ငါ့ကြင်ရာတော်က တကယ်ပဲ ပညာရှိတစ်ယောက်လား
Vol. 1 Ch. 4
ကျောက်ကော်က မုန့်ချင်ကျိုးအား ကျဉ်းမြောင်းသော မျက်လုံးများဖြင့် အထင်သေးစွာ စိုက်ကြည့်လိုက်၏။ “ဂုဏ်သတင်းကျော်စောတဲ့ လက်ဝေခံဘုရင် တစ်ပါးကို အပုပ်ချတာဟာ မင်းရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ဒီအပြစ်တစ်ခုတည်းနဲ့ မင်းကို သေဒဏ်ပေးလို့ရတယ်။ ဘယ်သူမှလည်း မင်းကို ကယ်နိုင်မှာမဟုတ်ဘူး။”
ပြောနေရင်း ကျောက်ကော်၏ ရမ္မက်ဇောများ ပြည့်နှက်နေသော အကြည့်များက တုန်းဖန်လျူလီ၏ ဆွဲဆောင်မှုရှိသော မျက်နှာထက်သို့ ရောက်ရှိသွားကာ တံတွေးကို မသိမသာ မျိုချလိုက်မိသည်။
ထိုအချိန်တွင် ကျောက်ကော်က မီးလောင်ရာလေပင့်ရန် ကြံစည်နေသည်။ နန်းတွင်း ဝန်ကြီးများကို ဖိအားပေးကာ ဧကရီအား မုန့်ချင်ကျိုးကို ကြင်ရာတော်ရာထူးမှ ဖယ်ရှားခိုင်းမည်ဖြစ်ပြီး ထိုသို့ ဖြစ်ပါက မဟာကျင်း၏ နိုင်ငံရေးလောကမှာလည်း ရှုပ်ထွေးသွားပေလိမ့်မည်။
ဤသည်မှာ တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်ပင်။ ခမည်းတော်၏ တာဝန်ကို ကျေပွန်စေရုံသာမက မဟာကျင်း၏ အထက်မြက်ဆုံး အာဏာပိုင် အမျိုးသမီးကိုပါ ပိုင်ဆိုင်ခွင့်ရမည့် အခွင့်အရေးပင်။
တုန်းဖန်လျူလီက နီရဲသော ပင့်ကူပန်းလေးတစ်ပွင့်ကဲ့သို့ မတ်မတ်ရပ်နေပြီး မြစိမ်းရောင်မျက်လုံးများမှာ တည်ငြိမ်နေသော်လည်း အတွင်းစိတ်မှာမူ လှိုင်းထန်နေ၏။ ရှုနယ်မြေ၏ လက်ဝေခံဘုရင် ကျောက်ယွီဟွမ်က နယ်မြေကျယ်ဝန်းသော်လည်း ဘယ်သောအခါမှ ရောင့်ရဲခြင်းမရှိဘဲ ထီးနန်းကို အမြဲတစေ တပ်မက်နေသူဖြစ်ကြောင်း သူ သိရှိပြီးသားဖြစ်သည်။
ရှုနယ်မြေ လက်ဝေခံဘုရင် ကျောက်ယွီဟွမ်သည် အမျိုးသမီး တစ်ဦး၏ လက်အောက်တွင် တိုင်းပြည်ကို လွှဲအပ်ထားရန် ဝန်လေးနေသူ ဖြစ်သည်။
အကယ်၍သာ ဧကရီ၏ တစ်ဦးတည်းသော ကြင်ရာတော်က သူ့ကို ပုန်ကန်ရန် ကြံစည်နေသည်ဟု လူသိရှင်ကြား စွပ်စွဲနေကြောင်း ကျောက်ယွီဟွမ် သိသွားပါက ၎င်းကို အကြောင်းပြကာ သူ့အပေါ် ဖိအားပေးလာမည်မှာ သေချာသည်။
တုန်းဖန်လျူလီက စကားတစ်လုံးမျှ မပြောဘဲ မုန့်ချင်ကျိုးကို ကြည့်လိုက်သည်။ သူ၏ ကြင်ရာတော်တွင် မည်သည့် လျှို့ဝှက်လက်နက်များ ကျန်ရှိနေသေးသည်ကို သိချင်မိသည်။
“ငါ မုန့်ချင်ကျိုးက ဘယ်တော့မှ မဟုတ်မမှန်တာတွေ မပြောဘူး။” မုန့်ချင်ကျိုး၏ နှုတ်ခမ်းများတွင် ယုံကြည်မှုအပြည့် ရှိနေသော အပြုံးတစ်ခု ပေါ်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “ရှုနယ်မြေ လက်ဝေခံဘုရင် ကျောက်ယွီဟွမ် ပုန်ကန်တော့မယ်လို့ ငါ ဘာလို့ ဒီလောက်သေချာနေရတာလဲဆိုတာ သိချင်တယ်ဆိုရင် ပြောပြမယ်...”
မုန့်ချင်ကျိုး မတ်မတ်ရပ်လိုက်ပြီး သူ၏ ဆံနွယ်ရှည်များ လေတွင် ဝဲလွင့်နေသည်။ သူ၏အသံမှာ မကျယ်လောင်သော်လည်း ပဲ့တင်ထပ်သွားသည်။ “လောကရဲ့ ဖြစ်စဉ်အရ အချိန်အကြာကြီး ကွဲပြားနေတာတွေဟာ ပြန်လည်ပေါင်းစည်းရစမြဲပဲ။ အချိန်အကြာကြီး ပေါင်းစည်းနေတာတွေဟာလည်း ပြန်လည်ကွဲပြားရစမြဲပဲ။ တိုင်းပြည် အသီးသီးက နှစ်ပေါင်း ရာနဲ့ချီပြီး မငြိမ်မသက် ဖြစ်နေခဲ့ကြတယ်။ ရည်မှန်းချက် ကြီးမားတဲ့ သူရဲကောင်းတွေနဲ့ ပညာရှိ ဘုရင်တွေ ပေါ်ထွန်းခဲ့ကြပေမယ့် နှစ်အနည်းငယ်အတွင်းမှာပဲ သူရဲကောင်း အများအပြားက သမိုင်းရေစီးကြောင်းထဲမှာ ပျောက်ကွယ်သွားခဲ့ကြရတယ်။”
“မျက်စိရှိတဲ့သူတိုင်း မြင်နိုင်တာကတော့ အရပ်ရှစ်မျက်နှာကို ပေါင်းစည်းမယ့် အချိန်က နီးကပ်နေပြီ ဆိုတာပဲ။ ဘယ်တိုင်းပြည်ကမှ အနင်းခံအဖြစ် မခံချင်ကြဘူး၊ ဒါကြောင့် စစ်ပွဲအတွက် ပြင်ဆင်ကြရတာပဲ။ ကျောက်ယွီဟွမ်က ဧကရီကို မယုံကြည်ဘူး။ အမျိုးသမီး တစ်ဦးတည်းနဲ့ မဟာကျင်းပြည်ထောင်စုကို အောင်မြင်မှုဆီ ဦးဆောင်နိုင်မယ်လို့ သူ မယုံဘူး...”
“ဧကရီ နန်းတက်ခဲ့တဲ့ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ကျောက်ယွီဟွမ် စစ်တပ်တွေကို စုဆောင်းတယ်၊ နယ်မြေတွေကို ချဲ့ထွင်တယ်၊ ကျင့်ကြံသူတွေကို အကြီးအကျယ် စုဆောင်းနေတယ်။ ဒါက သူ့ရဲ့ ရည်မှန်းချက်ကို ဖော်ပြနေတာ မဟုတ်ဘူးလား။”
ဈေးကွက်တစ်ခုလုံး တိတ်ဆိတ်သွား၏။ လူတိုင်းက အနက်ရောင် ပိုးစစည်းထားပြီး စကားကို ထိထိမိမိ ပြောနိုင်လွန်းသော ထိုလူငယ်ကို အံ့အားသင့်စွာ စိုက်ကြည့် နေကြသည်။
နန်းရင်းဝန် ကျန်းစန်းဟိုင်၏ မျက်လုံးများထဲတွင် အံ့သြရိပ်များ ပေါ်လာပြီး မသိမသာ ရေရွတ်လိုက်မိသည်။ “အကြာကြီး ကွဲပြားရင် ပေါင်းစည်းရမယ်၊ အကြာကြီး ပေါင်းစည်းရင် ကွဲပြားရမယ်... ကောင်းလိုက်တဲ့ စကား။”
အခြေအနေကို လာကြည့်နေသော ကိုယ်ရံတော်ခေါင်းဆောင်ကလည်း မနေနိုင်ဘဲ တိတ်တဆိတ် လက်ခုပ်တီးကာ ချီးကျူးလိုက်၏။ “နေရာလေးတစ်ခုမှာ အောင်းနေရင်းနဲ့ တစ်ကမ္ဘာလုံးရဲ့ အခြေအနေကို သိနေတာပဲ။ ခန္ဓာကိုယ်က မသန်စွမ်းပေမယ့် ရည်မှန်းချက်ကတော့ ခိုင်မာလှတယ်။ ကြင်ရာတော်ကြီးမှာ ကြီးမြတ်တဲ့ ဉာဏ်ပညာ ရှိနေတာပဲ။ သူက တကယ်ပဲ ဒဏ္ဍာရီလာ ပညာရှိများလား။”
ကျန်းစန်းဟိုင်က ပြောသည်။ “ငါလည်း မသိဘူး။ ပညာရှိဆိုတာ ကျင့်ကြံခြင်း အဆင့်နဲ့ သတ်မှတ်တာမဟုတ်ဘူး။ ကောင်းကင်ဘုံတာအိုကို နားလည် သဘောပေါက်တဲ့ သူတိုင်းကို ပညာရှိလို့ ခေါ်လို့ရတယ်။ ပညာရှိတစ်ယောက်ရဲ့ မျက်လုံးထဲမှာ လောကရဲ့ လျှို့ဝှက်ချက်ဆိုတာ မရှိဘူး...”
ကိုယ်ရံတော်ခေါင်းဆောင်က အသက်ရှူမှားမတတ် ပြောလိုက်မိလေသည်။ “အဲဒီလောက်တောင် အစွမ်းထက်တာလား။ ဒီလောကမှာ တကယ်ပဲ ပညာရှိ ရှိလို့လား။”
“သမိုင်းမှတ်တမ်းတွေအရ နှစ်ပေါင်းသုံးထောင်မှာ တစ်ခါပဲ နွားတစ်ကောင်ကို စီးလာတဲ့ ပညာရှိတစ်ယောက် ပေါ်ထွန်းခဲ့ဖူးတယ်။ သူက နှစ်တစ်ရာပဲ အသက်ရှည်တဲ့ သာမန်လူသားတစ်ယောက်ပဲ...” ကျန်းစန်းဟိုင်က ခေါင်းခါရင်း ပြောလိုက်သည်။
သို့သော် မုန့်ချင်ကျိုးက မည်မျှပင် စကားပြောကောင်းစေကာမူ ကျောက်ကော်ကမူ တည်ငြိမ်နေဆဲပင်။
ဟင်းသီးဟင်းရွက် ရောင်းသူအဖြစ် ဟန်ဆောင်ထားသော ကျောက်ကော်က လှောင်ပြောင်လိုက်သည်။ “အဲဒါ ဘာဖြစ်လဲ။ ရှုနယ်မြေဘုရင်က စစ်တပ်စုဆောင်းနေရုံနဲ့ သူ ပုန်ကန်နေပြီလို့ မင်းက ကောက်ချက်ချလိုက်တာလား။”
မုန့်ချင်ကျိုးက ပြုံးလိုက်၏။ “မလောပါနဲ့ဦး။ ငါ ဘာမှ မပြောရသေးဘူး...”
“ရှုနယ်မြေဘုရင် ကျောက်ယွီဟွမ်က ရှုနယ်မြေကနေ ထွက်မလာသေးပေမယ့် သူ့သား ကျောက်ကော်ကတော့...”
“လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် မြို့တော်ထဲကို ဝင်လာခဲ့တာ မဟုတ်လား။”
ဤနေရာတွင် မုန့်ချင်ကျိုးက စကားကို ခဏရပ်လိုက်ပြီး ကျောက်ကော်ရှိရာသို့ ခေါင်းလှည့်ကာ ကြည့်လိုက်သည်။ ထိုအကြည့်မှာ အနက်ရောင်ပိုးစကို ဖောက်ထွက်ကာ ကျောက်ကော်ကို စိုက်ကြည့်နေသည့်အလားပင်။
ချက်ချင်းပင် ကျောက်ကော်သည် ကမ္ဘာဦး သားရဲကြီးတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံလိုက်ရသလို ခံစားလိုက်ရကာ မသိမသာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိသည်။ “ကျောက်... ကျောက်ကော်က ဘာဖြစ်လို့လဲ...”
ပစ္စုပ္ပန်ရွာရှိ ရွာသားများက ၎င်းတို့၏ အခန်းကဏ္ဍများတွင် အမြဲ အလုပ်ရှုပ် နေကြသဖြင့် လောကကြီး၏ အဖြစ်အပျက်များကို တမင်သက်သက် ဖုံးကွယ်ထားခြင်းမျိုး မရှိပေ။ မုန့်ချင်ကျိုး ဈေးဝယ်ထွက်တိုင်း လမ်းသွားလမ်းလာများ၏ စကားဝိုင်းများမှ တစ်ဆင့် အခြေအနေများကို သိရှိနိုင်ပြီး သူ၏ စိတ်ထဲရှိ ဇာတ်လမ်းများနှင့် နှိုင်းယှဉ် ကြည့်လေ့ရှိသည်။
မုန့်ချင်ကျိုးက သူ၏ခေါင်းကို ၄၅ဒီဂရီခန့် စောင်းလိုက်ရာ နေရောင်ခြည်က သူ၏ ဘေးတစောင်း မျက်နှာပေါ်သို့ ကျရောက်နေသည်။ သူက ပြောသည်။ “ကျောက်ကော် မြို့တော်ကို လာတဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ မဟာကျင်းရဲ့ ပြည်တွင်းရေးကို နှောင့်ယှက်ဖို့ပဲ။ သူဟာ မြို့တော်ထဲကို အစောကြီးကတည်းက ဝင်ရောက်နေတဲ့ လုပ်ကြံသတ်ဖြတ်သူ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်လာခဲ့တာ။ ကျောက်ကော်က ပုန်ကန်မှုအတွက် ယမ်းတောင့်ပဲ။ လက်ဝေခံဘုရင် ကျောက်ယွီဟွမ်ကတော့ သန်းနဲ့ချီတဲ့ စစ်တပ်ကြီးကို စုစည်းပြီး ကျောက်ကော်က အခွင့်အရေး ဖန်တီးပေးမယ့်အချိန်ကို စောင့်နေတာပဲ...”
ထိုစကားအဆုံးတွင် ကျောက်ကော်သည် တစ်ကိုယ်လုံး ထုံကျင်သွားပြီး သူ၏ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားကာ နဖူးမှ ချွေးစေးများ ပျံလာတော့သည်။
ဘာတွေ ဖြစ်ကုန်တာလဲ။။
ကျောက်ကော်သည် သူ၏ ဘဝကိုပင် သံသယဝင်လာသည်။
ယခင်ကတော့ မုန့်ချင်ကျိုးတွင် ထူးကဲသော အမြင်ရှိပြီး လက်ဝေခံဘုရင် ပုန်ကန်မည့် အရိပ်အယောင်များကို ကြိုတင်ခန့်မှန်းနိုင်ခြင်း ဖြစ်လိမ့်မည်ဟု ကျောက်ကော် မျှော်လင့်ထားခဲ့သည်။
သို့သော် ထိုအချက်မှာ ကျောက်ကော်အတွက် သိပ်ပြီး အရေးမကြီးလှပေ။
သို့သော် မုန့်ချင်ကျိုး၏ နောက်ဆက်တွဲ စကားလုံးတိုင်းမှာမူ သူ၏ ဝိညာဉ်ကို ထုရိုက်နေသော တူကြီးများကဲ့သို့ပင်။
အကြောင်းမှာ မုန့်ချင်ကျိုး၏ စကားများမှာ အလွန်တိကျနေသောကြောင့် ဖြစ်ပြီး ၎င်းမှာ သူတို့၏ အစီအစဉ်အနှစ်ချုပ်ကို ပြောနေသကဲ့သို့ပင်။
“သစ္စာဖောက် ရှိနေပြီ။” ၎င်းမှာ ကျောက်ကော်၏ ပထမဆုံး အတွေး ဖြစ်သည်။ သို့သော်လည်း သူ ချက်ချင်းပင် ဇဝေဇဝါ ဖြစ်သွားသည်။
ဤအစီအစဉ် တစ်ခုလုံးကို သူနှင့် ခမည်းတော် နှစ်ဦးတည်းသာ သိကြသည်။
ဒါဆို ငါကိုယ်တိုင်က သစ္စာဖောက်လား။
ကျောက်ကော်က ကမ္ဘာကြီး ချာချာလည်နေသကဲ့သို့ ခံစားလိုက်ရသည်။
ဧကရီ တုန်းဖန်လျူလီလည်း ဇာမဏီ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ ကျောက်ကော်၏ မူမမှန်မှုကို သတိထားမိသွားသည်။ သူ အလွန်အမင်း တုန်လှုပ်သွားပြီး ယုံကြည်မှုအပြည့်ရှိသော မုန့်ချင်ကျိုးကို ကြည့်လိုက်မိသည်။
သူပြောတာ တကယ်ပဲ မှန်နေတာလား။
ဈေးကွက်အတွင်းရှိ လေထုမှာ နောက်တစ်ကြိမ် ရေခဲမှတ်အောက်သို့ ကျဆင်း သွားခဲ့သည်။ ထိုနေရာတွင် ရှိနေသော ဉာဏ်ကြီးရှင် ဝန်ကြီးများ အားလုံးသည် ကျောက်ကော်၏ တုန်လှုပ်မှုကို ချက်ချင်းပင် မြင်လိုက်ရသည်။
“နောက်ဆုံးတော့ မင်းမှာ အထောက်အထား မရှိသေးပါဘူး...” ကျောက်ကော်က နဖူးမှ ချွေးများကို သုတ်လိုက်ပြီး အတင်းအကြပ် ပြုံးလိုက်သည်။
မုန့်ချင်ကျိုးက ဆွံ့အသွားပြီး ဇဝေဇဝါဖြင့် ပြောသည်။ “အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ။ ဘာလို့ အထောက်အထား လိုချင်နေရတာလဲ။”
ဤဟင်းသီးဟင်းရွက် ရောင်းသူမှာ အတော်လေး စပ်စုတတ်ပြီး အဆုံးအစထိ သိချင်နေပုံရသည်။
တုန်းဖန်လျူလီ၏ လေသံမှာ တည်ကြည်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ “မုန့်ချင်ကျိုး... ကျွန်မလည်း သိချင်တယ်။ ကျောက်ကော်က လက်ဝေခံဘုရင်ရဲ့ ပုန်ကန်မှုကို ကူညီဖို့ မြို့တော်ထဲ ဝင်လာတယ်ဆိုတဲ့ အထောက်အထား ရှင့်မှာ ရှိလား။”
မုန့်ချင်ကျိုးသည် အံ့သြသွားသည်။ သူ၏ ဇနီးမှာလည်း စပ်စုတတ်သော ကလေးလေးတစ်ဦးကဲ့သို့ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ချက်ချင်းပင် ပြုံးလိုက်သည်။ “ကောင်းပြီလေ... မိန်းမလည်း သိချင်တယ်ဆိုမှတော့ ပြောပြရတာပေါ့။”
ဤစကားကို ကြားသောအခါ ကျောက်ကော် ရင်တထိတ်ထိတ်ဖြင့် တံတွေး မျိုချလိုက်ပြီး မုန့်ချင်ကျိုးကို သံသယဖြင့် ကြည့်လိုက်သည်။
မင်းမှာ တကယ်ပဲ အထောက်အထား ရှိတာလား။
ဈေးအတွင်းရှိ လူအားလုံး၏ အကြည့်မှာ မုန့်ချင်ကျိုးထံသို့ ရောက်ရှိနေသည်။
မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ့ရဲ့ တွက်ချက်မှုအရ ကျောက်ကော် ဦးဆောင်လာတဲ့ လုပ်ကြံသတ်ဖြတ်သူတွေဟာ နန်းရင်းဝန် ကျန်းစန်းဟိုင်ရဲ့ နေအိမ်ထဲကို တိတ်တဆိတ် ဝင်ရောက်နေကြပြီ။ နန်းရင်းဝန်ကြီးကို လုပ်ကြံဖို့ ပြင်ဆင်နေကြတာ...”
နန်းရင်းဝန် ကျန်းစန်းဟိုင်၏ အိုစာနေသော မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွား၏။ ဇာတ်လမ်းကြည့်နေရင်းမှ မိမိပါ ပါဝင်ပတ်သက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုနေရာတွင် ရှိနေသူအားလုံးသည် ရွာလူကြီး ကျန်းတဟိုင်ကို အံ့သြတုန်လှုပ်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြသည်။
ကျောက်ကော်က နန်းရင်းဝန်ကြီးကို လုပ်ကြံရဲတယ် ဟုတ်လား။
ကျန်းစန်းဟိုင်သည် ကိုယ်ရံတော်ခေါင်းဆောင်အား တိတ်တဆိတ် အချက်ပြ လိုက်ပြီး နှုတ်ခမ်းလှုပ်ရုံမျှ ပြောလိုက်သည်။ “အသေးစိတ် စုံစမ်းလိုက်။”
အခြေအနေ၏ ကြီးလေးမှုကို နားလည်သွားသော ကိုယ်ရံတော်ခေါင်းဆောင်မှာ အလျင်အမြန် ထွက်ခွာသွားတော့သည်။
“ဒါဆို ကျွန်မ စောင့်ကြည့်လိုက်မယ်...” တုန်းဖန်လျူလီက ပြုံးလိုက်သော်လည်း သူ၏ နီရဲသော မျက်လုံးများတွင်မူ နွေးထွေးမှု တစ်စက်မျှ ရှိမနေပေ။
“ဘာကို စောင့်ကြည့်နေဦးမှာလဲ။ နောက်ရက်အနည်းငယ်အတွင်း သတင်းတွေ ကြားရတော့မှာပါ။ အဲဒီအခါကျရင် ငါ ပြောတာနဲ့ ကိုက်မကိုက် ကြည့်လိုက်ပေါ့...” မုန့်ချင်ကျိုးက ဂရုမစိုက်သလို ပြောလိုက်သည်။
မကြာမီမှာပင် ကိုယ်ရံတော်ခေါင်းဆောင် တိတ်တဆိတ် ပြန်ရောက်လာသည်။ သူ၏ မျက်နှာမှာ တင်းမာနေပြီး ဧကရီတုန်းဖန်လျူလီအား အသာအယာ ခေါင်းညိတ် ပြလိုက်သည်။
ဘာမှ ပြောစရာမလိုတော့ပေ။ လုပ်ကြံသတ်ဖြတ်သူများကို ဖမ်းမိသွားပြီဖြစ်သဖြင့် မုန့်ချင်ကျိုး၏ စကားမှာ အမှန်ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။
ကျောက်ကော်က မြို့တော်အတွင်းသို့ လုပ်ကြံသတ်ဖြတ်သူများ ခေါ်ဆောင် လာခဲ့သည်မှာ အမှန်ပင်။ နန်းရင်းဝန် ကျန်းစန်းဟိုင်ကို လုပ်ကြံကာ မဟာကျင်းကို ဆူပူသောင်းကျန်းမှုများ ဖြစ်အောင် ကြံစည်ခဲ့ခြင်းပင်။
“ဘယ်သူ ခိုင်းတာလဲဆိုတာ သိရပြီလား။” ကျန်းစန်းဟိုင်က အသံလှိုင်းဖြင့် မေးလိုက်သည်။
ကိုယ်ရံတော်ခေါင်းဆောင်က ကြောင်တောင်တောင်ဖြစ်နေသော ကျောက်ကော်ကို တစ်ချက်ကြည့်လိုက်ပြီး အသံလှိုင်းဖြင့် ပြန်ဖြေလိုက်သည်။ “နန်းရင်းဝန်ကြီးကို လျှောက်တင်ပါတယ်၊ အဲဒီလုပ်ကြံသတ်ဖြတ်သူတွေရဲ့ ဝိညာဉ်ကို စစ်ဆေးကြည့်တော့ သူတို့ဟာ ကျောက်ကော်ရဲ့ လူတွေဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။”
လူတိုင်း မယုံနိုင်အောင် ဖြစ်သွားကြပြီး ဧကရီ၏ဘေးတွင် ရပ်နေသော ထိုလူငယ်ကို စိုက်ကြည့်လိုက်ကြသည်။
တစ်စုံတစ်ယောက်၏ မျက်လုံးများ ပြူးကျယ်သွားကာ တုန်ရီသောအသံဖြင့် ပြောလိုက်သည်။ “ပညာရှိ... ပညာရှိကြီးပဲ။။ စကားလုံးအနည်းငယ်နဲ့ ပထမအဆင့် ကျင့်ကြံသူကို အဆင့်တက်စေနိုင်ခဲ့သလို၊ ဒီနေရာလေးကနေ ကမ္ဘာကြီးရဲ့ အဖြစ်အပျက် တွေကိုလည်း တွက်ချက်နိုင်တယ်။ သူက ပညာရှိကြီး မဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ။။”
တုန်းဖန်လျူလီလည်း ပို၍ပင် မယုံနိုင်ဖြစ်သွားကာ မုန့်ချင်ကျိုးကို သေချာစွာ ကြည့်ရှုစစ်ဆေးရန် အကြည့်လွှဲလိုက်မိသည်။
ငါ့ရဲ့ ကြင်ရာတော်က တကယ်ပဲ ပညာရှိ တစ်ဦးလား။