အခန်း (၄၇၅-၄၇၆)
Vol. 24 Ch. 475-476
အပိုင်း(၄၇၅) လွှမ်းမိုးမှု
"ဘာ... မြို့တော်ဝန်ယွမ် ရောက်လာတာ ဟုတ်လား"
ချွေ့ဝေချွမ်သည် မယုံနိုင်စွာဖြင့် ထပ်မေးလိုက်မိသည်။
"ဟုတ်ပါ့ဗျာ... ခင်ဗျား ဟိုဘက်ကို လှမ်းကြည့်လိုက်... လူတွေ အုတ်အော်သောင်းတင်း ကြိုဆိုနေကြတာ မမြင်ဘူးလား"
ထိုအချိန်တွင်ပင် တပ်ခွဲမှူးဖြစ်သူသည် သွပ်ပြားဖြင့်လုပ်ထားသော လက်ကိုင်အသံချဲ့စက်ကို ကိုင်ဆောင်လျက် အပြေးအလွှား ရောက်ရှိလာသည်။
သူက လုပ်သားများကို စိတ်ဓာတ်တက်ကြွစေရန် အသံကုန်ဟစ်၍ လှုံ့ဆော်တော့သည်။
"ရဲဘော်တို့... လုပ်သားမိတ်ဆွေတို့... မြို့တော်ဝန်ယွမ်က ဒီနေရာကို ကွင်းဆင်းလေ့လာဖို့ ရောက်လာနိုင်ချေ အရမ်းများနေပြီ... ဘယ်သူမှ အလုပ်မနားကြနဲ့၊ စကားမပြောကြနဲ့... ငါတို့ တပ်ခွဲ(၁၅)ရဲ့ လုပ်အားစွမ်းပကားကို မြို့တော်ဝန် မြင်သွားအောင် ပြကြရမယ်... ကဲ... အားလုံးပဲ လှုပ်ရှားလိုက်ကြစို့"
ချွေ့ဝေချွမ်တို့ အဖွဲ့ကို ဦးစီးသော တပ်ခွဲမှူးမှာ ရုပ်ရည်ခက်ထန် ကြမ်းတမ်းပြီး သန်မာထွားကျိုင်းသူ တစ်ဦးဖြစ်သော်လည်း ယခုအချိန်တွင်မူ သူ၏အသံများမှာ သိသိသာသာ တုန်ရီနေသည်။
သူ၏မျက်နှာကြီးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် သွေးဆုတ်ကာ နီရဲနေပြီး မိမိကိုယ်ကိုပင် မထိန်းချုပ်နိုင်သည့်ပုံ ပေါက်နေလေသည်။
"ဟေး... ကောင်းပြီဗျို့"
လူအုပ်ကြီးထံမှ ဟိန်းခနဲ ပြန်ထူးသံ ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ လူတိုင်းသည် စိတ်ကြွဆေးတစ်မျိုးမျိုး ထိုးသွင်းလိုက်သကဲ့သို့ ခန္ဓာကိုယ်အတွင်း၌ အဆုံးအစမဲ့ ခွန်အားများ ပြည့်ဖြိုးလာကြတော့သည်။
လုပ်ငန်းခွင်အတွင်း သံပြိုင်ဟစ်ကြွေး၍ အလုပ်လုပ်ကြသည့် အသံများသည် ကျယ်လောင်အားပါပြီး လှိုင်းလုံးများပမာ တစ်စ်စထက်တစ်စ မြင့်တက်လာသည်။
အရာရာကို လောင်ကျွမ်းစေနိုင်သော ၎င်းတို့၏ စိတ်ဓာတ်ပြင်းပြမှုကြောင့် ပြင်းထန်လှသော ရာသီဥတု၏ အအေးဒဏ်ကပင် ခေတ္တမျှ ဆုတ်ခွာသွားရသည့်နှယ် ဖြစ်လာသည်။
မီဒီယာများ၏ ထပ်တလဲလဲ ဝါဒဖြန့်မှုများအောက်တွင် သာမန်လူတစ်ယောက်ကိုပင် ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်လာအောင် ပုံဖော်နိုင်ပေသည်။
လူသားမျိုးနွယ်ကို လက်တွေ့ကယ်တင်ခဲ့သော စူပါလူသား လော်ယွမ်အတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ပေ။ အောက်ခြေလူတန်းစားများကြားတွင် လော်ယွမ်ကို ဒဏ္ဍာရီဆန်ဆန် ကိုးကွယ်ယုံကြည်မှုမှာ ပိုမိုနက်ရှိုင်းပြီး ကန်းကုန်အောင် ယုံကြည်သက်ဝင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤကဲ့သို့ ရူးသွပ်မတတ် အားပေးထောက်ခံကြသည့် လေထုအောက်တွင် မည်မျှပင် ဆင်ခြင်တုံတရား ပြည့်ဝသူဖြစ်ပါစေ၊ ဤလွှမ်းမိုးမှုမှ လွတ်ကင်းနိုင်မည် မဟုတ်ချေ။
ပို၍ အရေးကြီးသည်မှာ လော်ယွမ်ကို ကိုးကွယ်အားကျသူများမှာ သာမန်ပြည်သူများသာ မဟုတ်ဘဲ မျှော်လင့်ချက်မြို့တော်၏ နေရာအနှံ့အပြားသို့ စိမ့်ဝင်ပျံ့နှံ့နေခြင်းပင် ဖြစ်သည်။
လက်ရှိအချိန်တွင် လော်ယွမ်သည် သူ၏အစွမ်းသတ္တိများ အားလုံးကို ဆုံးရှုံးသွားခဲ့သည်ထားဦး၊ သူ၏ အာဏာစက်မှာမူ လှုပ်ခတ်သွားမည် မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က ပုန်ကန်လိုလျှင်ပင် ထိုသူ၏နောက်သို့ လိုက်ပါမည့်သူ တစ်ဦးတစ်ယောက်မျှ ရှိလာမည် မဟုတ်ချေ။
......
"ပြည်သူတွေလက်ထဲမှာရှိတဲ့ အနွေးထည်ပမာဏက အကန့်အသတ်ရှိနေတယ်... ဒါကြောင့် လက်ရှိအချိန်အထိ ကျွန်တော်တို့ စုဆောင်းရရှိထားတဲ့ လုပ်သားအရေအတွက်က သုံးသောင်းနှစ်ထောင် ပဲ ရှိပါသေးတယ်"
ယခု စီမံကိန်းကို တာဝန်ယူထားရသည့် ဒုတိယမြို့တော်ဝန် ထျန်ကျင်ဖိန်က အခြေအနေကို လော်ယွမ်ထံ သတင်းပို့ တင်ပြနေသည်။
အအေးဒဏ်ကို မမှုသကဲ့သို့ ပါးလွှာသော ဝတ်စုံကိုသာ ဝတ်ဆင်ထားသည့် လော်ယွမ်နှင့် ယှဉ်လိုက်လျှင် ထျန်ကျင်ဖိန်မှာမူ အဝတ်အစားများကို ထူပိန်းနေအောင် ဝတ်ဆင်ထားရသည်။
မူလက ပိန်လှီသော ခန္ဓာကိုယ်သည်ပင် အဝတ်အစားများကြောင့် ဖောသွပ်ကာ ဖောင်းပွနေသယောင် ထင်ရသည်။
"အအေးဒဏ်ကာကွယ်ရေး ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေကကော လည်ပတ်နေပြီလား" လော်ယွမ်က ခေါင်းညိတ်ရင်း မေးလိုက်သည်။
"မနေ့ည ၇ နာရီလောက်ကတည်းက အလုပ်သမားတွေအားလုံးကို ပြန်ခေါ်ပြီး တရားဝင် စတင်ထုတ်လုပ်နေပါပြီ ခင်ဗျာ" ထျန်ကျင်ဖိန်က ဘေးမှနေ၍ သတိထားကာ ဖြေကြားလိုက်သည်။
"ကောင်းပြီ"
ထျန်ကျင်ဖိန်မှာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူသည် အပျော်အပါး မမက်၊ ငွေရေးကြေးရေး မတပ်မက်သလို ဇိမ်ခံရသည်ကိုလည်း မနှစ်သက်သူဖြစ်သည်။
အလုပ်ကို ကြိုးစားပမ်းစား လုပ်ကိုင်တတ်သူ ဖြစ်သော်လည်း သူသည် စစ်မှန်သော 'အာဏာပါဝါ မက်မောသူ' တစ်ဦး ဖြစ်သည်။
ရုပ်ဝတ္ထုပစ္စည်းများအပေါ် လိုအင်ဆန္ဒ နည်းပါးသော်လည်း အာဏာကျင့်သုံးရခြင်းကိုမူ သူ နှစ်သက်သည်။
သူ၏ ကံကြမ္မာကို အပြည့်အဝ ဖန်တီးခြယ်လှယ်နိုင်သည့် လော်ယွမ်ကဲ့သို့ ပုဂ္ဂိုလ်မျိုး၏ အသိအမှတ်ပြုမှုကို ရရှိခြင်းသည် သူ့အတွက် အကောင်းဆုံးသော ဆုလာဘ်ပင် ဖြစ်လေသည်။
"မြို့တော်ဝန်... မနေ့ညက သားမွေးအင်္ကျီ ထုတ်လုပ်မှုစာရင်းကို ကျွန်တော် ပြန်စစ်ဆေးကြည့်ပါတယ်... ထုတ်လုပ်ပြီးစီးတဲ့ အရေအတွက်က တစ်သိန်း ကျော်တောင် ရှိနေပါပြီ... လူတော်တော်များများဆီမှာ အနွေးထည်တွေ ရှိကြပေမယ့် သူတို့မှာ ပုံမှန်အလုပ်ကိုယ်စီ ရှိနေကြတော့ အခုလို အလုပ်သမားခေါ်ယူတဲ့အထဲ မပါဝင်လာကြပါဘူး"
"ဒါကြောင့် ဘဏ္ဍာရေးဌာနကနေ ရန်ပုံငွေတစ်စိတ်တစ်ပိုင်း ထုတ်ယူပြီး အနွေးထည်ပိုင်ဆိုင်ထားတဲ့ ပြည်သူတွေဆီကနေ အဝတ်အစားတွေကို ပြန်လည်ဝယ်ယူဖို့ ကျွန်တော် အကြံပြုလိုပါတယ်... ဒါဆိုရင် မနက်ဖြန်ကျရင် အလုပ်သမား ပြတ်လပ်တဲ့ပြဿနာ ရှိတော့မှာ မဟုတ်ပါဘူး"
လော်ယွမ် ခြေလှမ်းတန့်သွားပြီး ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် သဘောတူညီစွာဖြင့်...
"အကြံကောင်းပဲ... မူရင်းဈေးအတိုင်းပဲ ပြန်ဝယ်လိုက်ပါ... ပြီးတော့ အဲဒီလူတွေကိုလည်း ပြန်ဝယ်ယူမယ့် အစီအစဉ်ထဲမှာ ထည့်သွင်းလိုက်ပြီး အခမဲ့ ငှားရမ်းအသုံးပြုတဲ့ ပုံစံမျိုး လုပ်လိုက်ပါ... ခင်ဗျား စီမံချက်တစ်ခု ရေးတင်လိုက်... ကျွန်တော် လက်မှတ်ထိုးပေးမယ်"
မျှော်လင့်ချက်မြို့တော်၏ အအေးဒဏ်ကာကွယ်ရေး အစီအမံများ တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ တစ်ချိန်က ပြည်သူများ ဈေးကြီးပေး၍ လုယက်ဝယ်ယူခဲ့ကြသော အနွေးထည်များသည် အသုံးမဝင်တော့ပေ။
သိမ်းထားလျှင်လည်း ပြည်သူများအကြား မကျေနပ်မှုများ စုပုံလာစေနိုင်သည်ဖြစ်ရာ ထျန်ကျင်ဖိန်သာ သတိမပေးခဲ့လျှင် သူ လစ်လျူရှုမိမလိုပင် ဖြစ်သွားခဲ့သည်။
အစိုးရ၏ ဘဏ္ဍာရေး အခြေအနေနှင့် ပတ်သက်၍မူ လုံးဝ ပူပန်စရာ မလိုပေ။ မျှော်လင့်ချက်မြို့တော်တွင်သာမက ယခင် ပြန်လည်ထူထောင်ရေးဇုန် ခေတ်ကတည်းက စစ်အတွင်း အကန့်အသတ်ရှိသော ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။
ဈေးကွက်အတွင်း လည်ပတ်နေသော ကုန်စည်ပမာဏမှာ သနားစရာကောင်းလောက်အောင် နည်းပါးလှသည်။ ငွေကြေး (ရိက္ခာလက်မှတ်) ၏ အခန်းကဏ္ဍမှာ များစွာ ကန့်သတ်ခံထားရပြီး ရှားပါးကုန်ပစ္စည်း အချို့ဆိုလျှင် ငွေရှိရုံဖြင့် ဝယ်ယူ၍ မရနိုင်ပေ။
ရိက္ခာလက်မှတ်များ မည်မျှပင် ရိုက်နှိပ်ထုတ်ဝေပါစေ၊ နေထိုင်စားသောက်မှု အဆင့်အတန်း အနည်းငယ် တိုးတက်လာရုံမှလွဲ၍ ပိုလျှံသောငွေများကို ပြည်သူများ သုံးစွဲစရာ နေရာမရှိချေ။
သို့သော် ဤကဲ့သို့သော ဘဏ္ဍာရေးစနစ်သည် ပုံမှန်မဟုတ်သည့် ပုံပျက်ပန်းပျက် စနစ်တစ်ခုသာ ဖြစ်သည်။ အရင်းအမြစ်အားလုံးကို စစ်ပွဲအတွက်သာ ဦးစားပေးရသည့် ကမ္ဘာပျက်ကပ် ကာလမျိုးတွင်သာ ဤစနစ်ကို ကျင့်သုံးလေ့ရှိသည်။
စစ်ပွဲဖိအားများ မရှိတော့ဘဲ ငြိမ်းချမ်းရေး ကာလသို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် ဤစနစ်သည် အထူးအခွင့်အရေး ရယူလိုသူများကို မွေးထုတ်ပေးလိမ့်မည်ဖြစ်ပြီး အာဏာပိုင်အလွှာ၏ ယိုယွင်းပျက်စီးမှုကို အရှိန်မြှင့်ပေးလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် သဘာဝကျစွာ စီးဆင်းလည်ပတ်နိုင်မည့် ဈေးကွက်စနစ်ကို ပြန်လည်အသက်သွင်းရန်မှာ သူ၏စီမံကိန်းတွင် မဖြစ်မနေ ပါဝင်သော အဆင့်တစ်ခု ဖြစ်သည်။
သို့သော် ယခုအချိန်တွင်တော့ မဟုတ်သေးပေ။ အနည်းဆုံး လူသားအားလုံး အာကာသယာဉ်ပေါ်သို့ ပြောင်းရွှေ့အခြေချပြီးမှသာ ထိုကိစ္စကို စဉ်းစားရပေမည်။
......
လော်ယွမ်သည် တက်ကြွလှုပ်ရှားနေသော ရေခဲတူးဖော်ရေး လုပ်ငန်းခွင်ကြီးနှင့် သူဖြတ်သန်းသွားရာ လမ်းတစ်လျှောက်မှ စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြသည့် အကြည့်များကို မြင်တွေ့နေရသည်။
ထိုမြင်ကွင်းများကို ကျင့်သားရနေပြီ ဖြစ်သော်လည်း ဤပတ်ဝန်းကျင်၏ လွှမ်းမိုးမှုအောက်တွင် သူပါ ယောင်ယမ်း၍ စိတ်ဓာတ်တက်ကြွလာမိသည်။
ဤနေရာတွင် အပူချိန်မှာ အနှုတ် ၉၅ ဒီဂရီ ဖာရင်ဟိုက် ခန့်အထိ ရှိနေပြီး ရာသီဥတုမှာ ဆိုးရွားကြမ်းတမ်းလှသည်။
ယခင်ခေတ် လူသားများ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့်သာ ဆိုလျှင် အဝတ်အစား မည်မျှပင် ထူထူဝတ်ထားပါစေ၊ ဤမျှ ပြင်းထန်သော အအေးဒဏ်အောက်တွင် ခန္ဓာကိုယ်အပူချိန် လျင်မြန်စွာ ဆုံးရှုံးသွားပြီး နှင်းကိုက်ကာ အသားများပုပ်သွားနိုင်သည်။ ထက်ဝက်ခန့် ကြာမြင့်အောင် နေထိုင်မိလျှင် အသက်အန္တရာယ်ပင် ထိခိုက်နိုင်သည်။
ယခုအခါ လူသားများ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် နှစ်ဆ၊ သုံးဆခန့် ပိုမိုသန်မာလာကြပြီး အအေးဒဏ်ကို ခံနိုင်ရည် ပိုရှိလာကြသည်။
သို့သော် အနည်းငယ် ပို၍ သန်မာလာခြင်းသာ ဖြစ်ပြီး သက်ရှိအဆင့်အတန်းမှာ အခြေခံအားဖြင့် ပြောင်းလဲသွားခြင်း မရှိသေးပေ။
လုပ်သားများ၏ မျက်နှာပေါ်တွင် နှင်းကိုက်ထားသည့် ဒဏ်ရာအချို့ကို တွေ့မြင်နေရသည်။
အချို့ဆိုလျှင် နှာခေါင်းထိပ်ဖျားလေးများ အေးခဲထုံကျင်နေပြီး ရေခဲချောင်းများ တွဲလောင်းကျနေသည်ကိုပင် သတိမထားမိကြတော့သည်အထိ ဖြစ်နေကြောင်း လော်ယွမ် သတိထားမိလိုက်သည်။
"ဒီနေရာက မနက် ဘယ်အချိန် စလုပ်တာလဲ" လော်ယွမ်က အချိန်ကို ကြည့်ရင်း မေးလိုက်သည်။ မနက် ၁၀ နာရီခွဲ ရှိနေပြီဖြစ်သည်။
"မနက် ၆ နာရီခွဲပါ" ထျန်ကျင်ဖိန်က ဖြေသည်။
"အချိန်က ကြာလွန်းနေပြီ... ဒီနေရာက ရာသီဥတု အရမ်းဆိုးတယ်... သာမန် လုပ်ငန်းခွင်တွေလို သတ်မှတ်လို့ မရဘူး... ကျွန်တော် အကြံတစ်ခုပေးမယ်... ၂ နာရီလုပ်ပြီးရင် နာရီဝက် နားခိုင်းလိုက်ပါ... ပြီးတော့ စားဖိုဆောင်ကနေ ၂၄ နာရီပတ်လုံး ဟင်းပူပူ၊ ဟင်းရည်ပူပူတွေ ထောက်ပံ့ပေးပြီး လုပ်သားတွေ အားပြည့်အောင် စီစဉ်ပေးပါ" လော်ယွမ်က ညွှန်ကြားလိုက်သည်။
အကြံပေးသည်ဟု ဆိုသော်လည်း ထျန်ကျင်ဖိန်က မည်သို့လုပ်၍ သာမန်အကြံဉာဏ်အဖြစ် သဘောထားရဲပါမည်နည်း။ သူက ချက်ချင်းပင် နောင်တရသည့် မျက်နှာထားဖြင့်...
"မြို့တော်ဝန်... ကျွန်တော် ပေါ့ဆသွားမိသွားတယ်... ဒီလို လစ်ဟင်းမှုမျိုး ဖြစ်သွားရတာ ကျွန်တော့်အပြစ်ပါ... မြို့တော်ဝန် သတိပေးလို့သာပေါ့... မဟုတ်ရင် အမှားကြီး မှားမိတော့မလို့... ပြန်ရောက်တာနဲ့ လုပ်ငန်းခွင် စည်းမျဉ်းသစ်တွေကို ချက်ချင်း စီစဉ်လိုက်ပါ့မယ်"
ထျန်ကျင်ဖိန်၏ ရုပ်ဆိုးဆိုး မျက်နှာကြီးမှာ ရှုံ့မဲ့နေသည်ကို ကြည့်ပြီး လော်ယွမ် စကားပင် မပြောနိုင်တော့ပေ။ မြို့တော်ဝန် ဖြစ်လာသည်မှာ ကြာပြီဖြစ်သော်လည်း ထျန်ကျင်ဖိန်၏ ရံဖန်ရံခါ ပေါ်လာတတ်သော အောက်တန်းကျကျ ဖားတတ်သည့် အကျင့်စရိုက်ကို ယခုထက်ထိ သူ နေသားမကျသေးပေ။
အလုပ်လုပ်နိုင်စွမ်း မြင့်မားပြီး တာဝန်ကျေပွန်သူသာ မဟုတ်လျှင် သူ မည်သို့လုပ်၍ ဒုတိယမြို့တော်ဝန် ဖြစ်လာသနည်းဟုပင် လော်ယွမ် သံသယဖြစ်မိသည်။
ဖြစ်နိုင်သည်မှာ လူတော်တိုင်းတွင် အားနည်းချက် ကိုယ်စီ ရှိတတ်ကြသည် ထင်ပါရဲ့။
"ဟိုဘက်ကို သွားကြည့်ရအောင်" လော်ယွမ် စကားလမ်းကြောင်း လွှဲလိုက်သည်။
......
"မြို့တော်ဝန်ယွမ်က ဒီဘက်ကို လာနေပြီကွ"
ချွေ့ဝေချွမ်သည် လော်ယွမ်၏ လှုပ်ရှားမှုများကို အမြဲမပြတ် အကဲခတ်နေခဲ့ရာ လော်ယွမ်က သူတို့ရှိရာဘက်သို့ ဦးတည်လျှောက်လှမ်းလာသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"တကယ် လာနေတာလား"
ကျောပေးထားသဖြင့် အနောက်မှ အခြေအနေကို မမြင်ရသော လုပ်ဖော်ကိုင်ဖက်က စိုးရိမ်တကြီး မေးလိုက်သည်။ သူ၏လက်ဖဝါးများတွင် ချွေးစေးများပင် ပြန်နေလေပြီ။
"ဟုတ်တယ်... ကိုက်ရာဂဏန်းလောက်ပဲ လိုတော့တယ်... ကဲ... အားလုံးပဲ အားစိုက်ပြီး အော်လိုက်ကြစို့... ဟေး... ဟော... ဟေး... ဟော..." ချွေ့ဝေချွမ်က တိုက်တွန်းလိုက်သည်။
စည်းချက်ညီညီ သံပြိုင်ဟစ်ကြွေးသံများမှာ ရုတ်ခြည်းပင် ပိုမိုကျယ်လောင်သွားသည်။
ချွေ့ဝေချွမ်မှာ ပါးစပ်က အော်ဟစ်နေသော်လည်း စိတ်ထဲတွင်မူ စိုးရိမ်ပူပန်နေမိသည်။ လော်ယွမ် သူ့ကို မြင်သောအခါ မည်သို့ တုံ့ပြန်မည်နည်း။
နှုတ်ဆက်မည်လား၊ သို့မဟုတ် လက်ဆွဲနှုတ်ဆက်မည်လား... ထိုသို့ဆိုလျှင် မိမိက မည်သို့ ပြန်လည်တုံ့ပြန်ရမည်နည်း။
ထို့ထက် ပို၍ဖြစ်နိုင်သည်မှာ သူ့ကို မေ့သွားခြင်းပင် ဖြစ်နိုင်သည်။ သူကဲ့သို့သော လူနုံလူဖျင်းလေး တစ်ယောက်ကို ဤမျှ ကြာမြင့်ချိန်အထိ မှတ်မိနေရန်မှာ မဖြစ်နိုင်လောက်ပေ။
သူ့စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် ဂယောက်ဂယက် ဖြစ်နေစဉ်မှာပင် လော်ယွမ်က သူတို့အနီးသို့ ဖြည်းညှင်းစွာ ရောက်ရှိလာသည်။
သူ့ရင်ထဲတွင် ဘိန်းဘောင်းတီးသကဲ့သို့ ရင်တဒိတ်ဒိတ် ခုန်နေသည်။ ထိုစဉ် လော်ယွမ်က သူတို့ဘက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်ရာ သူနှင့် အကြည့်ချင်း ဆုံသွားပြီး ခေါင်းကို အသာအယာ ညိတ်ပြသွားသည်ကို မြင်လိုက်ရသည်။
ကြီးမားသော ဝမ်းသာပျော်ရွှင်မှု လှိုင်းလုံးကြီးက သူ့နှလုံးသားထဲသို့ အရှိန်ပြင်းစွာ ဝင်ရောက်လာပြီး မူးယစ်သေစာ သောက်စားထားသကဲ့သို့ ခံစားလိုက်ရသည်။
မြို့တော်ဝန်ယွမ်က သူ့ကို မှတ်မိနေသေးတာပဲ... သူ့ကို ခေါင်းတောင် ညိတ်ပြသွားသေးတယ်။
လော်ယွမ်မှာ ထိုနေရာတွင် ရပ်တန့်ခြင်း မရှိဘဲ ဖြတ်သန်းသွားခြင်းသာ ဖြစ်ပြီး မကြာမီမှာပင် အဝေးသို့ ရောက်ရှိသွားသော်လည်း ချွေ့ဝေချွမ်မှာမူ စိတ်လှုပ်ရှားမှု မပြေသေးပေ။
"မင်းတို့ မြင်လိုက်ကြလား" ချွေ့ဝေချွမ်က စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။
"မြို့တော်ဝန်ယွမ်က ခုနက ငါ့ကို ခေါင်းညိတ်ပြသွားတယ်ကွ"
"မြင်တာပေါ့... ငါလည်း မြင်ပါတယ်... ဒါပေမယ့် ခေါင်းဆောင်ရာ... ခင်ဗျားက ခေါင်းဆောင် ဖြစ်နေပေမယ့် ကျွန်တော် ပြောရဦးမယ်... မြို့တော်ဝန်ယွမ်က ကျွန်တော်တို့အားလုံးကို ဝိုင်းပြီး ခေါင်းညိတ်ပြသွားတာပါ... ခင်ဗျား တစ်ယောက်တည်းကို လုပ်ပြသွားတာ မဟုတ်ပါဘူး... တစ်ယောက်တည်း မောင်ပိုင်စီးလို့ မရဘူးလေ"
ဘေးနားမှ လုပ်ဖော်ကိုင်ဖက်ကလည်း စိတ်လှုပ်ရှားနေပုံရပြီး ချွေ့ဝေချွမ်က တစ်ဦးတည်း ဂုဏ်ယူဝင့်ကြွားနေသည်ကို မကျေနပ်သဖြင့် ဝင်ပြောလေသည်။
ဤကဲ့သို့သော ဂုဏ်ယူဖွယ်ရာ ကိစ္စမျိုးသည် တစ်သက်လုံး ပြောမဆုံးနိုင်အောင် ကြွားဝါနိုင်သည့် အရာဖြစ်ရာ ခေါင်းဆောင်ဖြစ်သည့်တိုင် သူတစ်ပါး၏ အခွင့်အရေးကို လုယူခွင့် မရှိပေ။
"ဟုတ်တယ်... ဟုတ်တယ်... ခေါင်းဆောင်၊ ဒါက အများနဲ့ဆိုင်တဲ့ ဂုဏ်ယူစရာကိစ္စလေ... ကျုပ်တို့ အဖွဲ့တစ်ခုလုံးအတွက်ပဲ... မြို့တော်ဝန်ယွမ်က ဘာကိစ္စ ခင်ဗျားတစ်ယောက်တည်းကိုပဲ ခေါင်းညိတ်ပြရမှာလဲ" ဘေးပတ်ဝန်းကျင်မှ လူများကလည်း ဝိုင်းဝန်း ထောက်ခံကြသည်။
ချွေ့ဝေချွမ် ကြောင်အသွားသည်။ "ဒါပေမယ့်... မြို့တော်ဝန်ယွမ်နဲ့ ငါနဲ့က..."
သူ စကားပင် မဆုံးသေး၊ မလှမ်းမကမ်းမှ တပ်ခွဲမှူး၏ သွပ်ပြားအသံချဲ့စက်သံ ထွက်ပေါ်လာပြန်သည်။
"ခုနက မြို့တော်ဝန်ယွမ်ရဲ့ သဘောထားကို မင်းတို့အားလုံး မြင်လိုက်ကြတယ် မဟုတ်လား... သူက ငါတို့ရဲ့ လုပ်ဆောင်ချက်တွေကို အရမ်းကျေနပ်သွားတယ်... ဒါဟာ ငါတို့ တပ်ခွဲကြီးတစ်ခုလုံးရဲ့ ဂုဏ်ယူစရာပဲ... အားလုံးပဲ ဒီထက်ပိုပြီး ကြိုးစားကြမယ်... ရှေ့ဆက်ချီတက်ကြမယ်..."
ချွေ့ဝေချွမ် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး စိတ်ထဲတွင် ဗလာဟင်းလင်း ဖြစ်သွားတော့သည်။
......
မမျှော်လင့်ဘဲ မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့လိုက်ရပါလားဟု လော်ယွမ် တွေးလိုက်မိသည်။
သူ့မှတ်ဉာဏ်မှာ အလွန်ကောင်းမွန်သဖြင့် တစ်ချိန်က ခရီးအတူသွားဖူးသည့် ချွေ့ဝေချွမ်ကို သေချာပေါက် မှတ်မိနေသည်။
အကယ်၍ ယခင်အချိန်ကသာ ဆိုလျှင် သူသည် ဝင်ရောက်နှုတ်ဆက်ပြီး နေထိုင်မကောင်း မေးမြန်းမိမည် ဖြစ်သည်။
သို့သော် ယခုကဲ့သို့ အာဏာရှိသည့် နေရာသို့ ရောက်ရှိလာချိန်တွင် သူသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းကို ကိုယ်စားပြုခြင်း မဟုတ်တော့ပေ။
သူ၏ အပြုအမူမှန်သမျှကို မှန်ဘီလူးဖြင့် ကြည့်သကဲ့သို့ လူတိုင်းက အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကာ အကြိမ်ကြိမ် သုံးသပ်ဝေဖန်ကြမည် ဖြစ်သည်။
အကန့်အသတ်မဲ့ အာဏာရှိပြီး မည်သူကမျှ မထိန်းချုပ်နိုင်သော လော်ယွမ်အတွက်ဆိုလျှင်မူ ဆိုဖွယ်ရာ မရှိတော့ပေ။
သူ့ဘက်က မည်သည့် သဘောထားမှ မပြလျှင်ပင် အောက်ခြေအရာရှိများက အဓိပ္ပာယ်အမျိုးမျိုး ကောက်ယူကာ ပုံကြီးချဲ့ တွေးတောကြလိမ့်မည်။ ၎င်းမှာ လော်ယွမ် အတတ်နိုင်ဆုံး ရှောင်ရှားလိုသော အရာပင် ဖြစ်သည်။
......
ရေခဲတူးဖော်ရေး လုပ်ငန်းခွင်ကို ကွင်းဆင်းစစ်ဆေးပြီးနောက် သူ ချက်ချင်းပင် ထွက်ခွာလာခဲ့သည်။ ထို့နောက် ခြေကုန်သုတ်၍ မျှော်လင့်ချက်မြို့တော်ရှိ မျိုးရိုးဗီဇဓာတ်ခွဲခန်းသို့ ဆက်လက်ထွက်ခွာလာခဲ့သည်။
အကြောင်းမှာ ယနေ့နံနက်ကပင် ဓာတ်ခွဲခန်းမှ သတင်းပို့လာရာ၌ အပင်သန္ဓေပွား နည်းပညာမှာ အောင်မြင်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသောကြောင့် ဖြစ်သည်။
သုတေသန ပညာရှင် အများစုမှာ အာကာသယာဉ်ပေါ်သို့ ပြောင်းရွှေ့သွားကြပြီ ဖြစ်သဖြင့် မျှော်လင့်ချက်မြို့တော်၏ သုတေသန လုပ်ငန်းများမှာ ရပ်တန့်လုနီးပါး ဖြစ်နေခဲ့သည်။
သန္ဓေပွားနည်းပညာကို အဓိကထား လုပ်ဆောင်နေသော ဤဓာတ်ခွဲခန်းတစ်ခုသာလျှင် တစ်မူထူးခြားစွာ ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။
"ခင်ဗျားတို့ရဲ့ အောင်မြင်မှုတွေကို လိုက်ပြပါဦး"
"ဟုတ်ကဲ့ပါ မြို့တော်ဝန်"
သုတေသနစခန်းမှူးက လျင်မြန်စွာ ဖြေကြားလိုက်သည်။ မြို့တော်ဝန် လာရောက်စစ်ဆေးမည်ကို ဓာတ်ခွဲခန်းက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ မကြာမီမှာပင် သန္ဓေသားလောင်းများ သိမ်းဆည်းထားရာ အခန်းသို့ လော်ယွမ်ကို ခေါ်ဆောင်သွားလေသည်။
အပင်သန္ဓေသားလောင်းများကို ဖန်ပေါင်းချောင်များထဲတွင် တစ်ခုချင်းစီ ထည့်သွင်းထားသည်။ ကလာပ်စည်း ကွဲပွားမှု အစောပိုင်းအဆင့်သာ ရှိသေးသဖြင့် သန္ဓေသားလောင်းများမှာ သေးငယ်လွန်းလှရာ ဖန်ပေါင်းချောင် တစ်ခုတည်းနှင့်ပင် လုံလောက်နေသည်။
လော်ယွမ်က ဖန်ပေါင်းချောင်တစ်ခုကို ယူ၍ သေချာကြည့်ရှုလိုက်ရာ စခန်းမှူးက ဘေးမှနေ၍ ရှင်းပြသည်။
"ဒါကတော့ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ အပင်မျိုးစိတ် (၅၀) ရဲ့ ပုံတူပွားမျိုးစေ့တွေပါ... တစ်ချို့က လက်ရှိ စားသုံးနေတဲ့ အပင်တွေဖြစ်ပြီး တစ်ချို့ကတော့ ဘေးအန္တရာယ် မကျရောက်ခင်က စုဆောင်းထားခဲ့တဲ့ နမူနာမျိုးစိတ်တွေ ဖြစ်ပါတယ်... အခုဆိုရင် အများစုက ၁ လက်မအောက် အတော်ငယ်သေးတဲ့ အရွယ်အစားအထိ ကြီးထွားလာကြပါပြီ... ခန့်မှန်းချေ နောက်ထပ် နှစ်ရက်၊ သုံးရက်လောက်ဆိုရင် ဒီပုံတူပွားမျိုးစေ့တွေက အပင်ပေါက်လာကြမှာပါ... တကယ်လို့ ဟင်းသီးဟင်းရွက်တွေ ဆိုရင်တော့ ခြောက်ရက်ကနေ ဆယ်ရက်အတွင်း စားသုံးနိုင်တဲ့အဆင့်ထိ ရောက်ရှိမှာ ဖြစ်ပါတယ်"
"ဒါဆိုရင် စိုက်ပျိုးရေးဇုန်က ဟင်းသီးဟင်းရွက်တွေ ကြီးထွားတာထက်တောင် ပိုမြန်နေတာပေါ့" အပင်သန္ဓေပွားခြင်းနှင့် ပတ်သက်၍ သိပ်နားမလည်သော လော်ယွမ်က သံသယဖြင့် မေးလိုက်သည်။
"အမှန်ပါပဲ ခင်ဗျာ... အပင်သန္ဓေပွား နည်းပညာရဲ့ ထူးခြားချက်က ကြီးထွားနှုန်းမြန်ပြီး မျိုးပွားနှုန်း ကောင်းမွန်တာပါပဲ"
ယခင်တစ်ခေါက် မြို့တော်ဝန်ရှေ့တွင် အထင်ကြီးစရာ မလုပ်ပြနိုင်ခဲ့သည်ကို ပြန်လည်အဖတ်ဆယ်လိုသည့်အလား ဤတစ်ကြိမ်တွင်မူ စခန်းမှူး၏ ပြင်ဆင်မှုမှာ အတော်ပင် ပြည့်စုံလှသည်။ သူက ဆက်လက်၍...
"ပိုပြီး မြန်မြန်ဆန်ဆန် ကြီးထွားလာနိုင်ဖို့အတွက် ကျွန်တော်တို့ ဓာတ်ခွဲခန်းက စွမ်းဆောင်ရည်မြင့် အပင်အာဟာရရည်ကိုလည်း သုတေသန ပြုလုပ်နေပါတယ်... အခုဆိုရင် အတော်လေး ခရီးရောက်နေပါပြီ... ရှေးရိုးစွဲ တွက်ချက်မှုတွေအရဆိုရင်တောင် ကြီးထွားနှုန်းက ၅၀ ရာခိုင်နှုန်းလောက် ပိုမြန်လာပါလိမ့်မယ်"
"ကောင်းတယ်... သိပ်ကောင်းတယ်" လော်ယွမ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
မြို့တော်ဝန်၏ ရှားရှားပါးပါး ချီးကျူးစကားကြောင့် စခန်းမှူးမှာ စိတ်လှုပ်ရှားသွားပြီး မျက်နှာပေါ်ရှိ အရေးအကြောင်းများပင် ကခုန်နေသယောင် ထင်ရသည်။
"ကျွန်တော်တို့ ဓာတ်ခွဲခန်းအနေနဲ့ ဒီထက်ပိုပြီး ကြိုးစားသွားပါ့မယ်..."
သူ့ကို ဆက်လက်၍ ကတိကဝတ်များ မပြုလုပ်စေရန် လော်ယွမ်က တားမြစ်လိုက်သည်။
"ကျွန်တော်က လေလုံးထွားတာတွေကို မကြိုက်ဘူး... လက်တွေ့လုပ်ပြတာကိုပဲ မြင်ချင်တာ... ခင်ဗျားတို့ ကောင်းကောင်း လုပ်နိုင်သရွေ့ ကျွန်တော် အကုန်လုံးကို အသိအမှတ် ပြုပေးမှာပါ"
"ဟုတ်ကဲ့ပါ မြို့တော်ဝန်"
လော်ယွမ်သည် ယနေ့နံနက်က သူ၏ အိပ်ခန်းထဲမှ ယူဆောင်လာခဲ့သော 'ဉာဏ်ပညာ နှလုံးသား' ၏ နမူနာပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြီး လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ခင်ဗျားတို့ ဓာတ်ခွဲခန်းရဲ့ အပင်သန္ဓေပွား နည်းပညာက ရင့်ကျက်ခိုင်မာနေပြီဆိုတော့ ဒီသုတေသန လုပ်ငန်းစဉ်ကိုလည်း စတင်လို့ရပြီ"
"ဒါက အထူးခြားဆုံး အပင်တစ်မျိုးပဲ... လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို မလွဲမသွေ ပြောင်းလဲပစ်နိုင်မယ့် အရာပေါ့... ခင်ဗျားတို့ကို ဒီအပင်ကို ပုံတူပွားစေချင်တယ်... လေ့လာစေချင်တယ်... ပြီးတော့ ဒီသုတေသနကို ခင်ဗျားတို့ ဓာတ်ခွဲခန်းတစ်ခုတည်း လုပ်နေတာ မဟုတ်ဘူး... တခြား ဓာတ်ခွဲခန်းတွေမှာလည်း လုပ်နေကြတယ်... သူတို့ဆီမှာ စက်ပစ္စည်း ကိရိယာတွေက ပိုပြီး ခေတ်မီသလို လူအင်အားလည်း ပိုများတယ်... ခင်ဗျားတို့အနေနဲ့ တခြားဓာတ်ခွဲခန်းတွေရဲ့ နောက်ကောက်ကျမသွားဖို့ မျှော်လင့်တယ်"
စခန်းမှူးမှာ ကြားလိုက်ရသည့် စကားကြောင့် စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ ကြီးမားသော ဖိအားကို ခံစားလိုက်ရသလို တစ်ပြိုင်နက်တည်းမှာပင် သိချင်စိတ်လည်း ပြင်းပြလာသည်။
သူသည်လည်း ထိပ်တန်း သုတေသန ပညာရှင်တစ်ဦး ဖြစ်ရာ သိပ္ပံပညာရှင်တို့၏ သဘာဝအတိုင်း ပြင်းထန်သော သိလိုစိတ် ရှိနေဆဲဖြစ်သည်။
လူသားမျိုးနွယ်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်ဟု မြို့တော်ဝန်ကိုယ်တိုင်က ထုတ်ဖော်ပြောကြားလာသည့် အပင်ဆိုသည်မှာ မည်သည့်အပင်မျိုး ဖြစ်မည်နည်းဟု အံ့သြနေမိသည်။
"မြို့... မြို့တော်ဝန်... ဒါက ဘာအပင်များလဲ ခင်ဗျာ" သူက သတ္တိမွေး၍ မေးလိုက်သည်။
"ဉာဏ်ပညာသစ်ပင်"
ဆက်ရန်...
အပိုင်း(၄၇၆) မေမေ
လော်ယွမ် မြို့တော်ခန်းမသို့ ပြန်ရောက်သည့်အချိန်တွင် ဧည့်ခန်းမဆောင်၌ ချန်ရှင်းကျယ်နှင့် ပက်ပင်းတိုးလေသည်။
သူမက စာရွက်စာတမ်းများကို ကိုင်ဆောင်ကာ လျှောက်လှမ်းလာသည်။ ကြမ်းတမ်းသည့် အလုပ်သမားဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ သွယ်လျလှပသော ကိုယ်ခန္ဓာကောက်ကြောင်းကြောင့် ထိုဝတ်စုံသည်ပင် သူမအပေါ်၌ ဖက်ရှင်ကျနေသယောင် ထင်မှတ်ရသည်။
လော်ယွမ်၏ စူးရှတောက်ပသော အကြည့်များကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာထားက ပျက်ယွင်းသွားသည်။ သူမအနေဖြင့် ရှောင်တိမ်းသွားလိုသော်လည်း အချိန်မမီတော့ပေ။
ထို့ကြောင့် မတတ်သာသည့်အဆုံး ခေါင်းမာမာဖြင့်ပင် မမြင်ချင်ယောင်ဆောင်ကာ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။
သူတို့နှစ်ဦး ပခုံးချင်းယှဉ်၍ ဖြတ်ကျော်သွားမိသည်နှင့် သင်းပျံ့သော ရနံ့တစ်မျိုး ကျန်ရစ်ခဲ့ရာ လော်ယွမ်၏ ခြေလှမ်းများပင် အနည်းငယ် တုန့်ဆိုင်းသွားရသည်။
ထို့နောက် တိုးညင်းပြီး ဩဇာပါသော အသံတစ်သံက ချန်ရှင်းကျယ်၏ နားထဲသို့ ဝင်ရောက်လာသည်။
"ခဏနေကျရင် ငါ့ရုံးခန်းကို လာခဲ့"
ချန်ရှင်းကျယ်မှာ ကြောင်အသွားပြီး နှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်။ စိတ်ထဲတွင်လည်း ရှက်ရွံ့ခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောပြွမ်းသွားလေသည်။
သူ ဘာကို ဆိုလိုချင်တာလဲ။
မြို့တော်ခန်းမထဲတွင် သူမက ရာထူးသေးနုပ်သော ဝန်ထမ်းငယ်လေးတစ်ဦးသာ ဖြစ်သည်။ လော်ယွမ့် ရုံးခန်းသို့ ဝင်ထွက်သွားလာခွင့် သူမတွင် မရှိပေ။
သူမ၏ ဌာနအကြီးအကဲဖြစ်သူပင် လော်ယွမ့်ရုံးခန်းသို့ ဝင်ထွက်ခွင့်ရရန် မလွယ်ကူပေ။ ထို့အပြင် ဤနေရာတွင် လူအများ၏ မျက်လုံးများကလည်း ဝိုင်းနေကြသည်။
သူမကဲ့သို့ လှပသော အမျိုးသမီးတစ်ယောက်က လော်ယွမ်၏ ရုံးခန်းထဲသို့ ဝင်သွားပါက မည်သို့မျှ ရှင်းပြ၍ ရတော့မည် မဟုတ်ချေ။
......
လော်ယွမ်သည် ရုံးခန်းသို့ ပြန်ရောက်သည်နှင့် ထိုင်ခုံပေါ်တွင် မှီထိုင်လိုက်ပြီး ယနေ့အတွက် စာရွက်စာတမ်းများကို လှန်လှောကြည့်ရှုလိုက်သည်။
မကြာမီ အတွင်းရေးမှူး ဝင်လာပြီး လက်ဖက်ရည် ဖျော်ပေးသည်။ သူက ရေနွေးပူသည်ကိုပင် ဂရုမစိုက်ဘဲ တစ်ငုံသောက်လိုက်ပြီး အတွင်းရေးမှူး ချန်ကွမ်ဟွေးကို ပြောလိုက်သည်။
"ခဏနေကျရင် အဖွဲ့အစည်းပိုင်းဆိုင်ရာဌာနက ချန်ရှင်းကျယ် ရောက်လာလိမ့်မယ်... သူ့ကို တန်းဝင်လာခိုင်းလိုက်ပါ"
လော်ယွမ်၏ ရုတ်တရက် အမိန့်ပေးမှုကို ကြားသော်လည်း ချန်ကွမ်ဟွေး၏ မျက်နှာထားက ပြောင်းလဲသွားခြင်း မရှိပေ။ "ကောင်းပါပြီ မြို့တော်ဝန်... တခြား ဘာများ မှာကြားစရာ ရှိပါသေးလဲခင်ဗျာ"
"မရှိတော့ဘူး... လုပ်စရာရှိတာ သွားလုပ်တော့"
"ဟုတ်ကဲ့ပါ မြို့တော်ဝန်... ကိစ္စရှိရင် ခေါ်လိုက်ပါခင်ဗျာ" ချန်ကွမ်ဟွေးက ရေနွေးအိုးကို ချထားပေးခဲ့ပြီး ရုံးခန်းထဲမှ မထွက်ခွာမီ တံခါးကို ဖွဖွလေး ပိတ်ပေးသွားသည်။
လော်ယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စာရွက်စာတမ်းများကို ဆက်လက် စစ်ဆေးနေလိုက်သည်။
သူရောက်ရှိနေသော အနေအထားနှင့်ဆိုလျှင် လူအများ၏ အမြင်နှင့် အတွေးများကို ဂရုစိုက်နေရန် မလိုတော့ပေ။ အရင်ကတည်းကပင် သူ့နာမည်က သိပ်မကောင်းလှချေ။
အဆင့်မြင့်ခေါင်းဆောင်ပိုင်းများကြားတွင် သူ့ကို နှာဘူးတစ်ယောက်ဟု လူသိများကြသည်။
အိမ်မှာရှိနေသော မိန်းမအများအပြားကပင် သူဘယ်လိုမှ ဆေးကြော၍ မစင်နိုင်သော အမည်းစက်များ ဖြစ်နေသည်။
သူသည် ဘယ်သောအခါမျှ အပြစ်ကင်းစင်ပြီး မွန်မြတ်သော ခေါင်းဆောင်တစ်ယောက် ဖြစ်လာမည် မဟုတ်ပေ။
သို့သော် လူတိုင်းက ထိုအချက်ကို သိနေကြလျှင်တောင်မှ မမြင်ချင်ယောင် ဆောင်နေကြလိမ့်မည်။ မည်သူကများ သူ့အကြောင်း မကောင်းပြောရဲမည်နည်း။
သူ အသက်ရှင်နေသရွေ့ ဝါဒဖြန့်ချိရေး လမ်းကြောင်းများတွင် သူသည် ဘုရားသခင်နီးပါး ပြီးပြည့်စုံသူ တစ်ဦးသာ ဖြစ်နေပေလိမ့်မည်။
နိုင်ငံရေးအမြင်အရ ကြည့်လျှင် အဓိကကျသော အပိုင်းများတွင် အမှားအယွင်း မရှိသရွေ့ ဤကဲ့သို့သော ကိုယ်ကျင့်တရား ကိစ္စအသေးအမွှားလေးများကို ထည့်တွက်နေစရာ မလိုပေ။
လော်ယွမ် ဆယ်မိနစ်ကျော်ကြာ စောင့်ဆိုင်းနေခဲ့သည်။ စာရွက်စာတမ်း ကိစ္စများ ပြီးသွားပြီဖြစ်သလို လက်ဖက်ရည်ပင် အကြိမ်ကြိမ် ငှဲ့သောက်ပြီးသည်အထိ ချန်ရှင်းကျယ် ဝင်မလာသေးပေ။
သူ့မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ့အာဏာစက်ကြောင့် အစိုးရခေါင်းဆောင်ပိုင်းများ ကြောက်ရွံ့တုန်လှုပ်နေကြပြီး အမိန့်ဟူသမျှကို မြေဝယ်မကျ နာခံကြသော်လည်း အမျိုးသမီးများနှင့် ပတ်သက်လာလျှင်မူ အရာမဝင်ပုံ ရသည်။
သူ အချိန်ကို ကြည့်လိုက်ပြီး ထမင်းစားရန် ထလိုက်ချိန်တွင် ချန်ရှင်းကျယ် ရောက်ရှိလာကြောင်း အာရုံခံမိလိုက်သည်။
သူမသည် ခေါင်းငိုက်စိုက်ချကာ သူခိုးတစ်ယောက်ကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ် လျှောက်လှမ်းလာသည်။ တံခါးဝသို့ ရောက်သောအခါ ခေတ္တမျှ တုန့်ဆိုင်းနေပြီး အတော်ကြာမှ အံကိုကြိတ်ကာ ရုံးခန်းတံခါးကို တွန်းဖွင့်ဝင်လာလေသည်။
"မြို့တော်ဝန်ယွမ်... ကျွန်မကို ခေါ်တာ ဘာကိစ္စရှိလို့ပါလဲ" သူမက ခေါင်းကို တစ်ဖက်သို့ လှည့်ထားပြီး ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် မေးလိုက်သည်။
"ဘာလို့ ဒီလောက် နောက်ကျနေတာလဲ... ငါ မင်းကို စောင့်နေတာ ကြာပြီ" လော်ယွမ်က မကျေမနပ် ပြောလိုက်သည်။
"ကျွန်မမှာ အလုပ်တွေ အများကြီး ရှိတယ်" ချန်ရှင်းကျယ်က လော်ယွမ်ကို ကြည့်ပင်မကြည့်ရဲဘဲ ခေါင်းမာမာဖြင့် ပြန်ပြောသည်။
"ငါ့ကို ကြည့်ပြီးပြောစမ်း... အရင်တုန်းက ငါ့ကို မြှူဆွယ်တုန်းက သတ္တိတွေ ဘယ်ရောက်သွားပြီလဲ" လော်ယွမ်က နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။
"ဒါက အဖွဲ့အစည်းက ပေးတဲ့ တာဝန်မို့လို့ပါ" ချန်ရှင်းကျယ်က နှုတ်ခမ်းကို ကိုက်လျက် ပြောလိုက်သည်။ သူမ၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲလာသည်။
တည်ဆောက်ထားသော ဟန်ဆောင်မှုများ ပြိုလဲကျသွားပြီး ပြင်းထန်သော ဝမ်းနည်းပက်လက် ခံစားမှုကြီးက ရင်ထဲသို့ တိုးဝင်လာသည်။
သူမသည် ယောက်ျားတကာနှင့် ရှုပ်ပွေတတ်သော မိန်းမမဟုတ်သလို အရှက်မရှိသော သူလည်း မဟုတ်ပေ။ ထိုစဉ်က နိုင်ငံရေးတာဝန်အရ နိုင်ငံအကျိုးစီးပွားသည် အရာအားလုံးထက် အရေးကြီးသောကြောင့် ငြင်းဆန်ခွင့် မရှိခဲ့ခြင်းသာ ဖြစ်သည်။
နိုင်ငံအကျိုးစီးပွားနှင့် ကိုယ်ရေးကိုယ်တာ ခံစားချက်နှစ်ခုကြားတွင် သူမက နိုင်ငံအကျိုးကို ရွေးချယ်ခဲ့သည်။
ဒါက ဘာများမှားလို့လဲ။ အရာအားလုံးက ပြီးခဲ့ပြီကို သူက ဘာကြောင့် အတိတ်ဟောင်းတွေကို ပြန်တူးဖော်နေရတာလဲ။
ထိုအချိန်တွင် လော်ယွမ် မတ်တတ်ရပ်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ "ဘယ်အဖွဲ့အစည်းက ပေးတဲ့ တာဝန်လဲ... ဓားတရားအဖွဲ့ ဝန်ကြီးလား... ဒါမှမဟုတ် ဆင့်ကဲပြောင်းလဲသူတွေကို ပစ်မှတ်ထားတဲ့ ထောက်လှမ်းရေးအဖွဲ့လား... ဒါမှမဟုတ် အထက်ကော်မတီလား"
"အဲဒါတွေ အကုန်လုံး မရှိတော့ပါဘူး... အခုချိန်မှာ ဒါတွေပြောနေလို့ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ" ချန်ရှင်းကျယ် ထိတ်လန့်သွားသည်။ လော်ယွမ်က အပြစ်ရှာလိုသည်ဟု ထင်မှတ်ပြီး စိုးရိမ်တကြီးဖြင့် လော်ယွမ်ကို ကြည့်ကာ အသနားခံသည့် မျက်နှာထား ဖြစ်သွားသည်။
ချန်ရှင်းကျယ်၏ အဆင့်အတန်းမှာ ရိုးရှင်းလှသည် မဟုတ်ပေ။ သူမသည် အထူးထောက်လှမ်းရေးအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ရာထူးမငယ်လှချေ။
ထိုအဖွဲ့အစည်းမှာ ကပ်ဘေးကာလ ရောက်လာပြီးနောက် ပျက်စီးသွားခဲ့ပြီ ဖြစ်သော်လည်း မျှော်လင့်ချက်မြို့တော်တွင် အဖွဲ့ဝင်အချို့ ကျန်ရှိနေဆဲဖြစ်ကာ အစိုးရဌာနများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည်။ အကယ်၍ လော်ယွမ်သာ အပြစ်ရှာလိုက်ပါက လူအများအပြား ထိခိုက်နစ်နာသွားနိုင်သည်။
ပို၍ ဆိုးရွားသည်မှာ လော်ယွမ်တွင် ထိုသို့လုပ်ဆောင်နိုင်သော အာဏာရှိနေခြင်း ဖြစ်သည်။ ယခုအချိန်တွင် သူသည် အာဏာအလုံးစုံကို ချုပ်ကိုင်ထားပြီး သူ၏ စကားတစ်ခွန်းဖြင့် လူတစ်ယောက်ကို သေစေနိုင်သလို ရှင်စေနိုင်သည်။
"အရင်အဖွဲ့အစည်းတွေ မရှိတော့ဘူးဆိုရင် အခု မင်းက ဘယ်အဖွဲ့အစည်းအောက်မှာ ရှိနေတာလဲ" လော်ယွမ်က ချန်ရှင်းကျယ်အနားသို့ ဖြည်းညှင်းစွာ တိုးကပ်သွားပြီး နားနားကပ်၍ တိုးတိုးလေး မေးလိုက်သည်။
"အ... အခုလား" လော်ယွမ်၏ အငွေ့အသက်များကြောင့် ချန်ရှင်းကျယ်၏ မျက်နှာထားက ပျက်ယွင်းလာသည်။ "မျှော်လင့်ချက်မြို့တော် အဖွဲ့အစည်းပိုင်းဆိုင်ရာ ဌာနလက်အောက်မှာပါ"
"ဒါဆို အဖွဲ့အစည်းပိုင်းဆိုင်ရာဌာနက ဘယ်သူ့အမိန့်ကို နာခံရတာလဲ" လော်ယွမ်က ကိုယ်ကို ပိုမိုတိုးကပ်လိုက်ပြီး လေးနက်သောလေသံဖြင့် မေးလိုက်သည်။
"ကော်... ကော်မတီပါ" လော်ယွမ်၏ အဆင့်ဆင့် မေးခွန်းထုတ်မှုကြောင့် ချန်ရှင်းကျယ် စိတ်ရှုပ်ထွေးသွားပြီး ရည်ရွယ်ချက်ကို မသိသဖြင့် အထစ်ထစ်အငေါ့ငေါ့ ဖြေလိုက်သည်။
"ဒါဆို ကော်မတီမှာ ဘယ်သူက အကြီးဆုံးလဲ" လော်ယွမ်က နောက်ထပ်တစ်လှမ်း တိုးလိုက်ရာ သူမ၏ ကျောပြင်နှင့် ကပ်သွားပြီး လက်တစ်ဖက်က သူမ၏ ခါးအောက်ပိုင်း ကိုယ်ခန္ဓာအကွေးအကောက်အတိုင်း လျှောဆင်းသွားလေသည်။
ဤအချိန်တွင် အရူးမဟုတ်လျှင်ပင် လော်ယွမ်၏ ဉာဏ်ဆင်မှုကို ရိပ်မိလိုက်ပြီ ဖြစ်သည်။ သူမက ရှက်ရွံ့ဒေါသထွက်စွာဖြင့် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး နှုတ်ဆိတ်နေလိုက်သည်။
"မပြောချင်လည်း ကိစ္စမရှိပါဘူး... မင်း သိထားရမှာက မင်း ငါ့အမိန့်ကို နာခံရမယ် ဆိုတာပဲ" လော်ယွမ်က လက်ကို ရုတ်လိုက်ပြီး သူမပခုံးကို ပုတ်ကာ လေးနက်စွာ ပြောလိုက်သည်။ "ဒီည အခန်းတံခါးဖွင့်ထားလိုက်... ဒါကလည်း အဖွဲ့အစည်းက ပေးတဲ့ တာဝန်ပဲ"
လော်ယွမ်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ဤမျှ အရှက်မဲ့သော စကားကို ပြောထွက်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။ သတိဝင်လာသည်နှင့် ဒေါသထွက်စွာဖြင့် လော်ယွမ်၏ ခြေထောက်ကို စောင့်နင်းလိုက်သည်။
သို့သော် လော်ယွမ်၏ ခြေထောက်မှာ သံတုံးကဲ့သို့ မာကျောနေသဖြင့် သူမ၏ ခြေထောက်ပင် ပြန်နာသွားရသည်။ လူသားတစ်ယောက်နှင့် မတူအောင် ခန့်ညားလွန်းသော လော်ယွမ်၏ မျက်နှာကို ကြည့်ပြီး မျက်နှာကို ကုတ်ဖဲ့ပစ်ချင်စိတ် ပေါက်သွားသည်။
"အရှက်မရှိလိုက်တာ... လုံးဝ မဖြစ်နိုင်ဘူး" သူမက လော်ယွမ်ကို မျက်စောင်းထိုးပြီး ပြောလိုက်သည်။
ရုံးခန်းထဲတွင် ကြာကြာနေမိလျှင် ကောလဟာလများ ထွက်လာမည် စိုးသဖြင့် တံခါးကို ဖွင့်ကာ အလျင်အမြန် ထွက်ပြေးသွားလေတော့သည်။
......
တပ်မက်မှုအာသီသများ လျော့ပါးသွားသောအခါ လော်ယွမ် သတိပြန်ဝင်လာပြီး ခြောက်ကပ်ကပ် ရယ်မောလိုက်မိသည်။
ဤခန္ဓာကိုယ်၏ ဆန္ဒအာသီသများမှာ ပြင်းပြလွန်းလှသည်။ အထူးသဖြင့် မကြာသေးမီကမှ အပျော်အပါး ပြန်စလိုက်မိသဖြင့် ထိန်းချုပ်ထားခဲ့သော စိတ်ဆန္ဒများမှာ ကျိုးပေါက်သွားသော တာတမံကဲ့သို့ တားဆီးမရ ဖြစ်နေသည်။
နောက်ဆုံးအချိန်တွင် မြို့တော်ဝန်ရုံးခန်းထဲ၌ မဖြစ်သင့်ဟု သတိဝင်လာ၍သာ တော်တော့သည်။
"ဒါနဲ့ ဒီည ငါ တကယ်သွားသင့်လား" လော်ယွမ် စဉ်းစားလိုက်သည်။
သူ ဆုံးဖြတ်ချက် မချရသေးမီမှာပင် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် မတ်တတ်ထရပ်လိုက်မိသည်။
"ဟေ..." လော်ယွမ်က ဘယ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ အမြင်အာရုံသည် နံရံများကို ဖောက်ထွင်းကျော်လွန်သွားပြီး မိုင် ၆၀ ခန့် အကွာအဝေးဆီသို့ ရောက်ရှိသွားသည်။
......
"လမ်းလျှောက်လာတာ နှစ်ရက်နီးပါး ရှိနေပြီ... နောက်ဆုံးတော့ မျှော်လင့်ချက်မြို့တော်ကို ရောက်တော့မယ်... နောက်ထပ် နာရီပိုင်းလောက် လျှောက်လိုက်ရင် အိမ်ရောက်ပြီ" လင်းဖေးယန်က စမတ်လက်ပတ်မှ မြေပုံကို ကြည့်ပြီး ကလေးမလေးကို ပြုံးပြလိုက်သည်။ "ပျော်လား"
လမ်းတစ်လျှောက်လုံး တက်ကြွနေတတ်သော ကလေးမလေးမှာ ယခုတစ်ကြိမ်တွင်မူ ချက်ချင်း ပြန်မဖြေဘဲ ငေးငိုင်နေသည်။
လင်းဖေးယန် အကြိမ်ကြိမ် ခေါ်လိုက်မှ သတိပြန်ဝင်လာသည်။
"ဘာဖြစ်လို့လဲ" ဝူချင်းယုက ထူးဆန်းသွားပြီး ကလေးမလေးရှေ့တွင် ထိုင်ချကာ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
လမ်းတစ်လျှောက်လုံး သနားစရာကောင်းပြီး လိမ္မာသော ကလေးမလေးကြောင့် သူမ၏ မိခင်စိတ်များ နှိုးကြားလာခဲ့ပြီး သံယောဇဉ် တွယ်မိနေပြီ ဖြစ်သည်။
ကလေးမလေး ငြိမ်နေသည်ကို တွေ့သောအခါ စိတ်ပူသွားပြီး "နောင်ရေးအတွက် စိတ်ပူနေတာလား... သမီး သဘောကျရင် အန်တီ့သမီး အရင်းလို နေလို့ရတယ်နော်"
ကလေးမလေးက စိတ်မပါသလိုဖြင့် ခေါင်းခါပြလိုက်သည်။
"မရဘူးလေ... သူက ငါ့သမီး လုပ်မှာ... ငါက ခေါင်းဆောင်လေ... ငါနဲ့ လာမလုနဲ့" ဝူချင်းယုက ကလေးမလေးကို သမီးမွေးစားချင်နေသည်ကို တွေ့သောအခါ လင်းဖေးယန်က ခေါင်းဆောင်အာဏာကို အသုံးပြုပြီး ဝင်ပြောလေသည်။
သို့သော် လော်ယွမ်က ဓားတရားအဖွဲ့ကို ဖျက်သိမ်းပြီး တိုက်ရိုက်ကွပ်ကဲလိုက်ကတည်းက သူမ၏ အာဏာစက်မှာ သိပ်မထိရောက်တော့ပေ။
"ဘာလို့ မရရမှာလဲ... နင့်ခန္ဓာကိုယ်တောင် မကြီးသေးတာ ငါ မသိဘူးမှတ်နေလား... နင်က ကလေးကို ပြုစုတတ်လို့လား"
"ငါ ပြောနေတာ ကြာပြီ... ငါ အရွယ်ရောက်ပြီးသားပါဆို... ငါ့အသက်ကို လာလာမပြောနဲ့"
......
သူတို့နှစ်ယောက် ငြင်းခုံနေစဉ် ကလေးမလေးက ရုတ်တရက် ထပြောလိုက်သည်။ "အန်တီတို့... သမီး ဖေဖေ ရှိတဲ့နေရာကို အာရုံခံမိသလိုပဲ"
ထူးဆန်းသော စကားကို ကြားလိုက်ရသဖြင့် နှစ်ယောက်သား ငြင်းခုံနေသည်ကို ရပ်တန့်လိုက်ကြပြီး အံ့သြစွာ ကြည့်လိုက်မိသည်။ ဝူချင်းယုက "သမီးမှာ ဖေဖေ ရှိသေးတာလား" ဟု မေးလိုက်သည်။
ယခင်က ကလေးမလေး ပြောပြချက်အရ သူမတွင် မိဘမရှိဘဲ ဓာတ်ခွဲခန်းထဲတွင် ကြီးပြင်းလာရသူဟု သိထားသောကြောင့် အံ့သြသွားကြခြင်း ဖြစ်သည်။
ကလေးမလေးက သူတို့နှစ်ယောက်ကို ထူးဆန်းသလို ကြည့်လိုက်သည်။ "ဖေဖေ မရှိဘဲ သမီးက ဘယ်လိုလုပ် မွေးလာမှာလဲ"
သူမတို့ကို အရူးတွေလို ကြည့်နေသော ကလေးမလေး၏ အကြည့်ကြောင့် လင်းဖေးယန် မျက်နှာပူသွားသည်။
ကလေးမလေးက အထက်တန်းအဆင့် ပညာတတ်မြောက်ထားသော်လည်း သူမတို့မှာ အလယ်တန်းပင် မအောင်ခဲ့ကြပေ။
လင်းဖေးယန်က နေရခက်စွာဖြင့် "ကလေးမွေးတယ်ဆိုတာ မေမေက မွေးတာ မဟုတ်ဘူးလား" ဟု တိုးတိုးလေး မေးလိုက်သည်။
"အမေ ဆိုတာ ဘာလဲဟင်" ဒီတစ်ခါတော့ ကလေးမလေး ပြန်လည် ကြောင်အသွားသည်။
သူတို့၏ ကလေးဆန်သော စကားဝိုင်းကြောင့် ဝူချင်းယု နဖူးကို စမ်းလိုက်မိသည်။ ကလေးမလေး၏ ထူးကဲသော စွမ်းရည်များကြောင့် သူမ အသက်ငယ်သေးသည်ကို မေ့နေတတ်ကြသည်။
လက်တွေ့တွင် သူမက တစ်နှစ်ပင် မပြည့်သေးပေ။ ပညာသင်ပေးသော ဆရာများကလည်း ဤမျှငယ်ရွယ်သူကို ဇီဝဗေဒ သဘောတရားများ သင်ပေးခဲ့ပုံမရပေ။ ထို့ကြောင့် အခြေခံဗဟုသုတများ လစ်ဟင်းနေခြင်း ဖြစ်သည်။
ဝူချင်းယုက ကလေးနားလည်အောင် ရှင်းပြလိုက်သည်။ "မေမေ ဆိုတာ အန်တီတို့လို အမျိုးသမီးတွေကို ပြောတာလေ... ဖေဖေနဲ့ မေမေနဲ့ အတူတူ အိပ်ရာဝင်ပြီး ၁၀ လ လောက်ကြာရင် မေမေက ကလေးလေး မွေးပေးတယ်လေ"
"အတူတူအိပ်ရင် ကလေးမွေးတာလား... သမီးကရော အဲဒီလို မွေးလာတာလား... ဒါပေမဲ့ သမီး မေမေကို တစ်ခါမှ မမြင်ဖူးဘူး" ကလေးမလေးက နားမလည်စွာ ပြောလိုက်သည်။
"နောက်ဆိုရင် အန်တီက သမီးရဲ့ မေမေ လုပ်ပေးမယ်လေ" ဝူချင်းယုက ကလေးမလေးကို ဖက်လိုက်ပြီး ချစ်စနိုး ပြောလိုက်သည်။
"ငါရောပဲ... ငါလည်း မေမေပဲ... သမီးမှာ မေမေ နှစ်ယောက် ရှိသွားပြီပေါ့" လင်းဖေးယန်က အလုအယက် ဝင်ပြောလေသည်။ အစွမ်းထက်ပြီး လိမ္မာသော ကလေးမလေးကို မည်သူက မချစ်ဘဲ နေမည်နည်း။ အသက်တစ်နှစ်မပြည့်မီ ဤမျှ အစွမ်းထက်နေလျှင် ကြီးလာပါက လော်ယွမ်ပင် သူ့ကို လေးလေးစားစား ဆက်ဆံရပေလိမ့်မည်။
နှစ်ယောက်သား နောက်ထပ် မငြင်းခုံကြတော့ဘဲ အပေးအယူ မျှသွားကြသည်။
"ကဲ... မေမေ လို့ ခေါ်ကြည့်ပါဦး" ဝူချင်းယုက ပြောလိုက်သည်။
"မေ... မေမေ" ကလေးမလေးက ကြောင်တောင်တောင်ဖြင့် ခေါ်လိုက်သည်။
"ငါ့ကိုလည်း ခေါ်ဦးလေ... မြန်မြန်ခေါ်" လင်းဖေးယန်က မခံချင်စိတ်ဖြင့် ပြောသည်။
"မေမေ"
ဒီတစ်ကြိမ်တွင် ပိုပြီး သွက်လက်သွားသည်။
"ထပ်ခေါ်ပါဦး"
"မေမေ... မေမေ... မေမေ" ကလေးမလေးက မငြင်းဆန်ဘဲ လိမ္မာစွာဖြင့် ဆက်တိုက် ခေါ်လိုက်သည်။
ထိုအချိန်တွင် ကလေးမလေး ပြောခဲ့သော သူမ၏ ဖေဖေကို အာရုံခံမိသည် ဆိုသည့်အချက်ကို အမျိုးသမီးနှစ်ယောက်လုံး မေ့လျော့သွားကြလေသည်။
ဆက်ရန်...