← Chapters

ရှင့်ရဲ့ဇနီးက လက်ရှိ ဧကရီ ဖြစ်နေတာလား

Vol. 1 Ch. 15

ရှင့်ရဲ့ဇနီးက လက်ရှိ ဧကရီ ဖြစ်နေတာလား

Vol. 1 Ch. 15

“မုန့်ချင်း၊ မင်းပြန်နားလို့ရပြီ။ ဒါကို ငါတစ်ယောက်တည်း ကိုင်တွယ်နိုင်တယ်။”

နန်းရင်းဝန် ကျန်းစန်းဟိုင်က ပြောလိုက်သည်။

မုန့်ချင်ကျိုးကတော့ ဝမ်းသာအားရဖြင့်ပင် ချက်ချင်း ထွက်သွားရန် ပြင်လိုက်သည်။

“ဒါဆိုရင်တော့ ကျုပ် ထပ်ပြီး မနှောင့်ယှက်တော့ဘူးနော်။”

အလုပ်မရှိတာ အကောင်းဆုံးပင်။ အိမ်ပြန်ပြီး ကြောင်နဲ့ဆော့၊ ခွေးနဲ့လမ်းလျှောက် ထွက်ရမည်။

“နေပါဦး...”

ဝူတျဲ၏ အသံက သူ့ကို တားလိုက်သည်။ သူ၏ နူးညံ့တဲ့လက်တစ်ဖက်က မုန့်ချင်ကျိုး၏ ပခုံးပေါ် ကျရောက်လာပြီး လက်ချောင်းလေးတွေက ရင်ဘတ်ကို ခပ်ဖွဖွ ပွတ်သပ်ရင်း ပြောလာသည်။

“ဝန်ကြီးမုန့်၊ ခဏလောက်နေပြီး ကျွန်မပြောတာလေး နားထောင်ပေးပါဦး။”

မုန့်ချင်ကျိုးကတော့ ထိုမျှ ရင်းနှီးလွန်းနေသော အမျိုးသမီးနှင့် ဝေးဝေးနေရန် ခပ်သိမ်သိမ်လေး နောက်ဆုတ်လိုက်သည်။ သို့သော် သူ မည်သို့ပင် ရှောင်သော်လည်း ဝူတျဲက အနားမှာပင် ကပ်နေပြီး လက်က ပခုံးပေါ်မှာ ရှိနေဆဲ ဖြစ်သည်။

မတတ်သာသည့်အဆုံး မုန့်ချင်ကျိုးက မေးလိုက်သည်။

“ကျုပ်ကို ထိတွေ့နေတဲ့သူက ဘယ်သူလဲဆိုတာ သိပါရစေဦး...”

“ယွီတျဲပါ၊ အဆင့်၆ အရာရှိငယ်လေးပါပဲ၊ လောလောဆယ် ယဉ်ကျေးမှု ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေပါတယ်...”

ဝူတျဲက ပြုံးလျက် ပြန်ဖြေသည်။ ထိုမြင်ကွင်းက ကျန်းစန်းဟိုင်ကို မျက်မှောင်ကြုတ်သွားစေသည်။

ဧကရီရဲ့ ကြင်ရာတော်ကို လူပုံအလယ်မှာ မြူစွယ်နေတာလား။ နင့်လည်ပင်းက ဧကရီရဲ့ဓား ဘယ်လောက်ထက်သလဲဆိုတာ စမ်းချင်နေတာလား။

စုချင်ချိုး၏ မျက်နှာကလည်း အေးစက်သွားပြီး ဝူတျဲကို စိုက်ကြည့်နေသည့် သူ၏ မျက်ဝန်းများမှာ မုန်တိုင်းထန်နေသကဲ့သို့ပင်။ မုန့်ချင်ကျိုး စိတ်မရှည်ဖြစ်လာချိန်မှာတော့ ဝူတျဲက သူ၏လက်ကို ဖယ်လိုက်ပြီး အကွာအဝေးတစ်ခုတွင် ရပ်လိုက်သည်။

ပထမဆုံးတွေ့ဆုံချိန်တွင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုနှင့် လူငယ်တစ်ယောက်၏ နှလုံးသားကို လှုပ်ခတ်အောင်လုပ်ပြီးမှ ရုတ်တရက် ပြန်ဆုတ်ခွာသွားကာ လိုတရ ဖြစ်စေသည့် နည်းလမ်း... ၎င်းက လှည့်စားတတ်သော မိန်းမများ၏ ထုံးစံအတိုင်းပင်။

မုန့်ချင်ကျိုးက ဘာမှမပြောသော်လည်း သူ၏ ကစားကွက်ကို သိပြီးသား ဖြစ်သည်။ သူက သုံးသပ်လိုက်သည်။

ဒီအမျိုးသမီးဟာ လူတွေရဲ့ စိတ်ခံစားချက်ကို ကစားရာမှာ အတော်လေး ကျွမ်းကျင်တာပဲ။

ဝူတျဲက လေသံကို ပြောင်းလိုက်ပြီး ကျန်းစန်းဟိုင်ကို ကြည့်ကာ ပြောလိုက်သည်။

“နန်းရင်းဝန်၊ ကျွန်မမှာ အကြံတစ်ခု ရှိပါတယ်...”

“ဝန်ကြီးမုန့်က ရာထူးလက်ခံတဲ့ ပထမဆုံးနေ့မှာပဲ အရာရှိတွေနဲ့ ငြင်းခုံပြီး လုံရှန်ဘုရင်ကို ကွပ်မျက်ခဲ့တယ်။ သူ့နဲ့ ဧကရီအကြောင်း သတင်းတွေကလည်း ပျံ့နေပြီ။ အခု ယဉ်ကျေးမှုဝန်ကြီးဌာနက သူ့ကို အိမ်မှာပဲ အေးဆေး နားနေခွင့်ပေးမယ်ဆိုရင် သူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သလို တိုင်းပြည်ရဲ့ စနစ်ကိုလည်း ပျက်ပြားစေလိမ့်မယ်။”

ကျန်းစန်းဟိုင်က ခေါင်းညိတ်ရင်း မေးလိုက်သည်။

“ဒါဆို မင်းက ဘာအကြံပြုချင်လို့လဲ။”

ဝူတျဲကတော့ စိတ်ထဲမှာ ဝမ်းသာသွားသော်လည်း အပြင်ပန်းမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။

“နန်းရင်းဝန်၊ ကျွန်မကို ပေးထားတဲ့ တာဝန်ကို ဝန်ကြီးမုန့်နဲ့အတူ တွဲလုပ်ဖို့ အကြံပြု ချင်ပါတယ်။ ဒါဆိုရင် ဘယ်သူကမှ သူ့ကို ထပ်ပြီး ကဲ့ရဲ့တိုက်ခိုက်နိုင်မှာ မဟုတ်တော့ဘူး။”

ပြစ်ချက်မရှိတဲ့ အကြောင်းပြချက်ပင်။ မုန့်ချင်ကျိုးကပင် စိတ်ထဲကနေ ချီးကျူး လိုက်မိသည်။

ကျန်းစန်းဟိုင်က ရယ်မောရင်း မုန့်ချင်ကျိုးကို ကြည့်ကာ ခေါင်းခါလိုက်သည်။

“ကောင်းပြီ၊ မင်းပြောသလိုပဲ ဖြစ်စေရမယ်။ မင်းနဲ့ ဝူတျဲတို့ ဧကရီရဲ့ မွေးနေ့ပွဲကို အတူတူ စီစဉ်ကြပါ။ ဝန်ကြီးမုန့်၊ ဘာကန့်ကွက်စရာ ရှိသေးလဲ။”

ဧကရီရဲ့ မွေးနေ့ပွဲကို စီစဉ်ရမှာလား။ မုန့်ချင်ကျိုးက စိတ်ပျက်လက်ပျက်ဖြင့်ပင် ပြန်ဖြေလိုက်သည်။

“ပြဿနာမရှိပါဘူး...”

ဝူတျဲက သူ၏ အစီအစဉ် ပထမအဆင့် အောင်မြင်သွားပြီဟု ယူဆကာ ဝမ်းသာ နေတော့သည်။

ဝန်ကြီးချုပ်အိမ်တော်မှ ထွက်လာပြီးနောက်...

“ဝန်ကြီးမုန့်၊ ဧကရီ မွေးနေ့ပွဲအတွက် ၇ရက်ပဲ လိုတော့တာဆိုတော့ တိတ်ဆိတ်ပြီး ဘယ်သူမှ မနှောင့်ယှက်နိုင်တဲ့ နေရာတစ်ခုမှာ ဆွေးနွေးကြရင် မကောင်းဘူးလား။”

ဝူတျဲက ချွဲနွဲ့တဲ့လေသံလေးနဲ့ ပြောရင်း စုချင်ချိုးကို တစ်ချက်ကြည့်လိုက်သည်။

ရွှပ်...

စုချင်ချိုးကလည်း ရိပ်မိသွားပြီး သူ၏ ဓားရိုးကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည်။ ဒီမြေခွေးမက ဧကရီရဲ့ ကြင်ရာတော်ကို မြူစွယ်ပြီး အဆင့်အတန်း တက်ဖို့ ကြိုးစားနေတာလား။ ဧကရီရဲ့ အမိန့်သာ မရှိရင် သူ့လည်ပင်းမှာ ဓားရောက်နေလောက်ပြီ။

“ဟီးဟီး...”

ဝူတျဲက မကြောက်မရွံ့ ပြုံးရင်း စုချင်ချိုးကို ပြန်ကြည့်လိုက်သည်။ မိန်းမ နှစ်ယောက်၏ အကြည့်များ တိုက်ခိုက်နေကြစဉ် မုန့်ချင်ကျိုးကတော့ ဘာမှမသိဘဲ အလယ်မှ လျှောက်လာခဲ့သည်။

“အလုပ်က အရေးကြီးပေမယ့် အခုက နေ့လယ်စာ စားချိန်ပဲ။ စားသောက်ပြီး နားပြီးမှပဲ ဆွေးနွေးကြတာပေါ့...”

မုန့်ချင်ကျိုးက ငြင်းလိုက်သည်။

“ဒါဆိုရင်တော့ အတော်ပဲ။ ကျွန်မက မြို့တော်ကို အခုမှ ရောက်တာဆိုတော့ တည်းခိုဖို့ နေရာ မရှိသေးဘူး။ ဝန်ကြီးမုန့်ရဲ့ လက်ရာကို မြည်းစမ်းကြည့်ချင်ပါတယ်၊ ရမလား။”

“မရဘူး၊ ဝန်ကြီးမှာ အိမ်မှာ ဇနီးရှိတယ်၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိစမ်းပါ။”

စုချင်ချိုးက အေးစက်စက် ဝင်ပြောလိုက်သည်။

“ငါက ထမင်းတစ်နပ်လောက်ပဲ တောင်းတာပါ။ နင်က ဘာတွေ လျှောက်တွေး နေတာလဲ၊ အစေခံမလေးရဲ့...”

ဝူတျဲက “အစေခံ” ဆိုသည့် စကားလုံးကို တမင်သက်သက် ဖိပြောရင်း ရန်စလိုက်သည်။

“တော်ကြတော့”

မုန့်ချင်ကျိုးက လက်ကာပြလိုက်သည်။

“ငါက အိမ်မှာ ဩဇာမရှိတဲ့ သမက်တစ်ယောက်ပဲ။ လိုက်ချင်ရင် လိုက်ခဲ့၊ ဒါပေမယ့် ငါ့မိန်းမ စိတ်ဆိုးရင်တော့ မင်းပြန်ရလိမ့်မယ်...”

ဝူတျဲက အံ့ဩသွားသော်လည်း သူ၏စိတ်ဝင်စားမှု ပိုတိုးလာသည်။

မုန့်ချင်ကျိုးတို့ တစ်ဖွဲ့လုံး အိမ်ကို ရောက်လာချိန်တွင်တော့ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော အိမ်ရှင်မလေး တုန်းဖန်လျူလီက မီးဖိုချောင်ထဲမှ ဟင်းပွဲများကို သယ်ထုတ်လာသည်။

“လက်ဆေးပြီး ထမင်းစားဖို့ ပြင်တော့...”

တုန်းဖန်လျူလီက ပြောရင်း ဝူတျဲကို တစ်ချက်ကြည့်လိုက်သည်။

“သူက ဘယ်သူလဲ...”

“အတူတူ အလုပ်လုပ်တဲ့ အရာရှိပါ။ ထမင်းလာစားတာ...”

တုန်းဖန်လျူလီ၏ မျက်ဝန်းထဲမှာ မကျေနပ်မှုတစ်ခု ဖြတ်ပြေးသွားသော်လည်း ဘာမှမပြောဘဲ ပြုံးပြလိုက်သည်။

“ကောင်းပြီလေ...”

သို့သော်လည်း... ဝူတျဲကတော့ မိုးကြိုးပစ်ခံလိုက်ရသလိုပင် မှင်တက်ကာ တုန်းဖန်လျူလီကို စိုက်ကြည့်ရင်း အလန့်တကြား ရေရွတ်လိုက်မိ၏။

“ဧ... ဧ... ဧကရီ...”

....

All Chapters