အခန်း (၁-၂)
Vol. 1 Ch. 1-2
(1)
“ထစမ်း၊ သွားပြီးတော့ မျက်နှာသွားသစ်ချေ၊ ကျန်းမိသားစုရဲ့ လူတွေက မကြာခင် ရောက်လာတော့မှာ၊ နင်ဘာလို့ ဒီမှာ ထိုင်နေသေးတာလဲ”
သူမ၏ နားထဲသို့ အော်ဟစ်သံ တစ်သံ ဆောင့်ဝင်လာခဲ့လေ၏။
လင်းမိန်ဟွေ့၏ ဦးခေါင်းက ကွဲမတတ်ကိုက်ခဲလာခဲ့ပြီး အလိုအလျောက် တစ်ကိုယ်လုံးကို ကွေးညွတ်လိုက်မိခဲ့သည်။
သို့သော် သူမ ထင်ထားခဲ့သည်စ နာကျင်မှုက ရောက်ရှိမလာခဲ့ပါချေ။
လင်းမိန်ဟွေ့ ထိတ်လန့်အံ့သြနေခဲ့ပြီး ခေါင်းကို မော့ကြည့်လိုက်သည့်အချွန်တွင် နေရာတွင်ပင် ငြိမ်သက်သွားခဲ့ရသည်။
သူမ၏မိခင် ကျိုးချွေ့ဟွား..
သူမ၏ မိခင်က သေဆုံးသွားခဲ့ပြီ မဟုတ်ပါလော။
မည်သို့အကြောင်းကြောင့် ဤနေရာ၌ ပေါ်လာရမည်နည်း။
လင်းမိန်ဟွေ့တစ်ယောက် သူမ၏ရင်ထဲမှ သံသယများကို ဖိနှိပ်လျက် သူမ၏မိခင်ကို မော့ကြည့်လိုက်သည့်အခိုက်တွင် ကျိုးချွေ့ဟွားသည်ကား သူမ၏ မှတ်ဥာဏ်ထဲတွင် ရှိနေခဲ့သည်ထက် များစွာ နုပျိုနေသည်ကို တွေ့လိုက်ရသည်။
သို့သော် သူမ၏ မျက်ခုံးများကြားမှ ကြမ်းတမ်းခတ်ထန်သည့် အမူအရာသည်ကား ကြောက်စရာကောင်းနေဆဲ ဖြစ်ချေသည်။
ဤအချိန်၌ ကျိုးချွေ့ဟွားက အသစ်ချုပ်ထားပုံရသော ဂါဝန်တစ်ထည်ကို ကိုင်ထားသည်။ ထို ဂါဝန်က အနီရောင်အထည်ဖြင့် ချုပ်ထားပြီး ဘယ်ဘက်ရင်ဘတ်တွင် အနီရောင်ပန်းပွင့်လေးတစ်ခုကို ထိုးထားခဲ့လေသည်။
ဤသည်မှာ ကျန်းမိသားစုကို လက်ထပ်စဉ်အချိန်တုန့်က သူမ ဝတ်ခဲ့။သည့် ဂါဝန်ဆိုသည်မှာ ထင်ရှားပေသည်။
ကျန်းမိသားစုဝင်များသည်ကား မြေခွေးဆိုးများ၊ ကျားသစ်များနှယ် ဖြစ်လေ၏။ သူမ၏ နောက်ဆုံးသောမှတ်ဉာဏ်သည်ကား ကျန်းကျစ်ကုန်းက သူမကို ရိုက်နှက်ဆဲဆိုခဲ့သည်ကိုသာ ဖြစ်ပေသည်။
နောက်ဆုံး၌ သူမက သူ့ကို စကားခံပြန်ပြောသည်ဟု ထင်ခဲ့ပြီး အလွန်အမင်းစိတ်ဆိုးလျက် သူမအား ထပ်ခိုးသို့ ပစ်ထည့်ကာ ပိတ်ဆို့ခဲ့သည်။
သူမက ပိန်လှီနေပြီးသားပင် ဖြစ်ပေသည်။ ထိုသို့သို့ ကာလရှည်ကြာစွာ အာဟာရချို့တဲ့မှုနှင့် ရိုက်နှက်ခံရမှုများကြောင့် သူမ၏ခန္ဓာကိုယ်တွင် သုမက စိတ်ပိုင်းဆိုင်ရာသည်လည်း ပို၍ ပင်ပန်းနွမ်းနယ်လာခဲ့သည်။
ထိုသို့အချိန်တွင် သူမကို မှောင်မိုက်သော ထပ်ခိုး၌ သုံးရက်တိတိ ပိတ်လှောင်ထားခဲ့ပြီး ရေနှင့် အစာများကို မပေးလာခဲ့သည့်အတွက် ရလဒ်ကိုတော့ တွေးတောကြည့်နိုင်ပေသည်။
ထို့နောက်တွင် သူမ သေဆုံးခဲ့သည်။
သို့သော် ယခုအချိန်၌ မည်သို့အကြောင်းကြောင့် ကျန်းမိသားစုကို လက်ထပ်ရသေးမီ အချိန်၌ ပေါ်လာရသည်နည်း။
လင်းမိန်ဟွေ့ သူမ၏ ပတ်ဝန်းကျင်ရှိ ရင်းနှီးသည့် မြင်ကွင်းများကို ကြည့်လျက် ထူးဆန်းသော အတွေးတစ်ခုက သူမ၏ ဦးခေါင်းထဲသို့ ပေါ်လာသည်။
သူမ မှတ်မိသည့်အတိုင်းတွင် သူမ မတိုင်ခင်က ဖတ်ခဲ့ဖူးသည့် ပုံပြင်စာအုပ်များတွင် “ပြန်လည်မွေးဖွားခြင်း” အကြောင်းများကို ဖော်ပြထားလျှက် ပါရှိသည်။
သူမသည်လည်း ယခု ‘ပြန်လည်မွေးဖွားလာခြင်း’ပင်လော။
သူမ လက်ကို တုန်တုန်ယင်ယင်ဖြင့် ဆန့်ထုတ်လျက် ကျိုးချွေ့ဟွား၏ အဝတ်စကို ညင်သာစွာ ဆွဲကိုင်လိုက်သည်။
“အမေ၊ ကျွန်မ လက်မထပ်လို့ မရဘူးလားဟင်”
“ဘယ်လို အဓိပ္ပာယ်မရှိတဲ့စကားတွေကို ပြောလိုက်တာလဲ၊ နင့်ရဲ့ အမေက ကျန်းမိသားစုကို နင့်အတွက် ခက်ခက်ခဲခဲရှာထားပေးရတာ၊ နင့်ဘာသာဆိုရင် ဘယ်နှစ်ယောက်နဲ့ပဲ အဆက်အသွယ်လုပ်ဖို့ ကြိုးစားကြိုးစား၊ ဒီမိသားစုထဲကို ဝင်လို့မရလောက်ဘူး၊
သူတို့က အခုမှ နိုင်ငံခြားကနေ ပြန်လာတာနော်၊ သူတို့တွေက အရမ်းတော်ကြတယ်လို့ ငါကြားခဲ့တယ်၊
နင့် တတိယအန်တီရဲ့ ထောက်ပံ့မှုသာ မရှိရင် နင် ဘယ်လိုလုပ်ပြီး ဒီလိုမျိုး အဆင့်အတန့်မြင့်တဲ့ အိမ်ထောင်ဖက်ကို ရနိုင်မှာလဲ”
ကျိုးချွေ့ဟွားတစ်ယောက် ကြိမ်းမောင်းပြောဆိုလိုက်လျက် လင်းမိန့်ဟွေ့ ဆုတ်ကိုင်ထားသည့် သူမ၏အဝတ်စကို ပြန်ဆွဲယူကာ အနီရောင်ဂါဝန်ကို သူမ၏ကိုယ်ပေါ်သို့ ပစ်တင်လိုက်သည်။
“မြန်မြန်လုပ်၊ အခု ချက်ချင်း ပြင်ဆင်ထားလိုက်၊ သူတို့တွေ မကြာခင် ရောက်တော့မယ်”
လင်းမိန့်ဟွေ့၏ ရင်ထဲ၌ ဝမ်းနည်းမှုများနှင့် ပြက်နှက်လျှက်ရှိနေခဲ့သည်။ သူမ၏အရင်ဘဝ၌ ကျန်းမိသားစုတွင် နှိပ်စက်ခံခဲ့ရသည်မှာ သေသည်အထိပင် ဖြစ်ခဲ့ရသည်။
နောက်ဆုံးအချိန်သို့ ရောက်သည့်အချိန်၌ပင် သူမသည်ကား သူမမိသားစုကို မည်သည့်အခါကမျှ အပြစ်မတင်မိခဲ့ပါချေ။
မည်သည့်အရာများက အလွန်ကောင်းမွန်သည်နည်း။ ဤအရာအားလုံးသည်ကား အဓိပ္ပာယ်မရှိသည့် စကားလုံးများပင်ဖြစ်ပေသည်။
ကျိုးချွေ့ဟွားသည်ကား လက်ဖွဲ့လက်ဆောင်ပစ္စည်းများအတွက် လောဘကြီးခဲ့ပြီး ထိုစကားများဖြင့် သူမကို လှည့်စားခဲ့သည်။
သူမသည် အမှန်စင်စစ်တွင်အသက် ၆၇ နှစ်အရွယ် ကျန်းမိသားစုမှ လူအိုအမျိုးသားတစ်ဦးကို လက်ထပ်ခဲ့ရသည်။
“ကျွန်မ လက်မထပ်ဘူး”
သူမအနေဖြင့် ဘဝကို တစ်ခါပြန်၍ အစမှ ပြန်စဖို့ ရောက်ရှိလာခဲ့သည်။
ဤကဲ့သို့သော အမှားမျိုးပို ထပ်မံမလုပ်လိုတော့ပါချေ။ သူမက ကျိုးချွေ့ဟွား သတိမထားမိစဉ်တွင် တစ်ဖက်လူကုု တွန်းဖယ်လျက် တံခါးဆီသို့ ပြေးသွားခဲ့သည်။
ကျိုးချွေ့ဟွားတစ်ယောက် ဤကို မြင်သည့်အချိန်တွင် ချက်ချင်းပင် အလွန် စိုးရိမ်သွားခဲ့ပြီး အသံ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
“လောင်လင်း!”
လင်းမိန်ဟွေ့ တံခါးအပြင်သို့ ပြေးထွက်တော့မည့်အချိန်တွင် ရုတ်တရက် နံရံတစ်ခုက တံခါးကို ပိတ်ဆို့လိုက်သည့်အတွက် သူမ အနောက်သို့ အနည်းငယ် ဆုတ်သွားခဲ့ရသည်။
လင်းကွားချင်းက အခန်းထဲမှ အော်ဟစ်လိုက်သည့် အသံကိုကြားသည့်အချိမ်တွင် တစ်ခုခု မကောင်းတော့သည်ကို သိလိုက်လေသည်။
ထို့ကြောင့် ပန်းကန်ခွက်ယောက်များကို ပစ်ချလျက် သုံးလှမ်းတည်းဖြင့် ပြေးလာခဲ့သည်။ သူသည်ကား တစ်နှစ်ပတ်လုံး လယ်ထဲ၌ အလုပ်လုပ်နေခဲ့သော လယ်သမားတစ်ဦး ဖြစ်ပေသည်။
သူ၏ခွန်အားကို ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဖြစ်သည့် လင်းမိန်ဟွေ့၏ ခွန်အားနှင့် ယှဉ်၍မရပါပေ။
သူမ၏ မျှော်လင့်ချက် ပျက်စီးသွားသည်ကို မြင်သည့်အခိုက်တွင် လင်းမိန်ဟွေ့၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်လာခဲ့ရသည်။
သူမသည်ကား ကျန်းမိသားစုသို့ ရောင်းစားခံရရန် ကံကြမ္မာပါလာခဲ့သည်လား။
“အဖေ”
လင်းမိန်ဟွေ့ မျက်ရည်များ ဝဲနေသော မျက်လုံးများဖြင့် လင်းကွားချင်းကို ကြည့်လျက် သူ၏စိတ်ကို ပျော့ပြောင်းစေရန် ကြိုးစားကြည့်လိုက်သည်။
သို့သော် လင်းကွားချင်းက မလှုပ်မယှက်သာ ရပ်နေခဲ့လေသည်။
သူက သူ၏နှုတ်ခမ်းများကို စေ့ပိတ်လျက် မည်သည့်စကားကိုမျှ မပြောခဲ့ပါပေ။
“သူမကို ဆွဲခေါ်လာခဲ့၊ ကျုပ် သူမရဲ့အဝတ်တွေကို ကိုယ်တိုင်လဲပေးမယ်”
ကျိုးချွေ့ဟွား၏ ဒေါသဆိုးဝါးစွာထွက်နေသောအသံက အနောက်မှ ထွက်လာခဲ့သည်။
လင်းမိန်ဟွေ့ သွားများကို တင်းတင်းကြိတ်လျက် ကျိုးချွေ့ဟွား ရောက်လာသည့်အချိန်ကို အခွင့်ကောင်းယူကာ ပါးစပ်ကိုဖွင့်ကာ လင်းကွားချင်း၏ လက်ကောက်ဝတ်ကို ကိုက်ချလိုက်သည်။
လင်းကွားချင်း နာကျင်မှုကြောင့် ညည်းတွားလိုက် လက်ကို လွှတ်လိုက်သည့်အခိုက်တွင် လင်းမိန်ဟွေ့က အခွင့်ကောင်းယူလျက် ခြံဝင်းမှ ပြေးထွက်သွားခဲ့တော့သည်။
ကျေးလက်ဒေသရှိ အိမ်ထောင်တိုင်းသည်ကား ခြံဝင်းအများစု နီးနီးကပ်ကပ်ရှိကြသည်။
ဤကဲ့သို့သော ကြီးမားသည့်လှုပ်ရှားမှုက လူများစွာကို အပျော်ထွက်ကြည့်ရန် ဆွဲဆောင်မိခဲ့လေသည်။
လင်းမိန်ဟွေ့ အိမ်ထဲမှ ပြေးထွက်လာသည်ကို မြင်သည့်အခါတွင်တော့ လူတိုင်းသည်ကား အမဲလိုက်ခံရသော ငှက်များ၊ သားကောင်များနှယ် ပြန့်ကျဲသွားကြလေသည်။
လင်းမိန်ဟွေ့က နောက်ဘက်သို့ ပြန်လှည့်မကြည့်ရဲခဲ့ပေ။ ကျိုးချွေ့ဟွား၏ ဆဲဆိုသံများက သူမ၏ နောက်မှ လိုက်ပါလာခဲ့လျက် ရှိသည်။ သူမ အရှေ့တွင်ပိတ်နေသော လူများအားလုံးကို တွန်းဖယ်လျက် ရှေ့သို့ ဆက်ပြေးရန်သာ တတ်နိုင်ခဲ့သည်။
သူမ မည်မျှအထိ ပြေးခဲ့သည် မသိ၊ နောက်ဆုံး၌ မောပန်းစွာ ရပ်လိုက်ပြီး မျက်ရည်များနှင့် မော့ကြည့်သည့်အချိန်တွင် ရွာအဝင်သို့ ရောက်နေပြီကို သိလိုက်ရလေသည်။
ဤနေရာသည်ကား ငြိမ်သက်တိတ်ဆိတ်နေခဲ့ကာ နေထိုင်သည့် လူများ သိပ်မများလှပေ။
နေ့စဉ်ရက်ဆက် လူများက မြို့သို့ သွားရန်အတွက်သာ ဝင်လိုက်ထွက်လိုက် သွားလာကြသည်။ ဤနေရာတွင် လူနေထိုင်သည့်အိမ်သည်ကား စုန့်ယီဆိုသည့် လူတစ်ယောက်နေထိုင်သည့် အိမ် တစ်အိမ်တည်းသာ ရှိနေခဲ့လေသည်။
ဤလူ၏အကြောင်း ပြောရလျှင် လင်းမိန်ဟွေ့က သူ့ကို သိပ်ပြီး မသိကျွမ်းပါချေ။
သို့သော် သူ့အကြောင်းနှင့်ပတ်သက်၍ ကောလာဟလများကိုတော့ များစွာ ကြားဖူးခဲ့သည်။
သူမွေးဖွားစဉ်က သူ၏ဖခင်တူးနေသော ကျောက်မီးသွေးတွင်းက ပြိုကျသွားခဲ့ပြီး ကျောက်မီးသွေးတွင်းထဲ၌ ဆိုးဆိုးရွားရွား သေဆုံးခဲ့သည်။
သူ့ကို သုံးနှစ် ပြုစုပျိုးထောင်ခဲ့သည့် သူ၏မိခင်သည်လည်း ဟဲရှီးသို့ ထွက်သွားပြီးနောက် အဖွားဖြစ်သူ တစ်ယောက်တည်းကသာ သူ့ကိုဆယ်နှစ်ကျော် ပြုစုစောင့်ရှောက်ခဲ့သည်။
ထိုအဖွားအို၏ ကျန်းမာရေးသည်လည်း မကောင်းလှသည့်အတွက် နောက်ဆုံး၌ သေဆုံးသွားခဲ့ပြန်သည်။
နေ့စဉ်ရက်ဆက် မည်သူကမျှ သူ့အနားသို့ ချည်းကပ်ချင်စိတ် မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် သူ့၏အနားသို့ နီးကပ်လာမိသည့်သူများက ဤနေ့တွင် ချိုင့်ထဲသို့ ပြုတ်ကျသည် သို့မဟုတ် နောက်နေ့တွေ ချေးကိုတက်နင်းမိသည်မျိုး ဖြစ်တတ်သောကြောင့်ပင်။
သူနှင့်အတူ တောင်ပေါ်သို့ ထင်းခုတ်သွားသည့် လူငယ်လေးပင်လျှင် သူ့ကို နှစ်ကြိမ်သာ ကူညီရွှေ့ပြောင်းပေးခဲ့ပြီး နောက်နေ့တွင် ခြေထောက်ကျိုးသွားခဲ့သည်။
ရွာထဲမှ လူများ အယူသည်းကြသည်။ မည်သည့်နေရာမှ မည်သို့ပျံ့နှံ့လာသည်ကို မသိသော်လည်း စုန့်ယီသည်ကား နတ်ဆိုးကြယ်ဖြင့် မွေးလာသူဖြစ်ပြီး သူ့အနားသို့ ကပ်သည့်သူတိုင်း ကံဆိုးမည်ဟု ပြောလာခဲ့ကြသည်။
သူ၏ဘဝအတွေ့အကြုံများနှင့် ပေါင်းစပ်လိုက်သည့်အခါျွင် လူများစွာက ထိုစကားကို ယုံကြည်လာခဲ့ကြပြီး သံသယဖြစ်စရာမရှိဟု ပြောလာခဲ့ကြသည်။
“ တစ်ကိုယ်တည့်နေထိုင်ရမည့် နတ်ဆိုးကြယ်”
သူ၏အသက်က ၂၆ နှစ်သို့ရောက်နေသည့်တိုင် မည်သည့်မိန်းကလေးတစ်ဦးကမျှ သူ့ကို လက်ထပ်ချင်စိတ် မရှိခဲ့ကြပေ။
စုန့်ယီက ပို၍ စကားနည်းလာခဲ့သည်။
ရွာသားများက သူ့ကို မကြိုက်သည်ကို သူသိသည့်အတွက် ရွာအဝင်၌သာ သွားနေခဲ့တော့သည်။
လင်းမိန်ဟွေ့ ထိုနေရာ၌ ရပ်ပြီး ခဏမျှ စဉ်းစားလိုက်အြီးနောက်တွင် ရုတ်တရက် ရဲရင့်သည့်အကြံတစ်ခုက သူမ၏ ဦးခေါင်းထဲသို့ ပေါ်လာခဲ့လေသည်။
လင်းမိသားစုသည်ကား သူမ၏ လက်ထပ်မှုမှ ရရှိလာမည့် ငွေကြေးကို လုံးဝ လွှတ်ပေးမည်မဟုတ်ပေ။သူမ ပြန်သွားသည်နှင့် ကျန်းကျစ်ကုန်းထံသို့ အပ်နှံခံရပေမည်။ သူမ ကျန်းမိသားစုဆီသို့ မလက်ထပ်ရစေရန် တားဆီးနိုင်မည့် တစ်ခုတည်းသောနည်းလမ်းသည်ကား သူမက တခြားသူတစ်ဦးဦးကို အရင်ဆုံးလက်ထပ်လိုက်ခြင်းပင် ဖြစ်ပေသည်။
စုန့်ယီသည်ကား အလွန် ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခုပင်ဖြစ်သည်။
သူမသည်ကား ယခင်ဘဝ၌ တစ်ခါသေဆုံးပြီးသားဖြစ်သည့်အတွက် ကံဆိုးမှုများကို လုံးဝ မကြောက်တါ့ပေ။
ပို၍ပြောရပါလျှင် စုန့်ယီသည်ကား ရိုးသားပြီး မျက်နှာသွင်ပြင်သည်လည်း ကောင်းမွန်ချောမောသည်။ ကောလာဟလများမှလွဲ၍ သူ့ထံမှ မကောင်းသည့်အပြုအမူမျိုးကို မည်သည့်အခါကမျှ မကြားဖူးပေ။
ဤအကြောင်း စဉ်းစားမိသည့်နောက်တွင် လင်းမိန့်ဟွေ့ ဆုံးဖြတ်ချက်ချပြီး သူမ၏ မှတ်ဉာဏ်ထဲမှ နောက်ထပ်လမ်းတစ်ခုအတိုင်း လိုက်သွားခဲ့တော့သည်။
စုန့်ယီ၏အိမ်က သိပ်မဝေးလှပေ။ သူမ တံခါးဝ၌ရပ်ပြီး မျက်ရည်များကို သုတ်ပြီး၊ အဝတ်အစားများကို ပြင်ဆင်ကာ တံခါးခေါက်လိုက်သည်။
“__လာပြီ”
မကြာမီအချိန်၌ပင် တံခါးတစ်ဖက်မှ အသံတစ်သံ ထွက်လာခဲ့သည်။ ထို့နောက် လျင်မြန်သည့် ခြေသံများက လိုက်ပါလာလေ၏။
လင်းမိန်ဟွေ့ တံခါးဝ၌ ခဏလောက်ရပ်စောင့်ပြီးနောက် စုန့်ယီတစ်ယောက် တံခါးဖွင့်လာသည်ကို တွေ့လိုက်ရသည်။
စုန့်ယီသည်ကာ အလွန်ပင် အရပ်ရှည်သည်။ သူ၏ မျက်ခုံးတို့က ထူထဲပြီး၊ မျက်လုံးအိမ်တို့က ကျယ်ကာ၊ မျက်နှာသွင်ပြင် ကောင်းမွန်စွာရှိပြီး ထူးခြားသည့် သူရဲကောင်းဆန်သော အရှိန်အဝါမျိုးရှိနေခဲ့သည်။
သူ၏မိသားစုတွင် သူတစ်ယောက်တည်း မဟုတ်ဘဲ၊ သူ၏ဂုဏ်သတင်းသည်လည်း ဤမျှ လောက်မဆိုးပါက တိုင်းပြည်အနှံ့မှ အောင်သွယ်ပေးသည့်သူများ သူ၏အိမ်တံခါးကို ဖြတ်ကျော်လာရောက်ပြီးသားဖြစ်နေပေလိမ့်မည်။
ရောက်လာသည့်သူက လင်းမိန်ဟွေ့ဖြစ်နေသည်ကို မြင်သည့်အခိုက်တွင် စုန့်ယီလည်း အံ့အားသင့်သွားခဲ့သည်။
ထို့နောက်တွင် လင်းမိန်ဟွေ့၏ မျက်လုံးများ နီရဲနေသည်ကို မြင်လိုက်ရသည့်အခါ သူ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“ဘာဖြစ်တာလဲ”
“အစ်ကို စုန့်ယီ၊ ကျေးဇူးပြုပြီး ကျွန်မကို လက်ထပ်ပေးပါ”
**
(2)” မင်း ငါ့ကို လက်ထပ်မှာလား”
စုန့်ယီသည်ကား ဤကဲ့သို့သော တိုက်ပွဲမျိုးကို တစ်ခါမျှ မကြုံဖူးသေးပေ။ လင်းမိန်ဟွေ့၏ မျက်ရည်စိုနေသည့် မျက်လုံးများကို ကြည့်လျက် သူ အလျင်အမြန် သူမကို အိမ်ထဲသို့ ကြိုဆိုလိုက်သည်။
သူ၏အိမ်က မကြီးသော်လည်း သပ်ရပ်သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် အရာရာတိုင်း မူလနေရာအတိုင်း သပ်ရပ်စွာ ထားရှိထားလေသည်။
ဘေး၌ ခုံနှစ်လုံး ရှိနေပြီး အနည်းငယ် ယိုယွင်းနေသော်လည်း လူများ ထိုင်၍ရသေးသည်။
စုန့်ယီက သူမကို အမြန်ထိုင်ခိုင်းပြီး ကြွေအိုးတစ်လုံးယူကာ အပြင်သို့ထွက်၍ ရေခပ်သည်။ ပြီးနောက် အိမ်ထဲဝင်ကာ၊ ရေနွေးအိုးကိုဖွင့်ပြီး ရေနွေးကြမ်းတစ်ခွက်ယူလျက် လင်းမိန်ဟွေ့ကို ကမ်းပေးလိုက်လေသည်။
သူမ၏ မျက်နှာတွင် မျက်ရည်များ ရှိနေသေးသည်ကို မြင်သည့်အခါ သူ တစ်ရှူးများ လိုက်ရှာပြီး သူမကို ကမ်းပေးလိုက်ပြန်သည်။
“မငိုပါနဲ့ဦး... မင်းဆီမှာ ကိစ္စ တစ်ခုခုရှိရင် ပြောပြပါလား”
စုန့်ယီ၏ မျက်လုံးများတွင် စစ်မှန်သည့် စိုးရိမ်ပူပန်မှုများ မြင်လိုက်ရသည့်အခါ လင်းမိန်ဟွေ့ သူမ၏ ခံစားချက်များကို ပို၍ပင် ထိန်းမနိုင်တော့ဘဲ မျက်ရည်များ တသွင်သွင် ကျလာရတော့သည်။
သူမသည်ကား အရင်ဘဝ၌ ဤကဲ့သို့သော နွေးထွေးမှုကို တစ်ခါမျှ မခံစားခဲ့ဖူးပေ။
လင်းမိသားစုတွင် သူမက အမြဲလျစ်လျူရှုခံထားရသည်။ ကောင်းသည့်အရာအားလုံးကို သူမ၏အစ်ကို လင်းရှောက်ရှုက အရင်ဆုံးရရှိတတ်သည်။
သူမ၏ ကျောင်းတက်ရန် အခွင့်အရေးကိုပင် လုယူခံခဲ့ရသည်။
အသက်ကြီးလာသည့်အခါ လက်ထပ်ခြင်းမှရရှိမည်း ခန်းဝင်ပစ္စည်းလက်ဆောင်အတွက် သူမ မကြိုက်သည့်သူနှင့် လက်ထပ်ရဖို့ဖြစ်လာခဲ့ပြန်သည်။
စုန့်ယီက သူ၏နွေးထွေးသည့်လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့အနေဖြင့် အတော်လေး တွန့်ဆုတ်နေပုံရသော်လည်း ရင်းနှီးမှုမရှိသော အပြုအမူမျိုးဖြင့် လင်းမိန်ဟွေ့၏ နောက်ကျောကို လှမ်းပုတ်လျက် ညင်သာစွာ နှစ်သိမ့်လိုက်သည်။
“မငိုပါနဲ့၊ မငိုပါနဲ့”
လင်းမိန်ဟွေ့သည်ကား စုန့်ယီ၏ ကျယ်ပြန့်သည့် ရင်ဘတ်ကို မှီလိုက်သည်။
လက်ရှိတွင် သူမက ယောက်ျား၊မိန်းမကြားမှ ကွာခြားမှုကို မေ့လျက် သူမ၏ မကျေနပ်ချက်များ အားလုံးကို ဖွင့်ထုတ်လိုက်တော့သည်။
သူမ၏ စိတ်အခြေအနေ တည်ငြိမ်လာသည့်အခါမှသာ မျက်ရည်များကို သုတ်လိုက်ပြီး၊ ကိုယ်ကို ဖြောင့်တန်းစွာ ထိုင်လိုက်ပြီး ရှိုက်သံများကြားထဲမှ နေ၍ ကျေးဇူးတင်စကား ပြောလိုက်သည်။
“ကျေးဇူးတင်ပါ တယ်၊ အစ်ကိုစုန့်ယီ”
စုန့်ယီ၏ အဝတ်များတွင် ငိုထားသည့် မျက်ရည်များနှင့် စွန်းထင်းနေပြီး ယခုအချိမ် ပြန်ကြည့်လိုက်လျှင် အနည်းငယ်လောက် ရှက်ရွံ့စရာကောင်းနေခဲ့သည်။
“မင်း ဒီမှာနေခဲ့ပါ၊ ကိုယ် အထဲကိုဝင်ပြီး အဝတ်လဲလိုက်ဦးမယ်။”
သူ အဝတ်လဲပြီး ထွက်လာသည့်အချိန်တွင် လင်းမိန်ဟွေ့သည်ကား ငြိမ်သက်သွာ ထိုင်နေလျက်ရှိနေသေးပြီး မျက်လုံးနီရဲနေသည်မှလွဲ၍ အခြားထူးခြားသော အရာကိုမျှ မမြင်ရတော့ပေ။
စုန့်ယီ သူမဆီ လျှောက်လာပြီး လက်တစ်စ်ဖက်ကို ဖြန့်ပြလာခဲ့လေသည်
သူ၏လက်ဖဝါးပေါ်တွင် ယုန်ဖြူတံဆိပ် နို့တော်ဖီနှစ်လုံးကို ထည့်ထားခဲ့သည်။
“ဒီမှာ၊ လည်ချောင်းရှင်းအောင် သကြားလုံးလေးတွေ စားလိုက်ပါဦး၊ ဒီသကြားလုံးတွေကို ကိုယ် နောက်ဆုံးအကြိမ် မြို့ကိုသွာစတုန်းက မြို့ထဲကနေ ဝယ်လာတာ၊ အခုတော့ ဒီနှစ်လုံးပဲ ကျန်တော့တယ်”
သူက ဤသို့ပြောသည့်အချိန်တွင် နည်းနည်း ရှက်နေပုံရသည်။
အရွယ်ရောက်ပြီးသော အမျိုးသားတစ်ဦးက ချိုချဉ်စားရသည်ကို ကြိုက်နေခဲ့သည်လေ။ သူသည်ကား သူ၏လက်တစ်ဖက်ကို အသာမြှောက်လျက် သူ၏ဆံပင်ကို ပွတ်သပ်လိုက်မိသည်။
“စိတ်မပူပါနဲ့၊ ဒါက အတော်လေး ချိုပါတယ်။”
လင်းမိန်ဟွေ့မှာ သူ ထိန်းချုပ်၍ မကျဆင်းစေရအောင် ထိန်းထားသည့် မျက်ရည်များက ထပ်၍ ကျတော့မလို ဖြစ်လာသည်။
သူမက သကြားလုံးနှစ်လုံးကို ယူလိုက်ပြူး သကြားလုံးကို ဖွင့်ကာ တစ်လုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။
အရသာက အလွန်ပင်ချိုမြိန်လွန်းနေခဲ့သည်။
သူမ လျှာပေါ်ရှိ တော်ဖီ၏ချိုမြိန်မှုက သူမကို အံ့အားသင့်စေသည်။
သူမသည်ကား ဤကဲ့သို့ စားစရာမျိုးကိာ အရင်ဘဝ၌ မြင်ဖူးခဲ့သော်လည်း တစ်ခါမျှ မစားဖူးခဲ့ပါချေ။ သူမသည်က ကျန်းမိသားစုတွင် ကောင်းမွန်သည့် နေ့ရက်ဟူ၍ တစ်ရက်မျှ မနေခဲ့ရသည်မဟုတ်ပါလား။
သူမ၏မျက်လုံးများ ပူလာပြီး နှာခေါင်းကိုရှုံ့ကာ နှာတစ်ချက်ရှုံ့လိုက်သည်။ ထို့နောက်နောက်ထပ် တစ်လုံးကို ဖွင့်ပြီး စုန့်ယီ၏ လက်ထဲ ထည့်ပေးလိုက်သည်။
“အစ်ကိုစုန့်ယီ၊ ရှင်လည်း စားပါဦး။”
“မင်းပဲ စားပါ၊ ကိုယ် မစားတော့ဘူး။”
စုန့်ယီသည်က သူ၏လက်များကို အလျင်အမြန် ဝှေ့ယမ်းလိုက်သော်လည်း လင်းမိန်ဟွေ့၏ အတင်းအကြပ် တိုက်တွန်းမှုအောက်တွင် တောင့်မခံနိုင်တော့ဘဲ နောက်ဆုံး၌ သကြားလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။
စုန့်ယီက ခုံတစ်လုံးဆွဲယူပြီး ထိုင်လိုက်သည်။ သူ့အနေဖြင့် အနည်းငယ် တွန့်ဆုတ်နေပုံရပြီး လင်းမိန်ဟွေ့၏ ဝမ်းနည်းမှုကို ထိပါးမိမည်ကိုလည်း ကြောက်နေပုံရသည်။
အချိန် အကြာကြီးနေမှသာ သူ စကားစပြောလိုက်သည်။”လင်း.. ညီမလေးလေး ၊ မင်း ခုနက ငါ့ဆီမှာ မင်းကို လက်ထပ်ပေးပါဆိုပြီးပြောတာက... ၊ အဲဒါ မင်း တကယ်ပြောနေတာလား။ မင်းဆီမှာ ဘယ်လို အခက်အခဲတွေ ရှိနေတာလဲ။ မင်း ပိုက်ဆံလိုနေတာလား။ ငါ မင်းကို ချေးပေးလို့ရပါတယ်။”
စုန့်ယီ၏ မျက်နှာက နီရဲလာပြီး စကားများက ထစ်အအဖြင့် ထွက်လာခဲ့သည်။
သူသည်ကား ချေးသည်ဟု သုံးနှုန်းကာ ပြောသော်လည်း စုန့်ယီအနေဖြငာ့ လင်းမိန်ဟွေ့ကို အမှန်တကယ်ပြန်ဆပ်ခိုင်းရန် မည်သည့်အခါကမျှ မစဉ်းစားခဲ့ပေ။
သူ၏လက်ထဲတွင် ငွေများစွာ မရှိသော်လည်း သူ၏မိဘများမှာ သူ ငယ်စဉ်က ဆုံးပါးသည့်အတွက် လျော်ကြေးငွေများ ကျန်ခဲ့သည်။
လင်းမိန်ဟွေ့ကို သူမ၏အခက်အခဲများ ကျော်လွှားနိုင်အောင် ကူညီပေးရန်သည်ကား သူ့အတွက် သိပ်ပြီးကြီးသော ပြဿနာ မဟုတ်ပေ။
လင်းမိန်ဟွေ့၏ မိသားစုနောက်ခံအကြောင်းကို သူ နည်းနည်းလောက် သိထားသည်။ ရွာထဲမှ လူများမှာ ယောက်ျားလေးများကိုသာ မိန်းကလေးများထက် ပိုမျက်နှာသာပေးသည်။
လင်းမိသားစုက သူမကို အနိုင်ကျင့်၍ ဖြစ်ပေမည်။ ထို့ပြောင့် သူမအနေဖြင့် မကျေနပ်ချက်များကိာ ထုတ်ဖော်စရာ နေရာမရှိသည့်အတွက် သူ့ဆီသို့လာပြီး သူ့ကို လက်ထပ်ရန် လာပြောခြင်း ဖြစ်ပေမည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မက ပိုက်ဆံကြောင့် မဟုတ်ပါဘူး၊”
လင်းမိန်ဟွေ့၏ မျက်လုံးများက နီရဲလာပြန်သည်။
“ကျွန်မရဲ့ မိဘတွေက ကျွန်မကို ရောင်းစားချင်နေတာ”
“ဘာ”
စုန့်ယီကျန်း၏ အသံသည်ကား အံ့အားသင့်မှုနှင့် အနည်းငယ် မြင့်တက်လာပြီး သူ မျက်မှောင်ကြုတ်လိုက်သည်။
“မင်းက ခုမှ အရွယ်ရောက်လို့ လူလားမြောက်စပဲ ရှိသေးတာ၊ မင်းရဲ့မိဘတွေက ဘယ်လိုလုပ် ဒီလိုလုပ်ရဲတာလဲ”
“အခုဆိုရင် ဒီနိုင်ငံထဲမှာ ပြုပြင်ပြောင်းလဲရေးတွေ၊ တံခါးဖွင့်လှစ်ရေးတွေ လုပ်နေပြီ၊ မိဘတွေရဲ့ အမိန့်နဲ့ မင်္ဂလာဆောင်ပေးသူတွေရဲ့ စကားတွေက အတိတ်က ကိစ္စတွေ ဖြစ်နေပြီ၊
လမ်းတွေပေါ်မှာ လွတ်လပ်စွာ လက်ထပ်ခြင်း လွတ်လပ်စွာ ချစ်ကြိုက်နိုင်ခြင်းဆိုတဲ့ ကြော်ငြာတွေ အပြည့်ပဲ၊ မင်းရဲ့မိဘတွေက ဘယ်လိုလုပ် ဒီလောက် အာဏာရှင်ဆန်တာလဲ၊ သွားကြရအောင်၊ ကိုယ် မင်းကို သူတို့ဆီ ခေါ်သွားပြီး စကားသွားပြောမယ်”
စုန့်ယီတစ်ယောက် အလွန်စိတ်ဆိုးသွားပြီး ထရပ်ကာ အပြင်သို့ အလျင်အမြန် ထွက်သွားချင်နေသည်။
သို့သော် လင်းမိန်ဟွေ့က သူ့ကို လျင်မြန်စွာ ဆွဲထားလျက် ရှိုက်ကြီးတငင် ငိုကာ ပြောလိုက်လေသည်။
“အစ်ကိုစုန့်ယီ၊ မဟုတ်ဘူး၊ မသွားပါနဲ့ ၊ သူတို့က ဒီစကားတွေကို နားမထောင်လောက်ဘူး။”
ဟုတ်ပေသည်။
သူမလည်း ကျိုးချွေ့ဟွားနှင့် လင်းကွားချင်းကို ဤစကားများဖြင့် စည်းရုံးရန် စဉ်းစားခဲ့ဖူးသည်။
သို့သော် ၎င်းတို့၏ အတွေးအခေါ်များမှာ ဆယ်စုနှစ်ပေါင်းများစွာအတွက်း နက်ရှိုင်းစွာ စွဲမြဲနေပြီဖြစ်သည့်အတွက် တစ်ညတွင်းချင်း ပြောင်းလဲ၍ မရပေ။
“ဒါဆို ကိုယ်တို့ ဘာလုပ်သင့်သလဲ”
စုန့်ယီလည်း ဤသည်က အဆင်မပြေသည်ကို သိသည်။ မိသားစုတိုင်းတွင် ကိုယ်စီ ခက်ခဲသည့် ပြဿနာများ ရှိသည်။
သူသည်ကား ပြင်ပလူတစ်ဦး ဖြစ်နေဆဲဖြစ်သည်ကိုမူ ပြောစရာပင် မလိုတော့ချေ။ သူ လင်းမိသားစုဆီ ဤသို့ ရုတ်တရက် အလျင်အမြန် သွားမည်ဆိုပါက သူ့၏အကြောင်း ကောလာဟလများက ရွာသားများကြား ထပ်၍ ပျံ့နှံ့မည်ကို ကြောက်ရသည်။
သူ့အတွက် ကိစ္စမရှိသော်လည်း လင်းမိန်ဟွေ့အတွက်ပါ ဒုက္ခရောက်နိုင်ပေသည်။
“အစ်ကိုစုန့်ယီ...”
သူမ မျက်ရည်များကို ထိန်းချုပ်လျက် ရှက်ရွံ့စွာ မျက်လုံးမှိတ်လိုက်သည်။
“ရှင် ကျွန်မကို လက်ထပ်နိုင်မလား”
“လက်ထပ်တာလား”
စုန့်ယီတစ်ယောက် မတိုင်ခင်ကမှ ခေါင်းစဉ်ပြောင်းလိုက်သော်လည်း လင်းမိန်ဟွေ့က ပြန်ဆွဲခေါ်သွားသည့်အတွက် သူ၏မျက်နှာမှာ ချက်ချင်း ဝက်အူခြောက်နှယ် နီရဲလာသည်။
“မင်း ရယ်စရာပြောနေတာလား။ ကိုယ်တို့က ဘယ်လိုလုပ်ပြီး...”
လင်းမိန်ဟွေ့လည်း သူမ၏ တောင်းဆိုချက်မှာ အလွန်အမင်း မဆင်မခြင်နိုင်သည်ကို သိပြီး ဤကို ပြောရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ရသည်။
စုန့်ယီက သူမကို ငြင်းပယ်နိုင်မည်ဟု ကြိုတင်ပြင်ဆင်ထားသော်လည်း တကယ်တမ်း ငြင်းပယ်ခံရသည့်အခါတွင် သူမ၏မျက်နှာ ချက်ချင်း ဖြူဖျော့သွားသည်။
လင်းမိန်ဟွေ့၏ မျက်လုံးထောင့်စွန်းများမှ မျက်ရည်များ ကျတော့မလိုဖြစ်နေပြီး သူမ ပြုံးပြလိုက်သည်။
“အစ်ကိုစုန့်ယီ၊ ရှင် ကျွန်မကို လက်မထပ်ချင်ဘူးဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ရွာထဲက လူတွေက ရှင့်နောက်ကွယ်မှာ ဘယ်လိုတီးတိုးပြောနေကြတယ်ဆိုတာ ရှင်လည်း သိပါတယ်။
ရှင် အခု ဘယ်လိုပဲဖြစ်ဖြစ် သင့်တော်တဲ့သူကို ရှာမတွေ့နိုင်သေးဘူးဆိုတော့.. ရှင်က အိမ်ထောင်ပြုဖို့ အကောင်းဆုံး ရွေးချယ်မှုလည်း မဟုတ်ဘူးဆိုတော့.. ကျွန်မနဲ့ အတုအယောင်အဖြစ် ဟန်ဆောင်လက်ထပ်တာ မလုပ်ချင်ဘူးလား။
ဒါဆိုရင် ရှင်လည်း အတင်းအဖျင်း ပြောတာကို မခံရတော့ဘူး၊ ကျွန်မလည်း ကျွန်မ မကြိုက်တဲ့သူကို အတင်းအဓမ္မ လက်ထပ်ခိုင်းခံရမှာ မဟုတ်ဘူး။”
သူမသည်ကား လက်ထပ်ရမည်မှလွဲ၍ အခြားရွေးချယ်စရာ မရှိသည်ကို သိထားခဲ့သည်။
မည်သူနှင့်ပင် လက်ထပ်ရစေကာမူ၊ စုန့်ယီနှင့် လက်ထပ်ခြင်းက အခြားသူနှင့် လက်ထပ်ခြင်းထက် ပိုကောင်းပေသည်။
“ရှင် တခြားဘာကိုမှ စိတ်ပူစရာမလိုပါဘူး၊”လင်းမိန်ဟွေ့က စုန့်ယီ၏ မျက်လုံးများမှ အံ့အားသင့်မှုကို ကြည့်လျက် ကျန်ရှိနေသည့်စကားများကို အတင်းအကြပ် ဆက်ပြောလိုက်သည်။
“နောင်ကျရင် ရှင် ကြိုက်တဲ့သူကို ရှာတွေ့ရင် ကျွန်မကို ကွာရှင်းလိုက်လို့ရပါတယ်၊ ကျွန်မ ရှင့်ကို ဘယ်တော့မှ အနှောင့်အယှက် မပေးပါဘူး။”