← Chapters

ရှေးခေတ်နှင့် ယခုခေတ်ကို မျက်မမြင်သမက် တွက်ချက်ခြင်း

Vol. 1 Ch. 6

ရှေးခေတ်နှင့် ယခုခေတ်ကို မျက်မမြင်သမက် တွက်ချက်ခြင်း

Vol. 1 Ch. 6

မုန့်ချင်ကျိုးသည် အချိုပွဲတစ်ပန်းကန်ကို ချပေးရင်း ဆိုလိုက်သည်။ “မသိဘူး၊ စိတ်လည်းမဝင်စားဘူး၊ ဘာမှလည်း မပြောချင်ဘူး။”

ရံဖန်ရံခါ နိုင်ငံရေးကိစ္စများကို ဆွေးနွေးခြင်းမှာ ပြဿနာ မရှိသော်လည်း၊ သတင်း စီးဆင်းမှု ပြတ်တောက်နေသည့် ဝေးလံသော မြို့ငယ်လေးများတွင် ထိုသို့ပြောဆိုခြင်းက မသမာသော ရည်ရွယ်ချက်ရှိသူများ၏ အာရုံစိုက်မှုကို ခံရမည် မဟုတ်ပေ။ အလွန်ဆုံးရှိလှ အိမ်နီးနားချင်းများမှ “လေကြီးတဲ့ကောင်”ဟု သတ်မှတ်ခြင်းကိုသာ ခံရပေလိမ့်မည်။

သို့သော် နေ့စဉ် အနာဂတ်ဖြစ်ရပ်များကို ဟောကိန်းထုတ်နေခြင်းမှာ မီးတွင်းဝထဲ ကနေသကဲ့သို့ အန္တရာယ်များလှ၏။

တုန်းဖန်လျူလီသည် မုန့်ချင်ကျိုး၏ စိုးရိမ်မှုများကို ရိပ်မိပုံရပြီး အသာအယာ ရယ်မောကာ ကတိပေးလိုက်သည်။ “စိတ်မပူပါနဲ့၊ ဒါက အပျင်းပြေ စကားပြောတာပဲဥစ္စာ။ ကျွန်မ ဘယ်သူ့ကိုမှ တစ်ခွန်းမှ ပြန်ပြောမှာမဟုတ်ဘူး...”

မုန့်ချင်ကျိုးက ပျားရည်ဖြင့် ပြုလုပ်ထားသော ကိတ်မုန့်တစ်တုံးကို ယူကာ ပါးစပ်နားတွင် အတော်ကြာအောင် ကိုင်ထားပြီးမှ ပြန်ချလိုက်ကာ ဆိုသည်။ “ကောင်းပြီလေ။ မင်းက ငါ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာဆိုတော့ နည်းနည်း ဝေမျှရတာပေါ့။”

ထိုစကားကို ကြားသည်နှင့် တုန်းဖန်လျူလီနှင့် စုချင်ချိုးတို့သည် ချက်ချင်းပင် ကျောကို မတ်မတ်ဆန့်ကာ ထိုင်လိုက်ကြသည်။ ဒုတိယတစ်ယောက်မှာမူ မည်သည့် အချိန်တွင်မဆို မှတ်စုထုတ်ရေးရန် အသင့်ဖြစ်နေသည့်အလား ဘောပင်နှင့် စာအုပ်ကိုပါ တိတ်တဆိတ် ထုတ်လိုက်၏။

မုန့်ချင်ကျိုး ခေါင်းကိုမော့ကာ ဝတ္ထုထဲမှ ဇာတ်ကွက်များကို ပြန်လည် စဉ်းစားနေလိုက်သည်။

မူရင်းဇာတ်လမ်းထဲတွင် ရှုဘုရင်၏ အမွေဆက်ခံသူ ကျောက်ကော်သည် တစ်ဦးတည်းသော ဇာတ်လိုက်မင်းသာ ဖြစ်သည်။ ခမည်းတော် ကျောက်ယွီဟွမ် ပုန်ကန်နိုင်ရန် ကူညီပေးဖို့ရာ သူက မြို့တော်သို့ ခမ်းနားစွာ ရောက်ရှိလာခဲ့ပြီး နောက်ကွယ်တွင် လုပ်ကြံသတ်ဖြတ်သူ ၁၀၀ကို တိတ်တဆိတ် ခေါ်ဆောင်လာခဲ့သည်။

အပေါ်ယံတွင် ကျောက်ကော်က ပွဲလမ်းသဘင် အမျိုးမျိုးကို တက်ရောက် နေသော်လည်း၊ ကွယ်ရာတွင်မူ ထူးချွန်သော လုပ်ကြံသတ်ဖြတ်သူ တစ်စုကို နန်းရင်းဝန် ကျန်းစန်းဟိုင်၏ နေအိမ်သို့ စေလွှတ်ကာ လုပ်ကြံခိုင်းခဲ့သည်။ နန်းရင်းဝန်က အသက် မသေခဲ့သော်လည်း ထိုဖြစ်ရပ်ကြောင့် အပြင်းအထန် နာမကျန်း ဖြစ်သွားခဲ့ရသည်။

ကျန်းစန်းဟိုင်၏ အကူအညီမရှိဘဲ ဧကရီက နိုင်ငံတော်ကိစ္စများကို ကိုင်တွယ်ရန် အခက်တွေ့ခဲ့ရသည်။

ထို့နောက်တွင် ကျောက်ကော်က နန်းတွင်းအရာရှိများကို စည်းရုံးသိမ်းသွင်းပြီး ဧကရီတွင် ကြင်ရာတော် မရှိခြင်းကို အကြောင်းပြကာ ကြင်ရာတော် တစ်ဦး ခန့်အပ်ရန် ဖိအားပေးခဲ့သည်။

တစ်ဆက်တည်း သူက ဒုက္ခသည်များနှင့် ဓားပြများအဖြစ် ဟန်ဆောင်ထားသော ရှုစစ်တပ်ကို မဟာကျင်းတစ်ခွင်တွင် စစ်မီးမွှေးခိုင်းခဲ့သည်။

ဖိအားများအောက်တွင် ဧကရီ ချင်းလျူလီမှာ ဆက်လက် မတောင့်ခံနိုင်တော့ဘဲ မဟာကျင်းပြည်ထောင်စုအတွင်း ဆူပူအုံကြွမှုများ စတင်လာခဲ့သည်။

ခြောက်လအတွင်းမှာပင် မဟာကျင်း၏ နယ်မြေမှာ နှစ်ခြမ်းကွဲသွားပြီး နန်းတွင်းလည်း ဧကရီ ချင်းလျူလီကို ထောက်ခံသူနှင့် ရှုဘုရင် ကျောက်ယွီဟွမ်ကို ထောက်ခံသူဟူ၍ အုပ်စုနှစ်စု ကွဲသွားခဲ့သည်။

နောက်ဆုံးတွင် ဧကရီ ချင်းလျူလီက ကျောက်ကော်၏ “ဇာတ်လိုက်အရှိန်အဝါ”ကို မယှဉ်နိုင်ဘဲ ရှုံးနိမ့်သွားခဲ့ကာ မဟာကျင်း၏ အရှင်သခင်မှာ ကျောက်မျိုးရိုး ဖြစ်သွားခဲ့သည်။

ကျောက်ကော်က အိမ်ရှေ့စံမင်းသား ဖြစ်လာခဲ့သည်။

ချင်းလျူလီမှာမူ ပြိုင်ဘက်ကင်း ကျင့်ကြံခြင်း စွမ်းအားဖြင့် ဝိုင်းရံထားမှုကြားမှ ဖောက်ထွက် လွတ်မြောက်သွားခဲ့ပြီး နောက်ပိုင်းတွင် ကျောက်ကော်အား လက်စားချေရန် ကြိုးပမ်းသည့် ဗီလိန်မကြီး ဖြစ်လာခဲ့သည်။

သို့သော် ကျောက်ကော်မှာ အစွမ်းထက်လွန်းသော ဇာတ်လိုက်ဖြစ်သဖြင့် သူ မယှဉ်နိုင်ဘဲ နောက်ဆုံးတွင် ကျောက်ကော်၏ လက်ထဲတွင်ပင် ရှုံးနိမ့်ခဲ့ရပြန်သည်။

ကျောက်ကော်က ချင်းလျူလီကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်လိုသော်လည်း မောက်မာသော စိတ်ထားရှိသည့် ချင်းလျူလီမှာမူ အရှုံးမပေးဘဲ မိမိကိုယ်မိမိ ဓားဖြင့် အဆုံးစီရင်ကာ ဝိညာဉ်နှင့်ခန္ဓာကို ဖျက်ဆီးပစ်လိုက်သည်။

အတိုချုပ်ပြောရလျှင် ဧကရီ ချင်းလျူလီက ဝတ္ထုထဲမှ ဗီလိန် ဖြစ်ပြီး ကျောက်ကော်မှာ အစွမ်းထက်သော ဇာတ်လိုက်မင်းသား ဖြစ်သည်။ ထို့ကြောင့် ဧကရီမှာ ရှုံးနိမ့်ရန် ကံပါလာသူသာပင်။

ထိုအကြောင်းကို တွေးမိရင်း မုန့်ချင်ကျိုးက သက်ပြင်း အနည်းငယ် ချလိုက်ကာ ဆိုသည်။ “မဟာကျင်းရဲ့ ကံကြမ္မာကတော့ တက်ကြွထွန်းလင်းနေဆဲပဲ။ နောင်တစ်ချိန်မှာ ပြည်နယ်ကိုးခုကို သိမ်းပိုက်ပြီး ကမ္ဘာကြီးကို ပေါင်းစည်းနိုင်လိမ့်မယ်...”

တုန်းဖန်လျူလီက မျက်မှောင်ကြုတ်ထားရာမှ ပြေလျော့သွားပြီး ပြုံးလိုက်ကာ မေးသည်။ “အဲဒါ ကောင်းတဲ့အချက်ပဲ မဟုတ်လား။ ဘာလို့ သက်ပြင်းချတာလဲ။”

မုန့်ချင်ကျိုးက ပြောလိုက်သည်။ “ငါ သက်ပြင်းချတာက မဟာကျင်းအတွက် မဟုတ်ဘူး။ လက်ရှိ ဧကရီ ချင်းလျူလီအတွက်ပါ။ တိုက်တိုက်ဆိုင်ဆိုင် မင်းကလည်း လျူလီဆိုတဲ့ နာမည်ရှိသလို ဧကရီကလည်း လျူလီပဲ...”

တုန်းဖန်လျူလီက စကား၏ နောက်ပိုင်းကို လျစ်လျူရှုလိုက်သော်လည်း စိတ်ထဲ မသိုးမသန့် ခံစားရကာ မေးလိုက်သည်။ “ဧကရီက ဘာဖြစ်လို့လဲ...”

စုချင်ချိုးပင် စိုးရိမ်စိတ်ဖြင့် တင်းမာသွား၏။

ပညာရှိကြီး၏ အမြင်တွင် ဧကရီက ဝမ်းနည်းစရာ ကောင်းသော အဆုံးသတ်နှင့် ရင်ဆိုင်ရတော့မည်လား။

မုန့်ချင်ကျိုးက ဆိုသည်။ “ဧကရီက ပြိုင်ဘက်ကင်း ကျင့်ကြံခြင်းစွမ်းအားရှိတဲ့ ကြီးမြတ်တဲ့ အုပ်ချုပ်သူ တစ်ယောက်ပါ။ ဒါပေမဲ့ သူက စိတ်လောလွန်းတယ်။ သူ မသိတာက တကယ့်အန္တရာယ်က သူ့ဘေးနားမှာ အမြဲတမ်း ပုန်းအောင်းနေတာကိုပဲ။ မဟာကျင်းရဲ့ ကံကြမ္မာက မီးတောက်လို တောက်ပနေပေမဲ့ အနားမှာ ချောင်းနေတဲ့ ဝံပုလွေတွေကို သတိမထားမိရင် နောင်တစ်ချိန်မှာ ကမ္ဘာကြီးကို ပေါင်းစည်းနိုင်တာက မဟာကျင်း ဖြစ်နိုင်ပေမဲ့ အုပ်ချုပ်သူကတော့ ချင်းမျိုးရိုး ဖြစ်ချင်မှ ဖြစ်တော့မှာ...”

မုန့်ချင်ကျိုး ထရပ်လိုက်ကာ တောင်ဝှေးကို ဓားကဲ့သို့ကိုင်ကာ အနောက်မြောက် အရပ်သို့ ညွှန်ပြရင်း ကျယ်လောင်စွာ ပြောလိုက်၏။ “ကျောက်ယွီဟွမ်ရဲ့ ရည်မှန်းချက်က နေ့ခင်းကြောင်တောင်ကြီးလို ရှင်းလင်းနေတာပဲ။ သူက စွမ်းဆောင်ရည်လည်း အတော် မြင့်မားတယ်။ ရှုနယ်မြေရဲ့ လက်ရှိစစ်တပ်က ငါးသောင်းပဲ ရှိပေမဲ့ ကွယ်ရာမှာ တိတ်တဆိတ် လေ့ကျင့်ထားတဲ့ အထူးတပ်သားက တစ်သိန်းခွဲတောင် ရှိနေတာ။ ဒါတင်မကဘူး။ ကျောက်ယွီဟွမ်က နန်းတွင်းအရာရှိတွေကို စည်းရုံးလာတာ နှစ်နဲ့ချီနေပြီ။ သူက ဉာဏ်ကောင်းတယ်။ အဆင့်(၃)ထက် မြင့်တဲ့ အရာရှိတွေကို ဘယ်တော့မှ မထိဘူး။ အဆင့်(၄)အောက်က ခရိုင်အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ဆေးရေးမှူးတွေကိုပဲ အဓိက စည်းရုံးတာ။ တကယ်လို့ ပြည်တွင်းစစ်သာ ဖြစ်လာရင် မြို့တော်ကလွဲပြီးတော့ ကျန်တဲ့ မြို့တစ်ဝက်ကျော်ဟာ ချက်ချင်းဆိုသလို ဘက်ပြောင်းသွားလိမ့်မယ်...”

မုန့်ချင်ကျိုးက တုန်းဖန်လျူလီ ရှိရာသို့ ကြည့်ကာ မေးလိုက်သည်။ “တကယ်လို့ မင်းက ဧကရီဆိုရင် ဒါကို ဘယ်လို ကာကွယ်မလဲ။”

သူ၏ စကားလုံးများကြောင့် တုန်းဖန်လျူလီ မှင်တက်သွားပြီး စုချင်ချိုးမှာမူ တုန်လှုပ်လွန်း၍ စကားပင် မပြောနိုင်တော့။

ရုပ်ရည်ချောမောခြင်းနှင့် ထူးကဲသော အရှိန်အဝါရှိခြင်းမှလွဲ၍ သာမန်လူ တစ်ယောက်ဟု ထင်ရသော မုန့်ချင်ကျိုးက ဤမျှ လျှို့ဝှက်ချက်များကို သိရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။

တုန်းဖန်လျူလီက မုန့်ချင်ကျိုးအား ပညာရှိကြီးဟူသော ပြောဆိုချက်အပေါ် အမြဲ သံသယရှိခဲ့သော်လည်း ယခုမူ ယုံကြည်ချက် တုန်လှုပ်သွားပြီ ဖြစ်သည်။

မုန့်ချင်ကျိုး ပြောခဲ့သော လျှို့ဝှက်ချက်များကို တုန်းဖန်လျူလီသာ လူအင်အားနှင့် အရင်းအမြစ်များကို သုံးစွဲမည်ဆိုပါက သုံးရက်အတွင်း အတည်ပြုနိုင်မည် ဖြစ်သည်။

သူ မတော်တဆ ရွေးချယ်လိုက်သူမှာ တကယ်ပဲ ဒဏ္ဍာရီလာ ပညာရှိကြီး တစ်ဦး ဖြစ်နေသည်လား။

တုန်းဖန်လျူလီက အနည်းငယ် မျက်မှောင်ကြုတ်ကာ ခေတ္တ စဉ်းစားပြီးနောက် ဆိုလိုက်သည်။ “ဧကရီအမိန့်တော်ကို ထုတ်ပြန်ပြီး နယ်စပ်တပ်ဖွဲ့တွေကို ဧကရီကို ကာကွယ်ဖို့ မြို့တော်ထဲ ဝင်ခိုင်းမယ်။ ပြီးရင် စစ်သူကြီး ချင်းဖုန်းဟော်ကို တပ်သား ငါးသောင်းနဲ့ ရှုနယ်မြေကို သွားတိုက်ခိုင်းပြီး ကျောက်ယွီဟွမ်ကို အကျပ်ရိုက်အောင် လုပ်မယ်...”

မုန့်ချင်ကျိုးက လက်ခံသည့်သဘောဖြင့် ခေါင်းညိတ်ကာ ကျူးလိုက်သည်။ “ဉာဏ်ကောင်းလိုက်တာ... အဖြေက ပြည့်စုံတယ်။ တကယ်လို့ ငါသာ အမှန်တရားကို မသိရင် မင်းကို လက်ရှိဧကရီလို့တောင် ထင်မိမှာ...”

ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီက ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်သွားသလို စုချင်ချိုးမှာမူလည်း ရယ်ချင်စိတ်ကို အသည်းအသန် အောင့်ထားရ၏။

မုန့်ချင်ကျိုးက လေသံကို ပြောင်းလိုက်ကာ ထပ်မေးပြန်သည်။ “တကယ်လို့ အမွေခံ ကျောက်ကော်က မြို့တော်ထဲမှာ ဆူပူမှုတွေ ဖန်တီးပြီးတော့ ဧကရီရဲ့ အဓိက ထောက်တိုင်ဖြစ်တဲ့ နန်းရင်းဝန် ကျန်းစန်းဟိုင်ကို ဖြုတ်ချလိုက်ရင်ကော။ ပြီးတော့ ဧကရီမှာ ကြင်ရာတော် မရှိတာကို အကြောင်းပြပြီး ဖိအားပေးလာရင်ကော။ အဲဒီအခါကျ မင်း ဘာလုပ်မလဲ။”

“အဟိ...” စုချင်ချိုး နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ရယ်ချလိုက်မိသည်။

“ဧကရီမှာ သင့်တော်တဲ့ ကြင်ရာတော် ရှိပြီးသားပါ။ သူ့မှာ အဖော်မဲ့နေတာ မဟုတ်ပါဘူး။ နန်းရင်းဝန် ကျန်းစန်းဟိုင် ကတော့... သူ ဘေးကင်းပါတယ်။ သူက ပုန်းအောင်းနေတဲ့ လုပ်ကြံသတ်ဖြတ်သူတွေကို ကြိုတင်တွေ့ရှိခဲ့တယ်လို့ ကြားတယ်...” တုန်းဖန်လျူလီက ချောင်းတစ်ချက်ဟန့်ကာ ရှက်ရှက်နှင့် ပြောလိုက်သည်။

မုန့်ချင်ကျိုး ပါးစပ်ဟလိုက်သော်လည်း အချိန်အတော်ကြာအောင် စကားမထွက်နိုင် ဖြစ်သွား၏။

ဘာတွေ ဖြစ်နေတာလဲ...

ဇာတ်ညွှန်းက ဒီလိုဖြစ်ရမှာ မဟုတ်ဘူး။ ဧကရီမှာ ဘယ်လိုလုပ်ပြီး ကြင်ရာတော် ရှိနိုင်မှာလဲ။ သူက အဖော်မဲ့ ဗီလိန်မကြီး ဖြစ်ရမှာလေ။

ပြီးတော့ ကျန်းစန်းဟိုင်ကလည်း လုပ်ကြံသတ်ဖြတ်သူတွေကို ကြိုပြီးတော့ တွေ့ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မဟုတ်ရင် ဇာတ်လိုက် ကျောက်ကော်က သူ့အစီအစဉ်ကို ဘယ်လို ဆက်လုပ်မလဲ။

“မင်း နောက်နေတာ မဟုတ်ဘူးမလား။” မုန့်ချင်ကျိုးက လေးလေးနက်နက် မေးလိုက်သည်။

“မဟုတ်ပါဘူး။ ရှင် ဘယ်သူ့ကိုမဆို မေးကြည့်လို့ရတယ်။ သူတို့လည်း ဒီလိုပဲ ပြောကြမှာပဲ။ ကျွန်မက ဘာလို့ ရှင့်ကို လိမ်ရမှာလဲ...” တုန်းဖန်လျူလီက ဆိုသည်။

မုန့်ချင်ကျိုး ဇဝေဇဝါ ဖြစ်သွားကာ နားထင်ကိုနှိပ်ရင်း ဆိုလိုက်သည်။ “ဘာမှ မပြောနဲ့ဦး။ ငါ အတွေးတွေကို အရင် ပြန်စီစစ်လိုက်ဦးမယ်။”

တုန်းဖန်လျူလီ သူ့ကို မနှောင့်ယှက်တော့ဘဲ မေးစေ့ကို လက်ဖြင့်ထောက်ကာ မုန့်ချင်ကျိုးကို တိတ်တဆိတ် ကြည့်နေလိုက်သည်။ သူ၏ ပယင်းရောင် မျက်လုံးများထဲတွင် အမျိုးမျိုးသော ခံစားချက်များ လှုပ်ခတ်နေ၏။

သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ဦးအပေါ် မှီခိုအားထားရခြင်း၏ လုံခြုံမှုမျိုးကို ခံစားလိုက်ရသည်။

အကယ်၍သာ မုန့်ချင်ကျိုး၏ ဟောကိန်းများ မရှိခဲ့လျှင် တုန်းဖန်လျူလီသည် ထိုအခြေအနေကို စိတ်ပင် မကူးရဲပေ။

ရှုနယ်မြေတွင် တပ်စွဲထားသော စစ်တပ်ပေါင်း တစ်သိန်းခွဲနှင့် မဟာကျင်း၏ ခရိုင်ဝက်ကျော်မှာ ရှုဘုရင်ဘက်သို့ တိတ်တဆိတ် ကူးပြောင်းနေခြင်း...

ကျောက်ကော်၏ နန်းရင်းဝန် ကျန်းစန်းဟိုင်ကို ဖြုတ်ချပြီး ဧကရီအား ကြင်ရာတော် ခန့်အပ်ရန် ဖိအားပေးမှုနှင့် ပေါင်းလိုက်လျှင်...

ကျောက်ကော်နှင့် ကျောက်ယွီဟွမ်တို့ အတွင်းအပြင် ပူးပေါင်းလိုက်ပါက တုန်းဖန်လျူလီ တွေးကြည့်ရုံနှင့်ပင် အသက်ရှူကျပ်သွားသလို ခံစားလိုက်ရသည်။

ထိုဖြစ်ရပ်စဉ်ကို ဆက်လက် တွက်ချက်ကြည့်လျှင်...

အကယ်၍ ထူးခြားသည့် အပြောင်းအလဲများ မရှိခဲ့ပါက သူသည် အလွန်ဆုံး ၃နှစ်ခန့်သာ ထိန်းထားနိုင်မည်ဖြစ်ပြီး ထို့နောက်တွင် မဟာကျင်း၏ ထီးနန်းမှာ ကျောက်မျိုးရိုး အမည်သို့ ပြောင်းလဲသွားပေလိမ့်မည်...

“ကျေးဇူးတင်ပါတယ်...” တုန်းဖန်လျူလီက တိုးတိုးလေး ပြောလိုက်သည်။

မုန့်ချင်ကျိုးက ရှုပ်ထွေးနေသော အတွေးများကို ဖယ်ထုတ်လိုက်ကာ ပြုံးလိုက်ပြီး ပြောသည်။ “ဘာအတွက် ကျေးဇူးတင်တာလဲ။ ငါက မင်းသိချင်တာ ပြောပြရုံပါ။”

တုန်းဖန်လျူလီက ရုတ်တရက် စိတ်ထဲရှိသည်ကို မေးလိုက်မိသည်။ “ဧကရီအပေါ် လူတစ်ယောက်အနေနဲ့ ရှင် ဘယ်လိုထင်လဲ...”

သူက မုန့်ချင်ကျိုး၏ စိတ်ထဲတွင် သူ့ကိုယ်သူ မည်ကဲ့သို့သော အကဲဖြတ်မှုမျိုး ရရှိထားသကြောင်းကို သိချင်နေခြင်းပင်။

“ကျင့်ကြံခြင်း ပါရမီအရဆိုရင်တော့ လောကမှာ သူ့ကို ယှဉ်နိုင်သူ အနည်းငယ်ပဲ ရှိလိမ့်မယ်။ အသက် ၂၁နှစ်နဲ့တင် လရောင်ထွန်းလင်းနယ်ပယ်ကို ရောက်ရှိနေတာက သမိုင်းတစ်လျှောက်မှာ ရှားပါးတဲ့ ကိစ္စပဲ။” မုန့်ချင်ကျိုးက ဆိုလိုက်သည်။

မှန်ပေသည်။ ဧကရီ၏ ပါရမီမှာ မည်မျှပင် အံ့မခန်းဖြစ်ပါစေ သူနှင့်မူ မယှဉ်နိုင်ပေ။ မုန့်ချင်ကျိုးက ကျင့်ကြံခြင်း စတင်သည်မှာ ၃နှစ်သာ ရှိသေးသော်လည်း တောင်ရွှေ့ နယ်ပယ်၏ အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မုန့်ချင်ကျိုးက ဆက်ပြောသည်။ “ဗျူဟာပိုင်းမှာဆိုရင်လည်း ဧကရီက အသက် ၁၃နှစ်မှာတင် စစ်တပ် ငါးသောင်းကို ဦးဆောင်ပြီး လိုလန်နိုင်ငံရဲ့ တပ်သား သုံးသိန်းကို အနိုင်ယူခဲ့ဖူးတယ်။ အနုပညာမှာဆိုရင်လည်း ကဗျာ၊ သီချင်းနဲ့ အကမှာ ထူးချွန်တယ်။ ရုပ်ရည်ပိုင်းမှာဆိုရင်လည်း သူဟာ ပြိုင်ဘက်ကင်း နတ်သမီးတစ်ပါးပဲ။ ဧကရီက လုံးဝကို ပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ...”

မုန့်ချင်ကျိုး မိမိဘာသာ ပြောနေခြင်း ဖြစ်သည်။ ဤဖော်ပြချက်များမှာ ဝတ္ထုထဲမှ ဖော်ပြချက်များပင်။

ဝတ္ထုကို စဖတ်စဉ်က သူ၏ စိတ်ဝင်စားမှုတစ်ဝက်မှာ ဧကရီအပေါ်တွင် ဖြစ်သော်လည်း နောက်ပိုင်းတွင် ဧကရီက ဗီလိန်မကြီး ဖြစ်နေပြီး ဇာတ်လိုက်၏ မောင်းမဆောင်ထဲတွင် မပါဝင်ကြောင်း သိလိုက်ရသည်။

“ရှင်က မျက်မမြင် မဟုတ်ဘူးလား။ ဧကရီ လှတယ်ဆိုတာ ဘယ်လို သိတာလဲ။” စုချင်ချိုးက ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ငါက ယောက်ျား တစ်ယောက်ပဲလေ။ ဧကရီရဲ့ ဒဏ္ဍာရီတွေကို ကြားရုံနဲ့တင် သူရဲ့ ပြိုင်ဘက်ကင်း အလှကို စိတ်ကူးကြည့်ဖို့ လုံလောက်နေပြီ...” မုန့်ချင်ကျိုးက မရှက်ဘဲ ပြောလိုက်သည်။

တုန်းဖန်လျူလီ ရယ်ပင် ရယ်ချင်သွားခဲ့သည်။

ရှင်က ပညာရှိကြီး ဆိုရင်တောင်မှ ရှင်ပြောနေတဲ့ ပြီးပြည့်စုံတဲ့ ဧကရီက အရှေ့ တည့်တည့်မှာ ထိုင်နေပြီးတော့ ရှင့်ရဲ့ ဇနီးလည်း ဖြစ်နေတယ်ဆိုတာ မသိဘူးလား။

“တကယ်လို့ ကျွန်မက ရှင့်ကို ဧကရီရဲ့ နန်းတွင်းထဲ ဝင်ခွင့်ရအောင် အခွင့်အရေး ပေးမယ်ဆိုရင်ကော။” တုန်းဖန်လျူလီက တည်ငြိမ်စွာ မေးလိုက်သည်။

ထိုစကားကို ကြားသော် မုန့်ချင်ကျိုး ခေါင်းကို ခါယမ်းပြီး ငြင်းလိုက်သည်။ “ဟင့်အင်း မလုပ်ပါနဲ့။ မသွားချင်ဘူး။”

အကြောင်းပြချက်မှာ ရှင်းပေသည်။ သူက အသက်ကို တန်ဖိုးထား၍ပင်။

ဗီလိန်မကြီး ဧကရီနောက်သို့ လိုက်သွားခြင်းက အစွမ်းထက်လှသော ဇာတ်လိုက် ကျောက်ကော်ကို ဆန့်ကျင်ခြင်းပင်။ မုန့်ချင်ကျိုးက နောက်ထပ် နှစ်အနည်းငယ်လောက် အေးအေးဆေးဆေး အသက်ရှင်ချင်နေသေးသည်။

All Chapters