Shady Problems
Vol. 1 Ch. 3
လီယိုနာ့ဒ် ယခုရောက်ရှိနေသည့် နေရာမှာ အာဇာဂါနာ ပြည်သူ့ဆေးရုံကြီး၏ မြေညီထပ်တစ်နေရာတွင်ဖြစ်ပြီး ၊ အဲလရော့ အပါအဝင် တစ်မြို့လုံးက ကလေးများအားလုံး ဆယ်စက္ကန့်မျှ ကိုယ်လက်အင်္ဂါများသေလျက် လဲကျကုန်သောကြောင့် ၊ ယခုအခါ ကျောက်ဖြူသားဖြင့် ဆောက်လုပ်ထားသည့် အရေးပေါ်ကုသဌာနကြီးမှာ လူများဖြင့်အုံခဲနေ၍ လူနာများအားလုံးအတွက် ခုတင်မရှိတော့သကဲ့သို့ လူနာစောင့်များ အတွက်ဆိုလျှင် ခြေချရန်ပင် နေရာမရှိသလောက် ဖြစ်နေလေသည် ။
အဲလရော့အတွက်လည်း ကျောက်သားကြမ်းပြင်ကြီးပေါ်၌ ကောက်ရိုးဖျာတစ်ချပ်ပေး၍ ထိုင်ခိုင်းထားရုံမှတစ်ပါး မည်သည့်ကုသမှုမျှ ရောက်မလာ ။
အနှီနေရာမှာ ခန်းမဆောင်ကြီး၏အလယ်တွင် ဖြစ်နေသည့်အလျောက် ညှပ်သိပ်နေသော လူများထံမှ ချွေးနံ့ ၊ အမွှေးနံ့များနှင့် မွန်းကျပ်နေသည့်ပြင် ၊ စကားပြောသံများလည်း တစ်သံနှင့်တစ်သံ ထပ်နေသဖြင့် သူ့နားအတွင်းဝယ် တဝေါဝေါအသံများသာ ကြားနေရပြီး ၊ အောက်ငုံ့ကြည့်သည့်အခါ၌ သလင်းဖြူကြမ်းပြင်ကြီးမှာ ရွှံ့ပေနေသော လူအများ၏ ခြေရာများကြောင့် နက်မှောင်ညစ်ထေးနေလေသည် ။ လေပူတစ်ချက်သာ မှုတ်ထုတ်မိတော့သည် ။ စောက်အဓိပ္ပာယ်မရှိ လိုက်လေခြင်း ။
ထိုစဉ် ကျောက်သားဇရပ်ကြီး၏ အပေါက်ဝက လှမ်းအော်လိုက်သော မိန်းမသံတစ်သံကြောင့် ဆူညံနေသောလူအုပ်ကြီးမှာ မီးပုံကိုရေနှင့် ပက်ချလိုက်သည့်အလား ရှဲခနဲဖြစ်သွားလေသည် ။
“ဒီလောက်ဆူညံ ညှပ်ပိတ်နေတော့ ငါတို့က ဘာလုပ်ရမှာလဲ … ဟမ် ။ ဇရပ်ထဲမှာမှ ဆေးရုံလို့ထင်နေတာလား ။ အပြင်လည်း ဆေးရုံပဲဟဲ့ ။ ထွက်ကြစမ်း … ထွက် … ဇရပ်စွန်းကဟာတွေ အကုန်အပြင်ထွက် ။ လူနာစောင့် နှစ်ယောက်ဆိုရင် တစ်ယောက်က ဆေးရုံထဲကပါထွက် ။ ငါတို့ လမ်းတစ်လမ်း လျှောက်စာလောက်တော့ လုပ်ပေးထားကြစမ်း ။ တစ်ကတည်း”
လှမ်းကြည့်လတ်သော် အဝတ်ဖြူ ၊ ဂါဝန်ဖြူ ကိုဝတ်ဆင်လျက် စလွယ်အပြာရောင်သိုင်းထားသော အသက်လေးဆယ်အရွယ် လူသားမိန်းမကြီးတစ်ယောက်က ခါးထောက်ကာ လှမ်းအော်နေခြင်းဖြစ်ပြီး ၊ ၎င်း၏ဘေး၌ ခြေခြောက်ချောင်းပါသည့် အနီရောင် အခွံမာနှင့် ဝါယောနပိုးကောင် မိန်းမပျိုလေးမှာလည်း စာရွက်ဖြူ အထပ်လိုက်ကြီးကို လက်လေးဖက်လုံးဖြင့် ပိုက်ထားလျက် ရပ်နေလေသည် ။ ယင်းလေး၏ ရှေ့နောက်ပြိုင်တူခါယမ်းနေသည့် ခေါင်းပေါ်က အင်တာနာ နှစ်ချောင်းမှာလည်း ယခုအခြေအနေကို တစ်ခါမျှမရင်ဆိုင်ဖူးကြောင်း ၊ စိတ်လှုပ်ရှားနေကြောင်း သက်သေခံနေသည့်အလား ။ ဤသည်ကား သူနာပြု ဆရာမများ ။
စလွယ်ပြာသိုင်းသူနာပြုကြီး ထိုသို့ဆိုလိုက်သောအခါမှ ဇရပ်အတွင်းက လူနာစောင့်အပိုများမှာ သူ(မ)ပြောသည့်အတိုင်း အပြင်သို့ထွက်သွားကြ၍ ၊ ဤသရော်မှ လီယိုနာဒ့်တို့လည်း အသက်ဝဝ ရှူခွင့်ရပြီး ၊ ယင်းသာ ထိုကဲ့သို့ဝင်မပြောပါက အဲလရော့မှာ ထူးဆန်းသော ရောဂါကြောင့်မသေဘဲ လူနံ့များဖြင့် မွန်းသေသွားနိုင်လောက်ပေသည် ။
ထို့နောက် အကြင်သူနာပြုနှစ်ယောက်မှာ သူတို့နားသို့ ရောက်လာကြ၍ ၊ ကျောက်သား ခုတင်ကြီးပေါ်က ကလေးများကိုလည်းကောင်း ၊ အဲလေရော့အပါအဝင် ကြမ်းပြင်ပေါ်က ကောက်ရိုးဖျာများဖြင့် ထိုင်နေကြသော ကလေးများကိုလည်းကောင်း တစ်ချက်မျှသာ ဝှေ့ကြည့်ပြီးလျှင် ၊ လူသားသူနာပြုကြီး၏ မျက်နှာမည်းမည်းကြီး တစ်ခုလုံးရှုံ့မဲ့သွားသကဲ့သို့ ၊ ဝါယောန သူနာပြုမလေး၏ ခေါင်းပေါ်က အင်တာနာ နှစ်ချောင်းလုံးမှာလည်း ခါယမ်းနေရာမှ ထောင်မတ်သွားလေတော့သည် ။
“ဟယ်တော် ဒုက္ခပါပဲ ။ လူကြီးဖျားနာဆောင်မှာလည်း ခေါင်းကိုက်တဲ့သူတွေ ၊ သတိကောင်းကောင်း မရတဲ့သူတွေ နေ့တိုင်းနေ့တိုင်း တိုးလာနေတာ ။ အခုလည်း တစ်မြို့လုံးက ကလေးတွေအားလုံး တစ်ချိန်တည်း အကြောတွေသေကုန်တာ ။ ဘာတွေဖြစ်နေကြပြီလဲဟင် ။ ဟိုနတ်ယုတ် ဆက်လက်(စ်)မို့(စ်)က လောကပါလမျှခြေတစ်ခုကို ဖျက်ဆီးပစ်နေလို့ ဓာတ်ကြီးလေးပါးလုံး ဖောက်ပြန်နေကြပြီလား”
ဝါယောနသူလေး၏ ပြောစကားကြောင့် လူသားသူနာပြုကြီးမှာ လျှောကျနေသော စလွယ်ပြာကို ပခုံးပေါ်သို့ ပြန်ဆွဲတင်သည် ။
“မသိဘူးအေ … အစကတည်းက ဆေးရုံတစ်ရုံလုံး ပေါက်ထွက်တော့မလိုဖြစ်နေတဲ့ကြားက ဒါမျိုးဆိုရင် ပွင့်ထွက်တော့မယ် ။ အခု ဒီထဲမှာကိုး အယောက်နှစ်ရာလောက်ရှိတယ် ။ ကလေးတွေအကုန် သတိရနေကြတာပဲ ။ အယောက်ငါးဆယ်လောက်ကို မေးကြည့်မယ် ။ ကောင်းတယ်ဆိုတာနှင့် ဆရာဝန်မခေါ်နှင့်တော့ ။ ဆောလ်နမ်ရွက်ကို ပြုတ်သောက်ခိုင်းဖို့ပြောပြီး အကုန်ပြန်လွှတ် ။ မဟုတ်လည်း ဒီရောက်တဲ့သူတွေအားလုံး သေလောက်တဲ့အထိမှ မဖြစ်ကြတာ ။ စောက်ဒုက္ခကို ရှာကြံပေးလွန်းတယ်”
ဟုမြည်တွန်ပြီးနောက် ဆန့်ကျင်ဘက်ရှိရာ လူနာများဆီသို့ ထွက်သွားရကား ၊ သူလည်း အဲလရော့ကို ငုံ့ကြည့်လိုက်လေရာ သင်းလေးက နှုတ်ခမ်းကိုမဲ့ကာ မျက်ခုံးနှစ်ဖက်လုံးကို ပင့်ပြလေသည် ။
“မင်းအဆင်ပြေလား”
“ဟာ … ပြေပါကောလား ။ ဒေါင်ဒေါင်မြည်ပဲဗျ ။ ဘယ်လိုဖြစ်ပြီး ကျုပ်တို့အားလုံး လဲကျသွားရတာတုံး ။ အဲဒါထက် ခင်ဗျားက ဘာလို့အဲသည်တုန်းက လဲမကျသွားရတာတုံး ။ ဒါကြောင့်ကျုပ်လည်း လူကြီးမြန်မြန်ဖြစ်ချင်တယ်လို့ပြောတာ”
ဟုဆို၍ သူ့မျက်နှာသို့ ဟူးခနဲလေတစ်ချက် လှမ်းမှုတ်ထုတ်လေ၏ ။
“မင်းကောင်းတယ်ဆိုရင် ထတော့ ၊ ထွက်ကြမယ်”
ထိုအခါ ၎င်းလေး၏ မျက်လုံးများပြူးကျယ်ဝိုင်းစက်သွားကာ
“ဟမ် … လီယို … တကယ်ကြီးလား ။ ဆရာဝန်တောင် မလာသေးဘူးလေ”
“ဆရာဝန်က လာမယ်မထင်တော့ဘူး ။ ရွာမှာလည်း လုပ်စရာတွေကျန်သေးတယ် ။ ဒါမီယာသီးတွေ လိုသလောက်ဝယ်ပြီး သွားကြစို့”
ဟုဆို၍ လီယိုနာဒ့်မှာ အနှီကလေး၏ လက်ဖျံကို ဆွဲကိုင်လတ်သရော် ၊ ယင်းလေးမှာလည်း အနက်ရောင်စလွယ်နွမ်းလေးကို တဖတ်ဖတ်မြည်အောင် ပုတ်ခါလျက် ထလာလေသည် ။
“မမိုက်ပါဘူးဗျာ ။ မြို့တော်ကြီး တစ်ခါရောက်ပါတယ် … ဆေးရုံနှင့် နှစ်ပါးသွားလာရတယ်လို့ ။ ကျုပ်က မြို့အပေါ်ထပ်တက်ပြီး ကမ္ဘာ့ထိပ်တန်း ပြည့်တန်ဆာ ဆိုတာတွေကို တစ်ခါလောက်တော့ မြင်ဖူးချင်တာဗျ”
“နောက်မှကြည့်တော့ကွာ”
ဟုဆိုပြီးနောက် သူတို့နှစ်ယောက်မှာ ကျောက်ခုတင်ကြီးများကို ရှောင်တိမ်း၍လည်းကောင်း ၊ ကြမ်းပြင်ပေါ်ကလူနာများကို ကျော်ခွ၍လည်းကောင်း ၊ ထိုးထိုးထောင်ထောင် ရပ်နေကြသော လူနာစောင့်များကို တိုးဖယ်၍လည်းကောင်း ဗွက်ထနေသော ကျောက်ကြမ်းပြင်ကြီးပေါ်၌ ချော်မလဲစေရန် ခြေစိပ်စိပ်လှမ်းလျက် ဇရပ်ကြီးအပြင်သို့ ထွက်လာသည်တွင် ၊ သူနာပြုဆရာမများအနက် ခပ်လှမ်းလှမ်းက လူသားသူနာပြုကြီးမှာ သူတို့ကို နောက်ကျောပေးကာ ကလေးများကိုရောဂါရာဇဝင် မေးမြန်းနေသကဲ့သို့ ၊ နောက်က ဝါယောနသူလေးမှာလည်း အနီနှင့်အနက်ကျားထားသော သူ(မ)၏ ဖင်ဆီဖူးကြီးကို လှုပ်ယမ်းကာ လက်လေးဖက်လုံးနှင့်ကိုင်ထားသော စာရွက်အထပ်ကြီးဖြင့် အလုပ်ရှုပ်နေသောကြောင့် သူတို့ကို သတိမူမိဟန်မတူ ။ ဤသို့ဖြင့် တစ်အောင့်မျှကြာသောအခါ ဇရပ်ကြီး၏အပြင်ဘက်သို့ ထွက်လာနိုင်လေ၏ ။
ကျောက်သား ဇရပ်ကြီး၏အပြင် ၊ စိမ်းစိုနေသော မြက်ခင်းပြင်ကြီးပေါ်ဝယ် ကလေးမိဘတချို့မှာ ကလေးများဖြင့် အတူတူထိုင်နေကြသည့်တိုင် ၊ အများစုမှာ ကလေးများကို ပွေ့ချီလျက် ရပ်နေကြပြီး ၎င်းတို့အားလုံး၏ အကြည့်တို့မှာ ဆေးရုံဝင်းကြီးအတွင်းက တံခါးဝသို့သာ ။ ဆရာဝန်ကို မျှော်နေကြခြင်း ဖြစ်ဟန်တူသည် ။
အပြင်သို့ရောက်သော် ခန္ဓာကိုယ်မှာ အေးစိမ့်လာပေသော်ငြား လူနာရှင်များ၏ အပူရုပ်များမှာ မီးလျှံသဖွယ် သူ၏စိတ်အစဉ်ကို လာဟပ်နေသဖြင့် ရင်ကိုပါ အပူကူးနေ၏ ။ လေတစ်ချက်ဝင်အဝှေ့ဝယ် ဆေးနံ့ပြင်းပြင်းက သူ့နှာဝသို့ ဝင်ဆောင့်ပြီး ၊ ခြေတစ်လှမ်းလှမ်းသည့်အခါတွင်လည်း မြေပျော့ပျော့မြက်ခင်းပြင်အတွင်း ခြေနှစ်ဖက်လုံးနစ်ဝင် သွားသည့်အလျောက် ၊ ခြေဖမိုးတစ်ခုလုံး ရွှံ့နှစ်များဖြင့် ပေကျံကုန်လျက် သူ့တစ်ကိုယ်လုံး စိုစိစိခံစားချက်နှင့်အတူ ယားတက်လာတော့သည် ။
လီယိုနာဒ့်မှာ ခေါင်းတစ်ချက်သာ ခါယမ်း၍ အဲလရော့ကို ဆွဲကာ ဆေးရုံထွက်ပေါက်သို့ လျှောက်လာ၍ ကျောက်သားမုခ်ဝကြီးအနားသို့ ရောက်လာရာ၌ ၊ သေနတ်ကိုယ်စီ ကိုင်ဆောင်ထားကြသော မန်းဒရိတ်(ခ်) ငါးယောက်ခန့်သည် ဤမုခ်ဝမှတစ်ဆင့် ဆေးရုံအတွင်းသို့ဝင်ရောက်လာကြပြီးနောက် ၊ လီယိုနာဒ့်တို့ကို တွေ့လတ်သော် ယင်းတို့အတွင်းက သတ္တုခမောက်အနီရောင် ၊ စလွယ်အနီရောင်တို့ကို ဝတ်ဆင်ထားသူမှာ သူ့ကိုတစ်ချက်မျှကြည့်၍ ၊ ၎င်း၏ လက်ဖဝါးအတွင်းက အရာတစ်ခုကို ငုံ့ကြည့်လေသည် ။ ဤသည်ကား မန်းဒရိတ်တို့၏ ခေါင်းဆောင် ဝိုက်ဗန်အမ်း ( WyvernArm ) လက်ဖြောင့်ဗိုလ် ။ ထို့နောက် ချင်း၏နှုတ်ခမ်းမှာ တွန့်ရုံမျှသာပြုံးတက်သွားလေသည် ။
“လီယိုနာဒ့် ဆိုတာမင်းလား”
ရင်တွင်းထိတ်ခနဲ ဖြစ်ကာ မျက်မှောင်တစ်ချက်ကုတ်မိသွား၏ ။ ယင်းနောက် ခေါင်းညိတ်ပြသောအခါ ၊ အနှီဝိုက်ဗန်အမ်းကလည်း ဘေးကမန်းဒရိတ်(ခ်) များထံလှည့်၍ အဲလရော့ကို လက်ညှိုးထိုးပြလိုက်သည်တွင် ၊ မန်းဒရိတ်(ခ်) လေးယောက်သည် သူတို့နားသို့ ပတ်ပတ်လည် ဝိုင်းလိုက်ပြီးနောက် ၊ ၎င်းတို့တွင်းက တစ်ယောက်မှာ သူ၏မသန်သော ဘယ်လက်အားကိုင်ထားသည့် အဲလရော့၏ပခုံကို ဆောင့်ဆွဲလိုက်လေသည် ။
“ဘာ …. ဘာ လုပ်ကြတာလဲဗျ ။ ကျွန် … ကျွန်တော်တို့ ဘာမျှမလုပ်ထားပါဘူးဗျ”
အဲလရော့၏ အသံလေးမှာ တုန်ခါနေလေပြီ ။ မျက်နှာလေးမှာလည်း ရေစိုနေသော ဖော့သာမိုယာရွက်လေးအလား ကျုံ့ဝင်သွားလေပြီ ။ မြို့အဝင်ဝက ကိစ္စနှင့်ယခုကိစ္စ၏ စပ်လျဉ်းမှုတို့ကို စိတ်တွင်းမသိုးမသန့် ခံစားမိနေသောကြောင့် ၊ သူလည်း ဝိုက်ဗန်အမ်း လက်ဖြောင့်ဗိုလ်ကို စိုက်ကြည့်ကာ
“ဒါကကော ဘာလုပ်ရတာလဲ”
“တပ်မှူးက ခင်ဗျားကို ဆင့်ခေါ်လိုက်တယ် ။ ချက်ချင်းလိုက်ခဲ့ရမယ်”
“ဘာအတွက်ခေါ်တာလဲ”
“ဒါကတော့ တပ်မှူးနှင့်တွေ့ရင် သိရမှာပေါ့ ။ ဘယ်လိုလဲ … အေးဆေးလိုက်မယ်မလား”
စကားဆုံးသည်နှင့် မန်းဒရိတ်(ခ်)တစ်ယောက်၏ ရောင်ခြည်သေနတ်မှာ ကြွတက်လာ၍ ၊ သင်းချိန်ထားသည့်နေရာကား အဲလရော့လေး၏ နောက်စေ့တည့်တည့်သို့ ။ လီယိုနာဒ့်မှာ အံကြိတ်ပြီး “မအေလိုးလေးများ” ဟုသာ ကျိတ်ဆဲလိုက်မိ၏ ။ သို့သော် ဤသည်ကား ပြဿနာဖြစ်ကောင်းသော အခြေအနေမဟုတ်သည့်အားလျော်စွာ သက်ပြင်းကိုသာ အသံတိတ်ချ၍ အဲလရော့ဘက်သို့ လှည့်ပြီးနောက် ၊ ယင်းလေးနှင့် အရပ်ချင်းညီသွားစေရန် အလို့ငှါ ဆောင့်ကြောင့်ထိုင်လိုက်လေသည် ။
“ဘယ်လိုလဲ ငါ့ကောင် ။ ဒီမှာ တစ်ယောက်တည်း ခဏနေရဲတယ်မလား”
“နေ … နေ … နေရဲတာပေါ့ဗျ ။ ဘာ … ဘာကိစ္စ … ကြောက်စရာကိစ္စရှိလို့လဲ”
“ဒါဆို နာရီပိုင်းအတွင်း ငါပြန်လာခေါ်မယ် ။ ဒီအတွင်း ဘာမျှမလုပ်နှင့် ဟုတ်ပြီလား”
အဲလရော့လေး ခေါင်းညိတ်ပြလေလျှင် သူလည်း အကြောက်ပြေစေရန် ယင်းလေး၏ပခုံးကို ပုတ်ပေးလိုက်လေရာ ၊ အကြင်ကလေး၏ အသားများ ဆတ်ဆတ်ခါအောင် တုန်နေသည်ကို လက်ဖဝါးကတစ်ဆင့် ခံစားမိလေသည် ။
“ခင်ဗျားကလေးကို စိတ်ချစမ်းပါ ။ တပ်မှူးက ဆရာဝန်နှင့်တိုက်ရိုက်ပြပေးဖို့ပါ မှာထားတယ် ။ ခင်ဗျားသာ လိုက်ခဲ့ပေတော့”
ဤသို့ဖြင့် အဲလရော့မှာ မန်းဒရိတ်(ခ်) တစ်ယောက်နှင့်အတူ ကျန်ခဲ့၍ ၊ သူကမူ ကျန်လေးယောက်ခြံရံလျက် ဆေးရုံအပြင်သို့ထွက်လာရာတွင် ၊ မုခ်ဝ၌ ဝူးလို့(စ်) ( Wollos ) ကြီး ငါးကောင်ကို တွေ့လိုက်ရလေ၏ ။
ယင်းကြီးတို့မှာ လေးပေနီးပါးမြင့်သော ခြေလေးဖက်ကုန်း သတ္တဝါကြီးများဖြစ်ကြ၍ ၊ ငှက်ကြီးတစ်ကောင်အလား ချွန်ထက်နေသော နှုတ်သီးကြီးများကို ပိုင်ဆိုင်ထားကြပြီး ၊ လေးဖက်ကုန်းနေသည့်အလျောက် နှုတ်သီးကြီးတို့မှာလည်း လမ်းမကြမ်းပြင်သို့ ငိုက်စိုက်ကျနေလေသည် ။ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်တို့မှာမူ ရူရိုင်း ( RuRai ) များကဲ့သို့ ခွါများနှင့်မဟုတ်ဘဲ ၊ ပြန့်ကားနေသော ခြေဖဝါးလက်ဖဝါးကြီးများ ။
၎င်းကြီးတို့၏ လက်မောင်းနှင့် လက်ဖျံတို့မှာ တောင့်တင်းလှသဖြင့် ၊ မတ်တတ်ထရပ်၍ လူတစ်ယောက်၏ နားရင်းကိုသာ လွှဲရိုက်လိုက်ပါက ထိုသူဇက်ကျိုးသွားနိုင်၏ ။ ခေါင်းကြေသွားနိုင်၏ ။ လက်ဖဝါး၌ သိမ်းနိုင် ၊ ဆန့်ထုတ်နိုင်သော လက်သည်းချွန်ကြီးများလည်း ပါဝင်သည့်အတွက် လက်သည်းများထုတ်ကုတ်ပါက ဓားကောက်ကြီးများဖြင့် ပြိုင်တူပိုင်းသည့်နှယ် ရှိပေလိမ့်မည် ။
ထွားကြိုင်းလှသော ပေါင်နှင့်သလုံးသားများကို ပိုင်ဆိုင်ထားရကား မြေပြင်၌ ဒုန်းစိုင်းပြေးနိုင်သကဲ့သို့ တံတိုင်းကြီးများ ၊ အတားအဆီးများကိုလည်း လွှားခနဲ ၊ ကျားခနဲ ခုန်ကျော်နိုင်သေးသည် ။
နောက်ဆုံး ချင်းတို့၏တစ်ကိုယ်လုံးကို ငွေရောင်တလက်လက်ထနေသော အကြေးခွံကြီးများဖြင့် ဖုံးအုပ်ထားလေရာ ၊ မြို့ပေါ်ကောင်းကင်က သလင်းတုံးကြီးများထံမှ ထွက်လာသော အလင်းတန်းများကို ဤအကြေးခွံများက အလင်းပြန်နေသောကြောင့် ၊ မျက်စိစူးလာ၍ သင်းတို့ကို ကြာကြာပင် စိုက်မကြည့်နိုင်တော့ဘဲ ခေါင်းငုံ့လိုက်ရလေ၏ ။
ဤသည်ကား စစ်ပွဲသုံး စီးတော်ဝူးလို့(စ်)ကြီးများ ။ နဂါးငယ် မျိုးရိုးဖြစ်သည့်အတွက် ခွန်အားဗလနှင့်ပြည့်စုံသကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေး၌လည်း မနိမ့်ကျ ။
လီယိုနာ့ဒ်တို့ငါးယောက် ဆေးရုံပြင်သို့ ထွက်လာသည်နှင့်တစ်ပြိုင်နက် အကြင်ဝူးလို့(စ်)ကြီးငါးကောင်မှာ သူတို့အနားသို့ ရောက်လာပြီးလျှင် ၊ တစ်ကောင်မှာ လီယိုနာ့ဒ်၏ မျက်နှာချင်းဆိုင်နေရာတွင် ရပ်၍ ၊ သူ၏ရှေ့က ကျောက်သားလမ်းမကြီးကို ငှက်နှုတ်သီးကြီးဖြင့် တဒေါင်းဒေါင်းမြည်အောင် သုံးချက်တိတိ ပေါက်ချလိုက်လေသည် ။ ဤသည်ကား သခင်သစ်ကို နှုတ်ဆက်ပါသည်ဟူသော ထိုသတ္တဝါ၏ သတင်းစကား ။
ယင်းနောက် ၎င်းက လက်နှင့်ခြေလေးဖက်လုံးကို ဝပ်ပေးလိုက်သည့်အခါ ၊ သူလည်း အနှီဝူးလို့(စ်)ပေါ်ကြီးပေါ်သို့ ခွတက်၍ ၊ ဇက်ကြိုးကို ကောင်းသောညာလက်ဖြင့် ဆွဲကာ သူ၏ဖနောင့်နှင့် ယင်း၏ ခါးကိုခတ်လေရာ၌ ၊ အဆိုပါသတ္တဝါကြီးမှာ ဝပ်နေရာမှ ပြန်ထလာလေသည် ။ ထိုအခါ ခမောက်နီ ၊ စလွယ်နီနှင့် ဝိုက်ဗန်အမ်းက သူ့ကိုကြည့်ကာ ခေါင်းတစ်ချက်ဆတ်၍
“ကျွမ်းသားပဲ ။ ဒါပေမဲ့ လက်တစ်ဖက်တည်းနှင့် စီးနိုင်ရဲ့လား ၊ မတော်လို့ပြုတ်ကျခါမှ ခါးပါကျိုးပြီး နှစ်ထပ်ကွမ်း ဒုက္ခိတဖြစ်နေဦးမယ်”
ဟုဆိုသည်တွင် ၊ ကျန်သောမန်းဒရိတ်(ခ်)များ၏ ရယ်သံများလည်း နောက်ကလိုက်လာလေ၏ ။ ထိုအခါ သူသည် မည်သည့်စကားမျှမဆိုဘဲ ပြန်၍သာ စိုက်ကြည့်လိုက်မိသည် ။
လွန်ခဲ့သော ဆယ်နှစ် ၊ သူ့အသက် နှစ်ဆယ့်ငါးနှစ်ဝန်းကျင် နုခဲ့စဉ် ၊ ကြမ်းခဲ့ခိုက် ၊ ဘာမထီခဲ့ကြိုက်ကသာ သူ့ကို ထိုကဲ့သို့သောစကား လာပြောပါက ၊ ယခုအချိန်ဆိုလျှင် ယင်း၏ရှေ့သွားနှစ်ချောင်း ကျိုးနေလောက်ပြီ ဖြစ်နိုင်ပေသော်ငြား ယခု သူ့အသက်သုံးဆယ့်ငါးနှစ် ၊ ဘယ်လက်မသန်သော ဒုက္ခိတတစ်ယောက်အတွက်မူ ထိုကဲ့သို့သော မာန်များမှာ ရေပေါ်ရေးသည့် အရုပ်ပမာ ထောင်းခနဲထလာပြီးနောက် ဟုတ်ခနဲပြန်လည်ပျောက်ကွယ် သွားခဲ့ရလေပြီ ။
ယင်းသို့ဖြင့် သူတို့အားလုံးသည် တပ်မှူးရှိရာ အာဇာဂါနာမြို့၏ အပေါ်ပိုင်းသို့ ဝူးလို့(စ်)ကြီးများ စီးနင်းလျက် ထွက်ခွါလာကြလေသည် ။ ။
**********
အာဇာဂါနာမြို့ဟူသည် ရာဗလွန် အင်ပါယာ ( Ravalon Empire ) ၏လက်အောက်ခံ ၊ ရှရတိုင်းပြည် ( Shara State ) ကြီးအတွင်းရှိ ကုန်းမြေမြင့်ကြီး၏ အဆက်နေရာ၌ တည်ထားသော မြို့တော်ကြီးဖြစ်သည့်အားလျော်စွာ ကုန်းနိမ့်၌ မြို့ကြီးတစ်မြို့ရှိသကဲ့သို့ ကုန်းမြင့်နေရာတွင်လည်း မြို့ကြီးတစ်မြို့ရှိပြီး ၊ ကုန့်နိမ့်မြို့ကို သစ်သီးဝလံရောင်းဝယ်ရေး မြို့နယ်များ ၊ အသားငါး ဆေးဝါး ဖောက်ကားရေးမြို့နယ်များ ဖြင့်တည်ထားလင့်ကစား ကုန်းမြင့်မြို့ကိုမူ လူကုံထံအိမ်ရာများ ၊ မြို့စောင့်နတ်နဂါးတပ်များ ၊ နိုင်ငံရပ်ခြားက ပိုက်ဆံကျိကျိတက်ချမ်းသာသူများသာ လာရောက်သုံးဖြုန်းနိုင်သော ဖျော်ဖြေရေး လုပ်ငန်းစုကြီးများဖြင့် ဖွဲ့စည်းထားလေသည် ။
လီယိုနာ့ဒ်နှင့် နဂါးတပ်သား လေးယောက်တို့မှာ ဧရာမယန္တရားဓာတ်လှေကားကြီးကို စီးနင်းလျက် ကုန်းနိမ့်မြို့မှကုန်းမြင့်မြို့သို့ တက်လာကြပြီးနောက် တပ်မှူးရှိရာစစ်တပ်သို့ ဝူးလို့(စ်)များနှင့် အပြင်းနှင်ကြလေသည် ။
ကုန်းမြင့်မြို့မှာကား လူချမ်းသာများသာနေကြသော မြို့ကြီးဖြစ်သည့်အတွက် မြို့အောက်နှင့်မတူ ၊ လမ်းမပေါ် သွားလာနေသူတို့မှာ တစ်ယောက်စနှစ်ယောက်စမျှသာ ရှိသည်အထိကျဲပါးနေ၍ ၊ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ဝူးလို့(စ်)ကြီးများ၏ လက်ဖဝါး ၊ ခြေဖဝါးများနှင့် ကျောက်သား လမ်းမကြီးတို့ ရိုက်မိသံ တဖြောင်းဖြောင်းမှလွဲပြီး တခြားအသံမရှိသည်အထိ ဆိတ်ငြိမ်နေသရော် ၊ သူ့စိတ်တွင်းဝယ် လွန်ခဲ့သော အနှစ်နှစ်ဆယ်ဝန်းကျင်က ဖြစ်ရပ်များကို သတိပြန်ရမိလာတော့သည် ။
“ဟယ် … ဒါ ဝူးလို့(စ်)လား ။ ညီမစီးကြည့်ချင်တယ် … ရလား”
“ဟက် … ငါတားတော့ရော မင်းလေးက မရရအောင် ပူစာမှာပဲမလား ၊ လင်ဒြာလီဖေး ( Lyndralifae ) မင်းအကြောင်းတွေမသိရင် ခက်ဦးမယ်”
“အို သိနေပြီပဲကိုများ … စီးနည်းပြောတော့”
“ဇက်ကြိုးတင်းတင်းဆွဲထား ၊ သူနဲ့အတူ ခေါင်းကိုလိုက်ငုံ့ ၊ သူ့နံကြားကို ဒူးနဲ့ညှပ်ပြီး သူ့ကျောပေါ်မှာ မင်းရင်ကို အပ်ထားပေတော့ ။ အရှိိန်တိုးချင် ၊ လျှော့ချင်ရင် သူ့ခါးကို ဖနောင့်နှင့်ခတ်လိုက်”
“အလို ဒါလေးများ လွယ်လိုက်တာ … အား … အကိုကယ်ပါဦး”
တခစ်ခစ်ရယ်သံများ တဟားဟားလှောင်သံများနှင့်အတူ လီယိုနာ့ဒ်တစ်ယောက် နှုတ်ခမ်းကိုတင်းတင်းစေ့ကာ လက်ဖဝါးများနာလာသည်အထိ ဇက်ကြိုးကို ဆုပ်ညှစ်မိသွားလေ၏ ။ မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည် ။ တွေးတိုင်းနာကျင်ရသည့် အတိတ်တို့မှာ တိုက်ဆိုင်မှုရှိတိုင်း သတိပြန်ရလာ၍ အငွေ့ကို အိုးတွင်းသိမ်းသည့်နှယ် ယိုပေါက်အားလုံးမှ စိမ့်ထွက်နေလေသည် ။
ထို့ကြောင့်ရှေ့ကိုသာ ရှေးရှုလျက် ချောကျိနေသော ငွေရောင်အကြေးခွံများအပေါ်တွင် ထိုင်နေရာမှ ချော်မကျစေရန် ဝူးလို့(စ်)၏ နံသားနှစ်ဖက်ကို သူ့ဒူးနှစ်ဖက်ဖြင့် ညှပ်ထားလိုက်၍ သူ့ရင်အုံကို ၎င်းကြီး၏ကျောဖြင့်ကပ်ထားလိုက်သည့်အခါ ၊ ငွေရောင်အကြေးခွံများကြားမှ ထွက်လာသော ဝူးလို့(စ်)ချွေးများကြောင့် အင်္ကျီနှင့်စလွယ်တို့ ရွှဲရွှဲစိုလာသည့်ပြင် ၊ ဒုန်းစိုင်းပြေးနေသဖြင့် လေတဟူးဟူးတိုးသည့်ဒဏ်ကြောင့်လည်း ချွေးရွှဲနေသော ရင်ဝတစ်ခုလုံး အေးစက်လာရုံမျှမက ၊ ယင်းကြီး၏ ပေါင်နှင့်ပခုံးရိုးများကလည်း ပြေးလိုက်တိုင်း ၊ လွှားလိုက်တိုင်းမှာ သူ့ခြေမျက်စိနှင့် တံတောင်ကို လာတိုက်နေလေသည် ။ “နတ်နဂါးတပ်သားဆိုပါက ဝူးလို့(စ်)ချွေးနံ့နှင့်မှ” ဟူသည့်စကားက အလကားရှိလာသည်မဟုတ် ။
ဘေးလှည့်ကြည့်သည့်အခါ ထိုးထိုးထောင်ထောင် ကျောက်သားအိမ်မည်းကြီးများက တရိပ်ရိပ်ပြေးနေပြီး ရှေ့တည့်တည့်ကို ကြည့်သည့်အခါ၌လည်း အိမ်တန်းကြီးများဖြင့် ဘယ်ညာခြံရံထားသော ကျောက်သားလမ်းမကြီးက မျက်စိတစ်ဆုံး ။ မြို့ကြီးကား ကြီးမားလွန်းလှပေစွ ။
ထိုသို့စီးနင်းလာ၍ အချိန်တအောင့်မျှကြာသော် ၊ ရှေ့ဆုံးက ဝိုက်ဗန်အမ်းနှင့် မန်းဒရိတ်(ခ်)တို့မှာ တိုက်တစ်ခေါင်နီးပါးမျှမြင့်သော ကျောက်ရုပ်တုကြီးတစ်ခု၏ရှေ့တွင် ရပ်သွားသဖြင့် သူလည်း ဝူးလို့(စ်)၏ခါးကို ဖနောင့်နှစ်ဖက်လုံးဖြင့် ပြိုင်တူညှစ်လျက် အရှိန်လျှော့ခိုင်း ၊ ရပ်ခိုင်းလိုက်လေ၏ ။
လမ်းမကြီး၏အလယ် ၊ သူ့ရှေ့တည့်တည့်ဝယ် ရေကန်ကြီးတစ်ကန်ရှိနေ၍ ရေကန်အလယ်တွင်ကား မိန်းမတစ်ယောက် ရေချိုးနေသဏ္ဌာန် ထွင်းထုထားသော ရုပ်တုကြီးတစ်ရုပ်က မားမားမတ်မတ်ရပ်နေပြီး ၊ အဆိုပါရုပ်တုကြီးမှာ ကျောက်အိုးကြီးကို ညာလက်ဖြင့်မထားလျက် ဘယ်ဘက်လက်ကို ရေပြန်လောင်းချနေဟန်ဖြင့် တင့်တယ်နေသည့်ပြင် ၊ ထိုအိုးကြီးအတွင်းမှ ရေအစစ်များ စီးကျနေရကား ၎င်းကြီးမှာရေပန်းကြီးတစ်ခုသာ ဖြစ်လေသည် ။
အကြင် မိန်းမရုပ်တု၏ခြေရင်းတွင်မူ ဝါယောန မျိုးရိုး ပိုးကောင်ရုပ်တုငယ်လေးများအား ရာနှင့်ချီသည်အထိ ထွင်းထုထားပြီး ၊ ယင်းပိုးကောင်ရုပ်တုငယ်လေးများ၏ သဏ္ဌာန်မှာ ခြေကားယား ၊ လက်ကားယားနှင့် လဲပြိုတော့မည့်ဟန်ပေါက်နေရုံမျှမက ကျောက်အိုးကြီးအတွင်းက လျှံကျနေသော ရေများမှာလည်း ၎င်းတို့ခေါင်းပေါ်တည့်တည့် ကျနေလေရာ ၊ ယင်းသည်ကား မိန်းမရုပ်တုခြေအောက်၌ ရေနစ်တော့မည့်ဆဲဆဲ ပိုးကောင်များပေအလား ။
ထိုစဉ် ဝိုက်ဗန်အမ်းနှင့် မန်းဒရိတ်(ခ်)များက တိုက်တစ်ခေါင်နီးပါးမျှမြင့်သော ဤကျောက်ရုပ်တုကြီးကို ဦးတိုက်ကန်တော့ကြသဖြင့် လီယိုနာ့ဒ်မှာ နှုတ်ခမ်းတစ်ချက်မဲ့၍ ထိုစစ်သားတို့နှင့်အတူ လိုက်လံကန်တော့ရတော့သည် ။
ယင်းရုပ်တုမှာကား ရမထာသိင်္ဂီ နတ်ဘုရားမ မေဟန်ဟီရစု၏ ရုပ်ပွါးတော်ဖြစ်၏ ။ ဒဏ္ဍာရီများအရ နတ်ဘုရားများက ရိုဒီးယားကမ္ဘာကို ဖန်ဆင်းပြီးသည့်အခါ ၊ နတ်ဘုရားမ မေဟန်ဟီရစုမှာ လပေါ်ဝယ် ချိုးတော်ရေသုံးသည်တွင် ၊ သူ(မ)၏ ခန္ဓာတော်မှ သက်ကြွေသော ရေစင်များသည် လပေါ်မှတစ်ဆင့် ရိုဒီးနီးယားသို့ စီးဆင်းလာ၍ ၊ အနှီမြေမဟီ၌ မြို့များဖြစ်ပေါ်လာသည်ဟူသော ယုံကြည်ချက်များ ရှိကြလေပြီး ၊ ယခုအာဇာဂါနာ၏ အပေါ်ပိုင်းမြို့မှာလည်း နတ်ဘုရားမ၏ ဘယ်လက်မှ စီးကျလာသော သီတာရေစင်များမှတစ်ဆင့် ပေါ်ပေါက်လာသည်ဟု ပြောစမှတ်ပြုကြလေသည် ။
ရှေးယခင် ပဝေသဏီက ရှရပြည်နယ်ကြီးတစ်ခုလုံးဝယ် ဝါယောနပိုးကောင်များသာ အဓိကမှီတင်းနေထိုင်ခဲ့ကြရုံမျှမက ၊ အာဇာဂါနာမြို့တော်မှာလည်း အောက်မြို့တစ်ထပ်တည်းသာရှိခဲ့ပြီး ၊ နောက်ပိုင်းတွင်မူ ယင်းတို့အားလုံးကို ရာဗလွန်အင်ပါယာဘက်က မောင်းထုတ်၍ တိုင်းသစ် ၊ ပြည်သစ် ၊ မြို့သစ် တည်လိုက်သောအခါမှ ရှရပြည်နယ်ကြီးတစ်ခုလုံးမှာ ဤကဲ့သို့ စီးပွါးရေးအချက်အချာကျကာ ပန်းမန်အပေါင်းနှင့် ဝေစည်လာသည်ဟူသော ဒဏ္ဍာရီဆန်ဆန် ၊ သမိုင်းဆန်ဆန် ဆိုရိုးများမှာလည်းမနည်းမနော ။ မည်သို့ပင်ဆိုစေကာမူ လိုက်မကန်တော့ပါက ခေါင်းပြတ်သွားနိုင်၏ ။ ထိုအခိုက် ခမောက်နီဆောင်း ဝိုက်ဗန်အမ်းမှာ သူ့ဘက်လှည့်၍
“ရမထာသိင်္ဂီ နတ်ဘုရားမရဲ့ အရိပ်တော်အောက်မှာ အေးချမ်းပါစေ ။ ကဲသွားမယ် … ခင်ဗျား စစ်တပ်ထဲအထိ ဝင်စရာမလိုဘူး ။ တပ်မှူးက ခင်ဗျားကို ရှေ့က မဟူရာမျှော်စင်အထက်မှာ စောင့်နေတယ်”
ယင်းလက်ညှိုးထိုးပြသည့် နေရာကိုကြည့်လေသရော် ၊ သူတွေ့ခဲ့ဖူးသော အမြင့်ဆုံးတိုက်ကြီးထက်ပင် သုံးဆမျှပိုမိုမြင့်မားသော အနက်ရောင်မျှော်စင်ကြီးများမှာ ဘီလူးကြီးများ ခါးထောက်ရပ်နေသည့် အလားအစုလိုက် အဝေးလိုက် ထိုးထောင်နေကြသည်သာမက ၊ မျှော်စင်တစ်ခုနှင့် တစ်ခုကိုလည်း တံတားကြီးများနှင့် သွယ်တန်းထားကြသေးသည် ။ ဤသည်ကား နတ်နဂါးတပ်မကြီး၏ စခန်းခွဲတစ်ခုဖြစ်ပြီး အပေါ်မြို့၏ ရပ်ကွက်တိုင်း၌ ယင်းကဲ့သို့မျှော်စင်အစုကြီး တစ်စုစီနှင့် ပူးတွဲဖွဲ့တည်ထားခြင်းပင် ။
မဝေးတော့သည့်အလျောက် ထိုနေရာသို့ ခြေလျင်ဖြင့်သာသွားရန် ခြေတစ်လှမ်း လှမ်းတော့မည်ပြုကြိုက် ၊ လမ်းမဘေးရှိ ကျောက်သားအိမ်မည်းကြီး တစ်အိမ်အတွင်းမှ လူဆယ်ယောက်မျှထွက်လာကြပြီး ယင်းတို့မှာ ငါးပေနီးပါးမျှရှည်သော သစ်သားတုတ်ရှည်များကို ကိုယ်စီကိုင်ဆောင်ထားကြလျက် ၊ အနက်ရောင်ရှည်မျောမျော အိတ်ကြီးတစ်လုံးကို ပခုံးပေါ်ထမ်းတင်လာလျက် ၊ နတ်ဘုရားမရုပ်တု၏ ခြေရင်းရေကန်နားသို့ ဦးတည်လာလေ၏ ။ ဦးဆောင်လာသူမှာကား လူတစ်ပိုင်းငါးတစ်ပိုင်း အာပေါဿ ရေသူထီးတစ်ဦး ။
အနားသို့ရောက်သည့်အခါ ထိုအာပေါဿက တုတ်ရှည်ကို မြှောက်ပြလေရာ၌ ၊ ကျန်သူများက အိတ်နက်ကြီးကို ရေကန်ဘေးသို့ ပစ်ချလေလျှင် ၊ ယင်းအိတ်ကြီးမှာ တွန့်လိမ်သွားသောကြောင့် ဤသည်ကား သာမန်အိတ်မဟုတ်ဘဲ လူတစ်ယောက်ကို အိတ်နက်အတွင်း ထည့်လာသည်ကို သူသိလိုက်လေပြီ ။ ကြည့်နေလျက်ပင် မြို့အောက်က ခံစားချက်များပြန်ဝင်လာ၏ ။
“နတ်ယုတ် ရက်ဗားနက်(စ်)ရဲ့ အိပ်မက်ဆိုးတွေကမွေးလာတဲ့ မေလိုးလေးတွေရဲ့ သွားရာလမ်း … ဘာလမ်းလဲဟေ့”
“သေလမ်း … သေလမ်း”
အာပေါဿက ရှေ့ကတိုင်ပေးလျှင် နောက်က လူသားကိုးယောက်က တုတ်များ ကိုယ်စီမြှောက်ကြလျက် ကြွေးကြော်ကြလေ၏ ။
“ဒီကောင့်ကို နတ်ဘုရားမရဲ့ အရိပ်တော်အောက်မှာ သန့်စင်ပေးရမယ် ။ ရိုက်ကြစမ်း ၊ ခေါင်းမရိုက်နှင့် ။ မသတ်ခင် ခြေတွေလက်တွေ အားလုံးရိုက်ချိုးပစ်ရမယ် ။ လုပ်ကြစမ်းဟ … ဒီကောင် အသက်ငင်နေသံတွေ နတ်ပြည်ထိရောက်စေရမယ်”
ဟုနှိုးဆော် ပေးလိုက်ရာ ၊ ကျန်ကိုးယောက်မှာ အိတ်နက်ကြီး၏ အောက်ပိုင်းနှင့် အလယ်ပိုင်းတို့ကို တုတ်ရှည်များဖြင့် ဝိုင်းဝန်း ရိုက်နှက်ကြသဖြင့် ၊ အိတ်ကြီးမှာ တီကောင်ပေါ်ဆားပုံသည့်နှယ် ထွန့်ထွန့်လူးလာပြီးနောက် ၊ အိတ်တွင်းမှ ဝူးဝူးဝါးဝါး အသံများလည်း ထွက်လာလေ၏ ။ ကြည့်ရသည်မှာ ပါးစပ်ကို အဝတ်ဆို့ထားပုံ ။
တအုံးအုံး တဖုံးဖုံးအသံများနှင့်အတူ အိတ်ကြီးမှာပေါက်ပြဲလာ၍ ပြဲရာများကြားမှ သွေးများစီးကျလာသည်သာမက တဒင်္ဂလေးတွင်းမှာပင် ထွန့်ထွန့်လူးရုန်းကန်နေသော အိတ်ကြီးမှာ အကြောဆွဲသကဲ့သို့ ဆန့်တငင်ငင်ဖြစ်လာလတ်သော် ၊ လီယိုနာဒ့်မှာ ဝိုက်ဗန်အမ်းဗိုလ်ကို လှမ်းကြည့်လေသည် ။ သို့သော် ၎င်းမှာပခုံးကိုသာ တွန့်ပြ၏ ။
“တပ်မှူးစောင့်နေတာကြာပြီ သွားစို့”
ထိုအခါ လီယိုနာ့ဒ်၏ မျက်နှာမှာတင်းမာလာကာ
“အောက်မှာ ဆက်ဖီဘီယမ် တစ်ယောက်ကို ကားစင်တင်သတ်တာလည်း မင်းတို့ဘာမျှမလုပ်ဘူး ။ မြို့ပေါ်မှာ ဒီလောက် ရုပ်ပျက်ဆင်းပျက် လူသတ်နေကြတာကို နတ်နဂါးတပ်က မထိန်းချုပ်ဘူးလား”
ဟုဆိုလျှင် ခမောက်နီဗိုလ်က ခေါင်းယမ်းပြသည် ။
“အခြေအနေတွေက ခင်ဗျားထင်ထားတာထက် အများကြီးပိုရှုပ်နေတယ် ။ မြို့ထဲမှာ ဖြစ်နေတာတွေ အကုန်လုံးကို ခင်ဗျားပြောပြရရင် ဒီတစ်နေ့ကုန်သွားလိမ့်မယ် ။ ခြုံပြောရရင် လက်ရှိတက်နေတဲ့ ပြဿနာတွေကို ကျုပ်တို့ လုံးဝမရှင်းနိုင်လို့ လူသတ်ခွင့်ပေးထားရတယ် ။ ဒါကိုသာ သွားတားရင် လူထုအုံကြွမှု ဖြစ်သွားလိမ့်မယ် ။ အပရိမာဏ အသူတစ်ရာဒီပ မဟာစစ်ပွဲကြီး ဖြစ်ဖို့က နေ့လားညလားဖြစ်နေပြီ ။ ဒီအချိန်မှာ ဘယ်သူမျှ ပြည်သူအုံကြွမှုကို မလိုချင်ဘူး”
လီယိုနာ့ဒ် မျက်မှောင်ကုတ်နေရာမှ မျက်ခုံးများပင့်တက်သွားရလေပြီ ။ ထိုအခိုက်၌ ယင်းဝိုက်ဗန်အမ်းဗိုလ်က မည်သည့်စကားမျှ ဆက်မဆိုတော့ဘဲ မျှော်စင်နက်ကြီးရှိရာသို့သာ လျှောက်လှမ်းနေပြီဖြစ်သောကြောင့် ၊ လီယိုနာ့ဒ်မှာလည်း ရှင်းမရသေးသော ဗဟေဠိပုစ္ဆာများကို ရင်ဝယ်ပိုက်လျက် ချင်းတို့နောက်မှ လိုက်ပါသွားရလေတော့သတည်း ။ ။
https://mmxianxia.com/wp-content/uploads/2026/02/IMG_4776.webp
************
မှတ်ချက် ။ ။ အာဇာဂါနာ မြို့တော်၏ မြေပုံဖြစ်ပါသည် ။ စာဖတ်နေလျက် နေရာများ လမ်းပျောက်လာပါက မြေပုံပြန်ကြည့်ပါ ။