← Chapters

အခန်း (၄၇၉-၄၈၀)

Vol. 24 Ch. 479-480

အခန်း (၄၇၉-၄၈၀)

Vol. 24 Ch. 479-480

အပိုင်း (၄၇၉) ကယ်ဆယ်ခြင်း

လော်ယွမ်က မြေအောက်သို့ နက်ရှိုင်းစွာ တိုးဝင်သွားသည်။ အနက်ပေ ၅၀၀၀ ခန့်သို့ ရောက်ရှိသွားသောအခါ သူရှာဖွေနေသော အာရုံခံစားမှုသည် ဘေးစောင်း အောက်ဘက်နားလေးတွင် ရှိနေကြောင်း ခံစားလိုက်ရသည်။

အကွာအဝေးအားဖြင့် ပေ ၇၀၊ ၈၀ ခန့် ရှိနိုင်သလို၊ ခြေတစ်လှမ်းစာမျှသာ ကွာဝေးသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

စိတ်စွမ်းအားဖြင့် အာရုံခံရခြင်းဖြစ်၍ တိကျသော တည်နေရာကို မသိနိုင်ဘဲ လော်ယွမ်အနေဖြင့် ဝေဝါးသော ခန့်မှန်းချက်သာ ပြုလုပ်နိုင်လေသည်။

သူက ချက်ချင်းပင် ရပ်တန့်လိုက်ပြီး ဟင်းလင်းပြင်စက်ဝန်းကို ဖြေလျှော့လိုက်ရာ မြေအောက်တွင် အချင်း ၁၀ ပေ၊ ၁၂ ပေခန့်ရှိသော တွင်းပေါက်တစ်ခု ချက်ချင်း ပေါ်လာလေသည်။

မြေအောက် အလွှာလိုက် ခြားနားမှုများနှင့် မြေကမ္ဘာ၏ အပူရှိန်ကြောင့် နာကလီးယား ဆောင်းရာသီ၏ အအေးဓာတ်သည် ဤနေရာသို့ သက်ရောက်မှု မရှိပေ။

ဤနေရာရှိ အပူချိန်သည် ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ခန့် ရှိသဖြင့် ကပ်ဘေးမတိုင်ခင်က အပူချိန်နှင့် သိပ်မကွာလှချေ။

ထိုအချက်သည်ပင်လျှင် ပုံတူလူသားများ ဤနေရာ၌ အချိန်ကြာမြင့်စွာ နေထိုင်နိုင်ခဲ့ခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပေလိမ့်မည်။

လော်ယွမ်က ဦးတည်ဘက်ကို သေချာစွာ အာရုံခံပြီးနောက် ချက်ချင်းပင် စတင်တူးဖော်တော့သည်။

ဤနေရာရှိ မြေသားများမှာ အနည်ကျ ကျောက်လွှာများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ စာအုပ်စာရွက်များကဲ့သို့ အလွှာလိုက် ဖြစ်နေသော ကျောက်သားများမှာ အတော်အတန် ပွယောင်းပြီး ကြွပ်ဆတ်သည်။

လော်ယွမ်၏ ဧရာမခွန်အားအောက်တွင်မူ အင်အားစိုက်ထုတ်ရန်ပင် မလိုဘဲ အလွယ်တကူ ကွဲအက်သွားကြသည်။ တူးဖော်လိုက်သော ကျောက်စကျောက်နများကြားတွင် ခရုခွံများနှင့် ရေမှော်ပင်များ၏ ရုပ်ကြွင်းများကို ရံဖန်ရံခါ တွေ့မြင်ရလေသည်။

ယခင်က တာကလာမာကန် သဲကန္တာရဟု ခေါ်တွင်ခဲ့ပြီး ယခု ပြန်လည်တည်ဆောက်ရေးဇုန် တည်ရှိရာ ဤဒေသသည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက သမုဒ္ဒရာပြင်ကြီး ဖြစ်ခဲ့ကြောင်း သိသာထင်ရှားလှပေသည်။

ပေအနည်းငယ်မျှ တူးပြီးသည်နှင့် အနီးနားရှိ ကျောက်သားများသည် လူတစ်ယောက်ယောက်၏ လက်ချက်ဖြင့် အမှုန့်ကြေမွနေပြီး အလွန်သိပ်သည်း ကျစ်လျစ်နေသည်ကို လော်ယွမ် သတိထားမိလိုက်သည်။

ဤအခြေအနေကြောင့် သူ့စိတ်ထဲတွင် ဝမ်းသာသွားရသည်။ ပုံတူလူသားများ ရှိနေမည့်နေရာနှင့် မဝေးတော့ကြောင်း ပြသနေခြင်း ဖြစ်သည်မဟုတ်ပါလော။

သူက လက်သံကို မြှင့်လိုက်ပြီး နောက်ထပ် ပေ ၃၀ မပြည့်တပြည့်ခန့် ဆက်တူးလိုက်ရာ ဝုန်းခနဲ အသံနှင့်အတူ ဖုန်မှုန့်များ ထောင်းခနဲ ထွက်လာလေသည်။

စိတ်ရှုပ်စရာ ဖုန်မှုန့်များအပြင် အလောင်းကောင် ပုပ်သိုးနံ့ကဲ့သို့သော အနံ့ဆိုးတစ်ခုလည်း ရလိုက်သည်။ သူတစ်ခုခုကို တွေးမိလိုက်သဖြင့် စိတ်ထဲတွင် လေးလံသွားရသည်။

ထို့နောက် ခန္ဓာကိုယ်ကို ကိုင်းညွတ်၍ ချက်ချင်းပင် တိုးဝင်သွားလိုက်သည်။ ၎င်းသည် ကျဉ်းမြောင်းပြီး ကျပ်တည်းသော ဂူပေါက်လေးတစ်ခုဖြစ်ကာ အမြင့်မှာ ၄ ပေခန့်သာ ရှိလေသည်။

ထို့ကြောင့်ပင် သူသည် ခန္ဓာကိုယ်ကို ဒူးထောက်ရုံမက ဝပ်တွား၍ ဝင်မှသာ အနိုင်နိုင် ဝင်ဆံ့လေသည်။

ဤအခြေအနေက လော်ယွမ်အတွက် အံ့သြစရာတော့ မဟုတ်ပေ။ ဤနေရာသည် မြေအောက်နက်ရှိုင်းသော နေရာဖြစ်သည့်အပြင် ပတ်ပတ်လည်တွင်လည်း ပိတ်လှောင်နေသည်။

တူးဖော်လိုက်သော ကျောက်သားများကို အပြင်သို့ သယ်ထုတ်ရန် နည်းလမ်းမရှိသဖြင့် သာမန်တူးဖော်ရေး နည်းလမ်းများဖြင့် အလုပ်မဖြစ်နိုင်ပေ။

နေရာလွတ်တစ်ခုရရန်အတွက် ပတ်ဝန်းကျင်ရှိ ကျောက်သားများကို ဖိသိပ်ပစ်ခြင်းမှတစ်ပါး အခြားနည်းလမ်း မရှိချေ။ ထို့ကြောင့် လက်မဝက်ခန့် နေရာလွတ် ရရန်အတွက်ပင် ကြီးမားသော လုပ်အား၊ အချိန်နှင့် ခွန်အားများစွာ စိုက်ထုတ်ရပေလိမ့်မည်။

ဂူပေါက်လေးသည် ကျဉ်းမြောင်း ရှည်လျားပြီး အနည်းငယ် ကွေ့ကောက်နေသည်။ လူတစ်ကိုယ်စာသာ ဝင်ဆံ့ပြီး စုစုပေါင်း ဧရိယာမှာ ၂၅ စတုရန်းပေခန့်သာ ရှိသည်။

သို့သော် ထိုအရာများက လော်ယွမ် စိတ်ဝင်စားသော အရာများ မဟုတ်ပေ။ သူ့မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းက သူ့စိတ်ကို တုန်လှုပ်ချောက်ချားစေပြီး လေးလံထိုင်းမှိုင်းသွားစေသည်။

သူ့ရှေ့တွင် ပုံတူလူသားလေးများ ကန့်လန့်ဖြတ်တစ်မျိုး၊ ထောင်လိုက်တစ်ဖုံဖြင့် မြေကြီးပေါ်တွင် လဲလျောင်းနေကြသည်ကို တွေ့လိုက်ရသည်။ စုစုပေါင်း ၁၃ ဦးအထိ ရှိပြီး အငယ်ဆုံးကလေးမှာ တစ်နှစ်၊ နှစ်နှစ်သား အရွယ်ခန့်သာ ရှိကာ အကြီးဆုံးကလေးမှာ လေးနှစ်၊ ငါးနှစ်သားအရွယ်ခန့် ရှိသည်။

ထိုအထဲမှ ၈ ဦးမှာ သူ့စိတ်အာရုံနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီဖြစ်ပြီး အားလုံးမှာ အသက်အရွယ် ငယ်ရွယ်သူလေးများ ဖြစ်ကြသည်။

လော်ယွမ်သည် လူသားသဘာဝ၏ အမှောင်ဘက်ခြမ်းကို တွေးတောမိခဲ့သည့်အတွက် မိမိကိုယ်ကို အနည်းငယ် ရှက်ရွံ့သွားမိသည်။

သူတို့၏ ရုပ်အလောင်းများမှာ အကောင်းပကတိနီးပါး ရှိနေသေးပြီး အရေပြားများ အနည်းငယ် ပုပ်သိုးစပြုလာကာ အနံ့ဆိုး ပျော့ပျော့လေး ထွက်နေခြင်းသာ ရှိသည်။

သေဆုံးသွားသော ကလေးငယ်များသည် "အေးခဲပေါင်းစပ်ခြင်း ခန္ဓာကိုယ်" ကို ပိုင်ဆိုင်ထားခြင်း မရှိသည်မှာ ထင်ရှားသည်။ လေမရှိ၊ အစာမရှိသော ပတ်ဝန်းကျင်တွင် သူတို့သည် ကြာရှည် အသက်မရှင်နိုင်ပေ။ ဤနေရာတွင် နေ့ဝက်ခန့် တောင့်ခံပြီးသည်နှင့် သေဆုံးသွားကြခြင်း ဖြစ်ပေလိမ့်မည်။

လော်ယွမ် အနည်းငယ် နားမလည်နိုင် ဖြစ်ရသည်မှာ ရှင်သန်နိုင်စွမ်း အားနည်းသော ဤကလေးများသည် မည်သို့မည်ပုံ ဤနေရာထိ အတူတူ ထွက်ပြေး လွတ်မြောက်လာကြသနည်း ဟူသောအချက် ဖြစ်သည်။ သို့သော် ဤမေးခွန်းအတွက် အဖြေရှာရန် ယခုအချိန်တွင် မလိုသေးပေ။

သူက အသက်ငွေ့ ကျန်ရှိနေသေးသော အခြားပုံတူလူသားလေးများကို ကြည့်လိုက်သည်။ အသက်ရှင် ကျန်ရစ်သူများ၏ အခြေအနေမှာလည်း သိပ်မကောင်းလှပေ။

တစ်ဦးချင်းစီတိုင်းသည် အရိုးပေါ်အရေတင် ပိန်လှီနေကြပြီး အရိုးစုလေးများသဖွယ် ဖြစ်နေကြသည်။ သူတို့သည် တစ်နေရာတည်းတွင် စုပြုံကာ လဲလျောင်းနေကြပြီး အိပ်မောကျနေသည့် အခြေအနေသို့ ရောက်ရှိနေပုံရသည်။

အသက်ရှူခြင်း လုံးဝ ရပ်တန့်နေပြီး နှလုံးခုန်သံကိုပင် အာရုံခံ၍ မရတော့ပေ။ လော်ယွမ်၏ စိတ်စွမ်းအားဖြင့် အာရုံခံနိုင်ခြင်း မရှိပါက သူတို့အားလုံး သေဆုံးကုန်ပြီဟု ထင်မှတ်မိပေလိမ့်မည်။

ကပ်ဘေးကြီး ဖြစ်ပွားပြီးနောက် သုံးလေးလခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဤမျှကြာမြင့်သော အချိန်ကာလအတွင်း ရေမရှိ၊ အစာမရှိဘဲ နေခဲ့ရသဖြင့် သူတို့၏ ခန္ဓာကိုယ်များသည် ပြိုလဲပျက်စီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အမှန်တကယ်တော့ အစာရေစာ ပြတ်လပ်ခြင်းက ဒုတိယအချက်သာ ဖြစ်သည်။ အဓိက အကျဆုံးမှာ ရေဓာတ်ပြတ်လပ်ခြင်း ဖြစ်သည်။ ရေဓာတ်မရှိပါက အေးခဲပေါင်းစပ်ခြင်း ဖြစ်စဉ် လည်ပတ်နိုင်မည် မဟုတ်ပေ။

ဤဂူအတွင်းတွင် ရေတစ်စက်မျှ မရှိသည့်အပြင် ပတ်ဝန်းကျင်ရှိ ကျောက်သားနံရံများကို အလွန်အမင်း ဖိသိပ်ထားသဖြင့် သိပ်သည်းဆမြင့်သော ရေစုပ်လွှာတစ်ခု ဖြစ်ပေါ်နေပြီး လေထုတစ်ခုလုံးကို ခြောက်သွေ့နေစေသည်။

လော်ယွမ်က ပုံတူလူသားလေး တစ်ဦး၏ ခန္ဓာကိုယ်ကို စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်ရာ အခြေအနေမှာ အတော်လေး ဆိုးရွားနေသည်။

ဆဲလ်များ အားလုံး ခြောက်ကပ်နေပြီး ဆဲလ်ရည်ကြည်များတွင် ပါဝင်သော ရေဓာတ် အများအပြား ဆုံးရှုံးနေပြီဖြစ်သည်။ မိုင်တိုကွန်ဒရီးယား အတွင်းရှိ ပေါင်းစပ်ခြင်း ဓာတ်ပြုမှုမှာလည်း ရှိတချက် မရှိတချက် ဖြစ်နေသည်။

ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ ခဲလုနီးပါး ဖြစ်နေပြီး သွေးနီဥ မြောက်မြားစွာမှာ ပူးကပ်လျက် အများစုမှာ သေဆုံးနေကြပြီ ဖြစ်သည်။

ကျန်ရှိနေသော ရေဓာတ်နှင့် အာဟာရဓာတ်များကို အခြားဆဲလ်များက စုပ်ယူသုံးစွဲနေကြသည်။ တစ်နည်းအားဖြင့် ဆိုရသော် သူ့ခန္ဓာကိုယ်သည် မိမိကိုယ်ကို ပြန်လည် စားသုံးသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အချိန်အနည်းငယ် ဆက်၍ ကြန့်ကြာနေပါက ကိုယ်တွင်းကလီစာများပါ ပျက်စီးသွားနိုင်ပြီး သေမင်းလက်တွင်းသို့ သက်ဆင်းရပေတော့မည်။

"တော်သေးတာပေါ့... အချိန်မီပါသေးတယ်"

လော်ယွမ်၏ စိတ်ထဲတွင် လေးလံမှုနှင့်အတူ ဝမ်းသာမှုတို့ ရောထွေးသွားရသည်။ သူက အချိန်ဆွဲမနေတော့ဘဲ လေဟာနယ် ကွေးညွတ်ပျံသန်းခြင်းကို အသုံးပြု၍ အသက်ရှင် ကျန်ရစ်သူများကို မြေပြင်ပေါ်သို့ အမြန်ဆုံး ခေါ်ထုတ်လိုက်သည်။

သေဆုံးသွားသော အလောင်းများကိုမူ မည်သူမှ မနှောင့်ယှက်နိုင်သော ဤဂူအတွင်း၌ပင် ထားရစ်ခဲ့လိုက်သည်။ အနက်ပေ ၅၀၀၀ ရှိသော ဤမြေအောက်ကမ္ဘာထက် ပိုမိုကောင်းမွန်သော သင်္ချိုင်းဂူဟူ၍ ရှိမည်မဟုတ်ပေ။

အပြင်ဘက်တွင် မိုးသီးများ ရွာသွန်းနေဆဲ ဖြစ်သည်။ ပုံတူလူသားလေးများ၏ ခန္ဓာကိုယ်မှာ အလွန်အားနည်းနေပြီး ပြင်ပကမ္ဘာ၏ အအေးဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်း လော်ယွမ် တွေးမိသဖြင့် တစ်ခဏမျှပင် ရပ်တန့်မနေတော့ဘဲ မျှော်လင့်ချက်မြို့တော်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့လိုက်သည်။

...

လော်ယွမ်၏ နေအိမ်။

လူတစ်စုသည် ခြောက်ကပ်နေသော အလောင်းကောင်များသဖွယ် ဖြစ်နေသည့် ကလေးငယ် ငါးဦးကို ဝိုင်းကြည့်နေကြသည်။

သူတို့စိတ်ထဲတွင် သိချင်စိတ်များ ဖြစ်ပေါ်နေသလို ကြက်သီးထဖွယ်ရာလည်း ခံစားနေကြရသည်။

"မြို့တော်ဝန်ယွမ်... ဒီကလေးတွေက အစာငတ်တဲ့ဒဏ်ကို အကြာကြီး ခံစားခဲ့ရလို့ သတိမေ့မြောနေကြပြီ... ခန္ဓာကိုယ် အစိတ်အပိုင်းတွေလည်း အလုပ်မလုပ်တော့ဘူး... အာဟာရရည် သွင်းပြီး ဖြည်းဖြည်းချင်း ပြန်လည် ကုသယူမှပဲ ရမယ်... ဒါပေမဲ့... မျှော်လင့်ချက်က သိပ်မရှိတော့ဘူး" ယဲ့ချိုးယွီက နားကြပ်ကို ချွတ်လိုက်ပြီး မျက်နှာဖြူဖြူဖြင့် လော်ယွမ်ကို ပြောလိုက်သည်။

ဤကလေးများ၏ အခြေအနေမှာ သူမ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ အသက်မရှူသလို နှလုံးခုန်သံလည်း မရှိပေ။

ခန္ဓာကိုယ်ကလည်း ရေခဲတုံးလို အေးစက်နေပြီး တောင့်တင်း ခိုင်မာနေသည်။ သူတို့ အသက်ရှင်နေသေးသည်ဟု လော်ယွမ်က အတင်းပြောမနေပါက သူမကို အလောင်းကောင်များဖြင့် နောက်ပြောင်နေသည်ဟု ဆိုကာ အရူးဟုပင် ဆဲရေးမိပေလိမ့်မည်။

"ခင်ဗျား အဲဒါတွေ ဂရုစိုက်မနေနဲ့... သူတို့ကို ရေအရင် တိုက်လိုက်ပါ" လော်ယွမ်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

ယဲ့ချိုးယွီ ပါးစပ်ဟပြီး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း စကားလုံးများ ပြန်မျိုချလိုက်ရသည်။ ကျွမ်းကျင် ဆရာဝန်တစ်ယောက် အနေဖြင့် သတိမေ့မြောနေသူများတွင် မျိုချနိုင်စွမ်း မရှိသောကြောင့် ရေမတိုက်သင့်ကြောင်း သူမ ကောင်းစွာ သိသည်။

ရေတိုက်လိုက်ပါက လေပြွန်ထဲသို့ ဝင်ရောက်သွားနိုင်သည်။ သို့သော် လော်ယွမ်၏ အရှိန်အဝါ ကြီးမားမှုကြောင့် သူမ ခေါင်းငုံ့၍သာ ရေသွားထည့်လိုက်ရသည်။ ထားလိုက်ပါတော့လေ... ဒီအခြေအနေ ရောက်နေမှတော့ သေမထူး နေမထူး ကုသကြည့်ရုံသာ ရှိတော့သည်။

"လော်ယွမ်... သူတို့တွေကို ရှင် ဘယ်က ရှာတွေ့တာလဲ" ဟွမ်ကျားဟွေက မနေနိုင်ဘဲ မေးလိုက်သည်။

"မြို့သစ်နားကပါ" လော်ယွမ်က ဖြေသည်။

"အခု အပြင်လောကမှာ အသက်ရှင်တဲ့လူတွေ ရှိသေးလားဟင်" ကျိုးယလီကလည်း စပ်စုချင်စိတ်ဖြင့် ဝင်ရောက် မေးမြန်းလိုက်သည်။

"ဒါတော့ ငါလည်း မသိဘူး... ရှိချင်လည်း ရှိမှာပေါ့" လော်ယွမ်က ခေါင်းခါရင်း ပြောလိုက်သည်။

ယခုအချိန်ထိ အသက်ရှင် ကျန်ရစ်သူများမှာ တောရိုင်းထဲတွင် နေထိုင်နိုင်သော စွမ်းအားကြီးဆင့်ကဲပြောင်းလဲသူများသာ ဖြစ်ကြသည်။

သို့သော် ထိုသူများသည် မြေအောက် ရေခဲလွှာများအောက်တွင် ပုန်းအောင်းနေထိုင်လေ့ရှိပြီး မြေပြင်ပေါ်သို့ တက်လာခဲသည်။

သို့မဟုတ်ပါကလည်း ပြန်လည်တည်ဆောက်ရေးဇုန်နှင့် ဝေးရာအရပ်များတွင်သာ နေထိုင်ကြသဖြင့် ရှာဖွေတွေ့ရှိရန် ခက်ခဲလှသည်။

ရှာတွေ့လျှင်လည်း လော်ယွမ်က သွားရောက် ခေါ်ယူလိုခြင်း မရှိပေ။ ရက်စက်ကြမ်းကြုတ်သော ပတ်ဝန်းကျင်တွင် ရှင်သန်ခဲ့ရသဖြင့် ထိုသူများသည် လူ့စိတ်လူ့သွေး ပျောက်ကွယ်နေပြီဖြစ်ကာ သားရဲများနှင့် မခြားတော့ပေ။ မျှော်လင့်ချက်မြို့တော်သို့ ခေါ်လာပါက အကျိုးမရှိဘဲ အဆိုးသာ ဖြစ်လာနိုင်ပေသည်။

"ဒီကလေးတွေကတော့ နည်းနည်း ထူးခြားတယ်... သူတို့က ငါ့ရဲ့ ပုံတူလူသားတွေလေ... ငါနဲ့ စိတ်ချင်း ဆက်နွယ်မှု ရှိနေလို့သာ ရှာတွေ့တာ... မဟုတ်ရင် ရှာတွေ့မှာ မဟုတ်ဘူး"

လော်ယွမ်က ဆက်ပြောလိုက်သည်။ ဤကိစ္စကို ဖုံးကွယ်ထားရန် မလိုအပ်သလို ဖုံးကွယ်၍လည်း မရနိုင်ပေ။ ယခု ရှင်းမပြဘဲ သူတို့ သတိရလာသည့်အခါမှ သူ့ကို "ဖေဖေ" ဟု ခေါ်ကြလျှင် အချိန်ကုန်ခံပြီး ရှင်းပြနေရဦးမည်။

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် အံ့သြမှုနှင့် သိချင်စိတ်များ ပြည့်နှက်သွားကြသည်။ ဤကိစ္စကို လော်ယွမ် တစ်ခါမှ ထုတ်မပြောဖူးခဲ့ပေ။

ရေခွက်ကိုင်ပြီး ပြန်ရောက်လာသော ယဲ့ချိုးယွီပင်လျှင် ထိုသတင်းဆိုးကို ကြားလိုက်ရသဖြင့် လက်ထဲမှ ခွက်ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

သာမန်လူများအဖို့ လူသားပုံတူပွားခြင်း ဆိုသည်မှာ အလွန်ဝေးကွာသော အရာဖြစ်ပြီး ရာထူးအဆင့်အတန်း တစ်ခုသို့ မရောက်ရှိပါက ကြားပင် မကြားဖူးကြပေ။

"အဲဒါ ထူးဆန်းတာမှ မဟုတ်တာ... ပုံတူပွား နည်းပညာက အောင်မြင်နေတာ ကြာပြီပဲ... အခု လူသားတွေရဲ့ မျိုးပွားနှုန်းနဲ့ဆိုရင် ပုံတူမပွားဘဲနေရင် သိပ်မကြာခင် လူသားမျိုးနွယ် မျိုးသုဉ်းသွားလိမ့်မယ်... အဲဒီတုန်းက ငါ ဓာတ်ခွဲခန်းမှာ အမြဲနေခဲ့တာ အဲဒီကိစ္စကြောင့်ပဲ" လူတိုင်း မယုံနိုင်သော မျက်နှာထား ဖြစ်နေသည်ကို မြင်သောအခါ လော်ယွမ်က ရှင်းပြလိုက်သည်။

မကြာမီ ယဲ့ချိုးယွီက ကိရိယာများကို ထုတ်ယူကာ ပုံတူလူသားလေး တစ်ဦး၏ ပါးစပ်ကို စတင်၍ အတင်းဟရန် ကြိုးစားလိုက်သည်။

သူမသည် နွဲ့နှောင်းသော မိန်းကလေး မဟုတ်ပေ။ ယခင်က စစ်မြေပြင် ဆရာဝန် တစ်ဦး ဖြစ်ခဲ့သဖြင့် ထိုကဲ့သို့သော အခြေအနေမျိုးတွင် နူးညံ့နေ၍ မရမှန်း သိသည်။

စစ်ပွဲကာလများတွင် တစ်နေ့လျှင် ဒဏ်ရာရလူနာ ရာပေါင်းများစွာကို သယ်မခဲ့ရဖူးသည်။ ထို့ပြင် မနေ့ကမှ စွမ်းအင် ပုံဆောင်ခဲကို စားသုံးထားသဖြင့် သူမ၏ ခွန်အားမှာ သာမန် အမျိုးသားများပင် မယှဉ်နိုင်အောင် သန်မာလာခဲ့ပြီ ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ သူမ မည်မျှပင် အားစိုက်ပါစေ၊ မျက်နှာ နီရဲလာသည်အထိ ဖျစ်ညှစ်အားကုန် ထုတ်သုံးသော်လည်း ထိုကလေး၏ သွားများမှာ သံမှိုစွဲထားသည့်အလား မလှုပ်မယှက် ရှိနေလေသည်။

ယဲ့ချိုးယွီ မျက်နှာမှာ ရဲခနဲဖြစ်သွားပြီး ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ "မြို့... မြို့တော်ဝန်ယွမ်... ကျွန်မ သူတို့ပါးစပ်ကို ဖွင့်မရဘူး"

သူမ၏ ကြောက်ရွံ့အားငယ်နေသော အမူအရာကို ကြည့်ပြီး လော်ယွမ်က ပြုံးလိုက်ကာ လျှောက်လှမ်းလာသည်။ "ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်"

သူက ကိရိယာကို လှမ်းယူလိုက်ပြီး ပုံတူလူသားလေး တစ်ဦး၏ ရှေ့သို့ သွားလိုက်သည်။ အားပင် မစိုက်ရဘဲ သွားများကို အသာအယာ ဟလိုက်ပြီးနောက် ယဲ့ချိုးယွီကို ပြောလိုက်သည်။ "ရေပေးပါ"

ယဲ့ချိုးယွီက ရေခွက်ကို ကပျာကယာ ကမ်းပေးလိုက်သည်။ လော်ယွမ် ရေမတိုက်မီ သူမက သတ္တိမွေး၍ သတိပေးစကား တစ်ခွန်း ပြောလိုက်သေးသည်။

"မြို့... မြို့တော်ဝန်ယွမ်... ဆရာဝန်တစ်ယောက် အနေနဲ့ ကျွန်မ သတိပေးပါရစေ... လူနာ သတိမေ့နေချိန်မှာ အစာရေစာ မကျွေးသင့်ပါဘူး... လေပြွန်ထဲ ဝင်သွားတတ်ပါတယ်"

လော်ယွမ် အနည်းငယ် ကြောင်သွားပြီး သူမကို တစ်ချက် ကြည့်ကာ ပြောလိုက်သည်။ "သတိပေးတဲ့အတွက် ကျေးဇူးပါ။ ဒါပေမဲ့ သူတို့အတွက်တော့ ကိစ္စမရှိပါဘူး"

အမှန်တကယ်ပင် ကိစ္စမရှိပေ။ ဤအေးခဲပေါင်းစပ်ခြင်း ခန္ဓာကိုယ် ပိုင်ရှင်များသည် အသက်ရှူရန် မလိုအပ်ချေ။

ရေဓာတ် အကြီးအကျယ် ပြတ်လပ်နေသော သူတို့အတွက် ရေသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ဆဲလ်များက ချက်ချင်း စုပ်ယူသွားမည် ဖြစ်သည်။ အရေပြားများကပင် လေထုထဲရှိ ရေငွေ့များကို ဖြည်းဖြည်းချင်း စုပ်ယူနေပြီ ဖြစ်သည်။

ဤတစ်ခါမှ မမြင်ဖူးသော ဖြစ်ရပ်ဆန်းကို လော်ယွမ် စောစောကတည်းက သတိထားမိလိုက်သည်။

မြေအောက်မှ ထွက်လာစဉ်ကနှင့် ယှဉ်လျှင် မျှော်လင့်ချက်မြို့တော်သို့ ရောက်ရှိပြီးနောက် ဤပုံတူလူသားများ၏ အသားအရေမှာ သိသိသာသာ ကောင်းမွန်လာခဲ့သည်။

ယခင်ကကဲ့သို့ မွဲခြောက်ပြီး တွန့်လိပ်ကာ မီးခိုးရောင် သမ်းနေသည့် အခြေအနေမျိုး မဟုတ်တော့ပေ။

ထို့နောက် လော်ယွမ်သည် ရေခွက်ကို ကိုင်ကာ ပုံတူလူသားလေး တစ်ဦး၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ သူ့လုပ်ရပ်မှာ ရိုးရှင်းပြီး ကြမ်းတမ်းသဖြင့် ဘေးမှ ကြည့်နေသူများမှာ ရင်တမမ ဖြစ်ကုန်ကြသည်။

"ရေထပ်ယူခဲ့ပါဦး" လော်ယွမ်က လှည့်ပြောလိုက်သည်။

ဟွမ်ကျားဟွေနှင့် အခြားသူများမှာ ကြောင်အမ်းအမ်း ဖြစ်နေရာမှ ရေသွားယူရန် ကပျာကယာ ပြေးသွားကြသည်။

ထို့နောက် လော်ယွမ်သည် ပုံတူလူသားလေး တစ်ဦးချင်းစီကို ရေတစ်ပုလင်းစာ ခန့်စီ တိုက်ကျွေးလိုက်သည်။ သူတို့၏ ဗိုက်များ ဖောင်းကားလာပြီး ထပ်မဝင်နိုင်တော့မှ ရပ်တန့်လိုက်သည်။ ဤရေပမာဏဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။

လော်ယွမ် ရေခွက်ကို ချလိုက်သည်နှင့် ပထမဆုံး ရေတိုက်ခံရသော ကလေး၏ ခန္ဓာကိုယ်တွင် အံ့မခန်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့သည်။

ကနဦးတွင် ထုံးရည်စိမ်ထားသကဲ့သို့ မီးခိုးရောင် ဖြစ်နေသော သူ့အရေပြားများမှာ လျင်မြန်စွာ အရောင်ပြောင်းသွားပြီး ဖြူဝင်းလာသည်။ ထို့နောက် ခန္ဓာကိုယ် အပူချိန်မှာလည်း တရိပ်ရိပ် မြင့်တက်လာလေသည်။

မူလက သုည ဒီဂရီ နီးပါးသာ ရှိသော အပူချိန်သည် သာမန်လူသားများ၏ ကိုယ်အပူချိန်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။ သို့သော် ထိုအဆင့်မှာ အစသာ ရှိသေးသည်။

သူတို့၏ အရေပြားများမှာ နီရဲပူနွေးလာပြီး တစ်ကိုယ်လုံးမှ အပူငွေ့များ ထွက်လာသည်။ တစ်ဦးက မနေနိုင်ဘဲ စပ်စုချင်စိတ်ဖြင့် သွားရောက် စမ်းသပ်လိုက်ရာ ပူလွန်းသဖြင့် လက်ကို ကပျာကယာ ပြန်ရုတ်လိုက်ရပြီး လော်ယွမ်၏ နောက်ကျောတွင် ဝင်ပုန်းနေလိုက်သည်။

"သူ... သူ ဘာမှ မဖြစ်ဘူးမလားဟင်" ကျိုးယလီက စိုးရိမ်တကြီး မေးလိုက်သည်။

လော်ယွမ်က သူတို့၏ ကိုယ်အပူချိန်ကို စမ်းသပ်ကြည့်ရာ ၁၇၀ ဒီဂရီ ဖာရင်ဟိုက်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ သာမန်လူသာဆိုလျှင် သေဆုံးသွားနိုင်သော အပူချိန်ဖြစ်သော်လည်း အေးခဲပေါင်းစပ်ခြင်း ခန္ဓာကိုယ် ပိုင်ရှင်များအဖို့မူ အလွန် ပုံမှန်ကျသော အခြေအနေသာ ဖြစ်သည်။

အကယ်၍ သူတို့ ပြင်းပြင်းထန်ထန် လှုပ်ရှားပါက ကိုယ်အပူချိန်သည် သစ်သားတုံးကိုပင် မီးတောက်စေနိုင်သည့် အဆင့်ထိ ရောက်ရှိနိုင်သည်။

"စိတ်ချပါ... ဘာမှမဖြစ်ပါဘူး... သူတို့က ရေဓာတ်ပြတ်လပ်တာ ကြာသွားလို့ မိုင်တိုကွန်ဒရီးယား လုပ်ဆောင်ချက် ခဏ ဟန်ချက်ပျက်သွားတာပါ... ခဏနေရင် ပုံမှန် ပြန်ဖြစ်သွားလိမ့်မယ်"

ထို့နောက် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်... ပဉ္စမမြောက် တစ်ယောက်ပါ ပြင်းထန်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာကြသည်။

အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။ ငါးမိနစ်မျှ ကြာသောအခါ ပထမဆုံး ပြောင်းလဲမှု ဖြစ်ခဲ့သော ပုံတူလူသားလေး၏ အသားအရေမှာ စိုပြည်ပြီး နီရဲရွှန်းစိုလာသည်။

နှလုံးခုန်သံလည်း ပြန်လည် စတင်လာကာ မကြာမီတွင် အသက်ရှူသံများလည်း ပုံမှန် ဖြစ်လာသည်။

နောက်ထပ် မိနစ်အနည်းငယ် ကြာသောအခါ ထိုပုံတူလူသားလေး၏ မျက်ခွံများ ရုတ်တရက် လှုပ်ရှားလာသည်။

နောက်တစ်စက္ကန့်တွင် တောက်ပသော မျက်လုံးအစုံသည် မည်သည့်နိမိတ်မှ မပြဘဲ ရုတ်ခြည်း ပွင့်လာပြီး ထထိုင်လိုက်သည်။

သူက ပထမဆုံး မြင်တွေ့ရသော လော်ယွမ်ကို ကြည့်လိုက်ပြီး...

"ဦးက... သားတို့ရဲ့ ဖေဖေပဲ"

ဆက်ရန်...

အပိုင်း(၄၈၀) အကြောင်းရင်း

သူ့အသံက ခြောက်သွေ့အက်ကွဲနေပြီး သဲကြမ်းနှင့် ဖန်သားပြင်ကို ပွတ်တိုက်နေသကဲ့သို့ နားထောင်ရသူအဖို့ အနည်းငယ် နေရခက်စေသည်။

သူ၏ အသံအိုးမှာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးကြောင်း သိသာလှ၏။

ဖခင်ဖြစ်သူဟု ခေါ်ဝေါ်သံကို နောက်တစ်ကြိမ် ကြားလိုက်ရသည့်အခါ လော်ယွမ်က ငြင်းဆန်ခြင်းမပြုတော့ဘဲ တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ"

"ကျွန်တော့်နာမည် B1E32 ပါ"

"ဒီနာမည်ကို ဘယ်သူပေးတာလဲ"

ထိုဆန်းကြယ်သော နာမည်ကြောင့် လော်ယွမ် မျက်မှောင်ကြုတ်သွားမိသည်။ နာမည်ဟူသည်မှာ အမှတ်အသားတစ်ခုမျှသာ ဖြစ်သော်လည်း ဉာဏ်ပညာရှိသော လူသားတစ်ယောက်အနေဖြင့် (ကလုန်းလူသား ဖြစ်နေလျှင်ပင်) ဤကဲ့သို့ နံပါတ်စဉ်ဖြင့် ခေါ်ဝေါ်ခြင်းမှာ အနည်းငယ် လွန်လွန်းသည်ဟု သူယူဆသည်။

ထိုစီမံကိန်းကို ဦးဆောင်ခဲ့သူတစ်ယောက်အနေဖြင့် လော်ယွမ်က ထိုကုဒ်နံပါတ်များ၏ အဓိပ္ပာယ်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

B1 ဆိုသည်မှာ ပေါင်းစပ်ခန္ဓာကိုယ် အစွမ်းကုဒ်ဖြစ်ပြီး၊ F3 မှာ မီးစွမ်းအားအမျိုးအစားတစ်ခု ဖြစ်ကြောင်း လော်ယွမ် မှတ်မိနေသည်။

နောက်မှ ကိန်းဂဏန်းများကမူ အုပ်စုတွင်းရှိ နံပါတ်စဉ်များ ဖြစ်တန်ရာ၏။

"နာမည်တစ်ခု ပြောင်းလိုက်ရအောင်... ငါ့မျိုးရိုးနာမည်က လော်... မင်းက ငါ့ကို အဖေလို့ ခေါ်မှတော့ နောင်တစ်ချိန်မှာ လော်မျိုးရိုးပဲ သုံးပေါ့... မင်းရဲ့အစွမ်းက မီးတောက်တွေ ထုတ်လွှတ်နိုင်တာဆိုတော့ မင်းနာမည်ကို လော်လ လို့ ခေါ်ကြတာပေါ့" လော်ယွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ကျေးဇူးပါ ဖေဖေ... လော်... လော်လ... နောက်ဆို ကျွန်တော့်နာမည်က လော်လ ပေါ့နော်"

ကလေးငယ်၏ မျက်နှာတွင် ပျော်ရွှင်ရိပ်များ သန်းသွားပြီး နာမည်ကို ထပ်ခါတလဲလဲ ရေရွတ်ရင်း ကျေနပ်နေရှာသည်။

ရိုးရှင်းသော ပျော်ရွှင်မှုလေးကြောင့် လော်ယွမ်၏ စိတ်နှလုံးလည်း ကြည်နူးသွားရကာ ပြုံးလျက် မေးလိုက်သည်။

"ဗိုက်ဆာနေပြီ မလား"

ကလေးငယ်က သူ့ကို ကြောက်ရွံ့နေဆဲဖြစ်သဖြင့် အဖြေကိုပင် မစောင့်တော့ဘဲ လော်ယွမ်က အိမ်ရှိလူများကို လှမ်းပြောလိုက်သည်။

"ဟွမ်ကျားဟွေရေ... သူတို့အတွက် ထမင်းဟင်း နည်းနည်းလောက် သွားချက်ပေးပါဦး"

ဤကလေးများမှာ လော်ယွမ်၏ ကလုန်းများဖြစ်ကြသဖြင့် သာမန်စံနှုန်းများနှင့် တိုင်းတာ၍ ရမည်မဟုတ်ပေ။ ထို့ကြောင့် ဟွမ်ကျားဟွေ ထွက်မသွားခင် မေးခွန်းတစ်ခု မေးရတော့သည်။

"ဘယ်လောက်စာလောက် ချက်ရမလဲရှင့်"

"များနိုင်သမျှ များများသာ ချက်ပေတော့"

လော်ယွမ်က အရိုးပေါ်အရေတင် ဖြစ်နေသော ကလုန်းကလေးငယ်များကို ကြည့်ရင်း ပြောလိုက်သည်။ သူတို့ကို ကောင်းကောင်း အာဟာရဖြည့်ပေးရန် လိုအပ်နေပေပြီ။

ပေါင်းစပ်ခန္ဓာကိုယ် ပိုင်ရှင်များဖြစ်လင့်ကစား ရေတစ်မျိုးတည်းဖြင့် အရာအားလုံးကို ဖြေရှင်း၍ မရနိုင်ပေ။ လူသားခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ဒြပ်စင်အများအပြားကို အအေးဓာတ်သုံး ပေါင်းစပ်ခြင်းနည်းပညာဖြင့် ဖန်တီး၍မရနိုင်ဘဲ အစားအစာမှတစ်ဆင့်သာ ဖြည့်စွက်ရမည် ဖြစ်သည်။

ထိုအချိန်တွင် ကျန်ရှိနေသော ကလုန်းလေးယောက်မှာလည်း တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြသည်။ မေးမြန်းကြည့်ရာတွင် တစ်ယောက်မှလွဲ၍ ကျန်သုံးယောက်မှာ အစွမ်းနှစ်မျိုးစီ ပိုင်ဆိုင်ထားကြသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် တစ်ယောက်မှာ လော်ယွမ် ယခင်က ကူးယူဖူးသော ပစ်မှတ်တစ်ခုနှင့် အစွမ်းတူညီနေသည်။

၎င်းမှာ ပေါင်းစပ်ခန္ဓာကိုယ်နှင့် နေရွှေ့ပြောင်းခြင်း အစွမ်းတို့ ဖြစ်သည်။

ကျန်နှစ်ယောက်မှာမူ တစ်အုပ်စုတည်းမှ ကလုန်းများဖြစ်ကြပြီး ပေါင်းစပ်ခန္ဓာကိုယ်နှင့် လေဆာရောင်ခြည်ပစ်ခတ်ခြင်း အစွမ်းများ ပါရှိကာ ကျား၊ မ သာ ကွဲပြားသည်။

ကလုန်းငါးယောက်တွင် လေးယောက်မှာ ယောက်ျားလေးများဖြစ်ပြီး တစ်ယောက်မှာ မိန်းကလေး ဖြစ်သည်။ လော်လ မှလွဲ၍ ကျန်သူများကို ၎င်းတို့၏ အစွမ်းအလိုက် လော်ယွမ်က နာမည်ပေးလိုက်သည်။

လော်ခုံ၊ လော်ဖန်၊ လော်ကွမ်း နှင့် တစ်ဦးတည်းသော မိန်းကလေးကို လော်လန် ဟူ၍ ခေါ်ဝေါ်စေသည်။

ကလေးများသည် လော်ယွမ်ကို ရင်ဆိုင်ရချိန်တွင် အနည်းငယ် ကျုံ့ဝင်နေတတ်ပြီး ကလေးသဘာဝ ဆော့ကစားလိုစိတ် မရှိကြပေ။

သူတို့၏ အပြုအမူများက ရင်းနှီးမှုရှိသော်လည်း တစ်ချိန်တည်းမှာပင် ရိုသေလေးစားမှုနှင့် ကြောက်ရွံ့မှုတို့ ရောယှက်နေသည်။

ထိုအခြေအနေကို ကြည့်ရင်း လော်ယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤသည်မှာ သန္ဓေသားဘဝကတည်းက ပါလာသော စိတ်ခံစားမှုမျိုး ဖြစ်ကြောင်း သူနားလည်သည်။

သူတို့နှင့် လော်ယွမ်သည် စိတ်ဆန္ဒချင်း တူညီသော ဇာစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာကြသဖြင့် ရင်းနှီးကျွမ်းဝင်မှုကို ခံစားရသော်လည်း၊ တစ်ဖက်တွင်မူ မိမိတို့ထက် အဆမတန် စွမ်းအားကြီးမားသော 'မိခင်ခန္ဓာကိုယ်' ကို ရင်ဆိုင်ရချိန်၌ သဘာဝအလျောက် ကြောက်ရွံ့မှုနှင့် ထိန်းချုပ်ခံရမည့် အသိတို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

ဒဏ္ဍာရီပုံပြင်များထဲမှ သွေးစုပ်ဖုတ်ကောင် အသစ်စက်စက်လေးများက ၎င်းတို့ကို ဖန်တီးခဲ့သော သွေးစုပ်ဖုတ်ကောင်သခင်ကို ကြောက်ရွံ့ရိုသေကြသကဲ့သို့ပင်။

ဤသည်မှာ သားသမီးခန္ဓာကိုယ်က မိခင်ခန္ဓာကိုယ်အပေါ်ထားရှိသော မွေးရာပါ ကြောက်ရွံ့မှုမျိုး ဖြစ်သည်။

သို့သော် ဤကဲ့သို့ အလွန်အကျွံ ကြောက်ရွံ့နေခြင်းက ကောင်းကျိုးမပေးနိုင်ပေ။ ကြာလာလျှင် စိမ်းကားသွားခြင်းနှင့် သံသယဝင်ခြင်းတို့ကိုသာ ဦးတည်သွားစေလိမ့်မည်။

ဤကလေးများသည် သာမန်လူများ မဟုတ်ကြချေ။ သူတို့တစ်ဦးစီသည် စူပါဆင့်ကဲပြောင်းလဲသူများထက်ပင် သာလွန်သော စွမ်းအားရှင်များ ဖြစ်ကြသည်။

တစ်ပါးသူ၏ သွေးထိုးမြှောက်ပင့်မှုကို ခံလိုက်ရပါက လော်ယွမ်ပင်လျှင် ခေါင်းကိုက်ရမည့် အခြေအနေမျိုး ဖြစ်လာနိုင်သည်။

ကံကောင်းသည်မှာ သူတို့သည် ကလေးအရွယ်သာ ရှိသေးသဖြင့် ပြုပြင်ပုံသွင်းရ လွယ်ကူနေသေးခြင်း ဖြစ်သည်။ မွေးရာပါ ပင်ကိုစိတ်ထက် ကြီးပြင်းလာမည့် ပတ်ဝန်းကျင်အခြေအနေက ပို၍ လွှမ်းမိုးမှုရှိပေလိမ့်မည်။

ထို့ကြောင့် လော်ယွမ်က လမ်းခရီးတွင် ကျန်ရစ်ခဲ့သော ကလေးမလေးကိုပါ ဤအိမ်သို့ ခေါ်ဆောင်ထားရန် ဆုံးဖြတ်လိုက်သည်။

သူတို့၏ တင်းမာနေသော စိတ်များကို ဖြေလျှော့ပေးရန်အတွက် လော်ယွမ်က ဓာတ်ခွဲခန်း၌ နေထိုင်ခဲ့ရစဉ်က အကြောင်းများနှင့် ကပ်ဘေးသင့်ချိန်တွင် မည်သို့ လွတ်မြောက်ခဲ့ကြောင်းကို ကြင်နာစွာ မေးမြန်းလိုက်သည်။

သူတစ်ခွန်း ကိုယ်တစ်ခွန်း ဖြေကြားသံများမှတစ်ဆင့်...

ထိုစဉ်က ဖြစ်ပျက်ခဲ့သမျှနှင့် ဂူအတွင်း၌ အဘယ်ကြောင့် ပေါင်းစပ်ခန္ဓာကိုယ် မဟုတ်သော အခြားကလုန်းအလောင်းများ ရှိနေရသည်ကို လော်ယွမ် အကြမ်းဖျင်း နားလည်လိုက်သည်။

လော်ယွမ်၏ ကလုန်းများဖြစ်ကြသည့်အားလျော်စွာ အန္တရာယ်ကို အာရုံခံနိုင်စွမ်းမှာ သာမန်လူသားများထက် ပိုမိုထက်မြက်ကြသည်။

ပျက်စီးခြင်းတရား မကျရောက်မီအချိန်ကပင် ကလုန်းအများစုသည် ကပ်ဘေးကြီး ဆိုက်ရောက်တော့မည်ကို ကြိုတင်အာရုံခံမိခဲ့ကြသည်။

တချို့က ဘာလုပ်ရမှန်းမသိဘဲ အော်ဟစ်ငိုကြွေးကြသည်၊ တချို့က ဂနာမငြိမ်ဖြစ်ကာ ပတ်ဝန်းကျင်ကို ဖျက်ဆီးကြသည်၊ တချို့ကမူ ရူးသွပ်လုမတတ် စိုးရိမ်ပူပန်မှုများကြောင့် ဓာတ်ခွဲခန်းမှ ထွက်ပြေးရန် ကြိုးစားကြသဖြင့် အခြေအနေမှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။

ထိုအသုတ်တွင် ကလုန်းပေါင်း လေးထောင်ကျော် ရှိခဲ့သည်။ ထိုမျှ များပြားသော အရေအတွက်ကို အဆောင်တစ်ခုတည်းတွင် ထားရှိရန် မဖြစ်နိုင်ပေ။ ကံကောင်းသည်မှာ သူတို့နေထိုင်ရာ အဆောင်တွင် မြေလျှိုးနိုင်စွမ်းရှိသော သာမန်ကလုန်း အများအပြား ရှိနေခြင်းပင်။

ထိုကလုန်းများသည် စွမ်းအား မကြီးမားလှပေ။ ခန္ဓာကိုယ်ထွားကျိုင်းမှုတွင်လည်း ပေါင်းစပ်ခန္ဓာကိုယ် ပိုင်ရှင်များနှင့် ယှဉ်လျှင် အလွန် သေးကွေးညှက်ညောကြသည်။

အခြားသော အစွမ်းထက် ကလုန်းများကြားတွင် သူတို့သည် ဘာမျှမဟုတ်သော အရာများကဲ့သို့ပင်။ သို့သော် ဤကဲ့သို့ ကမ္ဘာပျက်မည့် ကပ်ဘေးမျိုးနှင့် ကြုံရချိန်တွင်မူ မည်သည့်အစွမ်းကမျှ သူတို့၏ မြေလျှိုးအစွမ်းလောက် ရှင်သန်နိုင်စွမ်း မပေးနိုင်ခဲ့ချေ။

ဆန့်ကျင်ဘက်ဒြပ်သားဗုံး ကျရောက်ခါနီးအချိန်တွင် ထိုကလုန်းလေးယောက်က ခင်မင်ရင်းနှီးသော အဖော်များကို ဆွဲခေါ်ပြီး မြေကြီးထဲသို့ တိုးဝင်ပုန်းအောင်းခဲ့ကြသည်။

သို့ရာတွင် ဤကပ်ဘေးကြီးက မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို မည်သူမျှ တွေးမထားခဲ့ကြပေ။ မြေကြီးများ တုန်ခါကာ ဒြပ်ဝတ္ထုများ အငွေ့ပျံကုန်ကြသည်။

ပျက်စီးခြင်း စွမ်းအင်လှိုင်းများက မြေအောက်အနက်ပိုင်းအထိ ထိုးဖောက်ဝင်ရောက်လာ၏။ သေမင်း၏ ခြိမ်းခြောက်မှုအောက်တွင် သူတို့သည် မြေကြီးထဲသို့ ပို၍နက်ရှိုင်းစွာ တူးဝင်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

နောက်ဆုံးတွင် အောက်ဆီဂျင်ပြတ်လပ်ပြီး မလှုပ်ရှားနိုင်တော့သည့် အချိန်အထိ တူးခဲ့ကြရသည်။ သာမန်ကလုန်းများမှာ အသက်ရှူကြပ်ပြီး သေဆုံးကုန်ကြသော်လည်း ပေါင်းစပ်ခန္ဓာကိုယ်ပိုင်ရှင် ကလုန်းငါးယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့သည်။

သူတို့၏ ပြောပြချက်ကို နားထောင်ရင်း လော်ယွမ် စိတ်မကောင်း ဖြစ်ရသလို သက်ပြင်းလည်း ချမိသည်။

တကယ်တမ်းတွင် ဤကလုန်းငါးယောက်အနေဖြင့် ထွက်မပြေးနိုင်စရာ အကြောင်းမရှိပေ။ သူတို့၏ သန်မာသော ခန္ဓာကိုယ်များအတွက် မြေအောက် ပေ ၅၀၀၀ ခန့် အနက်သည် အပိုင်ချုပ်ထားနိုင်သော အရာမဟုတ်ပေ။ တစ်နေ့လျှင် ပေပေါင်း ရာဂဏန်းခန့် အပေါ်သို့ ပြန်တူးလျှင်ပင် ဆယ်ရက်မပြည့်ခင် လွတ်မြောက်နိုင်သည်။

သို့သော် ကလုန်းအချင်းချင်း ထားရှိသော သံယောဇဉ်ကြောင့် တစ်ကိုယ်ကောင်းဆန်စွာ မလွတ်မြောက်လိုကြခြင်း၊ သို့မဟုတ် ဆန့်ကျင်ဘက်ဒြပ်သား၏ ပြင်းထန်သော ပေါက်ကွဲမှုကြောင့် မြေပြင်ပေါ်သို့ တက်ရန် ကြောက်ရွံ့သွားခြင်းတို့ကြောင့် ဖြစ်နိုင်သည်။

သူတို့သည် နေစရာနေရာကိုသာ ချဲ့ထွင်ခဲ့ကြပြီး အခြားမည်သည့် ကြိုးပမ်းမှုကိုမျှ မလုပ်ဆောင်ခဲ့ကြချေ။

အကယ်၍ လော်ယွမ်သာ အချိန်မီ ရှာမတွေ့ခဲ့ပါက သူတို့အတွက် လမ်းဆုံးသည် သေခြင်းတရားသာ ဖြစ်ပေလိမ့်မည်။

...

လော်ယွမ်သည် အိမ်တွင် နာရီဝက်ခန့်သာ နေပြီးနောက် ကလေးများကို ဂရုစိုက်ကြရန် အမျိုးသမီးများကို မှာကြားပြီး အပြင်သို့ ပြန်ထွက်လာခဲ့သည်။

ရှာဖွေရေးလုပ်ငန်းမှာ အစပျိုးရုံသာ ရှိသေးသဖြင့် နောက်ထပ် ကလုန်းများကို ထပ်မံတွေ့ရှိနိုင်ခြေ ရှိနေသေးသည်။

မူလနေရာသို့ ပြန်ရောက်သောအခါ ရေခဲမိုး ရွာသွန်းမှု ရပ်တန့်သွားပြီ ဖြစ်သည်။ မြေပြင်ပေါ်တွင် ၃ ပေ ခန့် ထူထပ်သော ရေခဲပြင်ကြီး ဖုံးလွှမ်းနေပြီး အလွန်အေးမြသော ရာသီဥတုကြောင့် မြေသားနှင့် ရေခဲပြင်မှာ တစ်သားတည်းကဲ့သို့ ခိုင်မာစွာ ကပ်ငြိနေသည်။

ကြည့်ရှုရသည်မှာ ခမ်းနားကြီးကျယ်သော်လည်း ထူးဆန်းသော မြင်ကွင်းတစ်မျိုး ဖြစ်နေသည်။

သူသည် အစီအစဉ်အတိုင်း တွင်းနက်ကြီးတစ်ဝိုက်ကို လှည့်လည်ရှာဖွေသော်လည်း ယခုတစ်ကြိမ်တွင်မူ သူ့ကံတရား ကုန်ဆုံးသွားပြီဟု ထင်ရသည်။

ညနေစောင်းသည်အထိ နောက်ထပ်တစ်ယောက်မျှ ထပ်မတွေ့ရတော့ပေ။ စိတ်ရှည်လက်ရှည်ဖြင့် နောက်ထပ် တစ်နာရီခန့် ဆက်လက်ရှာဖွေသော်လည်း အချည်းနှီးသာ ဖြစ်သဖြင့် မနက်ဖြန်မှ ဆက်ရှာတော့မည်ဟု ဆုံးဖြတ်ကာ ပြန်လှည့်လာခဲ့ရသည်။

...

လော်ယွမ် အိမ်သို့ တန်းမပြန်ဘဲ မြို့တော်ခန်းမသို့ ဦးတည်လိုက်သည်။

ယနေ့တွင် ရေခဲတူးဖော်ရေး စီမံကိန်းကြီးကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။ ဤကဲ့သို့သော ဧရာမ စီမံကိန်းကြီးတွင် လုပ်ငန်းဆောင်တာများ အလွန်များပြားပြီး ဌာနပေါင်းစုံနှင့် သက်ဆိုင်နေသည်။

မနက်ဖြန်တွင် လုပ်ငန်းပမာဏ တိုးချဲ့တော့မည် ဖြစ်ရာ ကြိုတင်ပြီးစီးထားရမည့် အလုပ်များစွာ ရှိနေသည်။ သူသည် နေ့တစ်ဝက်ခန့် ပျက်ကွက်ထားသဖြင့် အတည်ပြုလက်မှတ်ထိုးပေးရမည့် ဖိုင်များစွာ ပုံနေလောက်ပြီ ဖြစ်သည်။

မြို့တော်ခန်းမတစ်ခုလုံး မီးရောင်များ ထိန်လင်းနေပြီး အလုပ်ရှုပ်နေကြသည်။

"မင်္ဂလာပါ မြို့တော်ဝန်"

"မြို့တော်ဝန် ပြန်ရောက်လာပြီ"

...

လော်ယွမ်က နှုတ်ဆက်သူများကို ခေါင်းညိတ်အသိအမှတ်ပြုရင်း ရုံးခန်းသို့ အမြန်လျှောက်လာခဲ့သည်။ ထင်ထားသည့်အတိုင်းပင် စာရွက်စာတမ်းများက တောင်ပုံရာပုံ ရှိနေလေပြီ။

အတွင်းရေးမှူး ဖျော်ပေးထားသော လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး ဖိုင်များကို စတင်စစ်ဆေးတော့သည်။

ထက်မြက်သော ဦးနှောက်အစွမ်းကြောင့် စာရွက်စာတမ်းများကို စစ်ဆေးသည့်နှုန်းမှာ အလွန်လျင်မြန်လှသည်။ ဆယ်မိနစ်ခန့် အတွင်းမှာပင် တောင်လိုပုံနေသော ဖိုင်အများစုကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။

ထိုစဉ် လော်ယွမ်က ဖိုင်တစ်ဖိုင်ကို ဆွဲယူလိုက်ပြီး တစ်ချက်ဖတ်ကြည့်ရာ မျက်နှာ အနည်းငယ် တည်သွားသည်။ ၎င်းမှာ တက္ကသိုလ်ဝင်ခွင့် တိုးချဲ့လက်ခံရေးနှင့် ပတ်သက်သော စာရွက်စာတမ်း ဖြစ်သည်။

ယခုအခါ မျှော်လင့်ချက်မြို့တော် ၏ လူဦးရေမှာ ၅ သန်း ကျော်လာပြီဖြစ်ပြီး အများစုမှာ အခြားမြို့များမှ ပြောင်းရွှေ့လာကြသူများ ဖြစ်သည်။

ထိုအထဲတွင် မူလနေထိုင်ရာ ဒေသများ၌ တက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသားအများအပြား ပါဝင်သည်။ ရွှေ့ပြောင်းနေထိုင်မှုကြောင့် သူတို့၏ ပညာရေးမှာ တစ်ပိုင်းတစ်စနှင့် ရပ်တန့်ခဲ့ရသည်။

ယခု အဆိုပြုလွှာမှာ ထိုကျောင်းသားများကို ပြန်လည်လက်ခံပြီး မျှော်လင့်ချက်မြို့တော်ရှိ တက္ကသိုလ်အသီးသီးတွင် ပညာဆက်လက်သင်ကြားခွင့် ပေးရန်ဖြစ်သည်။

ထိပ်တန်း မဟာဗျူဟာမြောက် မြို့တော်ကြီးတစ်ခုအနေဖြင့် မျှော်လင့်ချက်မြို့တော်တွင် အဆင့်မြင့် ပညာရေးဌာနများစွာ ရှိသည်။

မျှော်လင့်ချက် တက္ကသိုလ်၊ ပြန်လည်တည်ဆောက်ရေးဇုန် စက်မှုတက္ကသိုလ်၊ မျှော်လင့်ချက် အီလက်ထရောနစ် တက္ကသိုလ်၊ မျှော်လင့်ချက် ကွန်ပျူတာတက္ကသိုလ်၊ မျှော်လင့်ချက် ဆေးတက္ကသိုလ်နှင့် အခြားသော သက်မွေးဝမ်းကျောင်း ကောလိပ်များစွာ တည်ရှိသည်။

သို့သော် လက်ရှိ တက္ကသိုလ်ကျောင်းသားဦးရေမှာ ၉ သောင်း ခန့်သာ ရှိသည်။ ဤသည်မှာ အနာဂတ်အတွက် အားထားရမည့် လူသားအရင်းအမြစ်များပင် ဖြစ်သည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ပြန်လည်ထူထောင်ရေးဇုန်ကို တည်ထောင်ခဲ့သည်မှာ ၂ နှစ်ကျော် ကာလသာ ရှိသေးခြင်းနှင့် အဆင့်မြင့်ပညာရေး အဆောက်အအုံများ တည်ဆောက်မှုမှာလည်း တစ်နှစ်ခန့် နောက်ကျခဲ့ခြင်းတို့ကြောင့် ကမ္ဘာပျက်ကပ်ဘေး မတိုင်မီက ဘွဲ့မရသေးသော ကျောင်းသားအများစုသည် ပညာရေးကို စွန့်လွှတ်ကာ ဝင်ငွေရမည့် အလုပ်ခွင်များသို့ ဝင်ရောက်သွားခဲ့ကြသည်။

ထို့ကြောင့် လက်ရှိ ကျောင်းသားအများစုမှာ အတန်းငယ် တက္ကသိုလ်ကျောင်းသားများသာ ဖြစ်ကြပြီး ဘွဲ့ရခါနီး ကျောင်းသားဟူ၍ လက်ချိုးရေတွက်ရုံသာ ရှိသည်။

မဟာတန်းနှင့် ပါရဂူတန်း တက်ရောက်နေသူများ ဆိုလျှင် ပို၍ပင် ရှားပါးလှသည်။

ပညာတတ် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ပေးနိုင်မှုမှာ သိသာစွာ ပြတ်တောက်နေသည်။ ယခင် ပြန်လည်ထူထောင်ရေးဇုန်တွင် ဖြစ်စေ၊ ယခု မျှော်လင့်ချက်မြို့တော်တွင် ဖြစ်စေ၊ သိပ္ပံနှင့် သုတေသန လုပ်ငန်းပိုင်းတွင် ကမ္ဘာမပျက်ခင်က ကျန်ရှိခဲ့သော ပညာရှင်များကိုသာ အားပြုနေရသည်။

ကံကောင်းသည်မှာ ကြားကာလ ပြတ်တောက်မှု မကြာမြင့်သေးသဖြင့် ပြန်လည်ကုစား၍ ရနိုင်သေးခြင်းပင်။

လော်ယွမ် သက်ပြင်းအနည်းငယ် ချလိုက်ပြီး ဖိုင်ပေါ်တွင် သဘောတူကြောင်း လက်မှတ်ထိုးပေးလိုက်သည်။

သူ လက်ဖက်ရည်တစ်ငုံ ထပ်သောက်လိုက်ပြီး နောက်ထပ် ဖိုင်တစ်ဖိုင်ကို ကောက်ယူကာ ဆက်လက် စစ်ဆေးနေလိုက်သည်။ မကြာမီတွင်ပင် ဖိုင်အားလုံး ပြီးစီးသွားလေသည်။

လော်ယွမ်က အတွင်းရေးမှူးကို ခေါ်ပြီး သက်ဆိုင်ရာ ဌာနများသို့ ပြန်လည်ပေးပို့ရန် ညွှန်ကြားလိုက်သည်။

"မြို့တော်ဝန်... မြို့တော်ဝန်ထင် က အလုပ်ကိစ္စ တင်ပြစရာရှိလို့ စောင့်နေပါတယ်... အခု ဝင်ခိုင်းလိုက်ရမလားခင်ဗျာ" အတွင်းရေးမှူးက ရိုသေစွာ မေးလိုက်သည်။

"ဝင်လာခိုင်းလိုက်ပါ"

ဆက်ရန်...

All Chapters