အခန်း (၅၁)
Vol. 4 Ch. 51
အခန်း (၅၁) - ပါတီပွဲ ကျင်းပခြင်းနှင့် ကျန်းနန်မှ စတိုင်ကျကာ နာမည်ကြီးသော ဆရာဝန်
"ကွေ့ပေါင် ဂေါ်တန် ရောက်လာကြပြီလား"
နီယန်သည် လှည့်ကြည့်လိုက်ကာ ပြုံးပြလိုက်လေသည်။ နီယန်နှင့်အတူ ရက်အနည်းငယ်ကြာ နေထိုင်ပြီးသည့် နောက်တွင် ယန်ကွေ့ပေါင်လေးသည် ကျင်းဟွာရွာတွင် သူ့အတွက် ဒုတိယမြောက် သူငယ်ချင်းဖြစ်သူ ဂေါ်တန်လေးနှင့် ရင်းနှီးသွားခဲ့ပြီ ဖြစ်သည်။
သူတို့နှစ်ယောက်စလုံးသည် ရွယ်တူများဖြစ်သည့် အလျှောက် အလွန်ပင် ဆက်ဆံရေး ကောင်းကြ၏။ ဤကလေးငယ်လေး နှစ်ယောက်အား မြင်လိုက်လိုက်ရချိန်တွင် ပြီးခဲ့သည့်အကြိမ်၌ ရွာအဝင်ဝတွင် သူမအား ကူညီပေးခဲ့ကြသည့် အခြားကလေးများကို နီယန် သတိရသွားသဖြင့် ယန်ကွေ့ပေါင်အား မေးလိုက်သည်။
"ကွေ့ပေါင် မောင်လေး သူငယ်ချင်းတွေ ထပ်လိုချင်သေးလား"
"လိုချင်တာပေါ့"
ယန်ကွေ့ပေါင်မှ ခေါင်းညိတ်လိုက်သည်။ နီယန်သည်လည်း ခေါင်းညိတ်လိုက်ပြလိုက်ကာ ဆက်ပြောလိုက်သည်။
"ကောင်းပြီ"
ထို့နောက် သူမသည် ဂေါ်တန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဂေါ်တန် ရွာထဲသွားပြီး တခြားကလေးတွေကို ဒီမှာ လာဆော့ဖို့ သွားခေါ်ပေးနိုင်မလား မမနီယန်က အိမ်မှာ ပါတီပွဲ လုပ်မလို့ဆိုတာကိုလည်း ထည့်ပြောလိုက်နော်"
"လှေကားတစ်စင်းလား"
ဂေါ်တန်သည် နီယန်အား ဇဝေဇဝါဖြင့် ကြည့်လိုက်မိသည်။
"လှေကားတက်မယ်ဆိုတာ ဘာကို ပြောတာလဲ"
‘ဒီမှာ လှေကားတွေ ရှိလို့လား’
ယန်ကွေ့ပေါင်သည် ရယ်မောရင်း နားလည်မှု လွဲနေသည်အား ပြင်ပေးလိုက်သည်။
"ဟာ လှေကားတက်တာ မဟုတ်ဘူးကွ ပါတီပွဲပါဆို အဲ့ဒါက အတူတူ ဆုံကြမယ်ဆိုတဲ့ အဓိပ္ပာယ်လေ မမက အိမ်မှာ ပါတီပွဲ လုပ်ပေးမှာ ဂေါ်တန် မင်းသွားပြီး လူသွားခေါ်လိုက်တော့"
"အော်"
ဂေါ်တန်လေးသည် နားလည်သလိုလိုဖြင့် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ငါ အခု သွားခေါ်လိုက်မယ်"
သူသည် ပါတီပွဲဆိုသည်အား တစ်ခါမျှ မပါဝင်ဖူးခဲ့သလို ၎င်း၏ အဓိပ္ပာယ်အမှန်ကိုလည်း မသိရှိပေ။ သို့သော် အလျင်အမြန်ပင် ပြေးထွက်သွားလေသည်။
ဂေါ်တန် မရှိခိုက် အခွင့်ကောင်းယူကာ နီယန်သည် ပေါင်မုန့်မီးဖိုထဲမှ မီးအား အမြန်ရှင်းလင်းလိုက်ပြီး ပေါင်မုန့်နှင့် လှီးထားသော သစ်သီးများအား စတင်၍ ဖုတ်လေတော့သည်။ ယန်ကွေ့ပေါင်သည် စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"မမ သစ်သီးကိုလည်း ဖုတ်လို့ ရတာလား"
နီယန်မှ ပြုံးလျှက် ခေါင်းညိတ်ပြလိုက်သည်။
"သစ်သီးကို ဖုတ်လိုက်ရင် ကြွပ်ရွတဲ့ သစ်သီးခြောက် ဖြစ်သွားပြီး အရသာ အရမ်းကောင်းတယ်"
နီယန် လုပ်ထားသော ကိတ်မုန့်အား စားဖူးထားသဖြင့် ယန်ကွေ့ပေါင်မှာ တံတွေးမမြိုဘဲ မနေနိုင်တော့ချေ။ မကြာမီ အချိန်အတွင်းမှာပင် ဂေါ်တန်သည် ရွာထဲမှ ကလေးများအားလုံးကို နီမိသားစုအိမ်သို့ ခေါ်ဆောင်လာခဲ့သည်။
"မင်္ဂလာပါ မမနီယန်"
ကလေးအားလုံးသည် သူမအား အလွန် ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။
ရုတ်တရက် လူအများကြီးအား မြင်လိုက်ရသည့် အချိန်တွင် ယန်ကွေ့ပေါင်လေးသည် အနည်းငယ် ကြောက်လန့်သွားခဲ့သည်။ အဆုံးသတ်တွင်မူ သူသည် မိဘများနှင့် အဘိုးအဘွားများ၏ အရိပ်အောက်တွင်သာ အမြဲနေထိုင်ခဲ့ရသူ ဖြစ်သည်။ သူသည် ချက်ချင်းပင် နီယန်၏ နောက်၌ ဝင်ပုန်းလိုက်ပြီးနောက် သူ့၏ ပွယောင်းယောင်း ခေါင်းလေးကိုသာ ဖော်ထားလေသည်။ နီယန်မှ သူ့ခေါင်းလေးအား ပွတ်သပ်ပေးပြီးနောက် ပြုံးလျက် ပြောလိုက်သည်။
"စိတ်မလှုပ်ရှားပါနဲ့ အားလုံးကို နှုတ်ဆက်လိုက်အုန်းလေ"
ဂေါ်တန်သည် ယန်ကွေ့ပေါင်၏ လက်အား တိုက်ရိုက် ဆွဲယူလိုက်ကာ လူတိုင်းရှေ့သို့ ဆွဲခေါ်လာလျှက် စိတ်အားထက်သန်စွာ မိတ်ဆက်ပေးလိုက်သည်။
"ဒါက ဖက်တီး ဒါက ရှောင်ဟွား ဒါက ရှောင်မင် ဒါက ထျဲ့တန် ဒါက ကော်ချန်..."
အားလုံးသည် ယန်ကွေ့ပေါင်အား ဖော်ရွေသော အပြုံးများဖြင့် ပြုံးပြလိုက်ကြသည်။ ပုံမှန်ဆိုလျှင် မိဘများ၏ သွန်သင်မှုများကြောင့် ဤကလေးများသည် ယန်ကွေ့ပေါင်နှင့် ဆက်ဆံရန် ကြောက်ရွံ့ကြလိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ သူတို့မျက်လုံး၏ထဲတွင် ယန်ကွေ့ပေါင်သည် ရောဂါသည်ကောင်လေး တစ်ယောက်သာ ဖြစ်သည်။
သို့သော် ဤနေရာသို့ လာရာလမ်းတွင် ဂေါ်တန်လေး၏ နားချမှုများကြောင့် ယခုအခါ သူတို့သည် ယန်ကွေ့ပေါင်အား မည်သည့် အထင်သေးသည့် ပုံစံမျိုးနှင့်မျှ မကြည့်ကြတော့ချေ။
တဖြည်းဖြည်းနှင့် ယန်ကွေ့ပေါင်သည် ရှက်ရွံ့ခြင်း မရှိတော့ဘဲ လူတိုင်းနှင့် အလျင်အမြန် ရောနှောနိုင်သွားခဲ့ကာ ခြံဝင်းထဲတွင် ဆော့ကစားကြလေတော့သည်။
ခြံဝင်းထဲတွင် ဆူညံပွက်လောရိုက်နေသော ကလေးများအား ကြည့်လျှက် နီယန်၏ မျက်လုံးများတွင် ကြယ်ရောင်လေးများ တောက်ပလာခဲ့ကာ သူမ၏ မျက်လုံးများသည်လည်း လခြမ်းကွေးပုံလေးများ ဖြစ်သွားခဲ့ပြီး တောက်ပလှကာ မျက်စိပသာဒ ဖြစ်စရာ ဖြစ်နေခဲ့သည်။
ခဏကြာသောအခါ နီယန်သည် ဖုတ်ထားသော ပေါင်မုန့်နှင့် သစ်သီးခြောက်များအား ယူဆောင်လာခဲ့ကာ ခြံဝင်းထဲရှိ ကျောက်စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် လှမ်းခေါ်လိုက်လေသည်။
"ဂေါ်တန် ကွေ့ပေါင် အားလုံးကို မုန့်စားဖို့ ခေါ်လာခဲ့ကြ"
ကလေးအားလုံးသည် နီယန်၏ ဘေးတွင် ဝိုင်းအုံလာကြကာ ရွှေရောင်သန်းနေသော ပေါင်မုန့်နှင့် လှပသော သစ်သီးခြောက်များကို ကြည့်ကာ သူတို့၏ မျက်လုံးများထဲတွင် လိုချင်တပ်မက်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
၈၀ ခုနှစ်များတွင် ကလေးများသည် မုန့်ပဲသရေစာ စားရခဲပြီး အချို့ဆိုလျှင် ပေါင်မုန့်ကိုပင် တစ်ခါမှ မမြင်ဖူးကြပေ။ သို့သော် အရသာရှိလှသော ပေါင်မုန့်နှင့် သစ်သီးခြောက်များအား မြင်ရသော်လည်း ကလေးများသည် အလုအယက် မလုပ်ကြချေ။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အလွန် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံကြသည်။
ဤကလေးများသည် ကျေးလက်တွင် ကြီးပြင်းလာကြသည့် တိုင်အောင် လိုအပ်သော အမူအကျင့်နှင့် ယဉ်ကျေးမှုများ ရှိကြသေးသည်။
"မမနီယန်က သိပ်တော်တာပဲ"
"ဝိုး အရမ်းစားလို့ ကောင်းတယ်"
"ကျေးဇူးတင်ပါတယ် မမနီယန်"
အစားအသောက်များ စားပြီးနောက် နီယန်သည် အချဉ်ဖောက်ထားသော ဂျုံမုန့်လုံး တစ်လုံးအား ထုတ်ပေးလိုက်ပြီးနောက် ကလေးများအား သူတို့ကြိုက်နှစ်သက်ရာ ပုံစံမျိုးစုံ ဖန်တီးစေကာ ပေါင်မုန့်မီးဖိုထဲတွင် ထည့်၍ ဖုတ်ပေးလေသည်။
ကလေးများ၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် လက်မှုပညာ စွမ်းရည်များသည် အလွန်ကောင်းမွန်လှကာ မကြာမီမှာပင် သူတို့သည် ဂျုံမုန့်များအား တိရစ္ဆာန်ပုံစံမျိုးစုံ ပုံဖော်လိုက်ကြသည်။
"ကြည့် ငါ မမပုံ လုပ်ထားတယ်"
ယန်ကွေ့ပေါင်က သူ့၏ ပေါင်မုန့်ရုပ်လေးအား စိတ်လှုပ်ရှားစွာ မြှောက်ပြလိုက်သည်။
"ဒါက မမနီယန်နဲ့ မတူပါဘူး ငါ့ဟာကမှ တူတာ"
ရှောင်ဟွာသည်လည်း သူမ၏ ပေါင်မုန့်ရုပ်အား ထုတ်ပြလိုက်သည်။
"မဟုတ်ဘူး ငါ့ဟာက သူ့ပုံနဲ့ ပိုတူတယ်"
ဂေါ်တန်သည်လည်း အားကျမခံ သူ့၏ ဂျုံရုပ်အား ထုတ်ပြလိုက်သည်။
ခြံဝင်းထဲတွင် ရယ်မောသံများနှင့် သက်ဝင်လှုပ်ရှားနေသည့် စကားသံများဖြင့် ပြည့်နှက်နေခဲ့သည်။ နီချွေ့ဟွာသည်လည်း နီယွန်လေးအား ပွေ့ချီကာ ပျော်ပွဲရွှင်ပွဲတွင် ပါဝင်ရန် ထွက်လာခဲ့လေသည်။
"အမေ ဒီပေါင်မုန့် ယူလိုက်"
နီယန်သည် ပေါင်မုန့်ကင် တစ်ဖဲ့အား နီချွေ့ဟွာထံ ကမ်းပေးလိုက်သည်။ နီချွေ့ဟွာမှ ပြုံး၍ ပြန်ပြောလိုက်သည်။
"အမေ အခု ဗိုက်မဆာသေးဘူး သမီးပဲ ယူပြီး ကလေးတွေကို ပေးလိုက်ပါ"
ဤမျှ ဖြူစင်လှသည့် ကလေးများအား ကြည့်နေရုံဖြင့်ပင် သူမ ဘာမှမလုပ်လျှင်တောင် စိတ်ချမ်းသာရလေသည်။
"ဒေါ်ဒေါ်ဟွာ ဒေါ်ဒေါ် ပွေ့ထားတာ မောင်လေးလား ညီမလေးလားဟင်"
ဖက်တီးနှင့် ထျဲ့တန်တို့သည် စပ်စုချင်စိတ်ဖြင့် နီချွေ့ဟွာ၏ လက်မောင်းထဲရှိ ကလေးအား ပိုမိုသေချာစွာ မြင်ရရန် ခြေဖျားလေးများ ထောက်လျှက် ကြည့်လိုက်ကြသည်။
နီချွေ့ဟွာသည် ကလေးများနှင့် မျက်နှာချင်းဆိုင် ဖြစ်စေရန် ကိုယ်ကို တစ်ဝက်လောက် ကိုင်းလိုက်ပြီး ပြုံးလျက် ပြောပြလိုက်သည်
"ဒါက ညီမလေးပါ နာမည်က နီယွန် တဲ့ သားတို့ သူ့ကို ယွန်ယွန်လို့ ခေါ်လို့ရတယ်"
ဖက်တီးမှ ဂရုတစိုက် မေးလိုက်သည်။
"ဒေါ်ဒေါ်ဟွာ ကျွန်တော် သူ့ကို ထိကြည့်လို့ ရမလား"
နီချွေ့ဟွာက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ရတာပေါ့"
ဖက်တီးလေးသည် သူ၏ ဖိုင့်ဖိုင့်ကလေး လက်ချောင်းလေးကို ဆန့်ထုတ်ပြီး နီယွန်း၏ ပါးပြင်ကို ဖွဖွလေး တို့ထိလိုက်သည်။ တိုက်ဆိုင်၍လား မပြောတတ်ချေ။ ထိုအချိန်တွင် နီယွန်လေး ရယ်မောလိုက်သည်။ ဖက်တီးနှင့် ထျဲ့တန်တို့ စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်ကြပြီးနောက် ပြောလိုက်ကြသည်။
"သူ ပြုံးနေတယ် သူ ပြုံးနေတယ်"
တစ်ချိန်တည်းမှာပင်....
မိုမိသားစု ဗီလာအိမ်ရာ
ရဲစခန်းမှ ပြန်လွတ်လာသည်နှင့် မိုမိသားစု အိမ်တော်သို့ အမြန်ပြန်လာခဲ့သည့် မိုဘိုင်ချွမ်းသည် ယူနီဖောင်းကိုပင် မလဲနိုင်ခဲ့ပေ။ အသက်ကြီးရင့်နေပြီဖြစ်သော သခင်မကြီးမိုသည် ဆိုဖာပေါ်တွင် ထိုင်ကာ သူ့အား စိုးရိမ်တကြီး စောင့်မျှော်နေခဲ့သည်။ သူမ မြေးဖြစ်သူနှင့် နောက်ဆုံးတွေ့ခဲ့သည်မှာ နှစ်သစ်ကူးကာလတွင် ဖြစ်သည်။ အခြေစိုက်စခန်းမှ ဘဝသည် အခြားနေရာများထက် ပိုမို အလုပ်များပြီး ရာထူးကြီးလေလေ ပိုအလုပ်ရှုပ်လေလေ ဖြစ်သည်။ မိုဘိုင်ချွမ်းတစ်ယောက် အလုပ် အလွန်ရှုပ်လွန်းနေသဖြင့် သခင်မကြီးမိုသည် သူမ၏ မြေးအကြီးဆုံး ဘယ်လိုပုံစံရှိမှန်းကိုပင် မမှတ်မိချင်တော့ပေ။
မိုဘိုင်ချွမ်း အိမ်ရှေ့တံခါးအား ဖြတ်ကျော်ဝင်လာသည်နှင့် သခင်မကြီးမိုသည် ချက်ချင်း ဖက်လိုက်ပြီးနောက် ပြောလိုက်သည်။
"ချွမ်းချွမ်း ငါ့မြေးအကြီးဆုံးလေး အဘွား မင်းကို အရမ်းလွမ်းနေတာ"
"အဘွား"
မိုဘိုင်ချွမ်းသည်လည်း လက်ကမ်းပေးပြီး သခင်မကြီးမိုအား ပြန်လည်၍ ဖက်လိုက်လေသည်။ အဘွားနှင့် မြေးတို့ ပွေ့ဖက်နေသော မြင်ကွင်းသည် အလွန် ကြည်နူးစရာ ကောင်းလှသည်။ မိုဘိုင်ချွမ်းသည် သခင်မကြီးမိုအား ဆိုဖာဆီသို့ တွဲပို့ပေးရင်း ပြောလိုက်သည်။
"အဘွား ဒီရက်ပိုင်း နေကောင်းရဲ့လား ဟိုတလောက အဘွား အစားသိပ်မဝင်ဘူးလို့ ဒေါ်လေးဝူ ပြောတာ ကြားတယ်"
သခင်မကြီးမိုမှ ပြန်ဖြေလိုက်သည်။
"အခု အဘွား အဆင်ပြေသွားပါပြီ ဒါပေမဲ့ အဲ့ဒါက ပေချန်ရဲ့ ကျေးဇူးကြောင့်ပါ တကယ်လို့သာ သူ ငါ့ဆီကို မနက်တိုင်း ငါးချဉ်ဟင်းရည် ခေါက်ဆွဲ ပို့မပေးခဲ့ရင် ငါ အစာငတ်ပြီး သေလောက်ပြီ"
အစာငတ်သည်ဟု သူမ ပြောလိုက်ခြင်းမှာ ချဲ့ကား ပြောနေခြင်းမျိုး မဟုတ်ချေ။ သခင်မကြီးမို အစားအသောက် ပျက်သွားသော အချိန်တွင် သူမသည် မည်သည်ကိုမှ စားမဝင်ခဲ့ပေ။ သူမ အသက် ၈၉ နှစ် ရှိနေပြီဖြစ်ရာ အနည်းငယ်သော မအီမသာ ဖြစ်မှုကပင် သူမ၏ အသက်အား တိုက်ရိုက် အန္တရာယ် ပေးနိုင်လေသည်။ မိုဘိုင်ချွမ်းမှ ဆက်ပြောလိုက်သည်။
"ပေချန်က သိတတ်ပါတယ် ကျွန်တော် မရှိတုန်း သူ ဂရုစိုက်ပေးခဲ့တဲ့အတွက်လည်း သူ့ကို ကျေးဇူးတင်ပါတယ်"
သခင်မကြီးမိုသည် မိုဘိုင်ချွမ်း၏ လက်အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီးနောက် ပြောလိုက်သည်။
"မင်းတို့အားလုံးက လူကြီးသူမကို ရိုသေတဲ့ ကလေးလိမ်မာလေးတွေပါ"
"ဒါနဲ့ ဒီရက်ပိုင်း ရှောင်တျယ်ရဲ့ အခြေအနေ ဘယ်လိုလဲ"
မိုဘိုင်ချွမ်းမှ မေးလိုက်သည်။ မိုဟူတျယ်၏ ရောဂါသည် ကုသ၍ မရလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ထိုအကြောင်းအား ပြောလိုက်သည်နှင့် သခင်မကြီးမို၏ မျက်နှာထား မှောင်မိုက်သွားခဲ့ကာ....
"အရင်တိုင်းပါပဲ..."
မိုဘိုင်ချွမ်းမှ ဆက်လက်၍ ပြောလိုက်သည်။
"ရှောင်တိရဲ့ ရောဂါကို ကုပေးနိုင်မယ့် ကျန်းနန်က နာမည်ကြီး ဆရာဝန်တစ်ယောက်အကြောင်း ကြားမိသလိုပဲ"
သခင်မကြီးမိုမှ သက်ပြင်းချလိုက်ကာ ပြန်လည် ပြောပြလိုက်သည်။
"ငါတို့ သူ့ကိုဖိတ်ဖို့ လူလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီဆရာဝန်က မာနကြီးပြီး မို ဒါမှမဟုတ် ယန် ဆိုတဲ့ မျိုးရိုးနာမည်နဲ့ လူတိုင်းကို ကုပေးဖို့ ငြင်းလွှတ်လိုက်တယ်။ အဘွားတို့ မိသားစုနှစ်ခုက သူ့ကို ဘယ်လို စိတ်ငြိုငြင်အောင် လုပ်မိလဲဆိုတာ အဘွားတော့ လုံးဝကို မသိတော့ဘူး"
"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ"
မိုဘိုင်ချွမ်းမှ မျက်မှောင်ကြုတ်လိုက်မိသည်။ ရုတ်တရက် သခင်မကြီးမိုသည် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ပြောလိုက်သည်။
"ဟုတ်သားပဲ ချွမ်းချွမ်း အဲ့ဒီ ကျန်းနန်ဆရာဝန်ကို ရှန်းရှန်းက ထောက်ခံပေးခဲ့တာ မင်း အားရင် ရှန်းရှန်းကို အဲ့ဒီအကြောင်း မေးကြည့်ပါလား အဲ့ဒီဆရာဝန် လာအောင် သူများ ဖျောင်းဖျပေးနိုင်မလားလို့"
မိုဘိုင်ချွမ်း ခေါင်းညိတ်လိုက်သည်။ သခင်မကြီးမိုသည် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"ရှန်းရှန်းက အရမ်း စာနာတတ်တာပဲ ရှောင်တျယ်ရဲ့ ရောဂါကို သတိရနေသေးတယ် တကယ်လို့ ကျန်းနန်က အဲ့ဒီဆရာဝန်သာ ရှောင်တျယ်ကို တကယ် ပျောက်အောင် ကုပေးနိုင်ရင် ရှန်းရှန်းက ငါတို့ မိသားစုရဲ့ ကျေးဇူးရှင်အစစ် ဖြစ်လာမှာပဲ..."
ထိုအချိန်မှာပင် သေသပ်စွာ ချုပ်လုပ်ထားသော ဝတ်စုံပြည့်အား ဝတ်ဆင်ထားသည့် ဆုန်းပေချန်သည် တံခါးပေါက်မှ ဝင်လာခဲ့သည် မိုဘိုင်ချွမ်းသည် ဆိုဖာမှ ချက်ချင်း ထရပ်လိုက်ကာ ခန့်ညားသော မျက်နှာတွင် ရှားရှားပါးပါး အပြုံးတစ်ခုဖြင့် သူ့ထံသို့ လျှောက်သွားလိုက်ကာ လက်များကို အနည်းငယ် ဖွင့်ထားလိုက်ပြီးနောက် ပြောလိုက်သည်။
"ပေချန်"
ဆုန်းပေချန်သည် မိုဘိုင်ချွမ်းအား ဖက်လိုက်ပြီးနောက်
"ကိုကြီးသုံး ပြန်လာတာ ကြိုဆိုပါတယ်"
သူတို့နှစ်ဦး တင်းတင်းကျပ်ကျပ် ဖက်လိုက်ကြသည်။ တစ်ယောက်သည် စမတ်ကျသော ယူနီဖောင်းနှင့် ဖြစ်ပြီး နောက်တစ်ယောက်သည် သေသပ်စွာ ချုပ်လုပ်ထားသော ဝတ်စုံပြည့်နှင့် ဖြစ်သည်။ ပထမတစ်ယောက်သည် တော်လှန်ပုန်ကန်တတ်ကာ အေးစက်လှသည့် ထိပ်တန်း အထက်တန်းလွှာ တစ်ဦး၏ ကြောက်ရွံ့ဖွယ်ရာ အရှိန်အဝါတစ်ခုအား ထုတ်လွှတ်နေခဲ့သည်။ နောက်တစ်ယောက်မှာမူ အရပ်ရှည်ရှည်နှင့် မတ်မတ်ရပ်နေပြီး မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပကာ ပညာရှင်ဆန်သော အရှိန်အဝါတစ်ခုအား ထုတ်လွှတ်နေခဲ့သည်။
သူတို့ နှစ်ဦးစလုံး အတူတူ ရပ်နေကြသည်မှာ မည်သည်ကိုမှ လုပ်မနေလျှင်ပင် မျက်စိပသာဒ ဖြစ်စရာ မြင်ကွင်းတစ်ခု ဖြစ်နေခဲ့ကာ ရုပ်ရှင်ဖန်သားပြင်ပေါ်မှ မင်းသားချောလေးများထက်ပင် သာလွန်နေခဲ့သည်။ ထို့အပြင် အသက်တစ်နှစ်သာ ကွာခြားသည့် ထို ညီအစ်ကို နှစ်ယောက်သည် အခြားမိသားစုများမှ သွေးသားအရင်းအချာ ညီအစ်ကိုများထက်ပင် ပိုမိုကောင်းမွန်သော သံယောဇဉ်ဖြင့် ငယ်စဉ်ကတည်းမှ ရင်းနှီးကျွမ်းဝင်ခဲ့ကြသူများ ဖြစ်ကြသည်။