အခန်း (၄၆)
Vol. 5 Ch. 46
အမှတ်မထင် ဖူးစာ
အပိုင်း ၄၆
ယန်ရွှယ် ဝင်မေးလိုက်သည်။ "ကျင်းပေါင်ကျစ်မှာ ဘယ်လို ချို့ယွင်းချက်ရှိလို့ အရည်အချင်း မပြည့်မီဘူးလို့ ကန့်ကွက်တာလဲ?"
အတွင်းရေးမှူးလျန်က တိုတိုရှင်းရှင်းပင် ပြန်ဖြေခဲ့သည်။ "သူတို့ စွပ်စွဲတာကတော့ ကျင်းပေါင်ကျစ်က အလုပ်အပေါ်မှာ ဝီရိယမရှိဘူး၊ အလုပ်သမားမိသားစုအဖွဲ့မှာ အလုပ်အများဆုံးအချိန်ဖြစ်တဲ့ တစ်လလောက်မှာ သူ အလုပ်မဆင်းခဲ့ဘူးလို့ ဆိုတယ်"
ယန်ရွှယ် တစ်ယောက်တည်းသာမက တစ်ဖွဲ့လုံးကပါ ထိုစွပ်စွဲချက်မှာ ရယ်စရာကောင်းလှသည်ဟု ထင်ကြသည်။
စကားကို ပွင့်ပွင့်လင်းလင်း ပြောတတ်သော ရိုကျင်းဖန်က လွှတ်ခနဲ ပြောလိုက်သည်။"ဒါက အဓိပ္ပာယ်မရှိတာပဲ! မိသားစုဝင်တစ်ယောက် ဒဏ်ရာရလို့ ကျင်းပေါင်ကျစ် ဆေးရုံမှာ လိုက်ပြုစုပေးရတာ လူတိုင်းသိတာပဲလေ"
သူမ၏ နေရာမှာ အတည်ဖြစ်နေပြီဖြစ်ရာ ကျန်သည့်တစ်နေရာကို မည်သူရရ သူမ ဂရုမစိုက်သော်လည်း ကျင်းပေါင်ကျစ်က ထိုနေရာနှင့် အထိုက်တန်ဆုံးဖြစ်သည်ဟု သူမ ယူဆသည်။
အခြားသူများကလည်း ဝိုင်းဝန်းထောက်ခံကြသည်။ အချို့မှာ ယခုနှစ်တွင် လုပ်သက်မပြည့်သေး၍ မရနိုင်မှန်း သိသူများဖြစ်ပြီး၊ အချို့မှာမူ တရားမျှတမှုကို လိုလား၍ ပွင့်လင်းစွာ ပြောဆိုကြခြင်းဖြစ်သည်။
"ဟုတ်တယ်! ကျင်းပေါင်ကျစ်က အလုပ်အကြိုးစားဆုံးပဲဆိုတာ အားလုံးသိတယ်။ ရာသီပေါ်အလုပ်တွေ ပြီးရင်တောင် သူမက စိုက်ပျိုးရေးအဖွဲ့မှာ ဝင်ကူသေးတာ"
"တစ်ယောက်ယောက်က မနာလိုလို့ မျက်နှာပြောင်တိုက်ပြီး လိမ်ညာနေတာပဲ!"
အတွင်းရေးမှူးလျန်က အတည်ပြုချက်ရယူရန် မေးမြန်းခဲ့သည်။
"ဒါဆို ကျင်းပေါင်ကျစ်ကို ရွေးချယ်တာက ထိုက်တန်တယ်၊ ဘာပြဿနာမှ မရှိဘူးဆိုတာ အားလုံး သဘောတူကြတာလား?"
အားလုံးက ခေါင်းငြိမ့်ကြသည်။ လီရှုဝူ၏ ဇနီးပင်လျှင် လူအများကို မဆန့်ကျင်ရဲသဖြင့် တိတ်ဆိတ်နေတော့သည်။
ကိစ္စပြေလည်သွားပြီဟု ထင်ရစဉ်မှာပင် လက်မောင်းပတ်တီးနှင့် ဘေးတွင်ရပ်နေသော ယွီချွေ့ယွင်က ကြားဖြတ်ပြောဆိုခဲ့သည်။
"ပြဿနာ မရှိဘူးလို့ တကယ်ပြောနိုင်လို့လား? သူမရဲ့ နောက်ခံအကြောင်းကော ဘယ်လိုလဲ?"
ထိုစကားကြောင့် ဆူညံသံများ ချက်ချင်းရပ်သွားပြီး အားလုံး၏ အကြည့်မှာ— အထူးသဖြင့် ကျင်းပေါင်ကျစ်၏ အကြည့်မှာ— သူမထံသို့ ရောက်သွားသည်။
ထိုကဲ့သို့သော အချက်အလက်များကို အိမ်ထောင်စုစာရင်းများတွင်သာ မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး မည်သူမဆို သိနိုင်သောအရာ မဟုတ်ပေ။ ယွီချွေ့ယွင်က ဤအချက်ကို မည်သို့သိရှိပြီး အဘယ်ကြောင့် ယခုမှ ထုတ်ပြောရသနည်း?
ယန်ရွှယ်၏ စူးရှသော မျက်လုံးများက အတွင်းရေးမှူးလျန် ယွီချွေ့ယွင်အား မကျေမနပ် ကြည့်လိုက်သည်ကိုလည်း မြင်လိုက်ရသည်။
အကြောင်းအရာများကို ဆက်စပ်ကြည့်ပြီးနောက် သူမ အခြေအနေကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။ "ကန့်ကွက်သည့် ရဲဘော်" ဆိုသူမှာ ဤအချက်ကို ထောက်ပြခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ အတွင်းရေးမှူးလျန်မှာ လူစားမလဲချင်သဖြင့် ဤအချက်ကို တမင်ချန်လှပ်ထားခဲ့သော်လည်း ယွီချွေ့ယွင်က ဇွတ်ထုတ်ပြောလိုက်ခြင်းပင်။
လီရှုဝူ၏ ဇနီးက အခွင့်အရေးကို အရဖမ်းကာ အသံကျယ်ကျယ်ဖြင့် ပြောတော့သည်။
"ဒါဆိုရင်တော့ သူ့ကို အမြဲတမ်းဝန်ထမ်း မခန့်သင့်ဘူး! ငါတို့လို ဆင်းရဲသား လယ်သမားတွေက ယာယီဝန်ထမ်းပဲ လုပ်နေရပြီး မြေရှင်မျိုးနွယ်က ဘာလို့ အမြဲတမ်းဝန်ထမ်း ဖြစ်ရမှာလဲ?"
"ကျွန်မမိသားစုက ချမ်းသာတဲ့ လယ်သမား အဆင့်ပဲ ရှိတာပါ" ကျင်းပေါင်ကျစ် က လီရှုဝူ၏ ဇနီးကို စိုက်ကြည့်ရင်း ပြတ်သားစွာ ပြန်ပြောခဲ့သည်။
လီရှုဝူ၏ ဇနီးက အတွင်းရေးမှူးလျန် ရှိနေသဖြင့် အားတက်ကာ မကြောက်မရွံ့ ပြန်ပြောခဲ့သည်။
"ဘာထူးလို့လဲ? နင်တို့က ငါတို့လို ဆင်းရဲသားတွေကို ခေါင်းပုံဖြတ်ခဲ့တာပဲ။ ဘာလဲ... နင်က ငါ့ကို ရိုက်မလို့လား?" ဟု ပြောကာ ခါးထောက်လိုက်သည်။
ဤအကြောင်းအရာမှာ အလွန်ထိခိုက်လွယ်သဖြင့် ယခင်က ကျင်းပေါင်ကျစ်ကို ထောက်ခံခဲ့သူများပင် တိတ်ဆိတ်သွားကြသည်။
လီရှုဝူ၏ ဇနီးမှာ ပို၍ပင် ဘဝင်မြင့်လာကာ ထပ်ပြောခဲ့သည်။"အံ့သြစရာမရှိပါဘူး၊ သူက ကြမ်းတမ်းတာကိုး— အမြစ်မကောင်းရင် အသီးမကောင်းဘူးဆိုတာ ဒါမျိုးပေါ့"
ယန်ရွှယ်သည် ကျင်းပေါင်ကျစ်ဘက်မှ ရှေ့နေလိုက်မပေးသလို လီရှု့ဝူ၏ ဇနီးကိုလည်း ပြန်မပြောပေ။ ထိုအစား သူမက အတွင်းရေးမှူးလျန်ကို မေးလိုက်သည်။
"ဒီလူက ကန့်ကွက်ထားတယ်ဆိုတော့၊ သူ့အစား ဘယ်သူက ပိုသင့်တော်တယ်လို့ရော အကြံပြုထားလဲ?"
ယခုတစ်ကြိမ်တွင် အတွင်းရေးမှူးလျန်က သူမကို တစ်ချက်ကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် သဘောကျသည့် အရိပ်အယောင်များ ပါဝင်နေသည်။
"သူက လင်းရှန်းမင်ရဲ့ ဇနီး ချန်ယွီကျန်းကို ပိုသင့်တော်တဲ့ လောင်းလျာအဖြစ် အကြံပြုထားကြတယ်။ သူမက လုပ်သက်ပိုများသလို၊ လင်းရှန်းမင် မအားတဲ့အချိန်တွေမှာ အလုပ်တွေကို ဦးဆောင်ပေးလေ့ရှိလို့တဲ့။ လင်းရှန်းမင်ကတော့ ဘက်လိုက်မှုကင်းအောင်လို့ ရှောင်ပေးထားလို့ ဒီအစည်းအဝေးကို ငါပဲ ဦးဆောင်ရတာ"
ချန်ယွီကျန်းလား?
အခန်းထဲမှာ ပို၍ပင် တိတ်ဆိတ်သွားခဲ့သည်။ လီရှုဝူ၏ ဇနီးပင်လျှင် ပါးစပ်ပိတ်သွားတော့သည်။
အချို့က ချန်ယွီကျန်းကို ကြည့်ကြပြီး၊ အချို့က လက်မောင်းသိုင်းကြိုး သိုင်းထားသော ယွီချွေ့ယွင်ကို ကြည့်ကြသည်။
ကန့်ကွက်သူမှာ မည်သူဖြစ်သည်ကို ရှင်းပြနေစရာပင် မလိုတော့ပေ။
ချန်ယွီကျန်း ရွေးချယ်မခံရသဖြင့် ယွီချွေ့ယွင်က ဝင်ပြောနေခြင်းမှာ သိသာလှသည်။
ထိုသည်က လူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။ ယန်ရွှယ် အလုပ်လျှောက်စဉ်က ယွီချွေ့ယွင်နှင့် ချန်ယွီကျန်းတို့ ပေါင်းပြီး သတင်းမပေးဘဲ နှောင့်ယှက်ခဲ့သည်ကို အားလုံးမှတ်မိနေကြသည်။
ယခင်က ယန်ရွှယ်၏ အလုပ်ကို နှောင့်ယှက်ခဲ့ကြပြီး၊ ယခု ကျင်းပေါင်ကျစ်ကို ပစ်မှတ်ထားနေကြပြန်ပြီ— နောက်ထပ် မည်သူ့ကို ဒုက္ခပေးဦးမည်နည်း?
ချန်ယွီကျန်းက အခြေအနေ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ သူမက ယွီချွေ့ယွင်ကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး အကြံပေးလိုက်သည်။ "ဒီလိုလုပ်ရင်ကော— လက်ညှိုးထောင်ပြီး မဲပေးကြမလား?"
အားလုံးက သူမဘက် လှည့်ကြည့်လာသောအခါ သူမက ရှင်းပြခဲ့သည်။ "လူရှေ့မှာ ပွင့်ပွင့်လင်းလင်း မဲပေးတာပေါ့။ ရဲဘော် ကျင်းပေါင်ကျစ်ကို အမြဲတမ်းဝန်ထမ်း ခန့်စေချင်သူတွေ လက်ထောင်ကြပါ။ မထောက်ခံရင် လက်မထောင်နဲ့။ ဒါက ပိုမျှတပါတယ်။ အများစုက မထောက်ခံဘူးဆိုရင်တော့ တခြားလူကို ထပ်ပြီး မဲပေးကြတာပေါ့"
သူမပြောပုံမှာ အလွန်ပင် ယုတ္တိရှိလှသည်။ ယန်ရွှယ်ကမျက်ခုံးတစ်ဖက်ကို ပင့်လိုက်မိရင်း ထိုအဆိုပြုချက်ရော၊ ထိုလူပါ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေမှန်း သတိထားမိသွားခဲ့သည်။
လက်တွေ့တွင်မူ လူအများစုမှာ လူရှေ့သူရှေ့ လက်ထောင်ခြင်းထက် တိတ်တိတ်နေရခြင်းကို ပိုကြိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ပွင့်လင်းစွာ မဲပေးခြင်းမှာ တစ်ဖက်ဖက်ကို ရွေးချယ်လိုက်သကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
ထို့ပြင် အလုပ်သမားမိသားစုအဖွဲ့ ခေါင်းဆောင်၏ ဇနီး ချန်ယွီကျန်းနှင့် စခန်းဒါရိုက်တာ၏ သမီး ယွီချွေ့ယွင်တို့ကို ဆန့်ကျင်ပြီး၊ ဘာကျောထောက်နောက်ခံမှ မရှိသော ကျင်းပေါင်ကျစ်ကို ရွေးချယ်ရန်မှာ မလွယ်ကူပေ။
ထို့အပြင် ချန်ယွီကျန်းက ၎င်းမှာ သူမအတွက်သာ မဟုတ်ဘဲ ပြန်လည်မဲပေးခြင်းဖြစ်သည်ဟု ပရိယာယ်ဖြင့် ပြောဆိုထားသဖြင့် တခြားသူများလည်း ဝင်ပြိုင်ချင်စိတ် ပေါက်လာနိုင်သည်။
သို့သော် လုပ်ဆောင်ရည်အကောင်းဆုံးနှင့် လုပ်သက်အရှည်ဆုံး ကျင်းပေါင်ကျစ်ကို ဖယ်ထုတ်လိုက်ပါက သူမကို မည်သူ ယှဉ်နိုင်မည်နည်း?
သူမသည် ကြင်နာတတ်သော ဖြန်ဖြေသူအဖြစ် ဟန်ဆောင်ရင်း သူမ၏ အကျိုးစီးပွားကို ကာကွယ်နေခြင်းဖြစ်သည်။ သူမ၏ ရည်ရွယ်ချက်ကို အထင်အသား ပြသနေသော ယွီချွေ့ယွင်နှင့် ယှဉ်လျှင် ချန်ယွီကျန်းမှာ ပို၍ ကြောက်စရာကောင်းသော ပြိုင်ဘက်ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း ယွီချွေ့ယွင်က အရင်ဆုံး ကန့်ကွက်ခဲ့သည်။
"သူ့မိသားစုက ချမ်းသာတဲ့ လယ်သမားတွေပဲ၊ မဲပေးနေဖို့တောင် မလိုဘူး!"
ချန်ယွီကျန်းက သူမ၏အင်္ကျီလက်စကို အသာဆွဲကာ မဲပေးတာလည်း ပြဿနာမရှိကြောင်း၊ သို့သော် သူမကိုယ်တိုင်ကတော့ လက်ထောင်မည်မဟုတ်ကြောင်း အသာအယာ ပြောလိုက်သည်။
အခြားသူများကလည်း တွန့်ဆုတ်နေကြရာ မကြာမီမှာပင် ကျင်းပေါင်ကျစ်မှာ လူအုပ်ထဲတွင် တစ်ယောက်တည်း အထီးကျန်စွာ ကျန်ရစ်တော့သည်။
လီရှု့ဝူ၏ ဇနီးက ကျင်းပေါင်ကျစ် ရှုံးနိမ့်သွားပါက သူမအတွက် အခွင့်အရေး ရလာမည်ဟု ထင်ကာ ကျေနပ်စွာ ကြည့်နေခဲ့သည်။
ထိုစဉ် တစ်စုံတစ်ယောက်က လက်ထောင်လိုက်သည်— ထိုသူမှာ ယန်ရွှယ် ဖြစ်သည်။
ကျင်းပေါင်ကျစ်ပင်လျှင် အံ့အားသင့်သွားခဲ့သည်။ ဤအချိန်တွင် လက်တစ်ဖက်တည်း ထောင်ခြင်းက ဘာမှမပြောင်းလဲနိုင်သလို၊ ယွီချွေ့ယွင်နှင့် ချန်ယွီကျန်းတို့ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်လိုက်ခြင်းပင် ဖြစ်သည်။
ယွီချွေ့ယွင်၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားခဲ့သည်။ ချန်ယွီကျန်းကတော့ ပြုံးမြဲပြုံးလျက် ယန်ရွှယ်ကို လှည့်ကြည့်ခဲ့သည်။
ယန်ရွှယ်က အပြစ်ကင်းစင်ဟန်ဖြင့် မျက်တောင်ခတ်လိုက်ကာ "မျှတမှုရှိချင်တယ်ဆိုရင်တော့ လျှို့ဝှက်မဲပေးစနစ်နဲ့ လုပ်သင့်တာ မဟုတ်ဘူးလား?" ဟု မေးလိုက်သည်။
"လျှို့ဝှက်မဲပေးစနစ်လား?"
ကျင်းပေါင်ကျစ် ဒါကို မစဉ်းစားမိခဲ့ပေ။
"ဟုတ်တယ်လေ" ယန်ရွှယ် ပြောလိုက်သည်။
"ရွာတွေမှာ ခေါင်းဆောင်ရွေးတာပဲဖြစ်ဖြစ်၊ ကျောင်းမှာ အတန်းခေါင်းဆောင်ရွေးတာပဲဖြစ်ဖြစ် အမည်မဖော်ဘဲ မဲပေးကြတာ မဟုတ်လား?"
ကျင်းပေါင်ကျစ် သဘောပေါက်သွားပြီး အတွင်းရေးမှူးလျန်ဘက် လှည့်ကာ ပြောလိုက်သည်။ "မျှတမှုရှိဖို့အတွက် လျှို့ဝှက်မဲပေးစနစ်နဲ့ လုပ်ပေးဖို့ ကျွန်မ တောင်းဆိုပါတယ်"
ယွီချွေ့ယွင် မကန့်ကွက်နိုင်မီမှာပင် အတွင်းရေးမှူးလျန်က သဘောတူလိုက်ပြီး ရုံးခန်းထဲမှ စက္ကူနှင့် ဘောပင်များကို သွားယူခိုင်းလိုက်သည်။
နောက်ဆုံးတွင် အဖွဲ့ဝင် ၃၀ ကျော် မဲပေးခဲ့ကြသည်။ မဲမပေးသူ ၂ ဦးနှင့် ကန့်ကွက်မဲ ၉ မဲသာရှိပြီး ကျန်ရှိသော မဲ ၂၀ ကျော်မှာ ကျင်းပေါင်ကျစ်ကို အမြဲတမ်းဝန်ထမ်းအဖြစ် ထောက်ခံခဲ့ကြသည်။
ယွီချွေ့ယွင်၏ ကြိုးပမ်းမှုများမှာ အချည်းနှီး ဖြစ်သွားသဖြင့် သူမမှာ အကြီးအကျယ် ဒေါသထွက်နေတော့သည်။ ချန်ယွီကျန်းကတော့ ပြုံးလျက်ပင် ကျင်းပေါင်ကျစ်အား ဂုဏ်ပြုစကား ပြောခဲ့သည်။ "ရလဒ်တွေ ထွက်လာပြီဆိုတော့ လောင်လင်းကို ငါ အကြောင်းကြားလိုက်ပါ့မယ်" သူမသည် ယွီချွေ့ယွင်ကို ဆွဲခေါ်သွားခဲ့သည်။
ယွီချွေ့ယွင်သည် မကျေမနပ်ဖြင့် ထွက်သွားရင်း ယန်ရွှယ်နှင့် ကျင်းပေါင်ကျစ်တို့ကို တစ်လှည့်စီ စိုက်ကြည့်သွားခဲ့သည်။
လီရှုဝူ၏ ဇနီးလည်း မကျေမနပ် ဖြစ်နေခဲ့သည်။ "ဒါတွေ အကုန်လုပ်ပြီးမှ သူပဲ ပြန်ရသွားတာပဲ။ အပိုတွေ လုပ်နေတာ"
ယွီချွေ့ယွင် ကြားသွားပြီး "နင် ဘယ်သူ့ကို ပြောတာလဲ?" ဟု ငေါက်လိုက်ရာ လီရှုဝူ၏ ဇနီးမှာ ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။
အခြားသူများမှာလည်း မည်သို့ပင် မဲပေးခဲ့သည်ဖြစ်စေ ကျင်းပေါင်ကျစ်ကို ဂုဏ်ပြုကြပြီး ယွီချွေ့ယွင်နှင့် ချန်ယွီကျန်းတို့အကြောင်း တိုးတိုးတိတ်တိတ် ပြောဆိုခဲ့ကြသည်။ လူစုခွဲသွားသောအခါ ကျင်းပေါင်ကျစ်သည် ယန်ရွှယ်၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်"
သူမသည် စကားအများကြီး ပြောတတ်သူ မဟုတ်သော်လည်း ဆုပ်ကိုင်ထားသော လက်၏ အင်အားက သူမ၏ စိတ်ရင်းကို ဖော်ပြနေသည်။
ယန်ရွှယ် ပြုံးလိုက်မိသည်။ "အစ်မတစ်ယောက်တည်းအတွက် လုပ်ပေးတာ မဟုတ်ပါဘူး။ အားလုံးအတွက်၊ ကျွန်မအတွက်လည်း ပါတာပေါ့။ သူတို့သာ အစ်မကို ဖယ်ထုတ်နိုင်သွားရင် နောက်တစ်ယောက်က ကျွန်မ ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ?"
လျှို့ဝှက်မဲပေးစနစ်တွင် လူအများစုက ကျင်းပေါင်ကျစ်ကို မဲပေးခဲ့ကြခြင်းမှာလည်း ထိုအကြောင်းကြောင့်ပင် ဖြစ်သည်။
သို့သော် ကျင်းပေါင်ကျစ်က အတင်းပြောခဲ့သည်။ "ဒါပေမဲ့လည်း နင့်ကို ကျေးဇူးတင်ရမှာပဲ။ နင်သာ မရှိရင် ငါ ဒီနေရာကို ရမှာမဟုတ်ဘူး"
"ဒါဆို အတွင်းရေးမှူးလျန်ကိုလည်း ကျေးဇူးတင်လိုက်ပါဦး" ယန်ရွှယ်က သူမ၏ ထင်မြင်ချက်ကို ပြောပြခဲ့သည်။
"ကျွန်မအထင်တော့ သူလည်းပဲ နောက်တစ်ကြိမ် ပြန်ပြီး မဲခွဲတာမျိုးကို မလိုလားခောက်ဘူး။ ဒါပေမဲ့ သူက ယွီချွေ့ယွင်နဲ့ ခေါင်းဆောင် လင်းတို့ကို ပေါ်တင် ဆန်ကျင်လို့ မရတာဖြစ်မယ် "
ကျင်းပေါင်ကျစ်က ခေါင်းငြိမ့်ကာ ကျေးဇူးတင်စကား ထပ်ပြောပြီးမှ လက်ကို လွှတ်လိုက်သည်။
ထိုညတွင် ချီဖန့်သည် ရှစ်နာရီမထိုးမီ ၇ နာရီ ၅၅ မိနစ်တွင် ပြန်ရောက်လာခဲ့သည်။
သူသည် လက်ကို သေသေချာချာ ဆေးကြောပြီးနောက် စားပွဲတွင် ထိုင်ကာ မှတ်စုစာအုပ်နှင့် ဘောပင်ကို ထုတ်ပြီး မေးခဲ့သည်။"ဒီနေ့ အစည်းအဝေးမှာ ဘာတွေပြောကြတာလဲ"
သူသည် စကားနည်းသူ ဖြစ်သည်။ သူ မမေးလျှင် ယန်ရွှယ်ကလည်း ပြောပြမည် မဟုတ်ပေ။ သို့သော် သူ မေးလာသဖြင့် သူမက အကြောင်းအရာအားလုံးကို ပြောပြလိုက်သည်။
လျိုဝေကောနှင့် မတူသည်မှာ ချီဖန့်သည် ဇနီးဖြစ်သူ၏ စိုးရိမ်ပူပန်မှုများကို လျစ်လျူမရှုဘဲ အလေးအနက် နားထောင်ပေးခြင်းပင် ဖြစ်သည်။ သူက အရေးကြီးသော နေရာများတွင် မော့ကြည့်ပြီး မှတ်ချက်ပေးခဲ့သည်။ "အတွင်းရေးမှူးလျန်က အဲဒီအချက်ကို တမင် ချန်ထားခဲ့တာ ဖြစ်မယ်"
"ဟုတ်တယ်မလား? ကျွန်မလည်း အဲလိုပဲ တွေးတာ။" ယန်ရွှယ် ပြုံးလိုက်မိသည်။ "အဲဒါကြောင့် အစ်မကျင်းပေါင်ကျစ်ကို သူ့ကို ကျေးဇူးတင်ဖို့ သွားပြောခိုင်းလိုက်တယ်"
အတွင်းရေးမှူးလျန်သည် တရားမျှတမှုအတွက် တမင်ချန်လှပ်ထားခဲ့သည်ဖြစ်စေ၊ ယွီချွေ့ယွင်တို့ ဝင်ပါသည်ကို မကြိုက်၍ ဖြစ်စေ ကျင်းပေါင်ကျစ်ကတော့ အကျိုးကျေးဇူး ခံစားရသူ ဖြစ်သည်။ ထို့ကြောင့် ကျေးဇူးတင်စကား ပြောခြင်းက အတွင်းရေးမှူးလျန်၏ စိတ်ကျေနပ်မှုကို ပိုရရှိစေမည် ဖြစ်သည်။
ချီဖန့်က သူမကို မေးမြန်းခဲ့သဖြင့် ယန်ရွှယ်ကလည်း ပြန်မေးလိုက်သည်။"ဒီနေ့ ပြုပြင်ရေးစက်ရုံမှာ ထရက်တာ ဖြုတ်တာ ဘယ်အဆင့် ရောက်ပြီလဲ?"
"အပြင်ပိုင်းနဲ့ သံလမ်းတွေကို ဖြုတ်နေတုန်းပဲ။ အထဲက အဓိက အစိတ်အပိုင်းတွေကိုတော့ မရောက်သေးဘူး၊ ဒါကြောင့် တည်ဆောက်ပုံအရတော့ အပြောင်းအလဲ သိပ်မရှိသေးဘူး။ ဒါပေမဲ့ အသုံးပြုထားတဲ့ ကုန်ကြမ်းပိုင်းမှာတော့ အများကြီး တိုးတက်လာတာ တွေ့ရတယ်"
ထိုသို့ပြောရင်း ချီဖန့် ခေတ္တရပ်သွားသည်။ အမျိုးသမီးအများစုမှာ ဒါမျိုးတွေကို စိတ်မဝင်စားတတ်ကြမှန်း သူ သတိရသွားသောကြောင့် ဖြစ်သည်။
သို့သော် သူ အံ့အားသင့်သွားရသည်မှာ ယန်ရွှယ်မှာ ငြီးငွေ့ဟန် မပြဘဲ သူမ၏ မျက်လုံးလေးများဖြင့် သူ ဆက်ပြောရန် စောင့်ဆိုင်းနေခြင်းပင်။
ချီဖန့်က ပုံကို ဆက်ဆွဲရင်း ရှင်းပြခဲ့သည်။ "ဆိုဗီယက် ထရက်တာတွေမှာ နီကယ်-ခရိုမီယမ် အလွိုင်း (nickel-chromium alloy) တွေကို အများကြီး သုံးခဲ့ပေမဲ့၊ ကိုယ်တို့နိုင်ငံမှာ အဲဒီသတ္တုတွေ နည်းပါးလို့ အခုက မဂ္ဂနိစ်-အလူမီနီယံ (manganese-aluminum) ကို ပြောင်းသုံးထားကြတယ်"
ယန်ရွှယ်သည် သူ ဆွဲနေသော ကျူချိုင်-၅၀ ထရက်တာ၏ အစိတ်အပိုင်းပုံကို မြင်လိုက်ရသည်။ ထိုပုံတွင် အတိုင်းအတာများပါ တိကျစွာ ပါဝင်နေသည်။
"ရှင် ဒါတွေအကုန် မှတ်မိတာလား?"
"အင်း... တခြားလူတွေ ပြောတာကိုလည်း မှတ်ထားတာပါ"
သူ့ရဲ့ မှတ်ဉာဏ်က အံ့ဩစရာကောင်းလောက်အောင် ထက်မြက်လွန်းလှတာကြောင့် ယန်ရွှယ် တစ်ယောက် မနာလိုစိတ် အနည်းငယ်ဖြစ်မိသွားတာကို မအောင့်တားနိုင်ခဲ့ချေ။
"ရှင်သာ စောစောမွေးခဲ့ရင် တက္ကသိုလ်တက်ခွင့်ရပြီး အင်ဂျင်နီယာတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေး ရှိခဲ့မှာ"
သူမ စကားမဆုံးခင်မှာပင် ချီဖန့်၏ ခဲတံက ရပ်တန့်သွားပြီး သူမကို ရုတ်တရက် မော့ကြည့်လိုက်သည်။
ယန်ရွှယ်သည် ဤသို့ ခံစားရသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ထုတ်ဖော်ပြောဆိုလိုက်သည်မှာ ယခုမှ ပထမဆုံး ဖြစ်သည်။
ယခင်က သူတို့နှစ်ဦးကြားတွင် အပြန်အလှန် ဆက်ဆံမှု သိပ်မရှိခဲ့ပေ။ စကားပြောဖြစ်လျှင်ပင် အလုပ်ကိစ္စများကိုသာ အဓိကထား ပြောဆိုကြပြီး ဤကဲ့သို့သော အတွေးမျိုးကို ဝေမျှနိုင်လောက်သည့် အခြေအနေမျိုး မရှိခဲ့ပေ။
သို့သော် ယခုအခါတွင်မူ သူတို့ စကားပြောဖြစ်သည့်အကြိမ် ပိုများလာကာ တစ်ခါတစ်ရံ တစ်ယောက်ကိုတစ်ယောက် စနောက်တတ်လာကြသည်။ ထို့ကြောင့် အချိန်အခါသင့်သည်ဟု ထင်ရချိန်တွင် ယန်ရွှယ်က ထိုစကားကို ပေါ့ပေါ့ပါးပါးပင် ပြောလိုက်မိသည်။
မမျှော်လင့်ဘဲ ချီဖန့်က သူမကို စိုက်ကြည့်ကာ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ ၁၅ ဝပ် မီးသီး၏ အလင်းရောင်မှာ မလင်းလွန်း၍လား၊ သို့မဟုတ် သူ၏ သူငယ်အိမ်များကပင် အလွန်နက်မှောင်လွန်း၍လား မသိသော်လည်း ချီဖန့်၏ မျက်လုံးများမှာ ဝေခွဲမရနိုင်လောက်အောင် နက်ရှိုင်းနေသည်ဟု ယန်ရွှယ် ခံစားလိုက်ရသည်။
၎င်းက သူမကို အနေရခက်စေသည်။ သူမ၏ စကားများက သူ၏ ထိခိုက်လွယ်သော အကြောတစ်ခုခုကို သွားပွတ်မိ၍ သူ စိတ်မသက်မသာ ဖြစ်သွားသည်လားဟုပင် ထင်မိသည်။
.......
ချီဖန့် - "ခဏလေး... တစ်ခုခုတော့ မှားနေပြီ။"