← Chapters

ဧကရီက တကယ့်ကို ခန့်မှန်းရခက်လွန်းတယ်

Vol. 1 Ch. 1

ဧကရီက တကယ့်ကို ခန့်မှန်းရခက်လွန်းတယ်

Vol. 1 Ch. 1

“ဧကရီ၏ အမိန့်တော်... မုန့်ချင်ကျိုးအား ဧကရီ၏ ကြင်ရာတော်အဖြစ် ခန့်အပ်လိုက်သည်။ ဧကရီ၏ ကြင်ရာတော်ဟာ မွေးရာပါ မျက်စိကွယ်နေသူဖြစ်ပြီး လူအများနှင့် တွေ့ဆုံရခြင်းကို နှစ်သက်ခြင်းမရှိ၍ မင်္ဂလာပွဲကို ရိုးရှင်းစွာ ကျင်းပမည် ဖြစ်သည်။ ဤကား ဧကရီ၏ အမိန့်တော်ပေတည်း...”

“ဘာ... ဧကရီရဲ့ ကြင်ရာတော်က နောက်ခံမရှိ၊ အဆင့်အတန်းမရှိ၊ ပြီးတော့ ကျင့်ကြံခြင်းအဆင့်လည်း လုံးဝမရှိတဲ့ လူငယ်တစ်ယောက်လား...”

“မဖြစ်နိုင်တာ။ ဒါဟာ တိုင်းပြည်အတွက် အရှက်ရစရာပဲ...”

“မုန့်ချင်ကျိုးကို ကြင်ရာတော် အဖြစ်ကနေ ဖယ်ရှားပြီး အသစ်တစ်ယောက်ကို ပြန်ရွေးချယ်ရမယ်။ သူက ဧကရီနဲ့ မထိုက်တန်ဘူး...”

“ကောလာဟလတွေအရဆိုရင် မုန့်ချင်ကျိုးက သူ့ဇနီးရဲ့ တကယ့်သရုပ်မှန်ကိုတောင် မသိဘူးတဲ့။ ဒါက အမှန်လား အမှားလားဆိုတာ ဘယ်သူမှ မသိဘူး...”

မဟာကျင်းမင်းဆက်။

နန်းတော်အတွင်းရှိ ထိုက်ကျိ ခန်းမဆောင်။

ပခုံးပေါ်သို့ ဝဲကျနေသော ဆံနွယ်ရှည်များရှိသည့် ချောမောသော လူငယ်တစ်ဦး၏ မျက်လုံးအစုံမှာ အနက်ရောင် ပိုးသားစဖြင့် စည်းနှောင်ဖုံးအုပ်ထားခြင်း ခံထားရသည်။

မုန့်ချင်ကျိုးသည် ရေကရားကို ကိုင်ဆောင်လျက် ခြံစည်းရိုးအတွင်းရှိ ပန်းပင်နှင့် သစ်ပင်များကို ရေလောင်းနေ၏။

“ငါ့ရဲ့ တွက်ချက်မှုတွေအရဆိုရင် ဒီကမ္ဘာကို ရောက်လာတာ သုံးနှစ်တောင် ရှိသွားပြီပဲ...” မုန့်ချင်ကျိုးက အတွေးထဲ နစ်ဝင်နေရင်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။

သူသည် မူလက သာမန်ရုံးဝန်ထမ်းတစ်ဦးသာ ဖြစ်သည်။ တစ်ညတွင် “ကမ္ဘာသိမ်းပိုက်ခြင်း”ဟု အမည်ရသော ဝတ္ထုကို ဖတ်ရှုပြီးနောက် နိုးလာသည့်အခါ ထိုဝတ္ထုထဲက ကမ္ဘာသို့ ရောက်ရှိနေ‌ကြောင်းကို တွေ့လိုက်ရသည်။

ဝတ္ထုဇာတ်လမ်းကို သိရှိထားသူပီပီ၊ ထိုဇာတ်လမ်းတွင် အစွမ်းထက်လှသော ဇာတ်လိုက်တစ်ဦးအကြောင်း ရှိကြောင်း သူသိသည်။ မုန့်ချင်ကျိုးက သူတစ်ပါး၏ အစွမ်းပြမှုများကြားတွင် အသုံးချခံတန်တစ်ခု မဖြစ်လိုသဖြင့် ကျေးလက်တောရွာတွင်သာ အေးအေးချမ်းချမ်း အနားယူရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သည်။

ထိုအချိန်တွင် သူ၏စနစ် နိုးထလာခဲ့သည်။

“မျက်မမြင်ဓားသူတော်စင်စနစ်” ၏ သတ်မှတ်ချက်အရ သူသည် မျက်လုံးကို ပိတ်ထားပြီး သိစိတ်အာရုံများကို ချုပ်တည်းထားကာ ပြင်ပလောကနှင့် အဆက်အသွယ် ဖြတ်ထားသရွေ့ သူ၏ အစွမ်းမှာ တရိပ်ရိပ် တိုးတက်နေမည် ဖြစ်သည်။

မိနစ်တိုင်းလိုလို မုန့်ချင်ကျိုး၏ ကျင့်ကြံခြင်းအဆင့်နှင့် ဓားဆန္ဒတို့မှာ အံ့ဩဖွယ် ကောင်းလောက်အောင် မြင့်တက်နေခဲ့သည်။ သူက အမှန်တကယ် မျက်စိကွယ်နေသူ မဟုတ်သဖြင့် အနှိုင်းမဲ့စွမ်းအားရှင် ဖြစ်လာသည့်အခါမှ မျက်လုံးကို ပြန်ဖွင့်ရန် စီစဉ်ထားသည်။

သို့ဖြင့် မုန့်ချင်ကျိုးသည် မျက်မမြင်ဓားသမားတစ်ဦးအဖြစ် လောကအနှံ့ တစ်ကိုယ်တည်း လှည့်လည်သွားလာခဲ့သည်။ အစပိုင်း မျက်မမြင်ဘဝကို အသားမကျသေးသဖြင့် စားသောက်ရန်ပင် ခက်ခဲခဲ့ပြီး ကျင့်ကြံခြင်း အဆင့်မှာလည်း နုနယ်သေးသည်။

သူ ငတ်ပြတ်ပြီး သေတော့မည့်အချိန်တွင် အမျိုးသမီးငယ်တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့သည်။ ထိုအမျိုးသမီးမှာ တုန်းဖန်လျိုလီ ဖြစ်ပြီး ချမ်းသာသော မိသားစုမှ သမီးပျိုတစ်ဦးဟု ဆိုကာ အိမ်ထောင်ပြုရန် ဖိအားပေးခံနေရသဖြင့် အကာအကွယ်ရရန် လူတစ်ယောက်ကို ရှာဖွေနေခြင်း ဖြစ်သည်။

သုံးနှစ်အကြာတွင် သူ၏ အိမ်ပါသမက်အဖြစ် လက်ခံမည်ဆိုပါက လက်ငင်းပေးချေမှုအဖြစ် ရွှေပြား ၁၀ပြား ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ မုန့်ချင်ကျိုးလည်း ထိုချမ်းသာသော သမီးပျိုသည် နောက်ပိုင်းတွင် စိတ်ကြိုက်သူနှင့် တွေ့ကာ သူ့ကို မေ့သွားလိမ့်မည်ဟု တွေးကာ လက်ခံခဲ့သည်။

သို့သော် မထင်မှတ်ဘဲ သုံးနှစ်ကျော်အကြာတွင် တုန်းဖန်လျိုလီသည် လူလွှတ်၍ သူ့ကို လာရောက်ရှာဖွေကာ ကတိအတိုင်း လက်ထပ်ရန် တောင်းဆိုခဲ့သည်။ မုန့်ချင်ကျိုးလည်း အေးအေးဆေးဆေးနေတတ်သူပီပီ ကတိမဖျက်ဘဲ အိမ်ပါသမက်အဖြစ် ခံယူခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း မင်္ဂလာဆောင်ပြီးနောက် ရက်သတ္တပတ် နှစ်ပတ်ခန့် ကုန်လွန်သွားခဲ့‌လေပြီ။ မုန့်ချင်ကျိုး၏ လက်ရှိအဆင့်မှာ တောင်ရွှေ့နယ်ပယ်ဖြစ်ပြီး သူ၏ ဓားအာရုံမှာလည်း အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

[တွီ... မျက်လုံးပိတ်ထားမှု သုံးနှစ်ပြည့်မြောက်ခဲ့ပြီ]

[အထူးဆုလာဘ် ရရှိသည်... အဆတစ်ရာ တိုးပွားခြင်း ဆုလာဘ်...]

[အချိန်နှင့် နေရာလွတ်ဆိုင်ရာ မသေမျိုးအဆင့် ဓားအာရုံ - ဤဓားအာရုံသည် အချိန်နှင့် နေရာလွတ်ကို လွှမ်းမိုးနိုင်၏။ အထွတ်အထိပ်သို့ ရောက်ပါက ဓားတစ်ချက်ဖြင့် အချိန်ကို နောက်ပြန်လှည့်နိုင်ပြီး ဟင်းလင်းပြင်ကို ဖျက်ဆီးနိုင်သည်။ အစွမ်းထက်ဆုံးသော ဓားအာရုံများအနက် တစ်ခု ဖြစ်သည်။]

မုန့်ချင်ကျိုး၏ အသက်ရှူသံ ရုတ်တရက် ပြင်းထန်လာပြီး အမြဲ အေးဆေးနေသော သူ၏ စိတ်နှလုံးမှာလည်း လှုပ်ခတ်သွားခဲ့သည်။

စနစ်မှရသော ဆုလာဘ်များကို အဝါ၊ နက်နဲ၊ မြေ၊ မိုး၊ တန်ခိုးရှင်၊ ဧကရာဇ်၊ မဟာဧကရာဇ်၊ အထွတ်အထိပ် ဟူ၍ အဆင့် (၈) ဆင့် ခွဲခြားထားရာ ဤသုံးနှစ်အတွင်း တန်ခိုးရှင် အဆင့်ကို ပထမဆုံးအကြိမ် ရရှိခြင်း ဖြစ်သည်။

သူက အတွင်းထဲရှိ ဓားအာရုံများ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး ကျင့်ကြံခြင်း အဆင့်မှာလည်း ထိုးတက်သွားခဲ့သည်။ သူက ထိုအစွမ်းကို မနည်း ထိန်းချုပ်လိုက်ရပြီး အနည်းငယ်မျှ လွတ်ထွက်သွားသော အရှိန်ကြောင့်ပင် ကောင်းကင်ယံရှိ တိမ်တိုက်များ ကွဲအက်သွားကာ မြေပြင်တွင် မီတာတစ်ရာခန့် ကျယ်ဝန်းသော ကျင်းကြီးတစ်ခု ဖြစ်သွားခဲ့သည်။

“အရမ်း အစွမ်းထက်တာပဲ... ငါ့အဆင့်က တောင်ရွှေ့နယ်ပယ်မှာပဲ ရှိနေသေးပေမယ့် တကယ့်အစွမ်းက နှစ်ဆလောက် တိုးသွားပြီ...”

အချိန်နှင့် နေရာလွတ်ဆိုင်ရာ ဓားအာရုံကို ထိန်းချုပ်နိုင်သွားသည့်အခါမှ သူ သက်ပြင်းချ နိုင်တော့သည်။ ကံကောင်းထောက်မစွာဖြင့် သူက ကျင့်ကြံခြင်းမရှိသော သာမန်လူများ အကြားတွင် နေထိုင်နေခြင်းကြောင့်သာ ဖြစ်ပြီး မဟုတ်ပါက ဤမျှပြင်းထန်သော ဓားအာရုံမှာ အခြားကျင့်ကြံသူများကို ဆွဲဆောင်မိပေလိမ့်မည်။

မိမိကိုယ်ကိုယ် ဖုံးကွယ်ထားသည့် ဆုံးဖြတ်ချက် မှန်ကန်သည်ဟု တွေးနေစဉ်မှာပင်...

ရုတ်တရက် ခြံဝင်းတံခါး ပွင့်သွားပြီး ပန်းပြာရောင် ဝတ်စုံဝတ်ထားသော အမျိုးသမီး အရာရှိငယ်တစ်ဦးမှာ စိုးရိမ်တကြီးဖြင့် ပြေးဝင်လာသည်။ မုန့်ချင်ကျိုးက သူ့ကို အာရုံခံမိပြီးသားဖြစ်သည်။ သူက မျက်လုံးနှင့် သိစိတ်ကို ပိတ်ထားသော်လည်း သူ၏ အကြားအာရုံမှာ အလွန်စူးရှသဖြင့် မီတာ၁၀၀ အတွင်းရှိ အရာအားလုံးကို သိရှိနေသည်။

စုချင်ချိုး အပြေးအလွှား ရောက်လာပြီး မုန့်ချင်ကျိုးကို စစ်ဆေးကာ စိုးရိမ်တကြီး မေးလိုက်သည်။

“သခင်လေး... အဆင်ပြေရဲ့လား။ အခုလေးတင် အသံအကျယ်ကြီး ကြားလိုက်လို့။ တစ်ခုခု ထိခိုက်သွားသေးလား။”

မုန့်ချင်ကျိုး ပြုံးလိုက်ပြီး စုချင်ချိုး၏ ပါးလေးကို ဆွဲညှစ်လိုက်သည်။ နူးညံ့ချောမွေ့သော အထိအတွေ့ကြောင့် တုန်းဖန်မိသားစုက ကျေးရွာ၌ အချမ်းသာဆုံးပီပီ အစေခံလေးများပင် ထိုမျှလောက် လှပနေသည်ဟု သူ တွေးလိုက်မိသည်။

လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်အတွင်း စုချင်ချိုး၏ ပြောပြချက်များကြောင့် သူသည် ပစ္စုပ္ပန်ကျေးရွာဟု ခေါ်သော ဝေးလံသည့် ရွာလေးတစ်ရွာတွင် အေးအေးဆေးဆေး နေထိုင်နေသည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။

“သခင်လေး... ကျွန်မကို မစပါနဲ့...” စုချင်ချိုးက နှုတ်ခမ်းလေးစူကာ မုန့်ချင်ကျိုး၏ လက်ကို ဖယ်ထုတ်လိုက်သည်။

လွန်ခဲ့သော ၃နှစ်က မုန့်ချင်ကျိုးနှင့် တုန်းဖန်လျိုလီ စတင်တွေ့ဆုံစဉ်ကတည်းက စုချင်ချိုး ဘေးနားတွင် အမြဲရှိနေခဲ့ခြင်း ဖြစ်သည်။

မုန့်ချင်ကျိုးက ပြုံးလျက် မေးလိုက်သည် “ချင်ချိုး... မင်း ဓားသိုင်း သင်ချင်သလား။”

စုချင်ချိုးက ပါးလေးကို ပွတ်ရင်း ခေါင်းညိတ်ပြကာ ဖြေသည်။ “ဟုတ်ကဲ့။ သခင်လေးနဲ့ သခင်မလေးကို ကာကွယ်ပေးဖို့ ဓားသိုင်း သင်ချင်ပါတယ်။”

“ကောင်းပြီလေ... ငါ့မှာ မှတ်မိနေတဲ့ ဓားသိုင်းကျမ်းတစ်ခု ရှိတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ခရီးသွားရင်း မုတ်ဆိတ်ဖြူ အဘိုးအိုတစ်ယောက် ပေးခဲ့တာ။ ငါ အဲဒါကို မင်းကို ပြောပြမယ်...” မုန့်ချင်ကျိုးက ကျောက်စားပွဲတွင် ထိုင်ကာ လက်ဖက်ရည်ကို ငှဲ့လိုက်သည်။ သူက မျက်စိမမြင်သော်လည်း ပတ်ဝန်းကျင်ကို အာရုံခံနိုင်စွမ်းကြောင့် သာမန်လူနှင့် မခြားဘဲ အရာဝတ္ထုများကို တိကျစွာ ကိုင်တွယ်နိုင်သည်။

စုချင်ချိုးက မျက်တောင်တဖြတ်ဖြတ်နှင့် မေးသည်။ “သခင်လေး... သူက မုတ်ဆိတ်ဖြူနဲ့ဆိုတာ ဘယ်လိုသိတာလဲ။”

မုန့်ချင်ကျိုး - “......”

အိုး...ငါ မျက်စိမမြင်ဘူးဆိုတာကို မေ့သွားပြန်ပြီ...

“မင်း နားထောင်မှာလား၊ မနားထောင်ဘူးလား။” မုန့်ချင်ကျိုးက ချောင်းဟန့်ကာ မေးလိုက်သည်။

“နားထောင်ပါ့မယ်...” စုချင်ချိုးက မြေပြင်ပေါ်ရှိ ဖုန်များကို ဂရုမစိုက်ဘဲ မုန့်ချင်ကျိုး၏ ဘေးတွင် ရိုသေစွာ ဒူးထောက်ထိုင်ကာ နားထောင်ရန် ပြင်လိုက်သည်။

ထိုအခါမှ မုန့်ချင်ကျိုးသည် စိတ်ကို တည်ငြိမ်စေကာ ဓားသိုင်းကို စတင်၍ ရွတ်ဆိုပြတော့သည်။

အချိန်များ ကုန်လွန်၍ သွားသော်လည်း မုန့်ချင်ကျိုးသည် ထင်းရှူးပင်တစ်ပင်ကဲ့သို့ မတ်မတ်ထိုင်ကာ ကျမ်းစာကို ရွတ်ဆိုနေဆဲပင်။

“ဓားသွားကို ဓားအိမ်ထဲ ကွယ်ဝှက်ထား၊ အင်အားကို စုစည်းပြီးမှ ထုတ်လွှတ်၊ စိတ်နဲ့ စွမ်းအင်ကို တစ်သားတည်း ဖြစ်အောင်ထား...”

စုချင်ချိုးမှာ အစပိုင်းတွင် ဟန်ဆောင်နားထောင်နေခြင်း ဖြစ်သော်လည်း (အမှန်စင်စစ် သူက ပါရမီရှင် ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်) နားထောင်ရင်းနှင့် သူ၏ စိတ်မှာ သိုင်းကျမ်းထဲသို့ နစ်ဝင်သွားကာ အသိဉာဏ်အလင်းများ ပွင့်လာခဲ့သည်။

နာရီဝက်ခန့်အကြာတွင် သူ နိုးထလာသောအခါ သူ၏ ခန္ဓာကိုယ် တုန်ယင်နေပြီး အံ့ဩစိတ်လှုပ်ရှားနေမိသည်။

ဒါက ဓားသိုင်းမှာ အထွတ်အထိပ်ကို ရောက်နေတဲ့ ပုဂ္ဂိုလ်ကြီးတွေဆီက ရတဲ့ အသိဉာဏ်တွေပဲ... ဒီသိုင်းကျမ်းကြောင့် ငါ တိမ်တက်နယ်ပယ်ကိုတောင် ရောက်သွားပြီ...

သူက အေးဆေးတည်ငြိမ်စွာ ထိုင်နေသော မုန့်ချင်ကျိုးကို ကြည့်ရင်း ကျေးဇူးတင်စိတ်များ ပြည့်လျှံလာခဲ့သည်။

မုန့်ချင်ကျိုးကတော့ စုချင်ချိုး ဘာတွေးနေမှန်း မသိဘဲ သူ့ထံမှ အေးစိမ့်သော ဓားအာရုံ တစ်ခု ထွက်ပေါ်လာသည်ကိုသာ သတိပြုမိလိုက်သည်။ “ဒီကောင်မလေးက ဓားပညာမှာ ပါရမီပါတာပဲ”ဟု သူ တွေးလိုက်မိသည်။

“ဒီလို သိုင်းကျမ်းတွေ ငါ့ဆီမှာ အများကြီးရှိသေးတယ်။ လိုချင်ရင် အချိန်မရွေး လာခဲ့၊ ငါ ပြောပြမယ်...”

စုချင်ချိုး အသက်ရှူပင် ရပ်သွားမတတ် အံ့ဩသွားရသည်။ ဤမျှ အဖိုးတန်သော ကျမ်းစာမျိုး အများကြီး ရှိသေးသည်တဲ့လား...

“ဒီလောက် အဖိုးတန်တာတွေကို ကျွန်မ ရယူဖို့ မထိုက်တန်ပါဘူး...” သူက ဆိုသည်။

မုန့်ချင်ကျိုးက သာယာစွာ ပြုံးလိုက်ပြီး ပြောသည်။ “ကိစ္စမရှိပါဘူး။ ဒါတွေက ငါ့အတွက်တော့ ပြင်ပပစ္စည်းတွေပါပဲ...”

စုချင်ချိုးသည် ဝတ်စုံကို တင်းတင်းဆုပ်ကိုင်ရင်း အရှေ့မှ အနက်ရောင်ဝတ်စုံနှင့် လူငယ်ကို ကြည့်ကာ တွေးလိုက်မိသည်။

“ဧကရီရဲ့ကြင်ရာ‌‌တော်က တကယ့်ကို ခန့်မှန်းရခက်လွန်းတယ်...”

All Chapters