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရသူများ ဖြစ်သည်။
လင်းဖေးယန်က စဉ်းစားကြည့်ရုံဖြင့် တစ်ခုခုကို အာရုံရလိုက်သည်။ ဤကလေးမလေးမှာ ကလုန်း လူသားတစ်ဦး ဖြစ်ရပေမည်။
သူမ အံ့ဩခြင်း မရှိခဲ့ပါ။ ကမ္ဘာပျက်ကပ် ကာလသည် ရူးသွပ်စရာ ကောင်းသော ခေတ်ဖြစ်ရာ သာမန်လူသားတို့၏ အကောင်းအဆိုး စံနှုန်းများသည် မျိုးနွယ်စု ရှင်သန်ရေးအဆင့်သို့ ရောက်ရှိသွားချိန်တွင် အမှားအမှန် ခွဲခြားရန် မဖြစ်နိုင်တော့ပေ။
ကလုန်း လူသားများထက် ပိုမို ရူးသွပ်ပြီး ယုတ်မာသော စမ်းသပ်မှုများကိုလည်း သူမ ကြားဖူးနားဝ ရှိခဲ့ဖူးသည်။
အချို့သော လူသား ခန္ဓာကိုယ် စမ်းသပ်သည့် ဓာတ်ခွဲခန်းများတွင်ဆိုလျှင် လစဉ် သေဆုံးမှု စာရင်းဇယားများပင် ရှိနေတတ်သည်။
သို့သော် ထိုအရာများက သူမနှင့် ဝေးကွာလွန်းလှပြီး ယခုမှာ သူမ ပထမဆုံးအကြိမ်အဖြစ် တကယ့် ကလုန်းလူသားကို မြင်ဖူးခြင်း ဖြစ်သည်။
ကလေးမလေး၏ ပြောပြချက်အရ သူမသည် မှောင်မည်းသော အခြေအနေများကို မကြုံတွေ့ခဲ့ရဘဲ ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်း သို့မဟုတ် ခွဲစိတ်စမ်းသပ်ခြင်းများလည်း မရှိခဲ့ပေ။
တင်းကျပ်သော စစ်ရေးပုံစံ စီမံခန့်ခွဲမှုအောက်တွင်သာ နေခဲ့ရခြင်း ဖြစ်သည်။
"ဒါနဲ့... သမီး အသက် ဘယ်လောက်ရှိပြီလဲ" လင်းဖေးယန်က စူးစမ်းစွာ မေးလိုက်သည်။
ကလေးမလေးက ခေါင်းလေးစောင်းကာ စဉ်းစားလိုက်ပြီး "အန်တီ... သမီး အသက်က ကိုးလနဲ့ ရက်နှစ်ဆယ် ရှိပြီထင်တယ်... မြေအောက်မှာတုန်းက အကြာကြီး အိပ်ပျော်နေခဲ့တာဆိုတော့ ရက်အနည်းငယ် ပိုရင်လည်း ပိုမှာပေါ့"
"တစ်နှစ်တောင် မပြည့်သေးဘူးလား"
လင်းဖေးယန်၏ ခြေလှမ်းများ တုန့်ခနဲ ဖြစ်သွားကာ လမ်းလျှောက်ရန်ပင် မေ့သွားတော့သည်။
သူမသည် ငါးနှစ် သို့မဟုတ် ခြောက်နှစ်အရွယ်ခန့် ရှိနေသော ကလေးမလေး၏ ခန္ဓာကိုယ်ကို ကြည့်ရင်း တစ်နှစ်ပင် မပြည့်သေးဟု ဆိုသည်ကို မယုံနိုင်အောင် ဖြစ်နေရသည်။
ထို့ပြင် စောစောက စကားပြောရာတွင်လည်း လေယူလေသိမ်း ပီသပြီး အတွေးအခေါ် ရှင်းလင်းလှရာ ငါးနှစ်ခြောက်နှစ်အရွယ် ကလေးတစ်ယောက်ပင် သူမလောက် တတ်သိလိမ္မာမည် မဟုတ်ပေ။
သာမန်လူသား ကလေးတစ်ယောက်သည် တစ်နှစ်သားအရွယ်တွင် စကားပင် ကောင်းကောင်း မပြောတတ်သေးချေ။
ဒါက လူသားမှ ဟုတ်ရဲ့လား။
ဝူချင်းယုလည်း အံ့ဩတုန်လှုပ်သွားကာ မယုံနိုင်သော မျက်နှာပေးဖြင့် ကြည့်နေမိသည်။
"သမီးက ကြီးထွားနှုန်း မြန်တဲ့အုပ်စုထဲကလေ... တခြား မောင်လေး ညီမလေးတွေကတော့ ကြီးတာ နှေးကြတယ်"
သူတို့၏ အံ့ဩနေသော မျက်နှာများကို မြင်လိုက်ရသဖြင့် ကလေးမလေးက ခေါင်းလေးငုံ့ကာ ရှက်ကိုးရှက်ကန်း ပြောရှာသည်။
"ဒါဆို တခြားလူတွေလည်း သမီးလိုပဲ တော်ကြတာလား" လင်းဖေးယန်က ထပ်မေးသည်။
"မတော်ပါဘူး... တချို့တွေက အရမ်းညံ့တာ... ဥပမာ နံပါတ် A51621 တဲ့ မောင်လေးဆိုရင် နေ့တိုင်း ကစားဖို့ပဲ သိတယ်... ဆရာမ ပေးတဲ့ အိမ်စာတွေလည်း မလုပ်ဘူး... နောက်ဆုံး မူလတန်းတောင် မပြီးဘူးလေ... သမီးကတော့ အလယ်တန်း သင်ခန်းစာတွေ အကုန်ပြီးလို့ အထက်တန်း သင်ခန်းစာတွေတောင် စသင်နေပြီ"
ကလေးမလေးက မေးလေးကို အနည်းငယ် မော့ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။
"သမီးက... တကယ်ကို တော်တာပဲ" ယခင်က စာညံ့ခဲ့သော လင်းဖေးယန်မှာ အာစေးထည့်ထားသလို ဖြစ်သွားပြီး ဘာပြောရမှန်း မသိတော့ပေ။
ထို့နောက် သူမက စကားလမ်းကြောင်း လွှဲလိုက်သည် "ဒါနဲ့... အပြင်မှာ အကြာကြီး နေလာတာဆိုတော့ နေ့တိုင်း ဘာတွေ စားလဲ"
"သမီး ဘာမှမစားရတာ လနဲ့ချီနေပြီ... တစ်ခါတလေ ရေငတ်ရင် ရေခဲတုံးတွေ စားချင်ပေမဲ့ ရေခဲတုံးတွေက အရမ်းညစ်ပတ်တယ်... ဒါပေမဲ့ ရေငတ်တာကို မအောင့်နိုင်တော့လို့ နောက်ဆုံးတော့ ဝါးစားလိုက်ရတာပဲ... သမီးက သနားစရာလေးပါနော်"
ကလေးမလေးက ပြောရင်းနှင့် ဝမ်းနည်းလာကာ နှုတ်ခမ်းလေးမဲ့ပြီး မျက်ရည်များ ဝဲလာတော့သည်။
အမျိုးသမီးနှစ်ဦးလည်း သနားသွားကြပြီး အမြန်ပင် ချော့မြူလိုက်ကြသည်။
လနှင့်ချီ၍ ဘာမှမစားရသေးသည်ကို သိလိုက်ရသဖြင့် အံ့ဩနေသည်များကို ဘေးဖယ်ကာ ခရီးဆက်ရန် မလောတော့ဘဲ ကျောပိုးအိတ်ကို ချ၍ ထမင်းစားရန် ပြင်ဆင်လိုက်ကြတော့သည်။
....
"မြို့တော်ဝန်... ဒါက မျှော်လင့်ချက်မြို့တော်ရဲ့ မြေအောက် ဘူမိဗေဒ စူးစမ်းချက် ရလဒ်တွေပါ"
အင်ဂျင်နီယာ တစ်ဦးက တုန်တုန်ရင်ရင်ဖြင့် လော်ယွမ်ထံသို့ စာရွက်စာတမ်းများကို ကမ်းပေးလိုက်သည်။
လော်ယွမ်က တည်ငြိမ်သော မျက်နှာထားဖြင့် ပုံစံကားချပ်များကို ယူ၍ အမြန်ပင် လှန်လှောကြည့်ရှုလိုက်သည်။
သူက ဒေါသကို ထိန်းထားရင်း လေသံမာမာဖြင့် ပြောလိုက်သည် "ဒါ မင်းတို့ရဲ့ အစီရင်ခံစာလား... ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အခြေအနေ ဆိုးနေရတာလဲ"
သူ့နောက်ကွယ်ရှိ အရာရှိများနှင့် ရေပေးဝေရေး စက်ရုံ တာဝန်ရှိသူများမှာ မျက်နှာများ ဖြူလျော့ကုန်ကာ ရင်တထိတ်ထိတ်ဖြင့် အသက်ပင် ပြင်းပြင်း မရှူရဲကြပေ။
သူ ဒေါသထွက်သည်မှာလည်း မဆန်းပေ။ ယခု အမှားအယွင်းမှာ ကြီးမားလွန်းလှသည်။
"ပြဿနာတက်မှ မြေအောက် စစ်ဆေးမှုတွေ စလုပ်ကြတယ်... မင်းတို့ရှိနေတာ ဘာအသုံးကျလဲ"
လော်ယွမ်က ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း မျက်နှာမှာ ပို၍ မှောင်မှောင်မည်းမည်း ဖြစ်လာသည်။
မျှော်လင့်ချက်မြို့တော်သည် သောက်သုံးရေနှင့် လူသုံးရေ အားလုံးအတွက် မြေအောက်ရေကိုသာ မှီခိုနေရခြင်း ဖြစ်သည်။
သို့သော် ဘူမိဗေဒ ပုံစံကားချပ်များအရ ပေ ၁၀၀၀ ခန့် နက်သော မြေအောက်မြစ်သည် လွန်ခဲ့သော နှစ်လကတည်းက ခန်းခြောက်လုနီးပါး ဖြစ်နေပြီး မူလ မြေအောက်မြစ် နေရာတွင် ဟာလာဟင်းလင်း ဖြစ်နေသော တွင်းကြီး တစ်ခု ဖြစ်ပေါ်နေသည်။
ခန့်မှန်းချက်များအရ နောက်ဆုံး (၅) ရက်အတွင်း မျှော်လင့်ချက်မြို့တော်တွင် ရေပြတ်လပ်သွားတော့မည် ဖြစ်သည်။
သို့သော် သူ့ကို အမျက်ထွက်စေသည့် အဓိက အကြောင်းရင်းမှာ ယခင်က မည်သူမျှ မြေအောက်ရေကို စူးစမ်းလေ့လာခြင်း မရှိခဲ့ဘဲ ယနေ့ မြေအောက်မြို့တော်၏ အနိမ့်ဆုံးအလွှာတွင် မြေပြိုမှု ဖြစ်ပွားမှသာ ပြဿနာကို သတိပြုမိကြခြင်းပင် ဖြစ်သည်။
အကယ်၍ မြေမပြိုခဲ့လျှင် မျှော်လင့်ချက်မြို့တော်အတွင်း ရုန်းရင်းဆန်ခတ်မှုကြီးများ ဖြစ်လာနိုင်သည်မှာ မြေကြီးလက်ခတ်မလွဲပေ။
သူ့ထံမှ ထွက်ပေါ်နေသော ဖိအားများကြောင့် မျက်နှာဖြူလျော့နေသည့် တာဝန်ရှိသူများကို ကြည့်ရင်း လော်ယွမ်က သက်ပြင်းတစ်ချက် ချလိုက်ကာ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်သည်။
အမှန်အတိုင်း ပြောရလျှင် ဤသူများကိုသာ အပြစ်ပုံချ၍ မရပေ။ အစောပိုင်းက သူသည် သိပ္ပံပညာရှင်များနှင့် နည်းပညာရှင် အားလုံးနီးပါးကို အာကာသယာဉ်ပေါ်သို့ ပြောင်းရွှေ့ပေးခဲ့ရာ ရေပေးဝေရေး စက်ရုံတွင် ကျွမ်းကျင်သူ ရှားပါးသွားခဲ့သည်။
ထို့ပြင် မျှော်လင့်ချက်မြို့တော်၏ အခြေခံ လိုအပ်ချက်များကို ဂရုမစိုက်မိခဲ့ခြင်းက ယနေ့ ပြဿနာအတွက် အကြောင်းရင်းခံ ဖြစ်ခဲ့သည်။
"ဘာကြောင့်လဲဆိုတာ ပြောစမ်း" လော်ယွမ်က မြေပြိုကျသည့် နေရာသို့ လျှောက်သွားရင်း အေးစက်စွာ မေးလိုက်သည်။
"ကျွန်တော်တို့ မြေပြင်ပေါ်က နှင်းထုတွေက မြေအောက်ရေအပေါ် သက်ရောက်မှုကို လျစ်လျူရှုခဲ့မိပါတယ်... နှင်းထုတွေကြောင့် ရေလည်ပတ်မှု ပိတ်ဆို့သွားပြီး မိုးရေတွေက မြေအောက်ထဲ စိမ့်ဝင်မသွားနိုင်တဲ့အတွက် မြေအောက်ရေကို ပြန်လည် မဖြည့်တင်းနိုင်တော့တာပါ"
စက်ရုံတာဝန်ခံက ချွေးပြန်နေသော မျက်နှာဖြင့် ရှင်းပြရှာသည်။
လော်ယွမ်က တည်ငြိမ်နေသော်လည်း စက်ရုံတာဝန်ခံမှာတော့ ပို၍ ထိတ်လန့်နေမိသည်။
အမှန်တော့ ရေပြဿနာမှာ ဒုတိယဖြစ်သည်။ ယခု အဓိက ပြဿနာမှာ မြေအောက် ဟာလာဟင်းလင်း ဖြစ်နေသော တွင်းကြီးက မြေအောက်မြို့တော် တစ်ခုလုံးကို မည်သို့ သက်ရောက်မှု ရှိမည်နည်းဟူသော အချက်ဖြစ်သည်။
ဤအလွှာမှာ မူလက အလွတ်ထားသော နေရာဖြစ်သော်လည်း ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် စိုက်ပျိုးရေးဇုန်အဖြစ် ပြောင်းလဲခဲ့သည်။
မြေအောက် အဆောက်အအုံ၏ အောက်ဆုံးအလွှာဖြစ်သည့်အတွက် အခြေခံအုတ်မြစ် ခိုင်ခံ့မှုမှာ မြို့တော်တစ်ခုလုံး၏ တည်ငြိမ်မှုအတွက် အလွန် အရေးကြီးသည်။
ဤနေရာ မခိုင်ခံ့လျှင် မြေအောက်မြို့တော် တစ်ခုလုံး ပြိုကျသွားနိုင်သည်။
ယခု မြေပြိုသည့် ဧရိယာမှာ စတုရန်းပေ တစ်ထောင်ခန့်သာ ရှိပြီး မြို့တော်၏ တည်ဆောက်ပုံ တစ်ခုလုံးအပေါ် သက်ရောက်မှု မရှိသေးသော်လည်း ၎င်းသည် ရှေ့ပြေးနိမိတ် တစ်ခု ဖြစ်နေသည်။
တွင်းကြီး ဖြစ်ပေါ်နေပြီး တည်ဆောက်ပုံ ပျက်စီးနေပြီ ဖြစ်ရာ ရေ ဆက်မစုပ်ယူတော့လျှင်ပင် နောက်ထပ် မြေမပြိုဟု အာမခံချက် မရှိပေ။
အသေးစား ငလျင်တစ်ခုခု ဖြစ်လိုက်သည်နှင့် မြို့တော်တစ်ခုလုံး ပြိုကျသွားနိုင်သည့် ကွင်းဆက် တုံ့ပြန်မှုများ ဖြစ်ပေါ်လာနိုင်သည်။
"စက်ရုံမှာ ရေဘယ်လောက် သိုလှောင်ထားသလဲ" လော်ယွမ်က မေးလိုက်သည်။
"ပုံမှန်အတိုင်း သုံးရင် သုံးရက်စာ ရှိပါတယ်" စက်ရုံတာဝန်ခံက အမြန် ဖြေသည်။
လော်ယွမ်က သက်ပြင်းချလိုက်ရင်း "အခုကစပြီး ရေစုပ်တာကို ရပ်လိုက်တော့"
"ဟုတ်ကဲ့ပါ" မြို့တော်ဝန်က သူ့ကို ဆက်လက် တာဝန်ပေးထားဆဲ ဖြစ်သည်ကို သိလိုက်ရသဖြင့် စက်ရုံတာဝန်ခံမှာ ဘေးလွတ်ရာသို့ ရောက်သွားသလို ခံစားလိုက်ရသည်။
"နောက်ပြီး... ဒီမြေအောက်တွင်းကြီးကို မင်းတို့ ဘယ်လို ဖြေရှင်းဖို့ စဉ်းစားထားလဲ" လော်ယွမ်က ထပ်မေးသည်။
"ကွန်ကရစ်တွေ ထည့်သွင်းတာ ဒါမှမဟုတ် တိုင်တွေ အများကြီး ရိုက်သွင်းရပါမယ်" ဘူမိဗေဒ အင်ဂျင်နီယာ တစ်ဦးက အကြံပြုသည်။
အတွင်းရေးမှူး ချန်ကွမ်းဟွေးက ဘေးမှ သတိပေးလိုက်သည် "မြို့တော်ဝန်... ဘိလပ်မြေ လက်ကျန်က သိပ်မရှိတော့ဘူး... တန် ၁၀၀ တောင် မပြည့်တော့ဘူး ထင်တယ်"
ဤအချက်ကို လော်ယွမ်လည်း သိပါသည်။ ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် မကြာခဏ ငလျင်လှုပ်ခြင်းကို ကာကွယ်ရန် မြေအောက်မြို့တော်ကို အားဖြည့်ရာတွင် ဘိလပ်မြေများမှာ ရေလျှံသကဲ့သို့ ကုန်ဆုံးသွားခဲ့ရာ အနည်းငယ်သာ ကျန်တော့သည်။
အမှန်တော့ ဘိလပ်မြေသာမက တခြားသော အရန်အရင်းအမြစ်များမှာလည်း ကုန်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
အကယ်၍ လော်ယွမ်သာ ကြိုတင်၍ ထွက်ပေါက် ရှာမထားခဲ့လျှင် လူသားမျိုးနွယ်သည် မျှော်လင့်ချက်မြို့တော်ထဲ၌သာ ပိတ်မိနေပြီး အတွင်းအပြင် အန္တရာယ်များကြားတွင် တဖြည်းဖြည်း ပျက်သုဉ်းသွားပေလိမ့်မည်။
"ဘိလပ်မြေ မရှိရင် ရေနဲ့ ဖြည့်ရင်လည်း ရပါတယ်... ရေရှိနေရင် မြေသား တည်ဆောက်ပုံကို အများကြီး အထောက်အကူ ပေးနိုင်တယ်"
လော်ယွမ်က ခေါင်းညိတ်လိုက်သည်။ ယခု မြေပြိုရခြင်းမှာ မြေအောက်မြစ် ခန်းခြောက်သွားခြင်းကြောင့် ဖြစ်ရာ ရေကို ပြန်လည် ဖြည့်တင်းပေးခြင်းကလည်း နည်းလမ်းကောင်း တစ်ခု ဖြစ်သည်။
သို့သော် ဤအရာမှာ ချက်ချင်း လုပ်ဆောင်၍ ရနိုင်သည်မဟုတ်။
သူက လက်ပတ်နာရီကို ကြည့်လိုက်ပြီး ချန်ကွမ်းဟွေးကို ပြောလိုက်သည် "မြို့တော် အရာရှိတွေကို အကြောင်းကြားလိုက်... ညနေ လေးနာရီမှာ အစည်းအဝေး ရှိတယ်"
"ဟုတ်ကဲ့ပါ မြို့တော်ဝန်... ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်"
ချန်ကွမ်းဟွေးက ရိုသေစွာ ပြောလိုက်သည်။ ယခု သုံးနာရီကျော်နေပြီ ဖြစ်ရာ အချိန်မှာ ကပ်နေပြီ ဖြစ်သည်။
သူသည် ရုံးခန်းသို့ အမြန်ပြန်ကာ အရာရှိများကို ဖုန်းဖြင့် အကြောင်းကြားရပေမည်။
ဆန့်ကျင်ဘက်ဒြပ်သားဗုံး၏ လျှပ်စစ်သံလိုက်လှိုင်းများကြောင့် ဆက်သွယ်ရေး ကိရိယာ အများစု ပျက်စီးသွားခဲ့ရာ ယခု သုံးစွဲနေသည်မှာ ပြုပြင်ရလွယ်ကူသည့် ရှေးဟောင်း ကြိုးဖုန်းများသာ ဖြစ်သည်။
လော်ယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ရေပေးဝေရေး စက်ရုံကို ဆက်လက် စစ်ဆေးနေသည်။
စက်ရုံဝင်းအတွင်းရှိ ကြီးမားသော ရေကန်ကြီးများကို မြင်လိုက်ရမှသာ သူ၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားတော့သည်။
အနုမြူဆောင်းရာသီ ရောက်ပြီးနောက် ရေအရင်းအမြစ်မှာ အလွန် ပေါများလာသည်ဟု ဆိုနိုင်သည်။
မြေပြင်ပေါ်ရှိ နှင်းထု၏ အထူမှာ ပေ ၁၀၀ ကျော်အထိ ရှိနေပြီး အားလုံးသာ ရေဖြစ်သွားပါက သမုဒ္ဒရာကြီး တစ်ခုပင် ဖြစ်လာနိုင်သည်။
သို့သော် ထိုနှင်းထုများကို ရေအဖြစ် ပြောင်းလဲရန်မှာ မလွယ်ကူပေ။ ပထမအချက်မှာ နှင်းထုများသည် အလွန် မာကျောနေသည်။
ထိုကဲ့သို့ အလွန်အမင်း အေးစက်နေသော အခြေအနေတွင် သံမဏိပင်လျှင် ဆတ်ခနဲ ကျိုးလွယ်သည့် အခြေအနေ ဖြစ်နေရာ သာမန် သတ္တုကိရိယာများမှာ အသုံးမဝင်ဘဲ အချိန်ကုန် လူပန်းသာ ဖြစ်လိမ့်မည်။
ဒုတိယအချက်မှာ နှင်းထုများကို အရည်ပျော်အောင် လုပ်ပြီးလျှင်ပင် တိုက်ရိုက် သောက်သုံး၍ မရနိုင်ပေ။
နှင်းထု၏ သုံးပုံတစ်ပုံမှာ အညစ်အကြေးများ ဖြစ်နေသလို ရေတွင် ပျော်ဝင်နေသည့် ဓာတ်ပစ္စည်းများစွာလည်း ပါဝင်နေသဖြင့် ရှုပ်ထွေးသော သန့်စင်မှု လုပ်ငန်းစဉ်များကို ဖြတ်သန်းရဦးမည် ဖြစ်သည်။
ထိုအရာများ အားလုံးမှာ အချိန် လိုအပ်သည်။
ယခု သုံးရက်ခန့် အချိန်ဆွဲထားနိုင်သည်မှာ လုံလောက်မည်ဟု သူ မျှော်လင့်မိပါတော့သည်။
ဆက်ရန်...
အပိုင်း (၄၇၂) ပြန်လည်နိုးထခြင်း
အခြေအနေတွေ မည်မျှပင် ဆိုးရွားသွားပါစေ၊ အာကာသယာဉ်ပေါ်မှာတော့ လူသားတွေ ဆယ်စုနှစ်များစွာ စားသုံးနိုင်ဖို့အတွက် ရေအလုံအလောက် သိုလှောင်ထားရှိပြီး ဖြစ်သည်။
ကယ်ဆယ်ရေးယာဉ်များ၏ အသွားအပြန် အမြန်နှုန်းနှင့်ဆိုလျှင် သယ်ယူပို့ဆောင်ရေးကိစ္စများကို နေ့ဝက်အတွင်းမှာပင် ပြီးစီးအောင် ဆောင်ရွက်နိုင်ပေသည်။
သို့သော် အရေးမကြုံသရွေ့ လော်ယွမ်က ကြယ်တာရာခရီးသွားဖို့အတွက် သိုလှောင်ထားသော ထိုရေများကို ထုတ်သုံးမည် မဟုတ်ပေ။
ဗိုရှင်းဂြိုဟ်သားတွေရဲ့ အာကာသယာဉ်ဖြစ်တာမို့ ရေဆိုသည်မှာ သက်ရှိများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်သာမက အာကာသယာဉ်၏ အနုမြူပေါင်းစပ်လောင်စာအဖြစ်ပါ အသုံးပြုရတာ ဖြစ်သည်။
ကြယ်တာရာခရီးသွားခြင်းအတွက် ရေအရင်းအမြစ်ဆိုသည်မှာ များလွန်းသည်ဟူ၍ မရှိ၊ နည်းသွားမည်ကိုသာ အမြဲပူပန်ရပေလိမ့်မည်။
လက်ရှိရေပမာဏကို အရေးပေါ်အဖြစ် အသုံးပြုလိုက်သည်ထားဦး... လူသားတွေအနေနှင့် ဗိုရှင်းဂြိုဟ်သားတွေရဲ့ နည်းပညာကို လေ့လာနေဆဲကာလဖြစ်ရာ တစ်နှစ်၊ နှစ်နှစ်အတွင်း အာကာသယာဉ်၏ အရင်းအမြစ် တူးဖော်ရေးစနစ်ကို ပြန်လည်ထိန်းချုပ်နိုင်မလား၊ ကုန်ဆုံးသွားသော ရေအရင်းအမြစ်များကို ပြန်လည်ဖြည့်တင်းနိုင်ပါ့မလား ဆိုသည်မှာ မရေရာသော ကိစ္စရပ်တစ်ခု ဖြစ်နေဆဲပင်။
ကမ္ဘာမြေပေါ်တွင် ဆက်လက်အချိန်ဆွဲနေခြင်းက အန္တရာယ်အဆင့်ကို တဟုန်ထိုး မြင့်တက်သွားစေလိမ့်မည်။
ဗိုရှင်းဂြိုဟ်သားတွေက ကြယ်တာရာယဉ်ကျေးမှု အဆင့်အတန်းရှိပြီးသား မျိုးနွယ်စုတစ်ခု ဖြစ်သည်။ လူသားတွေအနေနှင့် ထိုကဲ့သို့ အဆင့်မြင့်ယဉ်ကျေးမှုမျိုးနွယ်အကြောင်း သိရှိထားသည်မှာ အလွန်နည်းပါးလွန်းလှ၏။
အထူးသဖြင့် ၎င်းတို့၏ တည်နေရာက ကမ္ဘာမြေနှင့် နီးကပ်လွန်းနေသည့်အပြင် ကမ္ဘာမြေ၏ လှုပ်ရှားမှုမှန်သမျှကို ဘက်ပေါင်းစုံမှ ထောက်လှမ်းနေနိုင်ချေ ရှိသည်။
ထို့ကြောင့် လော်ယွမ်က သူတို့၏အန္တရာယ်ကို ဘယ်လောက်ပဲ ပိုတွက်ထားပါစေ၊ လွန်သည်ဟူ၍ မရှိနိုင်ပေ။
သူတို့ ကမ္ဘာမြေကို ပထမဆုံး ခြေချခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကြာခဲ့ပြီ ဖြစ်သည်။ ထိုနှစ် ၆၀ ဟူသော ကာလရှည်ကြာအတွင်း နည်းပညာများ ဘယ်လောက်တောင် တိုးတက်သွားခဲ့မလဲ ဆိုသည်ကို လူသားတွေ၏ လွန်ခဲ့သော နှစ် ၆၀ က နည်းပညာတိုးတက်နှုန်းနှင့် နှိုင်းယှဉ်စဉ်းစားကြည့်ရုံဖြင့် ကြက်သီးထစရာ ကောင်းလှသည်။
သူပိုင်ဆိုင်ထားသည့် အလင်းထက်မြန်သော ကွေးညွတ်ပျံသန်းခြင်းမျိုးကို သူတို့ လေ့လာတွေ့ရှိထားပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။
ယခုအချိန်၌ပင် ပိုမိုစွမ်းအားကြီးပြီး ပိုမိုမြန်ဆန်သည့် အလင်းထက်မြန်သော ကွေးညွတ်ပျံသန်းနိုင်သည့် အာကာသယာဉ် (သို့မဟုတ်) ယာဉ်အုပ်စုကြီးတစ်ခုက သူတို့၏ မိခင်ဂြိုဟ်မှ ထွက်ခွာလာပြီး ကမ္ဘာမြေကို သိမ်းပိုက်ရန် ခရီးနှင်နေပြီ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
လူသားတွေအတွက် ကျန်ရှိသောအချိန်က သိပ်ပြီး လုံလောက်ချင်မှ လုံလောက်တော့မည်။
ဤအခြေအနေများအကြားမှ စွန့်စားရမည့် အန္တရာယ်များအတွက် ကံတရားကို ပုံအပ်ထား၍ မဖြစ်ပေ။
ဖြစ်နိုင်ချေ အနည်းငယ်လေး ရှိနေရင်တောင်မှ လော်ယွမ်က လူသားမျိုးနွယ်တစ်ခုလုံး၏ အသက်ရှင်သန်ရေးကို လောင်းကြေးထပ်ပြီး စွန့်စားရဲသူ မဟုတ်ချေ။
ကမ္ဘာမြေမှ ထွက်ခွာရေးက အချိန်ဆွဲမနေသင့်တော့သော ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့ပြီ။
……
ညနေ ၄ နာရီ အစည်းအဝေးတွင် မျှော်လင့်ချက်မြို့တော်၏ ထိပ်ပိုင်းခေါင်းဆောင်များ စုံညီရောက်ရှိနေကြသည်။
လော်ယွမ် မြို့တော်ဝန် စဖြစ်ခါစအချိန်နှင့် ယှဉ်လိုက်လျှင် ယခုခေါင်းဆောင်ပိုင်း အစည်းအဝေးတွင် အာကာသယာဉ်ပေါ်၌ တာဝန်ယူထားရသော ပိကျန့်ဖိန်မှလွဲ၍ နောက်ထပ် လူသုံးဦး တိုးလာသည်ကို တွေ့ရသည်။
မူလကရှိသော အုပ်ချုပ်ရေးနယ်မြေ သုံးခုကိုလည်း အုပ်ချုပ်ရေးနယ်မြေ ခြောက်ခုအထိ တိုးမြှင့် သတ်မှတ်လိုက်သည်။
ထိုသို့ ပြုလုပ်ရခြင်းမှာ မျှော်လင့်ချက်မြို့တော်၏ လူဦးရေက ဘေးအန္တရာယ်မကျရောက်မီ အချိန်ကထက် ထက်ဝက်နီးပါး တိုးပွားလာသောကြောင့် ဖြစ်သလို အခြားသော အကြောင်းအရင်းပေါင်းစုံကြောင့်လည်း ပါဝင်သည်။
တစ်ဖက်တွင် လူဦးရေတိုးပွားမှုကို နေရာချထားပေးရန် ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ ကျန်ရှိနေသော မြို့သုံးမြို့မှ အစိုးရဝန်ထမ်းအများအပြားကို နေရာပေးရန်လည်း ဖြစ်သည်။
ထိုမြို့များမှ မြို့တော်ဝန်ဟောင်းများကို သက်ဆိုင်ရာ နယ်မြေအသစ်များ၏ အုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်လိုက်ပြီး ဒုတိယမြို့တော်ဝန်အဆင့် ရာထူးများ ပေးအပ်လိုက်သည်။
တညီတညွတ်နယ်မြေ အုပ်ချုပ်ရေးမှူးအဖြစ် မာလင်း၊ အောင်ပွဲနယ်မြေ အုပ်ချုပ်ရေးမှူးအဖြစ် ကျန်းကျိဝေ နှင့် အရုဏ်ဦးနယ်မြေ အုပ်ချုပ်ရေးမှူးအဖြစ် မုန့်ဟောက် တို့က အသီးသီး တာဝန်ယူကြရသည်။
ပြောရမည်ဆိုလျှင် မြို့တစ်မြို့တည်း၌ စုစည်းနေထိုင်ကြခြင်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အပြောင်းအလဲ အနည်းငယ်မှလွဲ၍ ကျန်သည့်အရာများက သိပ်ပြီး ထူးခြားပြောင်းလဲသွားခြင်း မရှိပေ။
မြို့လေးမြို့ ပူးပေါင်းခြင်းကလည်း ထင်သလောက် ဂယက်မရိုက်ခဲ့ချေ။
……
အစည်းအဝေးတွင် လော်ယွမ်က မျှော်လင့်ချက်မြို့တော်၏ လုံခြုံရေးကိစ္စရပ်များကို လေးနက်စွာ ထပ်မံသတိပေး ပြောကြားခဲ့သည်။
မျှော်လင့်ချက်မြို့တော်တွင် စားဝတ်နေရေး ပြဿနာများ ပြေလည်သွားပြီးနောက်၊ အထူးသဖြင့် ပြောင်းရွှေ့နေရာချထားရေး စီမံကိန်းများ ချောမွေ့သွားသည့်အခါ လော်ယွမ်အပါအဝင် လူတိုင်း၏ စိတ်ထဲတွင် ပေါ့ပေါ့ဆဆ ဖြစ်လာခဲ့ကြသည်ကို ဝန်ခံရပေမည်။
ရှောင်လွှဲ၍ ရနိုင်သော ကိစ္စအချို့ကို ပြဿနာတက်လာမှသာ အာရုံစိုက်မိကြတော့သည်။
ယခုအချိန်တွင် ကမ္ဘာမြေကြီးက ငြိမ်းချမ်းမနေကြောင်း၊ ငလျင်များနှင့် မီးတောင်ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း လော်ယွမ်အနေဖြင့် သတိပေးရမည့် အခြေအနေ ဖြစ်လာသည်။
ထို့အပြင် ဆန့်ကျင်ဘက်ဒြပ်ပစ္စည်း ဗုံးဒဏ်ကြောင့် လကမ္ဘာ ပျက်စီးသွားပြီးနောက် ပြန့်ကျဲသွားသော အပိုင်းအစ အများအပြားသည် အာကာသထဲ လွင့်စင်သွားကြသော်လည်း ပိုမိုများပြားသော အစိတ်အပိုင်းကြီးများကတော့ ကမ္ဘာမြေဆွဲအားကြောင့် ကမ္ဘာ့လေထုထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာနေပြီ ဖြစ်သည်။
ထိုဥက္ကာခဲ အပိုင်းအစများမှာ ပေါင်အနည်းငယ်မျှသာ ရှိသော အသေးစားလေးများမှသည် တန်ချိန် သန်းပေါင်းရာချီ၊ ဘီလီယံချီ လေးလံသော ဧရာမ အပိုင်းအစကြီးများအထိ ပါဝင်နေသည်။
အသေးစားလေးများက လေထုနှင့် ပွတ်တိုက်လောင်ကျွမ်းပြီး ပျောက်ကွယ်သွားနိုင်သော်လည်း ဧရာမ အပိုင်းအစကြီးများ ကျရောက်လာပါက ကပ်ဘေးဆိုးကြီးတစ်ခု ထပ်မံ ဖြစ်ပေါ်လာနိုင်သည်။
လက်ရှိအချိန်ထိ ဥက္ကာခဲတစ်ခုမှ မျှော်လင့်ချက်မြို့တော်ကို ထိခိုက်စေခြင်း မရှိသေးသော်လည်း မြို့အနီးဝန်းကျင်တွင်မူ ဟိုတစ်စ ဒီတစ်စ ကျရောက်နေပြီ ဖြစ်သည်။
ဤမျှဆိုးရွားသော ပတ်ဝန်းကျင်အခြေအနေအောက်တွင် မျှော်လင့်ချက်မြို့တော် ဘေးကင်းနေရခြင်းမှာ လော်ယွမ်က အာကာသထဲသို့ မကြာခဏ သွားရောက်ကာ ခြိမ်းခြောက်မှု ရှိနိုင်သော ဥက္ကာခဲကြီးများကို ကြိုတင်ဖျက်ဆီးပစ်နေသောကြောင့် ဖြစ်သည်။
သို့သော် ကံတရားက ဖေးမနေသည်ဟုလည်း ပြောရပေမည်။ လူတစ်ဦးတစ်ယောက်တည်း၏ စွမ်းဆောင်ရည်မှာ အကန့်အသတ်ရှိစမြဲပင်။
လော်ယွမ် ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ၊ နေ့စဉ်ရက်ဆက် အာကာသထဲ သွားနေပါစေဦး... ကျယ်ပြောလှသော အာကာသဟင်းလင်းပြင်ကြီးနှင့် ယှဉ်လျှင် သူက သမုဒ္ဒရာထဲမှ ရေတစ်စက်ပမာသာ ဖြစ်နေပြီး လွတ်မြောက်လာသော ဥက္ကာခဲအချို့ ရှိနေနိုင်ပေသည်။
……
အစည်းအဝေး ပြီးဆုံးသည်နှင့် မျှော်လင့်ချက်မြို့တော်၏ ဌာနအသီးသီးသည် ကြာပွတ်ဖြင့် အရိုက်ခံလိုက်ရသော ဂျင်ကောင်များပမာ လျင်မြန်သွက်လက်စွာ လည်ပတ်လှုပ်ရှားလာကြသည်။
သုံးလတာ မြို့တော်ဝန်ဘဝ အတွေ့အကြုံများက လော်ယွမ်အား ဤအရာများနှင့် အသားကျလာစေခဲ့ပြီး ရာထူးနှင့် လိုက်လျောညီထွေရှိသော ဖိအားများနှင့် တာဝန်များကို ထမ်းရွက်နိုင်လာစေသည်။
အစိုးရဌာန အသီးသီး၏ လုပ်ငန်းဆောင်တာများကို စိမ်းသက်နေမှုမှ ရင်းနှီးကျွမ်းဝင်မှုဆီသို့၊ ခက်ခဲမှုမှ ကျွမ်းကျင်ပိုင်နိုင်မှုဆီသို့၊ တစ်ကိုယ်တော် တိုက်ခိုက်တတ်သော သိုင်းသမားတစ်ယောက်အဖြစ်မှ အရည်အချင်းပြည့်ဝသော ခေါင်းဆောင်တစ်ယောက်အဖြစ်သို့ လျင်မြန်စွာ တိုးတက်ပြောင်းလဲလာခဲ့သည်။
ညနေစောင်းသည်နှင့် အရေးပေါ်တုံ့ပြန်ရေး စီမံချက်တစ်ခု လော်ယွမ်၏ ရုံးခန်းစားပွဲပေါ်သို့ ရောက်ရှိလာသည်။
လော်ယွမ်က အကြမ်းဖျင်း ဖတ်ရှုလိုက်ပြီး မှတ်ချက်ရေးကာ ပြန်လည်ပြင်ဆင်ရန် ပြန်ပို့လိုက်သည်။
ထိုစီမံချက်တွင် အာကာသယာဉ်မှ အင်ဂျင်နီယာယန္တရား အများအပြားကို ထုတ်ယူသုံးစွဲရန် တင်ပြထားခြင်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ခြင်းက အာကာသယာဉ် ပြုပြင်မွမ်းမံရေး လုပ်ငန်းများကို နှောင့်နှေးစေရုံသာမက နှမ်းစေ့ကို ကောက်ဖို့ ဖရဲသီးကို ပစ်ချလိုက်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ထို့အပြင် အလုပ်လက်မဲ့ လူဦးရေ အများအပြားကိုလည်း လော်ယွမ်က လှုပ်လှုပ်ရှားရှား ဖြစ်စေချင်သည်။
"လူတွေက အရနည်းတာကို မစိုးရိမ်ကြဘဲ မမျှတမှာကိုသာ စိုးရိမ်တတ်ကြတယ်"
မျှော်လင့်ချက်မြို့တော်တွင် ကျင့်သုံးနေသည်မှာ အားလုံး တန်းတူညီမျှ ရရှိရေးစနစ် မဟုတ်ပေ။
အလုပ်လက်မဲ့ ဦးရေ အများအပြားက ဘာမှလုပ်စရာမရှိဘဲ ဖြစ်နေခြင်းသည် လုံခြုံရေး ပြဿနာတင်မကဘဲ အငတ်ဘေးမကြုံရုံသာ ထောက်ပံ့ပေးထားသော လူနေမှုစနစ်ကြောင့် စိတ်ပိုင်းဆိုင်ရာ မညီမျှမှုများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
ထိုလူအုပ်စုကြီး ရှိနေခြင်းက အလုပ်လုပ်နေသော ပြည်သူများ၏ တက်ကြွမှုကို လျော့ကျစေပြီး ပျင်းရိသော စိတ်ဓာတ်များကို ဖြစ်ပေါ်စေသည်။
ဤသည်မှာ သတိပြုရမည့် ပြဿနာတစ်ခု ဖြစ်သည်။ လူသားမျိုးနွယ်၏ လက်ရှိအခြေအနေမှာ ခေါင်းအုံးမြင့်မြင့်အိပ်ကာ စိတ်အေးလက်အေး နေရမည့် အချိန်မျိုး မဟုတ်သေးပေ။
မကြာမီ ဒုတိယမြောက် စီမံချက် ရောက်ရှိလာသည်။
စီမံချက်တစ်ခုလုံးတွင် လူအင်အား သုံးသောင်းမှ ငါးသိန်းအထိ အသုံးပြုမည်ဖြစ်ပြီး ကုန်တင်ကားများ အပါအဝင် အင်ဂျင်နီယာယန္တရား အစီးရေ နှစ်ရာကျော် (ဤသည်မှာလည်း မျှော်လင့်ချက်မြို့တော်တွင် ရိုးရှင်းသော ပြုပြင်မွမ်းမံမှုဖြင့် မောင်းနှင်၍ရနေသေးသော လက်ကျန်ယာဉ်များ ဖြစ်သည်) ကို အသုံးပြုရန် စီစဉ်ထားသည်။
အသုံးပြုမည့် လူဦးရေ ကွာခြားချက် ကြီးမားနေရခြင်းမှာ တူးဖော်ရေး ကိရိယာများ အကန့်အသတ် ရှိနေခြင်းကြောင့် ဖြစ်သည်။
ထုတ်လုပ်ရင်း တိုးချဲ့ရင်း လုပ်ဆောင်သွားရမည် ဖြစ်သလို၊ အနွေးဓာတ်ပေးစနစ် ပြည့်စုံလာမှုကြောင့် ရပ်နားထားခဲ့သော သားရေအင်္ကျီစက်ရုံ၊ လက်အိတ်စက်ရုံနှင့် ဖိနပ်စက်ရုံများကိုလည်း ပြန်လည် လည်ပတ်စေမည် ဖြစ်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို တိုးပွားလာမည် ဖြစ်သည်။
လော်ယွမ်က ကြီးမားသော လိုအပ်ချက်မရှိသည်ကို တွေ့ရသဖြင့် သဘောတူကြောင်း လက်မှတ်ရေးထိုးလိုက်သည်။
သို့သော် ဘယ်လောက်ပဲ ထိရောက်မှု မြန်ဆန်ပါစေ၊ တရားဝင် လုပ်ငန်းစတင်ခြင်းကတော့ နောက်တစ်နေ့မှသာ ဖြစ်နိုင်ပေလိမ့်မည်။ ညဘက် ဆောင်းတွင်းအအေးဒဏ်မှာ နေ့ဘက်ထက် ပိုမိုပြင်းထန်လွန်းလှသဖြင့် သားရေအင်္ကျီ ဝတ်ထားလျှင်ပင် သာမန်လူများအနေဖြင့် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
လော်ယွမ် နာရီကို ကြည့်လိုက်သောအခါ ည ၁၀ နာရီ ထိုးနေပြီဖြစ်သည်။ သူက စာရွက်စာတမ်းများကို သိမ်းဆည်းလိုက်ပြီး ထိုင်ခုံမှ ထကာ တစ်နေ့တာ အလုပ်များကို အဆုံးသတ်လိုက်လေသည်။
……
စံအိမ်၏ ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် လော်ယွမ်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
အိပ်ရာထဲတွင် လဲလျောင်းနေခဲ့ရသော ချန်ကျားယီမှာ ဧည့်ခန်းထဲတွင် ထိုင်နေပြီး သူမ၏ ဘေးပတ်လည်တွင် လူများ ဝိုင်းအုံနေကြသည်။
အချိန်ကြာမြင့်စွာ လှဲနေခဲ့ရသဖြင့် သူမ၏ ပုံစံမှာ အားနည်းနေပြီး ထိုင်ခုံပေါ်တွင် ပျော့ခွေကာ နွဲ့နှောင်းနေပုံ ပေါက်နေသည်။
"ဘယ်အချိန်က သတိရလာတာလဲ" လော်ယွမ်က ဝမ်းသာအားရ ပြောရင်း ဧည့်ခန်းထဲသို့ ခြေလှမ်းကျဲဖြင့် ဝင်သွားလိုက်သည်။
"ယဲ့ချိုးယွီက စတွေ့တာပါ… ထမင်းစားခါနီးလောက်မှာ သတိရလာတာ" ကျိုးယလီက ပြုံးရွှင်စွာ ပြောသည်။
ချန်ကျားယီ၏ အခြေအနေက လူတိုင်းအတွက် စိတ်ပူစရာ ဖြစ်ခဲ့ရသဖြင့် ယခုလို သတိရလာခြင်းက အားလုံးကို ဝမ်းသာပျော်ရွှင်စေသည်။
"ကျားယီက သတိရရချင်း ရှင့်ကိုပဲ တ,နေတာ... ရိုးရိုးသားသား ဝန်ခံစမ်းပါ… ရှင်တို့နှစ်ယောက် ဘယ်တုန်းက ဇာတ်လမ်းစခဲ့ကြတာလဲ" ဟွမ်ကျားဟွေက နောက်ပြောင်သလို မေးလိုက်သည်။
ဟွမ်ကျားဟွေ၏ စနောက်မှုကို ကြားလိုက်ရသောအခါ ချန်ကျားယီမှာ ရှက်လွန်းသဖြင့် လည်ပင်းများပင် ရဲတက်လာလေသည်။
ကပ်ပါးကောင်ရန်မှ ကင်းဝေးသွားပြီဖြစ်သော ချန်ကျားယီ၏ စိတ်ခံစားချက်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ ဖြစ်ကာ အရင်လို ငေးငေးငိုင်ငိုင် ဖြစ်နေတတ်သော ပုံစံမျိုး မဟုတ်တော့ပေ။
လော်ယွမ်၏ မျက်နှာတွင်လည်း အနည်းငယ် အနေခက်သွားသည့်ပုံ ပေါ်လာသည်။ ချန်ကျားယီ၏ ရောဂါကို ကုသပေးရန်အတွက် သူမ၏ ခန္ဓာကိုယ်ကို လော်ယွမ် ကိုင်တွယ်ထိတွေ့ခဲ့ရသည်များ မနည်းလှပေ။ ယခု ပြန်စဉ်းစားမိတော့မှ အနည်းငယ် မျက်နှာပူမိသည်။
"လျှောက်မပြောစမ်းနဲ့" လော်ယွမ်က တည်တည်ငြိမ်ငြိမ်ဖြင့် လှမ်းဟန့်လိုက်သည်။
တော်သေးသည်မှာ ကပ်ပါးကောင် မတွယ်ကပ်မီကတည်းက ချန်ကျားယီသည် နဂိုကပင် စိတ်နေသဘောထား နူးညံ့ပြီး အနည်းငယ်ဆိုလျှင် မျက်နှာရဲတတ်သူ ဖြစ်သည်။ ယဲ့ချိုးယွီကလွဲ၍ ကျန်သူများကတော့ သိပ်ပြီး သံသယဝင်ပုံ မရပေ။
"အခု အခြေအနေ ဘယ်လိုလဲ… လမ်းလျှောက်နိုင်ပြီလား" လော်ယွမ်က ချန်ကျားယီ၏ ဘေးတွင် ဝင်ထိုင်လိုက်ရင်း ဂရုတစိုက် မေးမြန်းလိုက်သည်။
လော်ယွမ် အနားရောက်လာသည်ကို မြင်သောအခါ ချန်ကျားယီမှာ မှည့်ဝင်းနေသော ပန်းသီးတစ်လုံးပမာ ပို၍ပင် ရှက်သွေးဖြာသွားသည်။
ပါးစပ်ဟရုံ ပြင်လိုက်သော်လည်း စကားလုံးများ ထွက်မလာဘဲ ဗလုံးဗထွေး ဖြစ်နေသဖြင့် နောက်ဆုံးတွင် ဝမ်ရှကွမ်ကပင် ဝင်ဖြေပေးလိုက်ရသည်။
"မရသေးဘူး… ယဲ့ချိုးယွီ ပြောပုံအရဆိုရင် သူက အိပ်ရာထဲ လှဲနေတာ ကြာလွန်းတော့ ကြွက်သားတွေ နည်းနည်း ကျုံ့နေတယ်တဲ့… ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်ဖို့လိုတယ်"
လော်ယွမ်က ယဲ့ချိုးယွီ ဘက်သို့ လှည့်ကြည့်လိုက်ပြီး "ဒေါက်တာယဲ့... ဒီကာလတစ်လျှောက်လုံး တော်တော်ပင်ပမ်းသွားပြီ… လိုအပ်တာတွေ၊ သတိထားရမှာတွေ ရှိရင် ပြောပါ... သူ့ကို မြန်မြန် ပြန်ကောင်းလာစေမယ့် နည်းလမ်းဆိုရင် ဘာမဆို တင်ပြနိုင်ပါတယ်"
သူ့ကို နာမည်တပ်ပြီး ပြောလာမှတော့ ယဲ့ချိုးယွီလည်း လူအုပ်ကြားထဲတွင် ပုန်းနေ၍ မရတော့ပေ။
သူမက အလျင်အမြန်ပင် ဝင်ပြောလိုက်သည်။ "သိပ်ပြီး သတိထားရမယ့် အချက်တွေတော့ မရှိပါဘူး… နေ့စဉ် နှိပ်နယ်ပေးတာကို ပုံမှန်အတိုင်း လုပ်ပေးရမယ်… ကြွက်သား သန်စွမ်းရေး လေ့ကျင့်ခန်း တစ်ခုပဲ တိုးပြီး လုပ်ပေးဖို့ လိုတာပါ… နောက်တစ်ခုက အခု သူ့ရဲ့ အစာအိမ်က နည်းနည်း ကျုံ့နေသေးတော့ အရည်ပုံစံ အစားအစာတွေကိုပဲ ခဏလောက် စားပေးဖို့ လိုဦးမယ်… တစ်ပတ်လောက်နေမှ ပုံမှန်အတိုင်း ပြန်စားလို့ရမှာ… အခြေအနေပေးမယ်ဆိုရင်တော့ အဆင့်မြင့် အစားအစာတချို့ ဖြည့်စွက်ကျွေးမွေးနိုင်ရင် ပြန်လည်ကောင်းမွန်နှုန်းကို အများကြီး ပိုမြန်စေလိမ့်မယ်"
"အဆင့်မြင့် အစားအစာလား... အဲ့ဒါ ပြဿနာမရှိဘူး" လော်ယွမ် စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
အရင်က ကျန်ခဲ့သော အသားမှုန့်တွေ ကုန်သွားသည်မှာ ကြာခဲ့ပြီ ဖြစ်သော်လည်း သူ့တွင် ထိုအရာထက် ပိုကောင်းသော ပစ္စည်းတစ်ခု ရှိနေသေးသည်။
"အဆင့် (၈) စွမ်းအင်သလင်းကျောက်"
အဆင့်မြင့် အစားအစာများနှင့် ယှဉ်လျှင် ဤအရာက အားနည်းနေသော ချန်ကျားယီအတွက် ပို၍ သင့်လျော်ပေလိမ့်မည်။
စွမ်းအင်သလင်းကျောက်တွေ သူ့မှာ အတော်များများ ကျန်နေသေးသည်။ ထိုသလင်းကျောက်များကို မူလက တစ်နေ့နေ့တွင် မိမိလက်ချက်ဖြင့် မတော်တဆ ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် လူတိုင်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် သိမ်းထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ပြောစရာဖြစ်နေသည်မှာ နှစ်ဝက်ခန့် ကြာမြင့်သွားသည့်တိုင် တစ်လုံးမှလွဲ၍ ကျန်သည့်အလုံးများမှာ ကုန်ခါနီးပြီ ဆိုသော်လည်း သူ့လက်ထဲတွင် နှစ်လုံးတိတိ ကျန်ရှိနေသေးခြင်းပင်။
အတော်လေး အသုံးခံသည်ဟု ပြောရမည်။
ဤမျှ ကုန်ကျနှုန်း နှေးကွေးနေရခြင်းမှာ စွမ်းအင်သလင်းကျောက် တစ်ကြိမ် စုပ်ယူလိုက်တိုင်း လူတစ်ဦးချင်းစီ၏ စွမ်းအား ညီမျှမှုကို ဆိုးရွားစွာ ထိခိုက်စေတတ်သောကြောင့် ဖြစ်သည်။
သူတို့က သာမန်လူများ ဖြစ်ကြသဖြင့် လော်ယွမ်ကဲ့သို့ စွမ်းအားကို တိတိကျကျ ထိန်းချုပ်နိုင်စွမ်း မရှိကြပေ။
ထို့ကြောင့် တစ်ကြိမ် သုံးစွဲပြီးတိုင်း ပြန်လည် အသားကျအောင် ချိန်ညှိရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်လေသည်။
ထို့အပြင် ကပ်ဘေးအပြီး ကာလများတွင် အလုပ်များလွန်းသဖြင့် အချိန်ဆွဲမိသွားရာ ယခုထိ တစ်လုံးပင် မကုန်သေးခြင်း ဖြစ်သည်။
"ငါ စွမ်းအင်သလင်းကျောက် သွားယူလိုက်ဦးမယ်" လော်ယွမ် ပြောရင်းဆိုရင်း အပေါ်ထပ်သို့ တက်ရန် ထရပ်လိုက်သည်။
စွမ်းအင်သလင်းကျောက် ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် လော်ယွမ်၏ ခြေရင်းနားတွင် ကပ်နေသော ဗီဇပြောင်းလူသားမလေးမှာ မျက်လုံးများ အရောင်တောက်သွားပြီး ဝုန်းခနဲ ထရပ်ကာ လော်ယွမ်၏ နောက်သို့ ခြေရောလက်ပါ အသုံးပြု၍ လိုက်ပါသွားလေတော့သည်။
ဆက်ရန်...