← Chapters

အခန်း (၅၃)

Vol. 4 Ch. 53

အခန်း (၅၃)

Vol. 4 Ch. 53

အခန်း (၅၃) - မင်းကို သွားခွင့်မပေးဘူး

မိုဘိုင်ချွမ်းသည် ခြေလှမ်းကျဲကြီးများဖြင့် အမြန်ပြေးသွားကာ မိုဟူတျယ်အား ပွေ့ထူလိုက်ပြီးနောက် သူမ၏ ခါးအောက်တွင် ခေါင်းအုံးတစ်ခု ခုပေးလိုက်သည်။

"ရှောင်တျယ် ဒီရက်ပိုင်း ဘယ်လိုနေလဲ စားချင်တာ ဘာရှိလဲ ကိုကြီးပိုင်ချွမ်း ညီမလေးအတွက် သွားဝယ်ပေးမယ်"

မိုဟူတျယ်၏ နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာခဲ့ကာ ပြောလိုက်သည်။

"ကိုကြီးပိုင်ချွမ်း ညီမလေး အများကြီး သက်သာပါတယ် စိတ်မပူပါနဲ့"

ငယ်စဉ်ကတည်းက မိုဟူတျယ်သည် အမြဲလိုလို ထောက်ထားညှာတာ တတ်သူ တစ်ဦး ဖြစ်သည်။ ပြင်းထန်လှသည့် ရောဂါဝေဒနာအား ခံစားနေရသည့်တိုင်အောင် သူမသည် နာကျင်မှုအတွက် တစ်ခါမျှ မညည်းညူဖူးခဲ့သလို မျက်ရည်လည်း မကျဖူးခဲ့ပေ။

သူမသည် ဘေးလူများအား ဒုက္ခမပေးလိုသဖြင့် ရောဂါ၏ နှိပ်စက်မှုဒဏ်ကိုလည်း တိတ်တဆိတ် ကြိတ်မှိတ် သည်းခံနေခဲ့ရှာလေသည်။ သူမ၏ နားလည်မှုရှိလှသည့် အပြုအမူ သဘောသဘာဝများကြောင့် လူအများသည် သူမအား နက်နက်ရှိုင်းရှိုင်း ဂရုစိုက်ကြလေသည်။

အဘွားမိုသည် တစ်ဖက်သို့ လှည့်ကာ သူမ၏ မျက်ရည်များအား တိတ်တဆိတ် သုတ်လိုက်မိသည်။ မျက်လှည့်ပြလိုက်သကဲ့သို့ပင် ဆုန်းပေချန်သည် သူ့နောက်ကျောမှ အရုပ်လေးတစ်ရုပ်အား ထုတ်လိုက်ကာ ပြောလိုက်သည်။

"ရှောင်တျယ် ဒါ ဘာလေးလဲဆိုတာ ခန့်မှန်းကြည့်"

မိုဟူတျယ်၏ မျက်လုံးများ တောက်ပသွားခဲ့ကာ ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။

"ဖားရုပ်လေးလား"

"မှန်တယ် ဖားရုပ်လေး"

ဆုန်းပေချန်သည် သံပတ်ပေးလိုက်ပြီးနောက် သံဖားရုပ်အား ဘေးရှိ စားပွဲပေါ် တင်လိုက်ရာ ဖားရုပ်လေးမှာ ခုန်ဆွခုန်ဆွဖြင့် လှုပ်ရှားလာတော့သည်။

မိုဟူတျယ်သည် အစိမ်းရောင် သံဖားရုပ်လေးအား လိုချင်တပ်မက်မှု အပြည့်ရှိသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ သူမသည် ထိုဖားရုပ်လေးကဲ့သို့ မည်သည့် အချိန်တွင်မှ လွတ်လွတ်လပ်လပ် ပြေးလွှားနိုင်ပါ့မည်နည်း ဟု တွေးတောနေမိလေသည်။ သူမသည် ပြင်ပကမ္ဘာကြီး မည်သို့ ရှိသည်ကိုပင် မေ့လုနီးပါး ဖြစ်နေချေပြီ။

ခဏအကြာတွင် မိုဟူတျယ်သည် အဘွားမို၏ ကျောဘက်သို့ အကြည့်လွှဲလိုက်ပြီးနောက် ခေါ်လိုက်လေသည်။

"အဘွား"

အဘွားမိုသည် မျက်ရည်များအား အလျှင်အမြန် သုတ်လိုက်ပြီးနောက် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်ကာ ပြုံးပြလိုက်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ ရှောင်တျယ်"

မိုဟူတျယ်မှ မေးလိုက်သည်

"ဘာလို့ ဒီရက်ပိုင်း ကွေ့ပေါင် သမီးကို လာမတွေ့တာလဲဟင်"

တူညီသည့် ရောဂါဝေဒနာအား ခံစားနေရသဖြင့် ယန်ကွေ့ပေါင်သည် မိုဟူတျယ်၏ အချစ်ဆုံး သူငယ်ချင်းဖြစ်ကာ သူတို့သည် အရာရာအား တိုင်ပင်ဆွေးနွေးလေ့ ရှိကြလေသည်။ အဘွားမို တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။

"ရှောင်တျယ် စိတ်ကို ပြင်ဆင်ထားနော် သမီး ယန်ကွေ့ပေါင်ကို ခဏလောက် တွေ့ရတော့မှာ မဟုတ်ဘူး"

မိုဟူတျယ် လန့်သွားပြီးနောက် မေးလိုက်သည်။

"ဘာလို့လဲဟင်"

အဘွားမို သက်ပြင်းချလိုက်ပြီး ယန်ကွေ့ပေါင်၏ အခြေအနေများ အားလုံးကို သူမအား ပြောပြလိုက်သည်။ ထိုအကြောင်းအား ကြားလိုက်ရသောအခါ ဆုန်းပေချန်သည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ပြောလိုက်သည်။

"အဲ့လိုဆိုရင်တော့ ယန်ချန်ကျန်းက ဆင်ခြင်တုံတရား ကင်းမဲ့နေတာပဲ ဘာပဲပြောပြော ယန်ကွေ့ပေါင်က သူ့သားအရင်းလေ ဘယ်လိုလုပ်ပြီး မိန်းမတစ်ယောက်ကို ထင်ရာစိုင်းခွင့် ပေးထားရတာလဲ တကယ်လို့ တစ်ခုခု လွဲချော်သွားရင် နောင်တရလို့တောင် မီတော့မှာ မဟုတ်ဘူး"

မိုဘိုင်ချွမ်းမှ ပြောလိုက်သည်။

"ဘုရားသခင်က သာမန်လူတွေကြားထဲကို နတ်ဆေးဆရာတွေ စေလွှတ်ပေးတတ်တယ် တကယ်လို့များ အဲ့ဒီလူက ယန်ကွေ့ပေါင်ကို တကယ် ပျောက်အောင် ကုပေးနိုင်ရင် ဘယ်လိုလုပ်မလဲ ဒေါက်တာဝမ်က တော်ဝင်သမားတော် ဖြစ်ပေမယ့် အရာအားလုံး လုပ်နိုင်တယ်လို့ မဆိုလိုဘူးလေ ဘာပဲဖြစ်ဖြစ် ကိုယ့်ထက်သာတဲ့သူတွေ အမြဲရှိသလို ကိုယ်မြင်ရတဲ့ ကောင်းကင်ထက် ပိုမြင့်တဲ့ ကောင်းကင်ဆိုတာ အမြဲ ရှိတာပဲ"

အဘွားမိုမှ ဖြည့်စွက်ပြောလိုက်သည်။

"ဒါပေမဲ့ ယန်ကွေ့ပေါင်ရဲ့ အဘွားပြောတာ ကြားတာတော့ ယန်ကွေ့ပေါင်ကို ပျောက်အောင်ကုပေးမယ်လို့ အာမခံထားတဲ့ ကျေးလက်ဆရာဝန်က ၁၇ နှစ်သမီးလေးတဲ့ ၁၇ နှစ်အရွယ် နတ်ဆေးဆရာ ဘယ်နှစ်ယောက်များ မင်းတို့ မြင်ဖူးလို့လဲ နတ်ဆေးဆရာကြီး ဟွာထော် တောင်မှ အသက်သုံးဆယ်ကျော်မှ နာမည်ကြီးလာတာ ငါထင်တာတော့ သူက လူလိမ်ပဲ နေမှာပါ ဝမ်မေဖုန်းက ကောလိပ်ကျောင်းသူ ဖြစ်ရက်နဲ့ ဒီလို အယုံလွယ်တယ်လို့ တွေးလိုက်မိတိုင်း..."

ကောလိပ်ကျောင်းသူ တစ်ယောက်သည် မည်သို့ပင် ဖြစ်စေ ယခုလို အမှားမျိုး ပြုလုပ်နိုင်ရသနည်း....

သက်ပြင်းချလျှက် အဘွားမိုမှ ဆက်ပြောလိုက်သည်။

"သနားစရာ ကွေ့ပေါင်လေး ဝမ်မေဖုန်း သူ့အမှားကို မြန်မြန် သဘောပေါက်ပါစေ အချိန်မနှောင်းခင် ယန်ကွေ့ပေါင်ကို ပြန်ခေါ်လာနိုင်ပါစေ မတော်တဆမှုတွေ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်လေ"

ယန်မိသားစုသည်လည်း အလွန် စိုးရိမ်ပူပန်နေကြသည်။ ယန်ချန်ကျန်းသည် သားအမိနှစ်ယောက်ဖြစ်သော ဝမ်မေဖုန်းနှင့် ယန်ကွေ့ပေါင် တို့နှစ်ဦးအား ပြန်ခေါ်ရန် ကျင်းဟွာရွာသို့ လိုက်သွားချင်နေခဲ့သည်။ သို့သော် ဤအကြံအစည်အား ကျိုးစူးဟွာမှ တားမြစ်ပိတ်ပင်ထားလေသည်။

"ဝမ်မေဖုန်းလို လူမျိုးက နည်းနည်းလောက် ပိုပြီး ဒုက္ခရောက်သင့်တယ် မဟုတ်ရင် သူ ဘယ်တော့မှ အမှားကို သိမှာမဟုတ်ဘူး မင်း သူ့ကို သွားမခေါ်ရဘူး သူ့ဘာသာ ပြန်လာပြီး ငါတို့ကို ဒူးထောက် တောင်းပန်တာ ငါ လိုချင်တယ်"

ကျိုးစူးဟွာမှ ဒေါသတကြီး ပြောလိုက်သည်။ ယန်ချန်ကျန်းသည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ပြောလိုက်သည်။

"အမေ တစ်လနီးပါးလောက် ရှိနေပြီ မေဖုန်းက ကွေ့ပေါင်အတွက် ဆေးလည်း ယူမသွားဘူး ကွေ့ပေါင်က နှစ်ပတ်တစ်ခါ ဆေးသောက်နေရတာ သား သူ့ကျန်းမာရေးအတွက် စိတ်ပူတယ်"

"ဘာပဲဖြစ်ဖြစ် မင်း သွားလို့မရဘူး"

ကျိုးစူးဟွာမှ အတင်းအကြပ် ပြောလိုက်သည်။

"ဝမ်မေဖုန်းက လူကြီးတစ်ယောက်ပဲ တကယ်လို့များ ကွေ့ပေါင် တစ်ခုခု ဖြစ်သွားရင် သူ့လုပ်ရပ်အတွက် သူပဲ ပေးဆပ်ရမှာပေါ့"

ယန်ချန်ကျန်း စိတ်မကောင်း ဖြစ်သွားခဲ့သည်။

"ဒါပေမဲ့ ကွေ့ပေါင်က..."

ကျိုးစူးဟွာမှ ဆက်ပြောသည်။

"တကယ်လို့ ဝမ်မေဖုန်းသာ ဆက်ပြီး သည်းမခံနိုင်တော့ရင် ငါတို့ကို ပြန်လာပြီး တောင်းပန်လိမ့်မယ် တကယ်လို့ မင်းသာ ဒီတစ်ခေါက် သွားပြီး ပြန်ခေါ်လိုက်ရင် နောက်တစ်ခါကျရင် ဝမ်မေဖုန်းက ယောက္ခမ ဖြစ်တဲ့ ငါ့ကို ထပ်ပြီး အနိုင်ကျင့်တော့မှာ မဟုတ်ဘူးလား"

ချွေးမဆိုတာ ကိုယ့်နေရာကိုယ် သိရမယ်....

ကျိုးစူးဟွာသည် ယောက္ခမ တစ်ယောက် အနေဖြင့် သူမ၏ အာဏာအား စိန်ခေါ်လာမည့် ဝမ်မေဖုန်းအား လုံးဝ ခွင့်ပြုမည် မဟုတ်ချေ။ သူ့အမေမှ ဤကဲ့သို့ ပြုမူနေသည်အား မြင်လိုက်ရသဖြင့် ယန်ချန်ကျန်းသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီးနောက် အမေဖြစ်သူ၏ အကြံပြုချက်အတိုင်းသာ လိုက်နာရန် ဆုံးဖြတ်လိုက်လေသည်။ ဝမ်မေဖုန်းသည် သူမ၏ အမှားအား စောစီးစွာ သဘောပေါက်၍ ယန်ကွေ့ပေါင်အား ပြန်ခေါ်လာလိမ့်မည်ဟုသာ သူ မျှော်လင့်မိသည်။

...

နီမိသားစု အိမ်တွင်မူ

ထိုနေ့က နီယန်သည် ရွာရှိ ကလေးများနှင့် အဆင်ပြေပြေ ပေါင်းသင်းခဲ့သည်။ ထိုအချိန်မှစ၍ လူကြီးများသည် နီယန်အကြောင်း မကောင်းပြောသည်အား ကြားလိုက်ရတိုင်း ကလေးများသည် ချက်ချင်းပင် သူမဘက်မှ ကာကွယ်၍ ပြောဆိုပေးကြလေသည်။

ကလေးများ၏ စွမ်းအားကို မည်သည့်အချိန်တွင်မှ အထင်မသေးပါနှင့်။ သူတို့၏ ကြိုးပမ်းမှုကြောင့် ရွာထဲတွင် နီချွေ့ဟွာနှင့် သူမ၏သမီး နီယန်တို့အကြောင်း ကောလဟာလများ သိသိသာသာ လျော့နည်းသွားခဲ့သည်။

ကလေးတွေတောင် သဘောကျသည် ဆိုလျှင် သူတို့ သားအမိသည် လူဆိုးတွေ မဖြစ်နိုင်ချေ။

နောက်တစ်နေ့တွင် နီယန်သည် ထုံးစံအတိုင်း သူမ၏ ဆိုင်အား ခင်းလေသည်။ တစ်ချိန်တည်းမှာပင် ယနေ့သည် အိမ်လုပ် ဟင်းရွက်ချဉ်များအား ပထမဆုံး စတင်ရောင်းချမည့် မနက်ခင်းလည်း ဖြစ်ပေသည်။

ထုံးစံအတိုင်း လီကုန်းချန်သည် တန်းစီသူများထဲတွင် ပထမဆုံး ရောက်ရှိနေခဲ့သည်။ ပိုက်ဆံရှင်းပြီးနောက် သူ ခဏမျှ စဉ်းစားလိုက်ကာ မေးမြန်းလိုက်သည်။

"ဆိုင်ရှင်လေး ပုံမှန်ဆိုရင် ဆိုင် ဘယ်အချိန် ပိတ်တာလဲ"

နီယန်မှ သူ့အား ထူးဆန်းစွာ ကြည့်လိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည် ဖြေကြားလိုက်သည်။

"၁၁ နာရီခွဲလောက်ဆို ပိတ်ပြီ ဘာလိုချင်လို့လဲ"

လီကုန်းချန်သည် အကြည့်လွှဲလိုက်ကာ အနည်းငယ် အနေခက်သလို ခံစားလိုက်ရသည်။ ထို့နောက် သူ ပြောလိုက်သည်။

"၁၁ နာရီ ကျော်ရင် ကျွန်တော် လာခဲ့မယ် ခဏ စောင့်ပေးလို့ ရမလား"

အကယ်၍ နီယန်သာ မိုမိသားစု၏ စားဖိုမှူးအဖြစ် လုပ်ရန် သဘောတူလိုက်လျှင် သူမအား တွေ့ရမည့် အခွင့်အရေး သိပ်ရှိတော့မည် မဟုတ်ချေ။ သူ့အတ္တနှင့် တစ်ကိုယ်ကောင်းဆန်သည့် အတွေးများဖြင့် လီကုန်းချန်သည် နီယန် ငြင်းပယ်ပါစေဟု မျှော်လင့်နေမိသည်။ နီယန်မှ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။

"ကောင်းပြီလေ"

လူတစ်ယောက်၏ ရုပ်သွင်သည် စိတ်ထားကို ထင်ဟပ်စေသည်။ လီကုန်းချန်သည် လူဆိုးမဟုတ်ကြောင်း နီယန် မြင်နိုင်ပေသည်။ ထို့ကြောင့် သူမ မငြင်းလိုက်မယ်လိုက်ခြင်း ဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူ အမှန်တကယ် သူမထံမှ တစ်စုံတစ်ခုအား လိုအပ်နေသည့်အတွက်သာ ဖြစ်ပေမည်။

ဖောက်သည်များသည် ဟင်းရွက်ချဉ်အသစ်အပေါ် ကောင်းမွန်စွာ တုံ့ပြန်ကြသည်။

ယနေ့မနက် ငါးချဉ်ဟင်းရည် ခေါက်ဆွဲသည် လွန်ခဲ့သော ရက်အနည်းငယ်ကထက်ပင် ပိုမို၍ အရသာရှိကြောင်း လူတိုင်းနီးပါး ပြောကြသည်။

၁၁ နာရီခွဲသဖြင့် မွန်းတည့်ချိန် နီးကပ်နေလာပြီ ဖြစ်သည်။ နီယန်သည် သူမ၏ ဆိုင်အား ပိတ်လိုက်လေတော့သည်။ ထိုအချိန်မှာပင် လီကုန်းချန်သည် အဝေးမှ စက်ဘီးစီး၍ ရောက်ရှိလာခဲ့သည်။ အမောတကောဖြင့် နီယန်ထံသို့ ပြေးလာပြီး တောင်းပန် စကားပြောလိုက်သည်။

"နောက်ကျသွားလို့ တောင်းပန်ပါတယ် ဆိုင်ရှင်လေး"

နီယန်မှ ပေါ့ပါးစွာဖြင့် သာမာန်ကာလျှံကာ ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး ကျွန်မလည်း အခုမှ စသိမ်းမလို့ပါ ထိုင်ပါဦး"

"ဟုတ်ကဲ့"

လီကုန်းချန်သည် နီယန်၏ ရှေ့တွင် ဝင်ထိုင်လိုက်သည်။ နီယန်နှင့် မျက်နှာချင်းဆိုင်ရသဖြင့် လီကုန်းချန်သည် အလွန် စိတ်လှုပ်ရှားနေလျှက် ရှိကာ လက်များတွင် ချွေးများ ပျံလာခဲ့သည်။ လက်အား မည်သည့် နေရာတွင် ထားရမှန်း မသိတော့ချေ။ နီယန်မှ တိတ်ဆိတ်မှုအား ဦးစွာ ဖြိုခွင်းလိုက်လေသည်။

"ရှင် ကျွန်မနဲ့ ဆွေးနွေးစရာ ရှိလို့လား"

ထိုစကားကြောင့် လီကုန်းချန်သည် နီယန်အား မော့ကြည့်လိုက်မိလေသည်။ သူ ခေါင်းညိတ်လိုက်လျှက် ဖြေလိုက်သည်။

"အာ... ဟုတ်ကဲ့ ကျွန်တော့်နာမည် လီကုန်းချန်ပါ ဆိုင်ရှင်လေးနဲ့ ကိစ္စတစ်ခု ဆွေးနွေးချင်လို့ လာခဲ့တာပါ"

All Chapters