← Chapters

သမီးနှစ်ယောက်၏တောင်းဆိုမှု၊ ဝိညာဉ်နိုးထလာသော သစ်ပင်အိုကြီး

Vol. 5 Ch. 44

သမီးနှစ်ယောက်၏တောင်းဆိုမှု၊ ဝိညာဉ်နိုးထလာသော သစ်ပင်အိုကြီး

Vol. 5 Ch. 44

ဆောင်းဦးလေပြေကလေးသည် နှင်းဝံပုလွေကျေးရွာကို ဖြတ်သန်းတိုက်ခိုက်နေသည်။ လင်းထျန်းလုံသည် သစ်သားမြို့ရိုးထက်တွင်ရပ်လျက် များပြားသော အဖြူရောင် ဝံပုလွေအုပ်စုကြီးကို ငုံ့ကြည့်နေခဲ့သည်။

သူသည် တိုးညင်းသော်လည်း အားကောင်းသော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်ပြီး မျိုးတူပဲ့တင်ထပ်သံမှတစ်ဆင့် သူ၏အတွေးများကို ရှင်းလင်းစွာ ပေးပို့လိုက်သည်။

“အာဝူး.. (ကမ္ဘာကြီးက ပြောင်းလဲသွားပြီ... ငါတို့ ရှင်သန်ဖို့အတွက် ပိုသန်မာပြီး စနစ်ကျဖို့ လိုတယ်)”

“အာဝူး... (ဒီနေ့ကစပြီး ဝံပုလွေအုပ်စုကို အဓိက အပိုင်းသုံးပိုင်းခွဲမယ်... အပိုင်းတစ်ခုစီတိုင်းမှာ ကိုယ်ပိုင်တာဝန် အသီးသီး ရှိိလိမ့်မယ်)”

သူက ရန့်မြဲ့၊ ထျန်းပင်းနှင့် ပိုင်လင်တို့ကို တိုးညင်းစွာ ဟိန်းဟောက် ခေါ်ထုတ်လိုက်သည်။

ထိုဝံပုလွေများက ဘုရင်၏ ဆန္ဒကို ချက်ချင်းနားလည်လိုက်ကြသည်။

“ပိုင်လင်၊ ဝံပုလွေမအားလုံးနဲ့ သာမန်ဝံပုလွေထီးတချို့ကို ဦးဆောင်ရမယ် ဝံပုလွေပေါက်လေးတွေကို ပြုစုပျိုးထောင်ခြင်း၊ ကျေးရွာကို စောင့်ရှောက်ခြင်း၊ အရန်ရိက္ခာကို စီမံခန့်ခွဲခြင်းနဲ့ အနီးနားမှာရှိတဲ့ စားသုံးလို့ရတဲ့ အပင်တွေကို ရှာဖွေစုဆောင်းခြင်းတို့ကို လုပ်ရမယ် (ထောက်ပို့တာဝန်)”

“ရန့်မြဲ့၊ အုပ်စုရဲ့ အသန်မာဆုံး စစ်သည်တစ်ဦးအနေနဲ့ တိုက်ခိုက်ရေး ဝံပုလွေတွေကို ဦးဆောင်ရမယ်၊ နေ့စဉ် ကင်းလှည့်ခြင်း၊ ကင်းစောင့်ခြင်း၊ ကာကွယ်ရေး တည်ဆောက်ခြင်းနဲ့ တိုက်ခိုက်ရေး လေ့ကျင့်ပေးခြင်းတွေမှာ ကြီးကြပ်ရမယ် (ကာကွယ်ရေးနှင့် လေ့ကျင့်ရေး ကြီးကြပ်တာ၀န်)။

“ထျန်းပင်း၊ ထူးချွန်တဲ့ပါရမီရှိပြီး ရန်လိုနေတဲ့အချိန်ဆို ခွန်အား တိုးလာတာကြောင့် အထူးအမဲလိုက်အဖွဲ့ကို ဦးဆောင်ရမယ်၊ မျိုးနွယ်စုအတွက် အသားရှာဖွေတာကို တာဝန်ယူရမယ် (အမဲလိုက်ခြင်းနှင့် တိုက်ခိုက်ခြင်း တပ်မှုးတာ၀န်)”

ဝံပုလွေသုံးကောင်သည် ခန္ဓာကိုယ်ကိုနှိမ့်ချကာ နာခံမှုနှင့် စိတ်ဓာတ်ခိုင်မာမှုကိုပြသသော ညည်းတွားသံများပြုလုပ်ရင်း ဘုရင်၏ စီမံခန့်ခွဲမှုကို လက်ခံလိုက်ကြသည်။

အပြင်တွင် တာဝန်ခွဲဝေနေသည်ကို သစ်ပင်အိမ်အတွင်းရှိ စိတ်ချင်းဆက်သွယ်မှုဖြင့် အရာအားလုံးကို အာရုံခံနေသော ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ တုန်လှုပ်သွားကြသည်။

“လုပ်ငန်းခွဲဝေတာတွေ... လုပ်ငန်းကိုတာဝန်အလိုက် ခွဲခြားထားတယ်၊ ဝံပုလွေဖေဖေက ဝံပုလွေအုပ်စုအတွက် ပိုပြီးထိရောက်တဲ့ စီမံခန့်ခွဲမှုစနစ်ကို တည်ဆောက်ဖို့ ကြိုးစားနေတာလား” ရှောင်လန် တုန်လှုပ်သွားသည်။

“ဒီအတွေးအခေါ်က ရှေးကျပေမယ့် လက်တွေ့မှာ အတော်လေး‌အသုံး၀င်တယ်... တကယ်လို့သာ အကောင်အထည်ဖော်နိုင်ခဲ့ရင် ဒီအုပ်စုရဲ့ အလားအလာနဲ့ တိုက်ခိုက်နိုင်စွမ်းက တခြားသူတွေထက် အများကြီးသာလွန်သွားလိမ့်မယ်”

“ဝါး... ဝံပုလွေဖေဖေက တော်လိုက်တာ... ဒီလိုဆိုရင် ဘယ်သူက ဘာလုပ်ရမယ်ဆိုတာသိပြီး ရှုပ်ထွေးနေတော့မှာ မဟုတ်တော့ဘူး” ရှောင်ယင်း၏ နားလည်မှုမှာ ပိုမိုရိုးရှင်းသော်လည်း ထိုအစီအစဉ်၏ အကျိုးကျေးဇူးကို အလားတူ ခံစားမိလေသည်။

သို့သော် ရှောင်လန်၏ အံဩမှုသည် စိုးရိမ်မှုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ “ဒါပေမဲ့... အတိတ်ဘဝက ဝံပုလွေမျိုးနွယ် သမိုင်းမှတ်တမ်းမှာ ဒီလိုမျိုး မရှိခဲ့ဘူး... ဆိုလိုတာက... ဝံပုလွေဖေဖေရဲ့ ပြုပြင်ပြောင်းလဲမှုက လမ်းခုလတ်မှာ ရပ်တန့်သွားခဲ့တာလား... ဒါမှမဟုတ် သူကိုယ်တိုင်က အဆုံးထိဆက်မလျှောက်နိုင်ခဲ့တာလား”

“ဟေး... ရှောင်လန်... ဘာလို့မျက်နှာပျက်နေတာလဲ” ရှောင်ယင်းသည် သူမ၏ စိတ်အခြေအနေကို သတိထားမိပြီး တယ်လီပသီဖြင့် မေးလိုက်သည်။ “ဒါကောင်းတဲ့ကိစ္စမဟုတ်ဘူးလား... ငါတို့ အနာဂတ်မှာ ပိုပြီးလုံခြုံလာမှာပေါ့”

“ရှောင်ယင်း... သေချာစဉ်းစားကြည့်ပါဦး” ရှောင်လန်က တည်ငြိမ်စွာ ပြန်ပြောလာသည်။ “ဝံပုလွေဖေဖေရဲ့ အစီအစဉ်က တကယ်ပဲ ချောမွေ့ပြီး အစွမ်းထက်လာမယ်ဆိုရင် အတိတ်ဘဝတုန်းက နင်ရောငါရော သူ့နာမည်ကို ဘာလို့ တစ်ခါမှမကြားဖူးရတာလဲ”

ထိုစကားကိုကြားသောအခါ ရှောင်ယင်းသည် စိတ်ဆက်သွယ်မှု အခြေအနေထဲတွင် ခဏတာ တိတ်ဆိတ်သွားပြီး သူမ၏ ဖျော့တော့သော ခရမ်းမျက်ဝန်းများမှာလည်း အနည်းငယ် မှေးမှိန်သွားသည်။ “နင် ပြောချင်တာက... ဝံပုလွေဖေဖေ...”

“အနာဂတ်က ပုံသေမရှိပါဘူး” ရှောင်လန်၏ ဆန္ဒမှာ ခိုင်မာလာခဲ့သည်။ “ဒါပေမဲ့ ဝံပုလွေဖေဖေ အဲဒီအန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့ ငါတို့ တစ်ခုခုလုပ်ရမယ်”

“ဟုတ်တယ်” ရှောင်ယင်းသည် တိုက်ပွဲဝင်စိတ်ဓာတ်များ ချက်ချင်း ပြန်လည်တောက်လောင်လာသည်။ “ငါတို့ ဝံပုလွေဖေဖေကို ကူညီရမယ်... ဝိညာဉ်ခေတ်အစောပိုင်းကာလမှာ ထျန်းစန်းသစ်တောထဲက နေရာအချို့မှာ ရတနာတွေ ရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေကို ငါမှတ်မိသေးတယ်”

ကြီးမားသော တာဝန်ယူလိုစိတ်နှင့် ဆုံးရှုံးမှာကိုကြောက်ရွံ့သည့် ခံစားချက်တို့က ဧကရီနှစ်ပါးလုံးကို တစ်ပြိုင်နက်တည်း လွှမ်းခြုံသွားသည်။

သူတို့သည် စိတ်ကို စုစည်းကာ အတိတ်ဘဝမှ ဤဒေသနှင့်ပတ်သက်သော မှတ်ဉာဏ်များကို အသည်းအသန် ပြန်လည်ရှာဖွေနေကြသည်။ ဝံပုလွေဖေဖေ လက်ရှိအခြေအနေကို ဖောက်ထွက်နိုင်စေမည့် အဓိက ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် သတင်းအချက်အလက်များကို ရှာဖွေရန် ကြိုးစားနေကြလေသည်။

ထိုစဉ် လင်းထျန်းလုံသည် အပြင်ကိစ္စများကို ဖြေရှင်းပြီးသွားပြီဖြစ်သည်။

သူ့သမီးများကို သတိရသဖြင့် အမဲလိုက်ထားသော မိစ္ဆာသားရဲ၏ နှလုံး... ဝိညာဉ်စွမ်းအင် အနူးညံ့ဆုံးနှင့် အကြွယ်ဝဆုံး အစိတ်အပိုင်းကိုယူပြီး သူ၏ ထက်ရှသော လက်သည်းများဖြင့် ကလေးငယ်များ မျိုချနိုင်မည့် အရွယ်အစားလောက် ပိုင်းကာ ယူလာခဲ့သည်။

သူ့သမီးတော်နှစ်ပါးမှာ သူ၏ နေ့စဉ်ပုံမှန် အပိုစွမ်းအင်ကဲ့သို့ ဖြစ်လာသည်။

“ဖေဖေက အကောင်းဆုံးပဲ” ရှောင်ယင်းသည် ချီးကျူးလိုက်ပြီးနောက် သူမ၏အာရုံစိုက်မှုမှာ အသားပေါ်သို့ ချက်ချင်း ရောက်ရှိသွားသည်။

“ကျေးဇူးပါ ဖေဖေ” ရှောင်လန်၏ ရင်ထဲတွင်လည်း နွေးထွေးသွားပြီး အတွေးများကို ပြန်လည်ထိန်းချုပ်လိုက်သည်။

ကလေးငယ်နှစ်ဦးသည် ဖေဖေလုပ်ပေးသော မေတ္တာအပြည့်ဖြင့် အာဟာရကို လိမ်လိမ်မာမာဖြင့် စားသုံးလိုက်ကြသည်။

သန့်စင်သော ဝိညာဉ်စွမ်းအင်များ ပါဝင်သည့် အသားသည် ဗိုက်ထဲသို့ရောက်သည်နှင့် အကူပစ္စည်းအဖြစ် ပြောင်းလဲသွားပြီး သူတို့ အပြည့်အဝမစုပ်ယူရသေးသော လက်ကျန် အမြုတေစွမ်းအင်များ၊ လွန်ခဲ့သောရက်များက စုဆောင်းထားသော ဝိညာဉ်စွမ်းအင်များနှင့် ချက်ချင်း ပေါင်းစပ်သွားသည်။

ပိုလျှံနေသော စွမ်းအင်များနှင့် သူတို့၏ ပြင်းထန်သောအာရုံစိုက်မှု နှစ်ခုပေါင်းစပ်လိုက်သောအခါ သူတို့ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် အမြင့်ဆုံးအထိလှုပ်ရှားလာပြီး သွေးကြောများထဲတွင် စွမ်းအင်များ မကြုံစဖူးအရှိန်အဟုန်ဖြင့် လည်ပတ်လာသည်။

သစ်ပင်အိမ်အထက်တွင် မမြင်ရသော ဝိညာဉ်စွမ်းအင်များသည် ပြင်းထန်စွာ ဆွဲယူခံလိုက်ရပြီး မျက်စိဖြင့်မြင်နိုင်သော ဝဲဂယက်ငယ်တစ်ခုအဖြစ် စုစည်းလာတော့သည်။

ထွက်ခွာသွားခါစ လင်းထျန်းလုံသည် ပုံမှန်မဟုတ်ဘဲ ပြင်းထန်ပြီး သန့်စင်သော ဝိညာဉ်စွမ်းအင်လှုပ်ခတ်မှုကို ချက်ချင်းအာရုံခံမိလိုက်ပြီး သစ်ပင်အိမ်ဆီသို့ ပြန်ပြေးလာခဲ့သည်။

ယခင်ကထက် အဆများစွာ ပိုမိုသိပ်သည်းသော ဝိညာဉ်စွမ်းအင်များ သစ်ပင်အိမ်ထဲသို့ စီးဝင်နေသည်ကို မြင်လိုက်ရသောအခါ သူသည် ထိတ်လန့်သွားသလို ဝမ်းလည်းသာသွားလေသည်။

“ဒီလှုပ်ရှားမှုက... ပြီးခဲ့တဲ့တစ်ခေါက်ထက် ပိုကြီးမားနေတယ်... နေ့တိုင်း အသားကျွေးရကျိုး နပ်ပါပေတယ်... ပြီးတော့ အမြုတေရဲ့အာနိသင်က အခုထိရှိနေတုန်းပဲ... ဒီတစ်ခါ အဆင့် (၈) ကို ရောက်မှာလား... ဒါမှမဟုတ် အဆင့် (၉) လား”

သူ့ကို ပိုမိုအံ့ဩစေသည်မှာ သစ်ပင်အိမ်အဖြစ် ပြုလုပ်ထားသော ရှေးဟောင်းသစ်ပင်ကြီးသည်... အခေါင်းပေါက်ဖြစ်နေသော်လည်း ခိုင်မာစွာ ဆက်လက်ရှင်သန်နေခဲ့ရာမှ... ယခု အားကောင်းသော ဝိညာဉ်စွမ်းအင်ဒီရေလှိုင်း၏ ဆေးကြောမှုအောက်တွင် တောက်ပသော မြစိမ်းရောင် ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ခြောက်သွေ့နေသောသစ်ပင်ကြီးသည် နွေဦးကို ပြန်လည်တွေ့လိုက်ရသကဲ့သို့ အဖူးအငုံအသစ်များ ထွက်လာပြီး အခေါက်ပေါ်ရှိ ချိုင့်ကွက်များသည်လည်း အသက်ဝင်လာသကဲ့သို့ ဖြစ်လာသည်။

သူ စူးစိုက်ကြည့်လိုက်ရာ သတင်းအချက်အလက် တစ်ခု ပေါ်လာသည်။

[ မျိုးနွယ် ] : ဝိညာဉ်သစ်ပင် (မူလက ထင်းရှူးပင်)

[ အဆင့် ] : အဆင့် ၉ ( ခြေလှမ်း၀က်ထူးချွန်အဆင့်)

[ အခြေအနေ ] : အမှီသဟဲပြုနေထိုင်ခြင်း (သစ်ပင်အိမ်အတွင်းရှိ သက်ရှိများနှင့် စွမ်းအင်အပြန်အလှန် လည်ပတ်မှုရှိသည်၊ လျင်မြန်စွာ ကြီးထွားနေသည်)

[ ပါရမီများ ] : စိမ်းလန်းစိုပြေ သစ်သား (အစိမ်း) ၊ ဝိညာဉ်စုစည်းခြင်း (အစိမ်း) ၊

[ စွမ်းရည်များ ] : မရှိ

[ သုံးသပ်ချက် ] : အခွင့်အရေး တစ်ရပ်ကြောင့် ဉာဏ်ရည်ပွင့်လင်းလာသော ရှေးဟောင်းသစ်ပင် ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို သိသိသာသာ စုစည်းနိုင်ပြီး ၎င်းနှင့် အမှီသဟဲပြု နေထိုင်သူများသည် အကျိုးကျေးဇူး များစွာ ရရှိနိုင်သည်။

“သစ်ပင်ပါ အဆင့်တက်သွားတာလား... ဝိညာဉ်စုစည်းခြင်း အာနိသင်က ပိုကောင်းလာတယ်” လင်းထျန်းလုံ အံ့ဩသွားပြီး ဝမ်းသာအားရဖြစ်သွားသည်။ “ဒါက တကယ့်ကို ဘုရားပေးတဲ့ ကျင့်ကြံရေးနယ်မြေပဲ... ကလေးနှစ်ယောက် အဆင့်တက်တာကနေ ဒီလောက်ဆူညံနေတာ မဆန်းပါဘူး”

ထိုစဉ် သစ်ပင်အိမ်အတွင်းရှိ ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီးနောက် ဖြည်းဖြည်းချင်း ငြိမ်သက်လာသည်။ ထူးချွန်အဆင့်၏ တည်ငြိမ်သော အရှိန်အဝါများမှာလည်း အခန်းထဲမှ ထွက်ပေါ်လာသည်။

လင်းထျန်းလုံ အထဲသို့ ပြေးဝင်သွားသည်။ ကလေးငယ်နှစ်ဦးသည် ဝိညာဉ်စွမ်းအင်များကို ထိန်းချုပ်ထားပြီး မျက်လုံးလေးများမှာ ပိုမိုတောက်ပနက်ရှိုင်းလာကာ ခန္ဓာကိုယ်အတွင်းတွင် စွမ်းအားများ ဆူပွက်နေသည်ကို တွေ့လိုက်ရသည်။

သူတို့၏ အဆင့်များသည် အဆင့် ၁၀ (ထူးချွန်အဆင့်) သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ် အရွယ်အစားမှာ များစွာမပြောင်းလဲသွားသော်လည်း အရှိန်အဝါမှာတော့ အဆပေါင်းများစွာ ပိုမိုခိုင်မာလာခဲ့သည်။

“ဖေဖေ... ဗိုက်ဆာတယ်”

ရှင်းလင်းပြတ်သားပြီး အားကောင်းသောအတွေးနှစ်ခုသည် သူ၏ စိတ်ထဲသို့ တစ်ပြိုင်နက်တည်းဝင်ရောက်လာခဲ့ပြီး ထိုအတွေးထဲတွင် ပြင်းထန်သော တောင်းဆိုမှုများ ပါဝင်နေသည်။ အစောပိုင်းက အဆင့်ချိုးဖျက်မှုသည် သူတို့၏ စွမ်းအင်အမြောက်အမြားကို ကုန်ဆုံးသွားစေဟန်ရသည်။

လင်းထျန်းလုံသည် ချက်ချင်းပင် ပိုင်လင်ကို ခေါ်လိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် ထူးချွန်အဆင့် ကလေးငယ်များ၏ စားချင်စိတ်မှာ အံ့မခန်း ဖြစ်နေသဖြင့် ပိုင်လင်မှာ အခက်တွေ့နေသည့် ပုံစံပေါက်လာသည်။

ရှောင်ယင်းက မော့ကြည့်လိုက်ပြီး သူမ၏ ခရမ်းရောင်မျက်ဝန်းကြီးများဖြင့် လင်းထျန်းလုံကို စိုက်ကြည့်ကာ ပိုမိုရှင်းလင်းသော တောင်းဆိုမှုကို အတွေးဖြင့် ပေးပို့လိုက်သည်။ “ဖေဖေ... အသားစားချင်တယ်... အသားအများကြီး”

လင်းထျန်းလုံ မှင်တက်သွားသည်။ “အသား စားပြီးသားကို ဗိုက်ဆာနေတာလား... ပြီးတော့ အသားအများကြီးတဲ့လား” သို့သော် သမီးများ၏ ဟာလာဟင်းလင်းဖြစ်နေသော ဗိုက်နှင့် တိုးတက်လာသော အသက်စွမ်းအားကို ခံစားမိလိုက်ကာ သူချက်ချင်းနားလည်လိုက်သည်။ “ဒါက ခန္ဓာကိုယ် ဆင့်ကဲပြောင်းလဲသွားပြီး နောက်ဆက်တွဲ စွမ်းအင်လိုအပ်ချက်ပဲ”

“ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာပြီ... ကလေးတွေက ထူးချွန်အဆင့်ကိုတောင် ရောက်နေပြီ... သစ်ပင်တောင် ဝိညာဉ်ဖြစ်တည်လာပြီ... ဒါက သူတို့ ကြီးထွားရမယ့်အချိန်ပဲ... အသားပိုစားတာ ဘာဖြစ်လဲ... ငါ အလုံအလောက်ရှာပေးရမယ်”

“ကောင်းပြီ” သူသည် တယ်လီပသီဖြင့် တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ဖခင်တစ်ဦး၏ ချစ်ခြင်းမေတ္တာနှင့် ပြတ်သားမှုများဖြင့် ပြည့်နှက်နေသည်။ “ဖေဖေ အခုချက်ချင်း အလတ်ဆတ်ဆုံ၊ အနူးညံ့ဆုံးနဲ့ စွမ်းအင်အပြည့်ဝဆုံး အသားတွေကို သွားယူပေးမယ်”

All Chapters