အားယွီ၏ အသက်
Vol. 4 Ch. 47
"နင် ဘယ်သွားမလို့လဲ"
လျိုရှီသည် ရှေ့သို့ အပြေးအလွှား သွားနေသည်အား အဖွားအိုဝမ် မြင်လိုက်ရချိန်တွင် သူမအား လှမ်းခေါ်လိုက်လေသည်။
"အိမ်မှာပဲ နေခဲ့ ငါ သွားကြည့်လိုက်မယ်"
သူမသည် သူမအမေ၏ စကားအား နားထောင်ချင်သည့် တိုင်အောင် မည်သို့ ဖြစ်သည်ကိုလည်း သိချင်နေမိလေသည်။
"နင် လိုက်သွားတော့ရော ဘာလုပ်နိုင်မှာမို့လို့လဲ"
အဖွားအိုဝမ်သည် လျိုရှီအား ကြည့်ရသည်မှာ စိတ်မရှည်နိုင်တော့ချေ။ သူမသည် လက်အား ဝှေ့ယမ်းလိုက်တော့သည်။
"ပြန်သွားပြီး ပေါက်စီပေါင်းချေ အလုပ်လုပ်တာ မကြာစေနဲ့"
လျိုရှီသည် စိတ်ပူနေသည့် တိုင်အောင် သူမ ပြန်လှည့်သွားရုံသာ တတ်နိုင်တော့သည်။ သူမသည် မီးဖိုချောင်ထဲ ရောက်နေချိန်တွင်ပင် ရံဖန်ရံခါ အပြင်သို့ လှမ်းမျှော်ကြည့်ရင်းဖြင့် စိုးရိမ်လျှက် ရှိနေသည်။ အဒေါ်ဖန်မှ သူမအား နှစ်သိမ့်ပေးလေသည်။
"စိတ်မပူပါနဲ့ အမေလည်း ရှိနေတာပဲ ဘာမှမဖြစ်ပါဘူး"
"အဆင်ပြေဖို့ပဲ မျှော်လင့်ပါတယ်"
လျိုရှီသည် ယုံကြည်မှုမရှိသော်လည်း ပြုံးပြရုံသာ တတ်နိုင်တော့သည်။ အားယွီ၏ အိမ်ထောင်စုစာရင်းတွင် မည်သို့ မှားယွင်းနေသည် ဆိုသည်အား သူမ မသိချေ။ အားယွီလေးအား သူမဆီမှ ခေါ်ဆောင်သွား မခံရပါစေနဲ့ ဟုသာ သူမ မျှော်လင့်မိလေသည်။ လမ်းတွင် အဖွားအိုဝမ်မှ လှည့်ကြည့်လိုက်ရာတွင် အားယွီလေးနှင့် သူမ၏ ပြဿနာကောင် မြေးနှစ်ယောက်သာ သူမနောက် လိုက်လာသည်အား သတိထားမိလိုက်သည်။
"နင်တို့ အဖိုးရော"
ဝမ်လျူလန်နှင့် ဝမ်ချီလန်တို့ နှစ်ယောက်စလုံး ကြောင်အသွားကြသည်။ သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကာ ပြိုင်တူ ပြောလိုက်ကြသည်။
"အိမ်မှာ"
"သူ့ကို လာခဲ့ခိုင်းလိုက်"
အမြွှာနှစ်ယောက်သည် နောက်လှည့်ကာ ပြန်ပြေးသွားကြတော့သည်။ အဖွားအိုဝမ်သည် အားယွီလေးအား ရွာသူကြီးအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ခြံဝင်းထဲတွင် လူအချို့ ထိုင်နေခဲ့ကြသည်။ သမားတော်ဟူ အဘိုးဟူနှင့် သက်ကြီးဝါကြီး နှစ်ဦး ဖြစ်သည်။ တစ်ဦးမှာ ဟူမိသားစုမှ ဖြစ်ကာ နောက်တစ်ဦးမှာ မာမိသားစုမှ ဖြစ်လေသည်။
မာမိသားစုသည် ဟူမိသားစုရွာတွင် ဒုတိယအကြီးဆုံး မိသားစု တစ်စုလည်း ဖြစ်ပေသည်။ သူတို့တွင် ကိစ္စ တစ်စုံတစ်ရာ ရှိလျှင် သူအား ခေါ်ယူလေ့ရှိကြသည်။
"ရွာသူကြီး အဲဒီ အိမ်ထောင်စုစာရင်းက ဘာဖြစ်နေလို့လဲ"
အဖွားအိုဝမ်သည် ထို အခြေအနေအား မြင်သော် နားမလည်နိုင်ဖြစ်သွားခဲ့ကာ မျက်နှာသေဖြင့် မေးမြန်းလိုက်သည်။ သူမ၏ လေသံမှာမူ သာယာနာပျော်ဖွယ် မရှိလှချေ။
"အဲဒါက..."
ရွာသူကြီးဟူမှ တုံ့ပြန်ခြင်း မရှိသော်လည်း အဘိုးမာနှင့် အခြားအမျိုးသားများမှာမူ မျက်မှောင်ကြုတ်လိုက်ကြလေသည်။
"အဖိုးအိုဝမ် ရောက်လာတာကို အရင်စောင့်လိုက်ကြတာပေါ့"
အကြီးအကဲမာမှ ရွာသူကြီးဟူ၏ စကားအား ဖြတ်ပြောလိုက်ပြီး မျက်လုံးများ မှိတ်လျှက် အဖွားအိုဝမ်အား ကြည့်ပင်မကြည့်ချေ။ သူသည် မိန်းမများနှင့် စကားမပြောချေ။
"ဒါဆိုလည်း စောင့်ကြတာပေါ့"
အဖွားအိုဝမ်သည်လည်း ကုလားထိုင် တစ်လုံးရှာကာ ဝင်ထိုင်လိုက်ပြီးနောက် အားယွီလေးအား ဖက်ထားလိုက်လေသည်။
‘ခွေးအိုကြီးက သူ့ရဲ့ ဝါရင့်တာကိုပဲ အားကိုးနေတာ....သူမကလည်း သူ့ကို ဂရုစိုက်နေမှာ မဟုတ်ပါဘူးနော်....’
အခြားတစ်ဖက်တွင်မူ အားယွီလေးသည် ခေါင်းလေးစောင်းလျှက် အဖွားအိုဝမ်အား မေးမြန်းလိုက်သည်။
"ဖွားဖွား အဲဒီ ဘိုးဘိုးကြီး နေမကောင်းဘူးလားဟင်"
သူ့အား ကြည့်ရသည်မှာ အရမ်း ပင်ပန်းနေပုံရလေသည်။
"သူ နည်းနည်း နေမကောင်း ဖြစ်နေတာ"
အဖွားအိုဝမ်မှ အားယွီလေးအား ကြည့်လျှက် ပြောလိုက်သည်။
"အဲ့ ဘိုးဘိုး နဲ့ အရမ်း နီးနီးကပ်ကပ် မနေနဲ့နော် ရောဂါ ကူးကုန်လိမ့်မယ်"
"မင်း"
မာမိသားစု၏ အကြီးအကဲမှာ ချက်ချင်းပင် မုတ်ဆိတ်မွေးများ ထောင်ထလာကာ စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်လေသည်။ သူသည် ချက်ချင်း မတ်တတ်ရပ်လျှက် အဖွားအိုဝမ်အား အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။
သူ သိနေခဲ့ပေသည်။ မိန်းမများသည် မည်သို့ စကားပြောရမည်အား နားမလည်ကြပေ။ မာမိသားစု၏ အကြီးအကဲသည် တစ်စုံတစ်ယောက်အား သင်ခန်းစာပေးတော့မည်ကို မြင်လိုက်ရသဖြင့် အဘိုးဟူမှ လက်ကို မြှောက်လျှက် ပြောလိုက်သည်။
"ကဲပါ စကားပြောတာ ရပ်လိုက်ကြတော့ အဖိုးအိုဝမ်လာမှပဲ ငါတို့ ဆက်ပြောကြတာပေါ့"
သူသည် မိန်းမများနှင့် စကားပြောရသည်အား ရိုးရှင်းစွာပင် အသားမကျခဲ့ချေ။ သူသည် ယခုလို ဖြစ်နေသည်မှာ ကြာပြီဖြစ်သော်လည်း အချိန်တိုအတွင်း ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ချေ။
မာမိသားစု အကြီးအကဲမှ နှာမှုတ်လိုက်ပြီးနောက် ခေါင်းအား အခြားတစ်ဖက်သို့ လှည့်ကာ ပြန်ထိုင်လိုက်လေသည်။အဖိုးအိုဝမ်သည် ခြေထောက် အနည်းငယ် ဆာနေခဲ့သည်။ သူသည် သိပ်မမြန်လှသည့် တိုင်အောင် အပြေးအလွှား ရောက်လာခဲ့ပေသည်။
"တဝမ် မင်း ရောက်လာပြီပဲ"
"လူစုံနေပြီပဲ ဒီကိစ္စက အလေးအနက်ထားရမယ့် ကိစ္စပဲ ငါတို့..."
လူတိုင်းသည် တစ်စုံတစ်ခု ဆွေးနွေးရန် အဖိုးအိုဝမ် ရောက်လာသည်အား စောင့်နေကြသည်။ အားယွီလေး တစ်ယောက်သာ အဖိုးအိုဝမ်၏ ခြေထောက်အား စိုက်ကြည့်နေခဲ့သည်။ သူမသည် မူလက သူမ၏ ဖိုးဖိုး လမ်းလျှောက်သည်အား တစ်ကြိမ် တခါမှ မမြင်ဖူးခဲ့ချေ။ ယခုမှသာလျှင် အဖိုး၏ လမ်းလျှောက်ပုံမှာ တော်တော် မှားယွင်းနေကြောင်း သတိထားမိ လိုက်လေသည်။ အဖွားဖြစ်သူမှာမူ လမ်းလျှောက်လာစဉ်တွင် ချွေးတစ်စက်မှ မထွက်သည့် တိုင်အောင် အဖိုးဖြစ်သူ မှာမူ ချွေးများ ရွှဲရွှဲစိုနေပြီ ဖြစ်သည်။
လူကြီးများ စကားပြောနေကြစဉ် အားယွီလေးသည် တိတ်တဆိတ် လျှောက်သွားလိုက်ကာ သူမ၏ လက်ညှိုးလေးအား ဆန့်ထုတ်လျှက် အဖိုးအိုဝမ်၏ ခြေထောက်အား ဖွဖွလေး တို့ထိလိုက်လေသည်။
အဖိုးအိုဝမ်သည် ရွာသူကြီးဟူအား မေးလို့ပြီးသွားချိန်၌ အောက်သို့ ငုံ့ကြည့်လိုက်လေရာ အားယွီလေးမှ သူ့အား လက်ညှိုးလေးဖြင့် တို့ထိနေသည်ကို တွေ့လိုက်ရသဖြင့် သူသည် အလျင်အမြန် မေးမြန်းလိုက်လေသည်။
"အားယွီ ဘာဖြစ်လို့လဲ"
"ဖိုးဖိုး ခြေထောက်က အရမ်းနာနေတာလားဟင်"
အားယွီလေးသည် လက်အား ဖွင့်လိုက်ကာ ပွေ့ဖက်သည့် ဟန်ပန်လုပ်ပြလိုက်လေသည်။
"ဒီလောက်ထိ နာလားဟင်"
အဖိုးအိုဝမ်သည် ခေါင်းပေါ်မှ ချွေးများအား သုတ်လိုက်ကာ သူ့ဘေးနားသို့ ပေါ့ပေါ့ပါးပါးပင် ခါချလိုက်လေသည်။ သူသည် နည်းနည်းတော့ ရယ်ချင်သွားခဲ့သည်။
"ဖိုးဖိုး မနာပါဘူးကွာ"
မိုးမရွာ နှင်းမကျသရွေ့ ရာသီဥတု သာယာနေသရွေ့ သူ၏ ခြေထောက်သည် နာကျင်လိမ့်မည် မဟုတ်ချေ။ လမ်းလျှောက်ရသည်မှာလည်း အနှောင့်အယှက် မရှိချေ။
[ကလေး မင်းအဖိုး ခြေထောက်ကို ကုပေးချင်လား]
အားယွီလေး စဉ်းစားနေသည်အား မြင်လိုက်ရသဖြင့် အသားလုံးလေးသည် ထိုအကြောင်းအရာအား ချက်ချင်း တွေးမိလိုက်သည်။ အားယွီလေးမှ ခေါင်းညိတ်လိုက်လေသည်။
"ဖိုးဖိုး ကြည့်ရတာ အရမ်း ခက်ခဲနေပုံရတယ်"
အဖိုးဖြစ်သူသည် လူကောင်းတစ်ယောက် ဖြစ်သည်။ သူသည် သူမအတွက် လှပတဲ့ ပန်းခြင်းလေး လုပ်ပေးခဲ့သေးသည်။ လူတိုင်းမှ သူမ၏ ပန်းခြင်းလေးအား ချီးကျူးကြပေသည်။ သူမသည် အဖိုးဖြစ်သူအး မနာကျင်စေချင်ခဲ့ပေ။ ဤကဲ့သို့ လမ်းလျှောက်ရခြင်းသည် အဖိုး ဖြစ်သူ အတွက် အများကြီး နာကျင်ရမည် ဖြစ်ပေသည်။ သူသည် သန်မာတဲ့ လူကြီးတစ်ယောက် ဖြစ်နေ၍သာ မနာကျင်ပါဟူ ပြောနေခြင်း ဖြစ်ပေမည်။
အားယွီလေးသည် အရင်အချိန်များတွင် တစ်စုံတစ်ယောက်မှ သူမအား ဤအကြောင်း ပြောပြဖူးသည်အား ဝိုးတဝါး မှတ်မိနေခဲ့သည်။ လူကြီးများသည် နာကျင်လျှင်ပင် အော်ငိုလေ့မရှိကြချေ ဟူ၍ ဖြစ်ပေသည်။
[စိတ်ဝိဉာဉ် စမ်းရေက သူ့နာကျင်မှုကို သက်သာစေနိုင်တယ် ဒါပေမဲ့ သူ့ကို တိုက်ရိုက် မပျောက်ကင်းစေနိုင်ဘူး]
စိတ်ဝိဉာဉ် စမ်းရေသည် အရာရာ စွမ်းလှသည့် တန်ခိုးရှင် မဟုတ်သည့်အတွက် သဘာဝကျစွာပင် အားနည်းချက်များ ရှိနေပေသည်။ ၎င်းအား အဓိကအားဖြင့် အတွင်းဒဏ်ရာ အပြင်ဒဏ်ရာများအား ကုသရန် အသုံးပြုလေသည်။ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများအား ဖယ်ရှားပေးကာ ရုပ်ပိုင်းဆိုင်ရာကို တိုးတက် ကောင်းမွန် စေနိုင်ပေသည်။
...
သို့သော် အဖိုးအိုဝမ်၏ ခြေထောက်မှာမူ ရှင်းလင်းစွာပင် အမြစ်တွယ်နေပြီးဖြစ်သည့် ရောဂါဟောင်းတစ်ခု ဖြစ်ပေသည်။ အကယ်၍ သူမလေးမှ ကုသပေးချင်လျှင်ပင် ပြန်လည် ပြုပြင်ရန် အတွက် အသက်ဓာတ် စွမ်းအားကိုသာ သုံး၍ မရနိုင်ချေ။
"ဒါဆို ဘယ်လို လုပ်ရမလဲ"
အားယွီလေးသည် အိမ်သို့ ပြန်ကာ အဖိုးသောက်ရန် အတွက် ရေတစ်ခွက်လောက် သွားခပ်ပေးချင်နေမိသည်။
[မင်း နေရာလွတ်ကို အရင်ဆုံး အဆင့်မြှင့်ရဦးမယ် အဲ့ဒါက ငါ အခုနေနေတဲ့ နေရာလေ မင်း ငါ့စကားကို နားထောင်ပြီး ပန်းတွေ သစ်ပင်တွေ ကောင်းကောင်း စိုက်ပျိုးရမယ်]
[နေရာလွတ် အဆင့်မြင့်လာတဲ့အခါ ငါတို့ လုပ်ဆောင်ချက်အသစ်တွေကို ဖွင့်လို့ရပြီ အဲဒီအချိန်ကျရင် ပိုအသုံးဝင်တဲ့ အရာတွေနဲ့ လဲလှယ်နိုင်လိမ့်မယ်]
"ဖိုးဖိုးခြေထောက်ကို ကုဖို့အတွက် အဆင့်မြှင့်ဖို့ လိုတာလား"
အားယွီလေး နားမလည်ချေ။ သို့သော် သူမ နားလည်သလို ခံစားလိုက်ရပေသည်။
(အားယွီလည်း မမဆောင်း ဖြစ်နေပြီ...)
ထိုသည်မှာ သူမ လုံလ ဝီရိယရှိရန်သာ လိုအပ်ခြင်း မဟုတ်ပေလော....
သူမ သည် အခုလည်းပဲ အလွန် လုံလ ဝီရိယရှိနေသည် မဟုတ်လော.....
[ဟုတ်တယ်]
အသားလုံးလေးသည် အနာဂတ်တွင် ဤကလေးစုတ်လေးနှင့် စကားပြောသည့် အချိန်တွင် ပိူ၍ လိုတိုရှင်း တိုတိုတုတ်တုတ် ပြောမှရမည် ဟူ၍ ခံစားလိုက်ရလေသည်။
မည်သို့ပင် ဆိုစေကာမူ သူမသည် စကားလုံး တစ်လုံးနှစ်လုံးလောက်သာ နားလည်သည်ကိုး....
အားယွီလေး ပို၍ မေးမြန်းချင်နေစဉ်ဝယ် တစ်စုံတစ်ယောက်မှ သူမနာမည်အား ခေါ်လိုက်သံအား ရုတ်တရက် ကြားလိုက်ရလေသည်။ သမားတော်ဟူမှ သူမအား လက်ပြနေခြင်း ဖြစ်ပေသည်။
...
"အားယွီ ဒီကိုလာပါဦး"
သမားတော်ဟူသည် ယခုနှစ်မှ အသက် ၃၀ သာ ရှိသေးပေရာ သူသည် တစ်နှစ်ပတ်လုံး ဆေးကုသမှုများ ပြုလုပ်နေသည့် အတွက် ဖြစ်ကောင်းဖြစ်နိုင်ရာ သူ၏ မျက်နှာသည် အလွန်နူးညံ့သိမ်မွေ့ပုံ ပေါက်နေခဲ့သည်။ အားယွီလေးသည် သူ့အပေါ် အမြင်ကောင်း ရှိလေသည်။
အဖွားအိုဝမ်မှ သူမအား ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရသဖြင့် အားယွီလေး လျှောက်သွားလိုက်လေသည်။ သမားတော်ဟူသည် အားယွီလေး၏ ဘယ်ဘက်လက်အား ကောက်ကိုင်လိုက်ပြီးနောက်တွင် သူမ၏ နူးညံ့သော လက်ဖဝါးလေးအား ညင်သာစွာ ဖျစ်ညှစ်လိုက်လေရာ တွင်းချိုင့်လေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သမားတော်ဟူမှ ပြောလိုက်လေသည်။
"ကြည့်စမ်း သူသာ နှစ်နှစ်သမီးလေးဆိုရင် သူ့လက်ကောက်ဝတ်မှာ ဒီအရိုးနှစ်ချောင်း ကြီးထွားလာမှာ မဟုတ်ဘူး သူ့ရဲ့ အရိုးသက်တမ်းအရဆိုရင် သူက လေးနှစ် ရှိနေပြီ"
သူသည် စကားပြောနေရင်း အခြားနေရာတစ်ခုအား ညွှန်ပြလိုက်လေသည်။
"အကယ်လို့ ဒီကနေ ကြည့်မယ်ဆိုရင် သူ့ခန္ဓာကိုယ်က နှစ်နှစ်သမီးအရွယ်ပဲ ရှိသေးတယ်လို့ ပြောလို့ရတယ် ဘာလို့လဲဆိုတော့ ဒီအစိတ်အပိုင်းက လုံလောက်အောင် မကြီးထွားသေးလို့ပဲ"
"ဘာ အရိုးကနေ ကြည့်ပြီး အသက်ကို ခန့်မှန်း ပြောလို့ရတယ်လား"
"ဟုတ်တယ်"
လူတိုင်း ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ အဘယ်ကြောင့်ဆိုသော် အားယွီလေးသည် လူတိုင်းထင်ထားသည့် နှစ်နှစ်သမီးလေး မဟုတ်ကြောင်း အခြေခံအားဖြင့် နားလည်လိုက်ကြသည့် အတွက် ဖြစ်ပေသည်။ ။ သူမလေးသည် အမှန်တကယ်တွင် လေးနှစ်သမီးလေး ဖြစ်နေခဲ့သည်။
သို့သော် အာဟာရမပြည့်ဝမှုကြောင့် သူမသည် နှစ်နှစ်သမီးအရွယ်လောက်သာ ရှိပုံရခြင်း ဖြစ်နိုင်ပေသည်။ ရွာသူကြီးဟူမှ ပြောလိုက်သည်။
"အရင်တုန်းက ငါတို့ အားယွီလေးကို အိမ်ထောင်စုစာရင်းသွင်းတုန်းက သူ့ကို နှစ်နှစ်သမီးလို့ ရေးခဲ့ကြတယ် အခု သူက လေးနှစ်သမီးဆိုတော့ အိမ်ထောင်စုစာရင်းကို ပြန်ပြောင်းရတော့မယ်"
သူတို့တွင် အခြားသော အတွေးအချို့ ရှိနေသေးသည်။ အကယ်၍ အနာဂတ်တွင် အားယွီလေး၏ မိသားစုမှ လာရှာသည့်အချိန်တွင် သူတို့သည် သူမ၏ အသက်အား အမှန်တကယ် သင့်လျော်သည့် အသက်သို့ ပြောင်းလဲ ပေးထားခဲ့လိုက်လျှင် သူမ၏ မိသားစုအတွက် သူမလေးအား ရှာတွေ့ရန် ပို၍ လွယ်ကူလိမ့်မည်ဟု သူတို့ ထင်မြင်ကြသည့် အတွက်ကြောင့် ဖြစ်သည်။ အကယ်၍ ကလေးမှ သူမ၏ မိသားစုထံ ပြန်ချင်လျှင်လည်း သူတို့ မည်သို့မှ တားဆီးလိမ့်မည် မဟုတ်ချေ။ အဖွားအိုဝမ်မှ အံကြိတ်လျှက် ပြောလိုက်လေသည်။
"မရဘူး"
"အဖိုးအိုဝမ်ရဲ့ မိန်းမ ဒါ မမှန်ဘူးလေ ဘယ်လိုလုပ် မပြောင်းဘဲနေမလဲ ကလေးရဲ့အသက်က ပုံသေရှိပြီးသားကိစ္စပဲ နင်က မပြောင်းဘူးလို့ ပြောရုံနဲ့ မရဘူး"
မာမိသားစု အကြီးအကဲမှာ မပျော်မရွှင် ဖြစ်သွားခဲ့သည်။ သူသည် ယခုလို ကိစ္စမျိုးများအား အလွန် ရွံရှာ မုန်းတီးပေသည်။ ဤဘဝတွင် မည်သည့်အရာကိုမှ လိမ်ညာကာ အတုအယောင် လုပ်ရန်ဆိုသည်မှာ သူ့အတွက် မဖြစ်နိုင်ချေ။
အဘိုးဟူနှင့် ရွာသူကြီးဟူတို့ကလည်း အဖွားအိုဝမ်အား သဘောမတူသည့်အကြည့်ဖြင့် ကြည့်လိုက်ကြလေသည်။ အမှန်တကယ်တွင် ဝမ်မိသားစုမှ အားယွီလေးအား ပြန်ခေါ်သွားခံရမည်ကို မလိုလားသည်အား သူတို့ နားလည်ပေးနိုင်ပေသည်။ သူမက ကံကောင်းခြင်းများဖြင့် ကောင်းချီး မပေးခံရလျှင်ပင် ယခုလို လိမ္မာရေးခြားရှိသည့် မိန်းကလေးငယ်အား မွေးစားချင်သူများ အများအပြား ရှိနေသေး၏။
သူမလေးအား ဤကဲ့သို့ ဆင်းရဲလှသည့် တောင်ကြားထဲသို့ ရောက်လာခဲ့ရသည်ကိုပင် သူတို့ အမှန်တကယ် စိတ်မကောင်း ဖြစ်မိကြလေသည်။ သို့သော် သူတို့ ကိုယ့်လိပ်ပြာကိုယ် မလုံမလဲ အဖြစ်ခံ၍ မနေနိုင်ကြချေ။ အကယ်၍ အားယွီလေးသည် သူမ၏ မိသားစုနှင့် အတူနေချင်လျှင် မည်သို့ လုပ်မည်နည်း ။ သူတို့သည် အလွန် တစ်ကိုယ်ကောင်းဆန်ရာ ကျမနေပေလော။
အဖိုးအိုဝမ်ပင်လျှင် သူ့မိန်းမအား ဇဝေဇဝါဖြင့် ကြည့်နေမိလေသည်။ သမားတော်ဟူမှ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီ ဖြစ်ရာ သူတို့သည် အသက်အမှန်အား ပြန်ပြောင်းသင့်ပေသည်။ မည်သည့် အတွက်ကြောင့် သူတို့၏ ကလေးအား အကြောင်းမဲ့သက်သက် နှစ်နှစ် လျှော့ပြောရမည်နည်း။။ အားယွီလေးမှာမူ နားထောင်ရင်း မူးဝေလာခဲ့ရလေသည်။ အဖွားအိုဝမ်မှ သူမ၏ လက်အား ညင်သာစွာ ပုတ်လိုက်ပြီးနောက် ပြောလိုက်လေသည်။
"အားယွီ လိမ္မာတယ် သွား ဖွားဖွားစားဖို့ ငှက်ပျောသီး နှစ်လုံးလောက် သွားယူပေးချေ အဖွား စားချင်လာလို့"
၏၏
"ဖွားဖွား ငှက်ပျောသီးက မမှည့်သေးဘူးလေ"
အားယွီလေးမှ ခေါင်းခါလျှက် ပြောလိုက်သည်။
"ကိုကိုငါးက ငှက်ပျောသီး ခိုးစားနေတာ သမီးတွေ့လိုက်တယ် ကိုကိုငါးက ပြောသေးတယ် မမှည့်သေးဘူးတဲ့ ပြီးတော့ လျှာနာတယ်တဲ့"
အဖွားအိုဝမ် : " ဒါဆို ပြန်သွားပြီး သမီး အမေနဲ့ တခြားသူတွေ ချက်ပြုတ်ပြီးပြီလား ဆိုတာ တစ်ချက်ပြန် သွားကြည့်လိုက်ချေ ဖွားဖွား အခု နည်းနည်း ဗိုက်ဆာနေပြီ"
အားယွီလေးမှ ခေါင်းညိတ်လိုက်ကာ လိမ္မာစွာ ထွက်သွားလေတော့သည်။ ဝမ်လျူလန်နှင့် ဝမ်ချီလန်တို့မှာမူ တံခါးဝတွင် စောင့်နေခဲ့ကြသည်။ သူမအား မြင်သောအခါ သူတို့သည် တစ်ဖက်စီမှ လက်ဆွဲပြီးနောက် အိမ်သို့ ခုန်ဆွခုန်ဆွဖြင့် ပြန်သွားကြလေတော့သည်။
‘ဟီးဟီး ညီမလေးအားယွီနောက် လိုက်တာ အကောင်းဆုံးပဲ.... ပေါက်စီတွေ ကျက်ရင် ညီမလေးအားယွီက ပထမဆုံး စားရမှာ....’
‘ညီမလေး မကုန်ရင် သူတို့ ကူစားပေးလို့ ရတာပဲ..’
အမြွှာနှစ်ယောက်သည် သူတို့ကိုယ်သူတို့ အလွန် ဉာဏ်ကောင်းသည်ဟု ခံစားနေကြရလေသည်။ အားယွီလေးသည် လမ်းတစ်ဝက်ရောက်မှ သတိရလိုက်မိသည်။ သူတို့ နေ့လယ်စာ စားပြီးခါစ မဟုတ်ဘူးလား....
အဘယ်ကြောင့်များ ဖွားဖွားသည် ဤမျှလောက် မြန်မြန် ဗိုက်ဆာရသနည်း။
‘အော်.. ဖွားဖွားက အသက်ကြီးပြီဆိုတော့ မြန်မြန် ဗိုက်ဆာတာ ဖြစ်မှာပါလေ’
အားယွီလေးသည် သူမ၏ အိတ်ထဲမှ အစားအစာအချို့ ထုတ်ယူချင်သော်လည်း စား၍ရသည့်အရာ အကုန်လုံး စား၍ ကုန်သွားပြီဖြစ်ကြောင်း သတိပြုမိလိုက်လေသည်။ သူမသည် ပဲများကိုပင် စိုက်လိုက်ပြီ ဖြစ်သည်။
‘အို.. ဒါဆို မြန်မြန် လမ်းလျှောက်ပြီးတော့ ဖွားဖွားအတွက် ပေါက်စီ သွားယူပေးရမယ်....’
ဖွားဖွားအား ဗိုက်ဆာမခံနိုင်ချေ...
[...] မင်း ပျော်ရင် ပြီးတာပါပဲလေ....
အဖွားအိုဝမ်သည် အားယွီလေး ထွက်သွားသည်အား မြင်ပြီးနောက်တွင် ပြောပြလိုက်လေသည်။
"တစ်နေ့က ခရိုင်မြို့နယ်ရုံးမှာ သခင်ကျန်းနဲ့ ကျွန်မ တွေ့ခဲ့တယ် သူ ကျွန်မကို အကြောင်းအရာ တစ်ခုကို ပြောပြခဲ့တယ် ကျွန်မ အခု ရှင်တို့ကို ပြောပြမယ် ရှင်တို့ ကြားပြီးတာတောင်မှ ကလေးရဲ့ အသက်ကို ပြောင်းရမယ်လို့ ထင်နေတုန်းဆိုရင်တော့လည်း ကျွန်မ ရှင်တို့စကားကို နားထောင်ပါ့မယ်"