ငါတော့ အတင်းအကျပ် လုပ်မယ်
Vol. 1 Ch. 9
“အရသာရှိရဲ့လား။” မုန့်ချင်ကျိုးက အလွတ်ဖြစ်သွားသော ပန်းကန်ကို ယူလိုက်ပြီး လက်ကိုင်ပဝါဖြင့် တုန်းဖန်လျူလီ၏ နှုတ်ခမ်းကို သုတ်ပေးလိုက်သည်။
တုန်းဖန်လျူလီ၏ စိတ်ထဲ ဗလာဖြစ်သွား၏။ ဆက်တိုက်ဆိုသလို ရရှိလိုက်သော တုန်လှုပ်မှုများကြောင့် သူ့ကိုယ်သူ ဧကရီဟူသော အသိနှင့် လူကို လှည့်စား ခြယ်လှယ်ရာတွင် သူ၏ အကျွမ်းကျင်ဆုံး အရည်အချင်းကိုပင် မေ့လျော့သွားစေသည်။
ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူက အိမ်၏နွေးထွေးမှုကို ခံစားလိုက်ရသည်။
ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ဦးက သူ၏သောကများကို ဖြေဖျောက် ပေးခဲ့သည်။
ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ဦးက သူ၏နှုတ်ခမ်းကို သုတ်ပေးခဲ့သည်...
ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသော နွေးထွေးမှုနှင့် သက်တောင့်သက်သာရှိမှုကို ခံစားရင်း သွေးကြောမျှင်များထဲမှ အအေးမိရောဂါက နေကိုးစင်းလောင်ကျွမ်းနှလုံးသားကြာပန်း၏ အပူရှိန်နှင့်အတူ အရည်ပျော်ကျသွားတော့သည်။
သူက မုန့်ချင်ကျိုးကို ကြည့်လိုက်မိသောအခါ ဤယောက်ျားမှာ တကယ့်ကို ရုပ်ရည်ချောမောသူတစ်ဦး ဖြစ်မှန်း ရုတ်တရက် သတိထားမိသွားသည်။
ကျယ်ပြန့်သော ပခုံး၊ သန်မာသော ကျောပြင်၊ အရပ်ရှည်ရှည် ကိုယ်လုံး ကိုယ်ပေါက်နှင့် ကျောက်စိမ်းလို ချောမောသော မျက်နှာအပြင် နူးညံ့သိမ်မွေ့သော အရှိန်အဝါတို့နှင့်အတူ သူ၏ အရာရာတိုင်းက ကြည့်ကောင်းနေတော့သည်။
“အဆင်ပြေပါတယ်...” တုန်းဖန်လျူလီက အပြုံးလေးဖြင့် ပြောလိုက်သည်။ နေကိုးစင်းလောင်ကျွမ်းနှလုံးသားကြာပန်းက ဆန်ပြုတ်ထဲ မည်သို့ရောက်နေကြောင်းကို သူ မမေးမြန်းတော့ပေ။
သူ၏ အသံထဲက တုန်ရီမှုကို ကြားလိုက်ရာ မုန့်ချင်ကျိုးက အောင်နိုင်သူတစ်ဦးလို ခံစားလိုက်ရသည်။ ဒီတစ်ချီတော့ သူ နိုင်ပြီ။
တုန်းဖန်လျူလီက သူ့ကို ကြည့်ရင်း အတွေးတစ်ခု ဝင်လာသည်။ သူက မေးသည်။ “ဒီအတောအတွင်း ကျွန်မ တုန်းဖန်မိသားစုက ဘာလုပ်လဲဆိုတာ ရှင့်ကို မပြောပြ ရသေးဘူးနော်။ ရှင်ရော မသိချင်ဘူးလား။”
မုန့်ချင်ကျိုးက ပြန်ဖြေသည်။ “သိချင်တာပေါ့။ ဒါပေမဲ့ ငါ မမေးပါဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့က တကယ့် လင်မယားမှ မဟုတ်တာ။ အများကြီး သိနေဖို့ မလိုပါဘူး။”
ယခင်ကဆိုလျှင် တုန်းဖန်လျူလီသည် ဤကဲ့သို့သော စကားမျိုးကို ဂရုစိုက်မည် မဟုတ်ပေ။
သို့သော် ယခုတော့ ဘာကြောင့်မှန်းမသိဘဲ ရုတ်တရက် ရင်ထဲ ဟာသွားသလို ခံစားလိုက်ရပြီး အတင်းအကျပ် ပြုံးလိုက်ကာ ပြောသည်။ “ကျွန်မ ပြောပြရင်လည်း ဘာမှမဖြစ်ပါဘူး။ တုန်းဖန်မိသားစုဟာ မဟာကျင်းပြည်ထောင်စုမှာ မျိုးဆက်နဲ့ချီပြီး အမှုထမ်းခဲ့တဲ့ ဝန်ကြီးတွေဖြစ်သလို ကျွန်မကလည်း ဧကရီနဲ့ နီးစပ်တဲ့ အမျိုးသမီးအရာရှိ တစ်ယောက်ပါ။ တကယ်လို့ ရှင့်ကို ဧကရီဆီမှာ အမှုထမ်းဖို့ ကျွန်မက တောင်းဆိုရင် ရှင် သဘောတူမလား။”
မုန့်ချင်ကျိုးက ချက်ချင်းပင် ငြင်းလိုက်သည်။ “မတူဘူး။”
အင်မတန် ပြတ်သားလွန်းသော စကားတစ်ခွန်းဖြစ်ပြီး တုံ့ဆိုင်းမှု အရိပ်အယောင် လုံးဝမရှိပေ။
တုန်းဖန်လျူလီက ခေါင်းစောင်းပြီး ဇဝေဇဝါဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ “ဘာလို့လဲ။ ယောက်ျားကောင်း တစ်ယောက်ဆိုတာ ဧကရီဆီမှာ အမှုထမ်းဖို့ ရည်မှန်းချက် ရှိရမှာပေါ့။ ဒါက ယောက်ျားတိုင်းရဲ့အိပ်မက် မဟုတ်ဘူးလား။”
“ငါ့ရဲ့ စရိုက်က လွတ်လပ်တာကို ကြိုက်တာ။ အဲဒီလိုနေရာမျိုးနဲ့ မကိုက်ပါဘူး...” မုန့်ချင်ကျိုးက ယဉ်ကျေးစွာပင် ထပ်မံ၍ ငြင်းဆိုလိုက်သည်။
မင်း ဘယ်လောက်ပဲ စကားကောင်းပြောပြော ငါတော့ မလုပ်ဘူး။
သူ၏ အပြင်းအထန် ခုခံမှုကို မြင်သောအခါ တုန်းဖန်လျူလီ ဘာကြောင့်မှန်းမသိ ဒေါသထွက်လာသည်။ ဘာလဲ။ ကျွန်မက ကြောက်စရာကောင်းတဲ့ သားရဲကြီး မို့လို့လား။ ကျွန်မက ရှင့်ကို မကိုက်စားပါဘူး။
ကောင်းပြီလေ။ ရှင် မလုပ်ချင်ဘူးပေါ့။
ရှင့်ကို လုပ်လာအောင်လုပ်ဖို့ ကျွန်မမှာ နည်းလမ်းတွေ ရှိပါတယ်။
ထိုအတွေးနှင့်အတူ တုန်းဖန်လျူလီက တံခါးကို တွန်းဖွင့်ကာ ပြောလိုက်သည်။ “ရှင့်သဘောပဲ။ ကျွန်မ သွားပြီ။”
သူ အစောပိုင်းက မေးရန် ရည်ရွယ်ထားသော မေးခွန်းကိုပင် မမေးတော့။
ကျောက်ယွီဟွမ်အကြောင်းတွေ ဘာတွေ လာမပြောနဲ့။ ဒီနေ့ ငါ တစ်ခါလောက် တကိုယ်ကောင်းဆန်လိုက်မယ်။
မုန့်ချင်ကျိုးက ခေါင်းကို ကုပ်ရင်း ဇဝေဇဝါ ဖြစ်နေသည်။ “ဘာဖြစ်သွားတာလဲ။ ငါ တစ်ခုခု မှားသွားလို့လား။”
ပရောပရည်လုပ်ခြင်း မအောင်မြင်ဟု ခံစားရသဖြင့် မုန့်ချင်ကျိုး စိတ်ပျက် လက်ပျက်ဖြင့် ကြွေပန်းကန်လုံးကို လွှင့်ပစ်လိုက်သည်။
တကယ်ပါပဲ။ ငါက ဒီလို ကစားပွဲမျိုးနဲ့ မကိုက်ပါဘူး။
ထိုနေ့မှ နောက်တစ်နေ့ ညနေအထိ မုန့်ချင်ကျိုးသည် တုန်းဖန်လျူလီကို မတွေ့ရတော့ပေ။
“မိန်းမတွေရဲ့စိတ် ဆိုတာက ပင်လယ်ရေအောက်က အပ်တစ်စင်းလိုပဲတဲ့။ ရှေးလူကြီးတွေ ပြောတာ တကယ်မှန်တာပဲ။” မုန့်ချင်ကျိုးက ဘာမှားသွားမှန်း မသိဘဲ ရေရွတ်နေမိသည်။
စာအုပ်တွေထဲမှာတော့ ဒီလိုပဲ ရေးထားတာလေ။
မုန့်ချင်ကျိုးတစ်ယောက် စိတ်ရှုပ်နေစဉ်မှာပင် ပစ္စုပ္ပန်ရွာ တစ်ခုလုံး ဟိန်းထွက် သွားသော စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
“ဧကရီ ကြွချီလာပြီ။ အရပ်သားမုန့်ချင်ကျိုး၊ ဧကရီကို လာရောက် တွေ့ဆုံစေ။”
“ဘာလားဟ...”
သက်တောင့်သက်သာ လဲလျောင်းနေသော မုန့်ချင်ကျိုးခမျာ ဇဝေဇဝါဖြစ်ကာ မျက်ခုံးပင့်လိုက်သည်။
ဘာ။ ဧကရီ ဟုတ်လား...
“ငါ နားကြားမှားတာ ဖြစ်မှာပါ...” မုန့်ချင်ကျိုးသည် အိပ်ရာပေါ်တွင် ဟိုဘက် လှည့်လိုက်ကာ ဖင်ကုပ်နေလိုက်သည်။
ထို့နောက် နောက်ထပ် စူးရှသော အသံတစ်ခု ထပ်ထွက်လာပြန်သည်။ “အရပ်သား မုန့်ချင်ကျိုး။ ချက်ချင်း ဧကရီကို လာရောက်တွေ့ဆုံစေ။”
“လခွမ်းတဲ့မှ။ စိတ်ထင်တာ မဟုတ်ဘူးပဲ။”
မုန့်ချင်ကျိုးက ကျောတွင် စပရိန်ပါသည့်အလား ဆတ်ခနဲ ထရပ်လိုက်သည်။
“မြို့တော်က မိုင်တစ်ရာလောက် ဝေးတာကို။ ဧကရီက ဘာလို့ ဒီဝေးလံခေါင်ဖျားတဲ့ ရွာကို သာမန် သမက်တစ်ယောက်ကို လာတွေ့ရမှာလဲ။ ဒါကြီးက အရမ်းထူးဆန်းနေပြီ။ ဇာတ်လမ်းကလည်း ယုတ္တိမရှိတော့ဘူး။”
မုန့်ချင်ကျိုးက ခြံဝင်းထဲတွင် စိုးရိမ်တကြီးဖြင့် လမ်းလျှောက်နေမိသည်။
သူ့ရည်ရွယ်ချက်က ဗီလိန်ဖြစ်ဖြစ်၊ ဇာတ်လိုက်ဖြစ်ဖြစ် အဓိကဇာတ်လမ်းထဲ ဝင်မပါရန်ပင်။ လုံးဝ ပတ်သက်မှုမရှိသည်က အကောင်းဆုံး ဖြစ်သည်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ ပြောခဲ့တဲ့ ဟောကိန်းတွေက ဧကရီရဲ့ နားထဲကို ရောက်သွားပြီး ငါ့ကို လာခေါ်တာ ဖြစ်နိုင်တယ်။
ဧကရီကို သွားတွေ့လိုက်ရင် သူရဲ့အုပ်စုထဲ ဝင်သွားသလို ဖြစ်ပြီး အစွမ်းထက် ဇာတ်လိုက်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မယ်။
ငြင်းဖို့ကျတော့လည်း... အသိဉာဏ်ရှိရာ မကျဘူး။
ဒါက ဧကရာဇ်အမိန့်ကို ဖီဆန်တာ၊ ဧကရီကို ဗြောင်ကျကျ ဆန့်ကျင်တာဖြစ်ပြီး မရည်ရွယ်ဘဲ ဇာတ်လိုက်ရဲ့ မဟာမိတ် ဖြစ်သွားမှာ။
ဝတ္ထု၏ နောက်ပိုင်းအခန်းတွင် လက်စားချေရန်အတွက်သာ စိတ်အားထက်သန် နေသော ရက်စက်သည့် ဧကရီအကြောင်းကို တွေးလိုက်ရုံနှင့် မုန့်ချင်ကျိုး၏ ဦးရေခွံများ စိမ့်သွားခဲ့သည်။
စကားပုံတစ်ခု ရှိတယ်။ “နောင်တရပြီး ပြန်ပြင်တာက အစွမ်းလျော့သွားစေပေမဲ့၊ လူဆိုးဘက် ကူးသွားတာကတော့ လှည့်ကွက်တွေ ပိုများလာစေတယ်”တဲ့။
ဧကရီကလည်း ထိုအတိုင်းပင်။ သူ လူဆိုးဘက် ကူးပြီးနောက် ကျောက်ကော်ကို နေရာတင် အကြိမ်ကြိမ် သတ်ခဲ့သည်။ ဇာတ်လိုက် အရှိန်အဝါသာ မပါရင် ကျောက်ကော်ဟာ အခုဆို အကြိမ်၈၀၀လောက် သေပြီးလောက်ပြီ ဖြစ်သည်။
ဇာတ်လိုက်ပင်လျှင် သူကို မတောင့်ခံနိုင်ရာ မုန့်ချင်ကျိုး ခန့်မှန်းကြည့်ရသလောက် သူလည်း အခြေအနေ သိပ်ကောင်းမည် မဟုတ်ပေ။
“ဒုန်း...”
ခြံဝင်းတံခါးမှာ တွန်းဖွင့်ခြင်း ခံလိုက်ရပြီး စုချင်ချိုးက ရယ်ချင်စိတ်ကို အတင်း ထိန်းထားရင်း မျက်နှာနီမြန်းကာ ကြောက်လန့်တကြား အသံမျိုးဖြင့် ဝင်လာသည်။ “ဆရာ။ ဧကရီ ရောက်နေပြီ၊ အမြန် ထွက်လာခဲ့ပါတော့။”
“အုတ်အိမ်လေး”ရှေ့တွင် စုဝေးနေကြသော “ရွာသားများ” အားလုံးမှာလည်း မယုံကြည်နိုင်သော အမူအရာများ ရှိနေကြသည်။
“နန်းရင်းဝန်ကြီး၊ ဧကရီ ဘာလုပ်ဖို့ ကြံနေတာလို့ ထင်လဲ။” နန်းတွင်းကိုယ်ရံတော်ခေါင်းဆောင်က သတင်းစုချင်လွန်းသဖြင့် လူအုပ်ရှေ့သို့ တိုးထွက် လာကာ မေးလိုက်သည်။
မဟာကျင်း၏”ဦးနှောက်”ဟု လူသိများသော ကျန်းစန်းဟိုင်က ခေါင်းဆောင်၏ မျှော်လင့်တကြီး အကြည့်အောက်တွင် မုတ်ဆိတ်ကို သပ်ရင်း အကြာကြီး စဉ်းစားပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။ “မသိဘူး။”
“...” နန်းတွင်းကိုယ်ရံတော်ခေါင်းဆောင်က တိတ်တဆိတ် မျက်လုံးလှန် လိုက်မိသည်။
လူအုပ်ကြီး၏ ထူးဆန်းသော အကြည့်များအောက်တွင် စုချင်ချိုးက မလိုက်ချင်ဘဲ ဇွတ်ငြင်းနေသော မုန့်ချင်ကျိုးကို ခြံဝင်းထဲကနေ ဆွဲထုတ်လာခဲ့သည်။
“အား။ ကံကောင်းလို့ ဖြစ်လာတာဆိုရင် ဘေးမဖြစ်ပါဘူး၊ ဘေးဖြစ်မယ့်ဟာ ဆိုရင်လည်း ရှောင်လွှဲလို့ မရပါဘူးလေ...” မုန့်ချင်ကျိုးက ရေရွတ်လိုက်သည်။
သူက မျက်စိမမြင်ရသလို နတ်ဘုရားအာရုံကိုလည်း အသုံးမပြုနိုင်သဖြင့် မျက်မမြင်တစ်ဦးနှင့် မခြားနားသော်လည်း သူ့ရှေ့မှ မီတာအနည်းငယ် အကွာတွင် ရပ်နေသော သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသည့် အရှိန်အဝါတစ်ခုကို ခံစားနေရသည်။
ခန့်ညားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းလှ၏။
ခန့်မှန်းနေစရာ မလိုတော့ပေ။ ထိုသူမှာ လက်ရှိဧကရီ ချင်းလျူလီ ဖြစ်ရပေမည်။
“အရပ်သား မုန့်ချင်ကျိုး၊ အရှင်မကို ဂါရဝပြုပါတယ်။” မုန့်ချင်ကျိုး ချက်ချင်းပင် ဒူးထောက်ရန် ပြင်လိုက်သည်။
မိန်းမစိုးတစ်ဦးက အလျင်အမြန် ရှေ့သို့တိုးကာ သူ့ကို တွဲထားပေးပြီး ဒူးထောက်ခွင့် မပြုပေ။
နောက်နေတာလား။ မင်းက ဧကရီရဲ့ ကြင်ရာတော်လေ။ ဧကရီကို ဘယ်လိုလုပ် ဒူးထောက်လို့ ရမှာလဲ။
ပုလဲကုလားကာပါသော သရဖူကို ဆောင်းထားသည့် တုန်းဖန်လျူလီက ဆယ်မီတာ မြင့်သော ဧကရာဇ်ယာဉ်ပေါ်တွင် ပျင်းရိစွာ မှီထိုင်နေပြီး သူ၏ ကျောက်စိမ်းလို ရဲရဲနီသော မျက်လုံးများဖြင့် အောက်သို့ ပြုံးကြည့်နေသည်။
“အခမ်းအနားတွေ မလိုပါဘူး အမတ်မင်း။ ငါ ဒီကို အထူးတလည် လာခဲ့တာက မင်းကို ဖိတ်ခေါ်ချင်လို့ပါ။ မင်း လက်ခံမလား။”
တုန်းဖန်လျူလီက သူ၏ ဇာတ်ရုပ်ကို သရုပ်ဆောင်နေစဉ် အမြဲပင် အသံတုကို အသုံးပြုလေ့ရှိသဖြင့် မုန့်ချင်ကျိုးကသည် ဤအသံကို မမှတ်မိပေ။
ယခုအချိန်တွင် ခန့်ညားထည်ဝါလှသော တုန်းဖန်လျူလီမှာ စစ်မှန်ပြီး ပြည့်စုံသော ပုံစံပင်။
“ကျုပ်ရဲ့ စွမ်းဆောင်ရည်က အားနည်းပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်နိုင်မှာ မဟုတ်မှာကို စိုးရိမ်မိပါတယ်။” မုန့်ချင်ကျိုးက လက်ယှက်ကာ ပြောလိုက်သည်။
တုန်းဖန်လျူလီက စကားမပြောဘဲ စုချင်ချိုးကို မျက်ရိပ်ပြလိုက်သည်။
စုချင်ချိုးက နားလည်သွားပြီး မုန့်ချင်ကျိုး၏ နားနားသို့ တိုးကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။ “ဆရာ၊ ကျေးဇူးပြုပြီး မငြင်းပါနဲ့။ ဧကရီက ဒီတစ်ခါ ဆရာ့ကို ခေါ်သွားဖို့ အပိုင်တွက်လာတာ။ သခင်မလေးကလည်း မြို့တော်ကို သွားနေပြီ။ ခဏတော့ ပြန်လာဦးမှာ မဟုတ်ဘူး။ သူကို ထပ်မတွေ့ချင်တော့ဘူးလား။ ပြီးတော့ ဧကရီက ရက်စက်တယ်နော်။ တကယ်လို့ ထပ်ငြင်းရင် သူ ဒေါသထွက်ပြီးတော့ ဆရာ ခေါင်းပြတ်သွားနိုင်တယ်။”
မုန့်ချင်ကျိုး အကြာကြီး စဉ်းစားပြီးနောက် သက်ပြင်းအရှည်ကြီး ချလိုက်ကာ သူ၏ မျက်နှာမှာ လေးနက်တည်ကြည်သွား၏။
“ကျုပ်... ဧကရီနောက်ကို လိုက်ခဲ့ပြီး ရာထူးတစ်ခု လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်က အေးအေးဆေးဆေး နေရမယ့် ရာထူးမျိုးပဲ လိုချင်တာပါ။ တကယ်လို့ ဧကရီက သဘောမတူဘူးဆိုရင်တော့ ကျုပ် အသေပဲ ခံလိုက်ပါမယ်။”
ထပ်မံ ငြင်းဆိုနေခြင်းက မယဉ်ကျေးရာ ရောက်သလို အစွမ်းထက် ဇာတ်လိုက်ရော ဧကရီဆီမှာပါ အမုန်းခံရမည် ဖြစ်ရာ အခြေအနေက ပိုဆိုးသွားလိမ့်မည်။
ထို့အပြင် ဇာတ်လမ်းကလည်း ပျက်စီးနေပြီ ဖြစ်သည်။ ဧကရီဘက်ကို ပူးပေါင်း လိုက်ခြင်းကလည်း ကိစ္စကြီးတော့ မဟုတ်လောက်ပေ။
အဆိုးဆုံး အခြေအနေဆိုလျှင်လည်း သူက မသိမသာသာ နေပြီး လူမမြင်အောင် ကြိုးစားနေမည် ဖြစ်သည်။ ဧကရီတွင် အရည်အချင်းရှိသော ဝန်ကြီးများနှင့် စစ်သူကြီး များစွာ ရှိနေ၏။ လူတိုင်းက ဇာတ်လိုက်၏ ရန်သူ ဖြစ်နေမည် မဟုတ်ပေ။
ဧကရာဇ်ယာဉ်ပေါ်မှ တုန်းဖန်လျူလီက သူ၏ အဖြေကို ကြားသောအခါ အပြုံးကို မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။ “ကောင်းသားပဲ။ ငါ သဘောတူတယ်။ အမတ်မင်း မုန့်၊ ပစ္စည်းတွေ သိမ်းလိုက်တော့။ ငါတို့ မြို့တော်ကို အတူတူ ပြန်ကြမယ်။”
သူက မုန့်ချင်ကျိုးထံမှ အများကြီး မျှော်လင့်မထားပေ။ ဧကရီထံတွင် အမှုထမ်း ခိုင်းခြင်းမှာ သူတို့ကြား ပိုမိုနီးစပ်သွားစေရန်နှင့် နောက်ပိုင်းတွင် သူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ဖော်ပြရန် လမ်းခင်းပေးရုံသာ ဖြစ်သည်။
လူလည်လေး။ ရှင့်ရဲ့ သရုပ်မှန်ကို ကျွန်မဆီက ဖုံးကွယ်ထားနိုင်မယ် ထင်နေတာလား။ ဒီနေ့တော့ ရှင့်ကို စကား နားထောင်လာအောင် အတင်းအကျပ် လုပ်မယ်။ ရှင် ဆန့်ကျင်လေလေ ကျွန်မက ပိုပြီး စိတ်လှုပ်ရှားလေလေပဲ။