← Chapters

ဇာတ်လမ်းကို ဘယ်သူနှောင့်ယှက်နေတာလဲ

Vol. 1 Ch. 7

ဇာတ်လမ်းကို ဘယ်သူနှောင့်ယှက်နေတာလဲ

Vol. 1 Ch. 7

မုန့်ချင်ကျိုးက စားပွဲပေါ်ရှိ မုန့်များကို လျူလီဘက်သို့ တိုးပေးလိုက်ပြီး ပြောသည်။ “ဒါတွေ ထားလိုက်ပါ။ ဧကရီ ဘာလုပ်လုပ် ငါနဲ့ မဆိုင်ပါဘူး။ ငါ ပိုစိတ်ဝင်စားတာက မင်း ခုနက ပြောသွားခဲ့တာကိုပဲ။ နန်းရင်းဝန် ကျန်းစန်းဟိုင်က အိမ်တော်ထဲမှာ ပုန်းနေတဲ့ လုပ်ကြံသတ်ဖြတ်သူတွေကို တွေ့ခဲ့တယ် ဆိုဦး။ ဒါဆို ရှုမင်းသား ကျောက်ကော်ကော။ သူကော အဖမ်းမခံရဘူးလား။”

မုန့်ချင်ကျိုး၏ ရင်ထဲတွင် သံသယများ ပြည့်နှက်နေ၏။ ကျိုးကြောင်းဆီလျော်မှုအရ ဇာတ်လမ်းက သွေဖည်မသွားသင့်ပေ။

ဇာတ်လိုက် အရှိန်အဝါပါတဲ့ ကျောက်ကော်က တာဝန် မစရသေးခင် ဘယ်လိုလုပ် သေနိုင်မှာလဲ။ သူ မြို့တော်ကို ရောက်ရုံရှိသေးတယ်။ သူ့အစီအစဉ်က ပျက်သွားပြီတဲ့လား။

လုပ်ကြံသတ်ဖြတ်သူတွေကို တွေ့သွားပြီဆိုရင် ကျောက်ကော် ဘာဖြစ်သွားပြီလဲ။ သူ့လည်း တစ်ခုခု ဖြစ်သွားတာလား။

“ရှုမင်းသား ကျောက်ကော်ကတော့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွပ်စွဲခံရပြီး ဧကရီ ကိုယ်တိုင် ဖမ်းဆီးအကျဉ်းချလိုက်ပြီ။ အခုတော့ ရှင် စိတ်အေးအေးထားလို့ ရပါပြီ။” တုန်းဖန်လျူလီက မုန့်တစ်တုံးကို ယူကာ မြည်းစမ်းရင်း ပြောလိုက်သည်။ သူက ထိုမုန့်၏ အရသာကို စွဲလန်းသွားသဖြင့် တစ်တုံးလုံးကို တစ်ခါတည်း ကုန်သွားအောင် စားမိလိုက်တော့သည်။

မုန့်ချင်ကျိုးက နားထင်ကို အားကိုးရာမဲ့စွာ နှိပ်လိုက်ပြီး ခါးသီးစွာဖြင့် ပြုံးကာ ဆိုလိုက်သည်။ “ဧကရီကတော့ တကယ်ကို မိုက်မဲတာပဲ...”

တုန်းဖန်လျူလီ၏ အပြုံးမှာ တောင့်ခဲသွားပြီး ခြောက်ကပ်ကပ် မေးလိုက်သည်။ “ရှင် ဘာလို့ အဲဒီလို ပြောတာလဲ။”

မမြင်ရသော လူတစ်ဦးအဖြစ် ဟန်ဆောင်နေသည့် စုချင်ချိုးမှာမူ သမိုင်းတွင် ပထမဆုံးအဖြစ် ဧကရီကို မျက်နှာချင်းဆိုင် စော်ကားပြီး ထိုနေရာတင် အပြစ်ပေးမခံရသူ ဖြစ်သော မုန့်ချင်ကျိုးကို တိတ်တဆိတ် လက်မထောင်ကာ ချီးကျူးနေမိသည်။

မုန့်ချင်ကျိုးက စိတ်ပျက်လက်ပျက်ဖြင့် သူ၏ပေါင်ကို ပုတ်ကာ ပြောသည်။ “မိုက်မဲတာ မဟုတ်လို့ ဘာလဲ... သူက အကြီးမားဆုံး အန္တရာယ်ကို လက်ထဲကနေ လွတ်ထွက်ခွင့် ပေးလိုက်တာပဲ။ ကျောက်ကော်က ဘယ်သူလဲဆိုတာ မသိဘူးလား။ သူက ရှုဘုရင် ကျောက်ယွီဟွမ်ရဲ့ တစ်ဦးတည်းသော တရားဝင်သားလေ။ ဘုရင်က သူ့သားကို အရန်အစီအစဉ် မရှိဘဲနဲ့ မြို့တော်မှာ အသက်စွန့်ခိုင်းပါ့မလား။”

တုန်းဖန်လျူလီ၏ မျက်လုံးများမှာ တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားသော်လည်း သူ၏ ဒေါသကို ထိန်းချုပ်ကာ တည်ငြိမ်ယောင် ဆောင်လိုက်သည်။ “ရှင်ပြောတဲ့ စကားအရဆိုရင် မြို့တော်က ကျောက်ကော်က ကိုယ်ပွားတစ်ခုပဲလို့ ပြောချင်တာလား။”

မုန့်ချင်ကျိုးက လက်ကို ဖြန့်လိုက်ပြီး ပြောသည်။ “ဒါပေါ့။ ရှုဘုရင် ကျောက်ယွီဟွမ်က ကောင်းကင်ဘုံ ရတနာတွေ အများကြီး သုံးပြီးတော့ ကျောက်ကော်ရဲ့ စိတ်နဲ့ တစ်ထပ်တည်းကျတဲ့ ပြီးပြည့်စုံတဲ့ ကိုယ်ပွားတစ်ခုကို ဖန်တီးခဲ့တာ။ လရောင်ထွန်းလင်း နယ်ပယ်က အစွမ်းထက် ကျင့်ကြံသူ တစ်ဦးက အဲဒီကိုယ်ပွားရဲ့ အတွင်းပိုင်း တည်ဆောက်ပုံကို သေချာ စစ်ဆေးတာမျိုး မဟုတ်ရင် အမှားအယွင်းကို သတိထားမိဖို့ ခက်တယ်။”

“ကျောက်ယွီဟွမ်က ဒီပုန်ကန်မှုအတွက် အကြာကြီး ပြင်ဆင်လာခဲ့တာ။ ဘာတွေ မှားသွားလို့ ကျောက်ကော်က အချိန်မတိုင်ခင် ဖော်ထုတ်ခံလိုက်ရတာလဲ ဆိုတာပဲ ငါ ဇဝေဇဝါ ဖြစ်နေတာ။”

ဝတ္ထုဇာတ်လမ်းကို အလွတ်ရနေသော မုန့်ချင်ကျိုးပင် အဖြေရှာမရ ဖြစ်နေ၏။

ဇာတ်လမ်းက လမ်းကြောင်းလွဲသွားတာလား။ ဘယ်သူက လုပ်နေတာလဲ။ တကယ်လို့သာ သိလို့ကတော့ အဲဒီလူကို အကြီးအကျယ် ဆော်ပလော်တီးပစ်မယ်...

မုန့်ချင်ကျိုး အလွန်ဒေါသထွက်သွားသဖြင့် စကားပြောချင်စိတ်ပင် ပျောက်ကွယ် သွားတော့သည်။

“ကောင်းပြီလေ။ ကျွန်မမှာ လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ ခွင့်ပြုပါဦး...” တုန်းဖန်လျူလီက အလျင်အမြန် ပြောကာ မုန့်ချင်ကျိုးကို နှုတ်ဆက်၍ ထရပ်လိုက်သည်။

“ဂရုစိုက်သွားဦး...” မုန့်ချင်ကျိုးက လက်ယမ်းနှုတ်ဆက်လိုက်သည်။

စုချင်ချိုးက အသာအယာ ဦးညွှတ်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ “ဆရာ... ကျွန်မ သွားလိုက်ပါဦးမယ်။”

မုန့်ချင်ကျိုး ချက်ချင်းပင် မျက်နှာဝင်းပသွားပြီး ကြင်နာစွာဖြင့် နှုတ်ဆက် လိုက်လေသည်။ “ဟေး... ခဏခဏ လာလည်ဦးနော်။”

ထိုအချိန်တွင် မဟာကျင်းမြို့တော်နှင့် အလှမ်းဝေးသော တောင်တန်းတစ်ခုပေါ်၌... ထိုတောင်မှာ အပြင်ပန်းကြည့်လျှင် စိမ်းလန်းစိုပြေနေသော်လည်း အတွင်းပိုင်းတွင်မူ စစ်ခံတပ် တစ်ခုအဖြစ် ထွင်းထုထားသည်။

မှောင်မည်းနေသော ကျောက်ခန်းမတစ်ခုအတွင်း၌ အနက်ရောင်နှင့် ရွှေရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရုပ်ရည်မှာ ထူးခြားမှုမရှိသော လူငယ်တစ်ဦးက ရုတ်တရက် မျက်လုံးများ ပွင့်လာကာ စူးရှစွာ အော်ဟစ်လိုက်တော့သည်။

“အား.. မဟုတ်ဘူး။ ချီးပဲ... မုန့်ချင်ကျိုး... မင်းကို ငါ သတ်ကို သတ်ပစ်မယ်...”

ထိုလူငယ်မှာ ကျောက်ကော်၏ တကယ့်ခန္ဓာကိုယ်ပင် ဖြစ်သည်။ ကိုယ်ပွားနှင့် ကိုယ်ရင်း၏ အကွာအဝေးမှာ ကီလိုမီတာ နှစ်ရာထက် မကျော်လွန်နိုင်သဖြင့် သူက ကိုယ်ပွားကို မြို့တော်သို့ လွှတ်ကာ သူ၏ တကယ့်ခန္ဓာကိုမူ အနီးနားရှိ တောင်ပေါ်တွင် ဝှက်ထားခြင်း ဖြစ်သည်။

ကိုယ်ပွား ကြုံတွေ့ရသမျှကို ကိုယ်ရင်းက ရှင်းရှင်းလင်းလင်း ခံစားသိရှိနေရ၏။

ကျောက်ကော်က စိတ်ကို အတော်ကြာအောင် ပြန်ထိန်းလိုက်ပြီးနောက် သူ၏ ရင်ဘတ်ထဲမှ လက်ဝါးခန့်ရှိသော ရှေးဟောင်းမှန်ဝိုင်းလေးတစ်ခုကို ထုတ်ယူလိုက်သည်။

ကျင့်ကြံခြင်းစွမ်းအားကို သုံး၍ ခရီးတစ်ထောင် ဆက်သွယ်ရေးမှန်ကို ဖွင့်လိုက်ရာ မှန်ထဲတွင် တည်ကြည်သော သက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ မျက်နှာ ပေါ်လာ၏။

“ဘာကိစ္စလဲ။” ကျောက်ယွီဟွမ်က အေးစက်စွာ မေးလိုက်သည်။

“ခမည်းတော်...” ကျောက်ကော်က အရှက်ရစွာဖြင့် ခေါင်းငုံ့ထားပြီး နှုတ်ခမ်းကို တင်းတင်းကိုက်ထား၏။ “အစီအစဉ် ပျက်သွားပါပြီ။ ကိုယ်ပွားကလည်း ဖျက်ဆီး ခံလိုက်ရပြီ။”

ကျောက်ယွီဟွမ်၏ မျက်မှောင်များ ချက်ချင်း ကြုတ်သွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “အသုံးမကျတဲ့ကောင်... ဒီလောက်လေးတောင် မင်း မကိုင်တွယ် နိုင်ဘူးလား။ မင်းကို ငါ ဘာအတွက် သုံးရမှာလဲ။”

ကျောက်ကော်က အပြစ်အားလုံးကို မခံယူလိုသဖြင့် ပြန်ပြောလိုက်သည်။ “ဒါက သားတော် အပြစ်ချည်းပဲ မဟုတ်ပါဘူး။ မုန့်ချင်ကျိုးကိုသာ အပြစ်တင်လိုက်ပါ။ သူက အနာဂတ်ကို မြင်နေသလိုပဲ။ သားတော်ရဲ့ အရှေ့မှာတင် သားတော်တို့ရဲ့ အစီအစဉ်ကို အတိအကျ ဖော်ထုတ်ပစ်လိုက်လို့ ကိုယ်ပွား အဖမ်းခံလိုက်ရတာပါ။”

ထိုစကားကို ကြားသော် ကျောက်ယွီဟွမ် ဇဝေဇဝါ ဖြစ်သွား၏။ “မုန့်ချင်ကျိုး။ အဲဒီနာမည်က ရင်းနှီးသလိုပဲ။ လွန်ခဲ့တဲ့ လခွဲက ခန့်အပ်လိုက်တဲ့ ဧကရီကြင်ရာတော် အသစ်လား။”

“သူပဲ...” ကျောက်ကော်က လူသတ်ချင်စိတ်ဖြင့် ပြောလိုက်သည်။ “ခမည်းတော်... သားတော် ထင်တာကတော့ အဲဒီလူက အန္တရာယ် အတော်လေး များပါတယ်။ ဒီအတိုင်း လွှတ်ထားရင်တော့ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်။”

“သားတော်တို့ မုန့်ချင်ကျိုးကို ကြိုတင် ဖယ်ရှားပစ်သင့်တယ်လို့ ထင်တယ်။ သူ့ကို သတ်လိုက်တာက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။ ခြိမ်းခြောက်မှုကို ဖယ်ရှားပြီးသား ဖြစ်သလို နန်းတွင်းထဲမှာလည်း ရှုပ်ထွေးမှုတွေ ဖြစ်သွားစေလိမ့်မယ်။”

ကျောက်ယွီဟွမ်က သူ၏သားတော်ကို ခေတ္တမျှ စိုက်ကြည့်နေပြီး ကျောက်ကော်၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ ကျောက်ကော်က ဧကရီနှင့် နီးစပ်နေသော မုန့်ချင်ကျိုးကို မနာလို ဖြစ်နေရုံသာ ဖြစ်သည်။

ကျောက်ယွီဟွမ်က သူ၏ သားတော်ကို မထုတ်ဖော်တော့ဘဲ ပြတ်သားစွာ သတိပေးလိုက်သည်။ “ကောင်းပြီ၊ ဒါပေမဲ့ မင်း အောင်မြင်အောင် လုပ်ရမယ်။ သဲလွန်စ မကျန်စေနဲ့... မုန့်ချင်ကျိုးကို သတ်ပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့။ အဲဒီအတောအတွင်းမှာ ငါက မဟာကျင်းတစ်ခွင်က မြို့ဝန်တွေနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို ဆူပူမှုတွေ လုပ်ခိုင်းပြီး ချင်းလျူလီရဲ့ အာရုံကို လွှဲထားလိုက်မယ်။”

ကျောက်ကော် ဝမ်းသာသွားကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ခမည်းတော်။ ခမည်းတော်ကို စိတ်မပျက်စေရပါဘူး...”

“ကောင်းပြီ။”

ကျောက်ယွီဟွမ်၏ ပုံရိပ်မှာ ဆက်သွယ်ရေးမှန်ထဲမှ တဖြည်းဖြည်း ပျောက်ကွယ် သွားသည်နှင့် ကျောက်ကော်၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး အေးစက်စွာ အော်ခေါ် လိုက်သည်။ “ဝူတျဲ...”

မှောင်မည်းနေသော ကျောက်ဂူအတွင်းပိုင်းမှ ခြေသံများ ထွက်ပေါ်လာပြီး ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် အမျိုးသမီးတစ်ဦး ကျောက်ကော်၏ ရှေ့သို့ လျှောက်လှမ်းလာသည်။

ထိုအမျိုးသမီးက ရင်သားနှင့် သွယ်လျသော ခါးကို ပေါ်လွင်စေသည့် ခရမ်းရောင် ဝတ်စုံကျပ်ကို ဝတ်ဆင်ထားသည်။ သူ၏ ဖြူဝင်းသော အသားအရေမှာ ဖယောင်းတိုင် မီးအောက်တွင် တောက်ပနေ၏။

ဝူတျဲက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး အသာအယာ ဦးညွှတ်လိုက်သည်။ “မင်းသား... ကျွန်မကို ဘာခိုင်းစရာ ရှိလို့ပါလဲ။”

ကျောက်ကော်၏ ကျဉ်းမြောင်းသော မျက်လုံးများထဲတွင် ရမ္မက်ဇောများ ဖုံးကွယ်ထားကာ တံတွေးကို မျိုချရင်း သူကို အနားသို့ ခေါ်လိုက်သည်။ “ဒီရက်ပိုင်း တောင်ကြားကို စောင့်နေရတာ ပင်ပန်းနေမှာပေါ့။ လာစမ်းပါဦး။ မင်း ဝလာလားလို့ ငါ ကြည့်ပါရစေ...”

ဝူတျဲသည် တင့်တယ်စွာ လျှောက်လှမ်းလာသော်လည်း အသံမှာမူ အေးစက်ပြီး အလှမ်းဝေးနေသည်။ “ကျွန်မရဲ့ ကိုယ်ပေါ်မှာ အဆိပ်တွေ ပြည့်နေတာပါ။ မန္ဒလာပန်းထက်တောင် ပိုပြီး သေစေနိုင်တယ်။ ကျွန်မရဲ့ ဆံပင်တွေမှာတောင် အရိုးစား အဆိပ်တွေ ရှိနေတာ။ ရှင် ကျွန်မကို တကယ် ထိရဲလို့လား။”

ကျောက်ကော်၏ မျက်နှာအမူအရာ အနည်းငယ် ပျက်သွားကာ မသိမသာ နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး စိတ်ထဲမှ ဆဲဆိုနေမိသည်။

ဒီကောင်မ... မြှူရုံပဲ မြှူပြီးတော့...

ဝူတျဲ၏ ခရမ်းရင့်ရောင် မျက်လုံးများက ကျောက်ကော် နောက်ဆုတ်သွားသည်ကို ကြည့်ကာ လှောင်ပြောင်မှုနှင့် အထင်သေးမှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

“မင်းကို တာဝန်တစ်ခု ပေးမလို့ ခေါ်လိုက်တာ။” ကျောက်ကော်က ဆိုသည်။ “ငါ့အတွက် လူတစ်ယောက်ကို သတ်ပေးပါ။ မဟာကျင်းဧကရီရဲ့ ကြင်ရာတော် မုန့်ချင်ကျိုးကိုပဲ...”

ဝူတျဲက ရယ်မောလိုက်ပြီး ပြောသည်။ “ကျွန်မ လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ရှင် ကျွန်မကို ဘာပြန်ပေးမှာလဲ။”

ကျောက်ကော်က တည်ငြိမ်စွာ ပြောလိုက်သည်။ “တာဝန်ပြီးအောင် လုပ်ပါ။ မင်းကို မင်းရဲ့မောင်လေးနဲ့ ပြန်ဆုံစေရမယ်လို့ ငါ ကတိပေးတယ်။”

ဝူတျဲ၏ အသက်ရှူသံများ မြန်လာပြီး တုန်ရီစွာဖြင့် မေးလိုက်သည်။ “တကယ်လား။”

“ငါက အမြဲတမ်း ကတိတည်တယ်။” ကျောက်ကော် ထိုသို့ ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ တိတ်တဆိတ် ထပ်ပြောနေမိသည်။

နှမြောစရာပဲ။ မင်းမောင်လေးက သေနေပြီ။

မင်း တာဝန်ပြီးသွားတာနဲ့ ငါ့ရဲ့ နတ်ဘုရားအဆင့် အဆိပ်ဖြေဆေးလည်း အဆင်သင့် ဖြစ်နေလောက်ပြီ။

အဲဒီအချိန် ကျရင်တော့ မင်းက ငါ့လက်ခုပ်ထဲက ရေပဲ...

....

All Chapters