← Chapters

ဘာလို့လဲဆိုတော့ ငါက ပုရောဟိတ်မို့လို့ပဲ

Vol. 1 Ch. 3

ဘာလို့လဲဆိုတော့ ငါက ပုရောဟိတ်မို့လို့ပဲ

Vol. 1 Ch. 3

ပစ္စုပ္ပန်ရွာ။

မုန့်ချင်ကျိုးက အိမ်ထဲတွင် ပျင်းရိနေခြင်းကို မအောင့်နိုင်တော့သဖြင့် ဖြောင့်စင်းပြီး လုံးဝန်းသော လက်တံတိုတောင်ဝှေးကို အားပြုကာ ဟင်းသီးဟင်းရွက်အချို့ဝယ်ရန် အပြင်ထွက်ခဲ့သည်။

ရွာလေးမှာ မကြီးလှသော်လည်း ဈေးများ၊ တည်းခိုခန်းများနှင့် ပြည့်တန်ဆာ အိမ်များအထိ လိုအပ်သမျှ အစုံအလင် ရှိနေသည်။

“ရှောင်မုန့်... ဟင်းသီးဟင်းရွက်ဝယ်ဖို့ ထွက်လာပြန်ပြီလား...” ရွာလူကြီးအဖြစ် သရုပ်ဆောင်နေသော ကျန်းစန်းဟိုင်က ခါးကို အနည်းငယ်ကိုင်းကာ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။

မုန့်ချင်ကျိုးက အသံလာရာသို့ ခေါင်းစောင်းနားထောင်လိုက်ပြီး အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “ရွာလူကြီး ကျန်းတဟိုင်လား။ မတွေ့တာကြာပြီနော်။ ကျွန်တော်က ခင်ဗျား တစ်နေရာရာမှာသွားပြီး သေနေ့စောင့်နေပြီလားလို့ ထင်နေတာ...”

ကျန်းစန်းဟိုင်က ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ “မင်းကလည်း ဘာတွေ ပြောနေတာလဲ။ ဒီအဘိုးကြီးက သန်တုန်းမြန်တုန်းပဲ ရှိပါသေးတယ်...”

“အဲဒါတော့ မသေချာဘူး။”

မုန့်ချင်ကျိုးက အပိုစကားမပြောတော့ဘဲ ကျန်းစန်းဟိုင်၏ နဖူးကို လက်ဖြင့် စမ်းလိုက်သည်။ သူ၏ အခြားလက်တစ်ဖက်ကလည်း လျှို့ဝှက်ဆန်းပြားသော လက်ကွက် တစ်ခုကို ဖော်ဆောင်လိုက်ပြီး မျက်နှာထားက တည်ကြည်သွား၏။

နဂါးရှာဖွေအရိုးစမ်းနည်း။

ကောင်းကင်ဘုံ၏ ဖြစ်စဉ်များကို တွက်ချက်နိုင်ပြီး သတ္တဝါအားလုံး၏ ကံကြမ္မာကို ချောင်းကြည့်နိုင်သည့် နတ်ဘုရားပညာရပ်တစ်ခုပင်။

ကျန်းစန်းဟိုင်၏မျက်နှာ တင်းမာသွားပြီး မုတ်ဆိတ်မွေးများ တုန်ခါသွားသည်။ ဤရိုင်းစိုင်းသော လူငယ်ကို ပါးရိုက်ပစ်ချင်သည့်စိတ်ကို အသည်းအသန် ထိန်းချုပ်၍ ထားရသည်။

မုန့်ချင်ကျိုးက ဝေခွဲမရဖြစ်နေသည့် လေသံဖြင့် ပြောသည်။ “ခင်ဗျားရဲ့ ကံကြမ္မာက အတော်လေး ရှုပ်ထွေးနေတာပဲ။ ခင်ဗျားက ကြွယ်ဝချမ်းသာပြီး မြင့်မြတ်တဲ့သူ၊ နန်းရင်းဝန် ဒါမှမဟုတ် တန်ခိုးရှင် တစ်ပါးတောင် ဖြစ်သင့်တာ။ ဒါပေမဲ့ အခုတော့ ရွာလူကြီး တစ်ယောက်ပဲ ဖြစ်နေတယ်...”

သူက နတ်ဘုရားအာရုံကို အသုံးမပြုနိုင်သော်လည်း နဂါးရှာဖွေအရိုးစမ်းနည်းသည် မျက်လုံး သို့မဟုတ် နတ်ဘုရားအာရုံကို အသုံးမပြုဘဲ လက်ဖြင့် ထိတွေ့ခံစားရုံမျှဖြင့် တစ်ဖက်လူ၏ ရုပ်သွင်ကို စိတ်ထဲတွင် ပုံဖော်ကာ ကံကြမ္မာကို ဟောကိန်း ထုတ်နိုင်ခြင်း ဖြစ်သည်။

ကျန်းစန်းဟိုင်က သူ့လက်ကို တားလိုက်ပြီး အတင်းအကြပ် ပြုံးလျက် ပြောသည်။ “ရှောင်မုန့်... အရင်ဆုံး လက်ကို အောက်ချပါဦး...”

မုန့်ချင်ကျိုးက ကျန်းစန်းဟိုင်၏ နှာခေါင်းကို လှမ်းဖမ်းလိုက်ပြီး ပြောသည်။ “မလှုပ်နဲ့။ ခင်ဗျားရဲ့ ကံကြမ္မာက မှားနေတယ်။ ခင်ဗျားရဲ့ အနာဂတ်က မှောင်မိုက်နေပြီး သွေးထွက်သံယိုဖြစ်မယ့် အရိပ်အယောင်တွေ ရှိနေတယ်။ ဒါက ခင်ဗျား မကြာခင် အသက်အန္တရာယ် ကြုံရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ သဘာဝအတိုင်း သေမှာမဟုတ်ဘဲ တစ်ယောက်ယောက်က ခင်ဗျားကို လုပ်ကြံတော့မှာ...”

ကျန်းစန်းဟိုင် ဆက်၍ သည်းမခံနိုင်တော့ဘဲ မုန့်ချင်ကျိုး၏ လက်ကို ဒေါသတကြီး ဖယ်ထုတ်လိုက်သည်။ “ဒီအဘိုးကြီးကို လက်နဲ့ လာမထိနဲ့...”

မုန့်ချင်ကျိုးက သူ့ကို ဂရုမစိုက်ဘဲ ပုခုံးကို လေးလေးနက်နက် ပုတ်လိုက်၏။ “ကျွန်တော်က စေတနာနဲ့ သတိပေးတာပါ။ လာမယ့်နေ့တွေမှာ သတိထား။ ခင်ဗျား ရှင်မလား သေမလားဆိုတာက ခင်ဗျားရဲ့ စွမ်းဆောင်ရည်ပေါ်မှာပဲ မူတည်လိမ့်မယ်။”

ပြောသင့်သလောက် ပြောပြီးပြီဖြစ်၍ မုန့်ချင်ကျိုးက သူ၏တာဝန် ကျေပွန်ပြီဟု ခံစားလိုက်ရသည်။

သေရမည့်ကံပါသူကို စကားကောင်းကောင်း ပြောရန်မှာ ခက်ခဲလှသည်။ ရွာလူကြီး ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သူနှင့်မဆိုင်တော့ပေ။

ဘေးနားတွင် အရက်ရောင်းနေသော ကိုယ်ရံတော် ခေါင်းဆောင်မှာမူ ရယ်ချင်စိတ်ကို အသည်းအသန် အောင့်ထားရသည်။ အင်အားကြီးလှသော နန်းရင်းဝန်ကြီး ဤကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။

လမ်းသွားလမ်းလာအချို့မှာမူ မုန့်ချင်ကျိုးကို အံ့သြကြည်ညိုသော အကြည့်များဖြင့် ကြည့်နေကြလေသည်။

ဧကရီ ကိုယ်တိုင်တောင် နန်းရင်းဝန်ကြီးကို လွယ်လွယ်နဲ့ မစော်ကားရဲဘူး။ မင်းကတော့ “ခင်ဗျား သေတော့မယ်” တည့်ပြောတယ်။

စကားလုံး နှစ်လုံးတည်းပဲ ပြောစရာ ရှိတယ်။ “လန်းတယ်...”

ကျန်းစန်းဟိုင် ဒေါသငြိမ်သွားသောအခါ ဆက်၍ မကျေမနပ် ဖြစ်မနေတော့ဘဲ တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား ငြိမ်သက်သွားသည်။

“ဧကရီကြင်ရာတော်က လူကြည့်တာ တကယ်ကို တော်တဲ့ပုံပဲ။ ခင်ဗျားက နန်းရင်းဝန် ဖြစ်သင့်တယ်လို့တောင် ပြောသွားသေးတယ်။” ကိုယ်ရံတော်ခေါင်းဆောင်က အနားသို့ ကပ်လာပြီး ပြောသည်။ “အံ့သြစရာပဲ။ မျက်လုံးမပါဘဲနဲ့ ဒီလောက် တိတိကျကျ တွက်ချက်နိုင်တာ...”

ကျန်းစန်းဟိုင်က သူ့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြန်ပြောသည်။ “ဒါဆိုရင် ငါ့မှာ သွေးထွက်သံယို ဘေးအန္တရာယ်ရှိတယ်လို့ သူပြောတာကလည်း အမှန်ပဲပေါ့။”

ကိုယ်ရံတော်ခေါင်းဆောင် ဆွံ့အသွားတော့သည်။

အခြားတစ်ဖက်တွင်။

မုန့်ချင်ကျိုး ဈေးဘက်သို့ ရင်းနှီးစွာ လျှောက်လှမ်းလာခဲ့သည်။ “ပစ္စုပ္ပန်ရွာ”တွင် နေထိုင်ခဲ့သည်မှာ တစ်လခွဲခန့်သာ ရှိသေးသော်လည်း အိမ်နီးနားချင်း အတော်များများနှင့် ရင်းနှီးနေပြီး လမ်းကြောင်းများကိုလည်း ကျွမ်းကျင်နေပြီဖြစ်သည်။

ဈေးသို့ ရောက်သောအခါ။

ဟင်းသီးဟင်းရွက် ရောင်းသူအဖြစ် ဟန်ဆောင်ထားသော ကျောက်ကော်က သူ၏ ဆိုင်ရှေ့တွင် ထိုင်ကာ မဟာကျင်းပြည်ထောင်စုအတွင်း မည်သို့ ဆူပူသောင်းကျန်းမှုများ ဖန်တီးရမည်ကို ကြံစည်နေသည်။

ရုတ်တရက် အသံတစ်ခုက ကျောက်ကော်၏ အတွေးများကို ဖြတ်တောက် ပစ်လိုက်သည်။ “ဟေ့လူ... ကြက်သွန်မြိတ် ရှိလား။”

ကျောက်ကော်က မော့မကြည့်ဘဲ စိတ်မရှည်စွာဖြင့် လက်ယမ်းပြလိုက်သည်။ “မျက်စိမမြင်ဘူးလား။ ကိုယ့်ဘာသာကြည့်...”

မုန့်ချင်ကျိုးက မျက်လုံးကို ဖုံးထားသော အနက်ရောင်ပိုးစကို ညွှန်ပြကာ ပြောသည်။ “ငါက တကယ် မျက်မမြင်ပါ...”

ကျောက်ကော် မှင်တက်သွား၏။ သူ မော့ကြည့်လိုက်သောအခါ အမုန်းဆုံးနှင့် အနာလိုဆုံးသူကို မြင်လိုက်ရသဖြင့် မျက်နှာပျက်သွားသည်။

“အေး... ရှိတယ်။ ဘယ်လောက်ဖိုး လိုချင်လဲ။”

“သုံးကျပ်သားလောက်ဆို ရပြီ။” မုန့်ချင်ကျိုးက ပြောသည်။

ကျောက်ကော်က မကျေမနပ် မျက်နှာထားဖြင့် ဟင်းသီးဟင်းရွက်များကို ထုတ်ပိုးကာ ပစ်ပေးလိုက်သည်။ “ကြေးပြား တစ်ပြားပဲ...”

မုန့်ချင်ကျိုးက ပိုက်ဆံပေးကာ ကြက်သွန်မြိတ်ကို ကောက်ယူပြီး အနံ့ခံ ကြည့်လိုက်သည်။ သူက အံ့အားသင့်စွာဖြင့် ပြောသည်။ “ဒါက ရှုနယ်မြေရဲ့ ထူးခြားတဲ့ အနံ့ပဲ။ ဒါတွေကို ရှုနယ်မြေကနေ သယ်လာတာလား။”

“အဲဒါ ဘာဖြစ်လဲ။ ဟင်းသီးဟင်းရွက် ဝယ်ရင် ဝယ်တာပဲလုပ်။ စကားတွေ အများကြီး မပြောနဲ့။” ကျောက်ကော်က စိတ်တိုတိုဖြင့် တုံ့ပြန်လိုက်သည်။

မုန့်ချင်ကျိုးက တိုးတိုးလေး ကပ်ပြောသည်။ “မင်းက ရှုနယ်မြေကလား...”

“မင်းက ရိုးသားတဲ့သူလို့ ငါမြင်လို့ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ မင်းရဲ့ မိသားစုကို ခေါ်ပြီး အမြန်ဆုံး ဒီကို လာခဲ့တော့။ ရှုနယ်မြေမှာ ဆက်မနေနဲ့တော့...”

ကျောက်ကော်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။”

“ရှုနယ်မြေရဲ့ လက်ဝေခံဘုရင်က ပုန်ကန်တော့မှာ။ သူ့သား ကျောက်ကော်လည်း မြို့တော်ကို လာပြီးတော့ မဟာကျင်းပြည်ထောင်စုအတွင်းမှာ ဆူပူသောင်းကျန်းမှုတွေ ဖြစ်အောင် လိုက်လုပ်နေတယ်။ ဒါမှ သူ့အဖေ ပုန်ကန်ဖို့ အခွင့်အရေး ရမှာလေ။” မုန့်ချင်ကျိုးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ဤစကားကို ကြားလိုက်ရသောအခါ ကျောက်ကော်၏ မျက်နှာ ပြာနှမ်းသွား၏။ သူ စားပွဲကို မှောက်လှန်ကာ ဟင်းသီးဟင်းရွက်များထဲတွင် ဝှက်ထားသော ဓားရှည်ကို ဆွဲထုတ်ပြီး လူသတ်ကာ ထွက်ပြေးချင်စိတ် ပေါက်သွားသည်။

ဘာတွေလဲ။

ငါ့အစီအစဉ်တောင် မစရသေးဘူး။ မင်းက ဘယ်လိုလုပ် သိနေတာလဲ။

အဆိုးဆုံးမှာ မုန့်ချင်ကျိုး၏ သတင်းအချက်အလက်မှာ အသေးစိတ်ကျပြီး အလွန် တိကျနေခြင်းပင်။

ကံကောင်းထောက်မစွာဖြင့် ကျောက်ကော်က သူ၏ ဒေါသနှင့် ထိတ်လန့်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ဝူးဝူးဝါးဝါး မလုပ်ခဲ့ပေ။

ဘာတွေ ဖြစ်နေတာလဲ။

ကျောက်ကော်၏ နဖူးမှ ချွေးစေးများ စီးကျလာပြီး ဦးနှောက်က အမျိုးမျိုး တွေးတောနေမိသည်။

မုန့်ချင်ကျိုးက သူကိုယ်တိုင် ဧကရီကြင်ရာတော်မှန်း မသိဘူး။ သူက ဝေးလံတဲ့ ရွာလေးတစ်ရွာမှာ နေရတဲ့ သမက်တစ်ယောက်လို့ပဲ ထင်နေတာ။ သူ ငါ့ကို အကြောင်းမဲ့ လိမ်စရာ အကြောင်းမရှိဘူး။

ပြီးတော့ မုန့်ချင်ကျိုးက ကျင့်ကြံခြင်းအဆင့်လည်းမရှိတဲ့ မျက်မမြင် တစ်ဦးပဲ။ ငါ ဘယ်သူလဲဆိုတာကို သိနိုင်စရာအကြောင်း မရှိဘူး။

ဒါဆိုရင်...

ကျောက်ကော်၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။

ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိတော့သည်။ ကျောက်မိသားစု ပုန်ကန်မည့် သတင်းမှာ နန်းတွင်းတစ်ခုလုံး ပျံ့နှံ့နေပြီ ဖြစ်ရပေမည်။

ဒါဆို လူတိုင်းက ငါ့ရဲ့ ရည်ရွယ်ချက်ကို သိနေကြတာလား။

“ရှုနယ်မြေလက်ဝေခံဘုရင် ပုန်ကန်ဖို့ ကြံစည်နေတာကို မင်းက ဘယ်လိုလုပ် သိတာလဲ။” ကျောက်ကော်က မျှော်လင့်ချက် အနည်းငယ်ဖြင့် တင်းမာစွာ မေးလိုက်သည်။

မုန့်ချင်ကျိုးက လျှို့ဝှက်ဆန်းပြားစွာ ပြုံးလိုက်ပြီး ပြောသည်။ “ဘာလို့လဲဆိုတော့ ငါက ပုရောဟိတ် မို့လို့ပဲ။”

ကျောက်ကော်က ရင်ဘတ်ထဲမှ သွေးများကို အန်ထုတ်ချင်လောက်အောင် ဒေါသထွက်သွားပြီး ဆဲဆိုလိုက်သည်။

“ထွက်သွား။ ငါ့မျက်စိရှေ့က အမြန်ဆုံး ထွက်သွား။ မဟုတ်ရင် ငါ...”

သူ စကားမဆုံးခင်မှာပင် မွှေးပျံ့သော လေပြေတစ်ချက် ဝေ့တိုက်လာပြီး အနီရောင် ဝတ်စုံနှင့် လှပလွန်းသော အမျိုးသမီးတစ်ဦးက ကျောက်ကော်၏ ရှေ့မှောက်သို့ တင့်တယ်စွာ လျှောက်လှမ်းလာခဲ့သည်။

အခြားသူမဟုတ်။ စုချင်ချိုးနှင့်အတူ လိုက်ပါလာသော မဟာကျင်း တိုင်းပြည်၏ ဧကရီ တုန်းဖန်လျူလီပင်။

ကျောက်ကော်၏ နှလုံးသား တုန်လှုပ်သွားပြီး မျက်နှာ ဖြူဖျော့သွားသည်။

သွားပြီ။ ဧကရီက ငါပြောတာအားလုံးကို ကြားသွားပြီ။

“ဘာလို့ ဒီကို ရောက်နေတာလဲ။” မုန့်ချင်ကျိုးက အဝေးမှ အသံကို ကြားသည်နှင့် ခေါင်းလှည့်ကာ နွေးထွေးစွာ ပြုံးလိုက်သည်။

မမြင်ရသော်လည်း အနံ့ကို ခံစားရုံမျှဖြင့် မည်သူမည်ဝါ ဖြစ်သည်ကို မုန့်ချင်ကျိုး သိရှိနေသည်။

တုန်းဖန်လျူလီက အနားသို့ မကပ်ဘဲ အေးစက်စွာ ပြောလိုက်သည်။ “လမ်းလျှောက်ရင်း ရှင်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့တာပါ...”

ထိုသို့ ပြောနေစဉ်မှာပင် တုန်းဖန်လျူလီ၏ အေးစက်သော မျက်လုံးများက ကျောက်ကော်ထံသို့ စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်၏။ “ရှင် ခုနက ရှုနယ်မြေ လက်ဝေခံဘုရင် ပုန်ကန်မယ့်အကြောင်း ပြောနေတာလား။ ဘာတွေ ဖြစ်နေတာလဲ။ ကျွန်မလည်း နားထောင်ချင်သား...”

ချက်ချင်းပင် လမ်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဈေးအတွင်းရှိ လမ်းသွား လမ်းလာများနှင့် ဟင်းသီးဟင်းရွက် ရောင်းသူများအားလုံး သူတို့ဆီသို့ အာရုံ ရောက်လာကြသည်။

စုချင်ချိုး ဘာမှမပြောဘဲ ပေါင်တွင် ဝှက်ထားသော ဓားမြောင်ကို ကိုင်လိုက်ပြီး အေးစက်သော သတ်ဖြတ်ချင်စိတ်များဖြင့် ကျောက်ကော်အား စိုက်ကြည့်နေသည်။

လေထု၏ အပြောင်းအလဲကို ခံစားလိုက်ရသဖြင့် ကျောက်ကော်က ဒေါသတကြီး ဆဲဆိုချင်သော်လည်း ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်သည်။ မုန့်ချင်ကျိုးတွင် အထောက်အထားမရှိဘဲ စကားသက်သက်သာ ရှိသည်။ ဤမျှဖြင့် သူ့ကို ဘယ်လို အပြစ်ပေးနိုင်မည်နည်း။

“အဓိပ္ပာယ်မရှိတာတွေပါ။ သူက အနာဂတ်ကို မြင်နိုင်တယ်လို့ ကြွားလုံးထုတ်ပြီး ရှုနယ်မြေ လက်ဝေခံဘုရင် ပုန်ကန်တော့မယ်၊ ကျုပ်ရဲ့ မိသားစုကို ခေါ်ပြီး ပြေးတော့ဆိုပြီး လျှောက်ပြောနေတာပါ...” ကျောက်ကော်က ခေါင်းခါရင်း ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။

ထိုစကားအဆုံးတွင် ဈေးအတွင်းရှိ လေထုမှာ ပြန်လည် ပေါ့ပါးသွားပြီး အချို့ လူများက မျက်လုံးပြူး ကြည့်လိုက်ကြသည်။

ဧကရီရဲ့ ကြင်ရာတော်က တကယ့်ကို မကြောက်တတ်တဲ့သူပဲ။ လက်ဝေခံဘုရင် တစ်ပါးကို လူသိရှင်ကြား ဟာသလုပ်ရဲတယ်။

ပုခုံးသားများ တုန်ခါနေသော အရာရှိ အတော်များများကလည်း လျှို့ဝှက်စွာ ဆက်သွယ်နေကြသည်။

“မနက်ဖြန် နန်းတွင်းညီလာခံမှာ ဧကရီကြင်ရာတော်ကို ငါတို့တွေ စွပ်စွဲပြီး ပြစ်တင်ရမယ်။ သူက ဧကရီကြင်ရာတော် ဖြစ်နေရင်တောင် လက်ဝေခံဘုရင်ကို ပုန်ကန်မှုနဲ့ ဒီလို အကြောင်းမဲ့ စွပ်စွဲလို့မရဘူး။ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။”

“ဟုတ်တယ်။ သူ့ရဲ့ စည်းမဲ့ကမ်းမဲ့ စကားတွေက လူထုကို လမ်းမှား ရောက်စေနိုင်တယ်။ သူ့ကို သင်ခန်းစာမပေးရင် သူက ဥပဒေအထက်မှာ ရှိနေတယ်လို့ ထင်နေလိမ့်မယ်။”

“ဒီအခွင့်အရေးကို သုံးပြီး သူ့ကို ရာထူးက ဖြုတ်ချရမယ်။ သူက ဧကရီကြင်ရာတော် နေရာနဲ့ မထိုက်တန်ဘူး။”

“ဪ... ဟုတ်လား” တုန်းဖန်လျူလီက ဘာမှမဖြစ်သလို ခေါင်းညိတ် ပြလိုက်သည်။

သို့သော် မုန့်ချင်ကျိုးကမူ ခေါင်းခါယမ်းလိုက်ပြီး လေးလေးနက်နက် ပြောသည်။

“ငါ အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်လို့ ဘယ်သူ ပြောတာလဲ။ ဒီနေ့ စိတ်ကြည်နေလို့ မင်းတို့ အားလုံးကို ရှင်းပြပေးမယ်။”

All Chapters