အလည်အပတ်ခရီး
Vol. 4 Ch. 58
"ဒီကောင်မစုတ်လေးက ဘယ်ကရောက်လာတာလဲ ထွက်သွားစမ်း မဟုတ်ရင် နင့်ကိုပါ ဖမ်းလိုက်မယ်"
ထိုလူမှ အေးစက်စွာ ပြောလိုက်လေသည်။ အဖွားအိုဝမ်သည် အမှန်တကယ်တွင် ထိတ်လန့်သွားခြင်း မရှိခဲ့ပေ။ သူမသည် ထင်းရှူးပင် အိုကြီး တစ်ပင်ကဲ့သို့ မတ်မတ်ရပ်နေလျှက် ရှိသည်။
သူမသည် အားယွီလေးကို သူမဘက်သို့ ဆွဲယူလိုက်ကာ သူမ၏ ရှေ့ရှိလူများအား ခံစားချက်ကင်းမဲ့သည့် မျက်နှာဖြင့် ကြည့်လိုက်လေသည်။
"ဒါက မြို့ပိုင်မင်းရဲ့ အကြံလား ဒါမှမဟုတ် ရှင်တို့သဘောလား"
ထိုလူမှ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ရိုင်းစိုင်းတဲ့ အဖွားကြီး ခင်ဗျားကများ ကျုပ်ကို ပြန်မေးရဲတယ်ပေါ့ ခင်ဗျား သေတော့မယ်ဆိုတာရော သိရဲ့လား ဘာစောင့်နေကြတာလဲ ဒီအဖွားကြီးကို ဖမ်းလိုက်စမ်း"
ဆွဲထူခြင်း ခံလိုက်ရသည့် လူငယ်လေးမှာမူ ဤအဖြစ်အပျက် အရာအားလုံးသည် သူနှင့် မသက်ဆိုင်သကဲ့သို့ သူ၏ရှေ့မှ မြင်ကွင်းအား ခံစားချက်ကင်းမဲ့စွာ ကြည့်နေလိုက်လေသည်။ သူ၏ ဘေးနားရှိ လူများမှာမူ သူ့ကိုယ်ပေါ်မှ ဖုန်များကို ခါပေးချင်ကြသော်လည်း သူသည် ရှောင်ဖယ်လိုက်လေသည်။
အားယွီလေးသည် အဖွားအိုဝမ်၏ လက်မှ ရုန်းထွက်ပြီးနောက် လူငယ်လေးဆီသို့ ပြေးသွားလိုက်သည်။ သူမသည် အလွန် သေးကွေးလွန်းသဖြင့် လူငယ်လေး၏ ပခုံးလောက်သာ ရှိသေးသည်။ အဖွားအိုဝမ်အား ဖမ်းချင်နေသော သူသည် အားယွီလေး သခင်လေးရှေ့သို့ ပြေးဝင်သွားသည်အား မြင်လိုက်ရသည်။
သူသည် သူ၏ သခင်လေး ဖြစ်သူမှ မည်ကဲ့သို့ အမိန့် ပေးမည် ဆိုသည်အား သိချင်နေမိလေသည်။ ထို့ကြောင့် သူသည် ထိုလူများအား မလှုပ်ရှားရန် လက်ကာပြလိုက်တော့သည်။ အားယွီလေးသည် ခေါင်းမော့လိုက်ပြီးနောက် မျက်မှောင်ကြုတ်လျှက် စိုးရိမ်တကြီး ပြောလိုက်လေတော့သည်။
"ကိုကို လဲကျသွားတာ နာသွားလားဟင် ညီမလေး မှုတ်ပေးမယ်နော် မနာတော့ဘူးနော် သူတို့ကို ပြောလိုက်ပါ ဘွားဘွားကို မဖမ်းပါနဲ့လို့ ဘွားဘွားက လူကောင်း တစ်ယောက်ပါ"
လူငယ်လေးမှ တိတ်ဆိတ်နေသည်အား မြင်သော် အားယွီလေး ပို၍ စိုးရိမ်လာမိတော့သည်။ ထိုလူများသည် အဘွားဖြစ်သူအား က ရိုင်းစိုင်းကြမ်းတမ်းစွာ ဆက်ဆံကြမည်ကို သူမ ကြောက်မိလေသည်။
သူမသည် ကြမ်းပြင်ပေါ်တွင် ကျိုးပဲ့နေသည့် ကျောက်စိမ်းပြားအား မြင်လိုက်ရပြီးနောက် အဘွား ဖြစ်သူမှ ယူသွားသည့် ကျောက်စိမ်းပြားကို သတိရသွားတော့သည်။ ထို့ကြောင့် သူမသည် အနောက်သို့ ပြန်ပြေးသွားလိုက်ကာ ကျောက်စိမ်းပြား ပေးရန် အဖွားအိုဝမ်အား တောင်းလိုက်လေသည်။
အဖွားအိုဝမ်သည် သူမလေး မည်သို့ လုပ်ချင်သည်အား အကြမ်းဖျင်း နားလည်လိုက်သဖြင့် သူမလေး၏ သဘောအတိုင်း လွှတ်ထားလိုက်ပြီးနောက် ကျောက်စိမ်းပြား အကြမ်းထည်အား ထုတ်ပေးလိုက်လေသည်။
ထိုကျောက်စိမ်းပြားသည် ကျောင်းကျန့်မှ အားယွီလေးအတွက် ထားခဲ့ပေးခြင်း ဖြစ်လေသည်။ အားယွီလေးမှ သူ၏ အသက်အား ကယ်ခဲ့သည့်အတွက် ကျေးဇူးဆပ်သည့် အနေဖြင့် ဤကျောက်စိမ်းပြားအား အသုံးပြုပြီး ကျောင်းကျန့်ဆီမှ အကူအညီတစ်ခု တောင်းခံနိုင်သည်ဟု ပြောကြားခဲ့ဖူးလေသည်။
အဖွားအိုဝမ်မှ ကူညီသိမ်းဆည်း ပေးထားခြင်း ဖြစ်လေသည်။ ဤတစ်ခေါက်တွင် သူမ အထူးတလည် ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ အားယွီလေး ကျောက်စိမ်းပြားအား ယူပြီးနောက် လူငယ်လေးဆီသို့ ပြန် ပြေးသွားခဲ့သည်။ သူမသည် လူငယ်လေး၏ လက်အား ဆွဲယူလိုက်ကာ လက်ချောင်းများအား အတင်းဖြဲလိုက် ပြီးနောက်တွင် ကျောက်စိမ်းပြားအား ညင်သာစွာ ထည့်ပေးလိုက်လေသည်။
"ကိုကို စိတ်မဆိုးပါနဲ့တော့နော် ဒါ ကိုကို့အတွက်ပါ သမီးဘွားဘွားကို မဖမ်းခိုင်းပါနဲ့တော့နော် ဟုတ်ပြီလား"
သူမသည် ပန်းခြင်းလေးအား ကမ်းပေးလိုက်ပြီးနောက် လူငယ်လေး၏ အခြား လက်တစ်ဖက်ထဲသို့ ထည့်ပေးလိုက်ပြန်သည်။ သို့သော် လူငယ်လေးသည် သူ့လက်များအား ငုံ့ကြည့်လိုက်သည်။ သူ့အား ဘယ်ကမှန်းမသိသည့် ကောင်မလေး တစ်ယောက်မှ လာထိကိုင်နေခဲ့သည်။ သူ နေရခက်လာကာ ရေဆေးချချင်စိတ် ဖြစ်ပေါ်လာပြန်တော့သည်။
ထို့အပြင် ဤကျောက်စိမ်းပြားသည်လည်း အလွန် ရုပ်ဆိုးလှပေသည်။ သူ အနည်းငယ် မော့ကြည့်လိုက်ရာတွင် မထင်မှတ်စွာပင် လှပသည့် မျက်လုံးတစ်စုံနှင့် အကြည့်ချင်း ဆုံသွားမိလေသည်။ သူမ၏ မျက်လုံးအလယ်တွင် မသိမသာ ရွှေရောင် အရိပ်အယောင် သန်းနေသဖြင့် ပို၍ အသက်ဝင်နေ သယောင် ရှိနေခဲ့သည်။ လူငယ်လေး၏ အသက်ရှူသံ အနည်းငယ် တင်းကျပ်သွားမိသည်။
‘အရမ်း အရမ်းချစ်ဖို့ကောင်းတာပဲ’
သူ့လက်ချောင်းများ အနည်းငယ် ကွေးညွှတ်သွား ပြီးနောက် မျက်တောင်ခတ်လိုက်ကာ သူ၏ စိတ်ခံစားချက် အားလုံးကို ဖုံးကွယ်လိုက်လေတော့သည်။ သူ၏ ပုံစံသည် အနားကပ်ရ ခက်ခဲသည့် ပုံစံပေါက်နေဆဲ ဖြစ်သည်။
"ကိုကို ကိုကို စိတ်ဆိုးနေသေးရင် သမီးကို ရိုက်လိုက်ပါ သမီး နာမှာ မကြောက်ပါဘူး”
တစ်ဖက်လူ စကားမပြောသည်အား မြင်ချိန်တွင် အားယွီလေး ပို၍ စိုးရိမ်လာတော့သည်။ သူမ မျက်လုံးများအား တင်းတင်းမှိတ် ထားပြီးနောက် ပါးစပ်လေးအား စေ့ထားကာ လည်ပင်းကို အနည်းငယ် ကျုံ့ထားမိလေတော့သည်။
သူမ၏ လက်နှစ်ဖက်အား ဘေးတွင်ချထားပြီးနောက် လက်သီးဆုပ် ထားလေသည်။
"အင့် ရိုက်လေ ညီမလေးကို ရိုက်လိုက်တော့" ဟု ပြောနေသကဲ့သို့ပင် ဖြစ်သည်။ လူငယ်လေး သူ့ညာလက်အား မြှောက်လိုက်လေသည်။ အားယွီလေး အာရုံခံမိသကဲ့သို့ သူမ၏ ပခုံးလေးများ တုန်ခါသွားခဲ့သည်။
‘ဟင့်... အားယွီက အနာမခံနိုင်ပါဘူး’
သို့သော် လူငယ်လေးသည် ပန်းခြင်းလေးအား ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူသည် ကျောက်စိမ်းပြားအား ပန်းခြင်းလေးထဲသို့ ပစ်ထည့်လိုက်ပြီး နောက် လှည့်ထွက်သွားတော့သည်။
အဖွားအိုဝမ်အား ဖမ်းချင်နေသောသူသည် ဤအပြုအမူအား မြင်သောအခါ သခင်လေးမှ ထိုကိစ္စအား အရေးမလုပ်ချင်တော့မှန်း သိလိုက်တော့သည်။ သူသည် အဖွားအိုဝမ်အား စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။
"ခင်ဗျား ကံကောင်းသွားတယ်လို့ မှတ်လိုက်"
သူသည်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန် အချိန်များတွင် သခင်လေးသည် ဤသို့သော ကိစ္စမျိုးများအား ဂရုစိုက်လေ့မရှိပါချေ။
‘မဟုတ်သေးဘူး တခါတလေ သူက ပိုတောင်ဆိုးသေးတယ် တစ်ဖက်သားကို မိဘတွေကို တ ပြီး အော်ငိုရတဲ့အထိ လုပ်တတ်တာ ဒီတစ်ခါကျတော့ သူက သူတို့ကို ဒီလောက်လွယ်လွယ်လေး လွှတ်ပေးလိုက်တယ် တကယ်ကို ပုံမှန်မဟုတ်ဘူး’
အားယွီလေးသည် မျက်လုံးများအား အကြာကြီး မှိတ်ထားမိလေသည်။ တစ်ဖက်လူ မလှုပ်ရှားသည်အား သတိထားမိသောအခါ ခေါင်းအား မသိမသာ စောင်းပြီး မျက်လုံးတစ်ဖက်ကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်မိသည်။
‘အာ အဲ့ကိုကို ဘယ်ရောက်သွားတာလဲ’
အဖွားအိုဝမ်သည် အားယွီလေးအား ယခုလို ပုံစံနှင့် မြင်လိုက်ရချိန်တွင် ကြည်နူးသွားပြီးနောက် ရယ်ချင်မိသွားလေသည်။ မူလတွင် သူမသည် အားယွီလေး မည်သို့ လုပ်မည်အား ကြည့်ချင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍သာ ထိုသခင်လေးမှ အတင်းအဓမ္မ လူဆိုး လုပ်ချင်နေခဲ့လျှင် သူမသည် သေချာပေါက် ပြေးဝင်သွားကာ သူမလေးအား ကာကွယ်ပေးမည် ဖြစ်သည်။ ထို သခင်လေး၏ ပုံစံကြည့်ရသည်မှာ လူဆိုးနဲ့ မတူညီချေ။
"ဘွားဘွား ဝူး ဝူး"
ထိုအခါမှသာလျှင် အားယွီလေးသည် ကြောက်စိတ်ဝင်လာခဲ့သည်။ သူမသည် အဖွားအိုဝမ်၏ ရင်ခွင် အတွင်းသို့ ပြေးဝင်သွားခဲ့ကာ နှစ်ချက်လောက် ရှိုက်ငို လိုက်မိလေတော့သည်။သူမ အော်မငိုသည့်တိုင်အောင် သူမ၏ မျက်လုံးများ အနည်းငယ် နီရဲနေခဲ့သည်။
ဟိုအစ်ကိုကြီးမှ သူမအား အမှန်တကယ် ရိုက်မည်အား ကြောက်နေခဲ့ခြင်း ဖြစ်သည်။ တကယ်တမ်းတွင် သူမသည်လည်း နာမှာကြောက်လှပေသည်။
"ကဲပါ ဘာမှမဖြစ်တော့ပါဘူး အားလုံး ဘွားဘွားအမှားပါ"
အဖွားအိုဝမ် အစောပိုင်း၌ သူ၏ စိတ်အတွင်း၌ တစ်စုံ တစ်ခု တွေးနေမိခဲ့သည့် အတွက်ကြောင့် ဖြစ်ပေသည်။ သို့မဟုတ်ပါက တစ်ဖက်လူအား ဝင်တိုက်မိမည် မဟုတ်ချေ။ အားယွီလေးသည် ခေါင်းခါလိုက်ပြီးနောက် အဖွားအိုဝမ်၏ စကားအား သဘောမတူကြောင်း ပြလေသည်
"ဘွားဘွားက အရမ်းကောင်းပါတယ်"
...
အဖွားအိုဝမ်သည် ခေါင်းငုံ့လိုက်ကာ ကြမ်းပြင်ပေါ်ရှိ ပန်းခြင်းလေးအား ကောက်ယူလိုက်ပြီးနောက် အတွင်းထဲ၌ ကျောက်စိမ်းပြား ပါလာခဲ့လေသည်။ ထို့နောက် မလှမ်းမကမ်းတွင် နှစ်ပိုင်းကွဲနေသည့် ကျောက်စိမ်းပြားအား မည်သူမှ မကောက်ဘဲ ထားပစ်ခဲ့သည်အား သူမ မြင်လိုက်ရလေတော့သည်။
သူမသည် ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီးနောက် မရည်ရွယ်ဘဲ တစ်ချက်ကြည့်လိုက်မိလေသည်။ ရုတ်တရက် သူမအကြည့်များ ရပ်တန့်သွားခဲ့တော့သည်။ သူမ၏ မျက်လုံးများအား ကျဉ်းမြောင်းလိုက်ပြီး နောက် တစ်ခုခု ပြောရန် ပြင်လိုက်လေသည်။ ထိုအချိန်တွင် ကျောင်းကျန့်၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ဒီကောင်စုတ်လေး ဘယ်ရောက်သွားပြန်ပြီလဲ ငါ စကားတစ်ခွန်းပဲ ပြောရသေးတယ် သူက ဒေါသထွက်သွားပြီး စိတ်ကောင်သွားရတယ်တဲ့လေ သူ တကယ် ငါ့ကို ဒေါသထွက်လွန်းလို့ သေအောင် လုပ်နေတာပဲ သူ ဘယ်မှာလဲ သူ ဘယ်မှာလဲ"
သူ အလျင်အမြန် လျှောက်ထွက်လာခဲ့ကာ ဘေးနားတွင် အဖွားအိုဝမ်အား ရုတ်တရက် တွေ့လိုက်ရသည်။ ထို့နောက် သူ အံ့သြစွာဖြင့် ပြောလိုက်သည်။
"အဒေါ်ဝမ် အားယွီ ခင်ဗျားတို့ ဘာလို့ ဒီရောက်နေတာလဲ"
အဖွားအိုဝမ်မှ ပြုံးလျှက် ပြောလိုက်လေသည်။
"ကျွန်မတို့ အမတ်မင်းကျန်းကို လာနှုတ်ဆက်တာပါ"
ထိုသို့ပြောရင်း သူမ လက်ထဲရှိ ပန်းခြင်းလေးအားလ ကမ်းပေးလိုက်လေသည်။ ကျောင်းကျန့်သည် ပန်းခြင်းလေးအား ဆွံ့အစွာ ကြည့်လိုက်မိသည်။ သူမသည် သူ့အား တောပန်းများနှင့် လာဘ်ထိုးနေသည်လား...
နောက်ဆုံးတွင် အားယွီလေးသည် ပန်းခြင်းလေးထဲမှ ပန်းရောင် မက်မွန်ပွင့်တစ်ပွင့်အား ရွေးထုတ်လိုက်သည်။
"ဦးဦး ဒါလေး လှတယ် ဒါကို ယူလိုက်"
ကျောင်းကျန့်သည် ကြောင်တောင်တောင်ဖြင့် လှမ်းယူလိုက်လေသည်။ အားယွီလေးမှ ပန်းခြင်းလေးအား ပြန်ယူလိုက်ပြီး နောက် သူ့အား ပေးမည့်ပုံ မပေါ်တော့ချေ။
...
ကျောင်းကျန့် ကြောင်အသွားခဲ့သည်။
‘ဆိုတော့ သူမလေးသည် သူ့အား ပန်းတစ်ပွင့်သာ ရွေးခိုင်းခြင်း ဖြစ်သည်သာ...’
"လမ်းမှာ လူတိုင်းက ကလေးအတွက် ခူးပေးထားကြတာလေ အားယွီက အမတ်မင်းအတွက်လည်း တစ်ပွင့် ယူလာပေးတယ် အမတ်မင်း သဘောကျလိမ့်မယ်လို့ ပြောနေတာ"
အဖွားအိုဝမ်မှ ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်ကာ ကျောက်စိမ်းပြားအား ကျောင်းကျန့်အား ပေးလိုက်လေသည်။
"ကျွန်မ ဒီနေ့ လာတာ တောင်းဆိုစရာလေး တစ်ခုရှိလို့ပါ"
ကျောက်စိမ်းပြားအား မြင်သော် ကျောင်းကျန့်သည် သူ ကတိပေးထားသည့် ကျေးဇူးကြွေးအား သတိရသွားခဲ့သည်။
သူမသည် သူ့အား ကတိတည်ပေးရန် လာတောင်းဆိုနေခြင်းလား....
သူထင်ထားသည်ထက် ပိုမြန်နေခဲ့သည်။
"နောက်က လိုက်ခဲ့ပါ"
သူသည် ကျောက်စိမ်းပြားအား ယူလိုက်ပြီးနောက် သူတို့နှစ်ဦးအား ခရိုင်မြို့နယ် ရုံးခန်း အတွင်းသို့ ခေါ်ဆောင်သွားခဲ့ကာ လက်ဖက်ရည်နှင့် မုန့်များ တည်ခင်းဧည့်ခံခိုင်းလိုက်သည်။
"ပြောပါ ခင်ဗျား ကျုပ်ကို ဘာလုပ်ပေးစေချင်တာလဲ"
ကျောင်းကျန့်မှ ပြောလိုက်သည်။
"ကျုပ် အရင်ဆုံး ရှင်းရှင်းလင်းလင်း ပြောထားမယ်နော် စည်းမျဉ်း စည်းကမ်း ဥပေဒတွေနဲ့ မညီဘူးဆိုရင်တော့ ကျုပ်လက်မခံတာကို အပြစ်မတင်နဲ့"
အဖွားအိုဝမ် အမှန်တကယ် စဉ်းစားလိုက်မိသည်။ သူမ တောင်းဆိုမည့်အရာသည် စည်းမျဉ်း စည်းကမ်း ဥပဒေများနှင့် ဆန့်ကျင်ခြင်း ရှိမရှိ သူမ မသိချေ။ သို့သော် သူမ ပြောလိုက်လေသည်။
"အားယွီကိစ္စပါ အမတ်မင်းကျန်း ပြောဖူးတယ်မဟုတ်လား"
စကားတစ်ဝက်တွင် အဖွားအိုဝမ် ရပ်တန့်လိုက်လေသည်။ အဘယ်ကြောင့် ဆိုသော် သူမရင်ခွင်ထဲတွင် မျက်လုံးလေး ပြူးလျှက် စိတ်ဝင်တစား နားထောင်နေသည့် အားယွီလေးအား မြင်လိုက်ရချိန်တွင် သူမသည် စကားပြောနေခြင်းအား ရပ်လိုက်ခြင်း ဖြစ်သည်။
အားယွီ အဖျားကျ သွားပြီးနောက်တွင် သူမသည် ဝမ်မိသားစုဝင် တစ်ဦး ဖြစ်ကြောင်း တဖြည်းဖြည်း လက်ခံလာခဲ့ကာ အတိတ်အား မေ့သွားပုံရလေသည်။
နောင်တစ်ချိန် ကလေးသည် ယနေ့အကြောင်း ပြန်စဉ်းစားမိကာ စိတ်ကူးယဉ်မှုများ လွန်ကဲသွားမည် စိုးသဖြင့် အဖွားအိုဝမ်မှ သူမရှေ့တွင် ဤအကြောင်းအား မပြောချင်ခဲ့ပေ။
ကျောင်းကျန့်သည်လည်း ဤခေါင်းစဉ်သည် ကလေးတွေအတွက် မသင့်တော်ဘူးဟု ခံစားမိခဲ့သည်။ ထို့ကြောင့် အားယွီလေးအား အပြင်ခေါ်သွားကာ ကစားခိုင်းရန် လူခေါ်မည် ပြုစဉ်မှာပင် ကောင်စုတ်လေး ပြန်ရောက်လာသည်အား တွေ့လိုက်ရလေသည်။
"ရှောင်ဟွိုင် လာပါဦးဒီ ညီမလေးကို ခေါ်ပြီး ကစားပေးလိုက်ပါဦး"
အတွင်းသို့ ဝင်လာသည့် လူငယ်လေးအား ကျောင်းကျန့် လက်လှမ်းပြလိုက်သည်။ လူငယ်လေးသည် ရှေ့အား တည့်တည့်ကြည့်ပြီးနောက် နောက်ဘက်ရုံးခန်းဆီသို့ လျှောက်သွားလေသည်။ သူ့အား မျက်နှာသာပေးမည့်ပုံ မပေါ်ချေ။
"ချင်ဟွိုင်"
ကျောင်းကျန့်သည် အံကြိတ်ပြီးနောက် ကြင်နာလှသော အပြုံးတစ်ခုအား အတင်းလုပ်ယူလိုက်လေသည်။
"ဒီကို လာခဲ့စမ်း"
ချင်ဟွိုင်သည် သူ၏ နာမည် အပြည့်အစုံ ခေါ်လိုက်မှသာ အနည်းငယ် ရပ်တန့်သွားခဲ့သော်လည်း လှည့်ကြည့်ရန် ရည်ရွယ်ချက် မရှိပေ။
"ဟို ကိုကိုနဲ့ သွားကစားချေ သူက အရမ်းအထီးကျန်နေတာ ကစားဖော်လည်း မရှိဘူး"
ကျောင်းကျန့် စိတ် အတွင်း၌ ဒေါသထွက်နေသော်လည်း မျက်နှာပေါ်တွင် မပေါ်စေဘဲ အားယွီလေးဘက် လှည့်ကာ ရုတ်တရက် ပြောလိုက်သည်။ အဖွားအိုဝမ်မှ မေးလိုက်မိသည်။
"အမတ်မင်း အဲ့ဒီသခင်လေးက ဘယ်သူလဲ"
ကျောင်းကျန့်သည် အဖွားအိုဝမ်အား ပြောပြလိုက်သည်။
"အော် အဲ့ဒါ ကျုပ်ရဲ့ ဝမ်းကွဲညီလေးပါ သူက စိတ်သဘောထား အရမ်းနူးညံ့ပါတယ် အားယွီနဲ့ဆို အဆင်ပြေမှာပါ"
အားယွီလေး မော့ကြည့်လိုက်လေရာ အဖွားအိုဝမ်မှ ခေါင်းညိတ်ပြသည်အား တွေ့လိုက်ရလေသည်။ သူမသည် ပန်းခြင်းလေးအား ကိုင်ပြီးနောက် ချင်ဟွိုင်နောက်သို့ ပြေးလိုက်သွားခဲ့တော့သည်။
"ကိုကို ကိုကို အားယွီကို စောင့်ဦး အားယွီ ကိုကိုနဲ့ ကစားမယ်"
အားယွီလေးသည် သူမ၏ ခြေတိုလေးများဖြင့် အလွန်လျင်မြန်စွာ ပြေးသွားလေတော့သည်။