အခန်း (၁၄၀)
Vol. 14 Ch. 140
၇၀ ခုနှစ်က မုဆိုးမလေး
အပိုင်း ၁၄၀
လုယွီက ကောမိန်ကို ကြည့်ပြီး ပြောလိုက်သည်။ "ဒါရိုက်တာကော၊ ကျွန်တော်တို့နဲ့အတူ ထမင်းစားဖို့ လိုက်ခဲ့မလား။"
ကောမိန် ပြန်ဖြေလိုက်သည်။ "ကောင်းပါပြီ၊ ခဏနေဦး ကျွန်မ အိတ်သွားယူလိုက်ဦးမယ်။"
လုယွီက ကျန်းနျန်အတွက် ကားတံခါးကို ဖွင့်ပေးလိုက်သည်။ အရပ်ရှည်ရှည်နှင့် ထိုအမျိုးသားက သူမနားသို့ အနည်းငယ် တိုးကပ်လိုက်ပြီး သူမ၏ လှပတောက်ပသော မျက်ဝန်းများကို ကြင်နာမှုအပြည့်နှင့် ကြည့်ကာ ပြောလိုက်သည်။ "တက်တော့။"
ကျန်းနျန်က ခေါင်းညိတ်ပြီး ကားထဲသို့ ဝင်ထိုင်လိုက်ကာ ကောမိန်က နောက်က လိုက်လာသည်။ လုယွီ ပန်းထိုးဆိုင်မှ မောင်းထွက်သွားပြီးနောက် အပြင်ဘက်တွင် ရပ်နေသော လူများက သတိပြန်ဝင်လာကြသည်။ စုနက ပထမဆုံး တုံ့ပြန်သူဖြစ်သည်။ သူမက ရှု့ရွှယ်၏ လက်မောင်းကို ပုတ်ကာ အံ့ဩတကြီး ပြောလိုက်သည်။
"ကျန်းနျန်ရဲ့ ချစ်သူက တပ်ရင်းမှူးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ကျန်းနျန်သာ သူ့ကို လက်ထပ်လိုက်ရင် တပ်ရင်းမှူးကတော် ဖြစ်တော့မှာပဲ။ သူက ငယ်ငယ်လေးနဲ့ တပ်ရင်းမှူး ဖြစ်နေပြီဆိုတော့ ရှေ့လျှောက် အလားအလာ အရမ်းကောင်းတာပဲ။"
ရှု့ရွှယ် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ကျန်းနျန်က တကယ် ကံကောင်းတာပဲ။"
သူမက မျက်နှာပျက်နေသော ကျားယွမ်ကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်သည်။ တပ်ရင်းမှူးဆိုသော ရာထူးမှာ စက်ရုံက အဖွဲ့ခေါင်းဆောင်လေးပဲ ဖြစ်သည့် ကျားယွမ်၏ ခင်ပွန်းနှင့်စာလျှင် ကောင်းကင်နှင့် မြေကြီးလို ကွာခြားလှသည်။ ကျားယွမ်က သူတို့ရှေ့မှာ ဆက်ပြီး ကြွားနိုင်ဦးမလားဆိုတာ သူမ သိချင်နေသည်။
ယွီရှသည် သူမ၏ ထမင်းချိုင့်ကို ယူပြီး ထွက်သွားကာ တုန်းရှုကလည်း ဘာမှ ထပ်မပြောတော့ပေ။ ကျားယွမ်သည် ရှု့ရွှယ်ကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။ "သူတို့က တွဲနေရုံပဲ ရှိသေးတာ၊ ဘာမှ အတည်မဖြစ်သေးပါဘူး။ ကျန်းနျန် ကိုယ်တိုင်တောင် ဘာမှ မပြောသေးတာကို နင်တို့က ဘာလို့ အဲ့လောက် စိတ်လှုပ်ရှားနေကြတာလဲ။"
ထိုသို့ပြောပြီးနောက် သူမ ထွက်သွားတော့သည်။
ရှု့ရွှယ်သည် သူမကို ဂရုမစိုက်ဘဲ စုနနှင့်အတူ ကန်တင်းသို့ သွားလိုက်သည်။
ကားက အနီရောင်ကြယ်ဟိုတယ်သို့ ရောက်လာသည်။ လုယွီက ကျန်းနျန် ပြတင်းပေါက်နားတွင် ထိုင်ရသည်ကို ကြိုက်မှန်း သိသောကြောင့် ပြတင်းပေါက်ဘေးမှ စားပွဲတစ်ခုကို ရွေးလိုက်သည်။ စားပွဲထိုး ရောက်လာပြီး မေးခဲ့သည်။ "ရဲဘော်တို့ ဘာများ သုံးဆောင်ကြမလဲ။"
ကုရှစ်ကျိုးက ပြောလိုက်သည်။ "အမျိုးသမီးတွေ ဘာစားချင်လဲဆိုတာ အရင်ကြည့်ရအောင်။"
လုယွီသည် ကောမိန်နှင့် ကျန်းနျန်ကို ပြောလိုက်သည်။ "ကျွန်တော်တို့က ဘာစားစား ရပါတယ်။ မင်းတို့ နှစ်ယောက်ပဲ ဆုံးဖြတ်လိုက်ပါ။"
ကျန်းနျန်နှင့် ကောမိန်တို့သည် ဟင်း ၅ မျိုးနှင့် စွပ်ပြုတ်တစ်မျိုး မှာလိုက်သည်။ လုယွီသည် ထမင်းစားနေစဉ်၌ ကျန်းနျန်အတွက် ဟင်းများကို မကြာခဏ ထည့်ပေးနေသည်။ ကောမိန်က တွေ့သွားပြီး သူမဘာသာ တိတ်တဆိတ် ပြုံးနေသဖြင့် ကျန်းနျန် အနည်းငယ် ရှက်သွားကာ တိုးတိုးလေး ပြောလိုက်သည်။ "တော်ပြီလေ။"
လုယွီ ပြုံးလိုက်သည်။ "အများကြီး စားပါ။"
သူသည် ကျန်းနျန်ကို အသားတစ်ဖတ် ထပ်ထည့်ပေးပြီး မေးလိုက်သည်။ "ပန်းထိုးဆိုင်မှာ အဆင်ပြေရဲ့လား။"
ကျန်းနျန် ပြန်ဖြေလိုက်သည်။ "ပြေပါတယ်။"
လုယွီ၏ မှောင်မှောင်မှိုင်းမှိုင်း မျက်ဝန်းများက ကျန်းနျန်နှင့် ခဏတာ တွန့်ဆုတ်သွားသော ကောမိန်ကို ကြည့်လိုက်သည်။ သူ၏ နူးညံ့သော မျက်နှာအမူအရာက အနည်းငယ် မှိန်သွားသော်လည်း တည်တည်ငြိမ်ငြိမ်နှင့် ပြောသည်။ "အဆင်ပြေရင် ပြီးတာပါပဲ။"
ကုရှစ်ကျိုးလည်း ၎င်းကို သတိပြုမိသွားပြီး စားသည့်အပေါ်မှာသာ အာရုံစိုက်နေသော ကျန်းနျန်ကို လှမ်းကြည့်လိုက်သည်။
ကောမိန်သည် လုယွီ၏ အမူအရာ ပြောင်းလဲမှုကို သတိပြုမိပြီး သူ၏ ထက်မြက်မှုကို သိရှိလိုက်သည်။ သူမက ရေခွက်ကို မြှောက်ကာ ပြောလိုက်သည်။ "တပ်ရင်းမှူးလု၊ ဝိုင်အစား ရေနွေးကြမ်းနဲ့ပဲ ဂုဏ်ပြုလိုက်ပါတယ်။ ကျန်းနျန်ကို ကျွန်မဆီမှာ ယုံယုံကြည်ကြည် အပ်နှံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ သူမကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်။"
လုယွီက သူ၏ ရေခွက်ကို မြှောက်ပြီး သူမ၏ ခွက်နှင့် တိုက်ကာ ပြုံးလျက် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"
ရေသောက်ပြီးနောက် သူက ကျန်းနျန်အတွက် အသားတွေ ထပ်ထည့်ပေးပြန်သည်။ ကျန်းနျန်က ထပ်မစားနိုင်တော့ပေ။ နောက်ဆုံးတွင် လုယွီက ကျန်တာအားလုံးကို စားလိုက်သည်။
ကျန်းနျန် - .....
ကျန်းနျန်သည် သူမ၏ အလွတ်ဖြစ်သွားသော ပန်းကန်လုံးကို ကြည့်ပြီး လုယွီနား တိုးကပ်ကာ ပြောလိုက်သည်။"ရှင် မရွံဘူးလား။"
လုယွီသည် သူမ၏ စိုစွတ်နေသော နှုတ်ခမ်းနီနီလေးကို ကြည့်လိုက်ပြီး အခြားလူတွေသာ မရှိလျှင် ထိုနေရာမှာတင် သူမကို နမ်းမိတော့မည်ဖြစ်သည်။
သူသည် ချောင်းဟန့်လိုက်ပြီး ကျန်နေတဲ့ ထမင်းတွေကို ကုန်အောင် စားလိုက်ကာ ပြောလိုက်သည်။ "မရွံပါဘူး။"
သူသည် မရွံရုံတင်မကဘဲ ၎င်းကို အလွန်ပင် နှစ်သက်မိသည်။
သူသည် သူ့ရှေ့က လူသားလေး ကျန်းနျန်ကို နှစ်သက်သည်။
ဟိုတယ်က ထွက်လာပြီးနောက် လုယွီက ကောမိန်ကို မေးသည်။ "ဒါရိုက်တာကော၊ ကျန်းနျန်ကို ဒီနေ့ နေ့လယ်ပိုင်း ခွင့်ပေးလို့ ရမလား။ ကျွန်တော် ဒီနေ့ အားလို့ သူမကို ယွမ်မြို့ထဲ လိုက်ပို့ချင်လို့ပါ။"
ကောမိန် ပြုံးလိုက်သည်။ "ရတာပေါ့၊ ပြဿနာမရှိပါဘူး။"
ကုရှစ်ကျိုး ပြောလိုက်သည်။ "ငါ အရင်ပြန်နှင့်မယ်။ မင်းတို့နှစ်ယောက် ယွမ်မြို့မှာ ပျော်ပျော်ပါးပါး လည်ကြပေါ့။"
လုယွီ ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ။"
ကုရှစ်ကျိုးက ကောမိန်ကို ခေါ်ပြီး ကားမောင်းပြန်သွားသည်။ လမ်းပေါ်တွင် လုယွီနှင့် ကျန်းနျန်သာ ကျန်တော့သည်။ လမ်းလျှောက်နေစဉ် လုယွီ၏ လက်ချောင်းများက ကျန်းနျန်၏ လက်ကို ဆုပ်ကိုင်လိုက်သဖြင့် ကျန်းနျန်၏ လက်ထဲတွင် တင်းကျပ်သွားသည်။ သူသည် ရယ်ချင်စိတ်ဖြင့် မေးလိုက်သည်။ "ကိုယ့်ကို လွမ်းနေလား။"
လူစည်ကားသော လမ်းမပေါ်တွင် လူများ ဖြတ်သွားဖြတ်လာ ရှိနေသဖြင့် ကျန်းနျန်သည် လုယွီ၏ မေးခွန်းကို ကြားပြီး ရှက်သွေးဖြန်းသွားခဲ့သည်။ သူမက အောက်နှုတ်ခမ်းကို ကိုက်ပြီး တိုးတိုးလေး ပြန်ဖြေခဲ့သည်။ "လွမ်းပါတယ်။"
လုယွီနှင့် ခွဲနေရသည်မှာ လဝက်ခန့် ရှိပြီဖြစ်သဖြင့် ကျန်းနျန်အတွက်မှာမူ အချိန်အတော်ကြာခဲ့ပြီဟု ခံစားရသည်။
သူမသည် သူမ၏ ခြေချောင်းလေးတွေကို ငုံ့ကြည့်နေစဉ် လက်ကို ရုတ်တရက် ဆွဲလိုက်သလို ခံစားလိုက်ရသည်။ သူမ ယိုင်သွားပြီး လုယွီ၏ ခိုင်မာသော ရင်ခွင်ထဲသို့ ကျသွားသည်။ လုယွီ၏ လက်မောင်းက သူမကို ခဏတာ တင်းတင်းကြပ်ကြပ် ဖက်ထားပြီးမှ မချင့်မရဲနှင့် လွှတ်ပေးလိုက်သည်။ "ရှေ့မှာ ဓာတ်တိုင်ရှိတယ်။"
ကျန်းနျန် လှည့်ကြည့်လိုက်တော့မှ လုယွီသာ မဆွဲထားလျှင် သူမ ဓာတ်တိုင်ကို တည့်တည့် တိုက်မိတော့မည်ကို သတိထားမိလိုက်သည်။
ကျန်းနျန် - …
လုယွီက တဟက်ဟက် ရယ်ပြီး သူမလက်ကို ညှစ်လိုက်သည်။ "ရုပ်ရှင်သွားကြည့်ရအောင်။"
ကျန်းနျန် ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ။"
ယွမ်မြို့က ရုပ်ရှင်ရုံမှာ အတော်အတန် ကြီးမားပြီး အပြင်ဘက်ရှိ ကျောက်သင်ပုန်းတွင် ထိုနေ့၏ ရုပ်ရှင်ပြသမည့် အချိန်ဇယားကို ပြသထားသည်။ လုယွီက လက်မှတ်ဝယ်ပြီး ကျန်းနျန်အတွက် သစ်အယ်သီးနှင့် ဆိုဒါကိုလည်း ဝယ်ပေးခဲ့သည်။ သူက သူမလက်ကို ကိုင်ပြီး ရုပ်ရှင်ရုံထဲ ခေါ်သွားကာ နောက်ဆုံးတန်းနားမှာ ထိုင်ကြသည်။ ထိုနေရာကနေဆိုလျှင် ရှေ့တန်းက လူတွေကို မြင်နေရသည်။
ရုပ်ရှင်က အသံကျယ်ကြီးနှင့် စတင်လာသဖြင့် လူတွေ စကားပြောသံတွေကို ဖုံးလွှမ်းသွားခဲ့သည်။
အထဲတွင် မီးမှိန်မှိန်သာ ရှိပြီး သူတို့ထိုင်ခုံများမှာ နောက်ဘက်တွင် ဖြစ်သဖြင့် အတော်လေး လူခြေတိတ်သည်။ လုယွီက သစ်အယ်သီးတွေကို အခွံနွှာပြီး ကျန်းနျန်ကို ကျွေးခဲ့သည်။ "စားဦး။"
ကျန်းနျန်၏ ပါးစပ်ထဲတွင် သစ်အယ်သီးတွေ ပြည့်နေပြီး သူမ အနည်းငယ် သီးသွားသည်။
လုယွီပေးသော ဆိုဒါကို ယူပြီး သစ်အယ်သီးတွေ ကျသွားအောင် တစ်ငုံသောက်လိုက်သည်။ သူမ ကျန်တာတွေကို မမြိုချနိုင်ခင်မှာပင် သူမ၏ ဦးခေါင်းက ရုတ်တရက် လေးလံသွားသလို ခံစားရပြီး လုယွီက သူမကို တင်းတင်းကြပ်ကြပ် နမ်းလိုက်သဖြင့် အရာအားလုံး အမှောင်အတိ ကျသွားခဲ့သည်။
သူ၏ လျှာက သူမ၏ သွားများကို ဖြတ်ကျော်ဝင်ရောက်လာပြီး သူမ ပါးစပ်ထဲက ဆိုဒါတွေကို သိမ်းကျုံးယူသွားသည်။
ကျန်းနျန် မျက်လုံးများ ပြူးသွားသည်။ ရုပ်ရှင်ရုံထဲမှာ လူတွေ အများကြီး ရှိနေပြီး လုယွီ၏ ရုတ်တရက် နမ်းလိုက်မှုက သူမကို လန့်သွားစေသည်။
"အင်း..."
သူမ လုယွီ၏ အင်္ကျီကို ဆွဲလိုက်သည်။ သူက သူမ၏ နှုတ်ခမ်းထောင့်လေးကို နမ်းလိုက်ပြီး တစ်စုံတစ်ယောက် လှမ်းကြည့်နေသည်ကို သတိပြုမိကာ ချက်ချင်း လွှတ်ပေးလိုက်သည်။ သူ၏ ရှည်လျားသော လက်ချောင်းများက သူမ၏ သွယ်လျသော လက်ကလေးကို ညင်သာစွာ ကိုင်ထားပြီး လက်ဖမိုးကို ပွတ်သပ်နေမိသည်။
ကျန်းနျန်၏ နှုတ်ခမ်းများမှာ စိုစွတ်နေသည်။ သူမ နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်ပြီး လုယွီ၏ ရနံ့တွေ ပြည့်နှက်နေသည်။ နံရံတစ်ခုနှင့် တင်းတင်းကြပ်ကြပ် အပိတ်ခံထားရသလို ခံစားရပြီး တစ်ကိုယ်လုံး ပူထူးလာသည်။ လုယွီ၏ ခပ်ရှရှ အသံက သူမနားနားတွင် ထွက်ပေါ်လာခဲ့သည်။ "ကျန်းနျန်။"
"ဟမ်"
ကျန်းနျန် မော့ကြည့်လိုက်တော့ ထိုအမျိုးသား၏ နက်မှောင်သော မျက်ဝန်းတွေထဲမှာ အမိခံလိုက်ရသည်။ သူ၏ အကြည့်က သူမ ရုန်းမထွက်နိုင်သော ပိုက်ကွန်တစ်ခုလို သူမအား တင်းတင်းကြပ်ကြပ် ချည်နှောင်ထားခဲ့သည်။ လုယွီ၏ လုပ်ရပ်ကြောင့် သူမ၏ နှလုံးသားက တုန်လှုပ်သွားပြီး စိုစွတ်နေသော မျက်တောင်များက တဖျတ်ဖျတ် ခတ်နေခဲ့သည်။
ထိုအမျိုးသား၏ လည်ဇလုတ်က အပေါ်အောက် အကြိမ်အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ ဘယ်သူမှ မကြည့်သည်ကို အခွင့်ကောင်းယူကာ သူက နောက်ထပ် နက်နက်ရှိုင်းရှိုင်း တစ်ချက် ထပ်နမ်းလိုက်ပြန်သည်။
သူ၏ နှုတ်ခမ်းမှ ထွက်လာသော ပူနွေးသော အသက်ရှူသံက ကျန်းနျန်ကို တုန်ယင်သွားစေခဲ့သည်။ သူမက လုယွီကို အားကိုးတကြီးနှင့် မှီထားလိုက်ပြီး ရုပ်ရှင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ လုံးဝ မသိတော့ပေ။ သူမ၏ စိတ်တွေ ရှုပ်ထွေးနေပြီး လုယွီ၏ ဦးဆောင်မှု နောက်သို့ ပါသွားရာမှ လူနှစ်ယောက် ရုပ်ရှင်ရုံထဲ ဝင်လာတော့မှ လုယွီက သူမလက်ကို မချင့်မရဲ လွှတ်ပေးလိုက်သည်။ သူက သူမလက်ကို ခပ်ဖွဖွ ညှစ်လိုက်သည်။
လေဝင်လေထွက်ကောင်းအောင် အသက်ဝဝ ရှူလိုက်သဖြင့် ကျန်းနျန်၏ ပါးပြင်များ နီမြန်းလာပြီး ခပ်ဖွဖွ အသက်ရှူကာ ထိုင်ခုံကို ပြန်မှီလိုက်သည်။ ရုပ်ရှင်က တစ်ဝက်လောက် ရောက်နေပြီဖြစ်ပြီး အသစ်ဝင်လာသူ နှစ်ယောက်က ကျန်းနျန်တို့နှင့် ခုံနှစ်ခုံအကွာတွင် ထိုင်ကြသည်။
လုယွီသည် ကျန်းနျန်အတွက် သစ်အယ်သီးတွေ ဆက်နွှာပေးနေပြီး သူမ၏ နီရဲနေသော နှုတ်ခမ်းလေးတွေကို ကြည့်ရင်း သူ၏ အကြည့်တွေက နက်ရှိုင်းလာသည်။
သူက အသံတိုးတိုးနှင့် ပြောလိုက်သည်။ "ကိုယ် လက်ထပ်ခွင့် လျှောက်လွှာ တင်ပြီးပြီ။"
ကျန်းနျန် ခေါင်းမော့လာပြီး ဝေဝါးနေသော မျက်ဝန်းများနှင့် လုယွီကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "သူတို့ အတည်ပြုပေးပါ့မလား။"
ဘယ်သူမှ မကြည့်ခင် လုယွီက သူမ၏ မျက်ခွံလေးတွေကို မနေနိုင်ဘဲ နမ်းလိုက်သည်။ "အတည်ပြုပေးမှာပါ။ အလွန်ဆုံး တစ်လအတွင်း အတည်ပြုမှာပါ။ ကိုယ် စစ်တပ်မိသားစုဝန်းထဲမှာ အိမ်တစ်လုံးအတွက်လည်း လျှောက်ထားပြီးပြီ။ အားလုံး အတည်ပြုပြီးတာနဲ့ မင်း အိမ်မှာပဲ နေပြီး ပန်းထိုးလို့ ရပြီ။ ပန်းထိုးဆိုင်မှာ နေစရာ မလိုတော့ဘူး။"
ကျန်းနျန်သည် အနီရောင်ကြယ်ဟိုတယ်မှာ ဘာမှ မပြောခဲ့သော်လည်း လုယွီက သူမ၏ လှုပ်ရှားမှု တိုင်းကို သတိထားမိခဲ့သည်။ သူမ ပန်းထိုးဆိုင်မှာ အဆင်မပြေဖြစ်နေတာကို သူ သိသည်။
ကျန်းနျန် ပြုံးလိုက်သည်။ "ကောင်းပါပြီ။"
ရုပ်ရှင်ပြနေစဉ်အတွင်း ဘေးနားက အမျိုးသမီးတစ်ယောက်က ကျားယွမ်ရဲ့ နာမည်ကို ပြောလိုက်သဖြင့် ကျန်းနျန်၏ အတွေးများ ပြတ်တောက်သွားခဲ့သည်။ သူမ လှည့်ကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက်နှင့် ထိုင်နေသော အမျိုးသားကို မှတ်မိသွားသည်။
ထိုသူမှာ ကျားယွမ်၏ ခင်ပွန်းဖြစ်သည်။
သူမ သူ့ကို ကျားယွမ်၊ သူမ၏ ယောက္ခမတို့နှင့်အတူ ကမ်တင်းမှာ တွေ့ဖူးသည်။
ထိုနှစ်ယောက်က လက်ချင်းချိတ်ထားပြီး အမျိုးသမီးက အမျိုးသား၏ ပခုံးပေါ် မှီကာ ပြောနေသည်။ "ရှင် ကျွန်မနဲ့ နောက်ထပ် ခဏလောက် ထပ်မနေနိုင်ဘူးလား။"
အမျိုးသားက ပြန်ဖြေလိုက်သည်။ "နောက်ရက်ကြရင် ကိုယ် မင်းကို အနီရောင်ကြယ်ဟိုတယ်မှာ ထမင်းလိုက်ကျွေးမယ်။ သူတို့ မီနူးအသစ် ပြောင်းနေတာ။ ကိုယ် မင်းကို အသစ်တွေ မြည်းကြည့်ဖို့ လိုက်ပို့ပေးမယ်။"
ထိုအမျိုးသမီးက နောက်ဆုံးတော့ ပြုံးသွားခဲ့သည်။ "ရှင် ကျွန်မကို မညာနဲ့နော်။"
ကျန်းနျန် - …
ကျားယွမ်သည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း သူမ ခင်ပွန်း၏ သစ္စာဖောက်မှုကိုတော့ မခံထိုက်ပေ။
သူမ ဝင်မပါရန် ဆုံးဖြတ်ပြီး နှုတ်ခမ်းကို ကိုက်နေစဉ် လုယွီ၏ ပူနွေးသော အသက်ရှူသံက သူမနားနားသို့ တိုးကပ်လာခဲ့သည်။ "ဘာကြည့်နေတာလဲ။"
သူ၏ ဆွဲဆောင်မှုရှိသော အသံက သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေသည်။
ကျန်းနျန်၏ တစ်ကိုယ်လုံး ထုံကျင်သွားပြီး ရှက်သွေးတွေ ပြန်တက်လာခဲ့သည်။ သူမက ခေါင်းကို ခပ်ဖွဖွ ခါလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။"
သို့သော် လုယွီ၏ အကြည့်က ထိုအမျိုးသားဆီသို့ ရောက်သွားခဲ့သည်။
ထိုအမျိုးသားက အထည်စက်ရုံ၏ အပြာရောင် ယူနီဖောင်းကို ဝတ်ထားသည်။ အမျိုးသမီးကတော့ ရိုးရိုးအင်္ကျီ ဝတ်ထားသည်။ သူ၏ အလိုလိုသိစိတ်အရ သူတို့နှစ်ယောက်စလုံးက အထည်စက်ရုံ အလုပ်သမားတွေ ဖြစ်ပြီး ကျန်းနျန် သူတို့ကို သိသည်ဟု လုယွီ ခန့်မှန်းလိုက်သည်။ ကျန်းနျန်၏ ချောမွတ်သော နဖူးလေးကို ငုံ့ကြည့်ရင်း သူမလက်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။ "အဲ့ဒီလူကို သိလို့လား။"
သူ၏ အသံက အေးစက်စက် အရှိန်အဝါ ပါနေသည်။
ကျန်းနျန် နောက်ထပ် ဟူကျုံးမင် လို လူမျိုးနှင့် ထပ်တွေ့မှာကို သူ စိုးရိမ်နေသည်။
လုယွီက ချက်ချင်း ခန့်မှန်းမိလိမ့်မည်ဟု ကျန်းနျန် မထင်ထားပေ။ ရုပ်ရှင်အသံ ကျယ်နေသဖြင့် သူမက သူ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "သိတယ်။ သူက ပန်းထိုးဆိုင်က ပန်းထိုးဆရာမ တစ်ယောက်ရဲ့ ခင်ပွန်းပဲ။"
ထိုမျှနှင့်တင် လုယွီ နားလည်သွားသည်။
နားနားက ပူနွေးသော အသက်ရှူသံကြောင့် လုယွီ၏ တစ်ကိုယ်လုံး တင်းမာသွားခဲ့သည်။ သူက ခေါင်းကို အနည်းငယ် လှည့်လိုက်သည်။ "အဲ့ဒါကို စိတ်မပူနဲ့။ မင်းရဲ့ ဘေးကင်းမှုကိုပဲ အမြဲ ဦးစားပေးပါ။"
ကျန်းနျန် ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ။"
လုယွီ ဆက်ပြောလိုက်သည်။ "စစ်တပ်နယ်မြေက မြို့နဲ့ သိပ်မဝေးဘူး၊ ကားမောင်းရင် တစ်နာရီကျော်ပဲ ကြာတာ။ ကိုယ် တစ်ပတ်မှာ တစ်ရက် အားတယ်၊ မြို့မှာပဲ နေမယ်။"
ကျန်းနျန် ပြုံးလိုက်မိသည်။ "ကောင်းပါပြီ။"
ရုပ်ရှင်ပြီးသွားတော့ လူတွေ တဖြည်းဖြည်း ထွက်သွားခဲ့ကြသည်။
လုယွီက ကျန်းနျန်လက်ကို ကိုင်ပြီး ထွက်လာစဉ် ကျားယွမ်၏ ခင်ပွန်းနှင့် ထိုအမျိုးသမီးကို ထပ်တွေ့ရပြန်သည်။ အခုတော့ သူတို့က တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေနေကြသည်။ ကျန်းနျန် မတွေးဘဲ မနေနိုင်ပေ။ အမျိုးသားတွေက တကယ်ပဲ သစ္စာမရှိကြဘူး၊ ပန်းကန်တစ်ခုထဲက စားနေရင်း နောက်ပန်းကန်တစ်ခုကို လှမ်းကြည့်နေကြတာပဲ။
ပြီးနောက် သူမ ဘေးက လုယွီကို လှမ်းကြည့်လိုက်သည်။
သူမ၏ အတွေးကို သိသွားသဖြင့် လုယွီက သူမဆံပင်ကို ဖွလိုက်သည်။ "ကိုယ့်ကို အဲ့ဒီလိုလူတွေနဲ့ မနှိုင်းနဲ့။"
ကျန်းနျန် - …
တစ်ခါတလေကြရင် လုယွီက သူမစိတ်ကို ဖတ်နိုင်တယ်လို့ တကယ် ထင်မိသည်။
ရုပ်ရှင်ရုံက ထွက်လာတော့ မှောင်နေပြီဖြစ်သည်။ လုယွီသည် ကျန်းနျန်လက်ကို ကိုင်ပြီး တံတားဆီသို့ လမ်းလျှောက်သွားခဲ့သည်။ ညနေခင်း လေက အေးစက်နေပြီး ပဝါ မပါသော ကျန်းနျန်က တုန်ယင်နေသည်။ လုယွီသည် သူ၏ ကုတ်အင်္ကျီ ကြယ်သီးတွေကို ဖြုတ်ပြီး သူမကို ခြုံပေးကာ တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်သည်။
ကျန်းနျန် - …
သူမ ရယ်လိုက်မိသည်။ "ကျွန်မက ဝက်ဝံရုပ်ကြီးလို ဖြစ်နေပြီ။"
လုယွီက ငုံ့လိုက်ပြီး သူ၏ သန်မာသော လက်မောင်းများဖြင့် သူမ၏ ခါးကို မကာ လွယ်လွယ်ကူကူ ပွေ့ချီလိုက်သည်။ ကလေးချီသလို ချီလိုက်သည့် အနေအထားကြောင့် ကျန်းနျန်မှာ ရှက်လည်းရှက်၊ အနေရလည်း ခက်သွားသည်။ လက်ကို ဘယ်နားထားရမှန်း မသိသဖြင့် လုယွီ၏ ပခုံးပေါ် တင်ထားလိုက်ကာ မျက်နှာလေး နီမြန်းနေသည်။ လုယွီ၏ လက်က သူမ၏ ခါးနောက်တွင် ရှိနေခဲ့သည်။ "မင်း ဘယ်လောက်ပဲ ထုပ်ပိုးထားထား ကိုယ် မင်းကို ချီနိုင်တုန်းပဲ။"
ကျန်းနျန် - …
သူမသည် အောက်နှုတ်ခမ်းကို ကိုက်ကာ လုယွီ၏ စူးရှသော အကြည့်ကို ရှောင်လိုက်ပြီး ရင်တွေ တဒိန်းဒိန်း ခုန်နေခဲ့သည်။
လုယွီသည် သူမကို တံတားခုံးနားရှိ ကျောက်ရုပ်ထံသို့ ချီသွားပြီး ကျောက်လက်ရန်းပေါ်တွင် တင်ပေးလိုက်သည်။ သူမ နောက်က လေတွေ တဟူးဟူး တိုက်နေသဖြင့် ကျန်းနျန်က ပြုတ်ကျမှာ ကြောက်ပြီး လုယွီ၏ လည်ပင်းကို တင်းတင်း ဆုပ်ကိုင်ထားသည်။
လုယွီက ခပ်ဖွဖွ ရယ်ပြီး သူ၏ သန်မာသော လက်မောင်းဖြင့် သူမခါးကို ဖက်ထားသည်။ သူက သူမနှုတ်ခမ်းကို နမ်းလိုက်သည်။ "ကိုယ် ရှိနေသရွေ့ မင်း မပြုတ်ကျစေရဘူး။"
ကျန်းနျန်ကတော့ ကြောက်နေတုန်းပင်။
သူမသည် လုယွီ၏ လည်ပင်းကို ဖက်ထားပြီး နောက် လန်ကျသွားမှာ စိုးရိမ်နေခဲ့သည်။
သူမ အတွေးတွေနဲ့ ရုန်းကန်နေစဉ် လုယွီ၏ လက်ကြီးက သူမဆံပင်တွေကြားထဲ တိုးဝင်လာပြီး သူမ၏ ဦးခေါင်းနောက်ကို ဆုပ်ကိုင်ကာ ပြင်းပြင်းပြပြ နမ်းလိုက်သည်။ အနမ်းမှာ ရုပ်ရှင်ရုံထဲကထက် အများကြီး ပိုပြီး ပြင်းထန်လှကာ ကျန်းနျန်မှာ အသက်ရှူတောင် မဝတော့ဘဲ လျှာတွေလည်း ထုံကျင်ကုန်သည်။ သူမက လုယွီ၏ အပြာရောင် ဆွယ်တာအင်္ကျီကို တင်းတင်း ဆုပ်ကိုင်ထားပြီး သူမ၏ သေးငယ်နုနယ်သော ကိုယ်လေးက သူ၏ ရင်ခွင်ထဲမှာ ခိုလှုံနေခဲ့သည်။
ထိုအမျိုးသား၏ နက်မှောင်သော မျက်ဝန်းများက ရဲရဲနီနေပြီး သူ၏ အကြည့်တွေက နက်ရှိုင်းလှသည်။
ကျန်းနျန်၏ နှုတ်ခမ်းလေးက ဟသွားပြီး ပြန်စေ့သွားကာ အသက်ရှူသံတွေ ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။ လုယွီက သူမကို မချင့်မရဲ လွှတ်ပေးလိုက်ပြီး သူမ၏ စိုစွတ်နေသော မျက်တောင်လေးတွေနှင့် နှာခေါင်းထိပ်လေးကို နမ်းလိုက်သည်။