ဧကရီ - မင်းရဲ့ဇနီးက လှလား...
Vol. 1 Ch. 12
အဂတိလိုက်စားမှုနှင့် ရာဇဝတ်မှုနှိမ်နင်းရေး စစ်ဆင်ရေးက နံနက်အစောပိုင်း အချိန်အထိ ဆက်လက်ဖြစ်ပွားနေခဲ့သည်။
လုံရှန်ဘုရင်နှင့် လူငယ်အရပ်ဘက်အရာရှိအား ဖမ်းဆီးပြီးနောက် ခွင့်လွှတ်၍ မရနိုင်သော လူဆိုးများ ဖြစ်သည့် အဆင့်၅ အရာရှိ နှစ်ဦးကိုလည်း ထပ်မံ၍ ဖမ်းဆီးနိုင်ခဲ့သည်။ အခြားသူများမှာမူ မုန့်ချင်ကျိုးက သူတို့အပေါ် ကရုဏာသက်၍ ချန်လှပ်ထားပေးခဲ့သည်ဟု ယုံကြည်ကာ ကျေးဇူးတင်ရှိနေကြ၏။ မုန့်ချင်ကျိုးမှာမူ ထိုအရေးမပါသူများကို သိပင်မသိသည်ကို သူတို့ လုံးဝမရိပ်မိကြပေ။
အဆင့်၅နှင့်အထက် အရာရှိကြီးများကို ရှင်းလင်းခြင်း ပြီးဆုံးသွားသည့်အခါ မုန့်ချင်ကျိုးအား ဒုတိယ ယဉ်ကျေးမှုဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်းအပေါ် မည်သူမျှ မေးခွန်းထုတ်ရန် မဝံ့ရဲကြတော့ပေ။
“ညီလာခံ ရုပ်သိမ်းစေ...”
ဧကရီက ဝတ်ရုံစကို ဝှေ့ယမ်းကာ ကျော့ရှင်းစွာ ထရပ်လျက် ထွက်ခွာသွားသည်။ နန်းတွင်းအရာရှိများမှာ ဦးညွှတ်ကာ ရွှေပုလ္လင်ခန်းမအတွင်းမှ ဆုတ်ခွာခဲ့ကြ၏။
“ရာထူးတိုးသွားလို့ ဂုဏ်ယူပါတယ်။ ဝန်ကြီးမုန့်။ နောင်လည်း ကျွန်တော်တို့ကို ကူညီစောင့်ရှောက်ပေးပါဦး...”
“ဝန်ကြီးမုန့်... သတိထားလျှောက်နော်။ လှေကားထစ်တွေက မြင့်တယ်..”
“ဝန်ကြီး... ကျွန်တော်နဲ့အတူ အရက်သောက်ဖို့ ကြွပါဦးမလား။ မကြာသေးခင်ကမှ မုန့်ဆိုတဲ့ မျိုးရိုးနာမည်တူတဲ့ အချောအလှလေးတစ်ယောက်ကို တွေ့ထားလို့ပါ။ ခင်ဗျားတို့က ကွဲကွာနေတဲ့ မောင်နှမတွေ ဖြစ်နေမလားလို့လေ။ အိမ်ကို ခေါ်သွားပြီး မေးကြည့်ပါဦးလား။”
“ဟား... ဝန်ကြီးမုန့်က အလှအပနောက် လိုက်မယ့်သူ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အိမ်မှာ နံနက်ခင်းအလင်းနယ်ပယ်က အထွတ်အထိပ်ပုဂ္ဂိုလ်ကြီးတစ်ဦး ချန်ထားခဲ့တယ်လို့ ဆိုကြတဲ့ ရှေးဟောင်းရတနာတစ်ခု ရှိပါတယ်။ ကြည့်ဖို့ စိတ်ဝင်စားလား။”
....
တစ်လမ်းလုံးတွင် လူအများအပြားက မုန့်ချင်ကျိုးအား မျက်နှာချိုသွေးရန် ရှက်ရွံ့ခြင်းမရှိ ကြိုးစားနေကြပြီး အချို့မှာမူ သူ၏ ဖိနပ်ကိုပင် လျက်ပေးချင်နေကြသည့် အလား ဖြစ်နေသည်။
“ခင်ဗျားတို့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဇနီးက အိမ်မှာ စောင့်နေလို့ပါ။ ကျွန်တော့်ကို သွားခွင့်ပြုပါဦး။”
မုန့်ချင်ကျိုးက လက်နှစ်ဖက်ကို အလျင်အမြန် ယှက်ကာ နှုတ်ဆက်လိုက်ပြီးနောက် ထွက်ပြေးရန် ပြင်လိုက်သည်။ ထိုစဉ် ကြယ်နှင့်လမင်းကို အရိပ်တစ်ခုက ကွယ်လိုက်သဖြင့် လူတိုင်း ရုတ်တရက် မှောင်မည်းသွားသလို ခံစားလိုက်ရ၏။ ဧကရီ၏ စီးတော်ယာဉ်မှာ ကောင်းကင်ယံမှ ဆင်းသက်လာကာ သူတို့၏အထက်တွင် ဝဲပျံနေသည်။
ဧကရီက ဆံနွယ်များကို သေသပ်လှပစွာ ထုံးဖွဲ့ထားပြီး လက်နှစ်ဖက်ကို အရှေ့တွင် စုလျက် လေထဲတွင် ရပ်နေသည်။ သူက မုန့်ချင်ကျိုးကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
“မုန့်ချင်ကျိုး... မင်း မြို့တော်မှာ နေစရာအိမ် မရှိသေးဘူးမလား။ ငါနဲ့အတူ နန်းတော်ကို လိုက်ခဲ့ပြီး ခဏလောက် နေပါလား။”
ဧကရီက ယနေ့ မုန့်ချင်ကျိုး၏ လုပ်ဆောင်ချက်များကို အလွန်ပင် သဘောကျနေခဲ့သည်။ ပညာရှိ၏ ဟောကိန်းကို ထိုကဲ့သို့ အသုံးချလိမ့်မည်ဟု သူကိုယ်တိုင်ပင် မမျှော်လင့်ထားခဲ့ရာ တကယ့်ကို အမြင်ကျယ်သွားစေခဲ့သည်။ စိတ်အခြေအနေ အလွန်ကောင်းနေသဖြင့် ဧကရီက နောက်ဆုံးတစ်ကြိမ်အဖြစ် သူ၏ စိတ်ကူးအတိုင်း လုပ်ရန် ဆုံးဖြတ်လိုက်၏။ မုန့်ချင်ကျိုးအား နန်းတော်သို့ ပြန်လည်၍ ခေါ်သွားရန်ပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူက ဧကရီ၏ ကြင်ရာတော်ဖြစ်ရာ ဧကရီ၏ အိပ်ဆောင်တွင် နေထိုင်ခြင်းမှာ ကျိုးကြောင်းဆီလျော်သလို မည်သည့် ကျင့်ဝတ်ကိုလည်း ဖောက်ဖျက်ရာ မရောက်ပေ။
“အဲ... ဒါက မသင့်တော်ဘူး ထင်ပါတယ်။”
မုန့်ချင်ကျိုးက စိတ်မသက်မသာဖြင့် ပြောလိုက်သည်။
“ဘာက မသင့်တော်တာလဲ။ မဟာကျင်းမှာ ငါ့အကြောင်းကို အတင်းပြောရဲတဲ့သူ တစ်ယောက်မှ မရှိဘူး။”
တုန်းဖန်လျူလီက တည်ငြိမ်စွာ ဆိုသည်။ မုန့်ချင်ကျိုးမှာ ပြောစရာ စကားမဲ့ သွားသော်လည်း စိတ်ရှည်စွာဖြင့်ပင် ပြန်လည်ဖြေကြားလိုက်၏။
“ကျွန်တော့်ဇနီးက အိမ်မှာ စောင့်နေတာပါ။ ကျွန်တော် နောက်ကျရင် သူ စိတ်ပူနေလိမ့်မယ်။”
ကျားရေခြုံကာ လှည့်စားခြင်းပင်။ သူသာ ဘာမှ မပြောလျှင် တုန်းဖန်လျူလီနှင့် သူက လင်မယားအတုများ ဖြစ်ကြောင်း မည်သူ သိနိုင်ပါမည်နည်း။
“ဒါဆိုလည်း ကောင်းပြီလေ...”
တုန်းဖန်လျူလီက “ဇနီး”ဆိုသည့် စကားလုံးကို အချိန်အတော်ကြာ စဉ်းစားနေမိပြီး ရင်ထဲ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ နီရဲသော နှုတ်ခမ်းလွှာတို့ အနည်းငယ် ကွေးညွတ်သွား၏။
“ငါ သိချင်လို့ပါ။ မင်းက မင်းရဲ့ဇနီးကို သိပ်ချစ်တာလား...”
မုန့်ချင်ကျိုးမှာ ကူကယ်ရာမဲ့သွား၏။
ဝတ္ထုထဲက အေးစက်ခက်ထန်တဲ့ ရှေးဟောင်းဧကရာဇ်တွေနဲ့ မတူဘဲ ဒီဧကရီက ဘာလို့ ဒီလောက် စကားများနေရတာလဲ။
“အဲဒီလိုပါပဲ...”
မုန့်ချင်ကျိုးက ဝေဝေဝါးဝါးပင် ပြောလိုက်သည်။
“ထပ်ပြောပါဦး။”
တုန်းဖန်လျူလီက ထပ်မံ မေးမြန်းလိုက်၏။
တောက်... ဒီမိန်းမ တစ်ခုခု ဖြစ်နေတာလား။
“တကယ်တော့ ဒါက သိပ်အရေးမကြီးပါဘူး။ မျက်မမြင်တစ်ယောက်အတွက် အလှအပဆိုတာ အဓိပ္ပာယ်မရှိဘူးလေ။ တကယ်လို့ တစ်ခုခု ပြောရမယ်ဆိုရင်တော့...”
မုန့်ချင်ကျိုးက အရင်ဘဝမှ ရင်ခုန်စရာ စကားအချို့ကို ပြန်လည်အမှတ်ရလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။
“ဒီကျယ်ပြောတဲ့ လောကကြီးမှာ ကျုပ် ချစ်မြတ်နိုးတာ သုံးခုပဲ ရှိတယ်။ နေမင်းရယ်၊ လမင်းရယ်၊ မင်းရယ်ပဲ။ နေမင်းကို နံနက်ခင်းအတွက် ချစ်တယ်၊ လမင်းကို ညနေခင်းအတွက် ချစ်တယ်၊ မင်းကိုတော့ နံနက်ခင်းရော ညနေခင်းအတွက်ပါ ချစ်တယ်။”
ဧကရီ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး ဇာမဏီမျက်ဝန်းများမှာ ကျယ်လာလျက် မေးလိုက်သည်။
“ထပ်ရှိသေးလား...”
မုန့်ချင်ကျိုးက မေးကို အနည်းငယ် မော့လိုက်ရာ လရောင်က သူ၏ ထင်ရှားသော မျက်နှာသွင်ပြင်ထက်သို့ ကျရောက်သွားပြီး သူ၏ အသံမှာလည်း နက်ရှိုင်းသွားသည်။
“မနက်ခင်းမှာ ကောင်းကင်ယံကို ကြည့်တယ်။ ညနေခင်းမှာတော့ တိမ်တိုက်ကို ကြည့်တယ်။ လျှောက်လှမ်းနေချိန်ဖြစ်ဖြစ်၊ ထိုင်နေချိန်ဖြစ်ဖြစ်... ငါကတော့ မင်းကိုပဲ သတိရနေမိတယ်...”
“ဆက်ပြောပါဦး...”
“ပထမဆုံး တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ငါ ပျော်ရွှင်သွားခဲ့ရတယ်၊ အချိန်တွေ အကြာကြီး ကုန်လွန်သွားခဲ့ရင်တောင် ငါ့ရဲ့ နှလုံးသားက ခုန်နေဆဲပဲ...”
တုန်းဖန်လျူလီ၏ နီရဲသော နှုတ်ခမ်းလွှာများမှာ အနည်းငယ် ဟသွားသည်။ ခဏ ကြာပြီးနောက် သူ ချောင်းတစ်ချက် ဟန့်လိုက်ပြီး အလျင်စလိုပင် လက်ကို ဝှေ့ယမ်းကာ ဆိုလိုက်သည်။
“နားလည်ပြီ။ သွားလို့ရပြီ...”
ထိုသို့ ပြောပြီးနောက် တုန်းဖန်လျူလီ၏ စီးတော်ယာဉ်မှာ ထွက်ပြေးသွားသည့် အလား ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ ပတ်ဝန်းကျင်ရှိ လူများမှာမူ မုန့်ချင်ကျိုးအား ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြပြီး အားလုံးမှာ တိတ်ဆိတ်နေကြ၏။
“နှလုံးသားကို တိုက်ရိုက် ထိမှန်စေတဲ့ ရိုးရှင်းတဲ့ စကားလုံးတွေပါပဲ။ တန်ဆာ ဆင်ထားတဲ့ စကားလုံးတွေ မပါပေမဲ့ သာမန်ဘဝလေးလိုပဲ စစ်မှန်တဲ့ ခံစားချက်တွေ ပြည့်နှက်နေတယ်။ ဝန်ကြီးမုန့်... ခင်ဗျားက တကယ့်ကို ပါရမီရှင်ပဲ။”
တစ်ချိန်က နန်းတွင်းစာမေးပွဲတွင် ပထမရခဲ့ဖူးသော အရာရှိတစ်ဦးက လက်မထောင်၍ ချီးကျူးလိုက်သည်။ အလှလေးတစ်ယောက်နှင့် လာဘ်ထိုးရန် ကြံစည်ခဲ့သည့် အရာရှိမှာလည်း တစ်ခုခုကို ချက်ချင်း သဘောပေါက်သွားကာ ပြောလိုက်သည်။
“စောစောက ကျွန်တော် တဇွတ်ထိုး လုပ်မိသွားတယ်။ ဝန်ကြီးမုန့်နဲ့ ဇနီးသည်တို့က ဒီလောက်အထိ စစ်မှန်တဲ့ သံယောဇဉ် ရှိနေကြလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ နောက်တစ်နေ့မှာ တောင်းပန်တဲ့အနေနဲ့ ထမင်းဖိတ်ကျွေးပါရစေဦး။”
မုန့်ချင်ကျိုးသည် သူ၏ နဖူးကို လက်ဖြင့် ရိုက်လိုက်မိသည်။ ခေတ်သစ်ကမ္ဘာ၏ ရင်ခုန်စရာ စကားလုံးများမှာ ဤကမ္ဘာအတွက် အလွန်ပင် မြင့်မားလွန်းနေသည်ကို သူ သတိထားလိုက်မိ၏။
“သွားလိုက်ပါဦးမယ်... သွားလိုက်ပါဦးမယ်...”
မုန့်ချင်ကျိုးသည် ခေါင်းကိုက်သလို ခံစားလိုက်ရပြီး အမြန်ပင် ထွက်ခွာသွားသည်။ နန်းတော်အတွင်းမှ သူ ထွက်လာသည့်အခါ ညဉ့်မှာ အတော်ပင် နက်နေပြီ ဖြစ်သည်။ လမ်းမများမှာ လူသူကင်းမဲ့နေပြီး နားခိုရန်နေရာရှာဖွေရန် ခက်ခဲလှ၏။ မုန့်ချင်ကျိုးသည် ဘဝ၏ အခက်အခဲများကို ခံစားရင်း သက်ပြင်းအရှည်ကြီး ချလိုက်ကာ နောက် တစ်နေ့မှသာ နေစရာ ရှာတော့မည်ဟု ဆုံးဖြတ်လျက် ယနေ့ညအတွက် ဟောင်းနွမ်းနေသော ဘုရားကျောင်းတစ်ခုခုတွင် အိပ်စက်ရန်သာ ကြံစည်လိုက်သည်။
ရုတ်တရက် လေပြေနှင့်အတူ ရင်းနှီးနေသော ရနံ့တစ်ခု လွင့်ပျံ့လာသည်။ နန်းတော်တံခါးအပြင်ဘက်တွင် တုန်းဖန်လျူလီသည် ရိုးရှင်းသော အဝတ်အစားများကို လဲလှယ်ထားပြီး ဓားကို ရင်ခွင်ပိုက်လျက် နံရံကို မှီကာ မုန့်ချင်ကျိုးကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ ဖြူစင်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် စုချင်ချိုးမှာလည်း တုန်းဖန်လျူလီ၏ အနောက်မှ ချောင်းကြည့်နေ၏။
စောစောက စုချင်ချိုးသည် စီးတော်ယာဉ်အတွင်း၌ ပုန်းကွယ်နေခဲ့သဖြင့် မုန့်ချင်ကျိုးက တုန်းဖန်လျူလီအား ရင်ဖွင့်ခဲ့သည်များကို အတိုင်းသား ကြားခဲ့ရသည်။ အပြစ်ကင်းစင်သော စုချင်ချိုးမှာ ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးသဖြင့် သူ၏ ဦးနှောက်မှာ ဝေဝေဝါးဝါး ဖြစ်နေဆဲပင်။ မုန့်ချင်ကျိုး၏ စကားသံများက သူ၏ နားထဲတွင် ပဲ့တင်ထပ်နေ၏။
“ပထမဆုံး တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ငါ ပျော်ရွှင်သွားခဲ့ရတယ်၊ အချိန်တွေ အကြာကြီး ကုန်လွန်သွားခဲ့ရင်တောင် ငါ့ရဲ့ နှလုံးသားက ခုန်နေဆဲပဲ...”
“ဒီကျယ်ပြောတဲ့ လောကကြီးမှာ ကျွန်တော် ချစ်မြတ်နိုးတာ သုံးခုပဲ ရှိတယ်။ နေမင်းရယ်၊ လမင်းရယ်၊ မင်းရယ်ပဲ။ နေမင်းကို နံနက်ခင်းအတွက် ချစ်တယ်၊ လမင်းကို ညနေခင်းအတွက် ချစ်တယ်၊ မင်းကိုတော့ နံနက်ခင်းရော ညနေခင်းအတွက်ပါ ချစ်တယ်။”
ရိုးရှင်းသော်လည်း ရင်ထဲသို့ အလွန်ပင် တိုးဝင်လှသည်။
“ဟင်... မင်းတို့ ဒီမှာ ဘာလုပ်နေတာလဲ...”
မုန့်ချင်ကျိုးက အံ့အားသင့်စွာ မေးလိုက်သည်။
“ရှင့်ကို စောင့်နေတာ...”
တုန်းဖန်လျူလီ၏ ပါးပြင်တို့မှာ အနည်းငယ် နီမြန်းနေပြီး သူ၏ အသံမှာမူ တည်ငြိမ်နေသည်။ တုန်းဖန်လျူလီသည် မြို့တော်တွင် ရှိနေမည်ဖြစ်ပြီး ခဏအတွင်း ပြန်ဦးမည် မဟုတ်ကြောင်း စုချင်ချိုး ပြောဖူးသည်ကို မုန့်ချင်ကျိုး သတိရလိုက်၏။ သူသည် သတင်းရရချင်း ဤနေရာတွင် ရည်ရွယ်ချက်ရှိရှိ စောင့်နေပုံရသည်။
“အိမ်ပြန်ရအောင်...”
တုန်းဖန်လျူလီသည် လှည့်ထွက်သွားပြီး အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။ သို့သော် သူ မုန့်ချင်ကျိုးအတွက် ခြေလှမ်းများကို ရည်ရွယ်ချက်ရှိရှိ နှေးပေးထားသည်ကို သူ သတိထားမိလိုက်၏။ အတားအဆီးများ မည်သည့်နေရာတွင် ရှိပြီး မည်သည့်နေရာက လမ်းရှင်းသည်ကို သိနိုင်ရန် ခြေသံပင် ကျယ်ကျယ်မြည်အောင် လျှောက်ပေးနေခြင်းပင်။
“ဒါနဲ့... ငါ မင်းတို့အိမ်ကို ရောက်လာတာတောင် မိဘတွေကို မတွေ့ရသေးဘူး။ ငါ သူတို့ဆီ သွားနှုတ်ဆက်သင့်တာ မဟုတ်ဘူးလား...”
မုန့်ချင်ကျိုးက စကားလမ်းကြောင်းရှာ၍ မေးလိုက်သည်။
“မိဘတွေ မရှိတော့ဘူး။ တုန်းဖန်မိသားစုမှာ ဦးလေးတစ်ယောက်ပဲ ရှိတယ်”
တုန်းဖန်လျူလီက ဆိုသည်။ မုန့်ချင်ကျိုး တိတ်ဆိတ်သွား၏။ အမှန်ပင်... သူက မိန်းမမြူဖို့ မတော်ဘဲ ရင်ခုန်စရာ စကားလုံးများကိုသာ ပြောတတ်ခြင်း ဖြစ်မည်။
ဆယ်မိနစ်ခန့် လျှောက်လှမ်းပြီးနောက် “ချင်း”ဟု ရေးထိုးထားသော ဆိုင်းဘုတ် ရှိသည့် သာမန်ခြံဝင်းတစ်ခုသို့ သူတို့ ရောက်ရှိလာကြသည်။ မြေနေရာ အလွန်ရှားပါးသော မြို့တော်တွင် ဤကဲ့သို့ ခြံဝင်းတစ်ခု ပိုင်ဆိုင်ထားခြင်းမှာ သာမန်ကိစ္စ မဟုတ်ရာ တုန်းဖန်မိသားစု၏ အင်အားကို ပြသနေခြင်းပင်။ ဤခြံဝင်းသည် သာမန်ခြံဝင်းတစ်ခု မဟုတ်ဘဲ မဟာကျင်း တော်ဝင်မိသားစု၏ ဘိုးဘေးရိပ်သာ ဖြစ်သည်ကိုမူ သူ မသိပေ။ နန်းတော်ထက်ပင် ပို၍ အရေးပါသော အဆောက်အအုံပင်။
သူ့မျက်နှာထက်ပင် ပို၍ ဗလာဖြစ်နေသော အိတ်ကပ်များရှိသည့် မုန့်ချင်ကျိုးမှာမူ သဘာဝအတိုင်းပင် အံ့သြနေမိသည်။
“ဝု... ဝု... ဝု...”
ခြံထဲရှိ ခွေးတစ်ကောင်မှာ ပြေးထွက်လာပြီး မုန့်ချင်ကျိုးအား မနားတမ်း ဟောင်နေတော့သည်။
“ထွက်သွားစမ်း”
မုန့်ချင်ကျိုးက အားမနာတမ်းပင် ပြောဆိုလိုက်ပြီး နေရာမသိသော ထိုခွေးကို ကန်ထုတ်လိုက်သည်။ အိမ်ရှင်ယောက်ျား ပြန်လာတာကို မမြင်ဘူးလား။ တကယ့်ကို အသိဉာဏ် မရှိသည့် ခွေးပင်။
စုချင်ချိုးက နှုတ်ခမ်းကို ဖိကိုက်ထားပြီး ကန်ခံလိုက်ရသော အစောင့်အရှောက် သားရဲကို တစ်ချက်ကြည့်ကာ အကြည့်ကို အမြန်ပင် လွှဲလိုက်သည်။ မဟာကျင်း၏ အစောင့်အရှောက်သားရဲသည် မြေပြင်ပေါ်တွင် နှစ်ပတ်ခန့် လိမ့်သွားပြီးမှ တစ်ခုခု မှားနေသည်ကို သတိထားမိလိုက်၏။
ငါက အစောင့်အရှောက်သားရဲပါဟ။ ဒီမျက်မမြင်က ငါ့ကို ခွေးတစ်ကောင်လို ဆက်ဆံရဲတယ်ပေါ့။
“ဝေါင်း....”
ခွေးဝါကြီးက သွားများကို ဖြဲပြလျက် ကြမ်းကြုတ်သော ပုံစံဖြင့် ဟိန်းဟောက် လိုက်သည်။
“ဟမ်...”
မုန့်ချင်ကျိုးသည် အနည်းငယ် လှည့်လိုက်ပြီး အမည်မသိ အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။ သူက စမ်းသပ်ရန်အတွက် အချိန်နေရာလွတ် ဓားအသိ စွမ်းအား အနည်းငယ်ကို ထုတ်လွှတ်လိုက်၏။
ခွေးဝါကြီး၏ အမွှေးများမှာ ထောင်ထသွားပြီး သူ၏ မျက်စိသူငယ်အိမ်များမှာလည်း ကျယ်လာသည်။ သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ အထွတ်အထိပ် ဓားအသိပါလား။
ဒီမျက်မမြင်က... ဓားသူတော်စင် ဖြစ်နေတာပဲ။
...