← Chapters

အခန်း (၄၇)

Vol. 4 Ch. 47

အခန်း (၄၇)

Vol. 4 Ch. 47

အခန်း (၄၇) - တစ်နေ့ကျရင် မျက်ရည်နဲ့ ပြန်လာရလိမ့်မယ်

ကျိုးစုဟွားမှ နောက်ဆုံး ပြောဆိုလိုက်သည့် စကားလုံးမျာသည် အမှန်ပင် အလွန် ပြင်းထန်လှသည်။

ဝမ်မေဖုန်းသည် ယန်မိသားစု အတွင်းသို့ လက်ထပ်ဝင်ရောက်လာသည်မှာ ခုနစ်နှစ်ကျော် ရှိပြီ ဖြစ်သော်လည်း ထိုကာလများ အတွင်း ယောက္ခမဖြစ်သူနှင့် တစ်ခါမျှ စကားများ ငြင်းခုံခဲ့ဖူးခြင်း မရှိခဲ့ဖူးပေ။ သို့သော် ယခုအကြိမ်တွင်မူ ယောက္ခမရော ချွေးမပါ ခိုင်မာ ပြတ်သားသည့် အရိပ်အယောင်များအား ပြသနေကြသည်။

"တောင်းပန်ပါတယ် အမေ သမီးကို ခွင့်လွှတ်ပါ ဒီတစ်ခါတော့ အမေ့စကားကို သမီး နားမထောင်နိုင်ဘူး"

ဝမ်မေဖုန်းသည် ကျိုးစုဟွားအား အသာအယာ ဦးညွှတ်လိုက်ပြီး တံခါးဆီသို့ ဦးတည်ကာ လျှောက်သွားလိုက်တော့သည်။

မျှော်လင့်ချက် တစ်ရာခိုင်နှုန်းသာ ရှိသည်ဖြစ်စေ သူမသည် ယန်ကွေ့ပေါင်အား ဆေးဆက်တိုက်ရန် အခိုင်အမာ ဆုံးဖြတ်ထားပြီးသား ဖြစ်နေခဲ့သည်။ သူမ၏ ရင်သွေးလေးအား ကမ္ဘာကြီးမှ အလင်းကွယ်သွားမည့် အဖြစ်အား သူမ အဖြစ်မခံနိုင်ချေ။

ဆေးစသောက်သည့် အချိန်မှစတင်၍ ယန်ကွေ့ပေါင်၏ အခြေအနေမှာ အလွန်ပင် ကောင်းမွန်လာခဲ့ကာ သူသည်လည်း အလွန်ပင် တက်ကြွလန်းဆန်းကာ အကောင်းမြင်စိတ် ရှိနေခဲ့သည်။ ထို့ကြောင့် ယခုအကြိမ်တွင် ဝမ်မေ့ဖုန်းသည် နီယန်နှင့် သူမကိုယ်သူမ ယုံကြည်ရန် ရွေးချယ်ခဲ့သည်။

"ဝမ်မေဖုန်း"

ကျိုးစုဟွားသည် ပုခုံးများ တုန်ရင်နေသည်အထိ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"အမေ"

ဝမ်မေ့ဖုန်းသည် တည်ငြိမ်စွာပင် လှည့်ကြည့်လိုက်ကာ ကျိုးစုဟွားအား စိုက်ကြည့်ရင်း ပြောဆိုလိုက်သည်။

"တကယ်လို့ ကွေ့ပေါင်သာ တစ်စုံတစ်ခုဖြစ်ခဲ့ရင် သမီး အသက်နဲ့ အစားထိုးပေးဖို့ အသင့်ပဲ အဲ့ဒါဆိုရင်ကော လက်ခံနိုင်ပြီလား"

သူမ၏ စကားဆုံးသည်နှင့် ဝမ်မေ့ဖုန်းသည် ဘာမှမဖြစ်သကဲ့သို့ နောက်သို့လှည့်ကာ မီးဖိုချောင်အတွင်းသို့ ပြန်လည် ဝင်သွားခဲ့ကာ ယန်ကွေ့ပေါင်အား ဆေးသောက်ရန် လှမ်းခေါ်လိုက်သည်။

ဤအခြေအနေမျိုးတွင် ကျိုးစုဟွားတွင် ပြောစရာ စကားလုံး ပျောက်ရှသွားခဲ့ကာ ဒေါသအလျောက် ရှေးဟောင်း ပန်းအိုးတစ်လုံးအား ကောက်ကိုင်ကာ ကြမ်းပြင်ပေါ်သို့ အားကုန် ရိုက်ခွဲပစ်လိုက်လေတော့သည်။

ကျကွဲသွားသည့် အသံနှင့်အတူ အပိုင်းအစများ အားလုံး နေရာအနှံ့ သို့ လွင့်စင်သွားလေသည်။ ဆေးသောက်နေသည့် ယန်ကွေ့ပေါင်မှာ လန့်ဖျပ်သွားလျှက် တုန်တုန်ရင်ရင် ဖြစ်သွားခဲ့ကာ ဝမ်မေ့ဖုန်းအား အားကိုးတကြီး ကြည့်လိုက်သည်။

"မေမေ ဘွားဘွား ဘာဖြစ်လို့လဲ"

ဝမ်မေ့ဖုန်းက ခပ်ဖွဖွလေး ရယ်လိုက်ကာ ပြောလိုက်သည်။

"ဘွားဘွားက နည်းနည်း စိတ်မကောင်းဖြစ်နေလို့ ဖြစ်မှာပါ သား ဆေးသောက်ပြီးရင် သွားပြီး ချော့လိုက်ဦးနော်"

"ဟုတ်ကဲ့"

ယန်ကွေ့ပေါင်သည် လူကြီးလေး တစ်ယောက်ကဲ့သို့ ခေါင်းညိတ်ပြလိုက်ကာ ပြန်လည် ပြောဆိုလေသည်။

"သား ဆေးသောက်ပြီးရင် သွားလိုက်မယ်"

"ကောင်းပြီ"

ဝမ်မေ့ဖုန်းက အပြုံးဖျော့ဖျော့လေးဖြင့် ခေါင်းညိတ်ပြလိုက်တော့သည်။ ထိုအချိန်တွင် ကျိုးစုဟွား၏ အသံသည် လေထဲတွင် ဟိန်းထွက်လာခဲ့သည်။

"ဝမ်မေ့ဖုန်း ငါ့မြေးသာ တစ်ခုခု ဖြစ်လို့ကတော့ နင့်ကို ငါ လုံးဝ အလွတ်မပေးဘူး"

ရမ်းကားလွန်းတယ်.... သူမရဲ့ အပြုအမူက လုံးဝ ရမ်းကားလွန်းတယ်......

ဝမ်မေ့ဖုန်းသည် မိခင်တစ်ယောက် ဖြစ်ရန် လုံးဝ မထိုက်တန်လှပေ။ နာမည်ကျော်ကြားမှုမရှိသည့် ထိုလမ်းဘေး ဆရာဝန်မမှ ဝမ်မေ့ဖုန်းအား မည်သည့် အရာများ ပေးထားသည့်အတွက် ဤမျှ ယုံကြည်နေရသနည်း ဆိုသည်အား သူမ လုံးဝ စဉ်းစား၍မရချေ။ ကျိုးစုဟွားသည် ဒေါသကြောင့် တုန်ရင်နေခဲ့သည်။

ဝမ်မေ့ဖုန်း၏ ခေါင်းမာမှုကြောင့် ယောက္ခမအိမ်ရှိ လူအားလုံးသည် ဝမ်မေ့ဖုန်းအား ဝိုင်းပယ်ထားလိုက်ကြတော့သည်။ သူမ၏ ခင်ပွန်းဖြစ်သူ ယန်ချန်ကျန်းသည်လည်း သူမနှင့် စကားပြောရန် သိပ်လိုလိုလားလား မရှိတော့ပေ။

ယောက္ခမဖြစ်သူ ကျိုးစုဟွား ဆိုလျှင် ဝမ်မေ့ဖုန်းအား အကျပ်ကိုင်ရန် အစာငတ်ခံ လိုက်မည်ဟု ပင် ခြိမ်းခြောက်ခဲ့လေသည်။

အခြားရွေးချယ်စရာ မရှိတော့သည့် အတွက် အဆုံးတွင် ဝမ်မေ့ဖုန်းသည် ပဋိပက္ခများ ထပ်မံ ကြီးထွား မလာစေရန် အတွက် ယန်ကွေ့ပေါင်အား ခေါ်ယူကာ သူမ၏ မိဘများရှိရာ ကျေးလက်အိမ်သို့ ခေတ္တရှောင်သွားရန် ဆုံးဖြတ်လိုက်လေသည်။

ဝမ်မေ့ဖုန်း၏ ပြတ်သားမှုအား မြင်သောအခါ ယန်ချန်ကျန်းသည် စိုးရိမ်တကြီး သက်ပြင်းချလိုက်လေသည်။

"မေ့ဖုန်း ဒေါက်တာဝမ်က နန်းတွင်းသမားတော်တစ်ယောက်ပဲ မင်း ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ ကွေ့ပေါင်ရဲ့ ခန္ဓာကိုယ်က အားနည်းနေတာကို မင်းက ဟိုဟိုဒီဒီ သွားနေရင် သူ့အခြေအနေ ပိုဆိုးသွားလိမ့်မယ်"

ကျိုးစုဟွားမှ ဒေါသတကြီး ပြောလိုက်လေသည်။

"သွားပါစေ တစ်နေ့ကျရင် သူ ငါတို့ဆီကို ငိုပြီး ပြန်တောင်းပန်ရလိမ့်မယ်"

**

ထိုနေ့မှာပင် ဝမ်မေ့ဖုန်းသည် ယန်ကွေ့ပေါင်အား ခေါ်ကာ ကျေးလက်ရှိ သူမ၏ မိဘများအိမ်သို့ ပြန်လာခဲ့လိုက်သည်။ ယန်ကွေ့ပေါင်သည် ထိုနေရာအား သဘောကျလေသည်။ သူနှင့် ဝမ်မေ့ဖုန်းတို့ နှုတ်ဆက်ပြီးသည်နှင့် ယန်ကွေ့ပေါင်သည် နီယန်၏ အိမ်သို့ တန်းတန်းမတ်မတ် ထွက်လာခဲ့တော့သည်။

ဝမ်မေ့ဖုန်းသည် အစပိုင်းတွင် အတူတူ လိုက်သွားချင်ခဲ့သော်လည်း ယန်ကွေ့ပေါင်မှာ ရောဂါမဖောက်သည်မှာ ရက်အတော်ကြာပြီ ဖြစ်သည်အား သတိရကာ ကလေးတစ်ယောက်အတွက် လွတ်လပ်ခွင့်လည်း လိုအပ်သည်ဟု ယူဆသည့် အတွက် မလိုက်သွားရန်သာ ဆုံးဖြတ်လိုက်လေတော့သည်။ ထို့ပြင် နီယန်၏ အိမ်သည်လည်း ဤနေရာနှင့် သိပ်မဝေးလှပေ။

ယန်ကွေ့ပေါင် ရောက်သွားသည့်အချိန်တွင် နီယန်သည် ခြံထဲရှိ သစ်ပင်ကြီးအောက်တွင် ရှိသည့် ကျောက်စားပွဲပေါ်၌ တစ်ခုခုအား အာရုံစိုက်လျှက် ရေးသားနေခဲ့သည်။

၎င်းမှာ အလွန်ကြီးမားသည့် စံကားပန်းပင် ကြီးဖြစ်ကာ သစ်ရွက်များမှာ ထူထပ်လှသောကြောင့် ပူပြင်းသည့် နေရောင်ခြည်အား ကာကွယ်ပေးထားကာ အေးမြသည့် လေပြေများကို ဆောင်ကြဉ်းပေးနေခဲံသည်။ ဤကဲ့သို့ ပူပြင်းလှသော နွေရာသီမျိုးတွင် သစ်ပင်ကြီးအောက်၌ ထိုင်နေရခြင်းသည် လေအေးပေးစက် အခန်းထဲတွင် ထိုင်နေရသည်ထက်ပင် ပို၍ သက်သောင့်သက်သာရှိလှပေသည်။

(စံကားပန်းပင်သည် တရုတ်နိုင်ငံတွင် အလွန် လူကြိုက်များလှကာ မွှေးကြိုင်သည့် ရနံ့ ရှိသည့် အတွက် အထူးကျော်ကြားလှသည်။ တရုတ်ပြည်၏ ယဉ်ကျေးမှုထဲတွင် ထိုအပင်အား နွေဦးရာသီ ကြွယ်ဝမှု ကံကောင်းခြင်းနှင့် ရိုမန်တစ်ဆန်မှု စသည့် အဓိပ္ပာယ်များ ရှိလေသည်။ ထို့အပြင် ထိုအပင်၏ ပန်းအား လက်ဖက်ရည်များ ဂျယ်လီနှင့် အချိုပွဲမျိုးစုံများတွင် မွှေးရနံ့ အနေဖြင့် ထည့်သွင်း အသုံးပြုလေ့ ရှိကြပေသည်။ )

"မမနီယန်”

ယန်ကွေ့ပေါင်သည် နီယန်ရှိရာသို့ ပြေးသွားလိုက်လေသည်။ သူ၏ အသံကြောင့် နီယန်သည် အံ့ဩတကြီး မော့ကြည့်လိုက်တော့သည်။

"ကွေ့ပေါင် မောင်လေး ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ"

ယန်ကွေ့ပေါင်သည် ပြုံးလျက် ပြန်ဖြေလိုက်သည်။

"မမကို သတိလို့ လာခဲ့တာ"

နီယန်က လက်လှမ်းလိုက်ကာ ယန်ကွေ့ပေါင်၏ ခေါင်းအား တို့ထိလိုက်သည်။

"မင်းကတော့ လူလည်လေးပဲ ကလေးဆိုးလေး ကြည့်ပါဦး ချွေးတွေ ရွှဲနေတာပဲ ရော့ ရေသောက်လိုက်ဦး"

နီယန်မှ သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်လေသည်။ ယန်ကွေ့ပေါင်သည် ခွက်အား ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်ပြီးနောက် ပါးစပ်အား လအင်္ကျီလက်ဖြင့် သုတ်လိုက်လေသည်။

"ကျေးဇူးတင်ပါတယ် မမ"

သူသည် ကျေးဇူးတင်စကား ပြောလိုက် ပြီးနောက် နီယန်၏ စားပွဲပေါ်ရှိ စက္ကူဆီသို့ မျက်လုံးများ ရောက်သွားသည်။

"မမ ဘာတွေ ဆွဲနေတာလဲ"

နီယန်က ခပ်ဖွဖွလေး ပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်။

" ပုံစံထုတ်နေတာပါ"

" ပုံစံထုတ်တာ ဟုတ်လား"

ယန်ကွေ့ပေါင်သည် သူ့မေးစေ့လေးအား ပွတ်လိုက်ပြီးနောက် ပြောလိုက်သည်။

"မမက ဗိသုကာပညာရပ် နယ်ပယ်ထဲကလား ကျွန်တော့်ဝမ်းကွဲအစ်ကိုလည်း ခဏခဏ ပုံစံတွေ ဆွဲရတယ်"

"မဟုတ်ပါဘူး"

နီယန်မှ ခေါင်းခါပြလိုက်သည်။

"ဒါက မုန့်ဖုတ်ဖိုအတွက် ပုံစံထုတ်နေတာ"

"မုန့်ဖုတ်ဖိုလား"

ယန်ကွေ့ပေါင်သည် မေးစေ့လေးအား ဆက်ပွတ်နေရင်းဖြင့် မေးလိုက်သည်။

"အဲ့ဒါက ပေါင်မုန့်ဖုတ်ဖို့ သုံးတာလား မမ ကျွန်တော် ပေါင်မုန့် အရမ်းကြိုက်တာ"

သူ့၏ နောက်ဆုံးစကားလုံးများ ဆုံးသွားချိန်တွင် မျက်လုံးများမှာ စိတ်အားထက်သန်စွာဖြင့် တောက်ပနေခဲ့သည်။

၁၉၈၃ ခုနှစ်တွင် ပေါင်မုန့်ဆိုသည်မှာ အသစ်အဆန်းဖြစ်သည့် စားစရာ တစ်ခု ဖြစ်နေဆဲဖြစ်သည်။ နောင်မျိုးဆက်များကဲ့သို့ စားသောက်နည်း မျိုးစုံမရှိသေးသလို အတွေ့ရလည်း မများလှချေ။ ထို့ပြင် ဈေးနှုန်းမှာလည်း အတော်အတန် ကြီးမြင့်လှသည်။

သာမန်လူများသည် ထိုအရာအား စားရန် များစွာ မမျှော်လင့်ရဲကြပေ။ ၎င်း၏ ဈေးနှုန်းမှာ ဘန်းမုန့် တစ်လုံးထက် များစွာ ပိုကြီးသည့်အပြင် ပေါင်မုန့်တစ်လုံး ဝယ်နိုင်သည့်ငွေဖြင့် ဘန်းမုန့် ဆယ်လုံး ဝယ်နိုင်လေသည်။

နီယန်မှ သူ့အား လျှို့ဝှက်လှသည့် အပြုံးမျိုးဖြင့် ပြုံးပြလိုက်ကာ ပြောလိုက်သည်။

"ပြီးသွားရင်တော့ မင်း သိရမှာပေါ့"

ယန်ကွေ့ပေါင်မှ ပြုံးစိစိဖြင့် မေးမြန်းလိုက်သည်။

"အစ်မကို ကူလုပ်ပေးလို့ ရမလား"

နီယန်မှ လက်လှမ်းပြီး သူ၏ ခေါင်းလေးအား ဖွဖွလေး ပွတ်ကာ ရယ်မောလိုက်၍ ပြန်ဖြေလိုက်သည်။

"ရတာပေါ့"

ပေါင်မုန့်ဖုတ်ဖို တစ်ခုလုပ်ခြင်းသည် မရိုးရှင်းသလို ရှုပ်ထွေးမှုများလည်း မရှိလှသော်လည်း အဓိက သော့ချက်မှာ စိတ်စေတနာ ထည့်သွင်းရန်ဖြစ်လေသည်။ ထိုဖိုတွင် အလွှာသုံးလွှာ ပါဝင်လေသည်။

အပူစီးကူးလွှာ - ရွှံ့စေးနှင့် သဲ

အပူထိန်းလွှာ - စွန့်ပစ်ဖန်ပုလင်းများ + လွှစာ + ရွှံ့

တည်ဆောက်ပုံအလွှာ - ကောက်ရိုးဖြင့် ပြုလုပ်ထားသည် ရွှံ့လုံးများ

နီယန်ထံတွင် လိုအပ်သည့် ပစ္စည်းများအားလုံးသည် ပြင်ဆင်ပြီးသား ရှိနေခဲ့သည်။ မုန့်ဖုတ်ဖို တည်ဆောက်ရန်အတွက် ပထမဆုံး အုတ်များနှင့် ကျောက်ခဲများအား မြင့်မားသည့် စင်တစ်ခု သဏ္ဌာန် ပုံသွင်းရလေသည်။ ထိုစင်သည် များသောအားဖြင့် အောက်တွင် ထင်းခြောက်များ သိုလှောင်ရန်အတွက် အခေါင်းပေါက် တစ်ခု ရှိနေရမည် ဖြစ်သည်။ စင်အား တည်ဆောက်ပြီးပါက မုန့်ဖုတ်ဖိုအား စတင် ပြုလုပ်နိုင်ပေသည်။

မုန့်ဖုတ်ဖိုသည် များသောအားဖြင့် စက်ဝိုင်းခြမ်း ပုံသဏ္ဌာန် ရှိတတ်သော်လည်း တိရစ္ဆာန်လေးများ၏ ပုံသဏ္ဌာန်အားလည်း ပြုလုပ်၍ ရနိုင်သည်။

ယန်ကွေ့ပေါင်အတွက် ထိုကဲ့သို့ လုပ်ဆောင်ရသည့် အလုပ်မျိုးတွင် ပါဝင်ရခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သဖြင့် သူသည် သိသိသာသာ စိတ်လှုပ်ရှားနေခဲ့ကာ မရပ်မနား ဆက်တိုက် စကားပြောနေတော့သည်။

ထိုကဲ့သို့ သွက်လက်သည့် လက်ထောက်လေး တစ်ယောက် ရှိနေသဖြင့် နီယန်သည် အတော်ပင် သက်သာသွားလေသည်။ စင်အား လျင်မြန်စွာပင် တည်ဆောက် လိုက်နိုင်လေသည်။

နီယန်သည် မိန်းကလေးတစ်ယောက် ဖြစ်သော်လည်း ခန္ဓာအား အသုံးပြုကာ လုပ်ဆောင်ရသည့် အလုပ်များတွင် အမျိုးသားတစ်ယောက်ထက် မနိမ့်ကျပေ။

အချို့သော အမျိုးသားများပင်လျှင် သူမကို မမီကြချေ။

နေရောင်အောက်တွင် သူမသည် အာရုံစူးစိုက်ကာ ဇွဲနဘဲနှင့် ကျောက်တုံးများအား ဆောက်ဖြင့် ထုခွဲနေသည်။ နွေးထွေးလှသော နေရောင်ခြည်သည် သူမအား တောက်ပသော ရောင်ဝါဖြင့် ခြယ်မှုန်းထားသကဲ့သို့ ရှိနေခဲ့ကာ နားရွက်နောက်မှ လျှောကျလာသော ဆံနွယ်မျှင်များသည် ကလူကျီဆယ်နေလျှက် ရှိကာ သူမ၏ ြဖူဝင်းသော အသားပေါ်တွင် သိသိသာသာ ထင်ရှားလျှက် ရှိနေခဲ့သည်။ အနက်ရောင်နှင့် အဖြူရောင် တို့၏ ဆုံစည်း ပေါင်းစပ်မှုသည် ထပ်ကာ ထပ်ကာ ကြည့်ချင်စရာ မျက်စိပဒါသ ဖြစ်သည့် မြင်ကွင်းမျိုးပင် ဖြစ်ပေသည်။

ယန်ကွေ့ပေါင်သည် ထိုနေရာတွင် ရပ်လျှက် နီယန်အား ခဏကြာမျှ စိုက်ကြည့်နေခဲ့ ပြီးနောက် နောက်ဆုံးတွင် အာမေဍိတ်သံဖြင့် ပြောဆိုလိုက်သည်။

"မမ မမက တကယ် လှတာပဲ"

နီယန်သည် ခပ်ဖွဖွ ပြုံးလိုက်ကာ စင်ပေါ်သို့ နောက်ဆုံးအုတ်ခဲအား တင်လိုက် ပြီးနောက် ယန်ကွေ့ပေါင်၏ ခေါင်းအား ဖွဖွလေး တို့လိုက်ကာ အတည်ပေါက်ဖြင့် နောက်ပြောင် ပြောဆိုလိုက်သည်။

"တကယ်တော့ မင်းမမက နတ်ပြည်က ဆင်းလာတဲ့ နတ်သမီးလေးလေ နတ်သမီးတစ်ပါးက ဘယ်လိုလုပ် မလှဘဲ နေနိုင်ပါ့မလဲ"

ယန်ကွေ့ပေါင် - ‘သူ တကယ်တောင် ယုံသွားတော့မလို ဖြစ်သွားတယ်’

စင်အား တည်ဆောက်ပြီးနောက်တွင် သူတို့ သည် ရွှံ့များအား စတင်၍ နယ်ကြတော့သည်။ ထိုအချိန်တွင် ယန်ကွေ့ပေါင်သည် ရုတ်တရက် နီယန်၏ မျက်နှာပေါ်သို့ ရွှံ့အနည်းငယ်ဖြင့် တို့လိုက်ပြီး နောက်ပြောင်ကာ ပြောဆိုလိုက်သည်။

"နတ်သမီးလေးက ကြောင်စုတ်ကလေး ဖြစ်သွားပြီ"

နီယန်သည်လည်း အလွယ်တကူ အနိုင်ယူလို့ ရသည့် သူမျိုး မဟုတ်ချေ။ ယန်ကွေ့ပေါင် သတိမထားမိသည့် အချိန်တွင် သူမသည်လည်း သူ့မျက်နှာကို ရွှံ့များဖြင့် အမြန် ပြန်တို့လိုက်ပြီးနောက် တခစ်ခစ် ရယ်မောလိုက်ကာ ပြောလိုက်သည်။

"ဟားဟား ကွေ့ပေါင်လည်း ကြောင်စုတ်လေး ဖြစ်သွားပြီ"

"ဒါဆိုရင် မမက ကြောင်မကြီးပေါ့"

All Chapters