အခန်း (၄၈)
Vol. 4 Ch. 48
အခန်း (၄၈) - အလွန်အရသာရှိသော ပေါင်မုန့်
နာရီပေါင်းများစွာ အလုပ်ရှုပ်ပြီးသည့် နောက်တွင် ပေါင်မုန့်ဖုတ်မည့် မီးဖိုလေးမှာ ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ လူတစ်ရပ်၏ ခါးလောက်သာ အမြင့်ရှိသည့် ထိုမီးဖိုလေးသည် အတော်အတန်ကြီးမားလှကာ ဝက်ဝံရုပ်ခေါင်းပုံစံဖြစ်နေပြီး အလွန်ချစ်စရာ ကောင်းနေလေသည်။
နီယန်သည် သူမ၏ လက်ရာအား ကြည့်ရင်းဖြင့် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ကာ သစ်ကိုင်းခြောက်လေး တစ်ချောင်းအား ကောက်ယူကာ ဝက်ဝံရုပ်ခေါင်း ပျော့ပျော့ပေါ်တွင် ‘၁၉၈၃ ခုနှစ် နွေရာသီ’ ဟု ရေးထိုးလိုက်လေသည်။
ခဏလောက် စဉ်းစားပြီးနောက် ယန်ကွေ့ပေါင်သည် ထိုသစ်ကိုင်းလေးအား ယူလိုက်ကာ ‘မမနှင့် ယန်ကွေ့ပေါင်’ ဟု ဘေးတွင် စာတစ်ကြောင်း ဖြည့်စွက်ရေးသားလိုက်ကာ ရိုးရှင်းသော အရုပ်ပုံလေးနှစ်ပုံကိုပါ ထည့်ဆွဲလိုက်သည်။
နီယန်၏ သက်ဝင်လှုပ်ရှားနေဟန် ရသည့် လက်ရေးနှင့် ယှဉ်လိုက်လျှင် ယန်ကွေ့ပေါင်၏ လက်ရေးမှာ ကလေးဆန်လှသည်မှာ ထင်ရှားသည့် တိုင်အောင် ရုပ်ဆိုးမနေဘဲ သူ့နည်းသူ့ဟန်ဖြင့် တမူထူးခြားသော အလှတရား ရှိနေခဲ့သည်။
ပေါင်မုန့်ဖုတ်မည့် မီးဖို ပြီးစီးသွားချိန်တွင် နောက်တစ်ဆင့် လုပ်ဆောင်ရမည်မှာ အတွင်းဘက်ရှိ ခံထားသည်များအား ဖယ်ရှားကာ မီးဖိုအား စတင်စမ်းသပ်ရန် ဖြစ်သည်။
မီးမွှေးနေစဉ် ရရှိလာသော အားလပ်ချိန်အား အခွင့်ကောင်းယူ၍ နီယန်သည် ကြိုတင်ကာ အချဉ်ဖောက်ထားသော ဂျုံမှုန့်များအား ယူဆောင်လာကာ အလုံးလေးများ လုံးပြီး ပေါင်မုန့်လုံး ပုံစံ ဖော်လိုက်လေသည်။
တစ်နာရီခန့် ကြာသောအခါ နီယန်သည် မီးဖိုထဲရှိ မီးအား ငြှိမ်းလိုက်ပြီးနောက် ပြာများကို ဂေါ်ပြားဖြင့် ကော်ထုတ်ကာ သန့်ရှင်းရေးလုပ်လိုက်သည်။ ထို့နောက်တွင် အသစ်လုပ်ထားသည့် ပေါင်မုန့်များအား ဂရုတစိုက် ထည့်သွင်းလိုက်ကာ တံခါးငယ်လေးကို ပိတ်လိုက်တော့သည်။ နောက်တစ်ဆင့်မှာ ပေါင်မုန့် ဖုတ်သည့် အဆင့်ဖြစ်လေသည်။
"မမရေ ခဏနေရင် ကျွန်တော်တို့ ပေါင်မုန့် တကယ်စားရတော့မှာလား"
ယန်ကွေ့ပေါင်သည် ခြေဖျားလေးထောက်ကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်လေသည်။
"ဒါပေါ့ စားရမှာပေါ့"
နီယန်သည် နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးလိုက်ကာ ပြောလိုက်လေသည်။ အမှန်တကယ်တွင် ပေါင်မုန့်ဖုတ်သည့် မီးဖို၏ သဘောတရားမှာ လျှပ်စစ်မီးဖိုနှင့် သဘောတရား အတူတူပင်ဖြစ်ကာ ပို၍ပင် အသုံးဝင်သေး၏။
"ဒါဆိုရင် ပေါင်မုန့်စားရဖို့ ဘယ်လောက်ကြာကြာ စောင့်ရဦးမှာလဲ"
ယန်ကွေ့ပေါင်သည် ခြေဖျားထောက်လျက် ရှိနေဆဲဖြစ်ကာ မျှော်လင့်ချက်အပြည့်ရှိသည့် မျက်လုံးများဖြင့် ပေါင်မုန့်မီးဖိုအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။ နီယန်သည် သူ၏ခေါင်းလေးအား ပြုံး၍ ပုတ်လိုက်ရင်း ပြောလိုက်သည်။
"မလောပါနဲ့ မိနစ် ၄၀ လောက်တော့ ကြာဦးမယ်"
ထိုစကားအား ကြားသော် ယန်ကွေ့ပေါင်သည် အိမ်ထဲသို့ ချက်ချင်း ပြေးဝင်သွားပြီး အော်ပြောလိုက်သည်။
"ဒါဆို အခု ဘယ်နှစ်နာရီထိုးပြီလဲဆိုတာ သွားကြည့်လိုက်ဦးမယ်"
ပေါင်မုန့်ကျက်ရန် စောင့်ဆိုင်းနေစဉ် အတွင်း နီယန်သည် ညစာအတွက် စတင်ပြင်ဆင်လေတော့သည်။ ဖုတ်ထားသည့် ပေါင်မုန့်နှင့် တွဲဖက်စားသုံးရန် အတွက် ပြောင်းဖူးဆန်ပြုတ် လုပ်ရန် နီယန်သည် ပြောင်းဖူးနှစ်ဖူးအား စတင်၍ ဆေးကြောလိုက်သည်။
ပြောင်းဖူးတွင် ပရိုတင်းဓာတ် များများစားစား မပါဝင်သော်လည်း ကာဗိုဟိုက်ဒရိတ်နှင့် အမျှင်ဓာတ်များစွာ ပါဝင်သဖြင့် ဝမ်းမှန်စေနိုင်ခြင်း သွေးကြောများအား ကျယ်စေ၍ သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်ခြင်း အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်းနှင့် အသားအရေကို အာဟာရဖြစ်စေခြင်းစသည့် အကျိုးကျေးဇူးများ ရှိလေသည်။
ပြောင်းဖူးနှင့် ဆန်အား ဆေးကြောလိုက် ပြီးနောက်တွင် ရေထည့်ထားသော မြေအိုးထဲသို့ ထည့်ကာ တည်လိုက်ရာ မကြာမီမှာပင် မွှေးပျံ့လှသည့် ရနံ့များ လေထဲတွင် ပြည့်နှက်သွားခဲ့သည်။
ပြောင်းဖူးဆန်ပြုတ် ပွက်ပွက်ဆူနေစဉ်တွင် နီယန်သည် ဟင်းပွဲငယ် သုံးပွဲအား လျှင်မြန်စွာ ပြင်ဆင်လိုက်လေသည်။ သခွားသီးသုပ် ငရုတ်သီးနှင့် ကြက်ဥမွှေကြော် ပဲစိမ်းလုံးနှင့် ပုစွန်ကြော်တို့ ဖြစ်သည်။
လန်းဆန်းစေသည့် ဟင်းသီးဟင်းရွက်ဟု လူသိများသည့် သခွားသီးသည် အရသာရှိရုံသာမက အလှအပအား တိုးစေကာ ကိုယ်အလေးချိန် လျှော့ချရာတွင်လည်း ထိရောက်မှုရှိပေသည်။
ကြက်ဥကိလည်း အထင်မသေးပါနှင့်။ ၎င်းတို့သည် အပူငြိမ်းစေသည့် အာနိသင်အပြင် အသားအရေနှင့် သွေးကိုလည်း အားဖြည့်ပေးနိုင်လေသည်။
ငရုတ်သီးသည် ညသိပ်အစာများကြောင့် ဖြစ်တတ်သော ပြဿနာများကို ဖယ်ရှားပေးနိုင်ခြင်း အစာစားချင်စိတ်အား တိုးပွားစေခြင်း ကံဆိုးမှုများကို ဖယ်ရှားပေးခြင်းနှင့် အမျိုးမျိုးသော ညှီနံ့များနှင့် အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်သည်။
ပဲစိမ်းလုံးနှင့် ပုစွန်ကြော်သည် ထည့်ပြောစရာပင် မလိုတော့ပေ။ ရင်သားအား ဖွံ့ဖြိုးစေရန် ကူညီပေးလေသည်။
ရင်သား...
အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်တွင် ဒုတိယအရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ အစားအသောက်များအား ပိုမိုထိရောက်မှု ရှိစေရန်အတွက် နီယန်သည် အထူး အလှအပဆိုင်ရာ အစားအစာ တွဲဖက်နည်းများကိုလည်း ဖန်တီးထားကာ အနပ်တိုင်းကို အလွန်ကောင်းမွန်စွာ ပေါင်းစပ်ထားလေသည်။
နီယန်သည် ထုံးစံအတိုင်း နီချွေ့ဟွာအတွက် ဆေးဟင်းရည်ကို ပြင်ဆင်လိုက်ကာ သူမသည် နီချွေ့ဟွာကို ဆေးဟင်းရည် သွားပို့နေစဉ် အတွင်း ယန်ကွေ့ပေါင်သည် မီးဖိုအား ကြည့်ရှုပေးထားလေသည်။
လဝက်ခန့် အစားအသောက် ကုထုံးနှင့် ဆေးဝါးကုထုံးများ ခံယူပြီးသည့်နောက် နီချွေ့ဟွာ၏ အခြေအနေမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။
အစောပိုင်း အချိန်များတွင် ဖြူဖျော့နေသည့် သူမ၏ အသားအရေသည် ကြည်လင်လာခဲ့ပြီး မျက်လုံးတစ်ဝိုက်ရှိ အရေးအကြောင်းများ သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ကာ ပိုမို၍ လန်းဆန်းတက်ကြွလာခဲ့သည်။
"အမေ ဆေးအရင်သောက်လိုက်အုန်း ဒေါ်လေးနီ ပြန်ရောက်လာရင် သမီးတို့ ထမင်းစ စားလို့ရပြီ"
နီယန်သည် လက်ထဲရှိ ပန်းကန်လုံးအား နီချွေ့ဟွာထံသို့ ကမ်းပေးလိုက်သည်။ နီချွေ့ဟွာသည် ပန်းကန်လုံးအား ယူလိုက်ပြီးနောက် စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"ခုနက ခြံဝင်းထဲမှာ ဆူညံဆူညံ အသံတွေ ကြားလိုက်ရတယ် သမီးတို့ ဘာတွေလုပ်နေကြတာလဲ"
နီယန်သည် လျှို့ဝှက်ဟန်ဖြင့် ပြောလိုက်သည်။
"သမီးတို့ ပစ္စည်းကောင်းတစ်ခု လုပ်ထားတယ် ညစာစားချိန်ကျရင် အမေ သိရလိမ့်မယ်"
နီချွေ့ဟွာသည် အကူညီမဲ့ဟန်ဖြင့် ရယ်မောလိုက်ကာ ပြောလိုက်သည်။
"ဒီကောင်မလေးကတော့လေ..."
နီချွေ့ဟွာ၏ အခန်းထဲမှ ထွက်လာပြီးနောက် နီယန်နှင့် ယန်ကွေ့ပေါင်တို့သည် မီးဖိုထဲမှ ပေါင်မုန့်အား ထုတ်ယူရန် အတွက် အတူတူ သွားလိုက်ကြသည်။
ယန်ကွေ့ပေါင်သည် ပန်းကန်ပြားတစ်ချပ်ကို ကိုင်လျက် စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် နီယန်၏ နောက်မှ လိုက်လာခဲ့ကာ သူသည် ကြောင်ပေါက်လေး တစ်ကောင်လို သူ၏ နှာခေါင်းလေးအား ရှုံ့ပွရှုံ့ပွ လုပ်လိုက်ပြီးနောက် ပြောလိုက်သည်။
"မမရေ ကျွန်တော် အရသာရှိတဲ့ အနံ့တစ်ခု ရနေပြီလို့ ထင်တယ်"
နီယန်မှ ဖျော့တော့စွာ ပြုံးလိုက်ကာ...
"တကယ်လား"
ယန်ကွေ့ပေါင်မှ ခေါင်းကို အဆက်မပြတ် ညိတ်လိုက်ပြီး ဆက်ပြောလိုက်သည်။
"တကယ် တကယ်"
မီးဖိုနားသို့ ရောက်လာချိန်တွင် နီယန်သည် တံခါးငယ်လေးအား ဖွင့်လိုက်လေသည်။ ချက်ချင်းဆိုသလိုပင် နို့နံ့သင်းသင်းလေးမှာ သူတို့ထံသို့ အလုအယက် တိုးဝင်လာခဲ့သည်။ မီးဖိုထဲတွင် ရွှေအိုရောင် သန်းနေသည့် ပေါင်မုန့်တစ်ဒါဇင်ခန့် ရှိနေခဲ့ကာ ထိုပေါင်မုန့်များဆီမှ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေခဲ့ခြင်း ဖြစ်သည်။
"ဝိုး အရမ်း လှတာပဲ"
ယန်ကွေ့ပေါင်မှ မနေနိုင်စွာဖြင့် အာမေဋိတ်သံ ပြုလိုက်မိလေသည်။
"မမက တကယ် တော်တာပဲ"
ပေါင်မုန့်အပေါ်ခွံသည် ကြွပ်ရွပြီး စားချင်စဖွယ် ကောင်းနေခဲ့ကာ အတွင်းသားမှာမူ နှိုင်းယှဉ်၍ မရလောက်အောင် နူးညံ့ပျော့ပျောင်းနေခဲ့သည်။ ကိုက်လိုက်သည်နှင့် တစ်ပြိုင်နက် အပြင်ဘက်မှ ကြွပ်ရွပြီး အတွင်းဘက်တွင် နူးညံ့နေသော အရသာအား ခံစားလိုက်ရသည့် အပြင် ပါးစပ်ထဲတွင် နို့နံ့သင်းသင်းလေး စွဲကျန်ရစ်နေသဖြင့် သူ့ဘဝတစ်ခုလုံး မြင့်မားသွားသကဲ့သို့ ခံစားလိုက်ရသည်။
ယန်ကွေ့ပေါင်မှ အဆက်မပြတ် ချီးကျူးလိုက်သည်။
"အရမ်းစားလို့ကောင်းတယ် တကယ် အရမ်းစားလို့ကောင်းတာပဲ ဒီလောက်စားလို့ကောင်းတဲ့ ပေါင်မုန့်မျိုး ကျွန်တော် တစ်ခါမှ မစားဖူးဘူး"
"ကောင်းရင် များများစားလေ"
နီယန်သည် ယန်ကွေ့ပေါင်အား နောက်ထပ်တစ်ဖဲ့ ကမ်းပေးလိုက်သည်။ ညစာစားချိန် ရောက်သောအခါ နီချန်ကွေ့နှင့် နီချွေ့ဟွာ တို့ပင် အံ့အားသင့်သွားခဲ့ကြသည်။ ဤမျှ လှပသည့် ပေါင်မုန့်အား နီယန်မှ လုပ်ထားသည်ဟု မည်သူမျှ မယုံနိုင်ကြပေ။
အပြင်ဘက်မှ ပေါင်မုန့်မီးဖိုထဲတွင် ဖုတ်ထားခြင်းဖြစ်ကြောင်း နီယန်မှ ပြုံး၍ ရှင်းပြလိုက်သည်။ နီချန်ကွေ့သည် အံ့သြတကြီးဖြင့် အော်ပြောလိုက်သည်။
"ပေါင်မုန့်မီးဖို ဟုတ်လား အပြင်ဘက်က ထူးထူးဆန်းဆန်း မီးဖိုကြီးကို ပြောတာလား"
နီယန် ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။
"ဟုတ်တယ် အဲ့ဒါပဲ"
နီချွေ့ဟွာမှ ရုတ်တရက် သဘောပေါက်သွားခဲ့ကာ ဆက်ပြောလိုက်သည်။
"ဒီနေ့ နေ့လယ်က ခြံဝင်းထဲမှာ ဆူဆူညံညံ ဖြစ်နေတာ ဒါကြောင့်ကိုး သမီးက အဲ့ဒီ ပေါင်မုန့်မီးဖိုကို ပြင်နေတာလား"
"ဟုတ်ပါတယ်"
နီယန် ပြုံး၍ ပြောလိုက်သည်။
နီချန်ကွေ့မှာ ကြက်သေသေသွားပြီးနောက် နီယန်၏ လက်အား အလျင်အမြန် ဆွဲယူကာ အံ့သြမှုများဖြင့် မေးလိုက်သည်။
"ပေါင်မုန့်မီးဖိုကို သမီးဘာသာ လုပ်လိုက်တာလား"
"ဟုတ်ကဲ့"
နီယန်သည် ခေါင်းကို အနည်းငယ် ညိတ်လိုက်လေသည်။ နီချန်ကွေ့သည် နီယန်၏လက်အား ဆုပ်ကိုင်ထားရင်း အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်သည်။
"ယန်ယန်ရယ် သမီးက တကယ့်ကို လုပ်ရည်ကိုင်ရည် ရှိတာပဲ ပြောစမ်းပါဦး ဒီလောကကြီးမှာ သမီး မလုပ်တတ်တာရော ရှိသေးရဲ့လား"
နီယန်၏ လက်များသည် နူးညံ့သိမ်မွေ့ပြီး ကျောက်စိမ်းကဲ့သို့ ဖြူဝင်းနေခဲ့သည်။ မိမိမျက်စိဖြင့် ကိုယ်တိုင်မမြင်ရလျှင် ဤလက်ပိုင်ရှင်သည် ပင်ပန်းကြီးလေးသော အလုပ်မျိုးစုံအား လုပ်နိုင်လိမ့်မည်ဟု မည်သူမျှ ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။ နီယန် ရယ်မောလျှက် ပြောလိုက်သည်။
"ဒေါ်လေးနီရယ် ဒီလောကကြီးမှာ သမီး မလုပ်တတ်တာတွေ အများကြီး ရှိပါသေးတယ်"
သူမသည် သူမ တတ်ကျွမ်းသည်များကိုသာ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကြွပ်ရွကာ နူးညံ့သည့် ပေါင်မုန့်အား စားသောက်ရင်း ချိုမြိန်သော ပြောင်းဖူးဆန်ပြုတ်ကို သောက်ကာ အရသာရှိသည့် အရန်ဟင်းပွဲ အနည်းငယ်ကို မြည်းစမ်းရင်းဖြင့် ဘဝသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသကဲ့သို့ပင် ဖြစ်သည်။
ထမင်းစားချိန်များသည် နီချွေ့ဟွာနှင့် နီချန်ကွေ့တို့အတွက် နေ့ရက်တိုင်း၏ အမျှော်လင့်ဆုံး အချိန်များ ဖြစ်လာခဲ့ကြသည်။ နောက်တစ်နေ့တွင် နီယန်သည် ခါတိုင်းလိုပင် ခေါက်ဆွဲရောင်းရန် ဆိုင်ခင်းလေသည်။ မနက်ခင်းတွင် တန်းစီသူများထဲ၌ ပထမဆုံး ရောက်ရှိနေသူမှာ လီကုန်းချန်ပင် ဖြစ်သည်။
"ခေါက်ဆွဲ သုံးပွဲ နှစ်ပွဲ ပါဆယ်ထုပ်ပေးပါ"
လီကုန်းချန် ပေးသည့် ပိုက်ဆံအား နီယန်မှ ယူလိုက်ကာ သူ့အား တစ်ချက်ကြည့်လိုက်လေသည်။ သူမတွင် ဤဖောက်သည်နှင့် ပတ်သက်ပြီး နက်ရှိုင်းသော အမှတ်တရ ရှိနေခဲ့သည်၊။ ထိုသူသည် မနက်တိုင်း ပထမဆုံး တန်းစီသူ ဖြစ်ရုံသာမက မိုးရွာရွာ နေပူပူ ပါဆယ် နှစ်ပွဲအား အမြဲတမ်း ဝယ်ယူလေ့ရှိသူ ဖြစ်သည်။
နီယန် မသိခဲ့သည့် အချက်မှာ မိုမိသားစုမှ အဘွားအိုသည် ငါးချဉ်ဟင်းရည် ခေါက်ဆွဲအား လုံးဝ စွဲလမ်းနေခြင်းပင် ဖြစ်သည်။ တစ်ရက်လျှင် နှစ်ပွဲမစားရပါက သူမ စိတ်တစ်ထင့်ထင့် ဖြစ်နေတတ်လေသည်။ အကယ်၍ ခေါက်ဆွဲကို အချိန်ကြာမြင့်စွာ သိမ်းထား၍ ရပါက အနပ်တိုင်းတွင် စားချင်သည်ဟုပင် သူမ ဆန္ဒရှိနေမိလိမ့်မည် ဖြစ်သည်။
မိုမိသားစုသည် ငါးချဉ်ဟင်းရည် ခေါက်ဆွဲအတွက် အလွန် ကျေးဇူးတင်နေမိကြသည်။ အကယ်၍သာ ဤငါးချဉ်ဟင်းရည် ခေါက်ဆွဲ မရှိခဲ့ပါက ယခုအချိန်တွင် အဘွားအို၌ မည်သို့သော အရာများ ဖြစ်ပျက်နေလိမ့်မည်ကို မည်သူမျှ မသိနိုင်ပေ။
မနက်ခင်းတွင် လာရောက်စားသုံးသူများမှာ များပြားနေဆဲဖြစ်ကာ ရှည်လျားသော လူတန်းကြီးသည် တိုသွားသည်ဟုပင် မထင်ရပါချေ။
ကျူးယုံဟုန်၏ ပေါက်စီများမှာ တစ်ပြားလျှင် ခြောက်လုံးဖြင့် ရောင်းနေရဆဲ ဖြစ်ကာ စီးပွားရေး သိပ်မကောင်းလှသည့် တိုင်အောင် ယနေ့မနက်ခင်းတွင် သူမ၏ စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေခဲ့သည်။ သူမသည် သီချင်းတေးသွားများအား ညည်းဆိုရင်းဖြင့် နီယန်ရှိရာ ဘက်သို့ ရံဖန်ရံခါ ခိုးကြည့်နေတတ်သည်။
‘စောင့်ကြည့်နေလိုက် ကောင်မစုတ် ဒီမနက် ပြီးတာနဲ့ ဘယ်သူကမှ ငါနဲ့ စီးပွားရေး လာမပြိုင်ရဲတော့ဘူး’
ဤသို့ တွေးလိုက်ရင်း ကျူးယုံဟုန်၏ နှုတ်ခမ်းထောင့်တွင် မာန်တက်သော အပြုံးတစ်ခု ပေါ်ပေါက် လာခဲ့တော့သည်။