ရှက်တတ်တဲ့ အစေခံမလေးက အေးစက်ပြီး ချောမောတဲ့ ဓားနတ်ဘုရားမ ဖြစ်နေတယ်
Vol. 1 Ch. 2
ထိုက်ကျိခန်းမဆောင်၊ ဧကရီကြင်ရာတော်၏ သီးသန့်အိပ်ဆောင်၌။
မဟာကျင်းပြည်ထောင် ဧကရီက သာမန်အရပ်သားတစ်ဦးဖြစ်သူ မုန့်ချင်ကျိုးအား ကြင်ရာတော်အဖြစ် တစ်လောကလုံးကို ကြေညာခဲ့သည့်အချိန်မှစ၍ ထိုက်ကျိ ခန်းမဆောင်က အစိမ်းရောင်အုတ်ကြွပ်များ၊ ခြံစည်းရိုးများဖြင့် ဝန်းရံထားပြီး ကြက်၊ ဘဲ၊ ငန်းများဖြင့် ပြည့်နှက်နေသည့် သာမန်လူနေအိမ်လေး တစ်ခုအသွင်သို့ ပြောင်းလဲ သွားခဲ့သည်။
ထို့ပြင် ဧကရီသည် ဝန်ကြီးများ၊ နန်းတွင်းအစေခံများနှင့် မိန်းမစိုးများအားလုံးကို ၎င်းတို့၏ သက်ဆိုင်ရာအခန်းကဏ္ဍများအတိုင်း သရုပ်ဆောင်ရန်နှင့် မုန့်ချင်ကျိုး ရှေ့တွင် သူ မည်သူည်ဝါ ဖြစ်ကြောင်းကို ထုတ်မပြောရန် အမိန့်ပေးထားလေသည်။
ထိုအချိန်မှစ၍ ထိုက်ကျိခန်းမဆောင်၏ ပတ်ဝန်းကျင် မီတာအနည်းငယ်အတွင်းရှိ နံရံနီ၊ အုတ်ကြွပ်ဝါများဖြင့် တည်ဆောက်ထားသော နန်းတွင်းအဆောက်အအုံများကို ဖြိုချဖျက်ဆီးကာ မြေဝါနံရံနှင့် အုတ်ကြွပ်မည်းများဖြင့် ဆောက်လုပ်ထားသော အိမ်များဖြင့် အစားထိုးခဲ့သည်။
ဤမြင်ကွင်းက ခမ်းနားထည်ဝါလှသော နန်းတော်ကြီး အလယ်တွင် ငှက်ချေးကွက် တစ်ခုကဲ့သို့ ဖြစ်နေပြီး ကြည့်ရသည်မှာ အလွန်ပင် အရသာပျက်လှပေသည်။
ဧကရီက ဤဆိတ်ငြိမ်သော နေရာလေးကို “ပစ္စုပ္ပန်ကျေးရွာ”ဟု အမည် ပေးခဲ့သည်။
သူ၏ ရည်ရွယ်ချက်မှာ မုန့်ချင်ကျိုးအား နိုင်ငံရေးရာကိစ္စရပ်များနှင့် ဝေးဝေးတွင် ထားရန်ဖြစ်ပြီး၊ မသမာသောရည်ရွယ်ချက်ရှိသူများ၏ အသုံးချခံရမည်ကို စိုးရိမ်၍ ဤသို့ အသေးစိတ်စီစဉ်ထားခြင်းဖြစ်သည်။
သို့သော် ယခုတွင်မူ တစ်ချိန်က အေးချမ်းခဲ့သော “ပစ္စုပ္ပန်ရွာ”သည် ချောက်ချားဖွယ် လေထုတစ်ခုဖြင့် ပြည့်နှက်နေသည်။
“ရွာသား” အားလုံးက ခေါင်းများကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြပြီး စူးရှသော အကြည့်များသည် မြေဝါအိမ်များကို ဖြတ်ကျော်ကာ အစိမ်းရောင် အုတ်ကြွပ်အိမ်လေးဆီသို့ စိုက်ကြည့်နေကြသည်။
ရွာလူကြီးအဖြစ် ဝါသနာအရ သရုပ်ဆောင်နေသော လက်ရှိ နန်းရင်းဝန် ကျန်းစန်းဟိုင်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဓားအာရုံလဲ... ဟိုးအရင်က ငယ်ရွယ်တဲ့ ငါ့ကိုတောင် နေရာလွတ် အကွာအဝေးကို ကျော်ဖြတ်ပြီး ပိုင်းဖြတ်နိုင်မယ့် အတိုင်းပဲ...”
ဝိုင်ရောင်းသူအဖြစ် သရုပ်ဆောင်နေသော နန်းတွင်းကိုယ်ရံတော် ခေါင်းဆောင်က ကောင်းကင်ယံကို ထိုးဖောက်နေသည့် “အချိန်နှင့်နေရာလွတ်ဓားအာရုံ”ကို မော့ကြည့်ရင်း တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထသွားကာ အသက်ကို အချိန်မရွေး နှုတ်ယူသွား နိုင်သည်ဟု ခံစားနေရသည်။
“ဒါက ဧကရီကြင်ရာတော်ရဲ့ အိပ်ဆောင်ပဲ။ လက်အောက်ငယ်သားတွေ ကျူးကျော် ဝင်ရောက်လို့မရပေမယ့်၊ တကယ်လို့ လုပ်ကြံသတ်ဖြတ်သူသာရှိနေရင် ကြင်ရာတော်ကြီး အန္တရာယ်ရှိနိုင်တယ် မဟုတ်လား။” ကိုယ်ရံတော်ခေါင်းဆောင် ဂနာမငြိမ် ဖြစ်နေသည်။
ကျန်းစန်းဟိုင်က ဆိုသည်။ “စိတ်မပူပါနဲ့၊ ငါ အရှင်မကို အကြောင်းကြားပြီးပြီ။ တစ်ယောက်ယောက် လာစစ်ဆေးလိမ့်မယ်။”
ထိုစဉ် သာမန်ရုပ်ရည်သာရှိသော ရှုနယ်မြေလက်ဝေခံဘုရင်၏ အမွေဆက်ခံသူ ကျောက်ကော်က လှောင်ပြောင်လိုက်သည်။ “ကျင့်ကြံခြင်းလည်းမရှိ၊ အသိပညာလည်း မရှိတဲ့ ဒီလိုခြေသလုံးအိမ်တိုင် မသန်စွမ်းတစ်ယောက်က မဟာကျင်းပြည်ထောင်ရဲ့ ဧကရီကြင်ရာတော်ဘွဲ့ကို ဘယ်လိုများ ခံယူနိုင်မှာလဲ။ တကယ်လို့ လုပ်ကြံခံရတယ် ဆိုရင်တောင် တခြားနိုင်ငံတွေရဲ့ လှောင်ပြောင်မှုကို ခံနေရတာထက်စာရင် သက်သာဦးမယ်...”
ကျောက်ကော်၏ အသံမှာ ကျယ်လောင်လှပြီး ဤကဲ့သို့ ပုန်ကန်လိုသော စကားလုံးများကို မည်သူမျှ တားဆီးခြင်းမရှိပေ။ မင်းဆက်သုံးဆက်တိုင် တိုင်းပြည်၏ ထောက်တိုင်ဖြစ်ခဲ့သော ဝါရင့်နန်းရင်းဝန်ကြီး ကျန်းစန်းဟိုင်ပင်လျှင် မကြားချင် ယောင်ဆောင်နေလေသည်။
ဧကရီက ဝန်ကြီးများ၏ သဘောတူညီချက် မပါဘဲ မျက်မမြင်တစ်ဦးကို ကြင်ရာတော်အဖြစ် တစ်ဖက်သတ်ခန့်အပ်ခဲ့ခြင်းမှာ ဘိုးဘေးစဉ်ဆက် စည်းမျဉ်းများကို ဆန့်ကျင်နေပြီး လူထု၏ မကျေနပ်မှုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
ကျန်းစန်းဟိုင်တွင်လည်း ကိုယ်ပိုင်သံသယများ ရှိနေသည်။
ဧကရီအတွက် ကြင်ရာတော် ရွေးချယ်ခြင်းသည် ကြီးလေးသောကိစ္စ ဖြစ်သည်။ လျာထားခံရသူက အနည်းဆုံးအားဖြင့် သီလရှိခြင်း၊ ပညာရှိခြင်း၊ ကျန်းမာသန်စွမ်းခြင်းနှင့် ရုပ်ရည်ချောမောခြင်းတို့အပြင် ထီးနန်းကို တည်ငြိမ်အောင် ကူညီနိုင်မည့် ခိုင်မာသော မိသားစုနောက်ခံလည်း ရှိရမည် ဖြစ်သည်။
ဘယ်ကမှန်းမသိ ပေါ်လာသည့် ဤမုန့်ချင်ကျိုးသည်ကား လောကနယ်ပယ်မှ လူလေလူလွင့်တစ်ဦးသာဖြစ်ပြီး မည်သည့်ရှုထောင့်မှကြည့်ကြည့် ဧကရီကြင်ရာတော် အဖြစ် မထိုက်တန်လှပေ။
“တကယ်လို့ ကျုပ်သာ ဧကရီကြင်ရာတော်အဖြစ် ရွေးချယ်ခံရရင် ရှုနယ်မြေ တစ်ခုလုံးက အရှင်မရဲ့ ကျောထောက်နောက်ခံ ဖြစ်လာမှာ။ ရှုနယ်မြေရဲ့ အင်အား ၂သိန်း ရှိတဲ့ စစ်တပ်ကြီးကလည်း အရှင်မရဲ့ အမိန့်အောက်မှာ ရှိနေမှာပဲ...” ကျောက်ကော်က မနာလိုဝန်တိုစိတ်ဖြင့် ပြောလိုက်သည်။
မိမိ နှစ်ပေါင်းများစွာ တပ်မက်ခဲ့ရသော ဧကရီအား မျက်မမြင်တစ်ဦးက ပိုင်ဆိုင်သွားသည်ကို တွေးမိတိုင်း ကျောက်ကော်က မုန့်ချင်ကျိုးကို သတ်ပစ်ချင်စိတ် ပေါက်နေမိသည်။
သူစကားပြောနေစဉ်မှာပင် အေးစက်လှပပြီး ပြိုင်ဘက်ကင်းသည့် ပုံရိပ်တစ်ခုက လေထုကို ဖြတ်သန်းကာ ပစ္စုပ္ပန်ရွာသို့ ဆင်းသက်လာပြီး အစိမ်းရောင်အုတ်ကြွပ် အိမ်လေးထဲသို့ အလျင်အမြန် ဝင်သွားသည်။
ကိုယ်ရံတော်ခေါင်းဆောင်က ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ အံ့အားသင့် သွားသည်။ “ဒါက ဧကရီရဲ့ ဓားအစေခံ၊ အေးစက်ပြီး ချောမောတဲ့ ဓားနတ်ဘုရားမ စုချင်ချိုးပဲ။ ဒီလောက်ငယ်ငယ်လေးနဲ့ ပထမအဆင့်ကျင့်ကြံသူ ဖြစ်နေပြီ။ အချိန်တန်ရင် ဓားပညာလောကမှာ အကြီးအကဲတစ်ယောက် ဖြစ်လာမှာ သေချာတယ်...”
စုချင်ချိုး၏ အမည်ကို ကြားလိုက်ရသောအခါ ဝန်ကြီးအများအပြား၏ မျက်လုံးများ တောက်ပသွားကြသည်။
သူက အသက်သုံးနှစ်တွင် ဓားလမ်းစဉ်သို့ စတင်ဝင်ရောက်ခဲ့ပြီး လေးနှစ်တွင် ကောင်းကင်နှင့်မြေကြီးကို နားလည်သဘောပေါက်ကာ နဝမဆင့်သို့ ရောက်ရှိခဲ့သည်။ ၁၀နှစ်တွင် လောကတစ်ခွင်ရှိ ရွယ်တူများကြားတွင် ပြိုင်ဘက်ကင်းခဲ့ပြီး ၁၂နှစ်တွင် ထိပ်တန်းအင်အားစုဖြစ်သော “ကောင်းကင်ဓားတောင်၏ ခေါ်ယူခြင်းကို ခံခဲ့ရသည်။ ၁၄နှစ်တွင် ပထမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိကာ ဂိုဏ်းငယ်တစ်ခု၏ တိမ်တက်နယ်ပယ် အကြီးအကဲတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်။
အသက် ၁၆နှစ်တွင် ဧကရီ၏နောက်သို့ လိုက်ပါလာခဲ့ပြီး တစ်ကမ္ဘာလုံးတွင် ကျော်ကြားလာကာ လူငယ်ထူးချွန်သူပေါင်းများစွာ၏ အိပ်မက်နတ်သမီး ဖြစ်လာခဲ့သည်။
အတော်ကြာပြီးနောက် ကိုယ်ရံတော်ခေါင်းဆောင် စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်း နေစဉ်မှာပင် ခြံတံခါး ပွင့်လာခဲ့သည်။
စုချင်ချိုးသည် တည်ငြိမ်အေးစက်သော မျက်နှာပေးဖြင့် လမ်းပေါ်ရှိလူများကို ဘာမှမဖြစ်ကြောင်း လက်ပြကာ အချက်ပြလိုက်သည်။
“မိန်းကလေးချင်ချိုးရဲ့ အလှက ပြိုင်ဘက်ကင်းတယ်လို့ ကြားဖူးတာ၊ အခု ကိုယ်တိုင် မြင်ရတော့မှ တကယ်လို့ ယုံတော့တယ်...” ကျောက်ကော်က စုချင်ချိုး၏ လမ်းကို ပိတ်ရပ်ကာ ပြုံးလျက် ပြောလိုက်သည်။
စုချင်ချိုးက သူ့ကို တစ်ချက်ပင် လှည့်မကြည့်ဘဲ အေးစက်စွာ ပြောလိုက်သည်။ “ဘေးဖယ်...”
“မိန်းကလေး ချင်ချိုးက ပါရမီထူးခြားတယ်ဆိုတာ ကြားပါတယ်။ အသက် ၁၄နှစ်မှာ ပထမအဆင့် အထွတ်အထိပ်ကို ရောက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာတော့ ဘာတိုးတက်မှုမှ မရှိခဲ့ဘူးမဟုတ်လား။ ငါ့ဆီမှာ မင်းကို တိမ်တက်နယ်ပယ် ရောက်အောင် ကူညီပေးနိုင်မယ့် ရှားပါးဆေးလုံးတစ်လုံး ရှိတယ်...” ကျောက်ကော်က ကျောက်စိမ်းဘူး တစ်ခုကို ထုတ်ကာ စုချင်ချိုးအား ကမ်းပေးလိုက်သည်။
ကျောက်ကော်၏ မျက်လုံးများသည် စုချင်ချိုး၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံး ကိုယ်ပေါက်ပေါ်တွင် အရှက်မရှိ လှည့်လည် ကြည့်ရှုနေသည်။ အဆင့်တက်နိုင်မည့် အခွင့်အရေးကို ငြင်းပယ်နိုင်မည်မဟုတ်ဟု သူ ယုံကြည်နေသည်။
ကျောက်ကော်၏ ရင်ထဲတွင် ရမ္မက်ဇောများ တောက်လောင်နေသည်။ ဧကရီကို လောလောဆယ် မပိုင်ဆိုင်နိုင်သေးသော်လည်း ရှေ့မှ အေးစက်ချောမောသော ဓားနတ်ဘုရားမလေးသည်လည်း ရွေးချယ်စရာကောင်းတစ်ခုပင်။
“လုပ်ပါ။ မင်းရဲ့ အေးစက်နေတဲ့ မျက်နှာဖုံးကို ချွတ်ပြီး ငါ့ကို တောင်းပန်လိုက်။ ဒါဆိုရင် ဒီဆေးလုံးက မင်းအပိုင်ပဲ...”
လမ်းပေါ်ရှိ ဖြတ်သန်းသွားလာသူများ ကြည့်နေကြသော်လည်း မည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်းမပြုရဲကြပေ။
“ဖယ်လို့ပြောနေတယ်...” စုချင်ချိုးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တိမ်တက်နယ်ပယ် အရှိန်အဝါကို ကျောက်ကော်ထံသို့ ထုတ်လွှတ်လိုက်သည်။
ကျောက်ကော် မျက်နှာပျက်သွားကာ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။ သူ ကိုင်ထားသော ကျောက်စိမ်းဘူးလေးမှာလည်း အမှုန့်အဖြစ် ကြေမွသွားသည်ကို တွေ့လိုက်ရ၏။
“တိမ်တက်နယ်ပယ်လား...” ကျောက်ကော် မယုံနိုင်ဖြစ်သွားသည်။ “မင်းက သိပ်မကြာခင်ကမှ ပထမအဆင့် အထွတ်အထိပ်မှာပဲ ရှိနေသေးတာကို ဘယ်လိုလုပ်ပြီး...”
စုချင်ချိုးသည် မလှမ်းမကမ်းရှိ ပိတ်ထားသော ခြံတံခါးကို ရှုပ်ထွေးသော အကြည့်များဖြင့် လှည့်ကြည့်ပြီး ပြောလိုက်သည်။
“ဧကရီရဲ့ကြင်ရာတော် လမ်းညွှန်မှုကြောင့် ကျွန်မက ဉာဏ်အလင်း ပွင့်သွားပြီး အချုပ်အနှောင်တွေကို ဖောက်ထွက်နိုင်ခဲ့တာ။ ရှင့်ရဲ့ ဆေးလုံးကို ဖျက်ဆီးလိုက်တာက အပြစ်ပေးရုံ သက်သက်ပဲ။ နောက်တစ်ခါ ကျွန်မကို စော်ကားဦးမယ်ဆိုရင် သူသေ ကိုယ်သေ စင်ပေါ်မှာပဲ ရှင်းကြတာပေါ့...”
ထိုသို့ပြောပြီးနောက် စုချင်ချိုး ရပ်မနေဘဲ ထွက်ခွာသွားတော့သည်။
ကျောက်ကော်က မျက်လုံးများ ပြူးကျယ်သွားကာ မျက်နှာပျက်နေခဲ့သည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျင့်ကြံခြင်းလည်းမရှိတဲ့ မျက်မမြင် တစ်ယောက်က လမ်းညွှန်စကား နည်းနည်းနဲ့ ပထမအဆင့် ဓားသမားတစ်ယောက်ကို တိမ်တက်နယ်ပယ် ရောက်အောင် ကူညီပေးနိုင်တယ် ဟုတ်လား။”
ပထမအဆင့်နှင့် တိမ်တက်နယ်ပယ်ကြားရှိ ခြားနားချက်မှာ ချောက်ကမ္ဘာကြီး တစ်ခုကဲ့သို့ပင်။ နဝမအဆင့်ရှိသူမှာ သာမန်လူသားမျှသာ ဖြစ်ပြီး၊ တိမ်တက်နယ်ပယ် ကျင့်ကြံသူမှာမူ လေထဲတွင် ပျံသန်းနိုင်ကာ ထူးကဲသော စွမ်းအားများကို သုံးနိုင်သူ ဖြစ်သည်။
ကျောက်ကော်သည် ရှုနယ်မြေ၏ ကျောထောက်နောက်ခံဖြင့် မွေးကတည်းက ကောင်းကင်ဘုံဆေးများစွာကို အသုံးပြုကာ နှစ်ပေါင်း ၂၀တိုင်တိုင် ကျင့်ကြံခဲ့သော်လည်း တိမ်တက်နယ်ပယ်၏ ပထမအဆင့်သို့ ခက်ခဲစွာ တက်လှမ်းနေရသူဖြစ်သည်။
ကိုယ်ရံတော်ခေါင်းဆောင်က တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ “ဧကရီရဲ့ ကြင်ရာတော်က နက်နဲတဲ့ အသိပညာတွေရှိတဲ့ ပညာရှိ တစ်ယောက်များလား။”
နန်းရင်းဝန်ကြီး ကျန်းစန်းဟိုင်၏ မျက်လုံးများကလည်း တောက်ပသွား၏။ “တကယ် ဒါသာ အမှန်ဆိုရင်တော့ ငါတို့ရဲ့ ကြင်ရာတော်ကြီးက သာမန်လူတော့ မဟုတ်ဘူးပဲ...”
နန်းတွင်းစာကြည့်ဆောင်တွင်။
တုန်းဖန်လျူလီက ဇာမဏီပုံပါသော အနီရောင်ဝတ်စုံကို ဆင်မြန်းထားပြီး တင့်တယ်လှပသော ကိုယ်လုံးကိုယ်ပေါက်ကို ဖုံးကွယ်ထား၍မရပေ။ သူသည် စားပွဲတွင် ထိုင်ကာ အစီရင်ခံစာများကို စစ်ဆေးနေရင်း ဖြူသွယ်သော လက်ချောင်းလေးများဖြင့် နားထင်ကို နှိပ်နယ်နေကာ လှပသောမျက်နှာတွင် စိုးရိမ်ရိပ်များ ယှက်သန်းနေ၏။
သူ၏ မျိုးရိုးအမည်မှာ “ချင်း” ဖြစ်သလို “တုန်းဖန်”လည်း ဖြစ်သဖြင့် သူ့ကို ချင်းလျူလီဟုလည်း ခေါ်ကြသည်။
“တုန်းဖန်”ဆိုသည့် အမည်မှာ အရှေ့ဘက်မှ ထွက်ပေါ်လာသော နေမင်းကို ကိုယ်စားပြုရန် သူကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော တိုင်းပြည်များအကြား ပဋိပက္ခများ အဆုံးသတ်သွားမည်ဟူသော မျှော်လင့်ချက်ကို ဖော်ဆောင်ခြင်းဖြစ်သည်။
ထို့ကြောင့် မုန့်ချင်ကျိုးသည် ဇာတ်လမ်း အကြောင်းကို မည်မျှပင် သိနေပါစေ၊ နူးညံ့သိမ်မွေ့သော တုန်းဖန်လျူလီအား ဇာတ်လမ်းထဲမှ ပြတ်သားရက်စက်သော ဧကရီ ချင်းလျူလီနှင့် မည်သည့်အခါမျှ ဆက်စပ်တွေးတောမိမည် မဟုတ်ပေ။
“အရှင်မ...”
စုချင်ချိုးသည် တုန်းဖန်လျူလီ၏ ဘေးတွင် တိတ်တဆိတ် ရပ်လိုက်ပြီး ဒူးတစ်ဖက်ထောက်ကာ ရိုသေစွာ လျှောက်တင်လိုက်သည်။ “ထိုက်ကျိခန်းမဆောင်မှာ ကျူးကျော်သူ မရှိပါဘူး။ ကြင်ရာတော် ဘေးကင်းပါတယ်။ ဒါပေမဲ့ အရှိန်အဝါကြီးမားလှတဲ့ ဓားအာရုံရဲ့ အရင်းအမြစ်ကိုတော့ ရှာမတွေ့ခဲ့ပါဘူး...”
တုန်းဖန်လျူလီက အသာအယာ ခေါင်းညိတ်လိုက်ပြီး သူ့ကို ကြည့်ကာ အံ့သြ သွားသည်။ “တိမ်တက်နယ်ပယ်လား။ ပြီးတော့ နင်က ဓားအာရုံကိုလည်း နားလည် သွားတဲ့ပုံပဲ။ မဆိုးဘူး...”
“ဒါကို ဘယ်လိုလုပ်နိုင်ခဲ့တာလဲ။”
စုချင်ချိုးသည် ဘာကိုမှ ဖုံးကွယ်မထားဘဲ ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်လည်တင်ပြလိုက်သည်။
မုန့်ချင်ကျိုး ရွတ်ဆိုခဲ့သော ဓားသိုင်းကျမ်းများကိုလည်း သူ မှတ်မိသလောက် ပြန်လည်လျှောက်တင်ခဲ့သည်။
“သူလား...” တုန်းဖန်လျူလီ မသိလိုက်ဘဲ မျက်မှောင်ကြုတ်သွား၏။ “ဒီလောက် နက်နဲတဲ့ ဓားပညာအသိတွေကို သာမန်လူတစ်ယောက်က ဘယ်ကနေ ရနိုင်မှာလဲ။”
ဧကရီတုန်းဖန်လျူလီနှင့် မုန့်ချင်ကျိုးတို့၏ လက်ထပ်မင်္ဂလာပွဲသည် အပေးအယူ တစ်ခုသာ ဖြစ်သည်။
ဝန်ကြီးအများအပြားက မကောင်းသော ရည်ရွယ်ချက်များဖြင့် တုန်းဖန်လျူလီအား ကြင်ရာတော်တစ်ဦး ခန့်အပ်ရန် အမြဲတစေ တိုက်တွန်းခဲ့ကြပြီး ချောမောသော အမျိုးသား တစ်ဦးကို အသုံးချကာ အုပ်ချုပ်ရေးကို ပျက်ပြားစေရန် ကြံစည်ခဲ့ကြသည်။
သို့သော် တုန်းဖန်လျူလီကား မည်သူနည်း။ သမိုင်းတွင် ရှားပါးလှသော ဧကရီ တစ်ပါး မဟုတ်ပါလား။ သူ၏ ရည်မှန်းချက်မှာ တစ်ကမ္ဘာလုံးကို သိမ်းပိုက်ရန်ဖြစ်ပြီး အမျိုးသားများအတွက် အချိန်မရှိပေ။ ထို့ကြောင့် သူက ဝန်ကြီးများ၏ ပါးစပ်ကို ပိတ်ရန် မုန့်ချင်ကျိုးနှင့် အပေးအယူလုပ်ခဲ့ခြင်းပင်။
“ငါနဲ့ လိုက်ခဲ့။ သွားကြည့်ရအောင်...” တုန်းဖန်လျူလီက ရုတ်တရက် စိတ်ဝင်စားသွားပြီး ထရပ်လိုက်သည်။
“ပြီးတော့ ဓားအာရုံရဲ့ အရင်းအမြစ်ကိုလည်း ဆက်ပြီး စုံစမ်းနေဦး။ သေချာပေါက် ရှာရမယ်...”
“အမိန့်အတိုင်းပါ...” စုချင်ချိုး ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။
တုန်းဖန်လျူလီက လက်ဝှေ့ယမ်းလိုက်ကာ ရှေ့သို့ လှမ်းလိုက်သည်နှင့် လေပြင်း တစ်ချက်နှင့်အတူ ပျောက်ကွယ်သွားရာ လေထဲ လှုပ်ခတ်နေသော လိုက်ကာစများသာ ကျန်ရစ်ခဲ့သည်။