← Chapters

ဆုံးဖြတ်ချက်

Vol. 4 Ch. 50

ဆုံးဖြတ်ချက်

Vol. 4 Ch. 50

"နင်တို့ ဒီလိုလုပ်လို့ မရဘူး ငါ့သား ငါ့သားလေး"

"အမေက အသုံးမကျလို့ပါ..."

သက်လတ်ပိုင်း အမျိုးသမီးမှာ သူ့အား ဆွဲမဖယ်နိုင် ဖြစ်နေခဲ့ကာ သူမကျောနောက်ရှိ ကလေးအားလည်း စိတ်ပူနေရသဖြင့် ရှေ့သို့ မတိုးရဲတော့ချေ။ သူမသည် ကျောက်တုံးကြီးပေါ်တွင် ထိုင်ပြီးနောက် သူမ၏ ပေါင်ကိုသာ ပြင်းပြင်းထန်ထန် ရိုက်နေမိသည်။ သူမသည် အမျိုးသမီးငယ်ကိုပင် လှမ်းအော်လိုက်လေသည်။

"နင် ဘာလုပ်ဖို့ စောင့်နေတာလဲ သူ့ကို ဘယ်လိုဆွဲထူရမလဲဆိုတာ နင်မသိဘူးလား ဒီတိုင်း ကြည့်မနေနဲ့လေ သူက နင်ယောက်ျားရဲ့ တူလေးနော်"

"ကျွန်မ"

အမျိုးသမီးငယ်သည် မည်ကဲ့သို့ ရှေ့တိုးရဲပါ့မည်နည်း။

"နင်တို့ ဘာလုပ်နေကြတာလဲ"

အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဝမ်လျူလန်နှင့် အခြားသူများသည် ရပ်တန့်သွားခဲ့ကာ နောက်သို့ လှည့်ကြည့်လိုက်မိကြသည်။ ဘုရားရေ အခြားလမ်းတစ်ခုမှ ရောက်လာသည့် နောက်ထပ် လူတစ်စု ဖြစ်နေခဲ့သည်။

ထိုသူများသည် ဟူမိသားစုရွာမှ မဟုတ်ကြောင်း သိသာထင်ရှားလှပေသည်။ ဤတစ်ကြိမ် လာသူများမှာ အယောက် ၂၀ ကျော် ရှိသည်။ အများစုမှာ သူတို့ကဲ့သို့သော ဇနီးသည်များ ဖြစ်ကြကာ အမျိုးသား သုံးဦးလည်း ပါဝင်ပေသည်။ ထိုသူများ အပြေးအလွှား ရောက်လာခဲ့ကြသည်။ သူတို့အထဲတွင် လူများစွာ ရှိနေသည်အား မြင်လိုက်ရသဖြင့် ဝမ်တာလန်သည် သူ့ညီများအား အဝေးမှ လှမ်းခေါ်လိုက်လေသည်။

"အရင် ပြန်လာခဲ့ကြ"

ဝမ်စစ်လန်မှ သူ့ညီများအား ဆွဲခေါ်လိုက်လေသည်။

"ပြန်သွားကြစို့"

ကောင်လေးများ ချက်ချင်း နောက်ဆုတ်လိုက်ကြလေသည်။ သက်လတ်ပိုင်း အမျိုးသမီးမှ ကောင်လေးအား အလျင်အမြန် ဆွဲထူလိုက်သည်။ သူ့မျက်နှာမှာမူ အရိုက်ခံရမှုကြောင့် ရောင်ကိုင်းနေခဲ့ပြီ ဖြစ်သည်။

"ငါ့သားလေး မင်းဘဝကလည်း ဆိုးလိုက်တာကွယ်"

ကောင်လေးသည် အမျိုးသမီး၏ ရင်ခွင်ထဲတွင် မျက်နှာအပ်လျှက် မရပ်မနား ငိုကြွေးနေတော့သည်။ သူ့ခန္ဓာကိုယ်သည် တုန်ယင်နေဆဲပင် ဖြစ်သည်။ အစောပိုင်းမှ လူများအား ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုနေသည့်ပုံစံ လုံးဝ မရှိတော့ချေ။ သက်လတ်ပိုင်း အမျိုးသမီးမှာ ရင်ကွဲမတတ် ခံစားလိုက်ရလေသည်။ ကိုယ်တိုင် အရိုက်ခံရတာထက် ပိုဆိုးနေခဲ့သည်။

"ရှင်တို့ ဟူမိသားစုရွာက အနိုင်ကျင့်လွန်းအားကြီးတယ် ရှင်တို့ ခွင့်မလွှတ်ချင်လည်း နေပေါ့ ဘာလို့များ ကျွန်မတို့ကို ဝိုင်းရိုက်ကြတာလဲ"

အမျိုးသမီးငယ်မှ မကျေမနပ် ပြောလိုက်လေသည်။

"ကျွန်မတို့ ဒါကို အရာရှိတွေကို တိုင်ပြီးတော့ ရှင်တို့မိသားစုကိုပါ ဖမ်းခိုင်းလိုက်မယ်ဆိုတာ ယုံလား"

ရှန်းယန်ရွာမှ လူများသည် ဝမ်မိသားစုမှ ဤမျှ ခေါင်းမာလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ တကယ်တမ်းတွင် သူတို့အဖွဲ့သည် ရောက်နှင့်နေပြီးသား ဖြစ်လေသည်။ နောက်ပိုင်းတွင်မူ သူတို့ ဆွေးနွေးတိုင်ပင်လိုက်ကြပြီးနောက် အားအနည်းဆုံးပုံ ပေါက်သည့် လူနှစ်ယောက်အား ကလေးများခေါ်လျှက် အရင်လွှတ်လိုက်ခြင်း ဖြစ်ပေသည်။

ဤနည်းလမ်းသည် ဝမ်မိသားစုဝင်များ၏ စိတ်အား ပျော့ပြောင်းသွားစေနိုင်မည်ဟု တွေးခဲ့ကြခြင်း ဖြစ်သည်။ မထင်မှတ်ထားစွာပင် စကားအနည်းငယ် ပြောပြီးနောက် ဝူမိသားစုမှ ကလေးသည်သာ အရိုက်ခံလိုက်ရလေသည်။

ဝူမိသားစု ကလေးသည် ဝူမိသားစု၏ ရတနာလေး ဖြစ်သည့်အပြင် အရင် အချိန်များတွင် သူတို့သည် အစာအတွက် ကလေးများနှင့် လဲလှယ်ကြစဉ် ဝူမိသားစုမှ သူတို့၏ မြေးမလေး သုံးယောက်အား စတေးခဲ့ရလေသည်။ ဝူမိသားစု၏ ကလေးလေး အစာမငတ်စေရန်အတွက် သူတို့သည် သူ့အား အခြားကလေးသားများပင် ကျွေးခဲ့သည်ဟု သူမ ကြားဖူးလေသည်။

ဤသည်မှာ အခြားကလေးများအား စားဖူးသည့် ရွာထဲမှ တစ်ဦးတည်းသော ကလေးဖြစ်လေသည်။

"ဒီတိုင်းသာ ဆက်သွားရင် ဝူမိသားစုက ကလေးလေး တကယ် အရိုက်ခံရပြီး သေသွားလိမ့်မယ် ခြောက်ယောက်မြောက် အစ်ကိုဝူက ငါတို့ပြန်ရောက်ရင် သေချာပေါက် ပြဿနာရှာတော့မှာပဲ"

"ဘာစောင့်နေကြတာလဲ မြန်မြန်သွားကြစို့"

အခြေအနေများ ထိန်းမနိုင်သိမ်းမရ ဖြစ်တော့မည်အား မြင်လိုက်ရသဖြင့် သူတို့ ထွက်ပေါ်လာရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။

"ဒါဆိုရင် အရာရှိတွေကို သွားတိုင်လိုက်လေ"

အဖွားအိုဝမ်သည် မည်သည့်အချိန် ကတည်းမှ ပြန်ရောက်နေမှန်း မသိချေ။ သူမသည် လှောင်ပြောင်လိုက်ပြီးနောက် ရှေ့သို့ လျှောက်လာခဲ့သည်။ သူမသည် ရှန်းယန်ရွာမှ လူများ၏ မျက်နှာများအား တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်ရာ သူမမျက်လုံးထဲရှိ လှောင်ပြောင်မှုများမှာ လျှံကျလုမတတ်ပင် ဖြစ်နေခဲ့သည်။

"ရှန်းယန်ရွာက လူတွေက ဘာလို့ တိရစ္ဆာန်တွေထက် ဆိုးတဲ့အလုပ်တွေကိုပဲ လုပ်ကြတာလဲလို့ ငါ တွေးနေခဲ့တာ ငါ သူတို့ကို အထင်လွဲမိတယ်လို့ ထင်နေမိတာ အခုကြည့်ရတာ ငါ မမှားဘူးပဲ တရွာလုံးက တိရစ္ဆာန်တွေနဲ့ ပြည့်နေတာ သူတို့ရဲ့ အမြစ်တွေက ပုပ်သိုးနေပြီ"

အိမ်တန်းမှ ကောက်နေသဖြင့် အောက်ခြေတန်းသည်လည်း ကောက်နေခြင်းသည် ဓမ္မတာပင် ဖြစ်လေသည်။ ဤကဲ့သို့ ကလေးစားသည့် ကိစ္စသာ မရှီခဲ့လျှင်ပင် သူတို့ရွာ၏ လေထုသည် အဆုံးထိ ပုပ်သိုးသွားအုန်းမည်မှာ အသေအချာပင် ဖြစ်သည်။

"ခင်ဗျား သောက်..."

အနောက်တွင် ပုန်းနေသည့် အမျိုးသားများမှာ သည်းမခံနိုင်တော့သည့် အတွက် သူတို့၏ မျက်နှာ အမူအရာများမှာ အလွန် ရန်လိုလာသည့်ဟန် ဖြစ်လာကြသည်။

"မိန်းမတစ်ယောက်ရဲ့ နောက်ကွယ်မှာ ပုန်းနေရတာ ဘာအဓိပ္ပာယ်ရှိလို့လဲ သတ္တိရှိရင် ရှေ့ထွက်ခဲ့ပြီးတော့ ငါ့ကို ကောင်းကောင်း လာပြောစမ်း ငါ့တံတွေးနဲ့ နင်တို့ကို နစ်သေအောင် လုပ်ပစ်နိုင်မလားဆိုတာ ကြည့်ရအောင်"

အမျိုးသား သုံးယောက်သည် တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ကြည့်လိုက်ကြလေသည်။ အဖွားအိုဝမ်သည် ထိုအမျိုးသား သုံးယောက်အား ပို၍ပင် အထင်သေးသွားခဲ့တော့သည်။ ကြည့်ကောင်းရုံသာရှိပြီး အသုံးမကျသည့် အမှိုက်လိုမျိုး ဆိုသည်မှာ သိသာထင်ရှားလှပေသည်။

ယခု အဖွားအိုဝမ် ပြန်ရောက်လာပြီဖြစ်၍ ဝမ်မိသားစုသည် ကျောထောက်နောက်ခံ တံတိုင်းကြီး တစ်ခု ပြန် ရသွားသကဲ့သို့ ဖြစ်နေခဲ့သည်။ မူလကတည်းမှ မကြောက်မရွံ့ ဖြစ်နေသည့် သူတို့သည် ယခုအခါ ပို၍ပင် ယုံကြည်မှု ရှိလာကြပြီ ဖြစ်သည်။

အဖိုးအိုဝမ် အိမ်သို့ အပြေးအလွှား ပြန်ရောက်လာချိန်တွင် သူ့အိမ်ရှေ့ရှိ ကျောက်တုံးကြီးပေါ်တွင် လူ ၂၀ ကျော် ထိုင်နေသည်အား တွေ့လိုက်ရတော့သည်။

"ဘာဖြစ်ကြတာလဲ"

အဖိုးအိုဝမ်မှ မေးလိုက်သည်။

"လောလောဆယ် စိတ်မပူပါနဲ့ ရွာသူကြီးဟူ လာတာကို စောင့်လိုက်ပါဦး"

အဖွားအိုဝမ်သည် ဝမ်တာလန်ကို ရွာသူကြီးဟူအား သွားခေါ်ခိုင်းထားပြီးပြီ ဖြစ်သည်။ ၁၅ မိနစ်ခန့် ကြာပြီးနောက် ရွာသူကြီးဟူ ရောက်ရှိလာခဲ့သည်။

သူ ရောက်လာပြီးနောက် အခြေအနေတစ်ခုလုံးအား လျင်မြန်စွာ နားလည်သွားခဲ့သည်။ အဆုံးထိ နားထောင်ပြီးသောအခါ သူ ပို၍ပင် မျက်မှောင်ကြုတ်မိလိုက်သည်။ အစပိုင်းတွင် သူသည် ရွာရှိ ရိက္ခာများ လုယူခံလိုက်ရစဉ်တည်းမှ စ၍ ဤရှန်းယန်ရွာမှ လူများအပေါ် ကောင်းမွန်သည့် အမြင် မရှိခဲ့တော့ခြင်း ဖြစ်သည်။

အထူးသဖြင့် ဤအဖြစ်အပျက် ပြီးသွားပြီးနောက် ရှန်းယန်ရွာ၏ အဓိကပြသာနာအား သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး ဖြစ်သည်။ သူတို့သည် အရူးတစ်သိုက်ပင် ဖြစ်သည်။ ရွာသူကြီးဟူမှ ပြောလိုက်သည်။

"ခင်ဗျားတို့ လုပ်ခဲ့တဲ့ အမှားတွေကို ကလေးတစ်ယောက်အပေါ် အပြစ်ပုံချလို့ ရမယ်လို့ မထင်နဲ့ အဲ့ဒါအပြင် အားယွီက ကျုပ်တို့ရွာက မဟုတ်ဘူးဆိုတဲ့ စကားမျိုး နောက်ထပ် မကြားချင်တော့ဘူး သူက ကျုပ်တို့ရွာမှာ ငယ်ငယ်ကတည်းက ကြီးပြင်းလာခဲ့တာ ခင်ဗျားတို့က ကျုပ်မြင်အောင် တစ်ယောက်လောက် ကောက်ပြနိုင်လို့လား"

"သူက အသုံးမဝင်တဲ့ ကောင်မလေးပဲလေ ရုပ်လေးနည်းနည်း ချောတော့ရော ဘာဖြစ်လဲ နောက်ဆုံးကျတော့ သူက"

အမျိုးသားတစ်ယောက် စကားပြော၍ မပြီးသေးမှီမှာပင် ကျောက်ခဲ အသေးသေးလေး တစ်လုံး ပျံဝဲလာခဲ့ကာ သူ့နဖူးအား ထိမှန်သွားလေသည်။ ဝမ်ဝူလန်သည် လက်ထဲမှ လေးခွအား မြှောက်ပြလိုက်ကာ ထိုလူအား မျက်နှာပြောင်ပြလိုက်သည်။ ဝမ်စစ်လန်သည် သူ၏ လက်ထဲမှ တံမြက်စည်းအား တိတ်တဆိတ် ချလိုက်တော့သည်။

"သူများပိုင်နက်ထဲ ရောက်နေတာတောင် မာန်တက်နေတုန်းပဲလား ဒါ ခင်ဗျားတို့ ရှန်းယန်ရွာက လုပ်တတ်တာ အကုန်ပဲလား"

ရွာသူကြီးဟူသည် သူ၏ စိတ်အတွင်း၌ သူတို့အား တိတ်တဆိတ် မှတ်သားလိုက်လေသည်။

ရှန်းယန်ရွာမှ လူများ မကျေမနပ် ဖြစ်နေသည်အား မြင်လိုက်ရသော်လည်း ရွာသူကြီးဟူ ဂရုမစိုက်ပေ။ သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားခဲ့ကာ လျစ်လျူရှုသည့် အပြုံးတစ်ခုအား ထုတ်ဖော်လိုက်လေသည်။

"ကြည့်ရတာ ကျုပ်တို့ရွာက သဘောကောင်းလွန်းနေပုံရတယ် အရင်တုန်းကတော့ ကျုပ်တို့ တွေးခဲ့တာက ခင်ဗျားတို့ရွာက ယောက်ျားတွေပဲ အမှားလုပ်ခဲ့တာ ကျန်တဲ့သူတွေက အပြစ်ကင်းတယ်လို့ပေါ့ အခုကြည့်ရတာ ခင်ဗျားတို့အပေါ် ဘယ်လို သနားစာနာစိတ်မှ ထားစရာ မလိုတော့ဘူးပဲ"

"စိတ်မပူပါနဲ့ ခင်ဗျားတို့ရွာက ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး"

"ကျုပ်တို့ ဟူမိသားစုရွာက ဆင်းရဲတာနဲ့ပဲ အနိုင်ကျင့်ဖို့ လွယ်တယ်လို့ မထင်နဲ့ ကျုပ်တို့ရွာမှာ စစ်သူကြီးတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ မမေ့နဲ့"

...

ရှန်းယန်ရွာမှ လူများ ထိတ်လန့်သွားပြီးနောက် တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လိုက်ကြသည်။

"ရွာသူကြီးဟူ ခင်ဗျားက သဘောထားကြီးပြီးတဲ့သူ တစ်ယောက်ပါ ကျုပ်တို့အပေါ် အပြစ်မယူပါနဲ့"

"သနားသောအားဖြင့် အားယွီကို လက်ထောက် တရားသူကြီးဆီ စကားပါးခိုင်းပေးပါ စကားတစ်ခွန်းတည်းပါပဲ ကျေးဇူးပြုပြီး"

"ကျုပ်တို့က လမ်းပျောက်အောင် အဖိအားပေးခံရလို့ပါ ဘယ်သူက လူကောင်း မဖြစ်ချင်ဘဲ နေမှာလဲ"

ရွာသူကြီးဟူသည် ဘေးသို့ ခုန်ရှောင်လိုက်ကာ သူတို့အား အရိုအသေပေခွင့် မပြုချေ။

"ကိုယ့်ဘာသာ ပြန်မလား ဒါမှမဟုတ် ကျုပ်တို့ ရိုက်ပြီး ပြန်လွှတ်ရမလား ရွေးကြ"

ရှန်းယန်ရွာမှ လူများ မလှုပ်မယှက် နေနေကြလေသည်။ ရှင်းလင်းစွာပင် သူတို့ မရွေးချယ်ချင်ကြခြင်း ဖြစ်ပေသည်။

"ကြည့်ရတာ ခင်ဗျားတို့ ရှန်းယန်ရွာကို တစ်ခေါက်လောက် သွားရမယ့်ပုံပဲ"

ရွာသူကြီးဟူ အလွန် စိတ်ပျက်သွားခဲ့သည်။ အရင်အချိန်များတွင် ရှန်းယန်ရွာ၏ ရွာသူကြီး ချောင်းဟွာသည် မူလက အလွန် စည်းကမ်းကြီးသူ တစ်ယောက်ဖြစ်ကြောင်း သူ မှတ်မိနေသေးသည်။ မသိလိုက်မသိဘာသာဖြင့် သူသည်လည်း ကွပ်မျက်ခံရမည့် သူများထဲမှ တစ်ဦး ဖြစ်လာခဲ့ရသည်။

ချောင်းဟွာသည် ပြစ်ဒဏ်ချမှတ်ခံထားရကာ ခရိုင်မြို့နယ်ထဲရှိ အချုပ်ခန်းတစ်ခုတွင် ချုပ်နှောင်ခံထားရဆဲ ဖြစ်သည်။ ရှန်းယန်ရွာမှ လူများ ကြောင်အသွားကြသည်။ အဘယ်ကြောင့် သူတို့ မျှော်လင့်ထားသည်နှင့် ကွဲပြားနေရသနည်း။

...

မိဘမဲ့များနှင့် မုဆိုးမ တစ်သိုက် သူတို့၏ ရှေ့တွင် ဒူးထောက်လျှက် ခွင့်လွှတ်ပေးရန် ငိုယိုတောင်းပန်လိုက်လျှင် ကိစ္စပြီးပြတ်သွားလိမ့်မည်ဟု သူတို့ မူလက ထင်ထားခဲ့ကြခြင်း ဖြစ်သည်။

အဘယ်ကြောင့်များ ယခုလို ဖြစ်သွားရလေသနည်း။ ဟူမိသားစုရွာက လူတွေက အရမ်း ကြင်နာတတ်ကြသည် ဟု ပြောကြသည် မဟုတ်ပါလား။

ရှေ့တစ်ခေါက်တွင်ပင် သူတို့၏ လူတွေအား ကုသပေးရန် သမားတော်ကိုပင် ခေါ်ပေးခဲ့ကြသည် မဟုတ်ပါလား။

[ကလေးလေး ဒီလူတွေက သဘောမကောင်းကြဘူး ဂရုစိုက်ဖို့ မင်းမိသားစုကို သတိပေးထားလိုက်]

သို့သော် ဒါက သတိပေးချက် သက်သက်သာ ဖြစ်ပေသည်။ မည်သို့ပင် ဆိုစေကာမူ တစ်ဖက်လူများဘက်မှ မည်သည်ကိုမျှ မလုပ်ရသေးချေ။

အားယွီလေးသည် လျိုရှီ၏ လည်ပင်းအား ချက်ချင်း ဖက်လိုက်ပြီးနောက် သူမ၏ ခေါင်းအား လျိုရှီ၏ နားနားသို့ ကပ်လိုက်လေသည်။ သူမသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"မေမေ အဲဒီလူတွေက အရမ်း ကြမ်းတမ်းတာပဲ သမီး ကြောက်တယ် သူတို့က မကောင်းတာ တစ်ခုခု လုပ်ကြမှာလား"

"အားယွီ မကြောက်နဲ့ မေမေ ရှိတယ်နော်"

လျိုရှီမှ အားယွီလေး၏ ကျောအား ဖွဖွလေး ပုတ်ပေးလိုက်ကာ ဖြည်းညှင်းစွာ နှစ်သိမ့်ပေးနေလိုက်သည်။

"သမီးအဖေနဲ့ တခြားသူတွေလည်း ရှိတာပဲ သူတို့ ဘာမှ မလုပ်နိုင်ပါဘူး"

အားယွီလေးမှ ဝမ်ချွမ်းမန်အား ကြည့်လိုက်လေသည်။

ဟုတ်တယ်... အဖေက အရမ်း စွမ်းတာ သူက ပုဆိန်နဲ့ ဘယ်လိုကစားရမလဲဆိုတာလည်း သိတယ်.....

သူမ ရင်ဘတ်လေးအား ပုတ်လိုက်ပြီးနောက် စိတ်သက်သာရာ ရသွားခဲ့သည်။

"နတ်သူငယ်လေး သမီးအဖေက အရမ်း စွမ်းတာ မကြောက်နဲ့နော်"

[...အေးပါကွာ]

လျိုရှီသည် အားယွီလေး ကြောက်လန့်သွားမည်အား စိုးရိမ်သဖြင့် ကလေးများအား မီးဖိုချောင်သို့ ခေါ်ဆောင်သွားခဲ့ကာ ပေါက်စီစားရင်းဖြင့် လိမ္မာစွာ စောင့်နေကြရန်နှင့် အပြင်ပြန်မထွက်လာကြရန် မှာကြားလိုက်လေသည်။

ကံကောင်းထောက်မစွာ ပေါင်းအိုးအား အဖုံးအုပ်ထားသဖြင့် အမွှေးနံ့များ အပြင်သို့ မပျံ့လွင့်သွားခဲ့ချေ။ ရွာသူကြီးဟူ ရှိနေသဖြင့် ကျန်သည့် အရေးခင်း ကိစ္စများသည် ရိုးရှင်းသွားခဲ့လေသည်။

ရွာသူကြီးဟူသည် စိုးရိမ်နေဆဲ ဖြစ်သည်။ ရွာသားများသည် ရှန်းယန်ရွာအပေါ် အလွန် မကျေမနပ်ဖြစ်နေကြကာ သူတို့ အပြစ်ပေးခံရမှု ပေါ့ပါးလွန်းသည်ဟု ခံစားနေကြသည်။ ယခုအချိန်တွင် ဤတိရစ္ဆာန်များအား မောင်းထုတ်လိုက်သည်မှာ ကောင်းပေလိမ့်မည်။

သူသည် ရှန်းယန်ရွာသို့ သွားလိုသည့် သက်ကြီးဝါကြီး အချို့အား ချက်ချင်း ရှာဖွေလိုက်ကာ လူငယ်အချို့အား သတင်းသွားပို့ရန် အတွက် စေခံ ခိုင်းလိုက်လေသည်။

ထို့နောက် သူသည် လူအချို့အား ရှန်းယန်ရွာသို့ ခေါ်ဆောင်သွားလိုက်ကာ ဤလူများအား အသုံးပြု၍ ထပ်မံ ပြဿနာရှာစေခဲ့ပြီးနောက် ရှန်းယန်ရွာမှ အကြီးအကဲများကို ဟူမိသားစုကျေးရွာသို့ ပြသာနာရှာရန် ရောက်ရှိလာသူများ အားလုံးအား နေရာတွင်ပင် ဖယ်ရှား ရှင်းလင်းရန် ဖိအားပေးလိုက်လေသည်။

ထို နှင်ထုတ်ခံရသည့် လူများ၏ မိဘများ ငိုကြွေးနေကြသည့် တိုင်အောင် ဟူမိသားစုရွာသားများမှာမူ လုံးဝ ဂရုမစိုက်ခဲ့ကြပေ။

"ခင်ဗျားတို့ ဟူမိသားစုရွာက ရက်စက်လွန်းတယ်"

"ဒီလိုလုပ်ရတာ ဝဋ်လည်မှာ မကြောက်ကြဘူးလား"

"အတတ်နိုင်ဆုံး ခွင့်လွှတ်ပေးသင့်တာပေါ့ ဘာလို့ ကျုပ်တို့ကို လွှတ်မပေးနိုင်ရတာလဲ"

"ခင်ဗျားတို့ရွာမှာ ဘယ်သူမှ မသေဘူး မဟုတ်လား ကျုပ်တို့ရွာမှာ လူသေထားတယ် ကျုပ်တို့ တန်ကြေးပေးဆပ်ပြီးပြီလေ ဘာထပ်လိုချင်နေသေးတာလဲ"

ရှန်းယန်ရွာမှ လူများ၏ ဒေါသတကြီး အော်ဟစ်သံများအား ရင်ဆိုင်ရသော်လည်း ဟူမိသားစုရွာမှ လူများသည် အလွန် တည်ငြိမ်နေပုံရလေသည်။ သူတို့မှ တည်ငြိမ်စွာဖြင့်ပင် ပြန်၍ပြောလိုက် ကြသေးသည်။

"ခင်ဗျားတို့ အမှားမလုပ်ထားရင် တစ္ဆေတွေ တံခါးလာခေါက်မှာကို ကြောက်နေစရာ မလိုပါဘူး"

"ခင်ဗျားတို့ ရှန်းယန်ရွာက လူတွေသာ ဝဋ်လည်မှာ ကြောက်သင့်တာ ညဘက်ကျရင် တံခါးတွေ ပြတင်းပေါက်တွေ ပိတ်ထားကြ တော်ကြာ လက်စားချေချင်တဲ့ ဝိညာဉ်တွေက ခင်ဗျားတို့ အသက်ကို လာတောင်းနေဦးမယ်"

သူတို့ကို လွှတ်ပေးရမယ် ဟုတ်လား...

ရီစရကောင်းလိုက်တာ သူတို့ကို မရိုက်ဘဲ ထားလိုက်တာနဲ့တင် တော်လှပြီ.....

သူတို့သည် အနိုင်ကျင့်နေခြင်း ဖြစ်သည့်အတွက် မည်ကဲ့သို့ ကောင်းမွန်သည့် သဘောထားမျိုး ပေးနိုင်မည်နည်း။ နွေဦးလေညင်းပင်လျှင် သူတို့ထင်သလောက် ညှင်သာနေလိမ့်မည် မဟုတ်ချေ။

လေဖြတ်နေသူများနှင့် ပြင်းထန်စွာ နာမကျန်းဖြစ်နေသည့် အမျိုးသားများအား ပျက်စီးယိုယွင်းနေသည့် အိမ်များသို့ တစ်ယောက်ပြီး တစ်ယောက် ရွှေ့ပြောင်းလိုက်ကြလေသည်။ ထိုအိမ်ပျက်များသည် အမှန်တကယ်ပင် ယိုယွင်းနေခဲ့ကာ မိုးယိုကာ ပြိုကျလုနီးပါး ဖြစ်နေခဲ့သည်။ ထိုအချိန်ကျမှသာ သူတို့၏ နှလုံးသားထဲမှ အမှန်တကယ် နောင်တ ရနေလေတော့သည်။

ဤသို့ ဖြစ်လာမည်ကိုသာ သိခဲ့မည် ဆိုလျှင် အစောပိုင်းကာလများတွင် သူတို့ ဤကဲ့သို့ လောဘတကြီး မဖြစ်ခဲ့ပဲ နေကြလိမ့်မည် ဖြစ်သည်။

ကလေးစားခြင်းသည် နောက်ဆုံးတွင် သူတို့၏ ကိုယ်ကျင့်တရားနှင့် သိက္ခာကိုသာလျှင် ပေးဆပ်လိုက်ရခြင်း ဖြစ်ပေသည်။ မောင်းထုတ်ခံလိုက်ရသည့် အမျိုးသမီးအချို့သည် သူတို့၏ မိသားစုများထံ ပြန်ရန် စဉ်းစားနေကြလေသည်။ အခြားတစ်ယောက်မှ မကျေမနပ် ပြောလိုက်သည်။

"ဘာလို့ အကြီးအကဲတွေက ငါတို့ကို မောင်းထုတ်နေရတာလဲ ဟိုတုန်းက ကျတော့ ကလေးစားတဲ့ကိစ္စကို သူတို့ပဲ မျက်ကွယ်ပြုပေးခဲ့ကြတာ မဟုတ်ဘူးလား"

"ဒီ သူတော်ကောင်းယောင်ဆောင်တဲ့ သက်ကြားအိုကြီးတွေ"

"ငါတို့ အသက်မရှင်နိုင်ရင် သူတို့လည်း သက်သောင့် သက်သာနေရဖို့ စိတ်ကူးတောင်မယဉ်နဲ့"

"ဒီကိစ္စ မပြီးသေးဘူး"

အားယွီလေးသည် အပြင်တွင် မည်သို့ ဖြစ်နေသည်အား မသိရှာပေ။ သူမသည် မီးဖိုချောင်ထဲတွင် ထိုင်ကာ လက်ထဲ၌ ပေါက်စီဖြူဖြူကြီး တစ်လုံးအား ကိုင်လျှက် ဂရုတစိုက် ကိုက်စားနေခဲ့သည်။

အရသာ ရှိလိုက်တာ....

အရမ်း ချိုတာပဲ....

ထိုအချိန်တွင် ခရိုင်မြို့နယ်ရုံး၌ ရှိနေသည့် ကျောင်းကျန့်သည် စာတစ်စောင် ရုတ်တရက် လက်ခံ ရရှိ လိုက်လေတော့သည်။

စာအား ဖွင့်ဖတ်ပြီးနောက် သူ၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားခဲ့လေတော့သည်။

"သူက ဒီကို တကယ် လာချင်နေတာလား"

All Chapters