ပြဿနာ
Vol. 4 Ch. 60
အားယွီလေး အဘွားဖြစ်သူအား ရှာရန် ပြန်သွားပြီးနောက် သူမလက်ထဲတွင် ပန်းများ အပြည့်ပိုက်ထားကာ ထို ပန်းများအား လက်သေးသေးလေးဖြင့် ပွေ့ဖက်ထားလေသည်။ အဖွားအိုဝမ်သည် ဤအရာအား မြင်သောအခါ မျက်ခုံးပင့်မိသွားခဲ့သည်။
"အားယွီ သူများပန်းတွေကို ခူးလို့မရဘူးလေ"
"အားယွီ ခူးတာ မဟုတ်ပါဘူး"
အားယွီလေးမှ ခေါင်းခါလိုက်လေသည်။
"ကိုကိုက သမီးကို ပေးတာ ကိုကိုက သမီးကို အရမ်းသဘောကျတယ် သမီးလည်း ကိုကို့ကို သဘောကျတယ်"
ကျောင်းကျန့် အားယွီလေး၏ ရင်ခွင်ထဲမှ ပန်းများအား အဝေးမှပင် မြင်လိုက်ရသည်။ သို့သော်ငြားလည်း သူသည် အစပိုင်းတွင် သိပ်ဂရုမစိုက်ခဲ့ချေ။ သို့ပေသိ ပန်း၏ အရောင်အား သေချာမြင်လိုက်ရသည့် အချိန်တွင် သူ အသက်ရှူမှားသွားလေတော့သည်။
‘ဒါ အိမ်တော်ထိန်းက အထူးတလည် ဝယ်ထားတဲ့ ခရမ်းရောင် ပီယိုနီတွေ မဟုတ်ဘူးလား’
‘မနေ့ကမှ စိုက်ထားတာလေ စုစုပေါင်းမှ ပန်းနည်းနည်းလေး ရှိတာ ဒီမှာ ဘယ်နှပွင့်တောင် ရှိနေတာလဲး’
အဖွားအိုဝမ်သည် အားယွီလေး၏လက်အား ကိုင်ပြီးနောက် ကျောင်းကျန့်ဆီသို့ အပြုံးဖြင့် လျှောက်လာနေပြီ ဖြစ်သည်။
"အမတ်မင်းကျန်းရဲ့ ဝမ်းကွဲညီလေးက ကျွန်မတို့ အားယွီနဲ့ ဆက်ဆံရေး ကောင်းမယ့်ပုံပဲ သူတို့ ခုမှ တွေ့ဖူးတာကို သူက ပန်းတွေအများကြီး ပေးလိုက်ပြီ ဒီပန်းတွေက တော်တော်လှတာပဲ တောင်ပေါ်က တောပန်းတွေထက် ပိုကြီးတဲ့ပုံပဲ"
"ဟုတ်လား ဟားဟားဟား "
ကျောင်းကျန့် မည်သို့ ပြန်ပြောရမည်မှန်း မသိတော့ပါချေ။
‘တောင်တစ်တောင်လုံးက တောပန်းတွေနဲ့တောင် ဒီပန်းကို ယှဉ်လို့မရဘူး ဘယ်သူမှ တောပန်းကို ပိုက်ဆံပေးမဝယ်ကြဘူး ဒါပေမဲ့ ပန်းခူးလို့ဆိုပြီး အဲ့ဒီကောင်စုတ်လေးကို လျော်ကြေးပေးခိုင်းလို့မှ မဖြစ်နိုင်တာ ဟုတ်တယ်မလား’
"အမတ်မင်းကျန်း အားလုံး အဆင်ပြေသွားပါပြီ ကျွန်မတို့ ရွာသားတွေနဲ့ အစားအစာ သွားယူရဦးမှာမို့လို့ အချိန်မဆွဲတော့ပါဘူး"
အဖွားအိုဝမ်မှ ဆိုလေသည်။ အဖွားအိုဝမ်သည် သူ့အား တောင်းဆိုခဲ့သည့်အရာအား ကျောင်းကျန့် ပြန်တွေးမိပြီးနောက် အားယွီလေး၏ ကြင်နာမှုကို တိုက်ရိုက် ခုနှိမ်လိုက်သော်ငြားလည်း သူ အရှုံးပေါ်သည်ဟု မခံစားရချေ။ ဤကြားဖြတ် နှောင့်ယှက်မှုကြောင့် သူ ပန်းများ အကြောင်း မတွေးမိတော့ပေ။
"စိတ်မပူပါနဲ့ ကျုပ် ကျောင်းကျန့် ကတိပေးထားတဲ့အတိုင်း သေချာပေါက် လုပ်ပေးပါ့မယ်"
အဖွားအိုဝမ် ထွက်ခွာရန် ပြင်လိုက်စဉ် သူမအိတ်ကပ်ထဲတွင် တစ်စုံတစ်ခု ကျန်နေသေးကြောင်း ရုတ်တရက် သတိရလိုက်မိသည်။ သူမ ကျောက်စိမ်းပြား အပိုင်းအစ နှစ်ခုအား ထုတ်လိုက်ပြီးနောက် ကျောင်းကျန်းအား ကမ်းပေးလိုက်လေသည်။
"ဒါက ဟိုသခင်လေး လုပ်လိုက်လို့ ကွဲသွားတာပါ ကျေးဇူးပြုပြီး သူ့ကို ပြန်ပေးလိုက်ပါ ကွဲနေပြီဆိုပေမဲ့ ကျောက်စိမ်း ပန်းပုဆရာကို ရှာပြီး အပိုင်းအစလေးတွေ လုပ်ခိုင်းလိုက်ရင် သုံးလို့ရပါသေးတယ်"
"ကောင်းပါပြီ"
ကျောင်းကျန့်မှ သာမာန်ကာလျှံကာ ယူလိုက်လေသည်။
အဖွားအိုဝမ်သည် အားယွီ၏လက်အား ကိုင်လျှက် ခရိုင်မြို့နယ် ရုံးခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ သူမသည် အားယွီလေးအား မေးမြန်းလိုက်သည်။
"ဟိုကိုကိုနဲ့ ကစားရတာ ပျော်ခဲ့ရဲ့လား"
တကယ်တမ်းတွင် အဖွားအိုဝမ်နှင့် ကျောင်းကျန့် စကားပြောသည်မှာ နာရီဝက်ခန့်သာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။ ကလေးများ ကစားမည်ဆိုလျှင် ဤအချိန်သည် မလုံလောက်ပေ။
"သမီး အရမ်းပျော်တယ် ကိုကိုက သမီးအတွက် ပန်းခူးပေးတယ်လေ ဘွားဘွား နောက်ကျရင် ဒီကို လာကစားကြမယ်နော် သမီး ကိုကို့ကို ပန်းအသစ်တွေ ပေးချင်လို့"
အားယွီလေးသည် ထိုအစ်ကိုကြီးအား အလွန် သဘောကျပေသည်။ သို့သော် ထိုကိုကိုသည် သူမအား သိပ်သဘောမကျဘူး ဟု သူမ ခံစားရမိလေသည်။
‘ဒါပေမဲ့ ဘွားဘွားမှ မသိတာ သူမသာ ဘွားဘွားကို မပြောပြရင် နောက်တစ်ခါကျရင် ဘွားဘွားက ဒီကို လာကစားဖို့ ခေါ်လာမှာပဲ’
သူတို့ ဝင်လာစဉ်တွင် အဓိကဝင်ပေါက်အား အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ပြန်ထွက်လာချိန်တွင် ဘေးပေါက်ကိုသာ အသုံးပြုခဲ့လေသည်။ ၎င်းမှာ ယခင်က တံခါးစောင့် သူတို့အား တားဆီးခဲ့သည့် တံခါးပေါက် ဖြစ်လေသည်။ သူတို့နှစ်ဦး ထွက်လာသောအခါ အနောက်မှ လိုက်ပါ ပို့ဆောင်ပေးသည့် အစေခံ ခေါင်းဆောင်မှ "ဂရုစိုက် ပြန်ကြပါ" ဟု ပြောလိုက်လေသည်။
အစေခံခေါင်းဆောင်၏ သဘောထားမှာ ပိုမို၍ ရိုသေ လေးစားနေဟန် ရသည်အား မြင်သော် တံခါးစောင့်မှာ ကြောက်လန့်သွားခဲ့သည်။ သူတို့ အနည်းငယ် ဝေးသွားသောအခါ သူ ကပျာကယာ မေးမြန်းလိုက်သည်။
"ဒီနှစ်ယောက်က ဘယ်သူတွေလဲ"
"ငါလည်း မသိဘူး ဒါပေမဲ့ အမတ်မင်းကျန်းက သူတို့ကို တော်တော် ကောင်းကောင်း မွန်မွန် ဆက်ဆံတယ်လို့ ထင်တယ်"
ထိုသည်အား ကြည့်ခြင်းဖြင့် အမှန်တကယ်တွင် ထိုသူများသည် အနည်းငယ် ထူးခြားကြောင်း ပြသနေပြီး ဖြစ်လေသည်။ နန်းတွင်းသံတမန် ဤနေရာသို့ တာဝန်ထမ်းဆောင်ရန် ရောက်လာစဉ် အချိန်တည်းကမှ စ၍ သူ၏ သဘောထားမှာ အလွန်လေးနက် တည်ကြည်လှသည်။ သူသည် ကူညီရန် အတွက် လူအနည်းငယ်ကိုပင် တာဝန်ပေးထားသေး၏။
မှတ်တမ်းထိန်း အရာရှိဆိုလျှင် သူ၏ ရာထူးမှ တိုက်ရိုက် ဖယ်ရှား ခံလိုက်ရခြင်း ဖြစ်သည်။ တံခါးစောင့်သည် ချွေးစေးများ ပြန်လာတော့သည်။
"ဒုက္ခပဲ ငါ သူတို့ကို စော်ကားမိပြီ ထင်တယ်"
အစေခံ ခေါင်းဆောင်မှ မေးလိုက်လေသည်။
"မင်း ဘာလုပ်လိုက်လို့လဲ"
"အရင်က သူတို့ အမတ်မင်းကျန်းကို တွေ့ချင်တယ် ပြောတုန်းက ငါ သူတို့ကို တားခဲ့တယ် ပြီးတော့ မသင့်လျော်တဲ့ ရိုင်းစိုင်းတဲ့ စကား တချို့ ပြောလိုက်မိတယ်"
ထိုစကားများ ပြောပြီးချိန်တွင် တံခါးစောင့်သည် ချွေးစေးများ ပြန်လာတော့သည်။ သူသည် အမတ်မင်းကျန်း၏ ဆွေမျိုးများအား စော်ကားမိခြင်း ဖြစ်နေသည်လား။ တံခါးစောင့်ရာထူး ရရန်ဆိုသည်မှာ မလွယ်ကူပါချေ။ ယခုများတော့ သူ အလုပ်ပြုတ်တော့မည့်ပုံ ပေါ်နေပြီ ဖြစ်သည်။
"ဒါကိုတော့ မင်းဘာသာ မင်းပဲ ကြည့်ရှင်းတော့"
အစေခံမှ စာနာစွာ ပြောလိုက်မိသည်။ ရွာသားများနှင့် သွားတွေ့ရာ လမ်းတွင် အားယွီလေးမှ စူးစမ်းစွာ မေးမြန်းလိုက်သည်။
"အဘွား ခုနက ဘာလို့ ဟိုဦးဦးကို ကြည့်လိုက်တာလဲ"
အစောပိုင်းတွင် ထိုဦးဦးနှင့် တွေ့စဉ် အချိန်တွင် သူသည် အလွန် ကြမ်းတမ်းကြောင်း အားယွီလေး သတိထားမိခဲ့သည်။ သို့သော် သူတို့ ထွက်လာချိန်တွင် အဘွားဖြစ်သူသည် ထို ဦးလေးကြီး ဘေးနားသို့ လျှောက်သွားလိုက်ကာ တမင်တကာ တစ်ချက်မျှ စောင်းကြည့်လိုက်သည့် အချိန်တွင် ထိုသူ တုန်လှုပ်သွားသည်အား သူမ မြင်လိုက်ရသည်။
‘ဘာလို့လဲ’
‘ဦးဦးက အရမ်းအေးနေလို့လား’
"သူ့လိပ်ပြာ သူ မလုံလို့ နေမှာပေါ့"
အဖွားအိုဝမ်မှ ပြုံးလိုက်ပြီးနောက် ဆက်မပြောတော့ချေ။ တံခါးစောင့် ဘယ်လောက်အထိ သင်ခန်းစာရမလဲ ဆိုသည်မှာတော့ သူ ဘယ်လောက်အထိ တွေးတောနိုင်မလဲ ဆိုသည့်အပေါ် မူတည်နေသည်။ ပုံမှန်အားဖြင့် အပြစ်ရှိလေလေ သူတို့ ပိုတွေးလေလေ ဖြစ်သည်။
ရွာသူကြီး ဟူသည် ရွာသားများအား တန်းစီခိုင်းထားပြီး ဖြစ်သည်။ ထို့အပြင် ဤကာလအတွင်း အခြားရွာမှ လူများကိုလည်း မေးမြန်းခဲ့ပြီးနောက် ဘေးအန္တရာယ် အတိုင်းအတာအား အကြမ်းဖျင်း နားလည်ထားကြသည်။
မျှော်လင့် ထားသည့်အတိုင်းပင် မိမိတို့ကလေးများအား ပြန်စားရသည့် အခြေအနေထိ ရောက်နေသည့် ရွာအချို့လည်း ရှိနေခဲ့သည်။ ဘေးအန္တရာယ် ကျရောက်လာပြီးနောက် မျှော်လင့်ချက် ကင်းမဲ့လာချိန်တွင် ကိုယ်ကျင့်တရားအား စောင့်ထိန်းနိုင်သူ သိပ်မများတော့ပေ။
နှင်းကြောင့် ပြိုကျပျက်စီးသွားသည့် ရွာများလည်း အများအပြား ရှိနေခဲ့သည်။ သူတို့ရွာနှင့် ရှန်ယန်းရွာအပြင် အခြားရွာပေါင်း တစ်ဆယ်ကျော် ဘေးဒုက္ခ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပေသည်။ သူတို့ကဲ့သို့ပင် မြေမြှုပ် ခံလိုက်ရသည့် ရွာတစ်ရွာ ရှိသေးသည်။
"နှင်းပြိုကျမှုကြောင့် ကျောက်တုံးတွေ ပြုတ်ကျလာတယ်လို့ ကြားတယ် သူတို့ ဘယ်သူ့ကိုမှ တူးမထုတ်နိုင်သေးဘူးတဲ့ ရွာတစ်ခုလုံးကို မကယ်နိုင်ခဲ့ဘူးလို့ ပြောတယ် ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်လဲ တကယ် အဖြစ်ဆိုးပဲ"
ထိုအကြောင်း ပြောနေသည့် ရွာသားမှ သက်ပြင်း ချလိုက်လေသည်။ သဘာဝ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် အသက်နှင့် သေခြင်းတရားသည် ခန့်မှန်းရခက်လှချေသည်။ အားယွီလေး မှာမူ ထိုအကြောင်းအရာများအား နားမလည်သဖြင့် နားမထောင်တော့ပေ။ သူမလေးသည် ပန်းခြင်းလေး ပိုက်လျက်သားဖြင့် လှည်းပေါ်တွင် တင်ထားခြင်း ခံလိုက်ရလေသည်။ သူမသည် ရတနာလေးတစ်ခုကဲ့သို့ ဟိုဟိုဒီဒီ လိုက်ကြည့်နေလိုက်သည်။
သူမသည် မူလကတည်းမှ ကျောက်စိမ်းရုပ်တုလေးနှင့် တူညီလေသည်။ ရင်ခွင်ထဲတွင် ပန်းများ နှင့်အတူ ရှိနေသဖြင့် ပို၍ပင် ချစ်ဖို့ကောင်းနေခဲ့သည်။ တန်းစီနေသည့် ရွာသားများသည် ဤမျှ ကြည့်ကောင်းကာ ချစ်စရာကောင်းသည့် ကလေးငယ်လေးအား တစ်ခါမှ မမြင်ဖူးကြပေ။ ထို့ကြောင့် သူတို့သည် ငေး မကြည့်ဘဲ မနေနိုင်ကြတော့ချေ။
...
"အစ်မကြီး ရှင် ဒီကလေးကို ကောင်းကောင်း မွေးထားတာပဲ သေချာ ဂရုစိုက်ထားပုံရတယ် ဟုတ်တယ်မလား"
အသက် ခြောက်ဆယ်ကျော်ခန့်ရှိ အဘွားအိုတစ်ဦး တိုးဝှေ့ ဝင်ရောက်လာခဲ့လေသည်။ သူမ၏ ဆံပင်ဖြူများအား ဆံထုံးထုံးထားပြီး သူမ၏ ပါးနပ်မှုကို ဖော်ပြနေခဲ့သည်။ အဖွားအိုဝမ်သည် ထိုအကြောင်းအား မပြောချင်သဖြင့် ခေါင်းသာ ညိတ်ပြလိုက်သည်။
"သူလေးက အရမ်းလှတာပဲ ကျုပ် နေရာပေါင်းစုံ ရောက်ဖူးတယ်တော့ မိန်းကလေးငယ်လေးတွေ အများကြီး မြင်ဖူးတယ်လို့ ပြောလို့ရတယ် ရှင့် အိမ်က ကလေးက အလှဆုံးပဲ နှစ်သစ်ကူး ပန်းချီကားထဲက နတ်သမီးလေး ကျနေတာပဲ"
အဘွားကျိုးသည် အဖွားအိုဝမ်၏ အေးစက်မှုအား လုံးဝ သတိမထားမိသည့်ပုံ ရလေသည်။ သူမသည် အနားတိုးလာကာ အားယွီလေး၏ မျက်နှာလေးအား လက်လှမ်းထိရန် ကြိုးစားလိုက်သည်။ သူမ ပြုံးလျှက် ပြောလိုက်သည်။
"အစ်မကြီး စိတ်မရှိပါနဲ့ ဒါ ကျုပ်ရဲ့ အကျင့်ဟောင်းတစ်ခုပါတော် ကြည့်ကောင်းတဲ့ မိန်းကလေးဆိုရင် မကြည့်ဘဲ မနေနိုင်လို့ပါ ကျုပ်က အထူးအောင်သွယ်တော်လေ ရှင့်ရဲ့ ကောင်မလေးက အရမ်း ကြည့်ကောင်းတယ်လို့ ကျုပ်ထင်တယ်အေ သူမသာ ကလေးချွေးမ ဖြစ်လာရင် အနည်းဆုံးတော့ ဒီလောက်"
သူမ စကားမဆုံးခင်မှာပင် သူမ၏ ခေါင်းပေါ်သို့ တောပန်း တစ်အိတ် ပစ်ပေါက်ခံလိုက်ရတော့သည်။ အဖွားအိုဝမ်သည် အားယွီလေး ဘေးဖယ်ထားသော တောပန်းများအား ဆွဲယူလိုက်ကာ သူမ၏ မျက်နှာတည့်တည့်သို့ ပစ်ပေါက်လိုက်ခြင်း ဖြစ်ပေသည်။ ပန်းများသည် နူးညံ့သော်လည်း မျက်နှာအား ထိမှန်သောအခါ နာကျင်နေဆဲ ဖြစ်လေသည်။
"ဘာလုပ်တာလဲ"
အဘွားကျိုးမှ အော်ဟစ်လိုက်လေသည်။
"နင် မိန်းမအိုကြီး နင် ငါ့ကို ရိုက်ရဲတယ်ပေါ့"
"ငါက နင့်လို အကောင်အိုကြီးကို ရိုက်နေတာလေ အစ်မကြီးဟုတ်လား နင့်ရဲ့ မျက်နှာအိုကြီးကို ပြန်ကြည့်ဦး နင့်အသက် ၈၀ လို့ ငါပြောရင်တောင် ကောင်းကင်ဘုံက သဘော မတူဘဲ မနေဘူး ငါ့ကို အစ်မကြီးလို့ ခေါ်ရဲသေးတယ်လား"
အဖွားအိုဝမ်မှ တင်းမာစွာ ပြောလိုက်တော့သည်။
"နင့်မှာ ရောဂါရှိမှန်း သိရင် အပြင်ထွက် လျှောက်သွားမနေနဲ့ တစ်နေ့ကျရင် ပြဿနာတွေ အများကြီး မဖြစ်အောင် သတိထား ငရဲမင်းက ထောက်ခံစာ ပေးဖို့ နင့်ကို မြေအောက်ကမ္ဘာဆီ ခေါ်သွားလိမ့်မယ်"
အဘွားကျိုး၏ မျက်နှာသည် စိမ်းလိုက်ဖြူလိုက် ဖြစ်သွားပြီးနောက် မုန်းတီးစွာ အော်ဟစ် ပြောဆိုလိုက်သည်။
"ကြည့်ရတာ နင်တို့အားလုံး အစားအစာ လာယူကြတာပဲ ကြည့်လိုက်တာနဲ့ နင်က တောကလာတဲ့ ဆင်းရဲသား လယ်သမားတွေဆိုတာ ပြောလို့ရတယ် ငါက ကြင်နာပြီး သဘောကောင်းလွန်းလို့ နင့်ကို လမ်းပြပေးမလို့ဟာကို နင်က ကျေးဇူးမသိတတ်ဘူး ငါ့ကိုတောင် ရိုက်ရဲတယ်ပေါ့ ဒီနေ့ ငါ နင့်ကို သင်ခန်းစာမပေးရင် ဘယ်သူ့ကို စော်ကားမိလဲဆိုတာ နင် သိမှာမဟုတ်ဘူး မင်းတို့ ဘာကို စောင့်နေကြတာလဲ"
...
သူမ စကားဆုံးသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးထဲမှ တောင့်တင်းခိုင်မာလှသည့် အမျိုးသားသုံးဦး ရုတ်တရက် ပြေးထွက်လာကြတော့သည်။ သူတို့ အားလုံး၏ လက်အတွင်း၌ ထူထဲလှသည့် သစ်သားတုတ်များအား ကိုင်ဆောင်ထားကြလေသည်။
သူတို့သည် ရန်လိုသည့် မျက်နှာထားများဖြင့် အဖွားအိုဝမ်ဆီသို့ လျှောက်လာကြတော့သည်။ သို့သော် နှစ်လှမ်းခန့် လျှောက်ပြီးနောက် သူတို့ ရပ်တန့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် လူအများအပြား ထွက်လာကြသည့် အတွက်ကြောင့် ဖြစ်သည်။
ရွာသူကြီး ဟူသည် သူ၏ လက်ထဲရှိ ထမ်းပိုးအား ဘယ်လက်မှ ညာလက်သို့ လွှဲပြောင်း ပြလိုက်သည်။သူ လည်ပင်းအား ချိုးလိုက်ကာ အကြောလျော့လိုက် ပြီးနောက် ပြောလိုက်သည်။
"လာလေ ဒီနေ့ လက်ရည်စမ်းကြတာပေါ့ ခရိုင်မြို့နယ်ရုံးမှာ ကိစ္စပြီးရင် ထောင်ထဲသွားပြီး စကားဆက်ပြောကြမယ်"
ဟူမိသားစုရွာမှ အမျိုးသားများသည် အဖွားအိုဝမ်အား သူတို့၏ အနောက်တွင် ကာကွယ်ထား လိုက်ကြသည်။ သူတို့ရွာမှ ရွာသားများအား တခြားသူများ အနိုင်ကျင့်သည်ကို ငြိမ်ခံကာ ကြည့်နေစရာ အကြောင်းမရှိပေ။
ထိုအချိန်တွင် လက်ထောက် တရားသူကြီး ချောင် ထွက်လာခဲ့သည်။ သူ၏ အကြည့်များ အေးစက်သွားပြီးနောက် အဘွားကျိုးနှင့် အခြားသူများကို ကြည့်လိုက်လေသည်။
"ကြည့်ရတာ ခင်ဗျားတို့ ဗိုက်အရမ်းဝနေပုံပဲ ဒီက အစားအစာတွေကို မလိုတော့ဘူးနဲ့ တူတယ် သူတို့ဝေစုကို ဖယ်လိုက်ကြစမ်း"
ထိုအခါမှသာ ထိုလူများသည် သူတို့ ပြဿနာတက်နေပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်ကြတော့သည်။ အခြားတစ်ဖက်တွင်မူ ချင်ဟွိုင်သည် စာကြည့် စားပွဲ၏ ဘေးတွင် မျက်လွှာချလျက် ထိုင်နေခဲ့သည်။ ချီကျားသည် သူ၏ အနောက်တွင် ရပ်လိုက်ကာ ပြောပြလိုက်လေသည်။
"သခင်လေး ဟို အဖွားကြီးနဲ့ မြေးမလေးက သာမန်လူတွေပါ သူတို့မှာ ဘာထူးခြားမှုမှ မရှိပါဘူး သူတို့ ပြဿနာ သေးသေးလေး ကြုံရလို့ ကျွန်တော် လက်ထောက် တရားသူကြီး ချောင်ကို ဖြေရှင်းခိုင်းလိုက်ပါပြီ"
ချင်ဟွိုင်သည် မကြားချင်ယောင် ဆောင်ပြီးနောက် စာကြည့်စားပွဲပေါ်ရှိ ကွဲနေသည့် ကျောက်စိမ်းပြားအား ငုံ့ကြည့်နေလိုက်သည်။ သူသည် မည်သို့သော အတွေးများ တွေးနေခဲ့သည်အား မည်သူမျှ မသိနိုင်ပေ။