အခန်း (၄၉)
Vol. 4 Ch. 49
အခန်း (၄၉) - လိမ်မာပါးနပ်စွာ ဖြေရှင်းခြင်း
"ခေါက်ဆွဲ ရပါပြီ"
နီယန်သည် ဖော်ရွေဟန် ရသည့် အပြုံးလေးအား မျက်နှာတွင် အပြည့်အ၀ တပ်ဆင်ကာ ဖောက်သည်များ ပြည့်နေသော စားပွဲဝိုင်းတစ်ခုသို့ အငွေ့တထောင်းထောင်း ထနေသည့် ခေါက်ဆွဲများအား ချပေးလိုက်သည်။ ထိုအချိန်မှာပင် ဘေးစားပွဲဝိုင်းဆီမှ အားဖြင့် စားပွဲခုံအား ထုလိုက်သည့် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဆိုင်ရှင် ဒီကိုလာခဲ့စမ်း"
နီယန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကာ ဇဝေဇဝါဖြင့် လှည့်ကြည့် လိုက်မိသည်။ သူမ ပြုံးလျှက် ပြန်မေးလိုက်သည်
"ဘာကူညီပေးရမလဲရှင့်"
ထိုစားပွဲတွင် ထိုင်နေကြသူများမှာ ခန္ဓာကိုယ် တောင့်တင်းခိုင်မာပြီး မျက်နှာထား တင်းမာကာ ရက်စက်ကြမ်းကြုတ် ဟန်ဖြင့် ပြဿနာရှာမည့်ပုံ ပေါက်နေသည့် လူကြမ်းကြီး နှစ်ယောက် ဖြစ်လေသည်။ အခြေအနေများ မည်သို့ ဖြစ်လာမည်ကို နီယန် ကြိုတင် ခန့်မှန်းနိုင်လိုက်လေသည်။ ယခင်ဘဝတွင် စားသောက်ဆိုင် လုပ်ငန်းခွင် အတွင်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးသည့် သူမသည် လူပေါင်းစုံ အခြေအနေပေါင်းစုံအား ကြုံတွေ့ခဲ့ဖူးလေသည်။
"ဒါကို ကြည့်စမ်း"
လူတစ်ယောက်သည် မတ်တတ်ထရပ်လိုက်ကာ စားပွဲအား ရိုက်လိုက်ပြီးနောက် နီယန်အား စိုက်ကြည့်လိုက်သည်။ နီယန် ငုံ့ကြည့်လိုက်ရာ ရွှေအိုရောင် ခေါက်ဆွဲပြုတ်ရည်ထဲတွင် ယင်ကောင်တစ်ကောင် ပေါလောပေါ်နေသည်အား တွေ့လိုက်ရသည်။
ရွံရှာစရာကောင်းပေစွ.....
နောက်ထပ် လူကောင်ကြီးကြီးနှင့် လူတစ်ယောက်သည်လည်း ရုတ်တရက် ထရပ်လိုက်ကာ ကျယ်လောင်စွာဖြင့် အော်ဟစ်ပြောဆိုလိုက်သည်
"လူတွေ အရင်လာကြည့်ကြပါ ဒီလိမ်ညာပြီး ရောင်းစားနေတဲ့ ဆိုင်ရှင်က ကျုပ်တို့ဆီက ပိုက်ဆံယူကိုတော့ပြီး ခေါက်ဆွဲထဲမှာ ယင်ကောင်တစ်ကောင် ပါနေတာ တွေ့ရတယ် တကယ်လို့များ ကျုပ်တို့ နေမကောင်းဖြစ်သွားရင် ဘယ်သူ့အပြစ်ဖြစ်မလဲ"
ထိုစကားအား ကြားသောအခါ အခြားသော ဖောက်သည်များသည် ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြကာ ဝိုင်းအုံလာကြတော့သည်။ သူတို့သည် ပူးပေါင်းကာ စွပ်စွဲပြောဆိုမှုများအား စတင် ပြုလုပ်ကြတော့သည်။
"ရွံစရာကြီးဟေ့ ယင်ကောင်ကြီး"
"ဒါက တကယ့်ကို သန့်ရှင်းမှု မရှိတာပဲ ဆိုင်ရှင်ရေ ဈေးရောင်းမယ်ဆိုရင် ကိုယ်ချင်းစာတရားလေးတော့ ရှိသင့်တာပေါ့ ဘယ်လိုလုပ်ပြီး ဒီလိုအစားအစာမျိုးကို ငါတို့ကို ကျွေးရတာလဲ"
"ပိုက်ဆံပြန်အမ်း ငါတို့ကို ပိုက်ဆံပြန်အမ်း"
ဖောက်သည်များသည် နီယန်၏ အနားသို့ ဝိုင်းအုံလာကြကာ ပိုက်ဆံပြန်အမ်းရန် တောင်းဆိုနေကြတော့သည်။ တစ်ဆိုင်လုံးတွင် ဒေါသအငွေ့အသက်များ ဖုံးလွှမ်းသွားခဲ့သည်။ ကံကောင်းသည်မှာ နီယန်သည် မိန်းမငယ်လေး တစ်ဦး ဖြစ်နေသဖြင့် ကိုယ်ထိလက်ရောက် ကျူးလွန်သည့် အဆင့်ထိ ရောက်မသွားခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်
မည်သို့ပင်ဖြစ်စေ အဆုံးတွင်တော့ ခေါက်ဆွဲပန်းကန်ထဲတွင် ယင်ကောင်တစ်ကောင် တွေ့ရှိရခြင်းသည် ကျန်းမာရေးအတွက် ကြီးမားသော အန္တရာယ်ပင် မဟုတ်ပါလော။
"အားလုံးပဲ စိတ်အေးအေးထားကြပါရှင်"
နီယန်သည် လူအုပ်ကြီးအား တည်ငြိမ်စွာ ပြောဆိုလိုက်သည်၊ သူမ၏ မျက်နှာတွင် စိတ်ဖိစီးမှု အရိပ်အယောင်မရှိပဲ ဖျော့တော့သည့် အပြုံးတစ်ခုသည် သူမ၏ နှုတ်ခမ်းပါးပေါ်တွင် တွဲခိုနေခဲ့သည်။ သူမသည် လူတိုင်းအား တည်ငြိမ်စွာဖြင့် ကြည့်လိုက်ပြီးနောက်တွင် တွန်းလှန်ရန် ခက်ခဲလှသော သြဇာအာဏာပြည့်ဝသည့် အငွေ့အသက်များ ပေါ်ပေါက်လာခဲ့သည်။
အံ့သြဖွယ် ကောင်းလောက်အောင်ပင် လူအုပ်ကြီးသည် တိတ်ဆိတ်သွားပြီး သူမထံသို့ အာရုံစိုက်လာခဲ့ကြသည်။ ကျူးယုံဟုန်သည် လက်ပိုက်လျက် ဖြစ်ပျက်နေသည့် အခြေအနေများအား ပြဇာတ် တစ်ခုကဲ့သို့ မျှော်လင့်တစ်ကြီး ကြည့်နေခဲ့သည်။ နီယန်သည် ထို အခြေအနေမျိုးမှ နေ၍ မည်ကဲ့သို့ လွတ်အောင်ရုန်းမည် ဆိုသည်အား သူမ သိချင်နေခဲ့သည်။
ဖြစ်ပျက်နေသည့် ပြသာသည် ခေါက်ဆွဲထဲတွင် ယင်ကောင်ပါနေခြင်း ဖြစသည်။ အဆင်ပြေ ချောမွတ်နေအောင် စကား မပြောတတ်လျှင် လူအုပ်ကြီး၏ ဒေါသအား ပြေငြိမ်းစေနိုင်မည် မဟုတ်ချေ။ နီယန်သည် လူအုပ်ကြီးအား ကြည့်ရင်း စကားစ ပြောလိုက်သည်။
"အားလုံးပဲ စိတ်ချလက်ချ နေကြပါ ကျွန်မ နီယန်က ကိုယ့်လိပ်ပြာကိုယ် သန့်တယ် ဂုဏ်သိက္ခာ ဘယ်တော့မှ မကျမခံဖူး ဒီကိစ္စကို ရှင်းလင်းပြတ်သားအောင် လုပ်ပြီး ကျေနပ်လောက်တဲ့ ဖြေရှင်းချက်တစ်ခု ပေးပါ့မယ်"
ကိုယ်လုံးတောင့်တင်းသော လူများထဲမှ တစ်ယောက်သည် ရှေ့ထွက်လာပြီး နှာခေါင်းရှုံ့ကာ ပြောဆိုလိုက်သည်။
"ဟွန်း... မင်းလိပ်ပြာ မင်းသန့်တယ် ဂုဏ်သိက္ခာ အကျ မခံဖူး ဟုဟတ်လား မင်း စကားတွေက သီချင်းဆိုနေသလို နားထောင်လို့တော့ ကောင်းနေတာပဲ ဒါပေမဲ့ ငါနဲ့ ငါ့ညီက အစားအသောက်ထဲမှာ ယင်ကောင်တွေ့ခဲ့တာကွ မင်းရဲ့ ရှင်းပြချက်က ဘာလဲ ဒီနေ့ မင်း အဲ့ဒီယင်ကောင်ကို ကိုယ်တိုင် မစားပြမချင်း ဒီကိစ္စ ပြီးမှာမဟုတ်ဘူး"
"ဟုတ်တယ် ဒီလိမ်ညာရောင်းစားတဲ့ ဆိုင်ရှင်ကို အဲ့ဒီယင်ကောင် သူကိုယ်တိုင် စားခိုင်းရမယ်"
လူအုပ်ကြီးထဲမှ အသံများ ထွက်ပေါ်လာခဲ့သည်။
"စားလိုက် စားလိုက်"
အခြားသူများသည်လည်း စိတ်အား ထက်သန်စွာဖြင့် ဝင်ရောက် အော်ဟစ်ကြတော့သည်။ ထိုအရာအားလုံးကို ကြည့်ရင်း ကျူးယုံဟုန်၏ နှုတ်ခမ်းမဲ့ပြုံးသည် ပိုမို၍ နက်ရှိုင်းလာခဲ့သည်။
‘အယုတ်တမာမ နောက်ဆုံးတော့ နင်နဲ့ ထိုက်တန်တာ ရပြီပေါ့ အခုလောက်ဆို နင် ဘ၀င်မြင့်နိုင်ဦးမလား ဆိုတာ ကြည့်ရသေးတာပေါ့’
နီယန်မှာမူ တုန်လှုပ်ဟန် မရပေ။ သူမသည် ကြီးမားလှသည့် သြဇာအာဏာအား ပြသသည့် ဟန်ဖြင့် လက်များကို ပေါ့ပါးစွာ မြှောက်လိုက်ရာ လူအုပ်ကြီးမှာ ချက်ချင်းပင် တစ်ဖန် ပြန်လည်၍ တိတ်ဆိတ်သွားကြပြန်သည်။
"တကယ်လို့ ဒီယင်ကောင်က ကျွန်မ ချက်ပြုတ်နေတုန်း ကျွန်မဘက်က ပေါ့ဆမှုကြောင့် ခေါက်ဆွဲထဲ ကျသွားတာဆိုရင် ရှင်တို့ ကျွန်မကို စားခိုင်းတာ မှန်ပါတယ် ကျွန်မလည်း ငြင်းမှာ မဟုတ်ပါဘူး ဒါပေမဲ့ ပြဿနာဖြစ်အောင်လို့ တစ်ယောက်ယောက်က တမင်သက်သက် လှုံဆော်ပြီး ဟင်းရည်ထဲ လာထည့်သွားတယ်ဆိုတာ သိသာနေပါတယ် ကျွန်မ နီယန်က အလွယ်တကူ အနိုင်ကျင့်လို့ ရတဲ့သူတော့ မဟုတ်ဘူးနော်"
သူမ၏ လေသံမှာ ပေါ့ပါးကြည်လင်ကာ ရှင်းလင်း ပြတ်သားလျှက် ရှိပြီး လူအုပ်ကြီး၏ နားအတွင်းသို့ ယုံကြည် လက်ခံနိုင်လောက်အောင် စူးရှစွာ ဝင်ရောက်သွားခဲ့သည်။
သူမ၏ စကား တစ်ခွန်းတည်းဖြင့် နီယန်သည် ပြဿနာ၏ အနှစ်သာရအား ဖမ်းဆုပ်နိုင်ခဲ့ပေသည်။ လူအုပ်ကြီးမှာ ဇဝေဇဝါဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။
ထူးဆန်းမနေခဲ့ဘူးလား.... သူတို့သည် နီယန်၏ ခေါက်ဆွဲအား စားလာတာ ကြာပြီ ဖြစ်ကာ မည်သူမှ သူတို့ စားနေသည့် ပန်းကန်ထဲတွင် ယင်ကောင် တစ်ကောင် ဆံပင်တစ်ပင်တောင် မတွေ့ဖူးကြပေ။ အဘယ်ကြောင့် ထိုလူ နှစ်ဦးတွင်မှ ယင်ကောင် တွေ့ရသနည်း။
ထိုအချက်အား တွေးမိလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့အားလုံး၏ အကြည့်များသည် တောင့်တင်းခိုင်မာသော လူနှစ်ဦး ထံသို့ ရောက်ရှိသွားကြလေသည်။
ထိုလူနှစ်ယောက်၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ဖြတ်သန်းသွားခဲ့သည်။ နီယန်သည် ဤမျှ တည်ငြိမ်စွာ တုံ့ပြန်လျှက် ထိုကဲ့သို့သော အဓိက အချက်အား ထောက်ပြလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
သူတို့၏ မျက်လုံးထဲတွင် နီယန်သည် ရိုးအ နုံချာသည့် မိန်းကလေးငယ်တစ်ဦး ဖြစ်ကာ လှပချောမောသည့် တိုင်အောင် ထူးခြားမှဒ တစ်စုံတစ်ရာ မရှိသည့် တစ်ဦးသာ ဖြစ်သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် သူမ ပြာယာခတ် သွားလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် နီယန်သည် လူကြီး တစ်ယောက်ထက်ပင် ပို၍ တည်ငြိမ်နေခဲ့သေးသည်။ ဤသည်မှာ အမှန်တကယ် ထူးဆန်းလှပေသည်။
သူတို့သည် အခြားသော ပျံကျဈေးသည်များကိုလည်း အလားတူ လုပ်ရပ်မျိုး လုပ်ခဲ့ဖူးလေသည်။ အများစုသည် ငြိမ်းချမ်းရေးကိုသာ ရွေးချယ်ကာ ပြဿနာ မတက်စေရန် အတွက် သူတို့အား တိတ်တိတ်ပုန်း ပိုက်ဆံပေးကာ တောင်းပန်လေ့ရှိကြသည်။ အဘယ်ကြောင့် နီယန် နှင့် တွေ့ချိန်တွင် အရင်ကကဲ့သို့ အလုပ်မဖြစ်ရသနည်း။
မဖြစ်ပေ။ ယနေ့တွင် သူတို့သည် နီယန်၏ ဂုဏ်သိက္ခာအား ညှိုးနွမ်းအောင် လုပ်ရမည် ဖြစ်သည်။ ထိုသို့ မဟုတ်လျှင် သူတို့၏ မျက်နှာပျက်ရပေလိမ့်မည်။ ထိုသို့ ဆုံးဖြတ်ချက်ချ ပြီးနောက်တွင် လူတစ်ယောက်သည် ဒေါသတကြီးဖြင့် နီယန်အား စိုက်ကြည့်ကာ ပြောလိုက်သည်။
"ငါတို့ကို ယင်ကောင် တမင်ယူလာပြီး နင့်ကို အကွက်ဆင်တယ်လို့ စွပ်စွဲနေတာလား"
"မဟုတ်ဘူးလား"
နီယန်မှ ပြောင်ပြောင်တင်းတင်း တုန့်ပြန်သည့်ပုံစံဖြင့် မျက်ခုံးပင့်ကာ ပြန်မေးလိုက်လေသည်။ ထိုအပြုအမူသည် အခြားသော လူတစ်ယောက်အား ဒေါသထွက်စေကာ ချက်ချင်းပင် ဒေါသတကြီးဖြင့် အော်ပြောလိုက်လေသည်။
"ဘာလို့ အဓိပ္ပာယ် မရှိတာတွေ လာပြောနေတာလဲ ငါက ဘာကိစ္စ မင်းကို အကွက်ဆင်ရမှာလဲ ဒီနေ့ မင်းသာ ကိုယ့်ကိုယ်ကိုယ် ရှင်းလင်းအောင် မရှင်းပြနိုင်ရင် မင်းဆိုင်ကို ငါ ဖျက်ဆီးပစ်မယ် မင်း တစ်ဘဝလုံး ဈေးရောင်း မစားနိုင်အောင်ကို လုပ်ပစ်မယ်"
နီယန်သည် စားပွဲပေါ်သို့ သူမ၏ လက်အား ညင်သာစွာ တင်လိုက်လေသည်။ မျက်လှည့်ပြလိုက်သကဲ့သို့ပင် ထိုလူသည် မည်မျှပင် ပြင်းပြင်းထန်ထန် ကြိုးစားကာ စားပွဲအား ရွေ့နေပါစေ စားပွဲအား တစ်လက်မမျှပင် ရွေ့အောင် မလုပ်နိုင်တော့ချေ။
ထို တုတ်ခိုင်သန်မာသည့် လူကြီးသည် နီယန်အား ဇဝေဇဝါ ဖြစ်စွာ တစ်ချက်ကြည့်လိုက် ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် တံတွေးမြိုချလိုက်သည်။ ဤမျှ ပိန်ပိန်ပါးပါးရှိသည့် မိန်းကလေးငယ်လေးသည် ထိုမျှလောက် အားအင်ကြီးမားသည်လား.....
စိတ်ထင်လို့များလား.....
နီယန်သည် မတုန်မလှုပ်ဖြင့် မြေပြင်တွင် ဆွဲမြဲစွာ ရပ်နေခဲ့ကာ လက်တစ်ဖက်အား စားပွဲပေါ်တွင် တင်ထားကာ ကျန်လက်တစ်ဖက်ဖြင့် တူတစ်စုံအား ကောက်ယူလိုက်သည်။ သူမသည် ဟင်းရည်ထဲမှ ယင်ကောင်အား တူဖြင့် ညှပ်လိုက်ပြီးနောက် လူအုပ်ကြီးကို ပြောလိုက်လေသည်။
"အားလုံး သေချာ လာကြည့်ကြပါ ဒါက အကောင်းပကတိအတိုင်း ရှိနေသေးတဲ့ ယင်ကောင်ပါ အကယ်လို့ ကျွန်မ ချက်ပြုတ်နေတုန်း ခေါက်ဆွဲထဲ ကျသွားတာဆိုရင် အခုလောက်ဆို ပြုတ်ထားတာမို့လို့ ပျော်သွားလောက်ပြီ သူ့ခန္ဓာကိုယ်က ဒီလောက်ထိ အကောင်းပကတိ အတိုင်း ကျန်နေမှာ မဟုတ်ဘူး ပြီးတော့ ယင်ကောင်ရဲ့ အတောင်ပံတွေက ခြောက်သွေ့နေပြီးတော့ ဟင်းရည်နဲ့တောင် မထိထားဘူး ဒါက တစ်ယောက်ယောက်က ပန်းကန်ထဲကို ခုလေးတင် ပစ်ချလိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ အကယ်လို့များ ကျွန်မ ပြောတာကို မယုံရင် ကျွန်မပြောတာကို အဓိပ္ပာယ်မရှိဖူးလို့ ထင်ရင် ရှင်တို့ဘာသာ လာစစ်ဆေးကြည့်လို့ ရပါတယ်"
နီယန်သည် ယုတ္တိရှိရှိနှင့် ယုံကြည် လက်ခံနိုင်လောက်အောင် ပြောလိုက်သဖြင့် သံသယဖြစ်စရာ နေရာလပ် မကျန်တော့ပေ။ သူမ ပြောသည်အား ကြားသောအခါတွင် လူအုပ်ကြီးသည် နီယန်၏ ဘေးတွင် စုဝေးလာကြကာ သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြသည်။
"ဆိုင်ရှင်ပြောတာ ဟုတ်တယ် ယင်ကောင်ရဲ့ ကျောက တကယ်ကြီး ခြောက်နေတာပဲ"
"သူပြောတာ အဓိပ္ပာယ်ရှိတယ် အဓိပ္ပာယ်ရှိတယ်"
"တောင်းပန်ပါတယ် ဆိုင်ရှင်ရေ ခုနက ကျွန်တော့်စကားတွေ နည်းနည်းလွန်သွားတယ်"
"အဲ့ဒီနှစ်ယောက်ကြောင့် ဖြစ်ရတာ သူတို့သာ ပြဿနာ မရှာရင် ငါတို့လည်း ဒီလို လုပ်မိမှာ မဟုတ်ဘူး..."