ရာထူးရသော ပထမနေ့မှာပင် လုံရှန်ဘုရင်ကို အသားတစ်ထောင်မွှန်းပြီး ကွက်မျက်လိုက်ခြင်း
Vol. 1 Ch. 10
“နန်းရင်းဝန်။ ကြင်ရာတော်ကို မြင်ဖူးသမျှလူတိုင်း ပါးစပ်ပိတ်ထားဖို့ သေချာအောင် လုပ်ပါ။ ဘယ်သတင်းမှ အပြင်ကို ပေါက်ကြားလို့မဖြစ်ဘူး။” တုန်းဖန်လျူလီက ရဲရဲနီသော နှုတ်ခမ်းလွှာလေးကို မသိမသာလှုပ်ရှားကာ တိုးတိုးလေး ပြောလိုက်သည်။
ကျန်းစန်းဟိုင်က လက်နှစ်ဖက်ကို အင်္ကျီလက်ထဲ ထည့်ကာ တုန်းဖန်လျူလီကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်ပြီး တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်၏။
မုန့်ချင်ကျိုးက အသုံးအဆောင်များကို သိမ်းဆည်းပြီး စုချင်ချိုးနှင့်အတူ မိုးပျံသားရဲကြီးပေါ်သို့ တက်လိုက်သည်နှင့် ဧကရီ၏ စီးတော်ယာဉ်တန်းမှာ နေဝင်ချိန်၏ အကြွင်းအကျန်များကို လိုက်လံဖမ်းဆုပ်လိုက်သကဲ့သို့ မိုးကုတ်စက်ဝိုင်းဆီ ပျံတက် ကွယ်ပျောက်သွားတော့သည်။
အတော်ကြာပြီးနောက်...
ကျန်းစန်းဟိုင်က အံ့သြတကြီး သက်ပြင်းချလိုက်မိသည်။ “ဧကရီရဲ့ ကြင်ရာတော်ဟာ နိုင်ငံတော်ရေးရာတွေမှာ ဝင်မစွက်ဖက်သင့်ဘူး။ ပြီးတော့ သူ့ရဲ့ အထောက်အထားကို မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတွေက အသုံးချသွားမှာကိုလည်း စိုးရိမ်ရတယ်။ အဲဒါကြောင့် သူ့ကို တခြားအမည်တစ်ခုနဲ့ ပြန်လာခိုင်းတာပဲ... ပညာရှိ တစ်ယောက် နန်းတွင်းထဲ ဝင်လာပြီဆိုတော့ ရုတ်ရုတ်သဲသဲတွေ ဖြစ်လာတော့မှာ အသေအချာပဲ။ အရှင်မင်းရဲ့ နည်းလမ်းတွေက တကယ့်ကို အထင်ကြီးစရာပါပဲ။”
မုန့်ချင်ကျိုး၏ သံသယကို မလှုံ့ဆော်မိစေရန် ဧကရီ စီးတော်ယာဉ်နောက်မှ လိုက်ပါလာသော သားရဲအုပ်ကြီးက မြို့တော်အထက်တွင် အကြာကြီး ပတ်ပျံနေပြီးမှ နန်းတော်အတွင်းသို့ ဖြည်းဖြည်းချင်း ဆင်းသက်ခဲ့သည်။
သားရဲကြီး၏ ကျောပေါ်တွင် ထိုင်နေသော မုန့်ချင်ကျိုးက နန်းတော်၏လေထုကို အဝရှူသွင်းလိုက်ပြီး မိမိကိုယ်ကိုယ် ရေရွတ်လိုက်သည်။ “ဒါ အမြင့်ဆုံး အာဏာစက်တွေ စုဝေးရာနေရာပဲ။ လေထဲမှာတောင် ကြွယ်ဝချမ်းသာမှုနဲ့ စည်းစိမ်တွေရဲ့ ရနံ့တွေ ပြည့်နှက်နေတယ်။”
ဧကရီ စီးတော်ယာဉ်ပေါ်တွင် တိတ်တဆိတ် နားထောင်နေသော တုန်းဖန်လျူလီက မုန့်ချင်ကျိုး၏စကားကြောင့် နှုတ်ခမ်းကို မဲ့လိုက်မိသည်။
စုချင်ချိုးမှာမူ မုန့်ချင်ကျိုးကို မနေနိုင်ဘဲ အကြိမ်ကြိမ် ကြည့်နေမိပြီး စကား ပြောချင်သော်လည်း မပြောရဲပေ။ ဘာစည်းစိမ်ရနံ့လဲ။ ကျွန်မတို့ တစ်ပတ်ပတ်ပြီးတော့ ပြန်လာရုံရှိသေးတာကို။
တစ်ခုတည်းသော ကွာခြားချက်မှာ ဧကရီစီးတော်ယာဉ်သည် ပြန်လည်၍ တည်ဆောက်ထားသော ထိုက်ကျိနန်းဆောင် (ပစ္စုပ္ပန်ရွာ)တွင် မရပ်ဘဲ ရွှေပလ္လင် နန်းဆောင်တွင် ရပ်တန့်လိုက်ခြင်းပင်။
ပစ္စုပ္ပန်ရွာကိုမူ ချိတ်ပိတ်လိုက်ပြီဖြစ်ရာ ဧကရီ၏ အမိန့်မပါဘဲ မည်သူမျှ မဝင်နိုင်တော့ပေ။
“မုန့်ချင်ကျိုး၊ ဒီကိုလာခဲ့။” ဧကရီက ယာဉ်ပေါ်မှ ဆင်းကာ လက်ညှိုးလေးဖြင့် လှမ်းခေါ်လိုက်သည်။
မုန့်ချင်ကျိုးက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ “အရှင်မင်းကြီး။”
တုန်းဖန်လျူလီက အနိုင်ကျင့်ခံနေရသော ဇနီးငယ်လေးတစ်ဦးကဲ့သို့ အမူအရာ ရှိနေသည့် မုန့်ချင်ကျိုးကို ကြည့်ကာ ဂုဏ်ယူမှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောပြွမ်းနေမိ၏။ သူက အသာအယာ ရယ်မောလိုက်ပြီး ပြောသည်။ “မုန့်ချင်ကျိုး။ မင်းက နာမည်နဲ့ အထောက်အထားကို ပြောင်းရလိမ့်မယ်။ မြို့တော်မှာဆိုရင် မင်းကို... မုန့်ချင်းလို့ ခေါ်မယ်။ နားလည်လား။”
မုန့်ချင်ကျိုး ဇဝေဇဝါ ဖြစ်သွား၏။ “ဘာလို့ နာမည်ပြောင်းရမှာလဲ။ ကျုပ်ရဲ့ နာမည်က သူများတွေသိဖို့ မသင့်တော်လို့လား။”
တုန်းဖန်လျူလီ ပြောစရာ ဆွံ့အသွားပြီး တစ်ခွန်းတည်းသာ ပြောချလိုက်သည်။ “မသင့်တော်လို့ပေါ့။ မေးခွန်းတွေ အများကြီး မမေးနဲ့။”
မုန့်ချင်ကျိုး တစ်ယောက်တည်း လေထဲတွင် ကြောင်တောင်တောင်ဖြင့် ကျန်ရစ် ခဲ့တော့သည်။
ဘာတွေလဲကွာ။ ငါ့အထောက်အထားကို ဘာလို့ ဖုံးကွယ်ထားရတာလဲ။။ ပြီးတော့ ဧကရီရဲ့အသံက ဘာလို့ ချွဲနွဲ့နေသလိုလို ဖြစ်နေရတာလဲ။ အကုန်လွဲကုန်ပြီ။ လုံးဝကို လွဲကုန်ပြီ...
မုန့်ချင်ကျိုးက မိမိကိုယ်ကိုယ် ရေရွတ် လိုက်သည်။
ရွှေပလ္လင်နန်းဆောင်၏ အတွင်းပိုင်းက ရွှေရောင်တဝင်းဝင်း တောက်ပနေခြင်းမျိုး မဟုတ်ဘဲ ခန့်ညားထည်ဝါပြီး ရိုးရှင်းသော အနက်ရောင်ကြီး ဖြစ်နေ၏။
အတွင်းခန်းမှာ ကျယ်ပြောလှပြီး မီတာရာချီ ရှည်လျားကာ အသုံးပြုထားသော ပစ္စည်းများမှာလည်း အလွန်ရှားပါးလှသည့် နှစ်တစ်သောင်းသက်တမ်းရှိ အထွတ်အထိပ် ဝိညာဉ်ကျောက်စိမ်းများ ဖြစ်သည်။ သာမန်လူတစ်ယောက် ဤနေရာတွင် လေရှူရုံဖြင့်ပင် အသက်ရှည်နိုင်ပေသည်။
ဘေးတစ်ဖက်တစ်ချက်တွင် အနက်ရောင် နဂါးတိုင် (၈၁)တိုင် စီတန်းထားပြီး အမြင့်ဆုံးနေရာရှိ ဧကရီ၏ ပလ္လင်တော်ထံသို့ တည့်တည့်ဦးတည်နေ၏။
“တိမ်တက်နယ်ပယ်”၏ အထွတ်အထိပ်တွင်ရှိသော နန်းတွင်းကိုယ်ရံတော် ရာပေါင်းများစွာမှာ ရုပ်တုများကဲ့သို့ မလှုပ်မယှက် ရပ်နေကြပြီး ၎င်းတို့၏ အေးစက်သော မျက်လုံးများကိုသာ သံခမောက်အက်ကွဲကြောင်းများမှတစ်ဆင့် မြင်တွေ့နိုင်သည်။
ခန့်ညားခြင်း၊ မြင့်မားခြင်းနှင့် အထွတ်အထိပ် အာဏာစက်ပင်။
ပလ္လင်တော်အောက်တွင်မူ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများက ကျောက်စိမ်းပြားများကို ကိုင်ဆောင်ကာ သပ်ရပ်စွာ တန်းစီရပ်နေပြီး ဤအခိုက်အတန့်ကို စောင့်မျှော်နေကြသည်မှာ ကြာပြီဖြစ်သည်။
မုန့်ချင်ကျိုးက နဂါးရုပ်ပုံပါသော အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး မျက်လုံးကို အနက်ရောင် ပိုးသားဖြင့် စည်းထားကာ လက်စွဲတုတ်ဖြင့် မြေပြင်ကို အသာအယာ တောက်လိုက်ရာ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
အရာရှိကြီးများ၏ စောင့်ကြည့်မှုအောက်တွင် သူက ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားပြီး အရှေ့ဆုံးတွင် ရပ်ကာ ဦးညွှတ်လိုက်သည်။
“အမတ်မင်းမုန့်ချင်း အရှင်မကို ဂါရဝပြုပါတယ်။”
ပလ္လင်တော်ကို အနီရောင် ပိုးကုလားကာဖြင့် ကာရံထားသည်။ ဧကရီက လက်ကို မြှောက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “ထတော့...”
ဧကရီ တုန်းဖန်လျူလီက အေးစက်စွာ ပြောလိုက်သည်။ “အမတ်မင်းမုန့်၊ မင်းရဲ့ အရည်အချင်းတွေက အနှိုင်းမဲ့ပြီး ဒီကမ္ဘာမှာ ရှားပါးတယ်။ မင်းကို ယဉ်ကျေးမှုနဲ့ သာသနာရေးဆိုင်ရာ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဘာကန့်ကွက်စရာ ရှိလဲ။”
မုန့်ချင်ကျိုး၏ မျက်ခုံးများ မထိန်းနိုင်ဘဲ လှုပ်ခတ်သွား၏။
ဝိုး... တော်တော်မြင့်တဲ့ ရာထူးပဲ။ တန်းပြီး ထိပ်ဆုံးကို ခုန်တက်သွားတာပဲ။
အကယ်၍ ဝန်ကြီးက ဌာနတစ်ခုရဲ့ အကြီးအကဲဆိုရင် ဒုတိယဝန်ကြီးက ဒုတိယ အကြီးအကဲပင်။ ဝန်ကြီးက ဒုတိယအဆင့် ဖြစ်ပြီး ဒုတိယဝန်ကြီးက တတိယအဆင့် ဖြစ်သည်။
အရပ်ဘက် အရာရှိများ၏ ရှေ့ဆုံးတွင် ရပ်နေသော ကျန်းစန်းဟိုင်က တည်ငြိမ်နေသည့် မုန့်ချင်ကျိုးကို တစ်ချက်ကြည့်ပြီး ဘာမှမပြောပေ။
အမှန်စင်စစ် လက်ရှိတွင် ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးနှင့် နန်းရင်းဝန်မှာ ကျန်းစန်းဟိုင် ကိုယ်တိုင်ပင်။
မုန့်ချင်ကျိုး၏ မည်သူည်ဝါဖြစ်ကြောင်းကို သိသော အနည်းငယ်သော သူများထဲမှ တစ်ဦးဖြစ်သည့် ကျန်းစန်းဟိုင်မှာမူ အံ့သြခြင်းမရှိသလို ကန့်ကွက်စရာလည်း မရှိပေ။
သို့သော် ဧကရီ၏ကြင်ရာတော် မျက်နှာကို မြင်ဖူးသူ အလွန်နည်းပါးသည်။ ဤနေရာရှိ အရာရှိများထဲတွင် ကျန်းစန်းဟိုင်နှင့် နန်းတွင်းကိုယ်ရံတော် ခေါင်းဆောင် လင်းလု နှစ်ဦးသာ မြင်ဖူးကြသည်။
အခြေအနေကို မသိကြသော အမတ်များမှာမူ ၎င်းတို့၏ ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားကြပြီး သရဲမြင်လိုက်ရသည့်အလား မုန့်ချင်ကျိုးကို ကြည့်နေကြတော့သည်။
နန်းတွင်း နောက်ခံမရှိ၊ ဘာအောင်မြင်မှုမှလည်း မရှိတဲ့ အရပ်သားတစ်ယောက်က နန်းတွင်းထဲ ရောက်တဲ့ ပထမဆုံးနေ့မှာတင် တတိယအဆင့် ဒုတိယဝန်ကြီး ဖြစ်သွားတယ်တဲ့လား။
မယုံနိုင်စရာပဲ။
အချို့ကမူ မုန့်ချင်ကျိုးသည် ဧကရီ၏ အဆောင်တောင်သွင်း ယောက်ျား ဖြစ်နိုင်သည်ဟုပင် ထင်ကြေးပေးကြသည်။
အချို့သော လူငယ်စစ်ဗိုလ်ချုပ်များ၏ မျက်လုံးများထဲတွင်မူ အကြံတစ်ခု ဝင်လာကြသည်။ ဧကရီက မျက်မမြင်တွေကို သဘောကျတဲ့ပုံပဲ။ ဧကရီရဲ့ကြင်ရာတော်က မျက်မမြင်လို့ သတင်းထွက်နေသလို အခုလည်း နောက်တစ်ယောက်... ငါတို့လည်း မျက်စိကို ဖောက်လိုက်ရင် ဧကရီရဲ့ မျက်စိထဲ ရောက်သွားနိုင်မလားပဲ။
အရာရှိကြီးများက အလွန်အမင်း မမျှတဟု ခံစားရသဖြင့် ဝိုင်းဝန်း ကန့်ကွက် ကြတော့သည်။
“ဒါဟာ လက်ခံနိုင်စရာ မရှိပါဘူး အရှင်မ။ အရှင်မဟာ နိုင်ငံတော်ရဲ့ စနစ်ကို လျစ်လျူရှုနေတာပဲ။ ဒီလိုသာ ဆက်ဖြစ်နေရင် ဘယ်သူက တိုင်းပြည်အတွက် ကြိုးစား အားထုတ်တော့မှာလဲ။”
“မုန့်ချင်း။ ဒီလူ့အကြောင်း တစ်ခါမှ မကြားဖူးပါဘူး။ သူက နာမည်ကြီး စစ်သူကြီးလည်း မဟုတ်ဘူး။ ထိပ်တန်း ပညာရှင်လည်း မဟုတ်ဘူး။ ဘာနောက်ခံနဲ့ အောင်မြင်မှုမှမရှိဘဲ ဘယ်လိုလုပ် တတိယအဆင့် ရာထူးကို တန်းရနိုင်မှာလဲ။”
“သာမန် အရပ်သား တစ်ယောက်က ဘယ်လောက်ပဲ အရည်အချင်းရှိရှိ သတ္တမ အဆင့် ရာထူးဆိုရင်တောင် လုံလောက်နေပါပြီ။”
“ဒီလို တောသားက ဘယ်က ရောက်လာတာလဲ။ အရှင်မ၊ သူ လှည့်စားတာကို မခံပါနဲ့။”
တုန်းဖန်လျူလီက ပြုံးလျက် ကိုယ်ကို စောင်းကာ လက်တစ်ဖက်ဖြင့် ပါးကို ထောက်ထားပြီး အမတ်များ၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများကို မတားဆီးဘဲ ကြည့်နေသည်။
ပညာရှိရဲ့ အလိုကို ဆန့်ကျင်ခဲ့တာလေ။ ဒါက မင်းအတွက် အပြစ်ဒဏ် ဟုတ်သလို စမ်းသပ်မှုလည်း ဟုတ်တယ်...
သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များ ရှိနေသည်။ အကယ်၍ မုန့်ချင်ကျိုးက အမတ်များ၏ ထောက်ခံမှုကို ရယူနိုင်လျှင် အကောင်းဆုံးပင်။
မဟုတ်ပါက သူသည် ပစ္စုပ္ပန်ရွာသို့ ပြန်သွားပြီး ပူပင်ကြောင့်ကြမဲ့သော မျက်မမြင် သမက်အဖြစ်သာ နေထိုင်ရပေလိမ့်မည်။
မုန့်ချင်ကျိုး ဒေါသထွက်လာသည်။ သူ၏ စကားလုံးများမှာ ထက်မြက်လှပြီး အရာရှိများ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။
သူက နန်းတွင်းရေးရာများတွင် ပါဝင်ပတ်သက်လိုစိတ် လုံးဝမရှိဘဲ ဧကရီ၏ မျက်နှာကို ထောက်ထားသောကြောင့်သာ မြို့တော်သို့ မလိုက်ချင်ဘဲ လိုက်လာခဲ့ရခြင်း ဖြစ်သည်။
မုန့်ချင်ကျိုး ဒေါသမထွက်ရသေးခင်မှာတင် လူပြက်တစ်သိုက်က သူ့ကို လာပြီး အထင်သေးနေကြသည်။
မုန့်ချင်ကျိုး မျက်မှောင်ကြုတ်ကာ အရာရှိများဘက်သို့ လှည့်၍ ပြောလိုက်သည်။
“ကျုပ်က အရပ်သား တစ်ယောက်ပါပဲ၊ ဧကရီက ကျုပ်ကို အလေးထားပြီး အဝေးကြီးကနေ လာခေါ်ခဲ့လို့ ကံကောင်းသွားတာပါ။ ဒီရွှေပလ္လင်နန်းဆောင်မှာ ရပ်နေတဲ့ သူတွေက အတော်ဆုံးတွေ ဖြစ်လိမ့်မယ်လို့ ကျုပ် ထင်ထားခဲ့တာ။ မောက်မာတဲ့ လူမိုက်တစ်သိုက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။”
“မောက်မာလှချည်လား။”
“ရိုင်းစိုင်းလိုက်တာ။”
“မင်းမှာ ဘာအရည်အချင်းရှိလဲ ပြစမ်း။ မင်းက နာမည်ကြီးချင်ရုံ သက်သက် ဆိုရင်တော့ မင်းကို သတ်ပစ်ဖို့ ငါ့ကို အပြစ်မတင်နဲ့။” နဂါးခြေသည်းလေးခုပါသော ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မုတ်ဆိတ်နက်နှင့် မင်းသားတစ်ပါးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
မုန့်ချင်ကျိုးသည် ထိုအသံလာရာဘက်သို့ လှည့်ကာ မင်းသားကို “ကြည့်”ပြီး မေးလိုက်သည်။
“ခွင့်ပြုပါဦး။ ခင်ဗျားက ဘယ်သူလဲ။”
“လုံရှန်ဘုရင်၊ တတိယအဆင့်၊ မျိုးရိုးက အိုယန်၊ အမည်က ရှန့်။” အိုယန်ရှန့်က လှောင်ပြောင်လိုက်သည်။
မျက်မမြင် တစ်ယောက်က ငါနဲ့ တန်းတူရပ်တည်ပြီး ထိပ်ဆုံးကို တက်ချင် နေတယ်ပေါ့။ ရယ်စရာပဲ။
မုန့်ချင်ကျိုး မျက်မှောင်ကြုတ်ကာ သူ မှတ်ဉာဏ်ထဲတွင် အဖြေရှာရင်း အကြာကြီး စဉ်းစားနေသည်။
၎င်းကိုမြင်သော် အိုယန်ရှန့်က ကျေနပ်သွားပြီး မုန့်ချင်ကျိုးမှာ တကယ့် အရည်အချင်း မရှိဟု ယုံကြည်သွားသည်။
အိုယန်ရှန့်က အောင်နိုင်သူအဖြစ် ပြုံးတော့မည့်ဆဲဆဲမှာပင် မုန့်ချင်ကျိုး၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ သူက လက်စွဲတုတ်ဖြင့် မြေပြင်ကို ဆောင့်လိုက်ရာ ရွှေပလ္လင်နန်းဆောင်အတွင်း ဆူညံသံများ ငြိမ်ကျသွားပြီးနောက် သူက ပြောလိုက်သည်။ “ကျုပ်ရဲ့ မျက်လုံးတွေက ကွယ်နေပေမဲ့ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကိုတော့ မြင်နိုင်ပါတယ်။ ခုနလေးတင် ခင်ဗျားရဲ့ ကံကြမ္မာကို ကျုပ် တွက်ချက်ကြည့်လိုက်တာ ဝှက်ထားတဲ့ ထောင့်တစ်နေရာကို ကျုပ် မြင်လိုက်ရတယ်။”
အိုယန်ရှန့်က လက်နှစ်ဖက် နောက်ပစ်ကာ လူပြက်တစ်ယောက် ကပြနေသည်ကို ကြည့်နေသည့်အလား မျက်မှောင်ကြုတ်ကာ လှောင်ပြောင်နေ၏။
“အိုယန်ရှန့်၊ စိမ်းပြာပြည်နယ်၊ လုံရှန့်ခရိုင်က လာခဲ့တဲ့သူ၊ ဆင်းရဲသားဘဝကနေ စစ်တပ်ထဲဝင်ခဲ့ပြီးတော့ စစ်ရေးအောင်မြင်မှုတွေ အလီလီနဲ့ ကံကြမ္မာကို ဆန့်ကျင်ပြီး တတိယအဆင့် မင်းသား ဖြစ်လာသူ။”
“ဒါတွေက အားလုံးသိပြီးသားတွေပဲလေ။ မင်းက ဒါကို ပြောနေရတာ ဂုဏ်ယူ နေတာလား။” အိုယန်ရှန့်က ရယ်မောလိုက်သည်။
ကျန်းစန်းဟိုင်နှင့် နန်းတွင်းကိုယ်ရံတော် ခေါင်းဆောင် လင်းလု နှစ်ဦးသာ တိတ်တဆိတ် ထိတ်လန့်သွားကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ မုန့်ချင်ကျိုး မည်သည့်အရာ ပြုလုပ်နေကြောင်းကို သူတို့ သိသည်။
ပညာရှိဟောကိန်း...
မုန့်ချင်ကျိုးက သူ့ကို လျစ်လျူရှုကာ ဆက်ပြောသည်။ “မနှစ်က နှစ်လယ်ပိုင်းမှာ စိမ်းပြာပြည်နယ်က ခရိုင်(၁၀)ခုမှာ လူပေါင်းတစ်သိန်းနီးပါး ထူးဆန်းတဲ့ အဆိပ် တစ်ခုကြောင့် သေဆုံးခဲ့ကြတယ်။ ဒီတုန်လှုပ်စရာ ဘေးဒုက္ခရဲ့ အရင်းအမြစ်ကို ဘယ်သူမှ ရှာမတွေ့ခဲ့ဘဲ ဒီအတိုင်းပဲ ပြီးဆုံးသွားခဲ့တယ်။”
ဤနေရာတွင် မုန့်ချင်ကျိုးက ခေတ္တရပ်လိုက်ရာ မျက်နှာမှာ မှောင်မှောက်သွားပြီး လူသတ်ချင်စိတ်များ ပြည့်နှက်နေ၏။ “အမှန်တရားကတော့... လုံရှန်ဘုရင် အိုယန်ရှန့်ဟာ “တောင်ရွှေ့နယ်ပယ်” ကို တက်လှမ်းနိုင်ဖို့အတွက် တားမြစ်ထားတဲ့ နည်းလမ်းတစ်ခုကို သုံးပြီးတော့ လူပေါင်းတစ်သိန်းကို ယဇ်ပူဇော်ပြီး အဆိပ်ခတ်သတ်ခဲ့တာ။ ဒါက ခွင့်လွှတ်လို့ မရနိုင်အောင် ကြီးလေးတဲ့ ရာဇဝတ်မှုပဲ။”
အိုယန်ရှန့်၏ မျက်နှာအမူအရာ မသိမသာ ပြောင်းလဲသွားကာ သူ၏ သူငယ်အိမ်များ ကျုံ့သွားပြီး အော်ဟစ်လိုက်သည်။ “မင်းက ငါ့ကို ဘယ်လိုတောင် စွပ်စွဲရဲရတာလဲ။ မင်းကို ငါ အခုချက်ချင်း မသတ်ရဲဘူးလို့ မထင်နဲ့။”
မုန့်ချင်ကျိုးက လက်စွဲတုတ်ကို အားပြုကာ အိုယန်ရှန့်ထံသို့ တစ်လှမ်းချင်း လျှောက်သွားရင်း အေးစက်စွာ ပြောလိုက်သည်။ “ခင်ဗျားက သက်သေလည်း လိုချင် သေးတာလား။ ကောင်းပြီလေ။ ကျုပ် သက်သေပြပေးမယ်။”
ပြောပြီးသည်နှင့် မုန့်ချင်ကျိုးက နားလည်ရခက်သော ရှေးဂါထာမန္တန် အချို့ကို ရွတ်ဆိုလိုက်သည်။
နောက်တစ်စက္ကန့်မှာပင် တစ်ချိန်က ခန့်ညားလှသော လုံရှန်ဘုရင်မှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး မျက်လုံးသူငယ်အိမ်များမှာ မည်းနက်သွားကာ ကျောရိုးမှာလည်း ဓားသွားကဲ့သို့ ထိုးထွက်လာတော့သည်။
အမတ်များမှာ ထိတ်လန့်သွားကြပြီး မြင်နေရသည်ကို မယုံနိုင် ဖြစ်နေကြ၏။
“ဒါဟာ ရှေးဟောင်း မိစ္ဆာခေါ်ယူခြင်း ဂါထာပဲ။ လုံရှန်ဘုရင်က ဘယ်လိုဖြစ်ပြီး မိစ္ဆာလမ်းစဉ်ထဲ ရောက်သွားရတာလဲ။။”
“ဒုတိယဝန်ကြီးမုန့် ပြောတာ မမှားဘူးပဲ။ အိုယန်ရှန့်ဆိုတဲ့ ဒီသစ္စာဖောက်ဟာ လွန်ခဲ့တဲ့ ၂နှစ်က စိမ်းပြာပြည်နယ်က ဘေးဒုက္ခရဲ့ တရားခံအစစ်ပဲ။”
“သူက လူပေါင်းတစ်သိန်းကို ဒီအတိုင်း ယဇ်ပူဇော်ခဲ့တာလား။ တကယ့်ကို ရက်စက် လိုက်တာ။”
လေယူရာ တိမ်းတတ်ကြသော အရပ်ဘက်နှင့် စစ်ဘက် အရာရှိကြီးများက အိုယန်ရှန့် မိစ္ဆာလမ်းစဉ်ထဲ ရောက်နေသည်ကို မြင်သည်နှင့် စိမ်းပြာပြည်နယ် ဘေးဒုက္ခ၏ နောက်ကွယ်က လက်မည်းကြီးမှာ သူဖြစ်ကြောင်း သေချာသွားသဖြင့် ချက်ချင်းပင် ဝိုင်းဝန်း ပြစ်တင်ကြတော့သည်။
ဧကရီက လက်ကိုဝှေ့ယမ်းကာ ပြတ်သားစွာ ပြောလိုက်သည်။ “သူ့ကို ခေါ်သွားပြီး အသားတစ်ထောင်မွှန်းပြီး ကွပ်မျက်လိုက်။ လုံရှန်ဘုရင်ရဲ့ အသွေးအသားတွေနဲ့ စိမ်းပြာ ပြည်နယ်မှာ မတရားသေဆုံးခဲ့ရတဲ့ ဝိညာဉ်ပေါင်း တစ်သိန်းကို ပူဇော်လိုက်။ အမတ်မင်း မုန့် ဆက်ပြောပါ။”
ဤစကားကြောင့် ရောက်ရှိနေသူအားလုံး တုန်လှုပ်သွားကြသည်။
မုန့်ချင်ကျိုးက ပြုံးလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။ “ဧကရီက ငါ့ကို တကယ် နားလည်တာပဲ။”
“စောစောက ကျုပ်ကို သံသယဝင်ခဲ့တဲ့သူတွေ ရှေ့ကိုထွက်ပြီး တန်းစီလိုက်ကြပါ။ ကျုပ် တစ်ယောက်ချင်းစီကို သက်သေပြပေးမယ်...” မုန့်ချင်ကျိုးက နွေးထွေးသော အပြုံးဖြင့် ပြောလိုက်သည်။
လူအုပ်ကြီးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း အတော်ကြာအောင် မည်သူမျှ မလှုပ်ရဲကြပေ။
“ထွက်လာခဲ့ကြ...” တုန်းဖန်လျူလီက တည်ငြိမ်စွာ ပြောလိုက်လေ၏။
...