← Chapters

လင်းထျန်းလုံအံအားသင့်သွားရခြင်း၊ စိတ်ချင်းဆက်သွယ်မှု စွမ်းရည်

Vol. 5 Ch. 42

လင်းထျန်းလုံအံအားသင့်သွားရခြင်း၊ စိတ်ချင်းဆက်သွယ်မှု စွမ်းရည်

Vol. 5 Ch. 42

သစ်ပင်အိမ်အတွင်းတွင် လင်းထျန်းလုံသည် တစ်ကိုယ်လုံး တောင့်တင်းနေလျက် သူ့ပခုံးပေါ်ရှိ ကလေးငယ်နှစ်ဦးကို မျက်လုံးထောင့်မှ ခိုးကြည့်နေသည်။ သူတို့၏ နွေးထွေးသော အသက်ရှူသံများနှင့် သေးငယ်သော လက်ကလေးများက သူ၏ အမွေးအမျှင်များအား ဖွဖွလေး ဆုပ်ကိုင်ထားသည်ကို ခံစားနေရသည်။

“ဒါ တကယ်ပဲလား... ငါအိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်...”

သူ၏ရင်ထဲတွင် မယုံနိုင်လောက်အောင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ “မနေ့ကမှ တွားသွားပြီး ဗလုံးဗထွေးပြောနေရုံပဲ ရှိသေးတာ... ဘယ်လိုလုပ် တစ်ညတည်းနဲ့ ပြေးလွှားနိုင်ပြီး စာကြောင်းလိုက်တောင် ပြောတတ်သွားရတာလဲ... ဒီကြီးထွားနှုန်းက သဘာဝတရားကြီးကို လွန်ဆန်လွန်းနေပြီ”

“ဖြစ်နိုင်တာက... ပိုင်လင်ရဲ့ ဝိညာဉ်နို့ရည်က အရမ်းအစွမ်းထက်လို့လား... ဒါမှမဟုတ် ခုနက ဝိညာဉ်ကျောက်တုံးနှစ်တုံးကြောင့်လား...”

သူသည် ဤမယုံနိုင်စရာပြောင်းလဲမှုကို ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာသော ကမ္ဘာကြီး၏ ထူးခြားမှုနှင့် သမီးတော်လေးများ၏ ပါရမီကြောင့်ဟုသာ သတ်မှတ်လိုက်သည်။ ကျိုးကြောင်းဆီလျော်သော အဖြေတစ်ခု ရှာတွေ့ပြီးနောက် သူ၏စိတ်ထဲတွင် တည်ငြိမ်သွားပြီး ဖခင်တစ်ဦး၏ ဝမ်းမြောက်မှုနှင့် ဂုဏ်ယူမှုများ အစားထိုးဝင်ရောက်လာတော့သည်။

“ငါ့သမီးလေးတွေက တကယ့်ကို ဉာဏ်ကောင်းတာပဲ၊ ကြီးထွားလာတာကလည်း မြန်လိုက်တာ” သူပျော်ရွှင်နေသော်လည်း ကြွက်သားများ တင်းမာနေဆဲ ဖြစ်သည်။ သူ၏ အဖိုးတန်သမီးလေးများ ပြုတ်ကျသွားမည်စိုးသဖြင့် လှုပ်ရှားမှုများကို တတ်နိုင်သမျှ ညင်သာအောင် ထိန်းထားရသည်။

သမီးလေးများ၏ ချစ်စနိုးပွတ်သပ်မှုနှင့် “ကျေးဇူးတင်ပါတယ် ဖေဖေ” ဟူသော ရှင်းလင်းပြတ်သားသည့် အသံနှစ်သံကို ကြားလိုက်ရတုန်းက လင်းထျန်းလုံ၏ နှလုံးသား အရည်ပျော်ကျသွားခဲ့ရသည်။

သူတို့ကို မွေးစားရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဝံပုလွေဘဝတစ်လျှောက်လုံးတွင် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု ခံစားလိုက်ရသည်။

သူသည် ပါးစပ်ကို အနည်းငယ်ဟကာ ကြင်နာသောအပြုံးတစ်ခုကို မသိမသာ ထုတ်ဖော်လိုက်သည်။

ရှောင်လန်နှင့်ရှောင်ယင်းသည် ဝံပုလွေဖေဖေထံမှ ပျော်ရွှင်မှုနှင့် ချစ်ခင်မှုများကို ချက်ချင်း ခံစားလိုက်ရသည်။

“ဝံပုလွေဖေဖေက... အရမ်းပျော်နေပုံရတယ်... သူ ပြုံးနေတာလား...” ရှောင်လန် သတိထားမိလိုက်သည်။ “နည်းနည်း ကြောက်စရာကောင်းပေမယ့်... တော်တော် နွေးထွေးတာပဲ...” ရှောင်ယင်း၏ ရင်ထဲတွင်လည်း နွေးထွေးသွားရသည်။

ဝံပုလွေဖေဖေသည် သူတို့ကို အကာအကွယ်ပေးရုံသာမက ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်စေရန် အချိန်တိုင်းဂရုစိုက်နေကြောင်း သူတို့ နားလည်လိုက်ကြသည်။

ခြွင်းချက်မရှိ ချစ်ခင်မြတ်နိုးခံရသော ခံစားချက်သည် ဧကရီနှစ်ပါး၏ နှလုံးသားထဲသို့ နွေးထွေးသော စီးကြောင်းတစ်ခုအဖြစ် စီးဝင်သွားသည်။ သို့သော် အမြုတေများ၏ စွမ်းအင်များမှာ အပြည့်အဝ ငြိမ်သက်သွားခြင်း မရှိသေးပေ။

ပြင်းထန်သော မောပန်းနွမ်းနယ်မှု ခံစားချက်ကြီးက လှိုင်းလုံးကြီးအလား ဝင်ရောက်လာပြီး ကလေးငယ်နှစ်ဦးလုံး၏ မျက်ခွံများ လေးလံလာသည်။

သူတို့သည် ဝံပုလွေဖေဖေ၏ ကျယ်ပြန့်ပြီး နွေးထွေးသော ပခုံးပေါ်တွင်မှီလျက် နှစ်ခြိုက်စွာ အိပ်ပျော်သွားကြတော့သည်။

လင်းထျန်းလုံသည် သူ၏ပခုံးပေါ်မှ အသက်ရှူသံများ စည်းချက်မှန်သွားသည်ကို သတိပြုမိလိုက်သည်။

သူသည် အသက်ကိုပင် အောင့်ထားပြီး အလွန်ဂရုစိုက်ကာ ဖြည်းဖြည်းချင်း ဝပ်ဆင်းလိုက်သည်။ ထို့နောက် နှာခေါင်းလေးနှင့်တွန်းကာ အိပ်ပျော်နေသော ကလေးငယ်နှစ်ဦးကို ထူထဲသော သားရေဖျာပေါ်သို့ ညင်သာစွာ ချပေးလိုက်သည်။

သားရေဖျာနှင့် ထိတွေ့လိုက်သည်နှင့် တပြိုင်နက် သူမတို့ခန္ဓာကိုယ်ထဲမှ အပြည့်အဝ မစုပ်ယူရသေးသော စွမ်းအင်များသည် အလိုအလျောက် လည်ပတ်လာပြီး ဝိညာဉ်အလင်းရောင် ဖျော့ဖျော့များကို ထုတ်လွှတ်လာသည်။

၎င်းသည် နူးညံ့သော အလင်းမီးအိမ်နှစ်ခုအလား သူမတို့ကို လွှမ်းခြုံထားပြီး သူမတို့၏ ခန္ဓာကိုယ်များမှာ တောက်ပသော အလင်းရောင်ထဲတွင် သိမ်မွေ့သော ပြောင်းလဲမှုများကို ဆက်လက် လုပ်ဆောင်နေကြလေသည်။

“ဒါက... စွမ်းအင်တွေကို ဆက်ပြီးစုပ်ယူနေတာလား...”

လင်းထျန်းလုံ သေချာနားမလည်သော်လည်း ၎င်းသည် သူ့သမီးများအတွက် အကျိုးရှိကြောင်း ခံစားမိနေသည်။

သူသည် သစ်ပင်အိမ်ထဲမှ တိတ်တဆိတ် ထွက်ခွာလာပြီး ကင်းစောင့်နေသော နှင်းဝံပုလွေများကို အသံမထွက်စေရန် တင်းကြပ်စွာမှာကြားလိုက်သည်။

ထို့နောက် သစ်ပင်အိမ် တံခါးဝတွင် လဲလျောင်းကာ ကြယ်ရောင်စုံ ကောင်းကင်ကြီးကို မော့ကြည့်ရင်း ရင်ထဲတွင် ကျေနပ်မှုနှင့် ခိုင်မာသော တာဝန်ယူချင်စိတ်များဖြင့် ပြည့်နှက်နေတော့သည်။

“ဒီကမ္ဘာကြီးက အရမ်းအန္တရာယ်များတယ်... သူတို့ကို အမြဲတမ်းကာကွယ်ပေးနိုင်ဖို့နဲ့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာစေဖို့ ငါ… ပိုပြီးသန်မာလာရမယ်...”

သူသည် တိတ်တဆိတ် သစ္စာဆိုကာ တစ်ညလုံး ကင်းစောင့်နေလိုက်သည်။

နောက်တစ်နေ့ နံနက်မိုးသောက်ချိန်တွင် သစ်ပင်အိမ်အတွင်းရှိ ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုများမှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။

ရှောင်လန်နှင့် ရှောင်ယင်းသည် မျက်လုံးများကို တပြိုင်နက်တည်း ဖွင့်လိုက်ကြသည်။

ပထမဆုံးခံစားမိသည်မှာ သူတို့၏ခန္ဓာကိုယ်များ သိသိသာသာ ကြီးထွားလာပြီး ပိုမိုကြံ့ခိုင်သန်စွမ်းလာခြင်း ဖြစ်သည်။ ဝိညာဉ်စွမ်းအင်ပမာဏနှင့် လှုပ်ရှားမှုများမှာလည်း သိသိသာသာ တိုးတက်လာသည်။

“အမြုတေရဲ့ စွမ်းအားက တကယ့်ကို များလွန်းတာပဲ... မနေ့ညကတင် အဆင့် (၅) ကို တန်းရောက်သွားတယ်... ဒါ‌တင်မကသေးဘူး၊ ကျန်တဲ့ စွမ်းအင်တွေကို တစ်ညလုံး စုပ်ယူပြီးတော့ နောက်ထပ်တစ်ဆင့် ထပ်တက်သွားပြီ...” ရှောင်လန်က သူမ၏ အတွင်းပိုင်း အခြေအနေကို စစ်ဆေးရင်း ကျေနပ်သွားသည်။

“ပိုအရေးကြီးတာက စွမ်းအင်အများစုကို ခန္ဓာကိုယ် ကြံ့ခိုင်ဖို့နဲ့ သွေးကြောတွေ ကျယ်ပြန့်လာဖို့ သုံးလိုက်နိုင်တာပဲ... အခြေခံအုတ်မြစ်က ပိုပြီးခိုင်မာသွားပြီ...”

“ဟမ့်၊ အနည်းဆုံးတော့ ဗိုက်ဆာတိုင်း မူးမလဲတော့ဘူးပေါ့” ရှောင်ယင်းမှာ လက်သီးသေးသေးလေးကို ဝှေ့ယမ်းရင်း အားရပါးရ ပြောလိုက်သည် “ဒီဧကရီ ကမ္ဘာကြီးကိုလွှမ်းမိုးဖို့ စောနေသေးပေမယ့်... အနည်းဆုံးတော့ အရင်လောက် မပျော့ညံ့တော့ဘူး... စွမ်းရည်တွေ သုံးပြီးရင် ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးကလည်း အများကြီး သက်သာသွားမှာပဲ”

သူတို့သည် အဆင့် (၆) သို့ ရောက်ရှိသွားသော်လည်း ကလေးခန္ဓာကိုယ်နှင့် မဖွံ့ဖြိုးသေးသော သွေးကြောများကြောင့် ထုတ်သုံးနိုင်သော စွမ်းအားမှာ အကန့်အသတ်ရှိနေဆဲ ဖြစ်သည်။ လက်တွေ့တိုက်ပွဲဝင်ရန် အလှမ်းဝေးနေသေးသော်လည်း ကျင့်ကြံနိုင်သော အချိန်ကာလမှာ ပိုမိုကြာရှည်လာပြီး စွမ်းရည်အသုံးပြုပြီးနောက် ပြန်လည်ကောင်းမွန်နှုန်းမှာလည်း ပိုမိုမြန်ဆန်လာပြီ ဖြစ်သည်။

ထိုစဉ် သစ်ပင်အိမ်၏ လိုက်ကာပွင့်သွားပြီး လင်းထျန်းလုံ၏ ကြီးမားသော ငွေရောင်ခေါင်းကြီး ဝင်ရောက်လာသည်။ သူ၏ ရေခဲပြာမျက်ဝန်းများထဲတွင် စိုးရိမ်မှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ကလေးငယ်နှစ်ဦးမှာ အနည်းငယ် ကြီးထွားလာပြီး အရှိန်အဝါများ ပိုမို အားကောင်းလာကာ အဆင့် ၆ သို့ ရောက်ရှိနေသည်ကို သူတွေ့လိုက်ရသည်။

“ဝိညာဉ်ကျောက်တုံးရဲ့ အာနိသင်က ဒီလောက်တောင် ကောင်းတာလား! တစ်ညတည်းနဲ့ တစ်ဆင့်ထပ်တက်သွားတယ်၊ သူတို့ကို ကျွေးလိုက်တာ မှန်သွားပြီ”

ဧကရီနှစ်ပါးက စွမ်းအင်များကို ထိန်းချုပ်၍ ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲခဲ့ကြောင်းကိုတော့ သူမသိရှာပေ။ သူ၏ သမီးများသည် ပါရမီထူးချွန်ပြီး အရင်းအမြစ်များကို အကျိုးရှိရှိ အသုံးပြုနိုင်ခဲ့သည်ဟုသာ ထင်မြင်နေလေသည်။

သူ့ကလေးများ ကျန်းမာစွာ ကြီးပြင်းလာသည်ကို မြင်ရခြင်းက သူကိုယ်တိုင် အဆင့်တက်ခြင်းထက် သူ့ကိုပို၍ပျော်ရွှင်စေခဲ့သည်။

“မင်္ဂလာနံနက်ခင်းပါ ဖေဖေ...”

ရုတ်တရက် ရှင်းလင်းပြတ်သားပြီး ကွဲပြားခြားနားသော အသံနှစ်သံသည် သူ၏ စိတ်အာရုံ အနက်ထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားသည်။

တစ်သံမှာ လတ်ဆတ်သော နှင်းပွင့်များအလား နူးညံ့ချိုမြိန်နေပြီး အခြားတစ်သံမှာ တောင်ပေါ်စမ်းချောင်းအလား ကြည်လင်ပြတ်သားနေသည်။

လင်းထျန်းလုံ ပါးစပ်ကြီးဟသွားပြီး အပြုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။

“အမလေး၊ ငါ့သမီးလေးတွေက တော်လိုက်တာ၊ မင်္ဂလာနံနက်ခင်းပါလို့တောင် စိတ်ချင်းဆက်သွယ်ပြီး ပြောတတ်နေပြီ၊ အသံလေးတွေကလည်း ချစ်စရာလေးတွေ..တွေ... အယ်.. နေပါဦး...”

သူ၏ အပြုံး ရုတ်တရက် တောင့်တင်းသွားသည်။

“စိတ်ချင်းဆက်သွယ်နိုင်တာလား”

[စနစ် အသိပေးချက် - တည်ငြိမ်သော စိတ်ချင်းဆက်သွယ်ရန် ကြိုးစားမှုကို တွေ့ရှိရသည်၊ ပိုင်ရှင်သည် အထောက်အကူပြုစွမ်းရည် စိတ်ချင်းဆက်သွယ်မှု စွမ်းရည်း အလိုအလျောက် နိုးထလာပြီ ဖြစ်သည်]

“ဟင်၊ စိတ်ချင်းဆက်သွယ်ရန် ကြိုးစားမှု.. ဟုတ်လား”

လင်းထျန်းလုံ၏ မျက်လုံးကြီးများ ပြူးကျယ်သွားသည်။ သူ၏ ကြီးမားသော ဝံပုလွေမျက်နှာကြီးပေါ်တွင် ဇဝေဇဝါဖြစ်မှုနှင့် ထိတ်လန့်မှုများ အထင်းသား ပေါ်နေသည်။

“ဖြစ်နိုင်တာက... ဒီကလေးနှစ်ယောက်က... ကြီးထွားတာမြန်ပြီး စကားပြောတတ်ရုံတင်မကဘဲ... မွေးရာပါ စွမ်းရည်တွေပါ နိုးထလာတာလား”

သူသည် သားရေဖျာပေါ်တွင် မျက်လုံးဝိုင်းကြီးများ ပုတ်ခတ်ပုတ်ခတ် လုပ်ကာ “အပြစ်ကင်းစင်သော” မျက်နှာပေးဖြင့် သူ့အား ကြည့်နေကြသော ကလေးငယ်နှစ်ဦးကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။

“ဘုရားရေ၊ သူတို့က လပိုင်းပဲရှိသေးတာလေ၊ ဒီပါရမီက သဘာ၀ကိုလွန်ဆန်နေတာပဲ၊ ငါကောက်ရလာတာ သာမန်ကလေးတွေမဟုတ်ဘဲ... ဘီလူးကလေး... အဲ... မဟုတ်ပါဘူး... ပါရမီရှင် ကလေးလေးတွေများလား”

သူ၏ အဖိုးတန်သမီးတော်လေးများသည် သူထင်ထားသည်ထက် များစွာ ပိုမိုထူးခြားနေကြောင်း နောက်ဆုံးတွင် သူသတိပြုမိသွားတော့သည်။

All Chapters