← Chapters

အခန်း (၄၇၃-၄၇၄)

Vol. 24 Ch. 473-474

အခန်း (၄၇၃-၄၇၄)

Vol. 24 Ch. 473-474

အပိုင်း (၄၇၃) ဝမ်းနည်းအားငယ်ခြင်း

လော်ယွမ်က စိတ်ထဲတွင် သက်ပြင်းချလိုက်မိပြီး ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။

အခန်းထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် နောက်မှကပ်လိုက်လာသော သန္ဓေပြောင်းလူသားမလေး ဝင်မလာနိုင်ခင် တံခါးကို ချက်ချင်း ပိတ်လိုက်လေသည်။

တံခါးအပြင်ဘက်ရှိ သန္ဓေပြောင်းလူသားမလေးမှာ အရှိန်မထိန်းနိုင်လိုက်ဘဲ တံခါးရွက်ကို ခေါင်းဖြင့် တိုက်မိသွားရှာသည်။

သူမက ဒေါသတကြီးဖြင့် "ရှူး... ရှူး..." ဟု အသံပြုကာ အော်ဟစ်လိုက်ပြီး ထိုမျှဖြင့် ကျေနပ်ပုံမရသေးဘဲ ထက်မြက်လှသော လက်သည်းများကို ထုတ်ဖော်ကာ တံခါးကို လက်တုံ့ပြန်သည့်အနေဖြင့် ကုတ်ခြစ်လိုက်လေရာ တံခါးပေါ်တွင် နက်ရှိုင်းသော ခြစ်ရာကြီးအချို့ ထင်ကျန်ရစ်ခဲ့သည်။

သို့သော် လော်ယွမ်ကမူ ယင်းကို ဂရုမစိုက်ပေ။ အမှန်တကယ်တွင်လည်း ယခုထင်ကျန်ရစ်သော ခြစ်ရာအသစ်များအပြင် ဤတံခါးမှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီးဖြစ်ကာ နေရာအနှံ့တွင် "တောကြောင်ရိုင်း" တစ်ကောင်က ကုတ်ခြစ်ထားသကဲ့သို့ စိတ်ကူးယဉ်ဆန်သော ပုံရိပ်များဖြင့် ပြည့်နှက်နေခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ခြစ်ရာတစ်ခု တိုးလာသည်ဖြစ်စေ၊ လျော့သွားသည်ဖြစ်စေ ထူးခြားမှု မရှိတော့ပေ။

သန္ဓေပြောင်းလူသားမလေးသည် ကြီးမားသော သက်ရှိများကို ကြောက်ရွံ့တတ်သည့် စွဲလမ်းမှုတစ်ခု ရှိပုံရသည်။

လော်ယွမ်၏ ခန္ဓာကိုယ် လေးဘက်မြင်အသွင် ပြောင်းလဲမှု နက်ရှိုင်းလာပြီးနောက် ခန္ဓာကိုယ် အရွယ်အစား ကြီးမားလာသောအခါ အချိန်အတိုင်းအတာတစ်ခုအထိ သန္ဓေပြောင်းလူသားမလေး၏ လော်ယွမ်အပေါ် ဆက်ဆံပုံမှာ စိမ်းသက်သွားခဲ့သည်။

ယခင်ကကဲ့သို့ ရောဂါရသည်အထိ တွယ်တာခြင်းမျိုး မရှိတော့သလို ညဘက်များတွင်လည်း လော်ယွမ်၏ အိပ်ခန်းထဲ၌ အိပ်စက်တတ်သော အကျင့်ကို စွန့်လွှတ်ခဲ့သည်။

သို့သော် ထိုအခြေအနေမှာ ကြာရှည်မခံလိုက်ပေ။ အချိန်ကြာလာသည်နှင့်အမျှ သန္ဓေပြောင်းလူသားမလေးသည် လော်ယွမ်၏ ပုံသဏ္ဌာန်သစ်နှင့် အသားကျလာပြီးနောက် သူမ၏ အကျင့်ဟောင်းများ ပြန်ပေါ်လာကာ ညဉ့်နက်သည်နှင့် လော်ယွမ်၏ အိပ်ခန်းထဲသို့ ဝင်ရောက်ရန် ကြိုးစားလာပြန်သည်။

သို့သော် မနည်းတည်ဆောက်ယူထားရသည့် သူမ၏ လွတ်လပ်စွာ နေထိုင်တတ်မှုကို လော်ယွမ်က အလွယ်တကူ အပျက်စီးမခံလိုပေ။

တစ်ကြိမ်တွင် လော်ယွမ် ပေါ့ဆမိသဖြင့် သူမ အခန်းထဲဝင်ကာ တစ်ညအိပ်သွားသည်မှလွဲ၍ ကျန်သည့်ညများတွင် လော်ယွမ်က တံခါးကို သေချာစွာသော့ခတ်ထားလေ့ရှိသည်။

သူမက တံခါးကို မည်မျှပင် မကျေမနပ် ကုတ်ခြစ်နေပါစေ၊ အော်ဟစ်နေပါစေ လော်ယွမ်က မကြားချင်ယောင်ဆောင်နေခဲ့သည်။

ထိုသို့ အကြိမ်ကြိမ် ဖြစ်လာပြီးနောက် သူမလည်း လက်လျှော့သွားရရှာသည်။

အမှန်တကယ်တွင်လည်း ဤကဲ့သို့သော တံခါးတစ်ချပ်က သူမကို မည်သို့ တားဆီးနိုင်မည်နည်း။

အဆင့် ၈ စွမ်းအင်သလင်းကျောက်များကို စတင်စားသုံးပြီးနောက်ပိုင်း သူမ၏ ခွန်အားများမှာ မရပ်မနား တိုးပွားလာခဲ့ပြီး ဤနေရာသို့ စရောက်ခဲ့ချိန်နှင့် ယှဉ်လျှင် မိုးနှင့်မြေကဲ့သို့ ကွာခြားနေပြီဖြစ်သည်။

စနစ်၏ သတ်မှတ်ချက်တွင် သူမသည် အဆင့် ၇ ရှိသော အဆင့်မြင့်သက်ရှိတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။

အကယ်၍ တိုက်ခိုက်စွမ်းရည်ကို ယှဉ်မည်ဆိုပါက အထူးစစ်ဆင်ရေးအဖွဲ့ဝင်များ (မူလ ဓားတရားအဖွဲ့ဝင်များ) ပင်လျှင် သူမကို ယှဉ်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။

အမှန်စင်စစ်တွင် သူမကို တားဆီးထားသည်မှာ တံခါးမဟုတ်ဘဲ လော်ယွမ်၏ သဘောထားသာ ဖြစ်သည်။

လူသားများနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံလာရမှုကြောင့် မူလက လူသားဖြစ်ခဲ့ဖူးသော ဤသန္ဓေပြောင်းလူသားမလေးသည် သူမ၏ အရိုင်းဆန်မှုကို တဖြည်းဖြည်း စွန့်ခွာလာပြီး လူစိတ်ပိုဝင်လာကာ ပြောင်းပြန် ဆင့်ကဲပြောင်းလဲမှုများပင် ဖြစ်ပေါ်လာခဲ့သည်။

စွမ်းအင်သလင်းကျောက်များကို ရေရှည်စားသုံးခြင်းက သူမကို ကြီးမားသည့် သန္ဓေပြောင်းလဲမှုမျိုး မဖြစ်စေဘဲ အချို့သော အပိုင်းကဏ္ဍများတွင်မူ အားနည်းသွားစေခဲ့သည်။

ဥပမာအားဖြင့် သူမ၏ ကိုယ်ပေါ်ရှိ အကြေးခွံများမှာ တဖြည်းဖြည်း သေးငယ်လာပြီး ပျော့ပျောင်းလာသည့် အလားအလာကို ပြသလာကာ ကာကွယ်နိုင်စွမ်း လျော့ကျလာသည်။

တစ်ချိန်တည်းမှာပင် အကြေးခွံအရောင်များမှာလည်း ဖျော့တော့လာပြီး ကျောက်စိမ်းဖြူရောင်ဘက်သို့ ကူးပြောင်းလာသည်။

တောရိုင်းထဲတွင် ဤကဲ့သို့သော အရောင်မျိုးမှာ ထင်ရှားလွန်းနေပြီး ကမ္ဘာပျက်ကပ်ကာလ၏ ရှင်သန်မှု နိယာမများနှင့် ကိုက်ညီမှု မရှိလှပေ။

လော်ယွမ်၏ ခန့်မှန်းချက်အရ တည်ငြိမ်အေးချမ်းသော ဘဝနှင့် လူသားပတ်ဝန်းကျင်တွင် နေထိုင်ရခြင်းက ဤအခြေအနေများကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။

သူမနှင့် လူသားများကြား ကွာခြားချက် ကြီးမားလွန်းခြင်းက သူမ၏ မသိစိတ်တွင် စိုးရိမ်ပူပန်မှုနှင့် သဟဇာတမဖြစ်မှုကို ခံစားရစေသည်။

ထို့ကြောင့် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်တွင် လူသားများကို အတုခိုးကာ ပြောင်းလဲလာခြင်းဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ ပြောရမည်ဆိုလျှင် ဤသည်မှာ အခြားသော သဘောတရားအရ "ရုပ်ဖျက်ကာကွယ်ခြင်း" တစ်မျိုးပင် ဖြစ်သည်။

…………

လော်ယွမ် လက်နက်ခန်းထဲသို့ လျှောက်သွားလိုက်သည်။ ၆ ပေခွဲကျော် ရှိသော အရပ်အမောင်းကြောင့် သူက လက်ကို အနည်းငယ် ဆန့်လိုက်ရုံဖြင့် ဗီရိုအပေါ်ထပ်သို့ လှမ်းမီသွားသည်။

လက်ကို ပြန်ရုတ်သိမ်းလိုက်ချိန်တွင် သူ၏လက်ထဲ၌ လက်သီးဆုပ်အရွယ်အစားခန့်ရှိသော သံလုံးတစ်လုံး ပါလာခဲ့သည်။

အဆင့် ၈ စွမ်းအင်သလင်းကျောက်ကို ဤ တစ်ဆက်တစ်စပ်တည်းရှိသော လုံးဝန်းသည့် သံလုံးအတွင်း၌ သူက လုံခြုံစွာ သိမ်းဆည်းထားခြင်း ဖြစ်သည်။

ဤမျှလောက် အကာအကွယ်ပေးထားရခြင်းမှာ အပိုလုပ်နေခြင်း မဟုတ်ပေ။

တစ်ချက်မှာ စွမ်းအင်သလင်းကျောက်ကို လေထုနှင့် ထိတွေ့မှုမရှိစေဘဲ ခြောက်သွေ့သော ပတ်ဝန်းကျင်တွင် ထားရှိရန်ဖြစ်သည်။

စွမ်းအင်သလင်းကျောက်သည် ကျောက်တုံးနှင့် တူသော်လည်း ရေတွင် အလွယ်တကူ ပျော်ဝင်နိုင်သည်။

အကယ်၍ လေထုထဲတွင် ဒီအတိုင်း ထားလိုက်မည်ဆိုပါက လျင်မြန်စွာ စိုစွတ်လာပြီး အရည်ပျော်ကာ စွမ်းအင်ဆုံးရှုံးမှု မြန်ဆန်စေလိမ့်မည်။

နောက်တစ်ချက်မှာမူ သန္ဓေပြောင်းလူသားမလေးက အနံ့ခံပြီး သလင်းကျောက်ကို ရှာတွေ့သွားမည် စိုးသောကြောင့် ဖြစ်သည်။

ဤကဲ့သို့သော အဆင့် ၈ သလင်းကျောက်၏ အငွေ့အသက်သည် မည်သည့်သက်ရှိအတွက်မဆို နှိုင်းယှဉ်ပြစရာမရှိလောက်အောင် ဆွဲဆောင်မှုပြင်းထန်လှသည်။

ဤသည်မှာ သက်ရှိများ၏ ဆင့်ကဲပြောင်းလဲလိုသော ပင်ကိုယ်အလိုဆန္ဒကြောင့် ဖြစ်သည်။ လော်ယွမ်ကိုယ်တိုင်ပင် ထိုစွမ်းအင်သလင်းကျောက်မျိုးကို ပထမဆုံးအကြိမ် တွေ့ရှိချိန်က စိတ်လှုပ်ရှားခဲ့ဖူးသည်။

သို့သော် ယခုအချိန်တွင်မူ သူ့အတွက် မည်သည့် သက်ရောက်မှုမျှ မရှိတော့ပေ။ သူ၏ ခန္ဓာကိုယ်သည် အချိန်တိုင်း စက္ကန့်တိုင်းတွင် ကြီးမားလှသော စွမ်းအင်များကို ထုတ်လုပ်ပေးလျက်ရှိရာ နှလုံးသားနေရာရှိ သူ့ကိုယ်ပိုင် စွမ်းအင်သလင်းကျောက်သည် ပင်ပေါင်ဘောလုံး အရွယ်အစားခန့်အထိ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။

ထိုပမာဏသည် သူ၏ လက်ထဲရှိ သလင်းကျောက် အားလုံးပေါင်းထက်ပင် အဆများစွာ ပိုမိုကြီးမားနေပြီး သွေးလည်ပတ်မှုကိုပင် အနည်းငယ် သက်ရောက်မှု ရှိစေသည်အထိ ဖြစ်လာသည်။

အကယ်၍ ယခုအချိန်တွင် သူ့နှလုံး၏ လုပ်ဆောင်ချက်မှာ မရှိမဖြစ် မဟုတ်တော့သည့် အခြေအနေသို့ ရောက်ရှိမနေပါက သူ၏ ရင်ဘတ်ကိုခွဲပြီး စွမ်းအင်သလင်းကျောက် ဖယ်ရှားသည့် ခွဲစိတ်မှု ပြုလုပ်ရမည့် ကိန်း ဆိုက်နေပေလိမ့်မည်။

လော်ယွမ်က သံလုံးကို လက်သည်းဖြင့် တစ်ပတ်တိတိ ဖွဖွလေး ခြစ်လိုက်သည်။ သူ၏ လက်သည်းများက သတ္တုထက် ပိုမိုမာကျောသည်မှာ ထင်ရှားလှသည်။ လက်သည်း ဖြတ်သွားသည်နှင့် သံလုံးမျက်နှာပြင်မှ မီးပွားအများအပြား ဖွာခနဲ လွင့်စဉ်ထွက်လာသည်။

သံမှုန်များကို ပါးစပ်ဖြင့် မှုတ်ထုတ်လိုက်သောအခါ သံလုံးမျက်နှာပြင်ပေါ်တွင် အနက် ၃ မီလီမီတာ ခန့်ရှိသော ခြစ်ရာတစ်ခု ပေါ်လာသည်။

"ရပြီ" ဟု သူ စိတ်ထဲမှ ရေရွတ်လိုက်သည်။

သူက သံလုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဆန့်ကျင်ဘက် အရပ်ဆီသို့ လှည့်လိုက်သည်။ သိပ်ပြီး အားစိုက်မနေခဲ့ပေ။ အတွင်း၌ အခေါင်းပေါက်ဖြစ်နေသော သံလုံးကို မတော်တဆ ဖိမိပြီး ပြားသွားမည်စိုးသဖြင့် အားအများကြီးလည်း မသုံးရဲပေ။

လက်နက်ခန်းထဲတွင် "ဂျစ်... ဂျစ်..." ဟူသော နားခိုငြီးဖွယ်ရာ အသံများ ထွက်ပေါ်လာပြီး ခြစ်ရာပေးထားသည့် နေရာသည် မျက်စိရှေ့မှောက်တွင်ပင် နီရဲလာသည်။

စက္ကန့်ပိုင်းအကြာတွင် သာမန်လူတစ်ယောက် ခရမ်းချဉ်သီးတစ်လုံးကို လှည့်ဖွင့်လိုက်သကဲ့သို့ပင် သံလုံးကြီးမှာ နှစ်ခြမ်းကွဲသွားလေသည်။

အတွင်းတွင် အကောင်းပကတိအတိုင်း ရှိနေသော သလင်းကျောက် နှစ်တုံးနှင့် ပါးလွှာသော အပြားလေးတစ်ပြားကို တွေ့လိုက်ရသည်။

အခေါင်းပေါက်ပါသော ဤသံလုံးသည် ပါးလွှာခြင်းမရှိဘဲ အထူ တစ်လက်မနီးပါး ခန့် ရှိသည်။ သို့သော် တန်ချိန် ၅၀၀ မျှရှိသော လော်ယွမ်၏ ခွန်အားရှေ့တွင်မူ တစ်လက်မ ဖြစ်စေ၊ တစ်လက်မ၏ ဆယ်ပုံတစ်ပုံ ဖြစ်စေ ကွာခြားမှု မရှိပေ။

"ဒီအပြားလေးက တစ်ခါသုံးဖို့ပဲ ရှိတော့တာပဲ"

သူက အပြားလေးကို ထုတ်ယူပြီးနောက် နှစ်ခြမ်းကွဲသွားသော သံလုံးကို ပြန်လည် တပ်ဆင်လိုက်သည်။

ထို့နောက် ဖွဖွလေး ဖိကပ်ကာ လက်နှစ်ဖက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ထိုသို့ ပြုလုပ်နေစဉ် သူ၏ လက်ဝါးပြင်မှ ပြင်းထန်သော အပူချိန်တစ်ခု ထွက်ပေါ်လာသည်။

ခဏအကြာတွင် သူရပ်တန့်လိုက်သည်။

လော်ယွမ်က သံလုံးကို တစ်ချက်ကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ မူလက နှစ်ခြမ်းကွဲနေသော သံလုံးသည် ပြန်လည်ဆက်စပ်သွားပြီး နီရဲနေသည်။

လက်ရာရာ အချို့မှလွဲ၍ မျက်နှာပြင်တွင် အဖုအထစ်မရှိဘဲ တစ်ဆက်တစ်စပ်တည်း ပြန်ဖြစ်သွားလေသည်။

လော်ယွမ် ရေချိုးခန်းထဲသို့ ဝင်သွားပြီး သံလုံးကို ရေပိုက်ခေါင်းအောက်တွင် အအေးခံလိုက်ကာ ဗီရိုအပေါ်တွင် ပြန်တင်ထားလိုက်သည်။

အခန်းတံခါးဝမှ ထွက်လိုက်သည်နှင့် သန္ဓေပြောင်းလူသားမလေးက မစောင့်နိုင်တော့သည့်အလား ခုန်အုပ်လာပြီး သူ၏ ဘောင်းဘီရှည်ကို အတင်းဆွဲကိုင်ထားတော့သည်။ သူမ၏ တစ်ကိုယ်လုံးမှာလည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေသည်။

"ဖယ်စမ်းပါ... ငါ လမ်းလျှောက်လို့ မရတော့ဘူး" လော်ယွမ်က ခြေထောက်ကို ခါထုတ်ရင်း ဆူပူလိုက်သည်။

သန္ဓေပြောင်းလူသားမလေးက ဘောင်းဘီစကို တင်းကျပ်စွာ ဆွဲကိုင်ထားရင်း မကြားချင်ယောင်ဆောင်ကာ "ရှူး... ရှူး..." ဟု မရပ်မနား အော်မြည်နေသည်။ သူမ အနံ့ရနေပြီ ဖြစ်သဖြင့် စိတ်အာရုံများ တက်ကြွနေပုံရသည်။

လူကြီးများ ဆိုစကားအရ "မည်းနေတဲ့ မျက်လုံးက ဖြူတဲ့ ငွေစကို မြင်ရင် မနေနိုင်ဘူး" ဆိုသကဲ့သို့ပင် သန္ဓေပြောင်းလူသားမလေးအတွက်မူ စွမ်းအင်သလင်းကျောက်ကို မြင်လျှင် မနေနိုင်ပေ။

သန္ဓေပြောင်းလူသားမလေးက သေတောင် လက်မလွှတ်တော့သဖြင့် လော်ယွမ်လည်း မတတ်နိုင်တော့ဘဲ သူမကို ကပ်ပါးကောင်လေး တစ်ကောင်လို တရွတ်တိုက် ဆွဲကာ အောက်ထပ်သို့ ခေါ်လာခဲ့ရသည်။

"ရေခွက် ၅ ခွက်လောက် ယူပေးပါဦး"

"ကျွန်မ သွားယူလိုက်မယ်" ဝမ်ရှကွမ်က မတ်တပ်ရပ်ရင်း ပြောလိုက်သည်။

ကျိုးယလီက မူလက ထယူရန် ပြင်လိုက်သော်လည်း ဝမ်ရှကွမ်က ဦးသွားသဖြင့် ပြန်ထိုင်လိုက်သည်။

မူလက ချန်ကျားယီ တစ်ယောက်တည်း သောက်ရမည် ထင်ထားသော်လည်း လူတိုင်းအတွက် ပါသည်ကို သိရသောအခါ "အခုမှ ခွန်အားသစ်နဲ့ အသားကျကာရှိသေးတယ်... နောက်တစ်ခါ ထပ်လာပြန်ပြီလား... ပြီးခဲ့တဲ့တစ်ခေါက် ဟင်းချက်တုန်းက ဒယ်အိုးတောင် ပေါက်သွားတယ်" ဟု ရေရွတ်လိုက်သည်။

ထိုအချိန်တွင် ဝမ်ရှကွမ်က ရေခွက်များ ကိုင်လျက် ပြန်ရောက်လာပြီး "နင်က ဒယ်အိုးပဲ ရှိသေးတာ... ငါဆို အိပ်ခန်းတံခါး လက်ကိုင်ဘု ကျိုးသွားတာ အခုထိ ပြန်မပြင်ရသေးဘူး" ဟု ဝင်ကာ ညည်းတွားလိုက်သည်။

"ဒါကြောင့်မို့လို့ ဒီရက်ပိုင်း ညဘက်တွေမှာ ထူးဆန်းတဲ့ အသံတွေ ကြားနေရတာကိုး" ဟွမ်ကျားဟွေက စနောက်လိုက်သည်။

အမျိုးသမီးများထံမှ ရယ်မောသံများ ထွက်ပေါ်လာသည်။

ဝမ်ရှကွမ်က ရေခွက်များကို ချရင်း မျက်နှာများ ရဲတက်လာသည်။ သူမသည် အခြားသူများကဲ့သို့ စစ်မြေပြင် အတွေ့အကြုံ မများလှသဖြင့် ဤကဲ့သို့ လိင်အငွေ့အသက် ပါသော စနောက်မှုမျိုးကို ခံနိုင်ရည်မရှိလှပေ။

ဒါတွေအားလုံး လော်ယွမ်ကြောင့် ဖြစ်သည်။ သူမသည် ဘေးနားရှိ လော်ယွမ်ကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်။

ပထမဆုံးအကြိမ် ဆက်ဆံကြစဉ်က လော်ယွမ်သည် ထိန်းထိန်းသိမ်းသိမ်း ရှိခဲ့သဖြင့် သူမက ဤကိစ္စကို သိပ်မထူးခြားလှဟု ထင်ခဲ့မိသည်။

သို့သော် နောက်ပိုင်းတွင်မူ တစ်ဖက်လူမှာ မမောနိုင်မပန်းနိုင်သော နွားသိုးတစ်ကောင် ဖြစ်ကြောင်း သိလာရပြီး အကြိမ်တိုင်းတွင် သူမကို သေလုမျောပါးဖြစ်အောင် နှိပ်စက်လေ့ရှိကာ လုံးဝ အလွတ်မပေးခဲ့ပေ။

လော်ယွမ်က သူတို့ကို အချိန်တိုင်းလိုလို စွမ်းအင်သလင်းကျောက်များ တိုက်ကျွေးနေခြင်းမှာ ထိုကိစ္စတွင် ပိုမို အားရပါးရ ရှိစေရန်အတွက်လားဟုပင် သူမ သံသယ ဝင်မိသည်။

လော်ယွမ်ကတော့ ဝမ်ရှကွမ်၏ စိတ်ထဲမှ မကျေနပ်ချက်များကို မသိနိုင်ပေ။ ဟွမ်ကျားဟွေ၏ စနောက်မှုကို နားမလည်ချင်ယောင်ဆောင်ကာ ခေါင်းခါရင်း ပြောလိုက်သည်။

"နင်တို့တွေကတော့... ဘာမှမဟုတ်တဲ့အတိုင်းပဲ... ဒီဟာက အဆင့် ၈ ရှိတဲ့ သန္ဓေပြောင်းသားရဲရဲ့ စွမ်းအင်အနှစ်သာကွ... နင်တို့ကလွဲရင် ဘယ်သူမှ စားဖူးကြမှာ မဟုတ်ဘူး"

အနီးရှိ ယဲ့ချိုးယွီမှာ ထိုအရာအားလုံးကို အားကျစွာ ငေးကြည့်နေမိပြီး စိတ်ထဲတွင် ဝမ်းနည်းအားငယ်မှုများ ဖြစ်ပေါ်လာသည်။

ဤအရာသည် သာမန်လူတစ်ယောက်ကို စွမ်းအားရှင်တစ်ယောက် ဖြစ်လာစေနိုင်သော တံခါးပေါက်ဖြစ်ပြီး ကံကြမ္မာကို ပြောင်းလဲပေးနိုင်သော သော့ချက်လည်း ဖြစ်သည်။

အကယ်၍ ဤအရာသာ အပြင်လောကသို့ ရောက်ရှိသွားပါက လူတိုင်း ရူးသွပ်သွားကြလိမ့်မည်ဟု သူမ ယုံကြည်သည်။

သာမန်လူတစ်ယောက်အနေဖြင့် သူမသည် ကြီးမားသော အစွမ်းအစများကို ပြင်းပြစွာ လိုလားတောင့်တမိသည်။

သို့သော် ဤအရာများအားလုံးက သူမနှင့် မသက်ဆိုင်ပေ။ ဤနေရာတွင် သူမသည် သီးသန့်ဆရာဝန် အိမ်ဖော်တစ်ယောက်သာ ဖြစ်သည်။

ဤအိမ်သို့ မရောက်လာခင်ကတည်းက သူမ၏ အဆင့်အတန်းကို သူမ နက်ရှိုင်းစွာ နားလည်ထားပြီး ဖြစ်သည်။

သူမက ခေါင်းငုံ့လိုက်ပြီး မျက်နှာပေါ်ရှိ ဝမ်းနည်းရိပ်များကို မည်သူမျှ မမြင်အောင် ဖုံးကွယ်ထားလိုက်သည်။

"ဒေါက်တာယဲ့"

"ဒေါက်တာယဲ့"

လော်ယွမ် ခေါ်နေသံကို ယဲ့ချိုးယွီ ကြားယောင်လိုက်မိသဖြင့် တုန်ခနဲဖြစ်သွားကာ အသိပြန်ဝင်လာခဲ့သည်။

"ဒီရေတစ်ခွက်ကို ချန်ကျားယီကို တိုက်လိုက်ပါ" လော်ယွမ်က ပြောလိုက်သည်။

"ဟုတ်... ဟုတ်ကဲ့ပါ မြို့တော်ဝန်ယွမ်" ယဲ့ချိုးယွီက ရိုရိုသေသေ ပြန်ပြောလိုက်သည်။

"ငါ့ကို လော်ယွမ်လို့ပဲ ခေါ်ပါဆိုနေမှကွာ" သူမ၏ ကြောက်ရွံ့ရိုသေနေသော မျက်နှာထားကို ကြည့်ရင်း လော်ယွမ်က ပြောလိုက်သည်။

"ဟုတ်တယ်လေ မမယဲ့ရဲ… ဒီလိုတွေ လုပ်နေစရာ မလိုပါဘူး... ကျွန်မတို့တွေက လူရင်းတွေပဲဟာ" ဝမ်ရှီရှီကလည်း ဝင်ရောက် ဖျောင်းဖျသည်။

"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်" ယဲ့ချိုးယွီက ပျာပျာသလဲ တောင်းပန်ရှာသည်။

"ထားပါတော့... ထားပါတော့… ကြိုက်သလိုသာ ခေါ်ပေတော့" လော်ယွမ်က လက်လျှော့လိုက်သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

ဤအမျိုးသမီးက သူ့ရှေ့ရောက်လျှင် ကျားရှေ့ရောက်နေသော သိုးငယ်လေးတစ်ကောင်လို ဖြစ်နေတတ်သည်။

အချိန်အတော်ကြာ နေထိုင်လာပြီးသည့်တိုင် ဤပုံစံအတိုင်းသာ ရှိနေဆဲဖြစ်သည်။

ယဲ့ချိုးယွီ ရေခွက်ကိုယူကာ ထွက်ပြေးသလို ထွက်ခွာသွားသည်ကို ကြည့်ရင်း လော်ယွမ် ခေါင်းယမ်းလိုက်မိသည်။ ဘာပြောရမှန်းပင် မသိတော့ပေ။

ကျန်လူများလည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။

သူမအပေါ် လော်ယွမ်၏ အမြင်မှာ မဆိုးလှပေ။ အိမ်တွင် အလုပ်ကြိုးစားပြီး တာဝန်ကျေပွန်သူ ဖြစ်သည်။ ချန်ကျားယီကို ပြုစုစောင့်ရှောက်သည့် တာဝန်အပြင် အိမ်မှုကိစ္စများကိုလည်း မညည်းမညူ ကူညီလုပ်ကိုင်ပေးလေ့ရှိသည်။

မွေးရာပါ သတ္တိနည်းသည့် လူစားမျိုး ဖြစ်ပုံရသည်။

ထိုစဉ် လော်ယွမ်သည် ခုနက သူမ၏ စိတ်နဲ့လူနဲ့ မကပ်သည့် ပုံစံကို ပြန်မြင်ယောင်မိသွားပြီး ခဏမျှ စဉ်းစားကာ ကျန်ရှိသော သလင်းကျောက်အချို့ကို နောက်ထပ်တစ်ပုံ ထပ်ခွဲလိုက်သည်။

သာမန်လူများအဖို့ အဖိုးတန်လှသော အဆင့် ၈ စွမ်းအင်သလင်းကျောက်များကို သူ သိပ်ပြီး ဂရုမစိုက်လှပေ။ လက်ကျန် သလင်းကျောက် နှစ်တုံးလည်း ရှိနေသေးရာ နောက်တစ်ယောက် ထပ်သောက်ရုံဖြင့် ပြဿနာ မရှိပေ။

ဘေးနားရှိ သန္ဓေပြောင်းလူသားမလေးမှာ ပထမဆုံး ရေတစ်ခွက်ကို တစ်ခြားလူ ယူသွားသည်ကို ကြည့်ရင်း မျက်လုံးအပြူးသား ဖြစ်နေရှာသည်။

လော်ယွမ်၏ ဘောင်းဘီကို ဆွဲထားသော အားက ပိုပြင်းလာပြီး စိတ်မရှည်သဖြင့် "ရှူး... ရှူး..." ဟု အော်မြည်ကာ ဂနာမငြိမ် ဖြစ်လာသည်။

အကယ်၍ ဘောင်းဘီသာ အာကာသသားရဲကြီး၏ အရေပြားဖြင့် ပြုလုပ်မထားပါက သူမ ဆွဲဆောင့်မှုကြောင့် စုတ်ပြတ်သတ်သွားလောက်ပြီ ဖြစ်သည်။

သူမက စိတ်မြန်လက်မြန်ရှိပြီး သည်းခံနိုင်စွမ်း နည်းပါးသူ ဖြစ်သည်။ ဤမျှကြာအောင် စောင့်ဆိုင်းခဲ့ရခြင်းက သူမ၏ သည်းခံနိုင်စွမ်းကို ကုန်ဆုံးသွားစေပြီ ဖြစ်သည်။

"ကိုကြီးကလည်း သူ့ကို မကျီစယ်ပါနဲ့… ပေးလိုက်ပါတော့... မပေးရင် သူ သောင်းကျန်းတော့မယ်" ဝမ်ရှီရှီသည် သန္ဓေပြောင်းလူသားမလေးနှင့် ရင်းနှီးသူဖြစ်ရာ ဘေးကကြည့်ရင်း စိတ်မရှည်နိုင်ဖြစ်ကာ ဝင်ပြောလေသည်။

"တကယ့် စိတ်မြန်လက်မြန်ကောင်မလေးပဲ... အစားပုတ်လိုက်တာလည်း လွန်ရော… ဘယ်တော့များမှ ဒီအကျင့် ပြင်မလဲ မသိဘူး... ရော့... ယူတော့" လော်ယွမ်က မောမောနှင့် မျက်စောင်းထိုးရင်း ပြောလိုက်ကာ သလင်းကျောက်အပြားကို သူမထံ ပစ်ပေးလိုက်သည်။

လေထဲမှာတင် အရိပ်တစ်ခု လျင်မြန်စွာ ခုန်တက်ကာ ဖမ်းယူလိုက်ပြီး မစောင့်နိုင်တော့ဘဲ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

ထို့နောက် ထောင့်တစ်နေရာသို့ ပြေးကပ်သွားပြီး ဖြည်းဖြည်းချင်း ချေဖျက်စားသုံးလေတော့သည်။

ထို့နောက်တွင် လူတိုင်း ရေတစ်ခွက်စီ ရရှိကြပြီး တစ်ရှိန်ထိုး မော့သောက်လိုက်ကြရာ မကြာမီ ခန္ဓာကိုယ်တစ်ခုလုံး မီးစွဲလောင်သကဲ့သို့ ပူနွေးလာကြလေသည်။

ဆက်ရန်...

အပိုင်း(၄၇၄) အလုပ်အကိုင်

ယဲ့ချိုးယွီက ချန်ကျားယီကို အစာကျွေးပြီး ပါးစပ်သုတ်ပေးနေချိန်တွင် လော်ယွမ်က သူမကို လှမ်းခေါ်လိုက်သည်။

"ဒေါက်တာယဲ့… ဒီကို ခဏလာပါဦး"

ယဲ့ချိုးယွီမှာ အကြောင်းကိစ္စကို မသိသော်လည်း လော်ယွမ်ခေါ်သဖြင့် အပြေးလေး သွားလိုက်သည်။

"မြို့တော်ဝန်ယွမ်… ကျွန်မကို ခေါ်တာလား"

"ဒါက ခင်ဗျားအတွက်ပါ"

လော်ယွမ်က ကျန်ရှိနေသော စွမ်းအင်သလင်းကျောက် အပြားလေးကို ယူကာ သူမအား ကမ်းပေးလိုက်သည်။

ယဲ့ချိုးယွီသည် ကြည်လင်နေသော ထိုအပြားလေးကို ကြည့်လိုက်မိသည်နှင့် သူမ၏ မျက်နှာအမူအရာမှာ ကြောင်အမ်းသွားပြီး အသက်ရှူပင် မြန်ဆန်လာသည်။

သို့သော် သူမက ချက်ချင်းပင် ငြင်းဆန်လိုက်လေသည်။

"ဒါ… ဒါက… မြို့တော်ဝန်ယွမ်… ဒါက အရမ်း တန်ဖိုးကြီးလွန်းပါတယ်"

"အရမ်း တွေးမနေပါနဲ့… ပေးတာကိုသာ ယူထားလိုက်ပါ"

လော်ယွမ်က သူမ၏ ပခုံးကို ဖွဖွလေး ပုတ်လိုက်ရင်း "နောက်နောင် အလုပ်ကို ကြိုးစားလုပ်ကိုင်ရင် ရပါပြီ"

ထိုအထိအတွေ့သည် လော်ယွမ်နှင့် သူမ၏ ပထမဆုံးအကြိမ် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုပင် ဖြစ်သည်။

ပါးလွှာသော အဝတ်အစားများမှတစ်ဆင့် အသားအရေထဲသို့ စိမ့်ဝင်သွားသည့် ပူနွေးသော လက်ဖဝါးကြောင့် ယဲ့ချိုးယွီတစ်ကိုယ်လုံး တုန်တက်သွားပြီး မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားရာမှ ချက်ချင်းပင် နီရဲသွားတော့သည်။

ထိုအချိန်တွင် သူမ၏ စိတ်အာရုံတို့ ရှုပ်ထွေးနောက်ကျိကုန်၏။ မည်သို့ လုပ်ဆောင်ရမည်ကို သူမ ဝေခွဲမရ ဖြစ်နေသည်။

သူမသည် အရာရာကို လေးလေးနက်နက် တွေးတောတတ်သူဖြစ်ပြီး တစ်ခါတစ်ရံတွင် ရိုးရှင်းသော စကားတစ်ခွန်းကိုပင် စိတ်ထဲ၌ အကြိမ်ကြိမ် အဖန်ဖန် ခွဲခြမ်းစိတ်ဖြာ တွေးတောနေတတ်သူ ဖြစ်သည်။

"ဒါက အရိပ်အမြွက်ပြတာများလား… ငါဘယ်လိုလုပ်ရမလဲ… စကားလုံးတွေနဲ့ပဲ ငြင်းဆန်လိုက်ရမလား… ပြတ်ပြတ်သားသားပဲ လက်မခံဘဲ နေရမလား… ဒါမှမဟုတ် နားမလည်ချင်ယောင်ဆောင်ပြီး အရင်ဆုံး လက်ခံထားလိုက်ရမလား… အဲဒီလိုမှ မဟုတ်ရင် ရေလိုက်ငါးလိုက် လိုက်လျောလိုက်ရမလား"

လော်ယွမ်က သူမ၏ မျက်နှာ အရောင်အမျိုးမျိုး ပြောင်းလဲနေသည်ကို မြင်သောအခါ ရှက်နေသည်ဟု ထင်မှတ်ကာ သူမလက်ကို ဆွဲယူလိုက်ပြီး စွမ်းအင်သလင်းကျောက်ကို လက်ဖဝါးထဲသို့ အတင်းထည့်ပေးလိုက်သည်။

"ယူထားလိုက်ပါ"

ယဲ့ချိုးယွီမှာ ကြောင်ငေးလျက်သား ကျန်ရစ်ခဲ့သည်။ သူမ၏ ခန္ဓာကိုယ်မှာ သစ်တုံးတစ်တုံးကဲ့သို့ တောင့်တင်းနေပြီး တွေးတောနိုင်စွမ်းများ ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေသည်။

အတော်ကြာမှ သူမ သတိပြန်ဝင်လာသောအခါ လော်ယွမ်က ချန်ကျားယီ၏ ဘေးနားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူမက နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်ပြီး လက်ကို ဖြေလျှော့လိုက်သည်။ လက်ဖဝါးထဲမှ အလေးချိန်မရှိသလောက် ပေါ့ပါးလှသော စွမ်းအင်သလင်းကျောက် အပြားလေးသည် သူမစိတ်ထဲတွင်မူ ပေါင်ချိန်ထောင်ချီ လေးလံနေသယောင် ခံစားလိုက်ရသည်။

……

သန်းခေါင်ယံအချိန်တွင် နားခိုစရာ အိမ်ခန်းလေးထဲ၌ စူးရှသော နှိုးစက်သံတစ်ခု ရုတ်တရက် မြည်ဟီးလာသည်။

အိပ်မောကျနေသော ချွေ့ဝေ့ချွမ်းသည် မျက်လုံးများ မှိတ်ထားရင်း ခေတ္တမျှ ဇဝေဇဝါ ဖြစ်နေရာမှ ရုတ်တရက် ထိတ်လန့်သွားပြီး အိပ်ချင်စိတ်များ လုံးဝ ပျောက်ပြယ်သွားတော့သည်။

ဒီနေ့သည် သူ အလုပ်စဆင်းရမည့် ပထမဆုံးနေ့ဖြစ်သဖြင့် နောက်ကျ၍ မဖြစ်ပေ။ သူက ချက်ချင်းပင် လူးလဲထကာ နှိုးစက်ကို ပိတ်လိုက်သည်။

မူလက သူသည် ကန္တာရမြို့မှ အခြေခံ ဝန်ထမ်းတစ်ဦးဖြစ်သော်လည်း ကံဆိုးစွာဖြင့် ငလျင်ကြီး လှုပ်ခတ်ချိန်တွင် ကန္တာရမြို့တစ်ခုလုံး မြေအောက်သို့ နစ်မြုပ်သွားခဲ့ရသည်။

ထို့ကြောင့် သူသည် ဒုက္ခသည်အဖြစ် မျှော်လင့်ချက်မြို့တော်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က မျှော်လင့်ချက်မြို့တော်သည် အရပ်လေးမျက်နှာမှ ဒုက္ခသည် အမြောက်အမြားကို လက်ခံထားရပြီး ထိုအထဲတွင် သူကဲ့သို့သော ဝန်ထမ်းများလည်း မနည်းလှပေ။

ထို့ကြောင့် လူတိုင်းကို သင့်တော်သော အလုပ်နေရာများ ချထားပေးရန်မှာ မဖြစ်နိုင်ခဲ့ချေ။

ရက်အနည်းငယ် စောင့်ဆိုင်းပြီးနောက်တွင်မူ သူ့ကို မျှော်လင့်ချက်မြို့တော် အမှတ်(၁) သံမဏိစက်ရုံတွင် ထောက်ပံ့ရေးဌာန ဒုတိယဌာနမှူးအဖြစ် တာဝန်ချထားပေးခဲ့သည်။

ထိုအလုပ်အကိုင်မှာ မဆိုးလှပေ။ အတိုင်းအတာ တစ်ခုအထိဆိုလျှင် သူသည် ရာထူးတိုးသွားသည်ဟုပင် ဆိုနိုင်သည်။

ဤသည်မှာ ပြင်ပအကြောင်းအရာ တစ်စုံတစ်ရာကြောင့်ဟု သူထင်မြင်မိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် "အထက်လူကြီး" တစ်ယောက်ကို သိကျွမ်းခဲ့သောကြောင့်ပင်။

သူနှင့် သူ့သမီး မျှော်လင့်ချက်မြို့တော်သို့ အသက်ရှင်လျက် ရောက်လာနိုင်ခဲ့ခြင်းမှာလည်း ထိုပုဂ္ဂိုလ်ကြီး၏ ကယ်တင်မှုကြောင့်သာ ဖြစ်သည်။

ထိုအချက်ကို ထောက်ထား၍ သူ့ကို ရာထူးတိုးပေးခဲ့ခြင်း ဖြစ်လောက်သည်။

ထိုပုဂ္ဂိုလ်ကြီးအတွက်မူ ထိုခင်မင်ရင်းနှီးမှုမှာ ပြောပလောက်စရာ မရှိနိုင်သော်လည်း သူ့အတွက်မူ ဘဝအချိုးအကွေ့တစ်ခု ဖြစ်လာနိုင်ပေသည်။

သို့သော် ကံကောင်းခြင်းများက ကြာရှည်မခံခဲ့ပေ။ လွန်ခဲ့သော လအနည်းငယ်က ဖြစ်ပွားခဲ့သော ကမ္ဘာပျက်မတတ် ဘေးအန္တရာယ်ဆိုးကြီးကြောင့် သူလုပ်ကိုင်နေသော စက်ရုံမှာ တစ်ခဏအတွင်း ပြာကျသွားခဲ့ရသည်။

ထိုနေ့က သူသည် နေ့ဆိုင်းကျသဖြင့် စက်ရုံ၌ ရှိမနေခဲ့သောကြောင့် ကံကောင်းထောက်မစွာ အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ထိုကာလအတွင်း မျှော်လင့်ချက်မြို့တော် တစ်ခုလုံး အမှောင်ကျကာ ဖရိုဖရဲ ဖြစ်ခဲ့ရသည်။ ငိုကြွေးသံများကို ညစဉ်ညတိုင်း ကြားနေရပြီး တစ်မြို့လုံး လွမ်းသူ့ပန်းခွေ ကိုယ်စီနှင့် ဖြစ်နေကြသည်။

အချို့လူများမှာ အနာဂတ်အတွက် မျှော်လင့်ချက် ကင်းမဲ့ကာ နေရာအနှံ့ သောင်းကျန်းကြသဖြင့် လမ်းမများပေါ်တွင် သေနတ်သံများကို ရံဖန်ရံခါ ကြားနေရတတ်သည်။

ထိုနေ့ရက်များသည် သူ့အတွက် အကြောက်ရွံ့ဆုံး နေ့ရက်များပင်။ သူနှင့် သူ့သမီးလေးသည် အိမ်ခန်းကျဉ်းလေးထဲတွင် ပုကွေးနေပြီး ရက်ပေါင်းများစွာ အပြင်သို့ မထွက်ရဲခဲ့ကြပေ။

ကံကောင်းစွာပင် ထိုနေ့ရက်ဆိုးများမှာ ကြာရှည်မခံခဲ့ပါ။ အရာအားလုံး ပြန်လည် ကောင်းမွန်လာခဲ့ပြီး မြို့ပြအစီအမံများလည်း ပုံမှန် ပြန်ဖြစ်လာကာ မျှော်လင့်ချက်မြို့တော်၌ အလင်းရောင်များ ပြန်လည် ရရှိလာခဲ့သည်။ သို့သော် ထိုအချိန်မှစ၍ သူသည် အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရသည်။

အလုပ်လက်မဲ့ ဘဝသည် အတော်လေး ခက်ခဲကြမ်းတမ်းလှသည်။ သူသည် နေ့စဉ်နေ့တိုင်း အများပြည်သူ ကူညီထောက်ပံ့ရေး စားသောက်ဆောင်တွင် တန်းစီကာ ဝမ်းရေးဖြေရှင်းခဲ့ရသည်။

ငတ်မသေနိုင်ရုံသာ ရှိသော်လည်း ကောင်းမွန်စွာ စားသောက်ရန် သို့မဟုတ် ဝဝလင်လင် စားသောက်ရန်မူ မဖြစ်နိုင်တော့ပေ။

အိမ်အတွက် အသုံးအဆောင် ပစ္စည်းလေးတစ်ခု ဝယ်ချင်လျှင်ပင် အကြိမ်ကြိမ် စဉ်းစားနေရသည်။

အသစ်ပြောင်းရွှေ့လာသော ဒုက္ခသည်တစ်ယောက် ဖြစ်သည့်အတွက် သူ့တွင် စုဆောင်းငွေ များများစားစား မရှိလှပေ။ ယခုအချိန်တွင်မူ ရှိသမျှ ငွေစလေးများမှာ ကုန်ခါနီး ဖြစ်နေပြီ ဖြစ်သည်။

ဤသို့သော ဆင်းရဲချို့တဲ့သည့် ဘဝကို သူသည် သည်းခံနိုင်သော်လည်း သမီးဖြစ်သူကိုမူ သူ့ကဲ့သို့ ဆင်းရဲဒုက္ခ မခံစားစေလိုသလို ကျောင်းတွင်လည်း အခြားကျောင်းသားများ၏ နှိမ်ချဆက်ဆံခြင်းကို မခံစေလိုပေ။

သူ အလုပ်တစ်ခု ရမှ ဖြစ်မည်။

ကမ္ဘာပျက်ကပ်ဘေး ကျရောက်ပြီးနောက်ပိုင်း ပညာရေးမှာ လုံးဝ အခမဲ့ဖြစ်သွားသည်မှာ တော်သေးသည်။ သို့မဟုတ်ပါက သူသည် သမီးဖြစ်သူ၏ ကျောင်းလခကိုပင် တတ်နိုင်မည် မဟုတ်ချေ။

သူ ရေချိုးခန်းထဲသို့ ဝင်ကာ မျက်နှာသစ်၊ သွားတိုက်ပြီး တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်လိုက်သည်။ ထို့နောက် အဝတ်ဗီရိုဆီသို့ လျှောက်သွားကာ ဝတ်ဆင်၍ ရနိုင်သမျှ အဝတ်အစားအားလုံးကို ထုတ်ယူပြီး တစ်ထပ်ပြီးတစ်ထပ် ဝတ်ဆင်လိုက်သည်။

ဤအလုပ်မှာ အေးခဲနေသော မြေပေါ်ကွင်းပြင်တွင် လုပ်ရမည့်အလုပ် ဖြစ်သဖြင့် အအေးဒဏ်ကာကွယ်ရန် သေချာ ပြင်ဆင်ရမည် ဖြစ်သည်။

သူ ဝတ်နိုင်သမျှ အဝတ်အစားများ အားလုံး ဝတ်ဆင်လိုက်သောအခါ ခန္ဓာကိုယ်မှ ချွေးပူများ ထွက်လာသဖြင့် အဝတ်အစား အချို့ကို ပြန်ချွတ်ချင်စိတ် ပေါက်သွားသည်။

သို့သော် သေချာ ပြန်စဉ်းစားလိုက်ပြီး မချွတ်တော့ရန် ဆုံးဖြတ်လိုက်သည်။ ခြေလှမ်းအနည်းငယ် လျှောက်လိုက်ရုံဖြင့် မြေပေါ်နှင့် တစ်လွှာသာ ခြားတော့သည့် မြေအောက် ပထမထပ်သို့ ရောက်ရှိမည်ဖြစ်ရာ ထိုနေရာတွင် အပူချိန်မှာ အလွန်အမင်း ကျဆင်းသွားပေလိမ့်မည်။

နောက်ဆုံးတွင် သူသည် သားရေကုတ်အင်္ကျီကြီး၊ သားရေလက်အိတ်နှင့် သားရေဖိနပ်တို့ကို ထုတ်ယူလိုက်ပြီး လက်တွင် ကိုင်ကာ ဗီရိုတံခါးကို ပိတ်လိုက်သည်။

ဤ အအေးဒဏ်ကာကွယ်ရေး ပစ္စည်းသုံးမျိုးသည် အတော်ပင် လေးလံလှသည်။ အထူးသဖြင့် သားရေကုတ်အင်္ကျီကြီးမှာ အလေးချိန် ၂၂ ပေါင်ခန့် ရှိပြီး အပြင်ဘက်တွင် ဝ.၁၄ လက်မခန့် ထူထဲသော သားရေတစ်ထပ် ပါရှိကာ အတွင်းဘက်တွင်မူ မီးတောက်သဏ္ဌာန် နီရဲကာ နူးညံ့အိစက်သော အမွေးပွများဖြင့် ပြုလုပ်ထားသည်။

ဝတ်ဆင်လိုက်သည်နှင့် မည်မျှပင် အေးစက်နေပါစေ မီးဖိုတစ်ခုကို ပိုက်ထားသကဲ့သို့ နွေးထွေးသွားစေသည်။

ထိုအချိန်က ချွေ့ဝေ့ချွမ်းသည် အကန့်အသတ်ဖြင့် ရောင်းချသော ဤအအေးဒဏ်ကာကွယ်ရေး ပစ္စည်းများကို ဝယ်ယူရန်အတွက် အနှုတ် ၇ ဒီဂရီခန့် အေးစက်နေသော ပတ်ဝန်းကျင်တွင် တစ်ရက်တိတိ တန်းစီစောင့်ဆိုင်းခဲ့ရသည်။

နောက်ဆုံးတွင် အရောင်းဝန်ထမ်းလက်ထဲမှ သူနှင့် သူ့သမီးအတွက် အဝတ်အစားများကို ဝယ်ယူနိုင်ခဲ့သော်လည်း ထိုအတွက်ကြောင့် သူ့စုဆောင်းငွေ အများစုကို သုံးလိုက်ရလေသည်။

သို့သော် ရက်အနည်းငယ်မျှသာ ဝတ်ဆင်ရသေးချိန်တွင် သူ အကြီးအကျယ် နောင်တရမိတော့သည်။ မျှော်လင့်ချက်မြို့တော်၏ နေရာအနှံ့အပြားတွင် အပူပေးမီးလုံးများ တပ်ဆင်လာသည်နှင့်အမျှ အပူချိန်မှာ နွေဦးရာသီကဲ့သို့ တဖြည်းဖြည်း နွေးထွေးလာခဲ့သည်။

ထို့ကြောင့် ဤဈေးကြီးလှသော သားရေအင်္ကျီကြီးမှာ ဗီရိုထဲတွင် အလှကြည့်စရာ ပစ္စည်းတစ်ခု ဖြစ်လာခဲ့ရသည်။ ၎င်းကို မြင်လိုက်ရတိုင်း သူ့ရင်ထဲ နာကျင်ရလွန်းသဖြင့် ရင်ဘတ်ကို ဖိထားရမတတ် ဖြစ်ခဲ့ရသည်။

သို့သော် အရာရာတွင် အကျိုးနှင့်အကြောင်း ရှိစမြဲပင်။ ယခုရရှိသော အလုပ်မှာ သားရေအင်္ကျီ ကိုယ်ပိုင် ယူဆောင်လာရမည်ဟု အတိအလင်း သတ်မှတ်ထားသည်။

ယခုအချိန် ပြန်စဉ်းစားကြည့်လျှင် သူ၏ ကြိုတင်မျှော်တွေးနိုင်စွမ်းကို ချွေ့ဝေ့ချွမ်းတစ်ယောက် ကျေနပ်မိလေသည်။

ယခုအလုပ်၏ လုပ်ခလစာမှာ အလွန်များပြားပြီး သာမန်အလုပ်ထက် သုံးဆပိုများသည်။ ထို့အပြင် ယခင်က စီမံခန့်ခွဲရေး အတွေ့အကြုံ ရှိခဲ့ဖူးသဖြင့် သူ့ကို အလုပ်သမား ရာဂဏန်းခန့်ကို ဦးဆောင်ရမည့် ခေါင်းဆောင်အဖြစ် ခန့်အပ်ထားရာ လစာမှာ သာမန်အလုပ်သမားထက် နှစ်ဆပိုရမည် ဖြစ်သည်။ နောက်နောင်တွင် ယခုကဲ့သို့ ကျပ်တည်းစွာ နေထိုင်ရတော့မည် မဟုတ်ပေ။

သူ တံခါးပိတ်ပြီး အိမ်ထဲမှ ထွက်လာကာ မကြာမီပင် မြေအောက် ပထမထပ်သို့ ရောက်ရှိလာခဲ့သည်။

ဤအလွှာသည် ကပ်ဘေးကာလတုန်းက ပြိုကျခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ပြန်လည် ပြုပြင်ခဲ့သဖြင့် ဘိလပ်မြေဖြင့် ဖာထေးထားသော အရာများကို တွေ့မြင်နေရဆဲ ဖြစ်သည်။

သူရောက်သွားသောအခါ သူအစောဆုံး မဟုတ်ကြောင်း တွေ့လိုက်ရသည်။ လူပေါင်းရာချီမှာ သူ့ထက်စော၍ ရောက်ရှိနေကြပြီ ဖြစ်သည်။

ယခုအခါ ဤနေရာ၏ တစ်စိတ်တစ်ပိုင်းကို လေဟာပြင် စားသောက်ဆောင်ကြီးအဖြစ် ပြောင်းလဲထားရာ လူအများအပြား နံနက်စာ စားသောက်နေကြသည်ကို တွေ့လိုက်ရသည်။

အစားအသောက်နံ့ ရလိုက်သည်နှင့် ချွေ့ဝေ့ချွမ်း၏ ဗိုက်ထဲမှ အသံများ ဆူညံလာတော့သည်။ သူက ချက်ချင်းပင် အစားအသောက် ထုတ်ပေးသည့် ကောင်တာသို့ သွားကာ တစ်ပွဲ မှာယူလိုက်သည်။

စားဖိုမှူးနှင့် စကားစမြည် ပြောကြည့်သောအခါ ဝမ်းသာစရာ သတင်းတစ်ခု ကြားလိုက်ရသည်။ ဤနေရာ၌ အစားအသောက်ကို အကန့်အသတ်မရှိ စားသုံးနိုင်သည် ဆို၏။

ဤရက်ပိုင်းများအတွင်း ချွေ့ဝေ့ချွမ်းမှာ နေ့စဉ်နှင့်အမျှ ဝမ်းဝရုံသာ စားခဲ့ရသဖြင့် ဆင်းရဲဒုက္ခ ရောက်ခဲ့ရသည်။ ယခုတော့ ဝဝလင်လင် စားနိုင်ပြီ ဖြစ်သည်။

သူ စားသောက်နေစဉ်အတွင်း လူများ ပိုမို ရောက်ရှိလာကြသည်။ မူလက တိတ်ဆိတ်နေသော စားသောက်ဆောင်ကြီးမှာ ခဏအတွင်း လူသံသူသံများဖြင့် ဆူညံပွက်လောရိုက်သွားတော့သည်။

သူထိုင်နေသော စားပွဲဝိုင်းတွင်လည်း လူများ တဖြည်းဖြည်း ပြည့်လာသည်။

"ဟော… ဌာနမှူးချွေ့ ပါလား"

"ဟာ… ကိုဟူ… ခင်ဗျားလည်း ရောက်နေတာလား"

ချွေ့ဝေ့ချွမ်း မော့ကြည့်လိုက်ရာ သူ၏ ရုံးဌာနဟောင်းမှ လုပ်ဖော်ကိုင်ဖက် ဖြစ်နေသဖြင့် အားတက်သရော နှုတ်ဆက်လိုက်သည်။

"မလာလို့ကော ဘယ်ဖြစ်မလဲဗျာ… အခုက ဒီနေရာမှာပဲ ထမင်းတစ်လုပ် စားစရာ ရှိတော့တာကိုး"

ကိုဟူက ခါးသက်သက် ပြုံးရင်း ပြောလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများ ရှည်လျားနေသည်ကို ကြည့်ခြင်းအားဖြင့် ဒီကာလအတွင်း သူလည်း အတော်ပင် ကျပ်တည်းခဲ့ပုံ ရသည်။

"ဘယ်သူကများ မတူလို့လဲဗျာ… ဒီနေ့မှပဲ ကျွန်တော်လည်း ထမင်း ဝဝလင်လင် စားဖူးတော့တယ်"

ချွေ့ဝေ့ချွမ်းကလည်း ကိုယ်ချင်းစာစွာဖြင့် ပြောလိုက်သည်။

"ခင်ဗျား ထင်တာပြောစမ်းပါဦး… ဒီနေ့ လူဘယ်လောက်လောက် လာမယ်ထင်လဲ"

ကိုဟူက စားသောက်ဆောင်ထဲရှိ လူအုပ်ကြီးကို ကြည့်ရင်း မေးလိုက်သည်။

"တစ်သောင်း၊ နှစ်သောင်းလောက်တော့ ရှိမယ်ထင်တယ်"

"ကျွန်တော်ထင်တာတော့ အဲဒီထက်မကဘူးဗျ… အနည်းဆုံး သုံးသောင်းအထက်မှာ ရှိတယ်… ခင်ဗျားရော ကြားမိလား… ဒီမှာ မြေအောက်ရေ ခမ်းလုနီးပါး ဖြစ်နေပြီတဲ့… အဲဒါကြောင့်သာ မဟုတ်ရင် ဘာကိစ္စ ဒီလောက် ရေခဲဖုံးနေတဲ့ ကွင်းပြင်ကြီးထဲမှာ ရေခဲတုံးတွေ သွားတူးခိုင်းနေပါ့မလဲ"

ကိုဟူက လျှို့ဝှက်ချက်တစ်ခု ပြောသကဲ့သို့ လေသံကို နှိမ့်ကာ ပြောလိုက်သည်။

"အဲဒီစကားကို လျှောက်မပြောပါနဲ့ဗျာ"

ချွေ့ဝေ့ချွမ်းက အလောတကြီး တားလိုက်သည်။

"သူများ ကြားသွားပါဦးမယ်… ဒါ့အပြင် အခု မြို့တော်ဝန်ယွမ် ရှိနေတာပဲ… ဘာကြောက်စရာ လိုလို့လဲ… ဂြိုဟ်သားတွေတောင် သူ ဖြေရှင်းနိုင်တာပဲ… ရေမရှိမှာလောက်တော့ ကြောက်မနေပါနဲ့"

ကိုဟူက လည်ပင်းကို ပုလိုက်ရင်း ကြောက်ရွံ့သွားပုံ ရသည်။ ယခုအချိန်တွင် မျှော်လင့်ချက်မြို့တော်မှာ စစ်အုပ်ချုပ်ရေးအောက်တွင် ရှိနေဆဲဖြစ်ရာ လွတ်လပ်စွာ ပြောဆိုခွင့်ဟူသည် မရှိသေးပေ။

အများပြည်သူ အုံကြွအောင် လှုံ့ဆော်သည်ဟု သံသယဝင်ခံရလျှင် သို့မဟုတ် ကောလာဟလ ဖြန့်သည်ဟု အထင်ခံရလျှင် အကျိုးဆက်မှာ မတွေးဝံ့စရာပင်။

"ကြည့်စမ်း… ကျွန်တော်ကလည်း ပါးစပ်သရမ်းတဲ့ အကျင့်ကို မပြင်နိုင်သေးဘူး… စားစား… ထမင်းပဲ ဆက်စားကြရအောင်"

"ခင်ဗျားသမီးလည်း ပထမတန်း ရောက်ပြီ မဟုတ်လား"

ခဏကြာတော့ ကိုဟူက ထပ်မေးပြန်သည်။

"ဟုတ်တယ်ဗျ… တစ်ပတ်တစ်ခါ အိမ်ပြန်လာရင် ကြည့်လိုက်တိုင်း ဝဝလာတာပဲ တွေ့ရတယ်"

သမီးအကြောင်း ပြောလိုက်ရသဖြင့် ချွေ့ဝေ့ချွမ်း၏ မျက်နှာပေါ်တွင် အချစ်ပိုသော အပြုံးတစ်ခု ပေါ်လာသည်။

"ဝမှာပေါ့ဗျာ… ကျောင်းက အစားအသောက်တွေက ကျွန်တော်တို့ အများပြည်သူ ကူညီထောက်ပံ့ရေး စားသောက်ဆောင်နဲ့ ယှဉ်လို့မှ မရတာ… ဟိုမှာက အကန့်အသတ်မရှိ စားလို့ရတာကိုး"

ကိုဟူက အားကျသည့် လေသံဖြင့် ပြောလိုက်သည်။

……

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ လူများမှာလည်း တရစပ် တိုးပွားလာနေသည်။

နံနက် ၆ နာရီခွဲအချိန်သို့ ရောက်သောအခါ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်ရဲသား များနှင့် အလုပ်တာဝန်များကို ကြီးကြပ်မည့် ဝန်ထမ်းများက ပထမထပ်သို့ ဝင်ရောက်လာကြသည်။

"အမှတ်(၁) တပ်ဖွဲ့က အလုပ်သမားတွေ… ကျွန်တော့်ဆီ လာစုကြ"

"အမှတ်(၂) တပ်ဖွဲ့က အလုပ်သမားတွေ… ဒီဘက်ကို လာခဲ့"

"အမှတ်(၃) တပ်ဖွဲ့……"

……

"အမှတ်(၃၂) တပ်ဖွဲ့……"

"ကဲ… ကျွန်တော် သွားနှင့်တော့မယ်"

မိမိပါဝင်သော တပ်ဖွဲ့အမည်ကို ကြားလိုက်ရသဖြင့် ချွေ့ဝေ့ချွမ်း နှုတ်ဆက်စကားဆိုကာ ထိုနေရာသို့ အမြန်သွားလိုက်သည်။

……

"တပ်ဖွဲ့ခေါင်းဆောင်များ အားလုံး တန်းထွက်ပြီး မိမိတပ်ဖွဲ့ကို စစ်ဆေးပါ… လူစာရင်း စစ်ပါ"

……

ပြန်လည်တည်ဆောက်ရေးဇုန်မှ အလုပ်သမားများသည် အလုပ်သမားများ ဖြစ်ကြသလို အရန်တပ်ဖွဲ့ဝင်များလည်း ဖြစ်ကြသည်။

လူတိုင်းနီးပါး စစ်သင်တန်း တက်ဖူးကြသဖြင့် မိနစ်အနည်းငယ်အတွင်းမှာပင် မူလက ကသောင်းကနင်း ဖြစ်နေသော အလုပ်သမားများသည် စတုရန်းပုံ စစ်ကြောင်းများအဖြစ် တညီတညာတည်း ဖြစ်သွားကြသည်။

ထွက်ပေါက် သံမဏိတံခါးကြီးများ "ဝုန်း" ခနဲ ပွင့်သွားသည်နှင့် တစ်ပြိုင်နက် မဲမှောင်နေသော အလုပ်သမားထုကြီးသည် ညီညာသော ခြေလှမ်းများဖြင့် မြေအောက်မြို့တော်ထဲမှ အသီးသီး ထွက်ခွာလာကြသည်။

"ဟူး… အေးလိုက်တာကွာ"

ပါးစပ်မှ မှုတ်ထုတ်လိုက်သော လေငွေ့များသည် မျက်စိရှေ့တွင်ပင် ရေခဲမှုန်လေးများ ဖြစ်သွားသည်။

ချွေ့ဝေ့ချွမ်းသည် အဝတ်အစားများကို တင်းတင်းကြပ်ကြပ် စည်းနှောင်လိုက်သော်လည်း တစ်ကိုယ်လုံး တုန်ယင်နေခြင်းကို မထိန်းချုပ်နိုင်ပေ။

အပြင်ဘက် ကောင်းကင်ကြီးမှာ မင်အိုးမှောက်ကျထားသကဲ့သို့ မဲမှောင်နေပြီး ကပ်ဘေးသင့်ပြီးနောက်ပိုင်း သူ ပထမဆုံးအကြိမ် အပြင်သို့ ထွက်လာခြင်း ဖြစ်သည်။

အပြင်လောက၏ အအေးဒဏ်ကို သူ ကြိုတင်မှန်းဆထားပြီး ဖြစ်သော်လည်း ဤမျှလောက်အထိ အေးစက်နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

ထူထဲသော သားရေကုတ်အင်္ကျီကြီးကို ဝတ်ဆင်ထားသော်လည်း အရိုးခိုက်မတတ် အေးစက်မှုက အရိုးထဲထိ စိမ့်ဝင်လာနေဆဲ ဖြစ်သည်။

သူက ရင်ဘတ်ထဲတွင် ထည့်ထားသော အရက်ပြင်းပုလင်းကို စမ်းသပ်ကြည့်လိုက်သည်။ အအေးဒဏ် ခံနိုင်ရန်အတွက် မထွက်ခွာမီက အခမဲ့ ဝေငှပေးထားခြင်း ဖြစ်သည်။

မူလက သူသည် ဤအရက်ကို လိုအပ်မည် မဟုတ်ဟု ထင်ခဲ့သော်လည်း ယခုအချိန်တွင်မူ တစ်ငုံလောက် မော့သောက်လိုက်ချင်စိတ် ပေါက်လာသည်။

သို့သော် စိတ်ကူးနှင့်သာ ကျေနပ်လိုက်ရသည်။ ဒီနေ့တစ်နေ့လုံး အလုပ်လုပ်ရဦးမည်ဖြစ်ရာ ပုလင်းဝက်ခန့်သာ ရှိသော ဤအရက်ပြင်းလေးမှာ အငုံဘယ်နှခါ ခံမည်နည်း။

အမှတ် (၁၅) တပ်ဖွဲ့သည် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိလာပြီး ခြေလှမ်းတန့်လိုက်ကြသည်။

"လူတိုင်း အေးနေကြမယ်ဆိုတာ ကျွန်တော် သိပါတယ်… ဒါကြောင့် လိုရင်းတိုရှင်းပဲ ပြောပါမယ်"

တပ်ရင်းမှူးက သံပုံးအသံချဲ့စက်ကို ကိုင်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ဒီတစ်ခါ လုပ်ရမယ့် အလုပ်က အတော်လေး ပင်ပန်းဆင်းရဲပါလိမ့်မယ်… လူအများစုက အခုအချိန်မှာ နောင်တရချင် ရနေကြလိမ့်မယ်… သတင်းသဲ့သဲ့ ကြားထားတဲ့သူတွေ၊ ဒါမှမဟုတ် ရိပ်မိနေတဲ့သူတွေ ရှိကောင်းရှိနိုင်ပါတယ်… ကံဆိုးစွာနဲ့ပဲ ခင်ဗျားတို့ ထင်ထားတာတွေက အမှန်တွေ ဖြစ်နေပါတယ်"

"မျှော်လင့်ချက်မြို့တော်ရဲ့ မြေအောက်ရေဟာ ခမ်းခြောက်လုနီးပါး ဖြစ်နေပါပြီ… မျှော်လင့်ချက်မြို့တော်မှာ ရေမရှိတော့ရင် ဘာတွေဖြစ်လာမလဲဆိုတာ လူတိုင်း သိကြမယ် ထင်ပါတယ်… ဒါကြောင့် ဒီအလုပ်ဟာ ရိုးရိုးအလုပ်တစ်ခု သက်သက် မဟုတ်ပါဘူး… ခင်ဗျားတို့ ကိုယ်တိုင်အတွက်၊ မျှော်လင့်ချက်မြို့တော်ကြီး တစ်ခုလုံးအတွက် လုပ်ဆောင်ရမယ့် အလုပ် ဖြစ်ပါတယ်"

"ခင်ဗျားတို့မှာ နောက်ဆုတ်ခွင့် မရှိပါဘူး… ကဲ… ရေခဲတူးဖော်ရေး လုပ်ငန်း စတင်ပါတော့မယ်… ခေါင်းဆောင်တွေက ကိုယ့်အဖွဲ့သားတွေကို ခေါ်ပြီး ဒီမှာ ကိရိယာတွေ လာထုတ်ကြပါ"

စကားပြောနေစဉ်မှာပင် ကုန်တင်ကား နှစ်စီး ထိုနေရာသို့ ရောက်ရှိလာပြီး ကားပေါ်မှ အလုပ်သမားများက လုပ်ငန်းသုံး ကိရိယာများကို အောက်သို့ ပစ်ချပေးလိုက်ကြသည်။

ကိုဟူ၏ ခန့်မှန်းချက် မှန်ကန်နေလိမ့်မည်ဟု ချွေ့ဝေ့ချွမ်း ထင်မထားခဲ့ပေ။ သူ၏ စိတ်နှလုံးများ လေးလံသွားပြီး မိမိအဖွဲ့သားများကို ခေါ်ကာ ကိရိယာများ သွားရောက် ထုတ်ယူလိုက်သည်။

ရေခဲတူးဖော်ရေး ကိရိယာများမှာ အတော်ပင် ရိုးရှင်းလှသည်။ အဖွဲ့တစ်ဖွဲ့လျှင် ကြိုးများ ချည်နှောင်ထားသည့် ကြီးမားသော သတ္တုတိုင်ကြီး သုံးတိုင်၊ သံတူရွင်း အမြောက်အမြားနှင့် သစ်သားဖြင့် ရိုးရှင်းစွာ ပြုလုပ်ထားသော စွတ်ဖားလှည်း ငါးစီးစီ ရရှိကြသည်။

မြေတူးစက်ကဲ့သို့သော စက်ယန္တရားကြီးများမှာ တစ်စီးတစ်လေမျှပင် မပါရှိပေ။

ကုန်တင်ကားများသည် ကိရိယာများကို ပစ်ချပေးပြီးသည်နှင့် ချက်ချင်း ပြန်မောင်းထွက်သွားကြသည်။ တပ်ဖွဲ့တစ်ခုလုံးအတွက် ကုန်တင်ကား နှစ်စီးသာ ရရှိသည်။

ကားတစ်စီးစီသည် အလွန်တန်ဖိုးရှိလှပြီး ဤမျှ အေးစက်သော ရာသီဥတုတွင် အပြင်၌ ကြာကြာ ရပ်နားထား၍ မဖြစ်ပေ။

ရေခဲတုံးများကို စွတ်ဖားလှည်းဖြင့် မြေအောက် ပထမထပ်သို့ သယ်ယူပြီးမှသာ ကုန်တင်ကားပေါ်သို့ တင်ဆောင်ကာ သယ်ယူသွားမည် ဖြစ်သည်။

တူးဖော်ရေး လုပ်ငန်းများ လျင်မြန်စွာ စတင်လေတော့သည်။

ချွေ့ဝေ့ချွမ်းသည် လုပ်ငန်းတာဝန်များ ခွဲဝေပေးပြီးနောက် သူကိုယ်တိုင် ရှေ့ဆုံးမှ ဦးဆောင်ကာ လူများနှင့်အတူ သတ္တုတိုင်ကြီးကို မကာ ရေခဲပြင်ကို စတင် ထုခွဲလိုက်သည်။

သတ္တုတိုင်ကြီးသည် အချင်း ၁၂ လက်မခန့် ရှိပြီး အလေးချိန်မှာ ပေါင် ၁၈၀၀ ခန့် ရှိသည်။ သူနှင့် အခြားလေးဦး စုပေါင်း မ,ယူရသဖြင့် တစ်ဦးလျှင် အနည်းဆုံး ပေါင် ၃၅၀ ခန့် ဝန်ပိုးထမ်းထားရသည်။ အင်အားမရှိလျှင် မ,နိုင်ရန်ပင် မလွယ်ကူပေ။

ကံကောင်းသည်မှာ သူသည် လော်ယွမ်နှင့်အတူ မျှော်လင့်ချက်မြို့တော်သို့ လာရောက်စဉ် လမ်းတစ်လျှောက်၌ အဆင့်မြင့် အစားအသောက်များ စားသောက်ခဲ့ရသဖြင့် သူ၏ ခွန်အားမှာ မဆိုးလှပေ။

သို့သော် ခွန်အား မည်မျှပင် ကြီးမားပါစေ သူသည် သာမန်လူသား တစ်ဦးသာ ဖြစ်သည်။ ရေခဲတုံးများကို ထုခွဲရသည့် အလုပ်မှာ အလွန်ပင် ပင်ပန်းလှသည်။ ညီညာစေရန် အော်ဟစ်ကာ အချက်ပေး လုပ်ဆောင်ရရုံသာမက ရေခဲပြင်မှာလည်း မယုံနိုင်လောက်အောင် မာကျောလှသည်။

အကြိမ်ပေါင်း တစ်ဒါဇင်ခန့် ထုခွဲလိုက်မှသာ အက်ရာထင်ရုံမျှ ရှိသေးသည်။ အကြိမ်ပေါင်း ရာနှင့်ချီ ထုခွဲပြီးမှသာ နောက်ဆုံးတွင် ကွဲအက်သွားတော့သည်။

ထို့နောက် နေရာရွှေ့ကာ ဆက်လက် ထုခွဲရပြန်သည်။ ကွဲသွားသော ရေခဲတုံးများကိုမူ အခြားလူများက သယ်ယူကာ စွတ်ဖားလှည်းပေါ် တင်ပြီး မြေအောက် ပထမထပ်သို့ ပို့ဆောင်ရသည်။

ကောင်းသည့်အချက် တစ်ခုမှာမူ အအေးဒဏ်ကို မခံစားရတော့ခြင်းပင်။ တစ်ကိုယ်လုံးမှ ချွေးများပင် စို့လာခဲ့သည်။ နေ့လယ်ဘက် ရောက်သည်အထိ သူ၏ ရင်ဘတ်ထဲမှ အရက်ပြင်းကို တစ်ငုံမျှပင် မသောက်ဖြစ်ခဲ့ပေ။

ထိုစဉ် အဝေးတစ်နေရာမှ ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာပြီး အလုပ်သမား တစ်ယောက် ရပ်တန့်သွားသည်။

"ဘာလို့ ရပ်လိုက်တာလဲ"

ချွေ့ဝေ့ချွမ်း ခါးနာသွားသဖြင့် မကျေမနပ် လှမ်းပြောလိုက်သည်။ ဤမျှ လေးလံသော သတ္တုတိုင်ကြီးကို မထားရချိန်တွင် ရုတ်တရက် ရပ်လိုက်ပါက မတော်တဆ ထိခိုက်မှု ဖြစ်နိုင်သည်ကို မသိကြဘူးလား။

ထိုအလုပ်သမားက စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်သည်။ သူ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲတောက်ပနေသည်။

"မြို့တော်ဝန်ယွမ်… မြို့တော်ဝန်ယွမ်က ဒီဘက်ကို လှည့်လည်စစ်ဆေးဖို့ ရောက်လာတာဗျ"

ဆက်ရန်...

All Chapters