အခန်း (၅၆)
Vol. 4 Ch. 56
"အားယွီ အိမ်ပြန်ပြီး အဝတ်အစား သွားလဲချေ သမီး စိုရွှဲနေပြီ၊ အဝတ်ခြောက် ဝတ်မှဖြစ်မယ်"
လျူရှီမှ ကပျာကယာ နောက်သို့လှည့်ကာ အားယွီလေးအား ပြောလိုက်လေသည်။
"ဟုတ်ကဲ့"
အားယွီလေး ခေါင်းညိတ်လိုက်လေသည်။ လေများ တိုက်လိုက်သောအခါ သူမ၏ လက်မောင်းလေးများသည် ချန်း၍ တုန်ခါသွားခဲ့သည်။
အလွန် အေးလှပေရာ သူမလေးသည် အခန်းပြန်ကာ အဝတ်အစား အလျှင်အမြန်သွား လဲလိုက်လေတော့သည်။ အဖွားအိုဝမ်မှာမူ မိုးရေထဲတွင် လျူရှီအား ဆွဲခေါ်သွားလိုက်လေသည်။ သူတို့နှစ်ဦးသည် ပိုပိုပြီး ဝေးရာစီသို့ လျှောက်သွားလိုက်ကြသည်။
သူတို့ နှစ်ဦးသည် အိမ်နှင့် အတော်လေး အလှမ်းဝေးသွားချိန်တွင် အဖွားအိုဝမ်သည် အဝါရောင်သန်းကာ အိုဟောင်းနေသည့် သစ်ပင်တစ်ပင်အား ရှာတွေ့ပြီး ထိုအပင်အောက်၌ ရပ်လိုက်လေသည်။
"အမေ အားယွီလေးအတွက် ဘယ်လိုလုပ်ကြမလဲ"
လျူရှီ အနည်းငယ် တုန်လှုပ်နေခဲ့သည်။ ယခုဏမှ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် သူမ အမှန်တကယ်ပင် စိတ်လှုပ်ရှားနေမိခဲ့သည်။ သူမသည် ကိုယ်ပိုင်အမြင် ရှိသည့် လူမျိုး မဟုတ်ချေ။ အဖွားအိုဝမ်မှ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့ ငါပြောတာ နားထောင် ဒီလိုလုပ်ကြမယ်"
သူတို့ တိုင်ပင်ဆွေးနွေးနေကြစဉ် ရွာသူကြီးသည် ရွာအဝင်ဝ၌ ချိတ်ဆွဲထားသည့် မောင်းအား ထပ်မံထုလိုက်ပြန်လေသည်။ တိုက်ဆိုင်စွာပင် ထိုအချိန်၌ မိုးတိတ်သွားခဲ့ပြီ ဖြစ်လေရာ လက်ထဲတွင် အလုပ်မရှိသူများသည် အကြောင်းကိစ္စ မသိသည့်အတွက် သွားကြည့်ကြလေသည်။ လူအများစု ရောက်လာသည်အား မြင်သော် ရွာသူကြီး ဟူမှ ပြောလိုက်လေသည်။
"ခင်ဗျားတို့အားလုံးအတွက် သတင်းကောင်း ပါလာတယ်"
"ဘာသတင်းကောင်းလဲ"
မည်သူမှ မခန့်မှန်းနိုင်ကြချေ။ ရွာသူကြီး ဟူသည် လူများအား ရင်ဖိုအောင် လုပ်ရသည်အား နှစ်သက်သူ တစ်ဦး မဟုတ်ချေ။ အားလုံး၏ မျှော်လင့်တကြီး အကြည့်များအောက်တွင် သူသည် ပြုံးလျှက် ပြောလိုက်သည်။
"သတင်းကောင်းကတော့ အမတ်မင်းကျန်းက နောက်ထပ် အစားအစာတွေ လာပို့ခိုင်းလိုက်တယ်တဲ့ ဒါပေမဲ့ ဒီတစ်ခါ စားစရာ အစားအစာ နည်းသွားလိမ့်မယ် မျိုးစေ့တွေတော့ အများကြီးပါတယ် အခွန်ဌာနက တိုက်ရိုက် ခွဲဝေချထားပေးတာလို့ ပြောတယ်"
အဘယ်ကြောင့်ဆိုသော် သူတို့ နွေဦး စိုက်ပျိုးရာသီအား လွဲချော်တော့မည် ဖြစ်သောကြောင့် ဖြစ်သည်။ သာမန်ပြည်သူများတွင် လုံလောက်သည့် မျိုးစေ့များ မရှိပါမူ မြေအများစုသည် မြုံသွားပေလိမ့်မည် ဖြစ်သည်။
ထိုသို့ဆိုလျှင် ဆောင်းဦးရိတ်သိမ်းချိန်တွင် အစားအစာ ရှားပါးမှအား ကာမိစေရန် အစားအစာအချို့ ပေးပို့ရဦးမည် ဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်တွင် ရွာသူကြီးသည် ခရိုင်မြို့နယ်ထဲတွင် မျိုးစေ့ အများအပြား မဝယ်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မြို့အတွင်းရှိ သူဌေးများသည် စားသောက်ရန်အတွက် မျိုးစေ့အားလုံးအား ဝယ်ယူသွားကြသည့် အတွက် ဖြစ်ပေသည်။
"ရွာသူကြီး ကျုပ်တို့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော် နန်းတွင်းက ဘာလို့ ကျုပ်တို့ကို အစားအစာ နှစ်ကြိမ်တောင် ပို့ပေးရတာလဲ"
"ဟုတ်တယ် အစားအစာနဲ့ မျိုးစေ့တွေက အလကားပဲလား"
ရွာသားများ၏ အမြင်တွင် အရာရှိများနှင့် ပတ်သက်လာလျှင်မူ ပိုက်ဆံပေးရမည်ဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။ ရွာသူကြီး ဟူမှ ပြောလိုက်လေသည်။
"စိတ်မပူကြပါနဲ့ လာအကြောင်းကြားတဲ့ ရုံးတော်အမှုထမ်းက ပိုက်ဆံမယူဘူးလို့ ပြောပါတယ်"
လူတိုင်း၏ မျက်နှာထားများ ပြေလျော့သွားခဲ့တော့သည်။ ပိုက်ဆံမပေးရဘူးဆိုလျှင် တော်သေးသည်ဟု ပြောရပေမည်။ ရွာသူကြီး ဟူမှ ထပ်မံ၍ ပြောလိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက်က ကယ်ဆယ်ရေး အစားအစာတွေကို အမတ်မင်းကျန်း ကိုယ်တိုင် လိုက်ပို့ပေးခဲ့တာ ဒါပေမဲ့ အခု နေရာအနှံ့အပြားမှာ ဘေးအန္တရာယ်တွေက ပိုပြီး ဆိုးရွားနေတော့ ခရိုင်မြို့နယ်ထဲက အရာရှိတွေလည်း အရမ်း အလုပ်များနေကြတယ် ဒါကြောင့် ဒီတစ်ခါ အစားအစာတွေကို ဒီအထိ တိုက်ရိုက် လာမပို့ပေးနိုင်တော့ဘူး ခရိုင်မြို့နယ်အစိုးရရုံးမှာပဲ ထားခဲ့တယ် ကျုပ်တို့ဘာသာတို့ သွားယူရမှာ"
"ကျုပ် စဉ်းစားမိတာကတော့ ကျုပ်တို့အိမ်က လက်တွန်းလှည်း အသေးလေးတွေက လုံလောက်မှာ မဟုတ်ဘူး တောင်ပေါ်တက်ပြီး သစ်လုံး နှစ်လုံးလောက် ထပ်ခုတ်ပြီးတော့ လှည်းနှစ်စီးလောက် ထပ်လုပ်ရင် ကောင်းမလားလို့ အစားအစာတွေ သွားယူတဲ့အခါ ပိုအဆင်ပြေတာပေါ့"
ဤတစ်ကြိမ် အစားအစာ ပမာဏသည် ပိုမို၍ များပြားလှကာ အိမ်ထောင်စုစာရင်းပါသည့် လူဦးရေအပေါ် မူတည်ကာ ခွဲဝေပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် ယခင်ကထက် ပိုမိုပေါများနေလေသည်။
ဤသည်မှာ အနာဂတ် ရိတ်သိမ်းမှုနဲ့ သက်ဆိုင်နေခဲ့သည်။ လူတိုင်း အလွန်တက်ကြွနေကြတော့သည်။ ရွာသားများမှ ကပျာကယာ ပြောလိုက်ကြသည်။
"ကျုပ်တို့ အခုပဲ သစ်သွားခုတ်လိုက်မယ် လူတွေအများကြီး ရှိတာပဲ အားလုံးပဲ နည်းနည်းလောက် ရှင်းလင်းရေးလုပ်ကြစို့ သုံးလို့ရရင် ပြီးတာပဲ"
တခြားတစ်ယောက်မှ ထပ်မံ၍ ပြောလိုက်သည်။
"ကျုပ်လည်း ခြင်းတောင်း နည်းနည်းလောက် ထပ်ရက်ပြီး အဲ့ချိန်ကျရင် ယူလာခဲ့လိုက်မယ်"
"ဘယ်မိသားစုတွေ အတူသွားချင်ကြလဲ စည်းမျဉ်းတစ်ခု သတ်မှတ်ကြရအောင် လက်တွန်းလှည်းတွေ လုပ်ပြီးတာနဲ့ ထွက်ကြမယ်"
ဟု ရွာသူကြီး ဟူမှ ပြောလိုက်လေတော့သည်။ လူတိုင်းမှ အတူတူ သွားနိုင်ကြောင်း ပြောကြသည်။ သေချာသည်မှာ သူတို့ သည်လည်း ပွဲကြည့်ချင်ကြခြင်း ဖြစ်သည်။
ထို့အပြင် လူများလေလေ အစားအစာ သယ်ယူ ပို့ဆောင်ရေးရာ၌ ပိုစိတ်ချရလေလေ ဖြစ်သည်။ အသွားအပြန် ခရီးသွားရန် အတွက် နာရီပေါင်းများစွာ ကြာလျှင်ပင် သူတို့အတွက် မည်သို့မှ မဖြစ်ဟု ခံစားကြရလေသည်။
"ငါ့ကိုလည်း ခေါ်သွားကြဦး ငါတို့တွေလည်း ခရိုင်မြို့ကို သွားကြမလို့ လူများတာ ပိုကောင်းတာပေါ့"
အဖွားအိုဝမ်သည်လည်း အပြေးအလွှား ရောက်လာခဲ့လေသည်။ အဖွားအိုဝမ် ဖြစ်နေသည်အား လူတိုင်း မြင်သောအခါ ဤကာလအတွင်း ဝမ်မိသားစုမှ များစွာပေးဆပ်ခဲ့သည် ဟု တွေးမိကြသဖြင့် ငြင်းဆန်စရာ အကြောင်းမရှိကြချေ။ အဖွားအိုဝမ်မှ ပြောလိုက်သည်။
"နန်းတွင်းက ဝေပေးတဲ့ အစားအစာက အကန့်အသတ်နဲ့ ဝေတာ ငါတို့တွေ နောက်ကျသွားရင် အစားအစာတွေ အကုန် သိမ်းသွားလောက်ပြီ နောက်ကျမှ သွားရင် ငါတို့တွေ လက်ဗလာနဲ့ပဲ ပြန်လာရလိမ့်မယ်"
ထိုစကားကြားချိန်တွင် လူတိုင်းသည် အလျှင်အမြန် သွားချင်နေကြတော့သည်။ လှည်းမလုံလောက်လည်း ကိစ္စမရှိပါချေ။ သူတို့ကိုယ်တိုင် အိတ်အနည်းငယ် ပိုထမ်း၍ လာလိုက်ရလျှင်လည်း အဆင်ပြေပေသည်။ ရွာသူကြီး ဟူမှ အပြင်ဘက် ကောင်းကင်အား မော့ ကြည့်ပြီးနောက် ကပျာကယာ ပြောလိုက်လေသည်။
"မဖြစ်ဘူး မဖြစ်ဘူး အရာရှိတွေက တို့ရွာအတွက် ဝေစုကို ဖယ်ထားပေးမယ်လို့ ပြောတယ် တစ်ရက် နှစ်ရက်လောက်တော့ သူတို့ သိမ်းထားပေးနိုင်မှာပါ မနက်ဖြန် မနက်မှ သွားလည်း နောက်မကျပါဘူး ဒီနေ့ အရမ်းနောက်ကျနေပြီ မိုးရွာထားလို့ လမ်းတွေကလည်း ချောနေတယ် သွဦးတဲ့အခါ တောင်ပေါ်က ပြုတ်မကျစေနဲ့အုန်း"
တောင်ပေါ်လမ်းသည် လမ်းလျှောက်ရ ခက်ခဲလှကာ မိုးရာသီတွင် မြေကြီးသည် ပို၍ ရွှံ့ဗွက်ထူနေလေသည်။ အလွန်အန္တရာယ်များလှပေသည်။ နောက်တစ်နေ့တွင် တိုက်ဆိုင်စွာပင် ရက်ပေါင်းများစွာ ရွာမည်ဟု သူတို့ထင်မှတ်ထားသည့် နွေဦးမိုးသည် ရုတ်တရက် ရပ်တန့်သွားခဲ့ကာ ပတ်ဝန်းကျင်မှာ ကြည်လင်နေခဲ့သည်။ လူတိုင်း ခရိုင်မြို့သို့ သွားရောက်ရန် ဆွေးနွေးနေကြသည်။
ယမန်နေ့တွင် အဖွားအိုဝမ်သည် သားများနှင့် မြေးအကြီးများအား ခေါ်ဆောင်ကာ ပျိုးပင်များ ပြုစုပျိုးထောင်ရန် အတွက် လယ်ထဲသို့ ခေါ်သွားခဲ့လေသည်။ သူမသည် ကောက်ရိုးအား မလိုက်ရာ အလွန်သိပ်သည်း ထူထပ်လှသော ဂျုံပျိုးပင်များအား တွေ့လိုက်ရလေသည်။ ဝမ်မိသားစုမှ လူတိုင်း အံ့သြ မှင်သက်သွားကြရလေသည်။
‘ပျိုးပင်စိုက်ပျိုးထားတာ ဘယ်နှရက်လောက် ရှိသေးလို့လဲ ဘယ်လိုလုပ် ဒီလောက် အကြီးကြီး ကြီးလာတာလဲ’
"အရမ်းအံ့သြမနေကြနဲ့ နင်တို့ ဝက်သား မစားဖူးရင်တောင် ဝက်ပြေးတာတော့ မြင်ဖူးကြမှာပေါ့ အဲ့ဒီ ထုံထိုင်းတဲ့ ရုပ်တွေကို ဖျောက်ထားလိုက်ကြစမ်း"
အဖွားအိုဝမ်မှ ဒေါသတကြီး အော်ပြောလိုက်လေသည်။
"မနက်ဖြန် ငါ ရွာသူကြီး တို့နဲ့အတူ ခရိုင်မြို့ကို လိုက်သွားမယ် အားယွီလည်း ငါနဲ့ တူတူ လိုက်လိမ့်မယ် နင်တို့ အိမ်မှာလိမ်ပြီး ပတ်ကစားမနေကြနဲ့ ငါပြန်လာလို့ ပျိုးပင်တွေ စိုက်ထားတာ မတွေ့ရင် နင်တို့ကို ဘယ်လို လုပ်မလဲဆိုတာ စောင့်ကြည့်နေလိုက်စမ်း"
ဝမ်မိသားစု၏ သားများနှင့် မြေးများသည် အဆူခံလိုက်ရသဖြင့် ကြောင်အမ်းသွားကြသည်။ သူတို့ အလုပ် ကောင်းကောင်း လုပ်ချင်စိတ်သာ ရှိတော့ကာ ပျိုးပင်များ အဘယ်ကြောင့်များ ဤမျှလောက် အမြင့်ကြီး ကြီးထွားလာသနည်း ဆိုသည်အား မေးမြန်းရန် လုံးဝ မေ့သွားကြလေတော့သည်။
တစ်ရက်အတွင်း လူတိုင်း လှည်းသုံးစီး ပြုလုပ်ခဲ့ကြလေသည်။ အနည်းငယ် ကြမ်းတမ်းနေသေးကာ သိပ်မသေသပ်လှသော်လည်း အသုံးပြု၍ ရနေသေး၏။ လက်တွန်းလှည်းများဖြင့် လူတိုင်း ခရီးထွက်လာခဲ့ကြတော့သည်။
အားယွီလေးသည် သူမ၏ အိတ်ကလေးအား လွယ်ထားပြီး ပန်းခြင်းလေးအား ကိုင်လျှက် လူအုပ်ကြီးနောက်သို့ လိုက်ပါလာခဲ့သည်။ ဆိတ်ပေါက် ကလေးသည်လည်း သူမဘေးတွင် လိုက်ပါလာကာ ခွာလေးချောင်းဖြင့် ပျော်ရွှင်စွာ ပြေးလွှားနေခဲ့သည်။ အဖွားအိုဝမ်သည် လည်ကုပ်အား ဆွဲလျှက် ပြန်မောင်းထုတ် လိုက်လေသည်။
"ခရီးက အဝေးကြီး နင့်ခွာကို မလိုချင်တော့ဘူးလား"
အဖွားအိုဝမ် အော်လိုက်သဖြင့် ဆိတ်ပေါက်ကလေး ကြောက်လန့်သွဦးကာ နောက်ပြန်ဆုတ်သွားလေသည်။ အားယွီလေးသည် လက်သေးသေးလေးအား ဆန့်ထုတ်လိုက်ကာ ဆိတ်ပေါက်ကလေးအား လက်ပြလိုက်လေသည်။
"ဆိတ်ပေါက်ကလေးရေ လိမ္မာတယ်နော် အိမ်မှာပဲ မမတို့ကို စောင့်နေ"
ဆိတ်ပေါက်ကလေး : "......." သူ အရမ်းဒေါသထွက်နေတာလေ
ကောင်းကင်သည် ကြည်လင်နေသော်လည်း မြေကြီးမှာ လုံးဝ မခြောက်သွေ့သေးချေ။ ရွာထဲရှိ လမ်းများနှင့် မြို့သို့ သွားသည့် လမ်းမကြီးများမှာ ရွှံ့ဗွက်များဖြင့် ပြည့်နှက်နေခဲ့ကာ လက်တွန်းလှည်းများ တွန်းရသည်မှာ အလွန်နှေးကွေးလှပေသည်။ လမ်းလျှောက်သွားလျှင် ခြေတစ်ဝက်ခန့် ရွှံ့ထဲနစ်ဝင်သွားလေသည်။ သို့သော် လူတိုင်း အလွန် စိတ်အား ထက်သန်နေကြကာ လုံးဝ မပင်ပန်း ဟုပင် ခံစားနေကြရလေသည်။
...
အားယွီလေးမှာမူ ခဏမျှသာ လျှောက်လိုက်ရကာ တစ်စုံတစ်ယောက်သည် သူမလေးအား လှည်းပေါ်သို့ ပွေ့လျှက် တွန်းပေးလိုက်လေသည်။
"အားယွီ ဟိုပြေးဒီပြေး လုပ်မနေနဲ့ နောက်ကျရင် အဝတ်အစားတွေ ညစ်ပတ်ကုန်လို့ ရှိရင် ကြည့်ကောင်းမှာ မဟုတ်တော့ဘူး"
ဟူဆန်းမှ ရယ်မောလျှက် ပြောလိုက်သည်။
"အဘိုးသုံး တွန်းပေးမယ် သမီး ညောင်းရင် အိပ်လိုက်လို့ရတယ်"
အားယွီလေးသည် ချိုသာစွာဖြင့် ပြန်ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ဘိုးဘိုးသုံး"
ဤသည်မှာ အားယွီလေး လှည်းစီးဖူးခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ သူမ စိတ်လှုပ်ရှားလွန်းလှသဖြင့် လှည်းပေါ်တွင် မှောက်လျက်သားနေလိုက်ကာ ဟိုဟိုဒီဒီ လိုက်ကြည့်နေလေသည်။ သူမ၏ မျက်လုံးများသည် တစ်စုံတစ်ခုအား လိုက်ရှာနေသကဲ့သို့ ကစားနေကြလေသည်။
ဟူမိသားစုရွာမှ ရွာသားများသည် ယခင်ကကဲ့သို့ စိတ်ဓာတ်ကျမနေကြတော့ပေ။ အားလုံး စိတ်ဓာတ် တက်ကြွနေကြကာ လမ်းတစ်လျှောက်ရှိ ရွှံ့ဗွက်များပင် သူတို့၏ စိတ်အား ထက်သန်မှုနှင့် ပျော်ရွှင်မှုအား မတားဆီးနိုင်ကြပေ။
ရံဖန်ရံခါ လမ်းဘေးတွင် တောရိုင်း သစ်သီးငယ်လေးများအား တွေ့ရတတ်လေသည်။ သူတို့သည် ခူးယူကြကာ အားယွီလေး၏ အိတ်ထဲသို့ ထည့်ပေးတတ်ကြသေးသည်။ တောပန်းများအား တွေ့သောအခါတွင်လည်း ခူးယူပြီး သူမ၏ ပန်းခြင်းလေးထဲသို့ ထည့်ပေးကြလေသည်။
အားယွီလေးသည် အလွန်ပင် ပျော်ရွှင်နေတော့သည်။ တစ်ဖက်တွင်မူ ယုံတင်းခရိုင်မြို့နယ်ရုံးရှိ ကျောင်းကျန့်သည် ရုတ်တရက် သူ့ညာဘက်မျက်ခွံ လှုပ်နေသည်အား ခံစားလိုက်ရလေသည်။ အစေခံတစ်ဦးသည် စာကြည့်ခန်း တံခါးဝသို့ စိတ်လှုပ်ရှားစွာ ပြေးလာပြီးနောက် အော်ပြောလိုက်လေသည်။
"သခင်ကြီး သခင်လေး တစ်ယောက် အပြင်မှာ သခင်ကြီးကို လာရှာနေပါတယ်”
ကျောင်းကျန့်သည် လက်ထဲရှိ ပစ္စည်းများအား ပစ်ချလိုက်ကာ လေကဲ့သို့ အပြင်သို့ ပြေးထွက်သွားလေရာ အစိုးရရုံးရှေ့တွင် ရပ်ထားသည့် ရထားလုံး အနည်းငယ်ခန့်အား မြင်တွေ့လိုက်ရလေသည်။
...
ရထားလုံး၏ အပြင်ဘက်တွင် ရပ်နေသည့် အစေခံအချို့ ရှိနေခဲ့ကာ အားလုံး၏ လက်အတွင်း၌ သစ်သားတုတ်များအား ကိုင်ဆောင် ထားကြလေသည်။
လူအုပ်၏ ရှေ့ဆုံးတွင် အသက်ခြောက်နှစ် ခုနစ်နှစ်ခန့်ရှိ လူငယ်လေး တစ်ဦး ရှိနေခဲ့ကာ သူ၏ဘေးတွင် ဘုန်းကြီးတစ်ပါး တာအိုဆရာတစ်ဦးနှင့် အမည်မသိ ဂိုဏ်းတစ်ခုမှ လူတစ်ဦး ရှိနေခဲ့သည်။ ထိုလူများအား မြင်လိုက်ရချိန်တွင် ကျောင်းကျန့်သည် သူ၏ခေါင်း ပို၍ ကိုက်လာသည်ဟု ခံစားလိုက်ရလေသည်။
‘ဘာတွေဖြစ်နေတာလဲ...’
"ရှောင် ရှောင်ဟွိုင် မင်း ခရီးဝေးကြီး လာခဲ့ရတာပဲ ခရိုင်မြို့နယ် ရုံးခန်းထဲသွားပြီး အရင် အနားယူလိုက်ပါဦးလား တခြားလူတွေကို တည်းခိုခန်းသွားဖို့ စီစဉ်ပေးလိုက်မယ် ဘယ်လိုသဘောရလဲ"
ကျောင်းကျန့်သည် သူ့အတွေးများအား ဖုံးကွယ်ထားလိုက်ကာ စံချိန်မီ ကြိုဆိုသည့် အပြုံးတစ်ခုအား ထုတ်ပြလိုက်လေသည်။ မထင်မှတ်ထားသည်မှာ လူငယ်လေးသည် ကျောင်းကျန့်၏ စကားအား လုံးဝ နားမထောင်ခဲ့ပေ။
သူသည် လက်အင်္ကျီစအား အနည်းငယ် မလိုက်ပြီးနောက် ကျောင်းကျန့်အား တည့်တည့် စိုက်ကြည့်လိုက်လေသည်။ သူ၏ ပါးစပ်မှ ထွက်လာသည့် စကားတစ်လုံးချင်းစီသည် ရွှေနှင့် အလေးချိန် တူနေသကဲ့သို့ စကားတစ်လုံးတည်းသာ ပြောလိုက်သည်။
"ညစ်ပတ်တယ်"
လမ်းတစ်လျှောက်လုံး သူသည် ကောင်းမွန်စွာ ရေမချိုးခဲ့ရပေ။ သူ၏ မျက်နှာပေါ်ရှိ ရွံရှာမှုများကြောင့် ကျောင်းကျန့် မှားမြင်သည်ဟုပင် ထင်သွား လုနီးပါး ဖြစ်သွားလေသည်။
ဤသခင်ငယ်လေးသည် စကားပြောခဲသည့်အပြင် သူ၏ စိတ်ခံစားချက်များအား ထုတ်ဖော်ပြရန်မှာမူ ပို၍ ဝေးသေး၏။ သူသည် အမှန်တကယ်ပဲ အများကြီး ဒုက္ခရောက်ခဲ့ပုံရလေသည်။
"ရေနွေး အဆင်သင့် ပြင်ထားပြီးသား ကျုပ်နောက် လိုက်ခဲ့ကြပါ"
ကျောင်းကျန့်သည် ထိုလူများအား ခရိုင်မြို့နယ် ရုံးခန်း အတွင်းသို့ ဖိတ်ခေါ်လိုက်ချိန်တွင် ဟူမိသားစုရွာမှ လူအုပ်ကြီးသည်လည်း ယုံတင်း ခရိုင်မြို့နယ် အပြင်ဘက်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။