← Chapters

အပြစ်ပေးခြင်း

Vol. 4 Ch. 49

အပြစ်ပေးခြင်း

Vol. 4 Ch. 49

“ရှန်းယန်ရွာက လူတွေ ဟုတ်လား”

ဝမ်မိသားစုဝင်များ၏ မျက်နှာ အမူအရာများမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့လေသည်။ သူတို့သည် ရှန်းယန်ရွာနှင့် ပတ်သက်၍ ကောင်းမွန်သော အမြင် လုံးဝ မရှိကြတော့ချေ။

"အဲဒီမှာ မတ်တတ်ရပ်မနေပါနဲ့ ညီမလေးက ကိုယ်ဝန်ကြီးနဲ့လေ"

အဒေါ်ဖန်မှ အမျိုးသမီးငယ်အား ညင်သာစွာ ပြောဆိုလိုက်သည်။ အမျိုးသမီးငယ်၏ မျက်နှာပေါ်တွင် ကျေးဇူးတင်သည့် အရိပ်အယောင်များ ပေါ်လွင်သွားခဲ့သည်။ သူမသည် ဝါးခြံစည်းရိုးတံခါးအား ဖွင့်လျှက် ခြံအတွင်းသို့ ဝင်ရန်ပြင်လိုက်စဉ်မှာပင် အဒေါ်ဖန်မှ ခြံစည်းရိုးအပြင်ဘက်ရှိ ကျောက်တုံးကြီးတစ်ခုအား လက်ညှိုးထိုးပြလိုက်ပြီးနောက် ပြောလိုက်သည်ကို ကြားလိုက်ရလေတော့သည်။

"အဲဒီမှာပဲ ထိုင်နေပါ ငါတို့နဲ့ အရမ်းနီးနီးကပ်ကပ် လာမနေနဲ့ တော်ကြာ တစ်ခုခုဖြစ်သွားရင် ငါတို့အပေါ် အပြစ်ပုံချနေဦးမယ်"

အဒေါ်ဖန်သည် တစ်ဖက်လူအား လှောင်ပြောင်ချင်စိတ် မရှိသော်လည်း သူမ အမှန်တကယ်ပင် ထိုသို့သာ တွေးမိသည့် အတွက် သူမ၏ မျက်နှာပေါ်ရှိ အမူအရာမှာ အထူးပင် ရိုးသားစစ်မှန်ကာ ဟန်ဆောင်မှု ကင်းနေခဲ့လေသည်။

ဟုတ်ပေသည်။ အမှန်ဆုံးသော စကားလုံးများသည် အနာကျင်စေဆုံးပင် ဖြစ်စေသည်။

သက်လတ်ပိုင်းအမျိုးသမီး - "..."

အမျိုးသမီးငယ် - "..."

အဆုံးသတ်တွင်မူ သူတို့သည် တောင်းပန်ရန် လာကြခြင်း ဖြစ်သည့် အတွက် သဘာဝကျစွာပင် ပြဿနာ မရှာရဲကြချေ။ သူတို့သည် ထိုနေရာသို့ သွားကာ ကျောက်တုံးကြီးပေါ်တွင် ထိုင်ရုံသာ တတ်နိုင်ကြတော့သည်။

ထိုအခါမှသာလျှင် ဝမ်မိသားစုသည် ခြေလှမ်းအနည်းငယ် တိုးလာခဲ့ကာ သူတို့နှင့် မလှမ်းမကမ်းရှိ ဝါး ခြံစည်းရိုး အတွင်း၌သာ ရပ်လိုက်ကြလေသည်။

လျိုရှီသည် အားယွီလေးအား ပွေ့ချီထားကာ တစ်ဖက်လူ၏ မျက်နှာထားအား မမြင်စေရန် ကလေး၏ မျက်နှာကို တစ်ဖက်သို့ လှည့်ထားလိုက်လေသည်။ ဝမ်ချွမ်းမန်သည် လက်ထဲမှ ပုဆိန်အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်လေသည်။

"ပြောစမ်း ဒီတစ်ခါ ရှန်းယန်ရွာကလူတွေ ဘာကြံစည်နေကြပြန်ပြီလဲ ငါတို့ ဟူမိသားစုရွာကို နောက်ထပ် ဘယ်တော့မှ လာခွင့်မပြုဘူးလို့ ပြောထားတယ် မဟုတ်ဘူးလား"

"ကျွန်မတို့မှာ ရှင်တို့ကို လာရှာဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့လို့ပါ"

အမျိုးသမီးငယ်သည် ဝမ်ချွမ်းမန်အား အနည်းငယ် ကြောက်ရွံ့နေသည့် တိုင်အောင် အားတင်းကာ ပြောလိုက်ရလေသည်။ ထိုသို့ပြောပြီးနောက် သူမသည် အရိုးခံဟု ထင်ရဟန်ဖြင့် အားယွီလေးအား ကြည့်လိုက်လေသည်။ လျိုရှီသည် အားယွီလေးအား ဘေးသို့ အလျင်အမြန် ပွေ့ချီသွားလိုက်ကာ မျက်မှောင်ကြုတ်လျှက် ပြောလိုက်သည်။

"နင်တို့ ရှန်းယန်ရွာက ကိစ္စက ငါ့သမီးနဲ့ ဘာဆိုင်လို့လဲ သူ့ကို လာမရှာနဲ့တော့ မဟုတ်ရင် ငါ နင်တို့အပေါ် ယဉ်ကျေးနေမှာ မဟုတ်ဘူးနော်"

အမျိုးသမီးငယ်မှ အလျင်အမြန် ပြန်ပြောလိုက်သည်။

"ကျွန်မမှာ သူ့ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး ကျွန်မတို့က သူ့ကို တောင်းပန်ဖို့ လာခဲ့တာပါ ဘာလို့လဲဆိုတော့ ဘာလို့လဲဆိုတော့"

သူမသည် စကားကိုပင် ဆုံးအောင် မပြောနိုင်ချေ။

"ကျွန်မက..."

ဝမ်ချွမ်းမန်သည် ခင်မင်ဖော်ရွေဟန် မရှိသည့် မျက်နှာ အမူအရာဖြင့် သူ၏ ပုဆိန်အား ဝှေ့ယမ်းလျှက် ခုတ်ချလိုက်လေသည်။

"အကယ်လို့ မင်းတို့မှာ ပြောစရာရှိရင် မြန်မြန်ပြော အဲဒီမှာ စကားထစ်မနေနဲ့ မင်းတို့ ဝမ်းနှုတ်ဆေးတွေ စားထားကြလို့လား ငါတို့ အလုပ်မအားဘူး မင်းတို့နဲ့ဖြုန်းဖို့ အချိန်ပို မရှိဘူး"

သူ့မိန်းမမှလွဲ၍ ငိုနေသည့် အခြားမည်သူ့ကိုမျှ သူ မနှစ်သက်ချေ။ ဟူမိသားစုရွာသားများပင်လျှင် ယခုလို ဒုက္ခများ ကြုံတွေ့ ခံစားခဲ့ရသည်ကိုပင် မငိုခဲ့ကြချေ။ ရှန်းယန်ရွာမှ သူများသည် မည်သည့် အခွင့်အရေး ရှိသည့် အတွက် လာငိုနေကြသနည်း။

တစ်ဖက်လူသည် ကိုယ်ဝန်ဆောင် အမျိုးသမီး ဖြစ်နေသည့် အတွက်သာ မဟုတ်လျှင် သူသည် ပုဆိန်ဖြင့် တိုက်ရိုက် ခြိမ်းခြောက်ကာ မောင်းထုတ်လိုက်ပြီး ဖြစ်သည်။

သူ၏ အဖိုးတန်သမီးလေးအား အနိုင်ကျင့်ရန် မည်သူ့အား အဘယ်ကြောင့် ခွင့်ပြုရမည်နည်း ။ သူ့သမီးလေးအား အနိုင်ကျင့်သူမှာ မိန်းကလေး ဖြစ်နေလျှင်ပင် လက်မခံနိုင်ချေ။

ကံဆိုးလိုက်လေခြင်း.......

ပုဆိန်ဖြင့် ခုတ်လိုက်သည့် အရှိန်ကြောင့် ဝါးခြံစည်းရိုးတွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ရှန်ယန်းရွာသားများ မဆိုထားနှင့် ဝမ်မိသားစုများပင် လန့်ဖျပ်သွားခဲ့လေသည်။ သူတို့ သည် ဝမ်ချွမ်းမန်အား ယခုလို ပုံစံဖြင့် တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

"မျိုးနွယ်စုခေါင်းဆောင်က ကျွန်မတို့ကို မောင်းထုတ်ချင်နေခဲ့တာ"

အမျိုးသမီးငယ်မှာ အလွန်ကြောက်လန့် သွားခဲ့သည့်အတွက် ငိုနေရာမှပင် ရပ်တန့်သွားခဲ့သည်။ သူမသည် သူမ၏ ဗိုက်အား ပိုက်ထားကာ နောက်ဆုံးတွင် အဖြစ်အပျက်များအား ဖြည်းညှင်းစွာ ရှင်းပြလေတော့သည်။

အဓိကအကြောင်းရင်းမှာမူ လက်ထောက်တရားသူကြီး ချောင်မှ စီရင်ချက်အား ရွာလုံးကျွတ်ရှေ့တွင် ဖတ်ကြားရန် ရှန်းယန်ရွာသို့ လူလွှတ်လိုက်ခြင်း ဖြစ်နေခဲ့သည်။

ရုံးတော်မှ အရာရှိများသည် ရှန်းယန်ရွာသားများ အတွက် စီရင်ချက်အား အမြန်ဆုံး အကောင်အထည်ဖော်ရန်ပင် တိုက်တွန်းခဲ့ကြသည်။ ထို့အပြင် ဓားပြမှု ဆိုင်ရာ စည်းမျဉ်း ဉပဒေများအရ ရွာသူကြီးအပါအဝင် ရှန်းယန်ရွာမှ အမျိုးသားအားလုံးကို ကြိုးပေးသတ်ရမည် ဖြစ်သည်။

ချန်မင်းဆက်၏ ဉပဒေများအရ နေရာ၌ပင် ဖမ်းဆီးရမိသည့် ဓားပြများအား တိုက်ရိုက် ကွပ်မျက်နိုင်ပေသည်။ သို့သော် သူတို့သည် ရွာသားများ ဖြစ်နေကြသည့်အပြင် လက်ထောက်တရားသူကြီး ချောင် သည်လည်း ဟူမိသားစုရွာနှင့် အိမ်နီးချင်းရွာကြား အနာဂတ် ဆက်ဆံရေးအား စိုးရိမ်သည့် အတွက် ဥပဒေအတိုင်းသာ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။ ဤသည်ကိုပင် ရှန်းယန်ရွာသားများသည် မကျေမနပ်ဖြစ်ကာ အော်ဟစ် ငိုယိုနေကြသေး၏။

"မျိုးနွယ်စုခေါင်းဆောင်က တခြားရွာသားတွေကို ကယ်တင်ချင်ရင် ကျွန်မတို့ကို ရှင်းလင်း ဖယ်ရှားပြီးတော့ ရွာထဲကနေ မောင်းထုတ်ရမယ်လို့ ပြောတယ်"

အမျိုးသမီးငယ်သည် စကားပြောနေရင်းဖြင့် သူမ၏ မျက်လုံးများ နီရဲလာခဲ့ပြန်သည်။ သူမ ငိုချင်နေသော်လည်း ဝမ်ချွမ်းမန်၏ မျက်နှာအမူအရာအား တွေးမိသောအခါ မငိုရဲတော့ချေ။

"ဒါ နင်တို့ ကိုယ်တိုင်ရှာတဲ့ ပြဿနာ မဟုတ်ဘူးလား ဘယ်သူ့ကို အပြစ်တင်ချင်နေတာလဲ"

နစ်နာသူအား အနိုင်ကျင့်ခဲ့ကြပြီးမှ နစ်နာသူ၏ အိမ်သို့ လာကာ သနားစရာကောင်းအောင် လုပ်ပြနေခြင်းသည် အဓိပ္ပာယ် မရှိချေ။ အဒေါ်မာသည် ရှန်းယန်ရွာမှ လူများအား အမြင်မကြည် သည့်အပြင် ယောက်ျားသားများ ဝင်ပြောရန် အဆင်မပြေဟု ခံစားမိသဖြင့် သူမ ဝင်ပြောလိုက်လေသည်။

"နင်တို့ လာရာလမ်းအတိုင်း မြန်မြန် ပြန်လှည့်သွားဖို့ ငါ အကြံပေးချင်တယ် မဟုတ်ရင် တခြားရွာသားတွေသာ သိသွားရင် နင်တို့ လွယ်မှာ မဟုတ်ဘူးနော်"

သူတို့ ဟူမိသားစုရွာတွင် အိပ်ရာထဲ လဲနေကာ မည်သည်ကိုမှ မလုပ်နိုင်သည့် လူဆယ်ယောက်ကျော် ရှိနေသေး၏။ ယခုလို စိုက်ပျိုးရေး ရာသီမျိုးတွင် ဤသည်မှာ အသက်အန္တရာယ်အား ခြိမ်းခြောက် နေသကဲ့သို့ပင် ဖြစ်စေသည်။

ရှန်းယန်ရွာမှ လျော်ကြေးပေးရန် အမိန့်ချခံထားရသော်လည်း ကြည့်ရသည်မှာ သူတို့အနေဖြင့် တစ်နှစ်လောက်အထိ လျော်ကြေးပေး နိုင်မည့်ပုံ မပေါ်ချေ။ ထိုအချိန်ကျလျှင် ရှန်းယန်ရွာမှ လူမျာအား ဝိုင်းရိုက်ကြသည်လည်း ဖြစ်နိုင်ပေသည်။

ဝမ်မိသားစုဝင်များ၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးတော့မည်အား မြင်လိုက်ရသဖြင့် သက်လတ်ပိုင်း အမျိုးသမီးသည် ဆက်မငိုရဲတော့ပေ။ သူမ မျက်ရည်များအား သုတ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်က ပြောတယ် ရှင်တို့ရဲ့ ခွင့်လွှတ်မှုကို ရပြီးတော့ အားယွီကလည်း ကျွန်မတို့ကို ခွင့်လွှတ်ပေးသရွေ့ ကျွန်မတို့ လက်ထောက် တရားသူကြီးဆီသွားပြီး အသနားခံလို့ ရတယ်တဲ့ မြေကြီးထဲ တစ်ဝက်ဝင်ပြီးသား ဖြစ်နေတဲ့ ကျွန်မတို့လို လူတွေကို ရှင်တို့ ကြိုက်သလို လုပ်လို့ရပေမယ့် ကျွန်မရဲ့ ကလေးနှစ်ယောက်ကတော့ ငယ်ပါသေးတယ် သူတို့ကို ရွာကနေ မောင်းထုတ်ခံရလို့ မဖြစ်ဘူး..."

တကယ်တမ်းတွင် ရှန်းယန်ရွာမှ အမျိုးသားများအားလုံး ထောင်ဒဏ် ကျခံလိုက်ရခြင်း ဖြစ်သည်။ သူတို့အား ဥပဒေအရ ကိုင်တွယ် စောင့်ကြပ်နိုင်ရန် ဒေသခံ မိသားစုများထံသို့ လွှဲပြောင်းပေးခဲ့ရသဖြင့် ထောင်ထဲသို့ သွားစရာ မလိုတော့ခြင်းသာ ဖြစ်ပေသည်။

အခြား ဒဏ်ရာရသူများနှင့် ဒဏ်ရာမရသူများကိုမူ သူတို့၏ လုပ်ရပ် အတိုင်းအတာအလိုက် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ ပြစ်မှုမှတ်တမ်း ရှိသွားပါက သူတို့၏ သားသမီးများသည် အနာဂတ်တွင် ပိုမို ခက်ခဲသည့် ဘဝတွင် နေထိုင်ကြရလိမ့်မည် ဖြစ်သည်။ တစ်ရွာတည်းနေ ဆွေမျိုးနီးစပ် နေသူများလည်း ပါဝင်ပတ်သက်နေမည်ဖြစ်ကာ အခွန်အခများကိုလည်း အခြားမိသားစုများထက် ပိုမို၍ ပေးဆောင်ရမည် ဖြစ်သည်။

စစ်မှုထမ်းရန် ဆင့်ခေါ်လျှင်လည်း သူတို့သည် ပထမဆုံး စစ်မှုထမ်းရမည့်သူများ ဖြစ်လာလိမ့်မည် ဖြစ်သည်။ ရှန်းယန်ရွာမှ အကြီးအကဲများသည် ထိုလူများနှင့် သူတို့၏ မိသားစုအားလုံးအား ရွာမှ မောင်းထုတ်ရန် တိုက်ရိုက် ဆုံးဖြတ်လိုက်ကြလေသည်။

လေဖြတ်နေသူများမှာမူ ပျက်စီးယိုယွင်းနေသည့် အိမ်တစ်လုံးအား ရှာဖွေကာ သာမာန်ကာလျှံကာ နေခွင့်ပေးထားလိုက်လေသည်။ သူတို့အား တခြား မည်သည့် နေရာကိုမှ သွားခွင့်မပြုသကဲ့သို့ မည်သည့် အကူအညီမှလည်း ပေးလိမ့်မည် မဟုတ်ချေ။

"အကြီးအကဲတွေရဲ့ အစီအစဉ်အရ ဒီတိုင်းဆက်ဖြစ်သွားမယ် ဆိုရင် ကျွန်မယောက်ျားအတွက် လမ်းစရှိဦးမှာလား သူက သေမယ့်နေ့ကို ထိုင်စောင့်နေရမှာပေါ့"

သက်လတ်ပိုင်း အမျိုးသမီးမှ ဆင်လက်၍ ပြောလိုက်သည်။

"ကျွန်မယောက်ျားက ရိုးသားပါတယ် သူက ရွာသူကြီးစကားကို နားထောင်ပြီးတော့ ရှင်တို့ကို လာရှာရတာပါ သူက ကလေးတွေကို မစားဖူးပါဘူး ရှင်တို့ကိုလည်း မတိုက်ခိုက်ခဲ့ပါဘူး သူ့ဘဝက ဒီလိုမျိုး အဆုံးမသတ် သွားခဲ့သင့်ပါဘူးရှင်"

လျိုရှီ သည်းမခံနိုင်တော့သည့် အတွက် တစ်ဖက်သားအား ချက်ချင်း အော်ပြောလိုက်လေသည်။

"တော်လိုက်တော့ နင်တို့ ရှန်းယန်ရွာက အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်ဖို့ ငါတို့မှာ အချိန်မရှိဘူး နင်တို့ ပြန်လိုက်တော့ ငါတို့ နင်တို့ကို ခွင့်လွှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး နင်တို့ ဒီမှာ ဆက်ပြီး ပြဿနာရှာနေမယ်ဆိုရင် ငါတို့ ရွာသူကြီးကို ပြောပြီး နင်တို့ကို ထပ်တရားစွဲရလိမ့်မယ်"

သက်လတ်ပိုင်း အမျိုးသမီး၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။

"ရှင်တို့ ဒီလိုလုပ်လို့ မရဘူး ရှင်တို့က ကျွန်မတို့ကို လမ်းပျောက်အောင် ဖိအားပေးနေတာပဲ"

သက်လတ်ပိုင်း အမျိုးသမီး၏ ဘေးနားတွင် ရပ်နေသည့် ကောင်လေးသည် အားယွီလေးအား အမုန်းတရားများဖြင့် စိုက်ကြည့်နေခဲ့သည်။ လျိုရှီမှ ထိုသို့ပြောသည်အား ကြားလိုက်ရချိန်တွင် သူသည် အံကိုကြိတ်လျှက် ပြောလိုက်လေသည်။

"ဂြိုလ်ဆိုးမ ဒါတွေအကုန်လုံးက ဂြိုလ်ဆိုးမ ဖြစ်တဲ့ နင် မွှေတာကြောင့် ဖြစ်တာ အကုန် နင့်အပြစ်ပဲ ဘယ်သူမှ မလိုချင်တဲ့ ဂြိုလ်ကောင်မ"

"နင်က နိမိတ်ဆိုးပဲ နင့်ကြောင့်သာ မဟုတ်ရင် ငါ့အဖေ လေဖြတ်မှာ မဟုတ်ဘူး"

" ဂြိုလ်ကောင်မ ငါ နင့်ကို မရိုက်ရသေးခင်..."

...

သက်လတ်ပိုင်း အမျိုးသမီးသည် ကလေး၏ ပါးစပ်အား ပိတ်လိုက်ချင်သည့် တိုင်အောင် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူသည် အော်ပြောလိုက်ပြီး ဖြစ်သည်။

အစပိုင်းတွင် ဝမ်မိသားစု၏ မြေးများသည် ဘေးနားတွင် ရပ်နေကြကာ မည်သည်ကိုမျှ ဝင်မပြောခဲ့ကြချေ။ သို့သော် ထိုစကားအား ကြားလိုက်ရသောအခါ သူတို့၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားကြသည်။

" အသုံးမကျတဲ့ ခွေးကောင် မင်း ဘာစကား ပြောလိုက်တာလဲ"

ဝမ်ဝူလန်သည် ခြေတစ်လှမ်း တိုးလိုက်ပြီးနောက် ဝါးခြံစည်းရိုးအား ကျော်လျှက် ကောင်လေးဆီသို့ ပြေးဝင်သွားလိုက်လေသည်။

သူ လက်အား မြှောက်လိုက်သည်။

ကောင်လေးသည် ကာကွယ်ရန် သူ၏ လက်မောင်းအား မသိစိတ်ဖြင့် ဆန့်ထုတ်လိုက်သော်လည်း ဝမ်ဝူလန်မှ သူ့၏ အခြားလက်တစ်ဖက်ကို ချက်ချင်း ဆန့်ထုတ်လိုက်လေသည်။

"ဖြောင်း"

သူသည် ကောင်လေး၏ မျက်နှာကို ရိုက်ချလိုက်သည်။ ကောင်လေးမှ နာကျင်စွာဖြင့် မျက်နှာကို ဖုံးအုပ်ထားလိုက်လေသည်။ ဝမ်ဝူလန်မှ အခွင့်အရေးယူပြီး သူ့၏ အခြားတစ်ဖက်အား ထပ်ရိုက်လိုက်ပြန်သည်။

"ဖြောင်း"

...

ရိုက်နှက်သံသည် အထူးပင် ကျယ်လောင်လွန်းလှသည်။ ကောင်လေး၏ မျက်နှာသည် လျင်မြန်စွာပင် နီရဲလာခဲ့သည်။ ဝမ်ဝူလန်၏ မျက်နှာအမူအရာသည် ကောင်လေးထက်ပင် ပိုမို၍ ရက်စက် ကြမ်းကြုတ်နေခဲ့သည်။

"မင်းကိုယ်မင်း ဘယ်သူမှတ်နေလဲ ငါ့ညီမလေးကိုများ ဆဲရဲတယ်ပေါ့"

ဝမ်လျူလန်နှင့် ဝမ်ချီလန်တို့သည်လည်း ကွဲနေသည့် ဝါးခြံစည်း ရိုးတစ်လျှောက် ပြေးထွက်လာကြလေသည်။ ဝမ်ဝူလန်မှ ကောင်လေးအား မြေကြီးပေါ် တွန်းချလိုက်ပြီးနောက် ဝမ်ချီလန်မှာမူ သူ၏ ခါးပေါ် တက်ခွကာ စတင် ထိုးကြိတ်လေတော့သည်။

ဝမ်စစ်လန်နှင့် အခြားသူများ အပြေးရောက် ရှိလာသောအခါ သူတို့ ဝင်ရိုက်ဖို့ နေရာပင် မကျန်တော့ချေ။ အရာအားလုံး ဖြစ်ပျက်သွဦးသည်မှာ လျင်မြန်လွန်းလှပေသည်။ သက်လတ်ပိုင်း အမျိုးသမီးသည် သတိပြန်ဝင်လာပြီးနောက် သူတို့အား တားဆီးလိုက်ချင်သည့် အချိန်မှာပင် ကောင်လေးမှာမူ လက်သီးချက် အနည်းငယ် ခံလိုက်ရပြီး ဖြစ်လေသည်။

မူလတွင် သူသည် ခေါင်းမာနေသေး၏။ နှစ်ချက်လောက် အထိုးခံလိုက်ရပြီးနောက်တွင် သူ စတင်၍ အော်ငိုလေတော့သည်။

"နင်တို့ ဟူမိသားစုရွာက လူကို အနိုင်ကျင့်တယ် ဝါး အမေရေ ကယ်ပါဦး ဝါး"

"နင်တို့ ဘာလုပ်နေတာလဲ ငါ့သားကို လွှတ်လိုက်စမ်း"

သူမသည် ဝမ်လျူလန်နှင့် အခြားသူများကို ဆွဲဖယ်ရန် သွားလိုက်သည်။ သူမ၏ ကျောပေါ်တွင် ချည်ထားသည့် ကလေးမှာလည်း လန့်နိုးလာကာ ငိုကြွေးလေတော့သည်။ သူမသည် လှည့်ကာ ကလေးငယ်အား ပြန်ချော့ချင်နေမိသည်။

"သူတို့ကို ရပ်ခိုင်းလိုက်စမ်း ရှင်တို့ ဟူမိသားစုရွာက ရူးနေကြတာလား"

သက်လတ်ပိုင်း အမျိုးသမီးမှာ စိုးရိမ်နေသကဲ့သို့ ဒေါသလည်း ထွက်နေခဲ့လေသည်။ သူမ လှည့်ကာ ဝမ်ချွမ်းမန်နှင့် အခြားသူများအား ပြောလိုက်လေသည်။

"အိုး ငါတို့ကလေးကို ကောင်းကောင်း မဆုံးမမိတာ ငါတို့အပြစ်ပါ"

အဒေါ်မာမှ တောင်းပန်လိုက်သော်လည်း သူမ၏ မျက်နှာတွင် သရော်မှုများ ပြည့်နှက်နေခဲ့ကာ သူမ၏ လက်များမှာမူ လုံးဝ လှုပ်ရှားမှု မရှိခဲ့ချေ။

"နင်တို့လိုပဲပေါ့"

သက်လတ်ပိုင်း အမျိုးသမီး၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားခဲ့တော့သည်။ အခြားတစ်ဖက်တွင် ဝမ်ဝူလန်မှ အခွင့်အရေးယူကာ ကောင်လေး၏ တင်ပါးအား ထပ်ကန်လိုက်ပြန်လေသည်။

All Chapters