ပန်းပေးခြင်း
Vol. 4 Ch. 59
အားယွီလေးသည် အမှန်တကယ်ပင် ချင်ဟွိုင်နောက်သို့ ပြေးလိုက်သွားသောအခါ ကျောင်းကျန့် အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ သူသည် ဘေးနားရှိ အစေခံတစ်ဦးအား ခေါ်လိုက်ပြီးနောက် နောက်မှလိုက်သွားရန်နှင့် တစ်ခုခုအား တီးတိုး မှာကြားလိုက်လေသည်။
ထို့နောက် သူသည် ပြန်လှည့်လာလိုက်ပြီးနောက် အဖွားအိုဝမ်အား မြင်လိုက်ရချိန်တွင် အကြောင်းရင်းမရှိဘဲ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်တော့သည်။ သူသည် နှာခေါင်းအား ပွတ်လိုက်ကာ ရှင်းပြလိုက်သည်။
"အဟမ်း ရှောင်ဟွိုင်ရဲ့ စိတ်နေသဘောထားက နည်းနည်း ပျင်းစရာကောင်းပေမဲ့ သူက ကလေးကောင်း တစ်ယောက်ပါ"
‘သူ အားယွီကိုတော့ အနိုင်မကျင့်လောက်ပါဘူးနော်...’
အဖွားအိုဝမ်သည် သိပ်ဂရုမစိုက်ပေ။
"ဟုတ်ကဲ့ ကျွန်မ အထင်တော့ အဲ့ဒီကလေးက မဆိုးပါဘူး"
အဖွားအိုဝမ် စိတ်ပူနေမလား ဆိုသည်မှာ ထိုလူငယ်လေးသည် အားယွီအား အနိုင်ကျင့်စရာ အကြောင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် လမ်းမပေါ်ရှိ သူ၏ ယခင် အပြုအမူများအရ သူသည် အားယွီလေးကို မမုန်းချေ။
အားယွီလေးသည် အလွန် လိမ်မာလှပေသည်။ ထို့ကြောင့် မည်သူသည် သူလေးအား မုန်းနိုင်လိမ့်မည်နည်း။ အဖွားအိုဝမ် အလွန်ပင် စိတ်ချလက်ချ ရှိနေခဲ့သည်။
အခြားတစ်ဖက်တွင်မူ အားယွီလေးသည် ချင်ဟွိုင်၏ နောက်သို့ လိုက်နေခဲ့ကာ မီတော့မည့်ဆဲဆဲ ဖြစ်နေပြီ ဖြစ်သည်။ သို့သော် လခြမ်းပုံ တံခါးပေါက်တစ်ခုအား ဖြတ်သန်းသွားစဉ် သူမ ခြေထောက်အောက်ရှိ တံခါးခုံအား သတိမထားမိဘဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
အားယွီလေးသည် မသိစိတ်ဖြင့် ညည်းတွားလိုက်မိသည်။ သူမ၏ လက်ဖဝါးလေးမှာ အနည်းငယ် နာကျင်သွားခဲ့ပြီး ဒူးခေါင်းလည်း နာသွားခဲ့သည်။ ထို့နှင့် ပန်းခြင်းလေး ဘေးသို့ လွင့်စင်သွားခဲ့သည်။
ချင်ဟွိုင်သည် လှုပ်ရှားသံ ကြားသောအခါ ခြေလှမ်းများ ရပ်တန့်သွားခဲ့ကာ နောက်သို့ လှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။ ထိုကောင်မလေးသည် သူမဘာသာ ထပြီးနေပြီ ဖြစ်သည်။ သူမ လက်မောင်းလေးအား ပုတ်လိုက်ပြီး ဒူးခေါင်းအား ပုတ်ရန် ကုန်းလိုက်လေသည်။
ကံကောင်းစွာဖြင့် ခရိုင်မြို့နယ်ရုံး၏ နောက်ဘက်တွင် ကျောက်ပြားများ ခင်းကျင်းထားခဲ့သည်၊ အစေခံများသည် လွန်ခဲ့သော ရက်အနည်းငယ်တွင် လုံ့လဝီရိယရှိစွာ သန့်ရှင်းရေး လုပ်ထားသည့် အတွက်ကြောင့် ဖုန်သိပ်မရှိပေ။
[ကလေးလေး အဆင်ပြေရဲ့လား နာသွားလား]
အသားလုံးလေး၏ စိတ်နှလုံး တစ်ခုလုံး နာကျင်သွားခဲ့ရလေသည်။ အားယွီ၏ အရိုးများ မြေကြီးနှင့် ရိုက်မိသံကိုပင် ၎င်း ကြားလိုက်ရသည်။ အားယွီလေး အလွန် နာကျင်လှသည့် အတွက်ကြောင့် မျက်ရည်များ စီးကျလာသော်လည်း သူမ မငိုချေ။ မျက်ရည်များအား အင်္ကျီလက်စဖြင့် သုတ်လိုက်ပြီးနောက် ပြုံးဖြီးဖြီး လုပ်လိုက်သေးသည်။
"နတ်သူငယ်လေး အားယွီ ဘာမှမဖြစ်ဘူး အားယွီ မနာပါဘူး"
ထိုသို့ ပြောရင်းဖြင့် သူမသည် သူမ၏ လက်ကလေးအား ကြည့်လိုက်လေသည်။ အနည်းငယ်သာ နီရဲနေခဲ့ခြင်း ဖြစ်သည်။ ခဏနေလျှင် သက်သာသွားမည် ဖြစ်မှန်း သူမ သိလေသည်။
ခေါင်းမော့လိုက်ပြီးနောက် သူမ၏ ရှေ့ရှိ ကိုကိုအား မြင်သောအခါ သူမ၏အပြုံး ပိုကျယ်သွားပြီး လှမ်းအော်လိုက်သည်။
"ကိုကို စောင့်ဦး ညီမလေး ပြီးတော့မှာ"
သူမ ပန်းခြင်းလေးအား သွားကောက်လိုက်သေးသည်။ ယခုတစ်ကြိမ်တွင် အနည်းငယ် ပြင်းပြင်းထန်ထန် လဲကျသွားသည့် အတွက်ကြောင့် အတွင်းမှ ပန်းများ ပြုတ်ကျကုန်လေတော့သည်။ သူမ ပြန်ကောက်လိုက်ချိန်တွင် ပန်းများမှာ အနည်းငယ် ညှိုးနွမ်းနေခဲ့ပြီ ဖြစ်သည်။ ပန်းပွင့်ဖတ်အချို့ မြေကြီးပေါ်သို့ ကြွေကျကုန်သည်။
"အာ ပန်းလေးတွေ"
ထိုအခါမှသာလျှင် အားယွီလေး ဝမ်းနည်းသွားခဲ့လေသည်။
သူမ အရမ်းတုံးတာပဲ သူမသာ မလဲကျခဲ့လျှင် ပန်းလေးတွေ ဒဏ်ရာရမှာ မဟုတ်ချေ။
ချင်ဟွိုင်သည် မူလတွင် တိုက်ရိုက် ထွက်သွားချင်သော်လည်း သူ၏ ခြေထောက်များသည် အမြစ်တွယ်နေသကဲ့သို့ ဖြစ်နေခဲ့သည်။ ထိုကောင်မလေးသည် ပန်းခြင်းအား ဝမ်းနည်းစွာ ကြည့်နေသည်အား သူ မြင်နေရသည်။ သူမသည် သူ့နောက်လိုက်ရန် မေ့သွားသကဲ့သို့ သူမ၏ နာကျင်မှုကိုလည်း မေ့သွားခဲ့ပေသည်။
‘စိတ်ရှုပ်စရာ ကလေးပဲ...’
ချင်ဟွိုင် နှုတ်ခမ်းအား စေ့လိုက်ပြီးနောက် လှည့်ထွက် သွားတော့သည်။
"ကိုကို အားယွီလေးကို စောင့်ဦး"
အားယွီလေးသည် နောက်မှ အပြေးလာနေပြီ ဖြစ်သည်။ ခြေသံကြား လိုက်ရချိန်တွင် ချင်ဟွိုင် လျှောက်သွား လိုက်သည်။ သို့သော် သူ၏ အရှိန် နှေးကွေးသွားခဲ့လေသည်။
နောက်ဆုံးတွင် အားယွီလေးသည် သူ၏ ရှေ့သို့ ရောက်ရှိလာပြီး ခေါင်းမော့လျှက် ပြောလိုက်သည်။
"ကိုကို ညီမလေး ပန်းတွေ ပေးချင်လို့ ဒါပေမဲ့ ပန်းတွေက ပျက်စီးကုန်ပြီ နောက်ကျမှ ပေးတော့မယ်နော်"
နောက်တစ်ခါ အဘွား ဖြစ်သူ နှင့်အတူ ဒဤနေရာသို့ လာချိန်တွင် ပန်းများ အများကြီး ခူးကာ ဤကိုကိုအား ပေးမည် ဟု သူမ စိတ်ထဲ တွေးလိုက်သည်။
‘ကိုကိုက တကယ် ကြည့်ကောင်းတာပဲ သူမအစ်ကိုတွေ အားလုံး ပေါင်းထားတာ ထက်တောင် ပိုကြည့်ကောင်း သေးတယ် ပန်းတွေ ထက်လည်း ပိုကြည့် ကောင်းတယ်...’
ထို့ကြောင့် သူမသည် လှပတဲ့ ပန်းများအား ချောမောသည့် လူထံ ပေးချင်ခြင်း ဖြစ်သည်။ ချင်ဟွိုင် စကားမပြောဘဲ ရှေ့ဆက် လျှောက်သွားလိုက်သည်။
ခရိုင်မြို့နယ်ရုံးသည် သိပ်မကြီးပေ။ ဝင်ပေါက် သုံးခုပါသော ခြံဝန်းတစ်ခုသာ ဖြစ်သည်။ လခြမ်းပုံ တံခါးပေါက်တစ်ခုအား ဖြတ်ကျော်ပြီးနောက် ချင်ဟွိုင်၏ ယာယီနေအိမ်သို့ ရောက်ရှိလာခဲ့သည်။
သူ လျှောက်လာချိန်တွင် အခြားအစေခံတစ်ဦး အဝေးမှ ပြေးလာပြီးနောက် သူ့အား မြင်သောအခါ အော်ပြောလိုက်လေသည် ။
"အမယ်လေး သခင်လေးရယ် ဘာလို့ တစ်ယောက်တည်း ပြန်လာတာလဲ ကျွန်တော် သခင်လေးကို လိုက်ရှာနေတာ ကြာလှပြီ"
အစေခံမှ စိုးရိမ်တကြီး ပြောလိုက်သည်။
"ချန်ရှီက သခင်လေးကို လိုက်ရှာနေတယ် သခင်လေးကို လူဆိုးတွေ ဖမ်းသွားပြီထင်လို့ လူတွေခေါ်ပြီး လိုက်ရှာနေတာ လူတွေကို လန့်အောင် လုပ်နေတာပဲ"
"သံချပ်ကာနီ"
ရုတ်တရက် မည်သည့် နေရာမှ လူမှန်းမသိသည့် လူတစ်ယောက် ထွက်ပေါ်လာခဲ့ကာ သူ့အား လက်သီးဆုပ်ကာ အရိုအသေပေးသည်။
"ရှိပါတယ်"
"သွားတော့"
သံချပ်ကာနီသည် အမိန့်အား လက်ခံပြီးနောက် အစေခံကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။ ခဏတာမျှ ကြားဖြတ်နှောင့်ယှက်မှု ကြုံလိုက်ရ ပြီးနောက် သူမ ရှေ့ရှိ ကိုကို၏ စိတ်အခြေအနေ ပိုဆိုးသွားပုံ ရသည်ကို အားယွီလေး ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
"ကိုကို ဘာလို့ မပျော်မရွှင် ဖြစ်နေတာလဲ"
"ကိုကို ညီမလေး သီချင်းဆိုပြမယ် ညတိုင်း အမေက ညီမလေးအတွက် သီချင်းဆိုပြတယ် အဲ့ဒီအခါကျရင် ညီမလေး အရမ်းပျော်တာပဲ"
ချင်ဟွိုင် ပြန်မဖြေခဲ့ပေ။ သို့သော် အားယွီလေးမှာမူ သီချင်း စဆိုနေခဲ့ပြီ ဖြစ်သည်။ သူမလေး သီချင်း ဆိုသံသည် ညည်းနေသံဖြင့်သာ ပိုတူလေသည်။ အားယွီအတွက် လျူရှီ သီဆိုပေးသော သီချင်းများမှာ ကလေးများအတွက် အထူးသီဆိုပေးသော တောအရပ်မှ သိပ်တေးများ ဖြစ်သည်။
အားယွီလေး အများကြီး မမှတ်မိသဖြင့် သီချင်းစာသားရော ညည်းသံရော ရောဆိုလိုက်တော့သည်။ ကလေးမလေး၏ အသံမှာ ကလေးသံ ပေါက်နေသည်မှာ ထင်ရှားသော်လည်း သူမ အထူးတလည် လေးလေးနက်နက် ဆိုနေခြင်း ဖြစ်သည်။ နားထောင်၍ သိပ်မကောင်းလှသည့်တိုင် နားထောင်ရ ဆိုးဝါးမနေချေ။
သီချင်းဆိုပြီးနောက်တွင် အားယွီလေးမှ မေးလိုက်သည်။
"ကိုကို အခု ပျော်သွားပြီလား မပျော်သေးရင် ညီမလေး ထပ်ဆိုပြမယ်"
အားယွီလေးသည် ခြေလှမ်းအနည်းငယ် ခုန်ပေါက်ပြီးနောက် အနားသို့ တိုးသွားလိုက်ကာ ချင်ဟွိုင်အား မျက်တောင်ခတ် ပြလိုက်သည်။ သူမ၏ ထူထဲလှသည့် မျက်တောင်များ လှုပ်ခတ်သွားခဲ့လေသည်။
...
ချင်ဟွိုင်သည် သူ့အား ခေါင်းစောင်းလျှက် ကြည့်နေသည့် ကောင်မလေးအား ကြည့်ကာ လက်သီးဆုပ်လိုက်မိသည်။
‘နားထောင်လို့ ကောင်းတယ်’
သူ ဤသို့ ပြောလိုက်ချင်သည်။ သို့သော် သူ၏ ပါးစပ်ဟလိုက်ချိန်တွင် "ဆူညံတယ်" ဟုသာ ပြောလိုက်မိသည်။ အားယွီလေး၏ မျက်လုံးများ ချက်ချင်း နီရဲသွားပြီးနောက် ကြောက်လန့်နေသည့် ယုန်ကလေးကဲ့သို့ ဖြစ်သွားခဲ့သည်။ သူမ၏ မျက်နှာပေါ်တွင် အကူညီမဲ့ကာ အားကိုးရာမဲ့မှုများ ပြည့်နှက်နေသည်။
"တောင်း တောင်းပန်ပါတယ်"
‘ကိုကိုက သူသီချင်းဆိုတာ နားထောင်ရတာ မကြိုက်ဘူးပဲ သူ ကိုကို ကို နှောင့်ယှက်မိပြီ’
သူမ ပါးများကို ဖောင်းလိုက်ရာ တုန်ရီနေသည်အား ခံစားလိုက်ရသည့်အပြင် သူမ၏ နှာခေါင်းများ စပ်ဖျင်းဖျင်း ဖြစ်လာခဲ့သည်။
‘အားယွီ ငိုလို့မဖြစ်ဘူး ဘယ်သူမှ ငိုတဲ့ကလေးကို မကြိုက်ကြဘူး...’
"တောင်းပန်ပါတယ်"
သူမ နောက်တစ်ကြိမ် ပြောလိုက်ပြီးနောက် အဘွားဖြစ်သူကိုသာ သွားရှာသည်မှာ ပိုကောင်းမည်ဟု တွေးလိုက်မိတော့သည်။ အဘွား ဖြစ်သူအား တွေ့လျှင် သူမ ငိုချင်တော့မည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် ကိုကိုမှ သူမအား မကြိုက်သော်လည်း အဘွားဖြစ်သူမှ သူမအား သဘောကျသည့် အတွက် ဖြစ်သည်။
...
အားယွီလေး လှည့်ထွက်လိုက်စဉ် ရုတ်တရက် လမ်းလျှောက်၍ မရတော့ကြောင်း သတိပြုမိလိုက်သည်။ သူမ၏ ခေါင်းအား ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်လေရာ ကိုကိုမှ သူမ၏ အင်္ကျီကော်လာအား ဆွဲထားသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် လက်မနှင့် လက်ညှိုးကိုသာ အသုံးပြုထားခြင်း ဖြစ်သည်။
"ကိုကို"
ကိုကိုဖြစ်သူမှ မည်သို့ လုပ်ချင်နေမှန်း မသိသဖြင့် အားယွီလေး ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။ သို့သော် ချင်ဟွိုင်သည် သူမလေးအား တစ်ဖက်ရှိ ဥယျာဉ်ငယ်လေးဆီသို့ တရွတ်တိုက် ဆွဲခေါ်သွားပြီးနောက် ပီယိုနီ ပန်းခင်းတစ်ခုဆီသို့ တွန်းပို့လိုက်လေသည်။
အားယွီလေးမှ နားမလည်သေးသည်အား မြင်သောအခါ ချင်ဟွိုင်သည် သူမလက်ထဲမှ ပန်းခြင်းလေးအား ဆွဲယူလိုက်ကာ ပန်းများအားလုံးကို မြေကြီးပေါ်သို့ သွန်ချလိုက်တော့သည်။
ထို့နောက် သူသည် လက်လှမ်းလိုက်ကာ နက်မှောင်နေသည့် ခရမ်းရောင် ပီယိုနီ ပန်းတစ်ပွင့်အား ကြမ်းတမ်းစွာ ချိုးယူကာ ပန်းခြင်းလေး အတွင်းသို့ ထည့်လိုက်တော့သည်။ ပီယိုနီပန်းမှာ အနည်းငယ် ကြီးမားသဖြင့် ပန်းခြင်းလေးထဲတွင် နေရာအတော်များများ ယူသွားလေတော့သည်။
ထိုအချိန်မှသာ အားယွီလေး နားလည်သွားတော့သည်။ ထိုကိုကိုမှ သူမအား ပန်းပေးနေခြင်း ဖြစ်သည်။
"ကိုကိုက အရမ်းသဘောကောင်းတာပဲ"
အားယွီလေး ချက်ချင်း ပြုံးလိုက်ပြီးနောက် ချင်ဟွိုင်အား ဖက်ရန် လက်လှမ်းလိုက်လေသည်။ ချင်ဟွိုင်၏ ခန္ဓာကိုယ်သေးသေးလေး တောင့်တင်းသွားလေသည်။ သူသည် အားယွီလေးအား တွန်းထုတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။ တွန်းထုတ်ခံလိုက်ရ သည့်တိုင်အောင် အားယွီလေးမှာမူ တခစ်ခစ် ရယ်မောလိုက်သည်။
"ကိုကိုက ယားတတ်တာလား ညီမလေးမှာလည်း ယားတတ်တဲ့ ကိုကို တစ်ယောက် ရှိတယ် ကိုကို၄ကို သွားဖက်ရင် သူက သစ်ပင်ပေါ် တက်ပြေးတာ ကိုကို ကိုကိုရော သစ်ပင်တက်တတ်လား"
ချင်ဟွိုင် မည်သည်ကိုမှ ပြန်မပြောခဲ့ချေ။ သူသည် ပီယိုနီပန်း အနည်းငယ် ထပ်ခူးလိုက်ပြီးနောက် အခြားနေရာတစ်ခုသို့ လှည့်ထွက် သွားလိုက်လေသည်။ ထို့နောက် သူသည် နောက်ထပ် ပန်းအနည်းငယ် ထပ်ခူးလိုက်ကာ ပန်းခြင်းလေးအား ပြန်ဖြည့်ပေးလိုက်သည်။
ထို့နောက် သူ လက်ညှိုးတစ်ချောင်း ဆန့်ထုတ်ပြီး အားယွီလေး၏ ကျောအား ထောက်ကာ အပြင်သို့ တွန်းထုတ်လိုက်တော့သည်။ အားယွီလေးသည် ချက်ချင်း ထွက်မသွားဘဲ လှည့်ကြည့်လျှက် ပြောလိုက်သည်။
"ကိုကို ညီမလေးနာမည်က အားယွီ ကိုကို့နာမည်က ဘယ်သူလဲဟင် နောက်ကျရင် ကိုကိုနဲ့ လာကစားလို့ ရမလား ညီမလေးတို့အိမ်က တောင်ခြေမှာ ရှိတယ် အိမ်မှာ လူတွေအများကြီး ရှိတယ် တောင်ပေါ်မှာ ပန်းတွေအများကြီး ရှိတယ် ဒါ ကိုကို့မိသားစုတွေ နေတာလားဟင်”
ချင်ဟွိုင် ပြန်မဖြေခဲ့ပေ။ သို့သော် အားယွီလေးလည်း စိတ်မဆိုးခဲ့ချေ။ သူမလေးသည် ခေါင်းငုံ့ပြီးနောက် ပြုတ်ကျနေသည့် ပန်းများအား ကောက်ယူလိုက်လေသည်။ ကောက်ယူရင်းဖြင့် သူမ တတွတ်တွတ် ပြောနေလိုက်သည်။
“ရွာထဲက ဦးဦးတွေနဲ့ ဘိုးဘိုးတွေက ညီမလေးအတွက် ဒါတွေ ခူးပေးထားတာ လွှင့်ပစ်လို့ မရဘူး"
အကယ်၍ သူမသည် ထိုအရာများအား ပျောက်သွားစေခဲ့လျှင် သူတို့ အလွန် အလွန် ဝမ်းနည်းနေကြလိမ့်မည် ဖြစ်သည်။
"ဒီပန်းတွေက ဒဏ်ရာရထားတော့ ကြည့်မကောင်းတော့ဘူး နောက်တစ်ခါကျရင် အားယွီက ကိုကို့အတွက် အရမ်း လှတဲ့ ပန်းလေးတွေ ယူလာပေးမယ်နော် ဟုတ်ပြီလား"
တုံ့ပြန်သည့်အနေဖြင့် ချင်ဟွိုင်သည် ဖိအားပိုပေးလိုက်ကာ သူမလေးကို ဆက်လက် တွန်းထုတ်လိုက်တော့သည်။
"ကောင်းပါပြီ ညီမလေး သွားတော့မယ်နော်"
ထို ကိုကိုသည် သူမနှင့် စကားမပြောချင်လောက်ဘူး ဟု အားယွီလေး ခံစားလိုက်ရသည်။ သို့သော် သူသည် သူမအား ပန်းတွေ ပေးခဲ့သေး၏။
‘ရှက်တတ်တဲ့ ကိုကို ဖြစ်ရမယ်’
"အားယွီ အားယွီ"
အဖွားအိုဝမ်၏ အသံသည် အဝေးမှ ထွက်ပေါ်လာခဲ့သည်။ အားယွီလေး ကပျာကယာ ပြောလိုက်သည်။
"ကိုကို ညီမလေးနာမည်က အားယွီနော် အားယွီ ဆိုတဲ့ အားယွီ ညီမလေး ကိုကိုနဲ့ လာကစားဦးမယ်"
သူမလေး ရှေ့တံခါးပေါက်မှ ထွက်လိုက်သည်နှင့် သူမအနောက်ဘက်မှ လူတစ်ယောက်၏ စူးရှကျယ်လောင်သည့် အသံအား ကြားလိုက်ရသည်။
"ဘယ်ကောင်စုတ်ကများ ငါ့ရဲ့ ခရမ်းရောင် ပီယိုနီတွေနဲ့ နွေဦးပန်းတွေကို ချိုးပစ်လိုက်တာလဲကွ"
"အား... ငါ ငွေသား ၅၀ တောင် ပေးဝယ်ထားရတာကွ"