မုန့်ချင်ကျိုးကြောင့် နန်းရင်းဝန်ကြီး၏ စင်ကြယ်သော ဂုဏ်သတင်း ပျက်စီးခဲ့ရခြင်း
Vol. 1 Ch. 11
ရွှေပလ္လင်နန်းဆောင်အတွင်းရှိ အရာရှိများ ခေါင်းငုံ့ကာ တန်းစီနေကြပြီး ၎င်းတို့၏ လျှို့ဝှက်ချက်များကို မုန့်ချင်ကျိုး မြင်သွားမည်ကို စိုးရိမ်သဖြင့် မျက်လုံးများမှာ ဟိုကြည့် ဒီကြည့်နှင့် ဂယောက်ဂယက် ဖြစ်နေကြသည်။
အဓိက အကြောင်းအရင်းမှာ နန်းဆောင်အပြင်ဘက်မှ ထွက်ပေါ်လာသော သည်းထိတ်ရင်ဖို အော်ဟစ်သံများကြောင့်ပင်။
“အရှင်မ... ကျွန်တော်မျိုး မတရားခံနေရတာပါ။ မုန့်ချင်းက ကျွန်တော်မျိုးကို မဟုတ်မမှန် စွပ်စွဲနေတာပါ။ အရှင်မ သေသေချာချာ စုံစမ်းစစ်ဆေးပေးတော်မူပါ...”
တစ်ချိန်က မာနထောင်လွှားခဲ့သော လုံရှန်ဘုရင်သည် စစ်မေးခြင်း ခံရရုံမျှဖြင့် သူ၏ ဂုဏ်သိက္ခာအားလုံး မုန့်ချင်ကျိုး လက်ထဲတွင် ပျက်သုဉ်းသွားခဲ့ရသည်။ သူ၏ ဝိညာဉ် စွမ်းအားများကို ဧကရီက ချိတ်ပိတ်ထားပြီးဖြစ်ရာ ယခုအခါတွင် သူက ခွေးသေ တစ်ကောင်ကဲ့သို့ အသားတစ်ထောင်မွှန်း၍ ကွပ်မျက်ခြင်းကို ခံရတော့မည်ဖြစ်သည်။
အရာရှိများထဲတွင် ထိုင်ခုံအောက်၌ အပုပ်အစပ် မရှိသူ မည်သူ ရှိသနည်း။
အချို့မှာ ထိတ်လန့်နေကြသော်လည်း ဧကရီ၏ အရှိန်အဝါမှာ မြင့်မားလွန်းလှပြီး ကျင့်ကြံခြင်း အဆင့်မှာ လရောင်ထွန်းလင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ မည်သူမျှ မကန့်ကွက်ရဲကြပေ။
“ဒီမုန့်ချင်းက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို မြင်နိုင်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ ဧကရီကတော့ နန်းတွင်းကို သန့်စင်ဖို့အတွက် နဂါးသတ်ဓားတစ်လက်ကို ယူဆောင်လာခဲ့ပြီပဲ” ဝန်ကြီးတစ်ပါးက နောင်တကြီးစွာဖြင့် ရေရွတ်လိုက်သည်။
“ရှေ့ဆုံးက ထွက်တဲ့ငှက် အပစ်ခံရတယ်ဆိုတဲ့ စကားအတိုင်းပါပဲ။ ငါလည်း အသက်ကြီးမှ ဒီလောက်ရိုးရှင်းတဲ့ အမှန်တရားကို မေ့သွားရတယ်လို့...” အရာရှိ တစ်ဦးက မှုန်ရီနေသော မျက်ဝန်းများမှ မျက်ရည်များ ဝဲလျက် ပြောရှာသည်။
ရုပ်ရည်ချောမောသော လူငယ် အရပ်ဘက်အရာရှိ တစ်ဦးကမူ တည်ငြိမ်စွာဖြင့် ပြောသည်။ “အရမ်းလည်း စိတ်မပျက်ကြပါနဲ့ဦး။ ကောင်းကင်ဘုံ လျို့ဝှက်ချက်ကို မြင်နိုင်တဲ့သူဆိုတာ ဘယ်ရှိပါ့မလဲ။ ပြီးတော့ ကျုပ် ခုနကပဲ မုန့်ချင်းကို စစ်ဆေး ကြည့်လိုက်တာ။ သူ့မှာ ဝိညာဉ်စွမ်းအား လုံးဝ မရှိဘူး။ သာမန်လူတစ်ယောက်ပဲ...”
“ကျုပ်အမြင်အရတော့ ဧကရီက မုန့်ချင်းကို ရာထူးတိုးပေးချင်ပေမဲ့ နန်းတွင်းကို ဆွဲဆောင်ဖို့ ခိုင်လုံတဲ့အကြောင်းပြချက် မရှိလို့ လုံရှန်ဘုရင်ကို အသုံးချပြီး ဇာတ်တိုက် ပြနေတာပဲ ဖြစ်ရမယ်...”
“ဘာမှ စိုးရိမ်စရာမရှိဘူး...”
ဤစကားကို ကြားလိုက်ရသောအခါ တန်းစီစောင့်ဆိုင်းနေသူများ တိတ်တဆိတ် ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြသည်။
မှန်ပေသည်။ သူတို့ အလေးအနက် တွေးမိသွားခြင်းသာ ဖြစ်လိမ့်မည်။
အသက်လေးဆယ်ပင် မပြည့်သေးဘဲ မည်သည့် နေရာကမှန်းမသိ ပေါ်လာသော မုန့်ချင်းအတွက် ဓားစာခံဖြစ်သွားရသည့် လုံရှန်ဘုရင်အတွက်သာ နှမြောစရာပင်။
ထိုအချိန် ရုပ်ရည်ချောမောသော လူငယ်အရာရှိ၏ အလှည့်သို့ ရောက်လာသည်။
ထိုလူငယ်အရာရှိက ရှေ့မှ အေးစက်သော ချွေးများကို သုတ်ကာ သက်ပြင်းချရင်း ထွက်သွားကြသော (ဘာမှ အမှားအယွင်း အဖော်မထုတ်ခံရသည့်) အမတ်များကို ကြည့်လိုက်သည်။
၎င်းက လူငယ်အရာရှိ၏ ယုံကြည်မှုကို ပိုမိုမြင့်တက်စေကာ သူသည် ရဲရဲဝံ့ဝံ့နှင့် ရပ်လိုက်သည်။
“မင်းနာမည်က ဘယ်သူလဲ။” မုန့်ချင်ကျိုးက မေးသည်။
“လုပေချွမ်း ပါ..” လူငယ်အရာရှိက တည်ငြိမ်စွာ ဖြေသည်။
မုန့်ချင်ကျိုးက ခေါင်းညိတ်လိုက်ပြီး ပြောသည်။ “အင်း... လုပေချွမ်း။ လွန်ခဲ့တဲ့ ၃နှစ်က နန်းတွင်းစာမေးပွဲမှာ တတိယရခဲ့တဲ့သူ၊ စာမေးပွဲ မသမာမှုမှာ ပါဝင်ခဲ့တဲ့သူပေါ့။ သက်သေကတော့ မင်းအဖေက သူ့ပိုင်ဆိုင်မှုအားလုံးကို ရောင်းပြီး နတ်ဘုရားအဆင့် ဝိညာဉ်ဓားတစ်လက်ကို ဝယ်ခဲ့တယ်။ ပြီးတော့ အဲဒီအချိန်က စာစစ်မှူးချုပ်ကို လာဘ်ထိုးခဲ့တယ်။ ဒါပေမဲ့ မင်းမသိနိုင်တာက မင်းအဖေက စာစစ်မှူးချုပ်က ဘယ်သူပေးမှန်း မသိမှာစိုးလို့ အဲဒီနတ်ဘုရားအဆင့် ဝိညာဉ်ဓားရဲ့ လက်ကိုင်ပေါ်မှာ မင်းနာမည်ကို ထွင်းထုထားခဲ့တယ်လေ...”
လူငယ်အရာရှိ၏ ယုံကြည်မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး နှုတ်ခမ်းများ ဖြူလျော်သွားတော့သည်။
ဘာလားဟ။ ဒီလို လျို့ဝှက်ချက်မျိုးကို သူက ဘယ်လိုလုပ် သိနေရတာလဲ။
လူငယ်အရာရှိက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရပြီး၊ ခြေထောက်များမှာ ဆန်ခါချသလို တုန်ယင်နေကာ ကျောရိုးမှတစ်ဆင့် ဦးခေါင်းအထိ အေးစိမ့် သွားတော့သည်။
သူ့စိတ်ထဲတွင် စကားလုံးနှစ်လုံးသာ ပေါ်လာတော့သည်။ သွားပြီ...
“သေသေချာချာ စုံစမ်းစစ်ဆေးလိုက်။ အခြေအနေက အမှန်ဆိုရင် ထိုက်တန်တဲ့ အပြစ်ပေးမှုကို လုပ်လိုက်ပါ။” တုန်းဖန်လျူလီက အေးစက်စွာ ပြောလိုက်သည်။ သူက မုန့်ချင်ကျိုး၏ ဟောကိန်းကို အပြည့်အဝ ယုံကြည်နေပြီဖြစ်သည်။
အကယ်၍ အများသူငါကို ပြသရန် မလိုအပ်ပါက သူသည် မုန့်ချင်ကျိုး၏ ဘေးတွင် ဓားကြီးတစ်လက်နှင့် ရပ်နေချင်မိသည်။ သူ နာမည်ညွှန်ပြသမျှကို အကောင်အထည်ဖော် သတ်ဖြတ်ပစ်ရန်ပင်။
လူငယ်အရာရှိမှာ မြေပြင်ပေါ်သို့ ခွေကျသွားပြီး ရေရွတ်နေရှာသည်။ “မဖြစ်နိုင်ဘူး။ ငါက မိသားစုရဲ့ မျှော်လင့်ချက်ပဲ။ ငါ့မှာ ဘာပြဿနာမှ ရှိလို့မဖြစ်ဘူး...”
သို့သော် ကိုယ်ရံတော်များက စကားအရှည်မပြောဘဲ သူ့ကို ဝိညာဉ်စွမ်းအား ချုပ်နှောင်မှုများဖြင့် ခတ်ကာ အပြင်သို့ တရွတ်တိုက် ဆွဲထုတ်သွားတော့သည်။
မုန့်ချင်ကျိုးက သနားညှာတာမှုမရှိဘဲ နောက်ထပ် “ကံကောင်းသူ” တစ်ဦးကို ခေါ်လိုက်ပြန်သည်။
မှန်ပေသည်။ လူတိုင်း၏ နောက်ကြောင်းရာဇဝင်ဆိုးကို သူ ခန့်မှန်းနိုင်သည်တော့ မဟုတ်ပေ။
သူက ဝတ္ထုဇာတ်လမ်းကို ကျွမ်းကျင်မှုအပေါ် အခြေခံကာ ဇာတ်ပို့ဇာတ်ရံများ၏ အသေးစိတ် နောက်ခံများကို ပြန်လည်အမှတ်ရနေခြင်းသာ ဖြစ်သည်။
ဥပမာအားဖြင့် အသားတစ်ထောင်မွှန်း၍ ကွပ်မျက်ခံနေရသော လုံရှန်ဘုရင်မှာ ဝတ္ထုအလယ်ပိုင်းတွင် ရှုဘုရင် ကျောက်ယွီဟွမ်ထံ ဘက်ပြောင်းခိုလှုံကာ မိစ္ဆာလမ်းစဉ်၏ နာမည်ဆိုးကျော်ကြားသော သူရဲကောင်းတစ်ဦး ဖြစ်လာမည့်သူပင်။
မြေပြင်ပေါ်တွင် တုန်ယင်နေသော လူငယ်အရာရှိမှာလည်း အနာဂတ် မဟာကျင်း ပြည်ထောင်စု၏ အဓိက အကျင့်ပျက်ခြစားမည့် အရာရှိကြီးတစ်ဦး ဖြစ်လာရန် ကံပါလာသူ ဖြစ်သည်။
ဇာတ်လမ်းထဲတွင် မပါသော သာမန်ဇာတ်ကောင် အချို့အတွက်မူ မုန့်ချင်ကျိုး ကြားပင်မကြားဖူးပေ။
“မင်းလား။ ထားလိုက်တော့။ ကိစ္စမရှိဘူး။ နောက်တစ်ယောက်...” မုန့်ချင်ကျိုးက သဘောထားကြီးဟန်ဖြင့် လက်ဝှေ့ယမ်းကာ နာမည်မရှိသော အရာရှိငယ်လေး တစ်ဦးကို လွှတ်ပေးလိုက်သည်။
ဝတ္ထုထဲတွင် နာမည်ပင် မပါသော ထိုအရာရှိငယ်မှာ ကျေးဇူးတင်သော အကြည့်များဖြင့် ထွက်သွားတော့သည်။
လက်စားချေတာက လက်စားချေတာပဲ၊ အာဏာတည်ဆောက်တာက အာဏာ တည်ဆောက်တာပဲ။
သူက နန်းတွင်းတွင် ကျင်လည်နေရမည်ဖြစ်ရာ အရပ်ဘက်နှင့် စစ်ဘက်အရာရှိ အားလုံးကို ရန်သူတော်ကြီးများအဖြစ် သတ်မှတ်၍မရပေ။
ညှာတာသင့်သည့်နေရာတွင် ညှာတာရပေမည်။
“နန်းရင်းဝန် ကျန်းစန်းဟိုင်။”
ကျန်းစန်းဟိုင်၏ အလှည့်သို့ ရောက်သောအခါ မုန့်ချင်ကျိုး မျက်မှောင် ကြုတ်လိုက်မိသည်။ တစ်စုံတစ်ခု ထူးခြားနေသည်ကို သူ ခံစားလိုက်ရသည်။
သူက လျှပ်စစ်ကဲ့သို့ မြန်ဆန်သော လှုပ်ရှားမှုဖြင့် ကျန်းစန်းဟိုင်၏ မျက်နှာအိုကြီးကို လှမ်း၍ စမ်းသပ်လိုက်သည်။
ကျန်းစန်းဟိုင် - “...”
ဒီရင်းနှီးနေတဲ့ ခံစားချက်၊ ဒီပုံစံခွက်ကြီး...
မင်း ငါ့မျက်နှာကို ဘယ်လောက်တောင် ချစ်နေလို့လဲ။ ဘာလို့ တွေ့တိုင်း လာလာ ကိုင်နေရတာလဲ။
“မုန့်ချင်း၊ ဒါက လွန်သွားပြီနော်...”
ကျန်းစန်းဟိုင်က သူ့လက်ကို ဖယ်ထုတ်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မုန့်ချင်ကျိုးက ဇွဲနပဲနှင့် လိုက်နှောင့်ယှက်နေသဖြင့် ကျန်းစန်းဟိုင်မှာ မျက်နှာပျက်ကာ ဘာမှမတတ်နိုင်တော့ပေ။
တဖြည်းဖြည်းနှင့် မုန့်ချင်ကျိုး၏ အမူအရာမှာ လေးနက်တည်ကြည်လာသည်။
၎င်းကိုမြင်သော် လူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွားကြပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
နန်းရင်းဝန်ကြီးမှာလည်း နောက်ကြောင်းရာဇဝင်ဆိုးတွေ ရှိနေတာလား။
အမြဲတမ်း ပျင်းရိနေတတ်သော တုန်းဖန်လျူလီပင် ခါးကိုမတ်ကာ ရင်တထိတ်ထိတ်ဖြင့် ထိုင်ကြည့်နေမိသည်။
ကျန်းစန်းဟိုင်က မဟာကျင်းပြည်ထောင်စု၏ အဓိက ထောက်တိုင်ကြီးများထဲမှ တစ်ဦးဖြစ်သည်။ အကယ်၍ သူ့တွင် ကြီးလေးသော ပြဿနာရှိနေပါက တိုင်းပြည် ပျက်သုဉ်းတော့မည်ဟု ဆိုလိုရာရောက်ပြီး ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ဆိုသည်မှာ ဝေးရော၊ စောစောစီးစီး အိပ်ရာဝင်ရန်သာ ပြင်ရတော့မည်။
“ငါ့မှာ... ပြဿနာရှိလို့လား။” ကျန်းစန်းဟိုင် ယုံကြည်မှုများ ပျောက်ဆုံးသွားကာ အတိတ်ကို အပြင်းအထန် ပြန်လည်စဉ်းစားနေတော့သည်။
မုန့်ချင်ကျိုး၏ ပညာရှိ အဆင့်အတန်းမှာ ငြင်းခုံနေရဆဲ ဖြစ်သော်လည်း ကျန်းစန်းဟိုင် အနေဖြင့် အလေးအနက်ထားရန် လိုအပ်နေပြီဖြစ်သည်။
သို့သော် အကြာကြီး စဉ်းစားပြီးနောက် ကျန်းစန်းဟိုင်မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားသည်။
အိပ်ပျော်နေရင်း ရှက်စရာကောင်းတာတစ်ခုခု လုပ်မိခဲ့လို့လား။
မုန့်ချင်ကျိုးက လေးနက်စွာ ပြောလိုက်သည်။ “နန်းရင်းဝန်၊ ခင်ဗျားမှာ ကွဲကွာနေတဲ့ အမွှာညီအစ်ကိုတစ်ယောက် ရှိလား...”
အရာရှိများ - “...”
ဧကရီ - “...”
ကျန်းစန်းဟိုင် - “...”
“ဘာကို ပြောတာလဲ။” ကျန်းစန်းဟိုင်က ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။
မုန့်ချင်ကျိုးက လေးလေးနက်နက် ပြောသည်။ “အမှန်အတိုင်း ပြောရရင် ကျွန်တော့် ဇာတိရွာမှာ ကျန်းတဟိုင်လို့ခေါ်တဲ့ ရွာသူကြီးတစ်ယောက် ရှိတယ်။ သူ့ရဲ့ မွေးသက္ကရာဇ်နဲ့ ကံကြမ္မာက ခင်ဗားနဲ့ အတော်လေးကို တူနေတာ...”
“မဟုတ်ဘူး... တူရုံတင်မကဘူး။ ခင်ဗျားတို့က တစ်ယောက်တည်း ဖြစ်နေသလိုပဲ။ သူက ခင်ဗျားရဲ့ ကွဲကွာနေတဲ့ အမွှာညီအစ်ကို ဖြစ်မယ်လို့ ကျွန်တော် သံသယရှိတယ်။ ခင်ဗျား ဘယ်လိုထင်လဲ။”
ကျန်းစန်းဟိုင် အသက်ရှူမှားမတတ် ဖြစ်သွားကာ ပြင်းပြင်းထန်ထန် ချောင်းဆိုး လိုက်တော့သည်။
ဘုရားရေ... မင်းပြောနေတာ ဒါကိုး။ တူမှာပေါ့။ ငါက ရွာသူကြီး ကျန်းတဟိုင်လို သရုပ်ဆောင်နေတာကိုး... မင်းက ငါ့ရဲ့ ကံကြမ္မာကို နှစ်ခါတောင် ဟောပြီးပြီလေ...
ကျန်းစန်းဟိုင် စိတ်တိုနေသော်လည်း အတင်းအကြပ် လိမ်ညာပြောလိုက်ရသည်။ “အဲဒါ... အဲဒါ အမှန်ပဲ။ မင်းပြောတဲ့ ကျန်းတဟိုင်က ငါ့ရဲ့ အစ်ကိုကြီးပဲ။ ငါတို့ ပြန်ဆုံပြီးပြီ ဆိုတော့ မင်း စိတ်ပူစရာမလိုတော့ပါဘူး။ မုန့်ချင်း။”
ဤစကားကို ကြားသောအခါ မုန့်ချင်ကျိုးသည် နှာခေါင်းကို ပွတ်ရင်း တိတ်တဆိတ် အံ့သြသွားသည်။
တကယ်ပဲ အမွှာညီအစ်ကို ရှိတာလား။ ဝတ္ထုထဲမှာ ဘာလို့ ဒါတွေ မပါရတာလဲ။ စာရေးဆရာကတော့ ပျင်းလို့ ချန်ထားခဲ့တာ နေမှာ...
ကျန်းစန်းဟိုင်၏ နာကျည်းမှုများမှာ လျှံထွက်မတတ် ဖြစ်နေကာ ဧကရီကို တိတ်တဆိတ် လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းများက ပြောနေသည်မှာ “အရှင်မ... ကြည့်ပါဦး၊ အရှင်မ ဘာတွေ လုပ်ထားလဲဆိုတာ...” ဟူ၍ပင်။
ကျွန်တော်မျိုး ငယ်ငယ်ကတည်းက တစ်ခါမှ မလိမ်ဖူးဘူး။ အခု မြေကြီးထဲ ခြေတစ်ဖက် ဝင်ခါနီးမှ အတင်းအကြပ် လိမ်ခိုင်းခံရတာလား။ ဒါကြီးက ရယ်စရာ မကောင်းဘူးလား။
တုန်းဖန်လျူလီလည်း ရှားရှားပါးပါး အပြစ်ရှိသလို ခံစားရသော အမူအရာဖြင့် သူ၏ နဖူးကို ကုပ်လိုက်ပြီး ကျန်းစန်းဟိုင်၏ အကြည့်ကို ရှောင်လွှဲနေတော့သည်။
နန်းရင်းဝန်တွင် အမွှာညီအစ်ကို ရှိကြောင်းကို ကြားလိုက်ရသဖြင့် အရာရှိများမှာ နန်းရင်းဝန်ကြီး၏ အစ်ကိုကြီး ကျန်းတဟိုင်ကို ရှာဖွေပြီး ဖားကြရန် တီးတိုး၍ တိုင်ပင်နေကြတော့သည်။
ကျန်းစန်းဟိုင် မျက်လုံးများကို မှိတ်လိုက်ကာ မျက်ရည်ကျလုနီးပါး ဖြစ်သွား၏။
ငါ့ရဲ့ ဂုဏ်သတင်းတော့ ပျက်စီးသွားပြီ...
....