အခန်း (၁၃၈)
Vol. 14 Ch. 138
၇၀ ခုနှစ်က မုဆိုးမလေး
အပိုင်း ၁၃၈
ကျန်းနျန် ပြုံးပြီး ပြောလိုက်သည်။ "အစ်မယွီက အဲ့ဒီလို ပြောမှတော့ ကျွန်မ ပန်းထိုးတဲ့အခါ အစွမ်းကုန် ကြိုးစားပါ့မယ်။ အစ်မရဲ့ စေတနာပါတဲ့ သတိပေးချက်ကို အလဟဿ မဖြစ်စေရပါဘူး။"
ယွီရှက ခေါင်းညိတ်ပြပြီး ကျန်းနျန်ကို လျစ်လျူရှုကာ သူမ၏ ပန်းထိုးအလုပ်ကို ဆက်လုပ်နေသည်။
တုန်းရှု့နှင့် ကျားယွမ်တို့ကမူ ကျန်းနျန်ကို ရယ်ချင်စရာကောင်းသလို ကြည့်နေကြသည်။
အစွမ်းကုန် ကြိုးစားမယ်ဟုတ်လား။
သူမအရွယ်လေးနဲ့ ပန်းထိုးတာက ဘယ်လောက်တောင် တော်နေလို့လဲ။ ယွီရှကိုတောင် ကျော်နိုင်မှာမို့လို့လား။
နံရံဘေးတွင် အားနေသော ပန်းထိုးဘောင်တစ်ခု ရှိသည်။ ကျန်းနျန်သည် ထိုဘောင်ကို ရှု့ရွှယ်ဘေးက ပြတင်းပေါက်နားသို့ ရွှေ့လိုက်ပြီး ထိုင်လိုက်သည်။ စုနသည် အပြင်ခန်းမှ ဝင်လာပြီး ကျန်းနျန်အတွက် နူးညံ့သော ပန်းထိုးအထည်တစ်စကို လာပေးကာ ဒီဇိုင်းကို သွားယူပေးသည်။ သူမ ပြောလိုက်သည်။ "ရဲဘော်ကျန်း၊ ဒါက မင်းလုပ်ရမယ့် အထည်ပဲ။"
"ကျေးဇူးတင်ပါတယ်။"
ကျန်းနျန်သည် ဒီဇိုင်းကို ယူလိုက်ပြီး ကျွမ်းကျင်စွာပင် အထည်ကို ပန်းထိုးဘောင်တွင် တပ်ဆင်လိုက်သည်။ ထို့နောက် အပ်ချည်များကို စနစ်တကျ စီပြီး ဒီဇိုင်းကို ပေါင်ပေါ်တင်ကာ တိတ်တဆိတ် လေ့လာနေခဲ့သည်။ သူမသည် အချိန်အတော်ကြာအောင် လေ့လာနေသဖြင့် ရှု့ရွှယ်မှာ သူမကို ခဏခဏ လှမ်းကြည့်နေမိသည်။ ကျန်းနျန်က လှည့်ပြီး ပြုံးပြလိုက်သည်။
ရှု့ရွှယ်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် တိုးတိုးလေး မေးခဲ့သည်။ "အလုပ် မစသေးဘူးလား။"
ကျန်းနျန် ဒီဇိုင်းကို ကြည့်နေသည်မှာ တစ်နာရီနီးပါး ရှိနေပြီဖြစ်သည်။
ကျန်းနျန်၏ အရှေ့တွင် ထိုင်နေသော ကျားယွမ်က လှည့်ကြည့်ကာ လှောင်ပြောင်လိုက်သည်။ "ဘယ်က စရမှန်း မသိလို့ ဖြစ်မှာပေါ့။ သူ အချိန်ဖြုန်းနေတဲ့ တစ်နာရီအတွင်း ငါကတော့ ပန်းတစ်ပွင့်တောင် ပြီးနေပြီ။"
ရှု့ရွှယ်ဘေးတွင် ထိုင်နေသော ဖန်ရှန်းကလည်း ကျန်းနျန်ကို လှမ်းကြည့်သည်။
ကျန်းနျန်က ကျားယွမ်၏ လှောင်ပြောင်မှုကို လျစ်လျူရှုကာ သူမဘာသာ ပြောချင်ရာပြောခွင့် ပေးထားလိုက်သည်။ ကျားယွမ်ကမူ ကျန်းနျန် အမှားလုပ်မိမှာကို မြင်ချင်ဇောဖြင့် ပို၍ပင် စိတ်အားထက်သန်နေသည်။
တုန်းရှု့နှင့် ယွီရှတို့လည်း လှမ်းကြည့်လိုက်ရာ၊ ကျန်းနျန်မှာ ပေါင်ပေါ်က ဒီဇိုင်းပေါ်သို့ ငုံ့ကြည့်နေပြီး သူမ၏ ဆံပင်စလေးများက ဖြူဖွေးသော အသားအရေပေါ်တွင် အရိပ်ကျနေသည်။ ပန်းမထိုးရသေးသော်လည်း သူမ၏ ဟန်ပန်မှာ အတော်ပင် အထင်ကြီးစရာ ကောင်းလှသည်။
ကျန်းနျန်သည် နေ့လယ်စာစားချိန်အထိ ထိုနေရာတွင် ထိုင်နေခဲ့သည်။ သူမ အပ်တစ်ချက်မှ မထိုးရသေးသည်ကို မြင်သောအခါ ကျားယွမ်က ထပ်၍ လှောင်ပြောင်ပြန်သည်။ "တစ်မနက်လုံး ထိုင်နေတာ ဘာမှ မလုပ်ရသေးဘူး။ ဘယ်က စရမှန်း မသိလို့လား။ ငါ သင်ပေးဖို့ လိုလား။"
ဖန်ရှန်းက ဖျောင်းဖျခဲ့သည်။ "အစ်မကျား ထမင်းသွားစားကြရအောင်။"
ကျားယွမ်က ဖန်ရှန်းကို ဂရုမစိုက်ဘဲ ဆက်ပြောခဲ့သည်။ "နေ့လယ်စာ စားပြီးရင်လည်း တစ်နေ့ခင်းလုံး ထိုင်နေဦးမှာလား။"
နောက်ဆုံးတွင် ကျန်းနျန် တုံ့ပြန်လိုက်သည်။ သူမသည် ဒီဇိုင်းကို ခေါက်လိုက်ပြီး မတ်တပ်ရပ်ကာ ကျားယွမ်ကို ကြည့်လိုက်သည်။ "နင်သာ ငြိမ်ငြိမ်နေရင် ဘယ်သူကမှ နင့်ကို လူအလို့ ထင်မှာမဟုတ်ဘူး။"
ထို့နောက် သူမ အပြင်သို့ လမ်းလျှောက်ထွက်သွားပြီး စုနကို မေးသည်။ "ကျွန်မရဲ့ ထမင်းဘူးက စုနဆီမှာလား။"
စုန ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့၊ အစ်မကောက မနေ့က ပေးထားတယ်။"
"ကျန်းနျန်၊ နင် အခု ဘာပြောလိုက်တာလဲ။"
ကျားယွမ်က အော်ဟစ်ကာ သူမနောက်သို့ လိုက်ပြီး ဆက်လှောင်ပြောင်ရန် ပြင်သော်လည်း၊ ကျန်းနျန်၏ အသံမှာ လိုက်ကာအပြင်ဘက်မှ ထွက်ပေါ်လာသည်။ "ကျားယွမ်... လုပ်ဖော်ကိုင်ဖက်အသစ်ကို ရန်စပြီး ပစ်မှတ်ထားတဲ့အတွက် နင့်ကို ဒါရိုက်တာဆီ တိုင်အောင် မလုပ်နဲ့။ အဲ့ဒီလို အပြုအမူက တကယ့်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေတာပဲ။"
ကျားယွမ်မှာ ပို၍ စိတ်တိုသွားခဲ့သည်။ သူမသည် လိုက်ကာကို အတင်းဆွဲဖွင့်လိုက်ပြီး ကျန်းနျန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "တိုင်ချင်ရင် တိုင်လိုက်လေ။ ငါက နင့်ကို ကြောက်နေမယ် ထင်လို့လား။ ဒါရိုက်တာလာမေးရင် ငါက တစ်ယောက်ယောက်ကို အနိုင်ကျင့်နေပါတယ်လို့ ဘယ်သူက သက်သေပြမှာလဲ။"
ထိုသို့ပြောပြီးနောက် သူမသည် မေးကို မာန်ပါပါ မော့လိုက်သည်။
ကျားယွမ်သည် သူမ၏ ယောက္ခမများကို အားကိုးကာ ရောင့်တက်နေပြီး ကောမိန်ကိုပင် ဂရုမစိုက်ကြောင်း ကျန်းနျန် သိသည်။ အစပိုင်းတွင် သူမ လျစ်လျူရှုထားရန် ကြံရွယ်ထားသော်လည်း ယခုမူ ကျားယွမ်၏ မောက်မာမှုကို ထိန်းချုပ်ရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။
ကျန်းနျန်သည် စုနထံမှ ထမင်းဘူးကို ယူရင်း ပြောလိုက်သည်။ "နင့်ကို တိုင်ဖို့က လွယ်လွယ်လေးပါ။ နင့်ရဲ့ အပြုအမူကို အထက်လူကြီးတွေဆီအထိ ငါ တင်ပြမှာ။ ငါတို့ဆိုင်ထဲက လူတွေကိုတင် မဟုတ်ဘဲ အထည်စက်ရုံက လူတွေကိုပါ သူတို့ စုံစမ်းလိမ့်မယ်လို့ ငါယုံကြည်တယ်။"
ကျားယွမ်၏ မျက်နှာ ပျက်သွားသည်ကို မြင်သောအခါ ကျန်းနျန် ဆက်ပြောလိုက်သည်။ "ပန်းထိုးဆိုင်ထဲမှာ သက်သေမရှိရင်တောင် အထည်စက်ရုံကြီးထဲမှာ ဘာတွေ ပေါ်ထွက်လာမလဲဆိုတာ ဘယ်သူသိမှာလဲ။ နင်က လူတိုင်းရဲ့ ပါးစပ်ကို ပိတ်ထားနိုင်ရင်တောင် ငါကတော့ အထက်လူကြီးတွေကို တိုင်မှာပဲ။ လူတိုင်းရဲ့ ပါးစပ်ကို ပိတ်ထားနိုင်လောက်အောင် စွမ်းတဲ့ ပန်းထိုးသမားတစ်ယောက်အကြောင်း ငါ တိုင်ပြမယ်။ နိုင်ငံပိုင် စက်ရုံထဲက ပုပ်သိုးနေတဲ့ အသီးအနှံတွေကို ဖယ်ရှားပြီး မကောင်းတဲ့ အမူအကျင့်တွေကို ပြင်ဖို့အတွက် ငါတို့ ခေါင်းဆောင်တွေက သေသေချာချာ စုံစမ်းစစ်ဆေးလိမ့်မယ်လို့ ငါ ယုံကြည်တယ်။"
ဆိုင်ထဲရှိ လူတိုင်းမှာ မှင်သက်သွားကြသည်။ အသစ်ရောက်လာသူလေးက ဤမျှ စကားပြောထက်မြက်ပြီး အချက်ကျကျ ပြောနိုင်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
ကျားယွမ်သည် သူမ၏ ယောက္ခမများ အဆင့်အတန်းကို အမြဲတမ်း ကြွားဝါလေ့ရှိပြီး သူမကိုယ်သူမ အဆင့်မြင့်သည်ဟု ထင်နေသူဖြစ်သည်။ ဆိုင်ထဲတွင် ဘာမှသက်သေမပြနိုင်လျှင်တောင် အထည်စက်ရုံထဲမှ မကျေနပ်ချက်များ ထွက်ပေါ်လာပါက သူမအတွက်သာမက သူမ၏ ယောက္ခမများအတွက်ပါ ပြဿနာဖြစ်လာနိုင်သည်။ ၎င်းက သူမ၏ အိမ်တွင်းရေးကိုပါ ထိခိုက်စေမည်ဖြစ်သည်။
ထိုအချက်ကို သိလိုက်ရသောအခါ ကျားယွမ်မှာ ဒေါသထွက်နေသော်လည်း ပြန်မပြောရဲတော့ပေ။
ကျန်းနျန်၏ စကားများက ကျားယွမ်ကို နှုတ်ပိတ်သွားစေရုံသာမက တုန်းရှု့ကိုလည်း ပို၍ ထိန်းထိန်းသိမ်းသိမ်း ဖြစ်သွားစေသည်။
မည်သို့ပင်ဆိုစေ ကောမိန်မှာ ဒါရိုက်တာဖြစ်ပြီး အခြားသူများကဲ့သို့ လွတ်လပ်စွာ လုပ်ချင်ရာလုပ်၍ မရပေ။ သူမသာ ကျားယွမ်ကို ရန်စမိလျှင် ကျားယွမ်က အခြားသူများနှင့် ပေါင်းကာ ကောမိန်ကို အထက်လူကြီးဆီ တိုင်စာရေးလိမ့်မည်။ ကောမိန် ဘာမှမလုပ်ခဲ့လျှင်တောင် ထိခိုက်မှုတော့ ရှိမည်ဖြစ်သည်။
ယခုမှပင် ကျန်းနျန်သည် ကောမိန်အတွက် လွန်ခဲ့သော ခြောက်လမှာ မည်မျှ ခက်ခဲခဲ့သည်ကို နားလည်သွားသည်။ ကောမိန်က သူမကို မြို့သို့လာရန် မကြာခဏ ဖုန်းဆက်ပြောခဲ့သည်မှာ မထူးဆန်းတော့ပေ။
ကျန်းနျန်သည် ထမင်းဘူကိုယူကာ အထည်စက်ရုံ၏ ကန်တင်းသို့ သွားခဲ့သည်။ ထမင်းစားနေစဉ် ကျားယွမ်မှာ သူမ၏ ယောက္ခမ ဖြစ်ဟန်တူသော အမျိုးသမီးကြီးတစ်ဦးနှင့် ခင်ပွန်းဖြစ်ဟန်တူသော အမျိုးသားတစ်ဦးတို့နှင့် အတူထိုင်နေသည်ကို တွေ့လိုက်ရသည်။ တစ်ခဏအကြာတွင် တစ်စုံတစ်ယောက်က သူမ၏ အမြင်ကို ပိတ်လိုက်သဖြင့် မော့ကြည့်လိုက်ရာ ကောမိန်က သူမရှေ့တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
သူမ ပြုံးလျက် ပြောလိုက်သည်။ "အစ်မ အလုပ်ပြီးပြီလား။"
ကောမိန်သည် အနည်းငယ် မောပန်းနေပုံရသော်လည်း ခေါင်းညိတ်ပြခဲ့သည်။ "ပြီးသလောက် ရှိပါပြီ။"
ဟင်းရည်တစ်ငုံ သောက်ပြီးနောက် ကောမိန်က ပြုံးကာ ပြောလိုက်သည်။ "ဘာတွေ ဖြစ်ခဲ့လဲဆိုတာ စုန ငါ့ကို ပြောပြတယ်။"
ကျန်းနျန် မေးလိုက်သည်။ "စုနက ဘယ်လိုလဲ။"
ကောမိန်က သူမ၏ စိုးရိမ်မှုကို နားလည်လိုက်သည်။ "သူမက လူကောင်းပါ။ ငါ့ကို အများကြီး ကူညီပေးတယ်။" သူမက ကျန်းနျန်၏ ပန်းကန်ထဲသို့ အသားဟင်းများ ထည့်ပေးရင်း ပြောလိုက်သည်။"ကျန်းနျန်... ငါ့ဘဝမှာ အကံအကောင်းဆုံးက မင်းနဲ့ သိခွင့်ရတာပဲ။"
ကျန်းနျန်သည် ဟင်းကို ကြည့်ရင်း ပြုံးလျက် ပြောလိုက်သည်။ "အစ်မ ပေးမှတော့ ကျွန်မ အားမနာတော့ဘူးနော်။"
ကောမိန် ကျေနပ်သွားခဲ့သည်။ "စား... များများစား။"
ထမင်းစားပြီးနောက် ကောမိန် ထွက်သွားခဲ့သည်။ အတင်းအဖျင်းများ မဖြစ်စေရန် ကျန်းနျန်နှင့် အကြာကြီး အတူမနေခဲ့ပေ။ ကျန်းနျန်လည်း ဆိုင်သို့ ပြန်လာခဲ့သည်။ သူမ အပ်ချည်ထိုးရန် ပြင်ဆင်နေချိန်တွင် အခြားသူများလည်း တဖြည်းဖြည်း ပြန်ရောက်လာကြသည်။
သူမဘေးတွင် ထိုင်နေသော ရှု့ရွှယ်မှာ ကျန်းနျန်၏ ကျွမ်းကျင်လှသော လက်လှုပ်ရှားမှုများနှင့် လက်ရာများကို ကြည့်နေခဲ့သည်။ ယနေ့မနက်က သူမအပေါ် သံသယရှိခဲ့သည်များ ပျောက်ကွယ်သွားပြီး စူးစမ်းမေးမြန်းသည်။ "ဒီဇိုင်းကို ထပ်မကြည့်တော့ဘူးလား။"
ကျန်းနျန်က ပြုံး၍ ဖြေလိုက်သည်။ "ကျွန်မ အလွတ်ရသွားပြီ။"
ရှု့ရွှယ်မှာ အံ့အားသင့်ကာ မျက်လုံးများ ပြူးသွားခဲ့သည်။ "တစ်မနက်လုံး အဲ့ဒါကို အလွတ်ကျက်နေတာလား။"
ကျန်းနျန် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်။"
ရှု့ရွှယ်မှာ စိုးရိမ်နေဆဲဖြစ်ပြီး တိုးတိုးလေး မေးခဲ့သည်။ "အရောင်တွေနဲ့ အသေးစိတ်တွေကို မှားမှာ မစိုးရိမ်ဘူးလား။"
ဘေးနားတွင်ရှိနေသော ဖန်ရှန်းကလည်း ကြားသွားပြီး ကျန်းနျန်ကို စူးစမ်းစွာ လှမ်းကြည့်သည်။ ကျန်းနျန်၏ လက်များမှာ မြန်ဆန်လှပြီး သူမ၏ နည်းစနစ်များမှာ အတွေ့အကြုံရှိမှုကို သိသာစေသည်။ အစ်မယွီထက်ပင် သာလွန်ပုံရသည်။ တုန်းရှု့နှင့် အခြားသူများကလည်း ကျန်းနျန်၏ လက်ချောင်းများကို စိုက်ကြည့်နေကြသည်။
သူမ၏ လက်များမှာ ဖြူဖွေးပြီး သွယ်လျလှပသော လက်ချောင်းများ ရှိရာ အပ်ကို ကိုင်ထားသည်မှာပင် အလွန်တင့်တယ်လှသည်။
ကျန်းနျန် ပြောလိုက်သည်။ "မလိုပါဘူး။"
သူမ၏ လေယူလေသိမ်းမှာ ယုံကြည်မှုအပြည့်ဖြင့် ရှိနေသည်။
တုန်းရှု့က မျက်မှောင်ကြုတ်ပြီး ကျန်းနျန်၏ ပန်းထိုးမှုကို စိုက်ကြည့်နေပြီးမှ ယွီရှကို လှမ်းကြည့်ခဲ့သည်။ ယွီရှလည်း ကြည့်နေသည်ကို တွေ့လိုက်ရသည်။ တုန်းရှု့ ပြောလိုက်သည်။ "မှတ်ဉာဏ် ဘယ်လောက်ကောင်းကောင်း အမှားတော့ ရှိမှာပဲ။ အပေါ်ယံပဲ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။"
ယွီရှ ပြုံးလိုက်သည်။ "ဒီဇိုင်းကို မကြာခဏ ပြန်ကြည့်တာက ပိုစိတ်ချရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲရင် အရောင်တွေ၊ ပုံစံတွေ မှားနိုင်တယ်၊ ဒါဆို အပ်ချည်ရော အထည်ရော အလဟဿ ဖြစ်ကုန်မှာပေါ့။ အထူးသဖြင့် နိုင်ငံခြားပို့မယ့် အထည်တွေဆိုတော့ အမှားအယွင်း ရှိလို့ မဖြစ်ဘူး။"
ကျန်းနျန် ပြန်ပြောလိုက်သည်။ "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မယွီ။ ကျွန်မ မှတ်ထားပါ့မယ်။"
သူမ ဘာမှ ထပ်မပြောတော့ပါ။
ကျန်းနျန်၏ ကျွမ်းကျင်လှသော လက်ရာကို မြင်သောအခါ ကျားယွမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူမအလုပ်ကိုသာ ဆက်လုပ်နေသည်။
ပန်းထိုးဆိုင်မှာ တစ်နေ့ခင်းလုံး တိတ်ဆိတ်နေခဲ့သည်။ ကျန်လူအချို့က ကျန်းနျန်၏ လက်ရာကို လာကြည့်ကြပြီး အထူးသဖြင့် ဘေးမှာထိုင်နေသော ရှု့ရွှယ်က ပို၍ စိတ်ဝင်စားနေသည်။ သူမသည် ကျန်းနျန်ကို ကြည့်ရင်း စိတ်ပျံ့လွင့်သွားသဖြင့် အပ်ဖြင့် အကြိမ်ကြိမ် စူးမိသွားသည်။
ကျန်းနျန်မှာ ရယ်ချင်စိတ်ကို အောင့်ထားပြီး ဘာမှထုတ်မပြောခဲ့ပေ။
အရှေ့တွင် ထိုင်နေသော ယွီရှနှင့် တုန်းရှု့တို့မှာလည်း ကျန်းနျန်ဘက်သို့ မကြာခဏ လှည့်ကြည့်ကြသည်။ ဒီဇိုင်းကို တစ်ချက်မှ ပြန်မကြည့်ဘဲ တိတ်တဆိတ် ပန်းထိုးနေသော ကျန်းနျန်ကို မြင်သောအခါ ယွီရှ မျက်မှောင်ကြုတ်သွားပြီး သူမ၏ အတွေးများ ရှုပ်ထွေးသွားခဲ့သည်။
သူမနှင့် တုန်းရှု့သည် အကြည့်ချင်း ဖလှယ်လိုက်သော်လည်း ဘာစကားမှ မပြောကြပေ။
သို့သော် ကျားယွမ်မှာမူ နောက်သို့ မှီချလိုက်၊ လှုပ်လိုက်ဖြင့် ကျန်းနျန်၏ ပန်းထိုးဘောင်ကို အကြိမ်ကြိမ် တိုက်မိလုနီးပါး ဖြစ်နေသည်။ သူမ ထပ်လုပ်ရန် ပြင်လိုက်စဉ် ကျန်းနျန်၏ အေးစက်သော အသံက အနောက်မှ ထွက်လာသည်။ "ငါ့ရဲ့ အပ်က မျက်စိမပါဘူးနော်။ နင့်ဘာသာနင် သတိထားတာ ကောင်းလိမ့်မယ်။"
ကျားယွမ်သည် နောက်သို့ ထပ်မှီရန် ပြင်လိုက်စဉ်မှာပင် ကျောပြင်ကြီး တောင့်သွားခဲ့သည်။
သူမသည် သူမကိုယ်သူမ ဒဏ်ရာအနာတရ မဖြစ်စေချင်သဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ငါက ညောင်းလို့ အကြောဆန့်တာပါ။ မတော်တဆ တိုက်မိတာကို နင်က ဘာလို့ ခြိမ်းခြောက်နေရတာလဲ။"
ကျန်းနျန် လှောင်ပြောင်လိုက်သည်။ "အဲ့ဒီလောက် အကွာအဝေးကနေ ငါ့ဘောင်ကို လာတိုက်မိဖို့ဆိုရင် နင့်ခါးက တော်တော်ကြီး တုတ်နေမှာပဲ။"
ကျားယွမ် - .....
ညနေ ၆ နာရီတွင် ဆိုင်ပိတ်ခဲ့သည်။
ယွီရှသည် အရင်ဆုံး ထပြီး အကြောဆန့်ကာ ကျန်းနျန်၏ ပန်းထိုးဘောင်ဆီသို့ လျှောက်လာသည်။ "ပန်းထိုးတာ ဘယ်လိုလဲ..." သူမသည် ထိုလက်ရာကို မြင်လိုက်ရချိန်တွင် စကားစ ရပ်သွားသည်။
တုန်းရှု့က လှမ်းကြည့်သော်လည်း ဂရုမစိုက်သလို ဟန်ဆောင်ကာ ကျားယွမ်နှင့်အတူ ကန်တင်းသို့ ထွက်သွားခဲ့သည်။
ကျန်းနျန် ပြုံးလိုက်သည်။ "နည်းနည်းတော့ ပြီးနေပြီ။"
သူမသည် ယွီရှ၏ အိုးတိုးအမ်းတမ်း ဖြစ်နေသော မျက်နှာကို မော့ကြည့်ပြီး တမင် မေးလိုက်သည်။ "အစ်မယွီ ဘယ်လိုနေလဲ။"
ယွီရှ အတင်းပြုံးလိုက်ရသည်။"ကောင်းပါတယ်။"
ရှု့ရွှယ်က ဝင်ပြောခဲ့သည်။ "အစ်မယွီ... ကျန်းနျန်က တစ်နေ့ခင်းလုံး ဒီဇိုင်းကို မကြည့်ဘဲ အရောင်တွေရော ပုံစံရော မှတ်မိနေတာ။ သူမက တကယ် တော်တာပဲ။"
ဖန်ရှန်းကလည်း ထပ်ပြောခဲ့သည်။ "ကျွန်မ မှတ်ဉာဏ်ကတော့ ငယ်ငယ်တုန်းကတောင် သူမလောက် မကောင်းဘူး။"
ယွီရှက ကျန်းနျန်ကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ဒါပေမယ့် ဒီဇိုင်းကိုတော့ ကြည့်သင့်ပါသေးတယ်။ အမှားလုပ်မိရင် ဘယ်လိုလုပ်မလဲ။ ငယ်သေးလို့ မှတ်ဉာဏ်ကောင်းတာကို အရမ်း ယုံကြည်လို့ မရဘူး။"
ကျန်းနျန်က ထုံးစံအတိုင်း ပြန်ပြောခဲ့သည်။ "ဟုတ်ကဲ့၊ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မယွီ။"
ထိုစဉ် ဖုန်းသံမြည်လာပြီးနောက် စုန၏ အသံထွက်လာခဲ့သည်။ စက္ကန့်ပိုင်းအကြာတွင် စုန လိုက်ကာကို ဖွင့်ဝင်လာပြီး ကျန်းနျန်ကို ကြည့်ကာ ပြောလိုက်သည်။ "ရဲဘော်ကျန်း... မင်းရဲ့ ဖုန်းလာနေတယ်။"
လုယွီ ခေါ်ခြင်းဖြစ်မှန်း ကျန်းနျန် သိလိုက်သည်။
သူမ အမြန်ထကာ ပြေးထွက်သွားခဲ့သည်။ ဖုန်းကိုင်လိုက်သည်နှင့် လုယွီ၏ နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသော အသံကို ကြားလိုက်ရသည်။ "အလုပ်ဆင်းပြီလား။"
ကျန်းနျန်က ပြုံးကာ ပြောသည်။ "အင်း၊ ဆင်းပြီ။ ရှင်ရော.."
လုယွီ - "ခုပဲ ပြီးတာ။"
"ကျန်းနျန်... ဘယ်သူ ဖုန်းဆက်တာလဲ။" ယွီရှက အနောက်မှ မေးသည်။
ကျန်းနျန်က တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။ "ကျွန်မရဲ့ ချစ်သူပါ။"
လုယွီ၏ ရယ်သံသဲ့သဲ့လေးကို ဖုန်းထဲမှ ကြားလိုက်ရရာ သူ အလွန်ပျော်နေပုံရသည်။
ကျန်းနျန်၏ မျက်နှာမှာ အလိုအလျောက် နီရဲသွားခဲ့သည်။ သူမ နှုတ်ခမ်းကို ကိုက်ထားပြီး တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်မ ထမင်းသွားစားတော့မယ်။"
သူက ထပ်ပြောသည်။ "အင်း... နောက်ရက်အနည်းငယ်နေရင် ကိုယ်လာခဲ့မယ်။"
ကျန်းနျန်က ပြုံး၍ နှုတ်ဆက်လိုက်သည်။ "ကောင်းပြီလေ။"
ဖုန်းချပြီးနောက် လှည့်ကြည့်လိုက်ရာ ယွီရှက သူမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းနျန်က ဘာမှမပြောဘဲ ထမင်းဘူးကို ယူကာ ထွက်သွားရန် ပြင်စဉ် ယွီရှ မေးလိုက်သည်။ "ကျန်းနျန် နင့်ချစ်သူက ဘာလုပ်တာလဲ။"
ကန်တင်းသို့ သွားရန် အလုပ်ရုံမှ ထွက်လာကြစဉ် လူတိုင်းက ယွီရှ၏ မေးခွန်းကို နားစွင့်နေကြသည်။
ကျန်းနျန်က ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။ "သူက စစ်သားပါ။"
ယွီရှ၊ စုနနှင့် ရှု့ရွှယ်တို့မှာ အံ့အားသင့်သွားကြသည်။ ကျန်းနျန်၏ ချစ်သူက စစ်သားတစ်ဦး ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ ယခုခေတ်အခါက စစ်သားဖြစ်ခြင်းမှာ အလွန်ပင် ဂုဏ်ယူစရာ ကောင်းလှသည်။ အကယ်၍ သူက အဆင့်မြင့်အရာရှိ ဖြစ်နေပါက ကျားယွမ်၏ အိမ်ထောင်ရေးထက်ပင် သာလွန်ပေလိမည်။ ကျားယွမ်၏ ယောက္ခမမှာ စက်ရုံဒုတိယဒါရိုက်တာ ဖြစ်သော်လည်း၊ သူမ၏ ခင်ပွန်းမှာ အဖွဲ့ခေါင်းဆောင်မျှသာဖြစ်ရာ စစ်တပ်မှ အရာရှိတစ်ဦးနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
ယွီရှသည် ကျန်းနျန် ချစ်သူ၏ အဆင့်အတန်းကို ထပ်မေးချင်သော်လည်း ကျန်းနျန်နှင့် စုနတို့မှာ ထွက်သွားကြပြီဖြစ်သည်။
ယွီရှ - .....
ကျန်းနျန်နှင့် စုနတို့သည် တန်းစီပြီးနောက် ထောင့်စားပွဲတစ်ခုတွင် ထိုင်ကာ စကားပြောခဲ့ကြသည်။ ကျားယွမ်မှာ အိပ်ဆောင်တွင် မနေဘဲ ကိုယ့်အိမ်နှင့်ကိုယ် နေကြောင်း စုနထံမှ သိရသည်။ ဖန်ရှန်း၏ ခင်ပွန်းမှာ စက်ယန္တရားစက်ရုံတွင် အလုပ်လုပ်သည်။ သူတို့မှာ မြို့ပြအိမ်ထောင်စုစာရင်း ရှိကြပြီး ကလေးနှစ်ယောက်နှင့်အတူ တိုက်ခန်းလေးတွင် နေထိုင်ကြသည်။
ဆိုင်တွင် အိပ်ဆောင် သုံးခန်းရှိရာ တစ်ခန်းမှာ ဒါရိုက်တာ ကောမိန်အတွက်၊ တစ်ခန်းမှာ ယွီရှနှင့် တုန်းရှု့တို့ အတူနေရန်နှင့်၊ ကျန်တစ်ခန်းမှာ ရှု့ရွှယ်နှင့် စုနတို့ နေရန်ဖြစ်သည်။ ကျန်းနျန်၏ အိပ်ဆောင်မှာ စုနတို့နှင့်အတူ ဖြစ်ပြီး ကောမိန်က အိပ်ရာခင်းများ အသင့်ပြင်ပေးထားသည်။
ကျန်းနျန်သည် စုနကို ကြည့်ရင်း ကျန်းရှောင်ကို သတိရမိသည်။ စုနက ကျန်းရှောင်ထက် အသက်ကြီးပုံရသဖြင့် မေးလိုက်သည်။ "စုနက အသက်ဘယ်လောက်ရှိပြီလဲ။"
စုန ပြုံးလိုက်သည်။ "၃၀ ပါ။"
စုနမှာ စကားပြောရတာ ဝါသနာပါသူဖြစ်သဖြင့် အကြောင်းအရာများစွာကို မျှဝေခဲ့သည်။
သူမတွင် ကလေးနှစ်ယောက်ရှိပြီး ခင်ပွန်းဖြစ်သူက အိမ်တွင် ကလေးထိန်းပေးကာ သူမက ဤနေရာတွင် အလုပ်လုပ်ပြီး မိသားစုကို ထောက်ပံ့ရန် လစာများကို ပြန်ပို့ပေးရသည်။ သူမအိမ်မှာ ဤနေရာမှ ကားငါးနာရီစီးရသော နေရာတွင် ရှိသည်။ တစ်ခါတရံတွင် သူမခင်ပွန်းက ကလေးများကို ခေါ်လာလေ့ရှိပြီး ပျော်ရွှင်သော မိသားစုလေးဖြစ်သည်။
စုန၏ အလုပ်မှာ မည်သူမဆို လုပ်နိုင်သော်လည်း သူမအတွက် ဆိုင်ထဲတွင် နေရသည်မှာ မလွယ်ကူလှပေ။
အိပ်ဆောင်မှာ ဆိုင်နှင့် ကန်တင်းတို့နှင့် နီးသည်။
ထမင်းစားပြီးနောက် ကျန်းနျန်နှင့် စုနတို့မှာ ရေချိုးခန်းတွင် ထမင်းဘူးများ ဆေးကြောကြသည်။ ပြန်အထွက်တွင် ကျန်းနျန် ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ လူတစ်ဦးမှာ အခြားလူအချို့နှင့်အတူ ဖြတ်သွားသည်။ ထိုသူမှာ အရင်ကကဲ့သို့ ပိန်ပိန်ပါးပါး မဟုတ်တော့ဘဲ အတော်လေးပင် ဝဖြိုးလာသည်။ စုနက ကျန်းနျန် ငြိမ်သက်နေသည်ကို သတိပြုမိပြီး ပခုံးကို ပုတ်မေးသည်။ "ဘာဖြစ်လို့လဲ။"
ကျန်းနျန်မှာ အသိပြန်ဝင်လာပြီး ခေါင်းခါပြလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။"
သူမ စွင်းယင်ကို မြင်လိုက်ရသည်ဟု ထင်လိုက်ခြင်းဖြစ်သည်။
သို့သော် သူမ မှားသွားခြင်းလားတော့ မသေချာပေ။