ဒါဆိုရင် သူ့ကို ချားရဟတ် စီးခိုင်းလိုက်ပေါ့
Vol. 1 Ch. 8
[တွီ။ နတ်ဘုရားအလိုတော်ရှိသော ဇာတ်လိုက် ကျောက်ကော်အား အောင်မြင်စွာ ဖိနှိပ်နိုင်ခဲ့သဖြင့် သူ၏ ကံတရား ၅၀၀ လျော့ကျသွားပါသည်]
[ နတ်ဘုရားအလိုတော်ရှိသော ဇာတ်လိုက် ကျောက်ကော်၊ ကံတရား ၄၀၀၀ - ၅၀၀ = ၃၅၀၀ ]
[ဆုလာဘ် (၁) - နတ်ဘုရားအဆင့် ဝိညာဉ်ဆေးပင်၊ နေကိုးစင်း လောင်ကျွမ်းနှလုံးသားကြာပန်း ]
[ဆုလာဘ် (၂) - တန်ခိုးရှင်အဆင့် ခွေးစာ ကီလိုဂရမ် တစ်ရာ (အရသာရှိပြီး ဈေးနှုန်းချိုသာသည်၊ ဖားတတ်သူများပင် ချီးကျူးရပြီး နတ်သားရဲများလည်း စားပြီးလျှင် အမြီးနန့်ကြလိမ့်မည်)]
နေပူစာလှုံရင်း ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသော မုန့်ချင်ကျိုးက မြေကမ္ဘာအဆင့် ဝိညာဉ်ဆေးလုံးများကို ပါးစပ်ထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်နေစဉ်မှာပင် ရုတ်တရက် စနစ်၏ အသိပေးချက်ကို ကြားလိုက်ရ၏။
မုန့်ချင်ကျိုး လန့်သွားကာ လက်ထဲရှိ မြေကမ္ဘာအဆင့် ဝိညာဉ်ဆေးလုံးကို ကြက်စာကျွေးရန် ကြက်ခြံထဲသို့ ပစ်ထည့်လိုက်မိသည်။
“ဒါက ဘာအဓိပ္ပာယ်လဲ။ နတ်ဘုရားအလိုတော်ပါတဲ့ ဇာတ်လိုက်က ဖိနှိပ်ခံရတာနဲ့ ငါနဲ့ ဘာဆိုင်လို့လဲ။ ငါက ဘာလို့ ဆုလာဘ်ရနေရတာလဲ။”
မုန့်ချင်ကျိုးမှာ လုံးဝကို ဇဝေဇဝါ ဖြစ်သွားသည်။ အတော်ကြာ စဉ်းစားပြီးနောက် သူ ကောက်ချက်တစ်ခု ချလိုက်သည်။
ကျောက်ကော် ဖိနှိပ်ခံရပြီး ထိုအစွမ်းထက်ဇာတ်လိုက်က “အစွမ်းမပြ” နိုင်သရွေ့ သူကိုယ်တိုင် ဆုလာဘ်များ ရရှိနေမည်ဖြစ်သည်။
“ကျောက်ကော်ကို နှိပ်စက်နေတဲ့ စိတ်ကောင်းရှိသူကြီးခင်ဗျာ။ ခုနက ခင်ဗျားကို အထင်လွဲမိတဲ့အတွက် တောင်းပန်ပါတယ်။ ခင်ဗျားက တကယ်ကို လူကောင်း တစ်ယောက်ပါပဲ။”
မုန့်ချင်ကျိုးင အမည်မသိ ထိုစိတ်ကောင်းရှိသူကြီးထံသို့ စိတ်ထဲမှနေ၍ “လူကောင်းကတ်” တစ်ခု ပေးပို့လိုက်ပြီး စနစ်၏ ဆုလာဘ်များကို ဝမ်းသာအားရ လက်ခံလိုက်သည်။
စနစ်ဆုလာဘ်ကို ပြန်ကြည့်ရင်း မုန့်ချင်ကျိုးက နှုတ်ခမ်းကို မဲ့လိုက်မိကာ စိတ်မဝင်စားသလို ခံစားလိုက်ရသည်။
နောက်ထပ် အမှိုက်ပုံကြီး တစ်ပုံပါပဲ။
နတ်ဘုရားအဆင့် “နေကိုးစင်းလောင်ကျွမ်းနှလုံးသားကြာပန်း” ဆိုသည်မှာ ရတနာ တစ်ခု ဖြစ်သော်လည်း သူ့အတွက်မူ အသုံးမဝင်ပေ။
တန်ခိုးရှင်အဆင့် ခွေးစာ ကီလိုဂရမ် တစ်ရာကို မြင်လိုက်ရသောအခါ မုန့်ချင်ကျိုး ဆဲမိတော့သည်။ မသေမျိုးအဆင့်တဲ့။ ငါ့ စနစ်ကို နေ့တိုင်း ဝင်လာခဲ့တာ သုံးနှစ်ရှိပြီ။ အခုမှ တန်ခိုးရှင်အဆင့် ပစ္စည်းတစ်ခု ရဖူးတာကို ခွေးစာ ဖြစ်နေတယ်တဲ့လား။ ဒါက ဖြုန်းတီးရာ မကျဘူးလား။
“နေကိုးစင်းလောင်ကျွမ်းနှလုံးသားကြာပန်း... နာမည်က ရင်းနှီးသားပဲ။” မန်ချင်ကျိုးက မေးစေ့ကို ပွတ်ရင်း ရင်းနှီးနေရသည့်အကြောင်းရင်းကို ရုတ်တရက် သတိရသွားသည်။
မူရင်းဝတ္ထု၏ နောက်ခံဇာတ်လမ်းအရ ဧကရီသည် ထီးနန်းကို ခိုင်မာစေရန်အတွက် “နှစ်တစ်သောင်း အစွန်းရောက်ယင်ကန်”ထဲသို့ ဝင်ရောက် ကျင့်ကြံခဲ့သည်။ သူသည် “လရောင်ထွန်းလင်းနယ်ပယ်”သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သော်လည်း အအေးမိ ရောဂါတစ်ခု စွဲကပ်သွားခဲ့ရပြီး ညတိုင်း အရိုးခိုက်မတတ် ဝေဒနာကို ခံစားနေရသည်။
နေကိုးစင်းလောင်ကျွမ်းနှလုံးသား ကြာပန်းဆိုသည်မှာ ထိုဧကရီ၏ အအေးမိ ရောဂါကို ကုသနိုင်သော တစ်ခုတည်းသော နတ်ဘုရားအဆင့် ဝိညာဉ်ဆေးပင် ဖြစ်၏။
ဧကရီက အခက်အခဲပေါင်းများစွာ ကျော်ဖြတ်ခဲ့သော်လည်း ထိုကြာပန်းကို လုံးဝ မတွေ့ရှိခဲ့ပေ။
“ဧကရီကို သွားဆက်သရင်လည်း ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး။ ဇာတ်လမ်း အထဲကိုပဲ ငါ့ကို ဆွဲသွင်းသလို ဖြစ်သွားလိမ့်မယ်။ ငါ့မိန်းမကိုပဲ သုံးခိုင်းလိုက်တာ ပိုကောင်းပါတယ်လေ။”
နေကိုးစင်းလောင်ကျွမ်းနှလုံးသားကြာပန်းတွင် အဆုံးမရှိသော အကျိုးကျေးဇူးများ ရှိသည်။ တုန်းဖန်လျူလီက သာမန်လူတစ်ယောက်သာ ဖြစ်သဖြင့် ၎င်းကို စားသုံးခြင်းက အနည်းဆုံးတော့ သူ၏ အသက်ကို နှစ်တစ်ရာလောက် ပိုရှည်စေလိမ့်မည်။
တွေးမိသည်နှင့် မုန့်ချင်ကျိုးက စနစ်ဂိုဒေါင်ထဲမှ ကြာပန်းကို ထုတ်ယူကာ ပွင့်ချပ်တစ်ခုကို ဆိတ်လိုက်ပြီး အရည်ညှစ်လိုက်၏။ ထို့နောက် နတ်ဘုရားအဆင့် ဝိညာဉ်ရတနာဖြစ်သော [သားရဲပေါင်းစုံအိုး]ထဲ ထည့်ကာ ပြင်းအားကို လျှော့ချပေးမည့် ဆေးဖက်ဝင်အပင်များကို ထည့်၍ အာနိသင်ပျော့သော ဆေးရည်တစ်အိုး ကျိုချက် လိုက်တော့သည်။
ထိုအချိန်တွင်....
ကောင်းကင်နှင့်မြေကြီး နန်းဆောင်၌။
ဧကရီက စားပွဲတွင်ထိုင်ပြီး နားထင်ကို လက်ချောင်းများဖြင့် နှိပ်ကာ ထောက်လှမ်းရေး အစီရင်ခံစာ အစုလိုက်ကို ဘေးသို့ ပစ်ချလိုက်သည်။
ဧကရီ၏ ဆွေမျိုးတော်စပ်သူလည်း ဖြစ်သော စစ်သူကြီး ချင်းဖုန်းဟော်က သတင်းကြားကြားချင်း ပြေးလာခဲ့သည်။ သူ၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်နေကာ ပြောလိုက်သည်။
“ကျုပ် ထင်တဲ့အတိုင်းပဲ။ ကျောက်ယွီဟွမ်ဆိုတဲ့ သစ္စာဖောက်ကြီးက မကောင်းတဲ့ စိတ်ထားရှိတာပဲ။ သူ့ရဲ့သား ကျောက်ကော်ကို မြို့တော်ကို လွှတ်လိုက်သလို ဟန်ဆောင်ထားတာက ကိုယ်ပွားတစ်ခုပဲ ဖြစ်နေတာကိုး။ အရှင်မ... ကျွန်တော်မျိုးကို စစ်တပ်ဦးဆောင်ခွင့်ပေးပါ။ ဒီသစ္စာဖောက်ကို အမြစ်ဖြတ်ပစ် သုတ်သင်ပါရစေ။”
ယခုလေးတင် ဧကရီကိုယ်တိုင်သည် တရားရေးဝန်ကြီးဌာန အကျဉ်းထောင်သို့ သွားခဲ့သည်။ အမြင့်ဆုံးအဆင့်ထောင်၏ အနက်ရှိုင်းဆုံးနေရာတွင် ချုပ်နှောင်ထားသော ကျောက်ကော်မှာ အသက်မရှိတော့ပေ။
သေသေချာချာ စစ်ဆေးပြီးနောက် အကျဉ်းထောင်ထဲတွင် သေဆုံးသွားသော ကျောက်ကော်မှာ ကိုယ်ပွားတစ်ခုသာ ဖြစ်ကြောင်း ဧကရီက အတည်ပြုနိုင်ခဲ့သည်။
ယခုဆို မုန့်ချင်ကျိုး၏ ဟောကိန်းများအားလုံး အမှန်တကယ် ဖြစ်လာခဲ့လေပြီ။
တုန်းဖန်လျူလီက သူ အမြဲတမ်း လျစ်လျူရှုထားခဲ့သော ကျောက်ယွီဟွမ်သည် ကမ္ဘာကို ပေါင်းစည်းမည့်လမ်းတွင် အကြီးမားဆုံး အတားအဆီး ဖြစ်လာမည်ဆိုသည်ကို မယုံကြည်ဘဲ မနေနိုင်တော့ပေ။
“ဦးရီးတော်... သွားပြီး အနားယူလိုက်ပါဦး။ ကျွန်မမှာ ကိုယ်ပိုင် အစီအစဉ် ရှိပါတယ်။” တုန်းဖန်လျူလီက တည်ငြိမ်စွာ ပြောလိုက်သည်။
ချင်းဖုန်းဟော်မှာ စိုးရိမ်တကြီးဖြင့် လမ်းလျှောက်နေရင်း မနေနိုင်ဘဲ လွှတ်ခနဲ ပြောလိုက်မိသည်။ “ဒါဆို... ကြင်ရာတော်ကြီးဆီမှာ ဒီပုန်ကန်မှုကို နှိမ်နင်းဖို့ ဗျူဟာ တစ်ခုလောက် သွားမေးကြည့်ရင်ကော။”
တုန်းဖန်လျူလီ ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားသော်လည်း ခေါင်းခါပြလိုက်သည်။ “ဒါကို နောက်မှ လုပ်ကြတာပေါ့။”
ထိုအချိန်တွင်...
“အစီရင်ခံစာ ရောက်လာပါတယ်။” စစ်သည်တစ်ဦးက ကောင်းကင်နှင့်မြေကြီး နန်းဆောင်ထဲသို့ အပြေးအလွှား ဝင်လာကာ မြေပြင်ပေါ်သို့ လဲကျရင်း အော်ဟစ် လိုက်သည်။
“အရှင်မ။ မဟာကျင်းရဲ့ နေရာအနှံ့အပြားက အစီရင်ခံစာတွေအရ ပြည်နယ် ၃၂ခုနဲ့ ခရိုင် ၁၀၈ခုမှာ ဓားပြတွေ ရုတ်တရက် ဆူပူသောင်းကျန်းနေကြပါတယ်။ စုစုပေါင်း အရေအတွက်က တစ်သိန်းထက် ကျော်လွန်နေပြီး ခရိုင်မြို့ အများအပြားရဲ့ လုံခြုံရေး စနစ်တွေ ပျက်ပြားကုန်ပါပြီ။။”
ပြောရင်းဆိုရင်းဖြင့် ထိုစစ်သည်က သတင်းအချက်အလက်များ ပါရှိသော “ထောက်လှမ်းရေး ကျောက်စိမ်းပြား”ကို ဆက်သလိုက်သည်။
ဤကမ္ဘာတွင် နည်းပညာ မရှိသော်လည်း လူတိုင်း ကျင့်ကြံနိုင်သော ရွှေခေတ် ဖြစ်ပြီး ထူးကဲသော စွမ်းအားများ ရှိသဖြင့် မိုင်ပေါင်း ထောင်ချီသော ခရီးကို လွယ်ကူစွာ ဆက်သွယ်နိုင်ကြသည်။
ဓားပြများ ဆူပူသောင်းကျန်းမှု ပေါ်ပေါက်လာသည်နှင့် အစီရင်ခံစာမှာ တုန်းဖန်လျူလီ၏ လက်ထဲသို့ ရောက်ရှိလာခြင်းပင်။
“အဟက်...”
တုန်းဖန်လျူလီက ၎င်းကို ခဏမျှ ကြည့်လိုက်ပြီး ကျောက်စိမ်းပြားကို စားပွဲပေါ်သို့ ပစ်တင်ကာ လှောင်ပြောင်လိုက်သည်။ “ကြင်ရာတော်ကြီး ပြောတာ မှန်နေတာပဲ။ ကျောက်ယွီဟွမ်က တိုင်းပြည်ထဲက အဆင့်မြင့်အရာရှိ တစ်ဝက်ကျော်ကို စည်းရုံး ထားပြီးသားပဲ။ မဟုတ်ရင် ဒီလောက် ရုတ်တရက်ကြီး ဓားပြတွေ ဒီလောက်အများကြီး ပေါ်လာစရာ အကြောင်းမရှိဘူး။ ဘယ်ဓားပြကမှ လူပေါင်းတစ်သိန်းကို မဆင်မခြင် စုစည်းမှာ မဟုတ်ဘူး။ အဲဒီထဲက အများစုက ကျင့်ကြံသူတွေ ဖြစ်နေပြီးတော့ မြို့ကြီးတွေရဲ့ လက်နက်တိုက်တွေ၊ ဆန်ဂိုဒေါင်တွေနဲ့ ရတနာတိုက်တွေကို တည့်တည့်ဦးတည်နေတာ။ ကျောက်ယွီဟွမ် ရှင့်ကို ကျွန်မ အထင်သေးမိသွားတယ်။”
အကယ်၍ မုန့်ချင်ကျိုး၏ ကြိုတင်ဟောကိန်းသာ မရှိခဲ့လျှင် တုန်းဖန်လျူလီမှာ ယခုအချိန်တွင် ဘာလုပ်ရမှန်း သိလိမ့်မည်မဟုတ်ပေ။
သူက ထိုပြည်နယ်နှင့် ခရိုင်များမှ အဆင့်မြင့် အရာရှိများကို အလွယ်တကူ သံသယဝင်မိမည် မဟုတ်သလို ကျောက်ယွီဟွမ်ကိုလည်း လေးလေးနက်နက် ထားမည် မဟုတ်ပေ။ အကယ်၍သာ ဤအတိုင်း လွှတ်ထားခဲ့ပါက မုန့်ချင်ကျိုး၏ ဟောကိန်း အမှန်တကယ် ဖြစ်လာပေလိမ့်မည်။ မဟာကျင်း၏ ပြည်ထောင်စု ကံကြမ္မာမှာ ကျန်ရှိနေဦးမည် ဖြစ်သော်လည်း ကမ္ဘာကြီးကို ပေါင်းစည်းမည့်သူမှာ “ချင်း”မျိုးရိုး ဖြစ်တော့မည် မဟုတ်ပေ။
တုန်းဖန်လျူလီက မျက်လုံးများကို မှိတ်လိုက်ပြီး အတော်ကြာမှ ပြန်ဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် အေးစက်သော သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။ “ဦးရီးတော်... ဦးရီးတော် ကိုယ်တိုင် အဲဒီမြို့တွေကို သွားပါ၊ မြို့ဝန်တွေ၊ ခရိုင် အုပ်ချုပ်ရေးမှူးတွေနဲ့ အဆင့်(၇)အထက် အရာရှိတွေကို သေသေချာချာ စစ်ဆေးပါ။ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်တဲ့သူတွေကို တိုက်ရိုက် ဝိညာဉ်ရှာဖွေမှု လုပ်လိုက်ပါ။”
“ရန်သူနဲ့ ပူးပေါင်းနေတာတွေ့တဲ့ ဘယ်သူ့ကိုဆို တစ်မျိုးနွယ်လုံးကို အမြစ်ပြတ် သတ်ပစ်လိုက်။ ပြီးတော့ ကမ္ဘာကြီးကို ကြေညာချက် ထုတ်လိုက်။ ရှုဘုရင် ကျောက်ယွီဟွမ်က ပုန်ကန်ဖို့ ကြံစည်နေတယ်။ နန်းရင်းဝန် ကျန်းစန်းဟိုင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ ပြည်သူတွေရဲ့ လူမှုဘဝကို ဖျက်ဆီးဖို့ ဓားပြတွေကို ဆူပူခိုင်းတယ်လို့ ကြေညာလိုက်။”
ထိုစကားကို ကြားသော် ဒေါသကြီးလှသော ချင်းဖုန်းဟော်ပင် မှင်တက်သွားကာ ပြောလိုက်သည်။ “အရှင်မ... ဒါက အစွန်းရောက်လွန်းရာ မကျဘူးလား။”
တုန်းဖန်လျူလီက ရက်စက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။ “ကျောက်ယွီဟွမ်က ကျွန်မ သူ့ကို အရေးမလုပ်ဘူးလို့ ထင်ပြီး အခုလို အရှက်မရှိ လုပ်နေတာလေ။ ကျွန်မကသာ ပြတ်သားပြီး ရက်ရက်စက်စက် မလုပ်ရင် သူ့အကွက်ထဲက တည့်တည့်ကြီး ဝင်သွားသလို ဖြစ်မှာပေါ့။”
တုန်းဖန်လျူလီ ထရပ်လိုက်ကာ ပစ္စုပ္ပန်ရွာ ရှိရာဘက်သို့ တည်ငြိမ်စွာ ကြည့်ရင်း ပြောလိုက်သည်။ “အားလုံး သွားကြတော့။ ကျွန်မ ကြင်ရာတော်ဆီ သွားလိုက်ဦးမယ်။”
ပြောပြီးသည်နှင့် ရဲရဲနီသော ဇာမဏီဝတ်စုံကို ဝတ်ဆင်ထားသည့် ဧကရီက ကောင်းကင်နှင့်မြေကြီး နန်းဆောင်မှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ပစ္စုပ္ပန်ရွာ၊ ထိုက်ကျိနန်းဆောင်။
မုန့်ချင်ကျိုးက ဆေးဖက်ဝင် ဆန်ပြုတ်တစ်အိုး ကျိုချက်ပြီးသွားပြီ ဖြစ်သည်။ ၎င်းမှာ ပန်းကန်လုံးအသေးလေး တစ်လုံးသာ ဖြစ်သော်လည်း အနည်းဆုံးတော့ နတ်ဘုရားအဆင့် ဝိညာဉ်ဆေးပင် လေးငါးမျိုးခန့် ပါဝင်နေပြီး၊ ရှားပါးလှသော နေကိုးစင်းလောင်ကျွမ်းနှလုံးသားကြာပန်းလည်း ပါဝင်နေ၏။
တန်ဖိုးအားဖြင့်ဆိုလျှင် အလတ်စား မြို့တစ်မြို့ကိုပင် ဝယ်ယူနိုင်ပေသည်။
“အာ... လျူလီ ဘယ်မှာ နေလဲဆိုတာ ငါ မသိဘူးပဲ။” မုန့်ချင်ကျိုးက ပန်းကန်ကို ကိုင်ရင်း သူ၏ နဖူးကို ရိုက်လိုက်မိသည်။
ရုတ်တရက် နူးညံ့သော လေပြေတစ်ချက် တိုက်ခတ်လာပြီး မိုးမခပင်ခက်များ ဝဲလွင့်သွားသည်။ ကျွိခနဲ အသံနှင့်အတူ ခြံဝင်းတံခါးမှာ အပြင်ဘက်မှ တွန်းဖွင့်ခြင်း ခံလိုက်ရသည်။
တုန်းဖန်လျူလီက ပြုံးလျက် ဝင်လာကာ ပြောလိုက်သည်။ “တစ်မနက်ပဲ ခွဲရသေးတာကို ရှင်က ကျုပ်ကို လွမ်းနေပြီလား။”
မုန့်ချင်ကျိုးက မျက်ခုံးပင့်လိုက်သည်။ ဤအမျိုးသမီးက သူ့ကို တမင်တကာ စနောက်နေခြင်းမှန်း သူ သိသည်။ သူက ချက်ချင်းပင် ပြုံးလိုက်ကာ ဆန်ပြုတ်ပန်းကန်ကို ကမ်းပေးလိုက်သည်။ “ပြန်လာပြီလား။ ရော့... ပင်ပန်းနေတာတွေ ပြေပျောက်သွားအောင် ဒီဆန်ပြုတ်လေး သောက်လိုက်ဦး။”
ဤမြင်ကွင်းမှာ သာမန်လင်မယား နှစ်ဦးကြားမှ အခိုက်အတန့်လေးတစ်ခုကဲ့သို့ပင်။ တစ်နေ့တာ အလုပ်ပင်ပန်းပြီး ပြန်လာသော ခင်ပွန်းသည်က တံခါးကို ဖွင့်လိုက်သောအခါ ဖြူဝင်းလှပသော၊ ခြေတံရှည်ရှည်နှင့် ဇနီးသည်က ခါးစည်းဝတ်စုံ ဝတ်၍ ဟင်းချက်နေရင်း လှည့်ကြည့်ကာ “လက်ဆေးပြီး စားတော့လေ” ဟူ၍ ပြောနေသည့်အလားပင်။
သာမန်ဖြစ်သော်လည်း နွေးထွေးသည်။ ရိုးရှင်းသော်လည်း လှပ၏။ ၎င်းမှာ လူအများ ရရှိရန် ခက်ခဲသော အိပ်မက်တစ်ခုပင်။
မုန့်ချင်ကျိုး၏ နှုတ်ခမ်းများ ကွေးတက်သွားကာ စိတ်ထဲမှ တွေးလိုက်သည်။ “မြေခွေးမလေး... မင်းက ငါ့ကို စနောက်ချင်တာလား။ ငါ့ရဲ့ အရင်ဘဝမှာ ငါ့ကို “အချစ်ဆရာကြီး”လို့ ခေါ်ကြတာ မသိဘူးလား။”
စကားပုံတစ်ခု ရှိတယ်လေ။ တကယ်လို့ သူက အတွေ့အကြုံ မရှိသေးရင် သူ့ကို ကမ္ဘာကြီးရဲ့ အလှတရားတွေကို ပြလိုက်။ တကယ်လို့ သူက အရာအားလုံးကို မြင်ဖူးနေပြီ ဆိုရင်တော့ ချားရဟတ် စီးခိုင်းလိုက်ပေါ့။
တုန်းဖန်လျူလီမှာ မှင်တက်သွားပြီး ဆန်ပြုတ်ပန်းကန်ကို စိုက်ကြည့်လိုက်ကာ အေးချမ်းပြီး တည်ငြိမ်နေသော မုန့်ချင်ကျိုးကို ကြည့်လိုက်၏။ ခေတ္တမျှ သူ၏ နှလုံးသားမှာ တစ်စုံတစ်ခုနှင့် အတိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
အတော်ကြာမှ တုန်းဖန်လျူလီက ထိုပန်းကန်ကို တိတ်တဆိတ် ယူလိုက်ကာ ဆန်ပြုတ်ကို တစ်ငုံ သောက်လိုက်သည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွား၏။
“အွန်း...”
“ဒါက...”
ဝုန်း...
တုန်းဖန်လျူလီ၏ နှလုံးသားထဲတွင် တုန်လှုပ်မှု လှိုင်းတံပိုးများ ရိုက်ခတ်သွားသည်။ နေကိုးစင်းလောင်ကျွမ်းနှလုံးသားကြာပန်း။
သူ နှစ်ပေါင်းများစွာ အသည်းအသန် ရှာဖွေခဲ့သော်လည်း မရရှိခဲ့သည့် အရာ တစ်ခုက ရုတ်တရက် ပေါ်လာပြီး သာမန် ဆန်ပြုတ်ပန်းကန်အဖြစ် ပြောင်းလဲကာ သူ၏ လက်ထဲသို့ ပေါ့ပေါ့ပါးပါး ရောက်ရှိလာခြင်းပင်။
တုန်းဖန်လျူလီက ဆန်ပြုတ်ကို အရသာခံ သောက်လိုက်ရာ သူ၏ ရှုပ်ထွေးနေသော စိတ်အစဉ်မှာ ချက်ချင်းပင် ကြည်လင်လန်းဆန်းသွားတော့သည်။
...