← Chapters

အသနားခံခြင်း

Vol. 4 Ch. 48

အသနားခံခြင်း

Vol. 4 Ch. 48

"သခင်ကျန်း ဟုတ်လား ဘယ်က သခင်ကျန်းလဲ"

အဘိုးဟူနှင့် အခြားသူများမှာ ခရိုင်မြို့သို့ မသွားခဲ့ကြသဖြင့် ကျောင်းကျန့်သည် အရာရှိတစ်ဦးဖြစ်ကြောင်း သဘာဝကျစွာပင် မသိကြချေ။ ရွာသူကြီးဟူမှ ပြောလိုက်သည်။

"အရင်တုန်းက ငါတို့ကို သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးရိက္ခာတွေ လာဝေပေးတဲ့ ကျောင်းကျန့်လေ သခင်ကျန်းက ဘယ်လိုအရာရှိမျိုးလဲတော့ ငါမသိဘူး ဒါပေမဲ့ ခရိုင်အုပ်ချုပ်ရေးမှူးကတောင် သူ့အပေါ် ဆက်ဆံတဲ့ ပုံစံက တော်တော်လေး လေးစားမှုရှိတာ တွေ့ရတယ် သူက ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ရာထူးချင်း တူလောက်တယ်"

လူတိုင်းသည် ကိုယ့်ဘာသာ တွေးနေကြခြင်း ဖြစ်သည်။ ‘အိုး.. ဒါဆို တခြားခရိုင်မြို့နယ်က အုပ်ချုပ်ရေးမှူး ဖြစ်မှာပေါ့....’

မည်သို့ပင် ဖြစ်စေ တရားခွင် အမှုထမ်းများ ရဲမက်များထက် ပို၍ အာဏာရှိသည့် အရာရှိတစ်ယောက် ဖြစ်ပေမည်။ အဖွားအိုဝမ်သည် ထပ်မံ၍ လေကုန်ခံ ရှင်းပြမနေတော့ဘဲ တိုက်ရိုက်ပင် ပြောပြလိုက်လေသည်။

"သခင်ကျန်းက ပြောတယ် အားယွီရဲ့ နောက်ကြောင်းကို စုံစမ်းဖို့ သူ ကူညီပေးခဲ့တယ်တဲ့ ပြီးတော့ အားယွီရဲ့ မိသားစုက ကလေးကို ကြိုတင်ကြံစည်ပြီးတော့ တမင် စွန့်ပစ်ခဲ့တာကို ရှာတွေ့ခဲ့တယ်တဲ့ သူတို့ပြောတာကတော့ ကလေးရဲ့ မျက်လုံးတွေက နိမိတ်မကောင်းဘူးလို့ ပြောတယ်တဲ့"

"ထွီ.. ငါထင်တာ သူတို့ လိပ်ပြာမလုံဖြစ်ပြီး ကလေးအပေါ် အပြစ်ပုံချလိုက်တာပဲ နေမှာ"

မာမိသားစု ခေါင်းဆောင်သည် ထိုစကားအား ကြားလိုက်ရချိန်တွင် တံတွေးထွေးလျှက် ပြောလိုက်သည်။ သူတို့ရွာတွင် သူတို့ကလေးများ အကြောင်း နတ်သိကြားများကဲ့သို့ ပြောလေ့ရှိသော်လည်း ဤကဲ့သို့ မရေရာသည့် အကြောင်းပြချက်မျိုးနှင့် ကလေးများအား စွန့်လွှင့်ပစ်တာမျိုး တခါမှ မလုပ်ဖူးခဲ့ကြပေ။ နှင်းမုန်တိုင်းကျနေချိန်မှာပင် တောနက်ထဲ စွန့်ပစ်ဖို့ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်သည်။

ဤသည်မှာ ကလေးငယ်အား အလောင်းမလှဘဲ သေစေချင်တဲ့ လူစားမျိုးပင် ဖြစ်ချေသည်။

ကြီးလေးလိုက်တဲ့ အပြစ်ကြီးပါလား....

အဘိုးဟူသည်လည်း ခေါင်းခါလိုက်လေသည်။

"ထူးဆန်းတာတွေ လျှောက်မပြောနဲ့"

"သူတို့က အားယွီကို ဒီတိုင်း စွန့်ပစ်လိုက်တာလား"

ဟူမိသားစု အကြီးအကဲမှာမူ နားမလည်နိုင်ဆုံး ဖြစ်နေခဲ့သည်။

"မင်း ငါ့ကို မေးရင်တော့ အားယွီက ကံကောင်းစေတဲ့ ကြယ်ပွင့်လေးနဲ့ ပိုတူတယ် သေချာ စဉ်းစားကြည့်လေ အားယွီသာ မရှိရင် ငါတို့ရွာက လူဘယ်နှယောက်လောက် ဆုံးရှုံးရမလဲ ငါတို့ ဒုတိယ ရှန်းယန်ရွာ ဖြစ်သွားနိုင်တယ်"

အားယွီအား ကောက်ရစဉ်တွင် မိသားစုအသီးသီးမှာမူ ခါးပတ်တင်းထားပြီးကြပြီ (ဗိုက်ဆာလွန်းပေမဲ့ စားစရာ မရှိတော့တာ) ဖြစ်သည်။ အများဆုံး နောက်ထပ် နှစ်ရက်လောက်ကြာလျှင် လူတိုင်း ပြိုလဲကုန်ကြတော့မည် ဖြစ်သည်။

စပါးကြီးမြွေမှ အငတ်ဘေး၏ တစ်စိတ်တစ်ပိုင်းအား သက်သာစေခဲ့သည်သာ မဟုတ်ခဲ့လျှင် သူတို့ အမှန်ပင် ရှန်းယန်ရွာကဲ့သို့ ချောက်ထဲ ကျသွားနိုင်လောက်ပေသည်။

"အတိုချုပ်ပြောရရင် သခင်ကျန်းပြောတာက အားယွီရဲ့ မိသားစုတွေက သူ့ကို သေစေချင်ကြတာ"

အဖွားအိုဝမ်သည် အခြားသူများကို ကြည့်ပင်မကြည့်ဘဲ ရွာသူကြီးဟူအား တိုက်ရိုက် ပြောပြလိုက်လေတော့သည်။

"အားယွီက ငယ်ပြီး ကိုယ်လုံးလေးက သေးတယ် ငါတို့ သူ့အသက်ကို တင်ပြတုန်းက စာရင်းသွင်းတဲ့သူက ဘာမှ မှားနေတယ်လို့ မပြောခဲ့ဘူး"

အကယ်၍ သူတို့သာ ကလေး၏အသက်အား ယခု ပြောင်းလဲလိုက်လျှင် ကလေး၏အသက်ကိုပင် အဘယ်ကြောင့် မှားယွင်းနိုင်ရသနည်း ဟု အခြားသူများမှ မလွဲမသွေ မေးခွန်းထုတ်ကြလိမ့်မည် ဖြစ်သည်။ ထို့နောက် သူတို့သည် ကလေးအား ဆွဲထုတ်စစ်ဆေးကြကာ နောက်ဆက်တွဲအနေဖြင့် သူမအား မွေးစားရန် စီစဉ်ကြပေလိမ့်မည်။

သူမ၏ မိသားစုရင်းများမှ သိရှိသွားကောင်း သိရှိသွားနိုင်သေး၏။ အကယ်၍ သူတို့သာ နည်းနည်း ပိုရူးသွပ်လျှက် ကလေးအား ပြန်ခေါ်သွားရန် လိုက်လာကြကာ ထို့နောက် ကလေးအား တောနက်ထဲ တစ်ဖန် ပြန်လွှင့်ပစ်ကြပေလိမ့်မည် ဖြစ်သည်။

လူတိုင်း ထိုအကြောင်းအရာအား တွေးမိပြီးနောက် တုန်လှုပ်သွားကြလေတော့သည်။ သူတို့သည်လည်း လူ့သဘာဝ၏ ယုတ်မာမှုများအား အရင်ကတည်းမှ မြင်ဖူးထားကြပြီး ဖြစ်ပေသည်။

"အဲဒီလိုဆိုရင်တော့..."

အကြီးအကဲဟူမှ ဆက်မပြောတော့ချေ။ ဟူမိသားစု အကြီးအကဲမှ သူ့မုတ်ဆိတ်အား သပ်လိုက်လေသည်။

"ကောက်ရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ အဲဒီကလေးက မင်းရဲ့ စတုတ္ထချွေးမရဲ့ သွေးသားရင်း ကလေးမဟုတ်ဘူးလား ယုတ္တိရှိရှိ ပြောရရင် မင်းရဲ့ ချွေးမက မင်းတို့ မိသားစုထဲ ဝင်ရောက်လာတာ သုံးနှစ်ရှိပြီမလား သူ့ သမီးလေးက နှစ်နှစ်ဆိုတော့ ကွက်တိပဲလေ မဟုတ်ဘူးလား မင်းကော အဲ့လို မထင်ဖူးလား အဘိုးကြီးမာ"

ဘေးနားတွင်ရှိသည့် မာမိသားစု အကြီးအကဲ၏ မျက်နှာထားမှာ အေးခဲသွားတော့သည်။ လူတိုင်းသည် သူ့အား ကြည့်နေသည်ကို မြင်လျှင် သူ၏ ပါးစပ်သည် ပွင့်လိုက် ပိတ်လိုက် ဖြစ်နေသော်လည်း စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူစည် မတ်တတ်ရပ်ကာ လှည့်ထွက်သွားလိုက်လေတော့သည်။ အကြီးအကဲဟူမှ အနောက်မှ လိုက်သွားပြီးနောက် မေးလိုက်သည်။

"အဘိုးမာ ကြည့်ပါဦး..."

"ဘာလဲ ငါနဲ့ ဘာဆိုင်လို့လဲ"

အကြီးအကဲမာ ဒေါသထွက် သွားခဲ့ရလေတော့သည်။ သူသည် ခြေလှမ်းအား အရှိန်မြှင့်လိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း ထွက်ခွာသွားလေတော့သည်။

ရွာသူကြီးဟူ - "..."

‘အားယွီက ဝမ်မိသားစုရဲ့ သွေးသားရင်း သမီးလို့ ခင်ဗျား ဘာလို့ ရိုးရိုးရှင်းရှင်း မပြောလိုက်နိုင်ရတာလဲ...’

သူ ထွက်သွားပြီးနောက်တွင် အဖွားအိုဝမ်မှ သမားတော်ဟူအား မေးမြန်းလိုက်သည်။

"ဆရာဝန်တစ်ယောက်တောင် ကလေးအသက် ဘယ်လောက်လဲဆိုတာ ပြောနိုင်သလား"

"အတိအကျကြီးတော့ မဟုတ်ဘူး"

နောက်ဆုံးတွင်မူ သမားတော်ဟူသည် ဗဟုသုတ အကန့်အသတ်ရှိသည့် တောလက်ကျေးရွာမှ သမားတော်တစ်ဦးသာ ဖြစ်သည့်အတွက် အသေအချာ စဉ်းစားပြီးမှသာ ပြောပြလိုက်တော့သည်။

"ကျွန်တော့်ကို သင်ပေးခဲ့ဖူးတဲ့ သမားတော်အိုကြီးက ပြောဖူးတယ် ဆေးပညာကို အလေးအနက်ထား သင်ယူသရွေ့ အများစုက အရိုးကို စမ်းသပ်ပြီး သက်တမ်း ခန့်မှန်းနည်းကိုပါ သင်ယူတတ်ကြတယ်တဲ့ ဒါပေမဲ့ ကလေးက အသက်ခုနစ်နှစ် ရောက်ပြီးတာနဲ့ အရိုးသက်တမ်းကို တိုင်းတာဖို့ သိပ်မလွယ်တော့ဘူး တိကျမှာလည်း မဟုတ်လောက်တော့ဘူး"

အဖွားအိုဝမ်မှ ထိုစကားအား မှတ်ထားလိုက်ပြီး ထပ်မံ၍ မမေးတော့ပေ။ ထိုအစား သူမသည် သမားတော်ဟူအား ငွေတစ်တုံးပေးပြီးနောက် ပြောလိုက်လေသည်။

"ငါတို့ အားယွီရဲ့ ခန္ဓာကိုယ်က နည်းနည်း အားနည်းတယ် သူ့ခန္ဓာကိုယ် အားရှိဖို့ ဆေးနည်းနည်းလောက် ပေးပါအုန်း"

သမားတော်ဟူမှ ငွေအား လက်ခံလိုက်ပြီးနောက် ဆေးညွှန်းပေးရန် အတွက် အိမ်သို့ ပြန်ရန် လုပ်လိုက်လေသည်။ သူသည် ဝမ်မိသားစုဆီမှ ပိုက်ဆံပိုရရန် အတွက် ရည်ရွယ်ချက် မရှိချေ။ သူသည် ကုန်ကျစရိတ်ကိုသာ တွက်ချက်လိုက်ကာ အားယွီအတွက် ထိရောက်သော်လည်း သိပ်ဈေးမကြီးသည့် ဆေးအား ညွှန်းပေးလိုက်လေတော့သည်။ ကလေးမှ ခါးသည်ဟု ထင်မည်စိုးသည့်အတွက် သူသည် နွယ်ချို အနည်းငယ်ပင် ထည့်ပေးလိုက်သေးသည်။

အားယွီလေး အိမ်ပြန်ရောက်ချိန်တွင် ပေါက်စီများကို အိုးထဲ ထည့်ကာစရှိသေးကြောင်း သိလိုက်ရလေတော့သည်။ ကျက်ရန်အတွက် အချိန်အများကြီး လိုနေသေးသည်။

သူမသည် အမေ့ဆီမှ အစာတောင်းပြီးနောက် အဖွားဆီသို့ သွားပို့ပေးဖို့ စီစဉ်နေတုန်းမှာပင် ဝမ်ဝူလန် ပြန်ပြေးလာခဲ့လေသည်။

"အားယွီ ဒီနေ့ လယ်ထွန်တဲ့သူတွေ အများကြီးပဲ ငါတို့ ငါးတွေ သွားကောက်ရအောင်"

ဝမ်ဝူလန်မှ ပြုံးကာ လှမ်းခေါ်လိုက်လေသည်။ အားယွီလေး ပြန်မဖြေနိုင်ခင်မှာပင် ရင်းနှီးခြင်းမရှိသည့် အသံတစ်ခုမှ ရုတ်တရက် မေးလိုက်သည်ကို ကြားလိုက်ရသည်။

"မင်းက အားယွီ မဟုတ်လား"

အားယွီလေး လှည့်ကြည့်လိုက်ရာ ဝါးခြံစည်းရိုးအပြင်ဘက်တွင် လူများ အပြား ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့ထဲမှ နှစ်ယောက်မှာ လူကြီးများ ဖြစ်ကြသည်။ တစ်ယောက်မှာ အသက် ၃၀ ခန့် ရှိပြီ ဖြစ်သည်။ သူ့ဘေးတွင် ကောင်လေးတစ်ယောက် ရပ်နေခဲ့ကာ သူ့ကျောပေါ်တွင် ကလေးငယ်တစ်ယောက်အား ပိုးထားလေသည်။

နောက်တစ်ယောက်မှာမူ ၁၅ နှစ် ၁၆ နှစ်ခန့်သာ ရှိသေးပြီး ဗိုက်ပူပူနှင့် ဖြစ်သည်။ သူသည် လက်တစ်ဖက်အား ခါးတွင် ထောက်ထားပြီး ကျန်လက်တစ်ဖက်မှာမူ ဝါးခြံစည်းရိုးကို ကိုင်ထားလေသည်။ အားယွီလေး ဝေ့ဝဲကြည့်လိုက်ပြီးနောက် သူတို့နှင့် လုံးဝ မရင်းနှီးသလို ခံစားလိုက်ရသည်။

[ကလေးလေး မြန်မြန် ထွက်သွား သူတို့က လူစိမ်းတွေ]

ကလေးများသည် လူစိမ်းများနှင့် စကားမပြောရချေ။ လူကြီးများအား သွားရှာရမည်.....

ဤသည်မှာ အသားလုံးလေး သူမအား မကြာခဏ ပြောလေ့ရှိသည့် စကားဖြစ်သည်။ အားယွီလေး လှည့်ကာ ထွက်ပြေးသွားလိုက်သည်။ သူမနောက် လိုက်လာသော ဝမ်ဝူလန်နှင့် ဝင်တိုက်မိကာ နှစ်ယောက်သား မြေကြီးပေါ် လဲကျသွားကြတော့သည်။

"အိုက်ယိုး အားယွီ နင် အဆင်ပြေရဲ့လား"

ဝမ်ဝူလန်သည် သူ၏ ဒူးနာသွားသည်အား ဂရုမစိုက်ဘဲ အားယွီလေးအား အလျင်အမြန် ဆွဲထူလိုက်လေသည်။ အိမ်ထဲရှိ လူများသည် ဆူညံသံအား ကြားလိုက်ရသည့် အတွက် အခြေအနေအား ကြည့်ရန် ထွက်လာကြရာ အပြင်ဘက်တွင် လူအနည်းငယ် ရပ်နေသည်ကို တွေ့မြင်လိုက်ရလေသည်။

ဝမ်မိသားစုထဲမှ လူအများအပြား တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်ကို မြင်လျှင် အမျိုးသမီးနှစ်ဦး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသွားခဲ့သည်။

အမျိုးသမီးငယ်ဆိုလျှင် နောက်ဆုတ်သွားချင်နေခဲ့သည်။ အသက်ကြီးသူအမျိုးသမီးမှာမူ လူအများရှေ့တွင် အားယွီ၏ ရှေ့၌ ဒူးထောက်ချလိုက်လေတော့သည်။ သူမ၏ နဖူးသည် မြေကြီးနှင့် ဘုန်းခနဲ ဆောင့်လိုက်ကာ လူတိုင်းအား ထိတ်လန့်သွားစေခဲ့သည်။

အရာရာ အဆင်ပြေနေတာပဲ.. ဘာတွေ ဖြစ်ကုန်တာလဲ....

"အစ်မ... ရှင်...."

လျိုရှီမှ ပါးစပ်ဟလိုက်ရုံရှိသေးသည် အဘွားအိုမှ ရှိုက်ငိုပြီးနောက် အော်ပြောလိုက်လေသည်။

"အားယွီ ကျေးဇူးပြုပြီး ငါတို့မိသားစုကို လွှတ်ပေးပါ ကျေးဇူးပြုပြီး လိမ္မာပါကွယ် ငါတို့ကို လွှတ်ပေးပါတော့"

အဘွားအိုမှ မြေကြီးပေါ်တွင် အသေအချာ ဦးခိုက်လိုက်ပြီးနောက် သူမဘေးနားရှိ ကောင်လေးကိုပါ ဒူးထောက်ခိုင်းရန် ဆွဲချလိုက်လေသည်။ ကောင်လေးမှာမူ လုံးဝ မလိုလားဟန်ရသည်။ ကုန်းထရန် အစွမ်းကုန် ကြိုးစားနေသည့် အားယွီလေးအား စိုက်ကြည့်နေသည့် သူ၏ မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်နေခဲ့သည်။

အမျိုးသမီးငယ်သည်လည်း ဝါးခြံစည်းရိုးအား ကိုင်လျှက် ဖြည်းညှင်းစွာ ဒူးထောက်ချလိုက်လေသည်။ သို့သော် စကားမပြောနိုင်ခင်မှာပင် သူမ၏ မျက်ရည်များ စီးကျလာခဲ့သည်။ သူမသည် အားယွီအား ကြည့်ပြီးနောက် ပြောလိုက်လေသည်။

"အားယွီ ငါ့ဗိုက်ထဲက ကလေးကို ငဲ့ညှာပေးပါ ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပေးပါ"

[ဘာတွေ ဖြစ်ကုန်တာလဲ]

အားယွီလေးကို မဆိုထားနှင့်။ အသားလုံးလေးပင် ကြောင်အသွားခဲ့ရသည်။

‘ဒါ ဘာအခြေအနေကြီးလဲ’

...

အားယွီလေး အနည်းငယ် ထိတ်လန့်သွားခဲ့လေသည်။ သူမသည် လှည့်ကာ လျိုရှီထံသို့ ပြေးသွားလိုက်သည်။

"မေမေ သမီး ကြောက်တယ်"

ဤလူများသည် သူမအား ထိတ်လန့်အောင် လုပ်နေကြသည်။ သမီးဖြစ်သူမှ ကြောက်လန့်နေသည်အား ဝမ်ချွမ်းမန် မြင်လိုက်ရချိန်တွင် သူသည် ရှေ့ထွက်လာပြီးနောက် သူ့လက်ထဲရှိ ပုဆိန်ဖြင့် ဘေးနားတွင်ရှိသည့် သစ်ဆွေးမြစ်များအား ခုတ်ပိုင်းလိုက်လေသည်။

"ခင်ဗျားတို့က ကျုပ်တို့အိမ်မှာ ပြဿနာလာရှာနေတာလား ခင်ဗျားတို့ ဘယ်ကလဲ ဘာလုပ်နေတာလဲ ကျုပ်တို့ အားယွီကို ဘာတွေ လာပြောနေတာလဲ ပြောစမ်း"

အဘွားအိုမှာ ထိတ်လန့်သွားတော့သည်။ သူမ စကားပြောတာပင် ရပ်သွားသော်ငြားလည်း မျက်ရည်များမှာမူ စီးကျနေဆဲပင် ဖြစ်သည်။ အကြောင်းစုံ မသိသူများအတွက်မူ ဝမ်မိသားစုမှ သူမအား တစ်ခုခု လုပ်လိုက်သည်ဟု ထင်ကြပေလိမ့်မည်။ အတန်ကြာပြီးနောက် အမျိုးသမီးငယ်မှ ပြောလိုက်လေသည်။

"ကျွန်မတို့က ရှန်းယန်ရွာကပါ..."

All Chapters