← Chapters

ပဲလုံးလေး နှစ်လုံး ဆုံတွေ့ခြင်း

Vol. 4 Ch. 57

ပဲလုံးလေး နှစ်လုံး ဆုံတွေ့ခြင်း

Vol. 4 Ch. 57

တောင်ပေါ်လမ်းတွင် လျှောက်ရခက်ခဲသည့် အတွက် ဟူမိသားစုရွာမှ ရွာသားများသည် မနက်စောစော ထွက်ခွာခဲ့ကြသည့်တိုင်အောင် ယုံတင်းခရိုင်မြို့နယ်သို့ ရောက်ချိန်တွင် ရှစ်နာရီနီးပါး ကြာမြင့်ခဲ့လေပြီ ဖြစ်သည်။

ရွာသားများသည် စကားပြောချင်စိတ် ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သည့် အပြင် အားလုံး ပင်ပန်းနွမ်းနယ်နေခဲ့ကာ ချွေးများထွက်လျှက် ခြေကုန် လက်ပမ်းကျနေကြပြီ ဖြစ်လေသည်။ ရွာသူကြီး ဟူသည် လည်း အလွန်ပင်ပန်းနေခဲ့သည်။

"ရွာသူကြီး အစားအစာတွေကို ခရိုင်မြို့နယ်ရုံးမှာ ထားတာလား ကျုပ်တို့ အခုပဲ သွားယူကြမလား"

ဟူဆန်းမှ ချွေးများအား သုတ်ရင်း မေးလိုက်လေသည်။ နောက်ထပ် ရွာသားတစ်ဦးမျ ထပ်မံ၍ ပြောလိုက်လေသည်။

"ကျုပ်တို့ အစားအစာတွေ ထုပ်ပိုးပြီး ဖြည်းဖြည်းချင်း ပြန်သွားရင် ခရိုင်မြို့နယ်ရုံးမှာ ညအိပ်စရာ မလိုတော့ဘူး"

ပြီးခဲ့သည့် တစ်ခေါက်တွင် အပြင်ဘက်၌ ညအိပ်ခဲ့ရသည့် အချိန်တွင် အမှန် တကယ် အေးလွန်းလှပေသည်။ ရွာသူကြီး ဟူသည် လက်အား ဝှေ့ယမ်းလျှက် ပြောလိုက်သည်။

"အလျင်လိုစရာ မလိုပါဘူး အရင်ဆုံး ထိုင်ဖို့ လက်ဖက်ရည်ဆိုင် ရှာကြရအောင် ခရိုင်မြို့နယ်ရုံးမှာ လူတွေအများကြီး ရှိနေလောက်သေးတယ် နားပြီးမှ သွားကြတာပေါ့"

ရွာသားများ အားလုံး အနည်းငယ် စိတ်လောနေကြသည့် တိုင် အမှန်တကယ်ပင် အနည်းငယ် ပင်ပန်းနေကြပြီ ဖြစ်သည်။ ဤကဲ့သို့ အချိန်မျိုးတွင် အစားအစာများအား ဆက်လက် သယ်ဆောင်ရန် အတွက်မူ ခွန်အား ကျန်တော့မည် မဟုတ်ချေ။ လူတိုင်း အရမ်းပင်ပန်းနေကြသည်အား မြင်သော် အားယွီလေးသည် အဖွားအိုဝမ်၏ အင်္ကျီလက်စအား ဆွဲလိုက်လေသည်။

"ဘွားဘွား သမီး သူတို့ကို ရေနည်းနည်းလောက် တိုက်လို့ရမလား"

လူတိုင်း အရမ်းပင်ပန်းနေကြသည်အား သူမလေး မြင်သည့် အတွက် ရေသောက်ပြီးလျှင်မူ သူတို့ ပင်ပန်းတော့မည် မဟုတ်ချေ။ တခြားရွာသားများ လှမ်းကြည့်နေသည်အား အဖွားအိုဝမ် မြင်သော် ပြုံးလျက် ကပျာကယာ ပြောလိုက်လေသည်။

"ဒါဆို ရွာသူကြီး ပြောတာ နားထောင်ပြီး လက်ဖက်ရည် သောက်လိုက်ကြတာပေါ့"

ထို့နောက် သူမသည် မျက်တောင်မခတ်ဘဲ အားယွီလေးအား လှည်းပေါ်မှ ပွေ့ချလိုက်ပြီးနောက် တခြားသူများအား ပြောလိုက်လေသည်။

"ရှင်တို့ လက်ဖက်ရည်ဆိုင်သွားပြီး လက်ဖက်ရည် အရင်သောက်နှင့်ကြ ကျုပ် အားယွီကိုခေါ်ပြီး ဆွေမျိုးတစ်ယောက်ဆီ သွားလည်လိုက်ဦးမယ် နောက်မှ ခရိုင်မြို့နယ်ရုံးမှာ ပြန်တွေ့ကြမယ်"

"ခင်ဗျား လက်ဖက်ရည် မသောက်တော့ဘူးလား"

"မသောက်တော့ဘူး"

အဖွားအိုဝမ်သည် အားယွီလေးအား ပွေ့ချီလျှက် ခရိုင်မြို့နယ်ရုံးဘက်သို့ လျှောက်သွားလိုက်လေသည်။ အားယွီလေးမှာမူ အောက်ဆင်းရန် ရုန်းကန်နေခဲ့သည်။

"ဘွားဘွား သမီးဘာသာ လမ်းလျှောက်မယ် သမီးကို ချီထားရတာ ဘွားဘွား အရမ်းပင်ပန်းနေမှာပေါ့"

လမ်းလျှောက်ရသည်နှင့်ပင် ပင်ပန်းနေပြီဟု သူမ ခံစားရလေသည်။ သူမအား ချီထားရသည့် အတွက် အဘွား ဖြစ်သူသည် ပို၍ ပင်ပန်းနေလိမ့်မည် ဖြစ်သည်။

"အားယွီက အရမ်းလိမ္မာတာပဲ ဘွားဘွားကို ဘယ်လို ဂရုစိုက် ရမလဲဆိုတာတောင် သိနေတယ် ဒီဘွားဘွား သမီးလက်လေးကို ကိုင်ပြီး အတူတူ လျှောက်ကြမယ်နော်"

အဖွားအိုဝမ်သည် အားယွီလေး၏ လက်ပား ကိုင်လိုက်လေသည်။ ထို့နောက် ပတ်ဝန်းကျင်တွင် လူမရှိသည်အား မြင်သော် သူမအား တိုးတိုးလေး ပြောလိုက်လေသည်။

"အားယွီ ဘွားဘွားပြောတာ နားထောင် နောက်ကျရင် တခြားသူတွေရှေ့မှာ ရေအကြောင်း မပြောနဲ့နော်"

အားယွီလေးသည် ရေအကြောင်း မပြောပါဘူးဟု ငြင်းရန် ပြင်လိုက်သော်လည်း ပြန်စဉ်းစားကြည့်လိုက်ရာတွင် ခုနက သူမလေးသည် ရေအကြောင်း ပြောလိုက်မိသလိုပင် ဖြစ်သည်။

‘ဒုက္ခပါပဲ သူမ မေ့သွားတယ်’

သူမလေးသည် ပါးစပ်အား အုပ်လိုက်ချင်သော်လည်း လက်တစ်ဖက်သည် အဘွားဖြစ်သူမှ ကိုင်ထားကာ ကျန်လက်တစ်ဖက်ဖြင့် ပန်းခြင်းလေးကိုလည်း ကိုင်ထားရသေးသည့် အတွက် သူမ လက်အား မလွတ်နိုင်ပေ။ သူမလေးသည် စိုးရိမ်တကြီးဖြင့် နှုတ်ခမ်းအား စေ့ထားလိုက်တော့သည်။

"အားယွီ မေ့သွားတယ် အားယွီက အရမ်းတုံးတာပဲ"

သူမလေးသည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်လေသည်။ သူမအား ယခုလို ပုံစံဖြင့် မြင်လိုက်ရချိန်တွင် အဖွားအိုဝမ်မှာ ရယ်ချင်သွားခဲ့သည်။

"ဘွားဘွား ရဲ့ အားယွီက မတုံးပါဘူး သမီးက အရမ်းကြင်နာတတ်လွန်းလို့ပါ ကြင်နာတာ ကောင်းပါတယ် ဒါပေမဲ့ ကိုယ့်မှာရှိသမျှ အကုန်ပေးလို့တော့ မရဘူးလေ အဲ့ဒါ မကောင်းဘူးနော်"

"ဒါပေမဲ့ သမီးတို့မိသားစုက ရှိသမျှ အကုန်ပေးနေတာပဲကို"

အားယွီလေး မှတ်မိသည်မှာ အိမ်၌ မြွေကြီးတစ်ကောင် ရှိစဉ် အချိန်တွင် အဘိုးဖြစ်သူ နှင့် အဘွားဖြစ်သူ သည် တခြားရွာသားများအား ဝေပေးခဲ့လေသည်။ နောက်ပိုင်း အိမ်၌ အစားအစာတွေ အများကြီးရှိလာချိန်တွင်လည်း အဘွားဖြစ်သူမှ ရွာသားများအား ဝေပေးခဲ့ပြန်သည်။ ထို့အတွက် သူမပိုင်ဆိုင်သည့် အရာဖြစ်နေသရွေ့ တခြားသူများနှင့် မျှဝေနိုင်သည်ဟု အားယွီလေး ခံစားမိခြင်း ဖြစ်သည်။

အဖွားအိုဝမ် : "........" ဟုတ်တော့လည်း ဟုတ်နေသားပဲ

မကြာသေးမှီ အချိန်တွင် သူတို့မိနသားစုသည် အမှန်တကယ်ပင် အရမ်းရက်ရော လွန်းခဲ့ပုံရလေသည်။ ဤသို့သော အပြုအမူသည် မကောင်းပါချေ။ အားယွီလေးအား လမ်းမှားရောက်အောင် လမ်းပြပေးနေသလို ဖြစ်ဖို့ လွယ်ကူလှပေသည်။ အဖွားအိုဝမ်သည် အပြစ်အား လွှဲချရန် ဆုံးဖြတ်လိုက်တော့သည်။

"အဲ့ဒါ သမီးအဘိုးက အရမ်းတုံးလို့လေ သူက ပစ္စည်းတွေကို မကာကွယ်နိုင်ဘူး သမီးအဘိုးကို အတုမယူနဲ့ အားယွီလေးက ပါးနပ်တဲ့ကလေးလေး ဖြစ်ဖို့လိုတယ်"

အားယွီလေး နားလည်သလို ရှိသော်လည်း သူတို့မိသားစုတွင် အာဏာအရှိဆုံး သူသည် အဘွားဖြစ်သည်ဟု ခံစားရသေးသည်။ သို့သော် မည်သို့ပင် ဖြစ်စေ အဘွားဖြစ်သူ ပြောသမျှ သူမ နားထောင်မည် ဖြစ်သည်။

"ဟုတ် ဟုတ် ဟုတ် အားယွီ ပါးနပ်တဲ့ကလေး ဖြစ်အောင် နေပါ့မယ်"

ထိုအချိန်တွင် ဟူမိသားစုရွာ၌ အလုပ်လုပ်ရင်း ကျန်နေခဲ့သည့် အဖိုးအိုဝမ်သည် ရုတ်တရက် နှာချေလိုက်မိသည်။ သူ နှာခေါင်းအား ပွတ်သပ်လျှက် ရေရွတ်လိုက်လေသည်။

"ဟို အဘွားကြီး အပြင်မှာ ငါ့ကို ဆဲနေပြန်ပြီလား မသိဘူး"

အဖွားအိုဝမ်နှင့် အားယွီလေးသည် စကားပြောရင်းဖြင့် သူတို့နှစ်ဦးသည် ခရိုင်မြို့နယ်ရုံး အပြင်ဘက်သို့ ရောက်ရှိလာကြပြီ ဖြစ်လေသည်။ အမှန်ပင် အပြင်ဘက်၌ အစားအစာ လာယူကြသည့် ရွာသား အများအပြားအား သူတို့ မြင်တွေ့လိုက်ရလေသည်။

သူတို့အားလုံးသည် ဤတစ်ကြိမ် နှင်းဘေးဒုက္ခ ခံစားခဲ့ရသည့် ရွာများမှ ဖြစ်ကြလေသည်။ တချို့ဆိုလျှင် ဆောင်းရာသီ ကုန်ဆုံးပြီး နောက်တွင်လည်း ဒုက္ခရောက်ခဲ့ကြသေးသည်ဟု ဆိုကြ၏။ နှင်းများ အရည်ပျော်သွားသည်နှင့် ထိုရွာများမှ တစ်ဆင့် စီးဆင်းသွားပြီးနောက် မြေနိမ့်ပိုင်းရှိ ရွာအချို့အား ရေလွှမ်းမိုးခဲ့လေသည်။

အပြင်ဘက်တွင် တန်းစီနေသည့် လူတန်းကြီးမှာ ရှည်လျားလွန်း နေပြီ ဖြစ်သည်။ ခရိုင်မြို့နယ်ရုံးဘေးရှိ စပါးကျီ ဝင်ပေါက်မှ လမ်းနှစ်လမ်းကျော်သည်အထိ တန်းစီနေကြသေးသည်။ ဤအရှိန်အတိုင်းဆိုပါက နောက်နှစ်ရက်နေမှသာလျှင် သူတို့ အစားအစာ ရလောက်တော့မည် ဖြစ်သည်။

ဤသို့ အခြေအနေဖြင့် လူအများကြီးအား အားယွီလေး ပထမဆုံး မြင်ဖူးခြင်း ဖြစ်လေရာ သူမလေးသည် ခေါင်းလေး ပြူထွက်ကြည့်ပြီးနောက် စူးစမ်းစွာ မေးလိုက်လေသည်။

"ဘွားဘွား သူတို့ ဘာတွေလုပ်နေကြတာလဲ ဟင်"

"သူတို့ အစားအစာ လာယူကြတာ အစားအစာနဲ့ မျိုးစေ့တွေ ရမှပဲ သူတို့ လယ်ပြန်စိုက်လို့ ရမှာလေ"

ဟု အဖွားအိုဝမ်မှ ပြောပြလိုက်လေသည်။ အားယွီလေးမှာမူ မျိုးစေ့အကြောင်း ကြားလိုက်ရချိန်တွင် သူမ မေ့နေသည့် အရာတစ်ခုအား ချက်ချင်း သတိရသွားတော့သည်။

"ဘွားဘွား ဘွားဘွား"

အားယွီလေးမှ အော်ခေါ်လိုက်လေသည်။

"သမီးကို မျိုးစေ့နည်းနည်းလောက် ပေးလို့ရမလား သမီးလည်း လယ်လုပ်ချင်လို့"

အဖွားအိုဝမ်သည် လမ်းလျှောက်သည်အား မရပ်တန့်ဘဲ ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။

"မျိုးစေ့ကို ဘာလုပ်ချင်လို့လဲ လယ်လုပ်တာက အရမ်းခက်ပြီး ပင်ပန်းတယ် သမီးအဖေတို့ကိုပဲ လုပ်ခိုင်းလိုက်ပါ"

"သမီး နတ်သူငယ်လေးနဲ့အတူ စိုက်လိုက်ရင် မျိုးစေ့တွေက အရမ်းကြည့်ကောင်းတဲ့ အစားအစာတွေ ဖြစ်လာမှာ အားယွီက လယ်လုပ်တာ အရမ်းတော်တယ်"

အားယွီလေးမှ အလေးအနက် ပြောလိုက်လေသည်။

"အားယွီ ဘွားဘွားကို အရင်က ပြဖူးတယ်လေ"

အဖွားအိုဝမ် ခြေလှမ်းတုံ့ဆိုင်း သွားတော့သည်။ အားယွီလေးသည် မမြင်ရသည့် နေရာတွင် မျိုးစေ့စိုက်ချင်သည်အား သူမ နားလည်လိုက်လေသည်။ ထို့ကြောင့် သူမ သေချာ မေးမြန်းလိုက်လေသည်။

"အားယွီ အဲ့ဒီမှာ လယ်လုပ်တာ အရမ်းပင်ပန်းလား"

"မပင်ပန်းပါဘူး ပျော်စရာကောင်းသေးတယ်"

အားယွီလေးမှ ရိုးသားစွာ ပြန်ဖြေပေးလိုက်သည်။ အလုပ်အားလုံးအား သူမ၏ စိတ်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ပေရာ ပင်ပန်းမှု လုံးဝ မရှိချေ။

[အဲ့ဒါ မင်း ရေသောက်ထားလို့လေ]

အသားလုံးလေးမှ တိုးတိုးလေး ဝင်ပြောလိုက်လေသည်။ အကယ်၍ သူမသာ ရေမသောက်ထားလျှင် ဤအလုပ်များအား အကြာကြီး လုပ်ပြီးနောက် ပင်ပန်းလာလိမ့်မည် ဖြစ်သည်။

"ကောင်းပြီလေ အချိန်ကျရင် အဘွား နည်းနည်း ပေးမယ်နော်"

ဤကလေးသည် ပျော်စရာကောင်းသည်ဟု ထင်နေလျှင် သူမ ကစားရန် နည်းနည်းလောက် ပေးလို့ရတာပဲဟု အဖွားအိုဝမ် တွေးလိုက်မိသည်။

ပင်ပန်းတယ်ဆိုလျှင် မေ့လိုက်တာ ကောင်းပေမည်။ မည်သို့ပင် ဖြစ်စေ သူမ၏ မိသားစုများသည် လယ်လုပ်တတ်ပေသည်။ ထိုမှော်ဆန်သည့် ရေရှိနေသရွေ့ အမြဲတမ်း လုံလောက်နေမည် ဖြစ်ပေသည်။

ကလေးငယ်အား ဒုက္ခခံခိုင်းစရာ မလိုချေ။ အားယွီလေး၏ ခန္ဓာကိုယ် သေးသေးလေးအား မထိခိုက်စေချင်ပေ။ သူတို့သည် ဘေးပေါက်ရှိ လူအုပ်ကြီးအား ကွေ့ရှောင်ပြီးနောက်တွင် အခြားတံခါးပေါက် တစ်ခုဆီသို့ သွားလိုက်လေသည်။ ထိုနေရာ၌ တံခါးစောင့်တစ်ဦး စောင့်ကြပ်နေလျှက် ရှိသည်။

...

အဘွားကြီးနှင့် မြေးမလေး နှစ်ယောက် လျှောက်လာသည်အား မြင်သောအခါ တံခါးစောင့်သည် ကပျာကယာ ပြောလိုက်လေသည်။

"ဟေ့ ဒါက ခရိုင်မြို့နယ်ရုံး ဝင်ပေါက် ရှေ့မတိုးနဲ့"

"မောင်ငယ်လေး ကျုပ်တို့ အမတ်မင်းကျန်းကို လာရှာတာပါ ကျေးဇူးပြုပြီး သူ့ကို အကြောင်းကြားပေးပါ"

အဖွားအိုဝမ်မှ ယဉ်ကျေးစွာ ပြောလိုက်လေသည်။ တံခါးစောင့်သည် တစ်ဖက်လူမှာ တောမှလာသည့် အဘွားအိုတစ်ဦး ဖြစ်သည်ပား မြင်လိုက်ရသည့် အပြင် သူမခေါ်လာသော ကလေးမှာ အတော်လေး ကြည့်ကောင်းလှသော်လည်း သူတို့ဝတ်ဆင်ထားသည့် အဝတ်အစားများမှာ အထည်ကြမ်းများ ဖြစ်နေသည်အား မြင်လိုက်ရသဖြင့် သူတို့သည် ချမ်းသာသော မိသားစုမှ မဟုတ်လောက်မှန်း သိသွားလေသည်။ ထို့နောက် သူသည် ယင်ကောင်များအား မောင်းထုတ်လိုက် သကဲ့သို့ သူ၏ လက်အား ဝှေ့ယမ်းလိုက်လေသည်။

"သွား သွား သွား အမတ်မင်းကျန်းက ခင်ဗျားတို့ တွေ့ချင်တိုင်း တွေ့လို့ရတဲ့သူလား သွားစမ်းပါ ဒီမှာ လမ်းမပိတ်နဲ့"

ကျောက်စိမ်းပြားအား ထုတ်ယူရန် ပြင်လိုက်သည့် အဖွားအိုဝမ်၏ လက်သည် ခေတ္တရပ်တန့် သွားပြီးနောက် ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းလိုက်ကာ တံခါးစောင့်အား အဓိပ္ပာယ်ပါပါ ကြည့်လိုက်လေသည်။ ထို့နောက် ဘာမှမပြောတော့ပဲ သူမ လှည့်ထွက်သွားလိုက်သည်။ မကြာမီ အဖွားအိုဝမ်မှ အားယွီလေးအား ပြောလိုက်လေသည်။

"အားယွီ သမီး မှတ်ထားရမှာက နောင်ကျရင် ဒီလိုလူမျိုး မဖြစ်စေနဲ့ စာအုပ်တစ်အုပ်ကို မျက်နှာဖုံးကြည့်ပြီး မဆုံးဖြတ်ရဘူးဆိုတာ တားမြစ်ချက်တစ်ခုပဲ"

အားယွီလေးသည် သူမ၏ ခေါင်းအား ထိလိုက်ကာ ထပ်မေးလိုက်လေသည်။

"ဘွားဘွား တားမြစ်ချက်ဆိုတာ ဘာလဲဟင်"

"အဲ့ဒါက..."

အဖွားအိုဝမ်သည် အခွင့်ကောင်းယူကာ အားယွီလေးအား ဘဝ အခြေခံ သဘောတရား အချို့အား သင်ပေးရန် မူလတွင် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် သူမ ခေါင်းလှည့်ပြီး လမ်းလျှောက်နေစဉ် သတိမထားမိဘဲ ခရိုင်မြို့နယ်ရုံးထဲမှ ထွက်လာသူ တစ်ဦးနှင့် ရုတ်တရက် ဝင်တိုက်မိလေတော့သည်။

၎င်းမှာ တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ဖြစ်ကာ သူ့ခေါင်းပေါ်တွင် ကျောက်စိမ်း သရဖူငယ်တစ်ခု ရှိနေခဲ့ကာ ခါးတွင် ကြည်လင်နေသည့် ကျောက်စိမ်းပြားတစ်ခု ချိတ်ဆွဲထားသေးသည်။ သူသည် ချမ်းသာသည့် မိသားစုမှ သခင်လေးတစ်ဦး ဖြစ်ကြောင်း သိသာထင်ရှားနေလေသည်။

...

သူသည် အဖွားအိုဝမ်၏ ခါးအား မတော်တဆ ဝင်တိုက်မိပြီးနောက် ခြေလှမ်း နှစ်လှမ်း နောက်ဆုတ်လိုက်မိကာ မြေကြီးပေါ်သို့ ဖင်ထိုင်ရက် ကျသွားလေတော့သည်။ ထို့နောက် သူ၏ ခါးရှိ ကျောက်စိမ်းပြားသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားကာ နှစ်ပိုင်းကွဲသွားလေတော့သည်။

"သခင်လေး အဆင်ပြေရဲ့လား"

လူနှစ်ဦး ချက်ချင်း ပြေးလာပြီး နောက် ထိုလူငယ်လေးအား ထိတ်လန့်တကြား ဆွဲထူလိုက်ကြလေတော့သည်။ အားယွီလေးမှာမူ အဖွားအိုဝမ်အား သွားကြည့်လိုက်သည်။ သူမ အထူးတလည် စိတ်လှုပ်ရှားနေမိခဲ့သည်။

"ဘွားဘွား အဆင်ပြေရဲ့လား နာနေလား သမီး မှုတ်ပေးမယ်နော်"

လူငယ်လေးအား ဆွဲထူပေးသည့် လူတစ်ဦးသည် ဒေါသတကြီး လျှောက်လာခဲ့လေသည်။

"အဘွားကြီး ခင်ဗျား ဘယ်လို လမ်းလျှောက် နေတာလဲ သခင်လေးကိုတောင် ဝင်တိုက်ရဲတယ်ပေါ့ ဟေ့လူတွေ ဒီမိန်းမယုတ်ကို ဖမ်းကြစမ်း"

ထိုသို့ပြောပြီးနောက် အစေခံနှစ်ဦး လျှောက်ထွက်လာကြတော့သည်။ သူတို့၏ လက်ထဲတွင် လုံးဝန်းသော သစ်သားတုတ်များအား ကိုင်ဆောင်ထားကြပြီး ခန့်ညားထည်ဝါကာ ကြောက်မက်ဖွယ်ကောင်းနေတော့သည်။

အားယွီလေးသည် လက်သေးသေးလေး နှစ်ဖက်အား ဆန့်ထုတ်လိုက်ပြီးနောက် အဖွားအိုဝမ်၏ ရှေ့တွင် ကာရပ်လိုက်လေတော့သည်။ သူမ၏ အသံမှာ နို့နံ့မစင် သေးသော်လည်း ခိုင်မာပြတ်သား နေလေသည်။

"ဘွားဘွားကို အနိုင်ကျင့် ခွင့်မပြုဘူး"

All Chapters